Sunday, January 30, 2011
အီဂျစ်ကို ဘီယာနဲ့မြည်းခြင်း
အလုပ်အားတဲ့ရက်မှာ ထူးခြားတဲ့ကမ္ဘာ့အရေးအခင်း တခုခု ရှိနေ
တာ ကောင်းတယ်။ အပြင် မထွက်ဖြစ်တော့ဘူး။ ငွေကုန်သက်သာ
တယ်။ အိမ်မှာပဲ ချစ်ဇနီးချက်သမျှ ထိုင်စား။ ဘီယာသောက်၊ ၀ိုင်
သောက်၊ ၀ီစကီကြိုက်တဲ့ မိတ်ဆွေလာရင် ၀ီစကီပါသောက်။ ရုပ်
မြင်သံကြားကိုဖွင့်။ ရှုဒေါင့်မျိုးစုံက တင်ပြနေကြရှာတဲ့ ကမ္ဘာ့အရေး
အခင်းကို ထိုင်ကြည့်။ အရသာခံ။ ဝေဖန်။ လေကန်။ မဆိုးဘူးဟဲ့။
တော်တော် အရသာရှိသကွယ်။
အခုလည်း အီဂျစ်မှာ ကမ္ဘာပျက်နေပြီ။ လူထုတိုက်ပွဲကြီး အပီဆင်နွှဲ
နေပြီ။ အာဏာရှင် မူဘာရက် မဆင်းသေးဘူး။ ပေကပ်ကပ် လုပ်နေ
တယ်။ လူထုကတော့ မရဘူး။ အကုန်ရရင်ရ မရရင် ဘာမှမလိုချင်ဘူး။
ညမထွက်ရ အမိန့်လည်း “ညောင်း” ပဲ။ မတားနဲ့ တော့။ သည်းခံလာ
တာ ကြာပြီ။ မူဘာရက် လစ်တော့။ မအေဘေး အာဏာရှင်။ တိုင်းပြည်
ကို နင်မပိုင်ဘူးဟဲ့။
ရုပ်မြင်သံကြားမှာပြတာတွေ သိပ်ကြည့်လို့ကောင်းတယ်။ ဘီယာတွေ
တလုံးပြီးတလုံးဖွင့် အီဂျစ်အရေးအခင်းနဲ့ ထိုင်မြည်း။ သတင်းသမား
တွေတင်ပြတာကောင်းရင် ချီးကျူး။ ပုံမလာရင် ထဆဲ။ ကြော်ညာလာ
ရင် နောက်သတင်းဌာန တခုပြောင်းဖွင့်။ ဘီယာလည်း နောက်တပုလင်း
ထပ်ဖွင့်။
အရေးထဲ ကိုယ်ကြိုက်တဲ့ ဘတ်စ်ကက်ဘောအသင်းနှစ်ခုက အီဂျစ်နဲ့
အပြိုင် ဒီနေ့မှ လာကစားနေသေးတယ်။ အမေရိကန်ကလည်း အီဂျစ်
ကို ဘယ်လိုပြောရမယ်မသိ ဖြစ်နေရှာတယ်။ ရပ်တည်ချက်လွဲရင်
အကြီးအကျယ် ပြဿနာတက်သွားမယ်။ လူထုက မကျေနပ်လို့သာ
ထအော်နေကြတာ။ သူတို့လှုပ်ရှားမှုက နောက်ဆုံးမှာ ဘယ်ကိုဦး
တည်သွားမလဲဆိုတာ သိကြတာမဟုတ်ဘူး။
အီဂျစ် စစ်တပ်ကလည်း ဘယ်ဘက်ရပ်မယ် မသိဘူး။ အီဂျစ်
အရေးထပ်ပြီးရှုပ်ရင် ကမ္ဘာ့အရေး ထပ်ပြီးရှုပ်လိမ့်မယ်။ အာရပ်
ကမ္ဘာက လျှော့တွက်လို့မရဘူး။ မူဆလင်လည်း ဖြစ်နေပြန်။
မူဆလင်အစွန်းရောက်တွေကလည်း ကမ္ဘာ့ ဟော့ရှော့တွေ
ဖြစ်နေပြန်။ အင်း.. ပွဲက ကြည့်ကောင်းဦးမယ်။
အခုကိုပဲ ဘီယာနဲ့မြည်းလို့ တော်တော်ကောင်းနေပြီ။ အိမ်နီး
ချင်းတွေထဲက တချို့ က လာစည်းရုံးတယ်။ သပိတ်မှောက်ကြ
စို့တဲ့။ ဘာကိုမှောက်မှာတုံးဆိုတော့ မူဘာရက်ကို မှောက်ကြမယ်
တဲ့။ ချမ်းရ အေးရတဲ့အထဲ အီဂျစ်သံရုံးရှေ့ ဆန္ဒသွားပြဖို့လာစည်း
ရုံးနေကြတယ်။ သူတို့အားလုံး တယောက်မှလည်း အီဂျစ်သွေး
ပါတာမဟုတ်ဘူး။
ငါတို့တိုင်းပြည်မှာ လွှတ်တော်ခေါ်တော့မှာမို့ မအားသေးဘူးလို့
ပြောပြီး ဘီယာဆက်သောက်နေရတယ်။ လွှတ်တော်ဆိုလို့
ငယ်ငယ်က လွှတ်တော်ဆိုတာကို နားမလည်ဘူး။ ရုပ်ရှင်ထဲ၊
ကာတွန်းတွေထဲ သတိထားမိတာက လူဆိုးတွေက အမျိုးသမီး
ကို ဆွဲလားရမ်းလားလုပ်ရင် အမျိုးသမီးက ပြန်အော်တဲ့ အသံလို့ပဲ
သိထားတယ်။ လွှတ်တော်.. လွှတ်တော်..လွှတ်နော်..ဆိုလားပဲ။
အခုမြန်မာ့လွှတ်တော်နဲ့ ဘယ်လိုကွာမယ်တော့ မသိဘူး။
အမျိုးသမီးဆိုလို့ အီဂျစ်မှာ အားတက်ဖို့လည်းကောင်း၊ စိတ်
မကောင်းဖြစ်ဖို့လည်းကောင်းတာက လူထုဆန္ဒပြပွဲမှာ အမျိုး
သမီးတွေ မပါသလောက် နည်းနေတာကို စိတ်ထိခိုက်ရတယ်။
မူဆလင်တိုင်းပြည်ရဲ့ သဘာဝပဲ ဖြစ်မယ်။ ဒါပေမဲ့ ငါးရက်မြောက်
နေ့ဆန္ဒပြပွဲတွေမှာ ခေါင်းမြီးခြုံအမျိုးသမီးတွေ ဟိုတကွက် ဒီတ
ကွက် တွေ့ လာရတော့ ၀မ်းသာမိတယ်။
တကယ့်သတ္တိခဲ အမျိုးသမီးတွေပဲလို့ ချီးကျူးမိတယ်။ သတင်းမီ
ဒီယာတွေကို သူတို့ရဲ့ ခံစားချက်တွေ ရဲရဲဝင့်ဝင့် ထုတ်ပြောနေ
ကြတယ်။ သူတို့ကိုကြည့်ပြီး မြန်မာအမျိုးသမီးတွေ ကံကောင်း
တယ်လို့ တွက်ရတယ်။ ခေါင်းမြီးခြုံစရာ မလိုယုံမက ပန်းတောင်
အုံလိုက် ပန်လိုက်သေး။
ထားပါတော့။ အီဂျစ်အရေးဟာ ငါ့အတွက်တော့ ဘီယာနဲ့ မြည်း
လို့ တော်တော်ကောင်းခဲ့တယ်။ အီဂျစ်ပြည်သူတွေ ပိုကောင်းတဲ့
အစိုးရမျိုးနဲ့ ကြုံရပါစေလို့ပဲ ဘီယာမူးမူးနဲ့ ဆန္ဒပြုလိုက်ပါတယ်။
(ရုပ်ပုံ၊ ဂူဂလ်)
Friday, January 28, 2011
ကြက်သားဒုတ်ထိုး
ဝက်သားကို ဒုတ်နဲ့ထိုးတော့ ၀က်သားဒုတ်ထိုး။ ကြက်သားကို ဒုတ်နဲ့ထိုး
တော့ ကြက်သားဒုတ်ထိုး ဖြစ်ကရော။ ရှင်းတယ်နော်။ ပြောချင်တာက
ဒုတ်နဲ့ထိုးတာချင်း အတူတူ။ ကွာခြားချက်တွေ ရှိနေတဲ့အကြောင်း အစီရင်
ခံချင်တာပါခင်ဗျား။
ဝက်ဒုတ်ထိုးက ၀က်သားတွေကို ပြုတ်ရတယ်။ ကြက်ဒုတ်ထိုးကတော့
ကြက်သားတွေကို ကင်ရတယ်။ ကြက်ဒုတ်ထိုးက ဂျပန်စာပါ။ “ယကီတိုရီ”
လို့ခေါ်ပါတယ်။ ဂျပန်လမ်းဘေး အစားအစာတမျိုးပေါ့။ ဈေးလည်းပေါ၊
စားလို့လည်း ကောင်း။ ဘီယာနဲ့မြည်းရင် အင်မတန် မိုက်ပါတယ်။
အပေါ်ကပုံက ဂျပန်လို ကြက်သားဒုတ်ထိုးလို့ ရေးထားတဲ့ မီးပုံးပါ။
သတင်းကျွတ်လို့ထွန်းထားတာ မဟုတ်။ ဆိုင်ဖွင့်ရင် မီးပုံးမှာ မီးလင်း
နေတယ်။ သဘောပေါက်။
တချို့ နေရာတွေမှာ ကြက်အမြစ်၊ အူ၊ အရိုးနု၊ အရေခွံနဲ့ အတောင်ပံ
တွေပါ ကင်ပြီးရောင်းတယ်။ မီးသွေးနဲ့ ကင်တယ်။ ၀က်သားဒုတ်ထိုး
ဆိုင်တွေလိုပဲ စားချင်တာကို လက်ညှိုးထိုးပြီး ကင်ခိုင်းယုံပဲ။ မြန်မာ
ဝက်သားဒုတ်ထိုးက သဘာဝပါတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းတယ်လို့
ဆိုရမယ်။ ၀ါးကို သေးသေးမျှင်မျှင်ပဲ သုံးတယ်။ ဂျပန်ကြက်ဒုတ်ထိုးက
တော့ ၀ါးကို တုတ်တုတ်ရှည်ရှည် သုံးယုံမက လက်နဲ့ကိုင်လို့ကောင်း
အောင် အနောက်မှာ အပြားလေးပါလုပ်ထားတယ်။ ၀ါး ပိုကုန်တာပေါ့။
ဝက်သားဒုတ်ထိုးဆိုင်က အချိန်မရွေး နေရာပြောင်းပြီးဖွင့်လို့ရတယ်။
ကောင်းမယ်ထင်တဲ့နေရာ ဆောင့်ကြောင့်ထိုင်ချလိုက်ရင်ပဲ ဆိုင်ဖွင့်ပြီး
သားဖြစ်ကရော။ စားတဲ့လူတွေကလည်း ဒုတ်ထိုးတောင်းဘေးမှာ ၀ိုင်း
ထိုင်ပြီး ဆွဲကြယုံပဲ။ ဂျပန်ဒုတ်ထိုးကတော့ စားပွဲလေးတခု လိုတယ်။
ကင်စရာ မီးဖိုအရှည်လေး တခုလိုတယ်။
ငယ်ငယ်က သင်ခဲ့ဖူးတာ မီးကိုစတင်တွေ့ ရှိသူဟာ “ဂူရီး” ဆိုပဲ။
ဘယ်ဒေသက လူမှန်းမသိပါ။ မီးကိုတွေ့ ပြီးတဲ့နောက် များမကြာ
ခင် လူတွေဟာအသားကို ကင်လာကြသတဲ့။ အဲဒါရဲ့ မရှေးမနှောင်း
မှာ အသားကိုဒုတ်နဲ့ထိုးလာခဲ့ကြတယ်လို့ ယူဆရတယ်။
အသားကို ဒုတ်နဲ့စပြီးထိုးတဲ့သူ ဘယ်သူလဲဆိုတာ မသင်ခဲ့ရလို့ မသိပါ။
ကမ္ဘာ့ဝါးတောကြီးတွေ မျိုးတုန်းတော့မဟဲ့လို့ သဘာဝပါတ်ဝန်းကျင်
သမားတွေ ဒေါသတကြီးအော်ဟစ်လာကြရင် ဒုတ်ထိုးသမိုင်း တခန်း
ရပ်မယ့်သဘောရှိပါတယ်။ ဒါပေမဲ့လည်း လူတွေက အသားကို ဒုတ်နဲ့
မထိုးလည်း တခြားဟာတွေနဲ့ထိုးပြီး စားနေကြတာပါပဲ။
မြန်မာပြည်နေတုန်းက ကြက်သားဒုတ်ထိုး မစားဖူးဘူး။ ကြွက်သား
ဒုတ်ထိုးတော့ စားခဲ့ဖူးတယ်။ လယ်ကြွက်ကြီးတွေ ကင်ပြီးစားတာ။
တောအရက်နဲ့ မြည်းခဲ့ဖူးတယ်။ သိပ်ပြီးကောင်းတယ် မိတ်ဆွေတို့။
ဝက်သားဒုတ်ထိုးလည်း ကောင်းတာပါပဲ။
ဒုတ်နဲ့ထိုးတိုင်းလည်း ကောင်းတယ်လို့ မထင်ကြနဲ့။ တချိန်က
မြန်မာ့ကျေးလက်တွေမှာ ညညဆို အပျိုရှိတဲ့အိမ်တွေကို လူပျိုတွေ
တိတ်တဆိတ်လာပြီး အိမ်အောက်ကနေ ကြမ်းပြင်ကိုလား၊ ကြမ်း
ပေါက်ကိုလား(တခုခုပဲ) ဒုတ်နဲ့ ထိုးကြသတဲ့။ ချိန်းတွေ့ ဖို့ အချက်ပြ
တဲ့သဘော။ အခုတော့ အဲဒီအလေ့အထ ပျောက်သွားပါပြီ။ ဒုတ်နဲ့
ထိုးပြီးချိန်းတာ မကြိုက်ကြတော့ဘူး ထင်ပါရဲ့ ။ လက်ကိုင်ဖုန်းတွေ
လည်း ပေါ်လာနေပြီကိုး။
(ရုပ်ပုံ ၊ ဂူဂလ်)
Saturday, January 22, 2011
သတင်း
ဟိုဟာတွေ ဖြစ်ကုန်ပြီ
အဲဒါ သူတို့လက်ချက်တဲ့
ဒီဒဏ်တွေကို
ဟိုလူတွေပါ ခံနေရတယ်။
ဒီကိစ္စနဲ့ပါတ်သက်လို့
အာဏာပိုင်တွေက
ဟိုလို လုပ်မယ်တဲ့။
ဒေသခံတွေကတော့
ဒါတွေ ထပ်ပြီးဖြစ်လာမှာကို
စိုးရိမ်နေကြတယ်။
ကုလသမဂ္ဂလည်း
အလေးအနက် စိုးရိမ်နေသတဲ့
ကြေညာချက်တစောင်
အမြန်ထုတ်တယ်။
ကျွမ်းကျင်သူတွေကတော့
ဒီနည်းကို မသုံးပဲ
ဟိုနည်းကို ပြောင်းသုံးရင်
ဒီလိုထပ်မဖြစ်အောင်
ရှောင်နိုင်မယ်ဆိုပဲ။
ဘာတွေ ဆက်ပြီးဖြစ်လာမလဲ
စောင့်ကြည့် သွားရဦးမှာပေါ့။
ကျနော် ၀င်းဦးပါ
ဟိုနေရာကပဲ
တိုက်ရိုက် သတင်းပို့ပါတယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Wednesday, January 19, 2011
မြင်တဲ့အတိုင်း
အဖြစ်ကတော့ မြင်တဲ့အတိုင်းပဲ။ ဆန်ဖရန်စ္စကို တရုတ်တန်းမှာ
ရောင်းနေတဲ့ စွတ်ကျယ်ဆိုင်ကပုံပါ။ ကွန်မြူနစ်သမ္မတကြီး “ဟူ ”
အမေရိကားကို အလည်ရောက်နေပါတယ်။ အကြွေးရှင်မို့
အကြွေး လာတောင်းတာ မဟုတ်ပါ။ အမေရိကားကို အကြွေး
ထားရတာ သူတို့အတော် ဂုဏ်ယူနေပုံရပါတယ်။
အမေရိကန်ကလည်း အခုတော့ အကြွေးရှင်ကွန်မြူနစ်ကြီးကို
လိုလိုလားလား။ ဖက်လဲတကင်းနဲ့။ နိုင်ငံရေးဆိုတာ ဒါပဲ။
ထာဝရ ရန်သူ မရှိ။ ထာဝရ အကျိုးစီးပွါးသာ ရှိ။ အိုဘားမားရဲ့ 
အစိုးရအဖွဲ့ ထဲမှာ တရုတ်အရာရှိကြီး သုံးဦးတောင် ထည့်ထား
တယ်။
နိုင်ငံရေးသမား၊ တိုင်းပြည် ခေါင်းဆောင်ဆိုတာ ဈေးသည်လို
လည်း ဖြစ်ဖို့လိုတယ်။ အိုဘားမားက ပြောတယ်။ ကျနော်တို့က
တော့ တရုတ်ကို ရောင်းလို့ရတာမှန်သမျှ အကုန်ရောင်းချင်နေ
တာပါတဲ့။ ပေါ်တင်ပဲ။ အိမ်ဖြူတော်က “ဟူ” နဲ့တွဲလုပ်တဲ့ သတင်း
စာရှင်းလင်းပွဲမှာ ပြောလိုက်တာ။
တရုတ်နှစ်သစ် ကူးတော့မယ်။ လာမှာက ယုန်နှစ်တဲ့။ အိုဘား
မားက တရုတ်ကို ဘယ်လောက် ယုံသလဲတော့ မသိဘူး။
စီးပွါးရေးသမားတွေကတော့ တရုတ်အမေရိကန်ဆက်ဆံရေး
ပိုကောင်းလာမယ်၊ နှစ်နိုင်ငံပေါင်းပြီး စီးပွါးတွေတက်လာကြ
လိမ့်မယ်လို့ ယုံနေကြပြီ။
ယုန်နှစ်မှာမွေးဖွါးသူတွေဟာ ယုံကြည်စိတ်ချရတယ်။ ကျင်
နာမှုရှိတယ်။ အေးဆေးသူတွေဖြစ်တယ်လို့ ဆိုတယ်။ ယုန်နဲ့
မတည့်သူက ခွေး ဆိုပဲ။ ယုန် တောင်ပြေး ခွေး မြောက်လိုက်
ဆိုတာလည်း ကြားဖူးတယ်။ သမ္မတအိုဘားမားကတော့
တရုတ်တန်းက စွတ်ကျယ်ဆိုင်မှာ မြင်တဲ့အတိုင်းပဲ။ အရင်း
ရှင်နဲ့ ကွန်မြူနစ်ပေါင်းတော့ အရင်းနစ် ဖြစ်သွားတာပေါ့။
ကိုင်း ။ ယုန်နှစ်ကို ယုံယုံကြည်ကြည်နဲ့ပဲ ကြိုဆိုကြစို့။
မယုံလည်း သူက ယုန်တော့မယ်ဆိုတာကိုး။ မဟုတ်ဘူးလား။
(ရုပ်ပုံ ၊ ငါရိုက်)
Tuesday, January 18, 2011
ရေခဲမိုး
ကောင်းကင်ကြီးခင်မျာ
မထိမ်းနိုင် မသိမ်းနိုင်
ရေခဲတွေ ရွာချ
ကမ္ဘာကြီးရဲ့  ဘ၀ပျက်တေး တပုဒ်ပ။
လူတွေလည်း
ဒီအတိုင်းသာ ကြည့်နေရတော့တယ်။
Monday, January 17, 2011
ငါအလုပ်သွားတဲ့နေ့
ရဟတ်ယာဉ်တွေ ပျံဝဲ
သစ်ပင်တွေ ချောက်သယောင်း
တနယ်လုံး အေးခဲ
မီးသတ်ကားတွေ ဆူညံ
လက်နက်ကိုင်လုံခြုံရေးတွေ နေရာအနှံ့။
ပိုင်ရှင်မဲ့ အိတ်တလုံးတွေ့ ရင်
အမြန်ဆုံး အကြောင်းကြားကြ။
လူတွေ အရေးတကြီး ရှာနေတာက
အနွေးဓါတ်။
ဘူတာရုံထဲ
လူမပါတဲ့ ရထားတွေ ၀င်လာ။
လမ်းပေါ်မှာ လူမရှိ
ဒီညနေ ဘောပွဲရှိတယ်။
အသတ်ခံရသူ ဒေါက်တာကင်း
မွေးနေ့မှာ ပျော်ပါစေ ။
Saturday, January 15, 2011
မြန်မာပြည်တွင်နေသည်
မနက်ငါးနာရီခွဲဆို ကိုမြလင်းရဲ့ အခန်းက မင်းကွန်းဆရာတော်
ဦးဝိစိတ္တရဲ့ အသံကို ကြားရပြီ။ ဘုန်းကြီးအိုတပါးရဲ့  လေးလေး
တုန်တုန်အသံကြီးကို ကိုမြလင်းက ဘာသာရေးအရ ကောင်း
မွန်တဲ့ဓါတ်တမျိုးလို့ ယုံကြည်တယ်။ အန္တရယ်ကင်းအောင်
စွမ်းတဲ့အသံ၊ ကျက်သရေရှိတဲ့ အသံ၊ တံခိုးရှိတဲ့အသံလို့
ယုံကြည်တယ်။
ကိုမြလင်းက နိုးတာနဲ့ပဲ ဓါတ်ပြားထဲက ဘုန်းကြီးဆိုသလို
လိုက်ဆိုတယ်။ အသံ လေးလေး အေးအေးကြီးနဲ့ပေါ့။ အရပ်
ဆယ်မျက်နှာကို မေတ္တာတွေပို့သ ပါလေရော။ မျက်နှာသစ်၊
ရေချိုးပြီးတာနဲ့ ဘုရားစင်ကို သွား။ သောက်တော်ရေ ကပ်။
ဆွမ်းကပ်။ ပန်းလဲ။ ပြီးတော့ အသံကျယ်ကျယ်နဲ့ ဘုရားစင်
အောက်မှာစောင့်ကြောင့်ထိုင်ပြီး ၀တ်ပြုပြန်တယ်။ အဲဒီအချိန်မှာ
ဦးဝိစိတ္တကိုယ်တော်ကြီးကိုလည်း ပရိတ်တွေ တသုတ်ပြီးတသုတ်
ရွတ်ခိုင်းထားတယ်။ နာရီဝက်လောက် သူ့အခန်းထဲမှာ တရားသံ
တွေ ညံသွားပြီးရင် ခြောက်နာရီထိုးပြီ။
မနက်စာကို ပဲပြုတ်နဲ့ထမင်းနဲ့ဖြစ်ဖြစ်၊ ကောက်ညှင်းပေါင်းနဲ့
ငါးခြောက်ကြော်ဖြစ်ဖြစ်၊ မနေ့ကကျန်တဲ့ ဟင်းတခုခုနဲ့ဖြစ်ဖြစ်စား။
ပြီးရင်အလုပ်သွားဖို့ ကိုမြလင်း ပြင်ပြီ။ သူက အိမ်မှာနေရင် လယ်
ကတုံးအင်္ကျီ၊ ပင်နီဖျင်ကြမ်းတိုက်ပုံနဲ့ ပုဆိုးကိုဝတ်ပေမဲ့ အလုပ်
သွားရင်တော့ အနောက်တိုင်းဝတ်စုံကို ၀တ်တယ်။
သူက ကွန်ပြူတာအင်္ဂျင်နီယာ။ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း
တိုင်းက မထင်မရှား ရွာငယ်လေးတခုမှာ မွေးတယ်။ ငယ်ငယ်က
ဘုန်းကြီးကျောင်းသား။ ရွာက ဆရာတော်က သူ့ရဲ့ ဦးလေး။
ဦးလေးဘုန်းကြီးအဆက်အသွယ်နဲ့ မြို့ တက်ပြီး စာကြိုးစားရာက
အင်္ဂျင်နီယာ ဖြစ်လာခဲ့တာပဲ။
ရုံးကိုရောက်တာနဲ့ ကိုမြလင်း စလုပ်တာက မြန်မာသီချင်းတွေကို
ကွန်ပြူတာကနေ ဖွင့်ထားတာပဲ။ သီချင်းသံတွေနဲ့အတူ လိုက်ဆိုရင်း
အလုပ်လုပ်တယ်။ နေ့လည်ထမင်းစားချိန်ဆိုလည်း အိမ်ကထည့်
လာတဲ့ ထမင်းနဲ့ဟင်းကိုပဲ စားတယ်။ ကိုမြလင်းက အချက်အပြုတ်
လည်း ၀ါသနာပါတော့ ကိုယ်တိုင်ပဲ ချက်တယ်။ သူ့အလုပ်ကလည်း
သူ့အတွက်ပေးထားတဲ့ ရုံးခန်းလေးထဲမှာ တယောက်ထဲထိုင်လုပ်နေ
ရတာများတယ်။ အစည်းအဝေးလိုကိစ္စမျိုးရှိလာမှ ရုံးကတခြားလူ
အားလုံးနဲ့ဆုံရတတ်တယ်။
စနေ၊တနင်္ဂနွေ အားလပ်ရက်တွေဆို မနက်စောစောကတည်းက
အောင်သိဒ္ဒိဘုန်းကြီးကျောင်းကို ကိုမြလင်း ရောက်နေပြီ။ သူ့အိမ်
ကနေ နာရီဝက်လောက်သွားရင် အောင်သိဒ္ဒိကျောင်းကို ရောက်ပြီ။
ဘုန်းကြီးတွေကို အာရုံဆွမ်း ကပ်တယ်။သူက ဘုန်းကြီးကျောင်းရဲ့ 
ဂေါပကအဖွဲ့ ဝင်လည်း ဟုတ်၊ ကပ္ဗိယလည်း ဟုတ်၊ ဘုန်းကြီးတွေရဲ့ 
မိတ်ဆွေ သူငယ်ချင်းလည်း ဟုတ်ပေါ့။
အလုပ်အားတဲ့နေ့ သူ့လို ဘုန်းကြီးကျောင်းကို ရောက်လာသူတွေနဲ့
ထွေရာလေးပါး ပြော။ရယ်ရယ်မောမောနဲ့ အချိန်ကုန်။ စနေညတိုင်း
ဘုန်းကြီးကျောင်းမှာ အိပ်တယ်။ တနင်္ဂနွေ ညနေစောင်းမှ သူ့အခန်း
ကို ပြန်တယ်။ အိမ်မရောက်ခင် တပါတ်စာချက်ပြုတ်ဖို့ လမ်းမှာ
ဈေးဝင်ဝယ်တယ်။
ကြားရက်တွေမှာ ကိုမြလင်း ဘာလုပ်သလဲ။ အလုပ်က ပြန်လာရင်
အိမ်မှာချက်ပြုတ်၊ ပုံမှန်ယူတဲ့ မဟေသီတို့ရုပ်ရှင်တေးကဗျာတို့
အလင်းတန်းဂျာနယ်တို့ဖတ်တယ်။ တခါတလေ သူ့ခေတ်သူ့အခါက
ထင်ရှားတဲ့သီချင်းတွေကို ဗီစီဒီနဲ့ကာရာအိုကေ ဆိုတယ်။ အင်တာ
နက်မှာရှိတဲ့ မြန်မာအကြောင်းတွေ ဖတ်တယ်။ ကြည့်တယ်။
တခါတလေ ရွာကိုဖုန်းဆက်တယ်။ မိဘဆွေမျိုးတွေနဲ့စကားပြောတယ်။
ရွာမှာက သူလှူထားတဲ့ ဘုန်းကြီးကျောင်း တကျောင်းရှိတယ်။ စာသင်
ကျောင်း တကျေုာင်းရှိတယ်။ အ၀ီစိတွင်း သုံးတွင်းရှိတယ်။ ဒီကိစ္စတွေကို
ပြုစုစောင့်လျှောက်နေတာက သူနဲ့အမျိုးမကင်းတဲ့ မိသားစုတခု။
တခါတလေ ရွာကိုပိုက်ဆံပို့ပေးတယ်။ ဒီအလုပ်တွေနဲ့ပဲ ကိုမြလင်းရဲ့ 
ဘ၀ လည်ပါတ်နေတာ။ အားလုံး အေးအေးဆေးဆေးပဲ။ သူ့ဘ၀က
အဆင်ပြေတဲ့ ဘ၀ပါ။
ကိုမြလင်းက အမေရိကန်နိုင်ငံသား။ အသက် လေးဆယ့်သုံးနှစ်ရှိပြီ။
အမေရိကန်ကိုရောက်တာ အနှစ်နှစ်ဆယ်ရှိပြီ။ အိမ်ထောင် မရှိဘူး။
မြန်မာပြည်ကိုလည်း တခေါက်မှ မပြန်ဘူး။ ပြန်ဖို့လည်းလိုမှ မလိုအပ်
တာ။ သူ့ကိုယ်သူ မြန်မာပြည်မှာပဲ နေနေတယ်လို့ ထင်နေတာကိုး။
ရန်ကုန်မှာတုန်းကလည်း ရွာကလူတွေနဲ့ ဒီလိုပဲဆက်ဆံခဲ့တာပါ။
မြန်မာပြည်ပြန်တော့ရော ဘယ်လောက်များ ထူးလာမှာမို့တုံး။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, January 13, 2011
ကျွဲတောင်ပံ
ကြက်အကြောင်း ရေးမိတော့ မိတ်ဆွေဘလော်ဂါ အဖေါ်သဟာ
တချို့ က အချွန်လေးနဲ့ မပြီး တောင်းဆိုသမှု ပြုလာကြပါတယ်။
အတောင်မပါတဲ့ ကြက်တွေအကြောင်းလည်း ရေးပါဦးတဲ့။
အဟမ်း ။ အတောင်မဲ့ကြက်တွေအကြောင်း ရေးမယ်ဆိုလည်း
ရေးစရာတွေက ရှိတော့ရှိပါရဲ့ ။ ဒါပေသိ ရေးဖို့ရာ လက်တွန့်နေ
သေးသမို့ သည်းခံတော်မူကြပါဦး ငါ့အရှင်တို့။
လောလောဆယ် ကြက်တို့ရဲ့ အတောင်ပံတွေအကြောင်းပဲ ရသေ့
စိတ်ဖြေ ဖတ်တော်မူထားကြပါလို့ ချွေးသိပ်လိုက်ရပါတယ်။
လူအတော်များများ သိထားကြမယ်လို့ထင်ရတဲ့ ပုံတိုပတ်စ တခုနဲ့
စပါရစေ။
တခါက..တဲ့။ တိုးတက်ရနိုးနိုးဖြစ်လာတဲ့ မြန်မာပြည်မှာ။ ဇီးကွက်
စီးပွါးရေးဆိုတာကို ကျင့်သုံးမယ်တကဲကဲနဲ့ ခရီးသွားနှစ်ဆိုတာ
ကြီးကို အစိုးရကဦးဆောင်လို့ ဆင်ယင်ကျင်းပကြပါလေရောတဲ့။
ကမ္ဘာလှည့်ခရီးသွားတွေ အုံနဲ့ကျင်းနဲ့ မြန်မာပြည်ကို ရောက်လာရင်
ဒေါ်လာတွေရွှင်လေမဟဲ့ ဆိုပြီး အပိုင်ကြံမယ့် စီးပွါးကွက်ပေါ့။
ကမ္ဘာလှည့်တွေလာမယ်ဆိုတော့ ကမ္ဘာဆန်အောင်ပြင်ထားကြဖို့
အစိုးရမင်းများက နိုးဆော်ပါတယ်။ ဘိုလိုအပြောတွေ ကျင့်ကြ။
ဘိုအကြိုက် အပြင်အဆင်တွေ မွန်းမံကြ။ဟိုတယ်တွေဆောက်ကြ။
အင်းတွေ၊ မိုတယ်တွေထောင်ကြ။ခရီးသွားလုပ်ငန်းတွေ ထောင်ကြနဲ့
စီးပွါးတက်လို တက်ငြား အပြိုင်အဆိုင် လုပ်ခဲ့ကြပါလေရောတဲ့။
အဲဒီအထဲမှာ ကမ္ဘာလှည့်တွေကို ပစ်မှတ်ထားပြီးဖွင့်တဲ့ စားသောက်
ဆိုင်တွေလည်း ပါတာပေါ့။ အခုပြောမှာက အဲဒီလိုစားသောက်ဆိုင်
တွေထဲက ရယ်စရာ အဖြစ်အပျက်တခုအကြောင်းပါ။
ဆိုင်ရဲ့ နာမည်ကလည်း ဘိုနာမည်။ စားသောက်ဖွယ်ရာ စာရင်းကို
လည်း မြန်မာလိုမရေးပဲ ဘိုလိုရေးထားပါသတဲ့။ ဖြစ်ချင်တော့ ကမ္ဘာ
လှည့်တွေက မလာရှာဘူး။ မြို့ ခံလူတချို့ ပဲ တချက်တချက် ရောက်
လာတတ်သတဲ့။
တရက်သား။ ညနေခင်းတခုမှာ ရွှေဧည့်သည်နှစ်ဦး ဆိုင်ကိုကြွလာ
ပါရော။ မီနျူးကိုကြည့်တော့ ဘိုလိုတွေပဲတွေ့ သတဲ့။ စားပွဲထိုး
ကောင်လေးကလည်း အနောက်တိုင်းပုံစံ ၀တ်စားထားသတဲ့။
မင်းတို့ဆိုင်မှာ ဗမာလိုမီနျူးမရှိဘူးလားလို့ မေးတော့။ မရှိပါဘူးလို့
ဖြေသတဲ့။
အဲဒါနဲ့ ရွှေဧည့်သည်နှစ်ဦးက ဘီယာအရင်ချလို့ မှာလိုက်သတဲ့။
စားပွဲထိုးက ခပ်သွက်သွက်ပဲ ဘာအမြည်းယူဦးမလဲအကိုလို့ မေးပြန်
သတဲ့။ ရွှေဧည့်သည်က မီနျူးကိုကြည့်ပြီး Chicken Wings တပွဲပေးကွာ
လို့ ဆိုသတဲ့။ စားပွဲထိုးကထွက်သွားပြီး လမ်းတ၀က်က ပြန်လှည့်လာသတဲ့။
ပြီးတော့ အကိုတို့ Chicken Wings ကို ဘာသားနဲ့စားချင်သလဲလို့ မေး
တော့ ရွှေဧည့်သည်နှစ်ဦးလည်း ဘာဆက်ပြောရမှန်းမသိဘူး ဖြစ်သွားပါ
လေသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ (မူရင်းအတိုင်း မဟုတ်ပါ) ဒီအကြောင်းရေး
တဲ့သူက ကျော်ရင်မြင့်လို့ ထင်တာပဲ။ အမှတ်မှားရင် ခွင့်လွှတ်ပါ။
အမေရိကားမှာ ကျွဲတောင်ပံတွေ နာမည်ကြီးပါတယ်။ ဘိုလိုတော့
Buffalo Wings လို့ခေါ်သပေါ့။ နယူးယောက်ပြည်နယ် ဘဖဲလိုးမြို့ 
က ကြော်ပြီးရောင်းတဲ့ ကြက်တောင်ပံတွေပါ။ အရသာ တမူထူးပြီး
ကောင်းမွန်လေသောကြောင့် ဤအမည် တွင်လေသတတ်။ မြန်မာ
လိုဆိုရင် ကျွဲတောင်ပံလို့ နားလည်မှု လွဲသွားနိုင်သကိုး။
ကြက်တို့ရဲ့ အတောင်ပံဟာ သီးသန့်အစားအစာတခုပါ။ အထူးသဖြင့်
ဘီယာနဲ့မြည်းကြပါတယ်။ ကြက်တောင်ပံကြော်ကို အစပ်အဟပ်
မျိုးစုံနဲ့ လုပ်စားကြပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ကြက်တောင်ပံ
ကြော်က သိပ်ထူးခြားမှု မရှိလှပါဘူး။ ထိုင်းမှာတော့ ကြက်တောင်ပံ
အတွင်းမှာ အစာသွပ်ပြီး ကြော်ပါတယ်။ တရွာတပုဒ်ဆန်းဆိုသလို
ကြက်တောင်ပံကြော်နည်း မျိုးစုံရှိပါတယ်။ အားလုံး စားလို့ကောင်း
တာချည်းပါပဲ။
အမြင့်ကိုပျံလိုသူများနဲ့ အခွပ်ကောင်းလိုသူများ ကြက်တောင်ပံ
များများစားပါလို့ ညွှန်ကြားချက်မျိုးတော့ မကြားဖူးပါခင်ဗျား။
ပညတ်သွားရာ ဓါတ်သက်ပါဆိုတာကို ယုံကြည်သူတွေတော့
ကြက်တောင်ပံတွေ များများစားကြလိမ့်မယ်လို့ ယူဆရပါတယ်။
အသိမိတ်ဆွေတွေထဲမှာ မြောက်ကြွမြောက်ကြွနဲ့ ခပ်စွာစွာလုပ်
တတ်တဲ့သူရှိရင် ဒီလူ့ ကို မေးကြည့်ပါ။ ကြက်တောင်ပံကြော်
ကြိုက်သလားလို့။
(ရုပ်ပုံ ၊ ဂူဂလ်)
Wednesday, January 12, 2011
တနင်္လာ ကြက်
မြန်မာတွေယုံကြည်ကြတဲ့ ဗေဒင်ပညာမှာ တနင်္လာသမားအတွက်
သတ်မှတ်ထားတဲ့ သတ္တ၀ါက ကျား။ ဒါပေမဲ့ ကြက်ကလည်း
တနင်္လာသမားပါပဲ။ က၊ခ၊ဂ၊ဃ၊င အုပ်စုကို တနင်္လာနာမ်လို့ သတ်မှတ်
ထားတာကိုး။ အခုရေးမှာက ကြက်ဆိုတာ တနင်္လာသမားဖြစ်တာ
သေချာတဲ့အကြောင်း သက်သေပြချင်လို့ပါပဲ မိတ်ဆွေတို့။
မြန်မာလို ကြက်လို့ခေါ်တဲ့ အကောင်ကို တရုတ်က " ကြီ " လို့ ခေါ်
သတဲ့။ အဲဒါ မန်ဒရင်းလိုခေါ်တဲ့အသံ။ ကွမ်တုံးတရုတ်လိုကျတော့
"ကိုင်း"တဲ့။ ဒီနေရာမှာ စဉ်းစားဖို့ကောင်းတာက ကြက်ဆိုတဲ့အသုံး
အနှုန်းဟာ တရုတ်ပြည်ကများ ကူးစက်လာသလားဆိုတာပဲ။
အသံထွက်အတော်ဆင်တာ တွေ့ ရလို့ပါ။ မြန်မာ့ကြက်သမိုင်းပြုစုရေး
ကော်မီတီက ဒီအချက်ကို အလေးအနက်ထားပြီး လေ့လာဖေါ်ထုတ်
သင့်ပါတယ်။
ကဲ အန္ဒိယဘက် လှည့်ကြဦးစို့။ "မူရကီး" လို့ခေါ်ပါသတဲ့။ လာပြန်ပြီ။
"ကီး" တဲ့။ အိန္ဒိယမှာလည်း ကျနော့်ရဲ့ ကြက်က တနင်္လာသမားပါပဲ။
ကိုင်း ။ ထိုင်းဘက် ဆက်ကြဦးစို့။
ထိုင်းလိုတော့ ကြက်ကို "ကိုင် " လို့ခေါ်ပါတယ်။ ဒီနေရာမှာ ကွမ်တုံး
တရုတ်လို "ကိုင်း" လို့ခေါ်တာနဲ့ ထိုင်းလိုအသံထွက်က သိပ်ပြီးနီးနေ
တာကို ခြေရာခံမိပြန်တယ် အိုင်ဆေး ကိုနှင်းမောင်။ ဒီအချက်ကိုလည်း
ထိုင်းနိုင်ငံလုံးဆိုင်ရာ ကြက်သမိုင်းလေ့လာရေးအင်အားစုက သတိ
ထားမိကြမယ်ထင်ပါရဲ့ ။
တရုတ်နဲ့ထိုင်း ဆက်နွယ်မှုကိုတော့ အထူးလေ့လာစရာ မလိုပါဘူး။
ဘန်ကောက်ကိုရောက်ဖူးသူတိုင်း သတိပြုမိကြပါလိမ့်မယ်။
တရုတ်နဲ့ထိုင်း လူချင်းခွဲလို့ မရတော့ပါဘူး။ ထိုင်းဝန်ကြီးချုပ်ဟောင်း
သတ်ဆင်ရှင်နာဝပ် ဆိုရင် တရုတ်ကြီးစစ်စစ်တဲ့။ ထိုင်းမှာ အနေ
ကြာသူ မိတ်ဆွေတဦးရဲ့ ကောက်ချက်အရ "သတ်ဆင်" ဆိုတာ
တရုတ်နာမည်ကို ထိုင်းလို အသံထွက်တာတဲ့။ မြန်မာလိုထွက်ရင်
"တိတ်စိန်" ဖြစ်လိမ့်မတဲ့။ ဟုတ်တုတ်တုတ်။
ကဲ ကြက်ကြဦးစို့။ ဂျပန်လို ကြက်ကို "ကေးအိ" လို့ခေါ်ပါသတဲ့။
ကိုရီးယားလိုတော့ "တာကိုးကီ "တဲ့။ ရုရှားလိုတော့ "ကူးရီစ"တဲ့။
ဒါ့ခ်ျလို့တော့ "ကစ်ပ်"တဲ့။ ဘိုလိုပြောရင်တော့ "ချစ်ကင်း" ပေါ့ဗျာ။
တွေ့ ကြပြီမဟုတ်လား ကြက်ဆိုတာ တနင်္လာသမားဆိုတာ။
အဲဒီတော့ ဘာဖြစ်သတုံးလို့ မေးစရာရှိပါတယ်။ ဘာမှမဖြစ်ပါဘူး
ခင်ဗျား။ ကြက်ဆိုတာ တနင်္လာပဲဖြစ်ဖြစ်။ သောကြာပဲဖြစ်ဖြစ် လူမျိုး
မရွေး၊ ဘာသာမရွေး နှစ်ချိုက်စားသုံးကြတဲ့ အကောင်ဖြစ်ပါကြောင်း။
လူတိုင်း သိပြီးသားအကြောင်းကို ခပ်တည်တည်နဲ့ ရေးသားလိုက်
ပါတယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Monday, January 10, 2011
နှင်းပြေး
နှင်းကျချိန်နာရီဝက်လောက်မှာ ချန်ထားခဲ့တဲ့နှင်းလွှာလေးပါ။
နှစ်လက်မလောက်ရှိမယ်။
နှင်းစောင်လွှားမြေပြင်ကို
ဖြတ်တိုက်လာတဲ့ လေ။
ဓါးသွားလို အေးစက်၊ ထက်မြ။
လူတွေလည်း ခွေးတွေလို
နွေးရာမှာ ကွေးကြရ။
ဆောင်းဆိုမှတော့ အေးရမပေါ့လေ။
ဆောင်းမှာအေးတာ သတင်းမဟုတ်။
သိပ်အေးနေလို့ ကြုံရာနှစ်ပုံ အမြန်ထွက်ရိုက်ပြီး တင်လိုက်တယ်။
လောကမှာ ကွေးရတာ ကောင်းကြောင်း သင်တို့လည်း ကောင်းကောင်း
သိကြမှာပါလေ။ အေးအေးဆေးဆေးနဲ့ နွေးနွေးထွေးထွေး ကွေးနိုင်ဖို့
ဝိုင်ညိုလေးနှစ်ခွက်လောက် ရင်ဘတ်ထဲကို လောင်းထည့်လိုက်ဖို့လည်း
မမေ့ရလေအောင် (မိမိကိုယ်မိမိ ) အရေးတကြီး သတိပေးလိုက်ရပါတယ်။
"အေးကွေးနွေး" သီချင်း ဤတွင်ဆုံး၏။ ကျန်းမာကြစေသောဝ်။
Sunday, January 2, 2011
ဂေး၊ဘုရား၊၀ိုင်၊လမ်းကြားနဲ့ တရုတ်မဘောင်းဘီ
ဒီဇင်ဘာမှာရိုက်ဖြစ်တဲ့ ပုံတချို့  ထုတ်ဖေါ်ပြသ လိုက်ပါတယ်။
တခါတလေ အရိပ်က မူရင်းအရာထက် ပိုလှနေတတ်တယ်။
အိမ်ထဲမှာမြင်ရတဲ့ ငါ့စက်ဘီးရဲ့ အရိပ်။
အမှိုက်ပုံးညီအမ ခပ်၀၀။ အမှိုက်ပုံးဟာ အထီးလား၊ အမလား။
မနက်ခင်းတခုမှာ လမ်းလျှောက်ရင်း ဒေါ်စုကိုတွေ့ ခဲ့တယ်။
အလံဆိုတာဟာ လူ့အဖွဲ့ အစည်းမှာ အရေးကြီးတဲ့အရာတခု။
အလံတခုလွှင့်ထူနိုင်ဖို့ ပေးဆပ်မှုတွေအခိုင်အမာရှိခဲ့ကြတယ်။
လိင်တူချစ်သူတွေလည်း သူတို့အလံ လွှင့်နိုင်ဖို့ ပေးဆပ်မှုတွေရှိခဲ့တယ်။
ဝိုင်ဆိုတာ သောက်လို့ကောင်းတဲ့ အရည်တမျိုးပါ။ ၀ိုင်ပုလင်းတွေ၊
ဝိုင်ခွက်တွေ လှကြသလို ၀ိုင်ခင်းတွေဟာလည်း လှနေတယ်။
မြင်ခဲ့ဖူးသမျှ ခရစ္စမတ်သစ်ပင်တွေထဲမှာ ဒီအပင်က အတော်ဆန်းတယ်။
ဘာသာရေးတွေ ပေါင်းစုရောနှောလာတဲ့သဘောလား။ မြင်ရတာ ပျော်စရာ။
တရုတ်မကြီးသုံးယောက် လှေကားပေါ် တက်နေကြတာကို
တရုတ်အမျိုးသားကြီးတယောက်က ကြည့်နေပုံလို့ ရှုမြင်ကြပါ။
ဘာကြောင့်တရုတ်လို့ပြောရသလဲ။ တရုတ်တန်းမှာရိုက်ထားလို့ပါ။
နောက်ဖေးလမ်းကြား မဟုတ်ဘူး။ လူစည်ကားတဲ့လမ်းမကြီးပေါ်က
အိမ်ခန်းတခုပါ။ တရုတ်လူမျိုးတွေဟာ သူတို့ရဲ့ လျှော်ဖွတ်ထားတဲ့
အတွင်းပစ္စည်းတွေကို လူအများမြင်နိုင်တဲ့ ပြုတင်းပေါက်တွေမှာ
ထုတ်လှမ်းတတ်ကြတယ်။ သဘာဝနေရောင်ချည်နဲ့ တိုက်ရိုက်
ခြောက်သွေ့ စေလို့ သူတို့ကို သဘာဝပါတ်ဝန်းကျင်ချစ်ခင်သူတွေလို့
ပြောကြစို့။ လျှပ်စစ်ဓါတ်ကိုလည်း မသုံး။ ငွေကိုလည်းချွေတာပြီးသားဖြစ်။ ငါတို့လိုဓါတ်ပုံသမားတွေအတွက်လည်းဇတ်လမ်းဖြစ်။ အတော်အဆင်
ပြေတယ်နော။
အခုမြင်ရတဲ့ပုံကအတော်သန့်ရှင်းပြီး အရောင်အသွေးအလှပဆုံး အတွင်း
ပစ္စည်းတွေပါ။ ဒီထက်ပိုပြီး သဘာဝကျတဲ့ပုံတွေမြင်ချင်ရင်တော့ ကိုယ်တိုင်
သာတရုတ်တန်းမှာ လမ်းလျှောက်ထွက်ပေရော့။ ဒါကလည်း ပျော်စရာ။
သန့်ရှင်းတဲ့ လမ်းကြားတခုပါ။ တရုတ်တန်းမှာ မဟုတ်ဘူး။
လမ်းကြိုလမ်းကြားတွေဟာ တခါတလေ လမ်းမကြီးတွေထက်
စိတ်ဝင်စားဖို့ကောင်းတတ်တယ်။
ဒီပုံကိုမြင်တော့ မြန်မာတို့ရဲ့ ဇော်ဂျီကို သတိရမိတယ်။မသေချာတာ
တခုက ဇော်ဂျီဆိုတာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် ဆိုတာပဲ။
ဇော်ဂျီရုပ်မှာမုတ်ဆိတ်မွှေးပါတယ်။ ဗုဒ္ဓဘာသာဒဏ္ဍာရီတွေထဲက ဆိုရင်တော့
ဇော်ဂျီဆိုတာ အိန္ဒိယတိုင်းသားပဲဖြစ်မယ်။ ကွယ်လွန်သူ ကဗျာဆရာကြီး
ဇော်ဂျီကတော့ ခန်းနားတဲ့ကဗျာတချို့ ကို ဖန်တီးသွားခဲ့တဲ့ ပုဂ္ဂိုလ်ပါ။
သူ့မှာမုတ်ဆိတ်မွှေး မရှိပါဘူး။ မိတ်ဆွေများအားလုံး နှစ်သစ်မှာ
အိုကေစိုပြေကြစေ။
Saturday, January 1, 2011
ဆောင်းညပန်းခြံ အပမ်းပြေနှစ်ကူး
ညနေငါးနာရီဆို မှောင်ပြီ။ ပန်းခြံက ညနေခြောက်နာရီမှ ဖွင့်တယ်။
ဝင်ကြေးက အမေရိကန်၁၅ဒေါ်လာ။ ကားနဲ့သာ လည်ပတ်ကြည့်ခွင့်ရှိ။
လမ်းလျှောက်ကြည့်ခွင့် မရှိ။ ပန်းခြံက အကျယ်ကြီး။ မီးထွန်းအရုပ်တွေ
အများကြီး။ ပျော်စရာကောင်း။ ဓါတ်ပုံကို ကားထဲက ရိုက်တယ်။
ကင်မရာမီးကို လုံးဝ မသုံးဘူး။
မီးထွန်းပွဲတော် အ၀င်ဝ ဆိုပါတော့။
ကြိုဆိုသူတွေက တံပိုးခရာတွေမှုတ်လို့။
ဘူတာရုံကို ရထားဝင်လာပြီ။ အချိန်က ည၇နာရီတဲ့။
အချိန်မှန်ရထားပဲ။
ဘူတာရုံနဲ့ မလှမ်းမကမ်းမှာ စစ်တပ်ရှိပုံရတယ်။
မီးထွန်းပွဲကို တချို့ က မြင်းလှည်းနဲ့လာကြတယ်။
တချို့ က ကားနဲ့လာကြတယ်။
မီးလှိုင်ခေါင်းကြီးတွေလည်းရှိတယ်။
ဘုရားကျောင်းလား၊ စားသောက်လား။
ခရစ္စမတ်ဘိုးဘိုးမှာ အမွှာညီအကိုတွေရှိတယ်။
ကုန်းမြင့်တခုမှာ ဒေါင်းတကောင် ကနေတယ်။
ကနေတဲ့ဒေါင်းဆိုတော့ ကဒေါင်းပေါ့ကွာ။
တချို့ ကလည်း အပမ်းဖြေ ငါးမျှားကြတယ်။
တချို့ ကတော့ အပမ်းဖြေ ရွက်လွှင့်ကြတယ်။
ဧည့်သည်တွေကတော့ အစုံပဲ။
ပင်ဂွင်တွေရှိတယ်ဆိုတော့ ရေခဲအောင် အေးတဲ့ဒေသပေါ့။
ကြယ်ပန်းရုံလမ်း။
နှစ်သစ်ကူးမယ့်ညက ငါတို့ဇနီးမောင်နှံ ညပန်းခြံမှာ အပမ်းပြေခဲ့တယ်။
ငါတို့အားလုံး ၂၀၁၁မှာ အဆင်ပြေအောင် လုပ်ကြဦးစို့ကွာ။