မနက်ငါးနာရီခွဲဆို ကိုမြလင်းရဲ့ အခန်းက မင်းကွန်းဆရာတော်
ဦးဝိစိတ္တရဲ့ အသံကို ကြားရပြီ။ ဘုန်းကြီးအိုတပါးရဲ့  လေးလေး
တုန်တုန်အသံကြီးကို ကိုမြလင်းက ဘာသာရေးအရ ကောင်း
မွန်တဲ့ဓါတ်တမျိုးလို့ ယုံကြည်တယ်။ အန္တရယ်ကင်းအောင်
စွမ်းတဲ့အသံ၊ ကျက်သရေရှိတဲ့ အသံ၊ တံခိုးရှိတဲ့အသံလို့
ယုံကြည်တယ်။
ကိုမြလင်းက နိုးတာနဲ့ပဲ ဓါတ်ပြားထဲက ဘုန်းကြီးဆိုသလို
လိုက်ဆိုတယ်။ အသံ လေးလေး အေးအေးကြီးနဲ့ပေါ့။ အရပ်
ဆယ်မျက်နှာကို မေတ္တာတွေပို့သ ပါလေရော။ မျက်နှာသစ်၊
ရေချိုးပြီးတာနဲ့ ဘုရားစင်ကို သွား။ သောက်တော်ရေ ကပ်။
ဆွမ်းကပ်။ ပန်းလဲ။ ပြီးတော့ အသံကျယ်ကျယ်နဲ့ ဘုရားစင်
အောက်မှာစောင့်ကြောင့်ထိုင်ပြီး ၀တ်ပြုပြန်တယ်။ အဲဒီအချိန်မှာ
ဦးဝိစိတ္တကိုယ်တော်ကြီးကိုလည်း ပရိတ်တွေ တသုတ်ပြီးတသုတ်
ရွတ်ခိုင်းထားတယ်။ နာရီဝက်လောက် သူ့အခန်းထဲမှာ တရားသံ
တွေ ညံသွားပြီးရင် ခြောက်နာရီထိုးပြီ။
မနက်စာကို ပဲပြုတ်နဲ့ထမင်းနဲ့ဖြစ်ဖြစ်၊ ကောက်ညှင်းပေါင်းနဲ့
ငါးခြောက်ကြော်ဖြစ်ဖြစ်၊ မနေ့ကကျန်တဲ့ ဟင်းတခုခုနဲ့ဖြစ်ဖြစ်စား။
ပြီးရင်အလုပ်သွားဖို့ ကိုမြလင်း ပြင်ပြီ။ သူက အိမ်မှာနေရင် လယ်
ကတုံးအင်္ကျီ၊ ပင်နီဖျင်ကြမ်းတိုက်ပုံနဲ့ ပုဆိုးကိုဝတ်ပေမဲ့ အလုပ်
သွားရင်တော့ အနောက်တိုင်းဝတ်စုံကို ၀တ်တယ်။
သူက ကွန်ပြူတာအင်္ဂျင်နီယာ။ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း
တိုင်းက မထင်မရှား ရွာငယ်လေးတခုမှာ မွေးတယ်။ ငယ်ငယ်က
ဘုန်းကြီးကျောင်းသား။ ရွာက ဆရာတော်က သူ့ရဲ့ ဦးလေး။
ဦးလေးဘုန်းကြီးအဆက်အသွယ်နဲ့ မြို့ တက်ပြီး စာကြိုးစားရာက
အင်္ဂျင်နီယာ ဖြစ်လာခဲ့တာပဲ။
ရုံးကိုရောက်တာနဲ့ ကိုမြလင်း စလုပ်တာက မြန်မာသီချင်းတွေကို
ကွန်ပြူတာကနေ ဖွင့်ထားတာပဲ။ သီချင်းသံတွေနဲ့အတူ လိုက်ဆိုရင်း
အလုပ်လုပ်တယ်။ နေ့လည်ထမင်းစားချိန်ဆိုလည်း အိမ်ကထည့်
လာတဲ့ ထမင်းနဲ့ဟင်းကိုပဲ စားတယ်။ ကိုမြလင်းက အချက်အပြုတ်
လည်း ၀ါသနာပါတော့ ကိုယ်တိုင်ပဲ ချက်တယ်။ သူ့အလုပ်ကလည်း
သူ့အတွက်ပေးထားတဲ့ ရုံးခန်းလေးထဲမှာ တယောက်ထဲထိုင်လုပ်နေ
ရတာများတယ်။ အစည်းအဝေးလိုကိစ္စမျိုးရှိလာမှ ရုံးကတခြားလူ
အားလုံးနဲ့ဆုံရတတ်တယ်။
စနေ၊တနင်္ဂနွေ အားလပ်ရက်တွေဆို မနက်စောစောကတည်းက
အောင်သိဒ္ဒိဘုန်းကြီးကျောင်းကို ကိုမြလင်း ရောက်နေပြီ။ သူ့အိမ်
ကနေ နာရီဝက်လောက်သွားရင် အောင်သိဒ္ဒိကျောင်းကို ရောက်ပြီ။
ဘုန်းကြီးတွေကို အာရုံဆွမ်း ကပ်တယ်။သူက ဘုန်းကြီးကျောင်းရဲ့ 
ဂေါပကအဖွဲ့ ဝင်လည်း ဟုတ်၊ ကပ္ဗိယလည်း ဟုတ်၊ ဘုန်းကြီးတွေရဲ့ 
မိတ်ဆွေ သူငယ်ချင်းလည်း ဟုတ်ပေါ့။
အလုပ်အားတဲ့နေ့ သူ့လို ဘုန်းကြီးကျောင်းကို ရောက်လာသူတွေနဲ့
ထွေရာလေးပါး ပြော။ရယ်ရယ်မောမောနဲ့ အချိန်ကုန်။ စနေညတိုင်း
ဘုန်းကြီးကျောင်းမှာ အိပ်တယ်။ တနင်္ဂနွေ ညနေစောင်းမှ သူ့အခန်း
ကို ပြန်တယ်။ အိမ်မရောက်ခင် တပါတ်စာချက်ပြုတ်ဖို့ လမ်းမှာ
ဈေးဝင်ဝယ်တယ်။
ကြားရက်တွေမှာ ကိုမြလင်း ဘာလုပ်သလဲ။ အလုပ်က ပြန်လာရင်
အိမ်မှာချက်ပြုတ်၊ ပုံမှန်ယူတဲ့ မဟေသီတို့ရုပ်ရှင်တေးကဗျာတို့
အလင်းတန်းဂျာနယ်တို့ဖတ်တယ်။ တခါတလေ သူ့ခေတ်သူ့အခါက
ထင်ရှားတဲ့သီချင်းတွေကို ဗီစီဒီနဲ့ကာရာအိုကေ ဆိုတယ်။ အင်တာ
နက်မှာရှိတဲ့ မြန်မာအကြောင်းတွေ ဖတ်တယ်။ ကြည့်တယ်။
တခါတလေ ရွာကိုဖုန်းဆက်တယ်။ မိဘဆွေမျိုးတွေနဲ့စကားပြောတယ်။
ရွာမှာက သူလှူထားတဲ့ ဘုန်းကြီးကျောင်း တကျောင်းရှိတယ်။ စာသင်
ကျောင်း တကျေုာင်းရှိတယ်။ အ၀ီစိတွင်း သုံးတွင်းရှိတယ်။ ဒီကိစ္စတွေကို
ပြုစုစောင့်လျှောက်နေတာက သူနဲ့အမျိုးမကင်းတဲ့ မိသားစုတခု။
တခါတလေ ရွာကိုပိုက်ဆံပို့ပေးတယ်။ ဒီအလုပ်တွေနဲ့ပဲ ကိုမြလင်းရဲ့ 
ဘ၀ လည်ပါတ်နေတာ။ အားလုံး အေးအေးဆေးဆေးပဲ။ သူ့ဘ၀က
အဆင်ပြေတဲ့ ဘ၀ပါ။
ကိုမြလင်းက အမေရိကန်နိုင်ငံသား။ အသက် လေးဆယ့်သုံးနှစ်ရှိပြီ။
အမေရိကန်ကိုရောက်တာ အနှစ်နှစ်ဆယ်ရှိပြီ။ အိမ်ထောင် မရှိဘူး။
မြန်မာပြည်ကိုလည်း တခေါက်မှ မပြန်ဘူး။ ပြန်ဖို့လည်းလိုမှ မလိုအပ်
တာ။ သူ့ကိုယ်သူ မြန်မာပြည်မှာပဲ နေနေတယ်လို့ ထင်နေတာကိုး။
ရန်ကုန်မှာတုန်းကလည်း ရွာကလူတွေနဲ့ ဒီလိုပဲဆက်ဆံခဲ့တာပါ။
မြန်မာပြည်ပြန်တော့ရော ဘယ်လောက်များ ထူးလာမှာမို့တုံး။
(ရုပ်ပုံ ၊ ဂူဂလ်)
5 comments:
is that self imposed isolation? :)
anyway.. good touch.
ပို့စစချင်းမှာ တွေ့လိုက်ရတဲ့ ဓာတ်ပုံကို ကြည့်ပြီး ဆရာကောက်တင်မလို့ ကြံထားတာ။ အောက်ဆုံးက ကိုဂူဂယ်ဆီကဆိုလို့ လက်လျော့လိုက်တယ်။
အဲ့လူအကြောင်းဖတ်ပြီး တော်တော်ပျင်းသွားတယ်။ လှုပ်ရှားတက်ကြွမှုမရှိဘူးထင်တယ်။ ရထားစီးရတာထက် ရိုလာကိုစတာစီးရတာ ပို စိတ်လှုပ်ရှားဖို့မကောင်းဘူးလား။ တချိန်ချိန်သေကြမှာခြင်း အတူတူလေ။
အီသည်ကား မည်သူ့အကြောင်းနည်း ကျွန်ုပ် သိသလိုလိုရှိလှအိး))
ကိုမြလင်းဘဝ အေးချမ်းပေစွ....
ပုံကိုကြည့်လိုက်တာ နဲ့တင် atmosphere ကိုရနေပြီ။ အလင်းတန်းတွေကြောင့်နေမယ်။
သူက အတည်ပေါက် Mr.Bean လိုပေါ့နော်။
Post a Comment