Sunday, December 25, 2011

သင်္ကြန်မှာပျော်တဲ့ ခရစ္စမတ်သီချင်း


















ငယ်တုန်းကတော့ ပျော်ဖို့ကလွဲပြီး ဘာမှဂရုစိုက်တာ မဟုတ်ဘူး ။ သင်္ကြန်
နားနီးလေ ရင်ခုန်လေပဲ ။ အသားကုန် သောင်းကျန်းခွင့်ရှိတဲ့ ပွဲတော်လို့ပဲ
နားလည်တယ်။ အရွယ်မရောက်သေးပေမဲ့လည်း အရက်သောက်တာပဲ ။
မူးမှ ပိုပျော်တယ်လို့ အကိုကြီးများက ဆုံးမထားကြတာကိုး။ လူကြီးတွေ
မျက်ကွယ်မှာ လူငယ်သဘာဝ ထင်ရာဆိုင်းခဲ့ကြသပေါ့ ။ ပျော်ဖို့သာလျှင်
အဓိက ကာလကြီးပေပဲ ။

ခေတ်ကလည်း အဲဒီတုန်းက ဒစ္စကိုခေတ် ။ သင်္ကြန်မှာ ဘယ်ကိုသွားသွား
သင်္ကြန်သီချင်း မဟုတ်ရင် ဒစ္စကိုသီချင်းတွေ ဖွင့်ပြီး ပျော်ကြတယ်။ ဒစ္စကို
ခေတ်မှာ ကမ္ဘာကျော်တာ ABBA နဲ့ Boney M ။ သင်္ကြန်မှာ ရေကလည်း
ရွှဲ ။ အရက်ကလည်း တထွေထွေ ။ ဒစ္စကိုသီချင်းကလည်း မြူး။ ၀ူးဟူးဟူး ။

အသက်ကြီးမှ သတိထားမိတာက သင်္ကြန်မှာ ကဲခဲ့စဉ်အခါက Boney M
သီချင်းတွေဟာ ခရစ္စမတ်သီချင်းတွေပါလားဆိုတာပဲ ။ တကယ့်ကို မအပ်
မစပ် လှုပ်ရှားမှုပါလားဆိုပြီး မျက်ခုံးတွန့်မိတယ် ။ ဂီတဆို မြူးရင်ပြီးရော။
ဘာတွေပဲဆိုဆို ။ ကလို့ခုန်လို့ကောင်းရင် ဟုတ်နေပြီဆိုတဲ့ ကာလပေကိုး။
ဘာသာရေးသီချင်းနဲ့ သင်္ကြန်မှာ ကကြခုန်ကြတယ်ဆိုတာ ရယ်စရာတော့
အကောင်းသား ။

တကယ်တော့လည်း Boney M သီချင်းတွေက  ဘုရားကျောင်းထဲကနေ
လမ်းမတွေပေါ်ကို ဆင်းလာခဲ့တာပါ ။ တချို့ကလည်း ကျေးဇူးတင်ကြ
တယ်။ဘုရားသီချင်းတွေ ဒစ္စကိုဂီတနဲ့အတူ လူထုထဲရောက်လာလို့ ။
တချို့ကလည်း ရှုတ်ချကြတယ်။ ဘုရားသီချင်းတွေဟာ လမ်းဘေးရောက်
ကုန်တယ် ။ ညကပွဲထဲ ရောက်ကုန်တယ်ပေါ့။

ဂီတရဲ့စွမ်းအား ။ အနုပညာရဲ့စွမ်အား သိပ်ပြီး ကြီးမားတယ်။ ခရစ္စမတ်
သီချင်းနဲ့သောင်းကျန်းခဲ့တဲ့ ငယ်ငယ်တုန်းကသင်္ကြန်ကို သတိရမိလို့
ခရစ္စမတ်နေ့မှာ Boney M အဖွဲ့ကို မှတ်မှတ်ရရ ဂုဏ်ပြုလိုက်ပါတယ်။
အဖွဲ့သားတွေထဲက တချို့လည်း ကွယ်လွန်ခဲ့ပြီ ။

Boney M ကျန်းမာပါစေ ။ ဒစ္စကိုဂီတ အဓွန့်ရှည်ပါစေ ။ ဒစ္စကိုဘုရားသီ
ချင်းတွေနဲ့ သင်္ကြန်တပွဲလောက်တော့ ပြန်ပြီးနွှဲချင်သား ။ ဘုရားသခင်လည်း
သဘောကျလိမ့်မယ်ထင်ပါတယ် ။ Boney M အဖွဲ့ရဲ့ Oh My Lord သီချင်း
ကို နားဆင်တော်မူကြပါ ။

 

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, December 20, 2011

သာရေးနာရေး














ကင်ဂျုံအီးလ် ။ ဗားဆလဗ် ဟာဗဲလ် ။ ကဒါဖီ ။ စတိဗ် ဂျော့ဗ်စ် ။
ဘင်လာဒင် ။ အေမီ ၀ိုင်းဟောက်စ် ။  ဦးလွင် ။ လှသန်း ။ နတ်နွယ် ။
မောင်ဝဏ္ဏ ။ ဒီနှစ်ထဲမှာ နေခဲ့ကြသူများပေါ့ ။

တချို့လူတွေက သေမှ အေးတယ် ။ တချို့လူတွေကျ သေမှ ပူရတယ် ။
မပူမအေး လူတွေလည်း ရှိပါတယ် ။  ကိုယ်က ဘယ်အုပ်စုထဲ ပါသလဲ ။
ဘယ်အုပ်စုမှာ ပါမလဲ ။ ပူမှာလား အေးမှာလား ။ ခပ်နွေးနွေးထဲကလား ။

ဒီနှစ်က ထူးတယ် ။ အလ်ခိုက်ဒါးအဖွဲ့လည်း ဇတ်ပျက်သလိုဖြစ်ခဲ့တယ် ။
လစ်ဗျားစစ်ကလည်း ရုပ်ရှင်ဆန်ဆန် အံ့သြစရာ ။ မြောက်ကိုရီးယားမှာ
လည်း မျက်ရည်မိုးတွေရွာ ။ ကိုယ့်မိသားစုထဲက သေရင်တောင် ဒီလောက်
ဝမ်းနည်းကြရဲ့လား မသိ ။ ကင်ဂျုံအီးလ်တို့များ သေတာတောင် လူတွေကို
ချုန်းပွဲချ ငိုခိုင်းခဲ့သေးတယ် ။ အံ့ရော ။

ပန်းသီးကွန်ပြူတာဆိုင်တွေလည်း နတ်ကွန်းတွေလို ဖြစ်ခဲ့ရတယ် ။ ပစ္စည်း
ကောင်းကိုကြိုက်သူတွေက စတိဗ်ဂျော့ဗ်စ်ကို လွမ်းကြတယ် ။ ကြိုးစင်ပေါ်
ရောက်ပြီးကာမှ ကြိုးမိန့်က လွတ်ခဲ့သူလို ဧရာဝတီမြစ် ဒီနှစ်ထဲ ကံဇာတာ
တက်ခဲ့တယ် ။ တတ်လည်းတတ်နိုင်တဲ့ ကိုသိန်းစိန် ။ ဗိုလ်သိန်းစိန်ဘ၀မှာ
တုန်းက သူပဲ မြစ်ဆုံဆည်ကြီး တဟည်းဟည်းဖြစ်အောင်လုပ်ဖို့ သွားပြီး
အားပေးခဲ့တယ်။ သမ္မတဘ၀လည်းရောက်ရော ပြည်သူ့စကားကိုပဲ နား
ထောင်ပါ့မယ်ဆိုလို့  ပြည်သူ့အချစ်တော်ကြီးတောင် ဖြစ်လိုက်သေး ။

ဒီနှစ်ထဲမှာ ကံတက်လာသူတွေထဲ ကိုသိန်းစိန်လည်းပါတယ် ။ အပြောင်း
အလဲများကို ဖန်တီးသူပေါ့ ။ ယုံတဲ့သူတွေကလည်း ယုံတယ် ။ မယုံတဲ့သူ
တွေကလည်း မယုံဘူး ။ ကိုသိန်းစိန်ကို ယုံတဲ့အထဲ ဒေါ်စုတို့အုပ်စုလည်း
ပါပုံရတယ် ။ အခုဆို လွှတ်တော်ထဲကို ၀င်ကြတော့မယ် ။ ၉၀ရွေးကောက်ပွဲ
ရလာဒ်က ကိုသိန်းစိန်တို့အုပ်စု မိုက်ကြေးခွဲလိုက်လို့ မြောင်းထဲရောက်သွား
တယ် ။ အရည်မရ အဖတ်မရ ဖြစ်ခဲ့တဲ့ ၉၀နောက်ကို လိုက်ကြရင်း ဒေါ်စုတို့
အုပ်စု လွတ်တဲ့ခုံမှာ ၀င်ထိုင်တော့မယ် ။ အရည်ပဲဖြစ်ဖြစ် အဖတ်ပဲဖြစ်ဖြစ်
ရလိုရငြားပေါ့ ။

အားလုံး တိတ်တိတ်နေ ဒေါ်စုကို မဝေဖန်နဲ့ ။ သူလုပ်တာ အကုန်မှန်တယ် ။
အဲသလို အုပ်စုလည်း ရှိတယ် ။ ဒီတိုင်းပြည် ဒေါ်စုမပိုင်ဘူး အားလုံးပိုင်တယ် ။
မကြိုက်ရင်တော့ မကြိုက်ဘူးပြောမှာပဲ ။ ဒီလိုအုပ်စုလည်း ရှိတယ် ။ အပြောင်း
အလဲကာလ မပီဝိုးတ၀ါးမှာ အပြစ်တင် မစောနဲ့၊ အချီးကျူး မစောနဲ့၊ သတိထား
စောင့်ကြည့်။ ကောင်းရင်လည်း သတိနဲ့ကြိုဆို၊ မကောင်းရင်လည်း သတိနဲ့ရှုတ်
ချ ။ ဘာမှ သေချာတာ မဟုတ်ဘူး ။ ဒီလိုအုပ်စုလည်း ရှိတယ် ။ ဒီနှစ်က လူတွေ
ကို ဒီလိုတွေ ဖြစ်စေခဲ့တယ် ။ ၈၈တွေလည်း ထောင်ထဲမှာ အခြေအနေကောင်း
ဆိုပဲ ။

ပြည်တော်ပြန်တွေ မြူးတဲ့နှစ် ။ ချိတ်ထမီနဲ့ခေါင်းပေါင်း အရောင်းသွက်တဲ့နှစ် ။
ဧရာဝတီမြစ် လူချစ်လူခင်ပေါတဲ့နှစ် ။ တိတ်နေတဲ့ ကချင်တွေ အသံထွက်တဲ့နှစ် ။
မြောက်ကိုရီးယားမှာ ကိုလူပျို ခေါင်းဆောင်ဖြစ်တဲ့နှစ် ။ အာရပ်ကမ္ဘာမှာ တော်
လှန်ရေးနတ် ဖမ်းစားတဲ့နှစ် ။ မြန်မာပြည်ကို ဟီလာရီတယောက် ကမန်းကတန်း
ရောက်တာတဲ့နှစ် ။ မိုက်ခရိုဖုန်းတွေ နေပြည်တော်မှာ အလုပ်ရှုပ်တဲ့နှစ် ။ ဆိုရှယ်
မီဒီယာတွေ ဖုန်တထောင်းထောင်း ထတဲ့နှစ် ။ စီးကရက်ကြိုက်သူ ဗားဆလဗ်
ဟာဗဲလ်နဲ့ ဆေးခြောက်ကြိုက်သူ အေမီဝိုင်းဟောက်စ်တို့ မီးခိုးငွေ့တွေလို အငွေ့
ပျံခဲ့တဲ့နှစ် ။ မြန်မာပြည်က ပရိတ်သတ်များလည်း ဘလော့ဂ်တွေကို ဖတ်ခွင့်ရတဲ့
နှစ် ။ ငါလည်း ဘလော့ဂ်မှာ စာအတော်ရေးဖြစ်ခဲ့တဲ့ နှစ်ပါလား ။

လာမယ့်နှစ်မှာ ကောင်းတာတွေ များများဖြစ်လာဖို့ ထုံးစံအတိုင်း ဆန္ဒပြုလိုက်ပါ
တယ် ။ ၀ူးဝူးဝါးဝါးတွေ သိပ်မလုပ်ကြပါနဲ့။ သဘောကောင်းရင် လူချစ်လူခင်ပေါ
ပါတယ် ။ အလုပ်ကြိုးစားကြပါ ။ ၂၀၁၂မှာ သေမှ အေးမယ့်သူတွေ များဖို့လည်း
ဆန္ဒပြုလိုက်ပါတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, December 16, 2011

ခေါင်းဆောင်အက














ခပ်ချောချော ထိုင်းဝန်ကြီးချုပ်က ခပ်ချောချော မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်နဲ့ မကြာခင်တွေ့ဖို့ရှိသတဲ့ ။ ချောတာနဲ့တင်ပဲ သတင်း
သမားတွေ၊ ဓါတ်ပုံ ဗီဒီယိုသမားတွေ သွားရည်ကျစရာ သတင်းတပုဒ်
ဖြစ်နေပြီ ။

ထိုင်းဝန်ကြီးချုပ် ယင်းလတ်က ဒေါ်စုထက် ငယ်တယ်ဆိုပေမဲ့ သူ
လည်း ကလေးအမေပဲ ။ အန္တရယ်များတဲ့နိုင်ငံရေးအကျပ်အတည်း
ကြားက တက်လာခဲ့တဲ့ ခေါင်းဆောင်တဦးပဲ ။ သူ့ကိုဆန့်ကျင်သူ
အမြောက်အများရှိသလို ထောက်ခံသူတွေလည်း အမြောက်အများပဲ ။

မကြာခင်က လာအိုနိုင်ငံကို မစ္စယင်းလတ် နိုင်ငံတော်ခရီးစဉ်နဲ့ အလည်
သွားတယ်။ ညစာစားပွဲတခုမှာ လာအိုဝန်ကြီးချုပ်နဲ့တွဲပြီး ကတယ် ။ ပုံမှန်
ရိုးယာဓလေ့ ဖြစ်မှာပေါ့ ။ မစ္စယင်းလတ်က အပီအပြင် ကပေမဲ့ လာအို
ဆရာသမားက မလှုပ်တလှုပ် ။ သိုင်းသမားလိုလို ဗန်ဒိုလိုလို လုပ်နေတယ်။
သိပ်ကြည့်မကောင်းတဲ့ ပွဲတခုဖြစ်ခဲ့ရတယ် ။ နှစ်နိုင်ငံ ချစ်ကြည်မှုကို ပြတဲ့
အနေနဲ့ နှစ်ယောက်သား ကွေးနေအောင် ကပြလိုက်ရင် နှစ်နိုင်ငံပြည်သူ
တွေတင်မက ကမ္ဘာကပါ ကြည်နှုးရမှာ ။

ကဲ အခုလည်း မစ္စယင်းလတ် မြန်မာပြည်ကို လာဦးမယ် ။ အရင်က
တခေါက်လာခဲ့ပေမဲ့ ဒေါ်စုနဲ့ မတွေ့ခဲ့ဘူး ။ ဒီတခေါက်တော့ တွေ့ကြ
မတဲ့ ။ ကတဲ့ အစီအစဉ် ရှိ မရှိတော့ မသိဘူး ။ ဒေါ်စုက က တတ်သလား
လည်း မသိဘူး ။ မစ္စယင်းလတ်ကတော့ ကတာ မဆိုးဘူးလို့ ဆိုရမယ် ။
မယုံရင် အောက်က ဗီဒီယိုမှာ ရှုစားတော်မူကြပါ ။


မြန်မာနဲ့ထိုင်းဟာ အိမ်နီးချင်းကပ်နေတဲ့ မိတ်ဆွေနိုင်ငံတွေပဲ ။ ရင်းရင်းနှီး
နှီးရှိရမှာပေါ့ ။ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့တုန်း ပျော်ပျော်ပါးပါး ကကြ
ခုန်ကြရင် မကောင်းပေဘူးလား ။ ဒေါ်စုကိုယ်တိုင်လည်း အနုပညာဝါသနာ
ပါတာကိုး။ ချွန်တွန်းလုပ်တာ မဟုတ်ဘူး ။ တကယ်ပြောတာ ။ ဒေါ်စုနဲ့ ယင်း
လတ်နဲ့သာ ပျော်တပြုံးပြုံနဲ့ တွဲပြီး ကကြည့်။ အနည်းဆုံး ထိုင်းနိုင်ငံရောက်
မြန်မာအလုပ်သမားတွေ အရင်ကထက် အသက်ရှုချောင်လာနိုင်တယ် ။

အရင်တခေါက်က မစ္စယင်းလတ်မြန်မာပြည်လာတုန်းက ဦးသိန်းစိန်နဲ့ပဲ
တွေ့ခဲ့တာ ။ ဒီလူက သမ္မတမို့ မျက်နှာကြီးရာ ဟင်းဖတ်ပါတာလားတော့
မသိဘူး။ နှစ်နိုင်ငံ အစိုးရချင်းဆက်ဆံရေးပုံစံအရ အတိုက်အခံကို မျက်နှာ
သာ မပေးရဆိုတဲ့ မူများ ရှိသလားမသိ ။ ထားပါတော့ ။ အဲဒီတုန်းက ဆရာ
သိန်းစိန်နဲ့ မစ္စယင်းလတ်တို့တွဲပြီး ကတယ် မကြားမိပါဘူး ။ ဒါပေမဲ့ ပန်းသီး
ဖျော်ရည်လိုလို၊ နာနတ်သီးဖျော်ရည်လိုလို၊ ရေနွေးကြမ်းလိုလို အရည်တွေ
ဝိုင်ခွက်ထဲထည့်ပြီး အတူသောက်ခဲ့ကြတာတော့ ဓါတ်ပုံမှတ်တမ်းရှိတယ် ။
(ရှန်ပိန်လည်း ဖြစ်နိုင်တာပဲ)

ဦးသိန်းစိန်နဲ့ မစ္စယင်းလတ်တို့ တွဲပြီး မကခဲ့တာလည်း တမျိုးတော့ ကောင်း
ပါတယ် ။ မဟုတ်ရင် မင်းသမီးကို လူပျက်က ပွဲထုတ်နေတယ်လို့ ထင်နေကြ
ဦးမယ်။

(မှတ်ချက် ။ နိုင်ငံ့ခေါင်းဆောင် လုပ်လိုသူများ ။ လိုရမယ်ရ အကသင်ထား
ကြပါရန်။)












(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, December 15, 2011

ရရှိခဲ့သော မှတ်ချက်များ















ဗိုလ်ချုပ်ကားလား ၊ ဟာသကားလား ။ ဟီလာရီက မီးစိမ်းပြခဲ့ပြီ ။
မီးပေးဖို့ မစဉ်းစား မီတာခတက်ဖို့ စဉ်းစားတယ် ။ မြန်မာတွေ
ကိုကာကိုလာ သောက်ဖို့ပြင် ။ အင်တာနက်နှေးသရွေ့ ဒီမိုက
ရေစီနှေးမယ် ။ စုသဘောနိုင်ငံရေး တော်သင့်ပြီထင်တယ် ။

လွင်မိုးက ဗိုလ်ချုပ်နဲ့ ဘာဆိုင်လို့လဲ ။ ဗမာမတွေ ချွတ်ကုန်ပြီ ။
အရှင်ဘုရားနောက်မှာ တပည့်တော်တို့ရှိတယ် ။ ရှမ်းတော့ပေါင်းပြီ
ကချင်ဘယ်လိုလဲ ။ ဥပဒေက ဥပဒေ ၊ ငါ့သဘောက ငါ့သဘော ။
သပိတ် သပိတ် ခဏနေမှ မှောက် ။ ကုန်တိုက်တွေဆောက်ဖို့ ပိုက်
ဆံစုထား ။

ခေတ်မီသွားအောင် မင်းကိုနိုင်ကို လွမ်းလိုက်ဦး ။ ဂျင်မီတို့လင်မယား
ကို သနားလိုက်ဦး ။ သမ္မတသိန်းစိန်ကို ချီးမွန်းလိုက်ဦး ။ အပြောက
တော့ ရွှေမန်းကို လက်ခုတ်သြဘာ ပေးလိုက်ဦး ။ အောင်သိန်းလင်း
ကိုလည်း ကူလိုက်ဦး ။ ဇာဂနာလုပ်သမျှ ဟုတ်သပ ဟုတ်သပလို့လုပ်
ကြဦး ။

ူဒုက္ခသည်ဗီဇာ ပိတ်သွားပြီ ။ ပြည်တော်ပြန်ဇတ်ခင်းဖို့ ကိုယ့်နေရာ
ကိုယ်ယူကြ ။ တရုတ်ကိုလည်း ဂရုစိုက် ။ အမေရိကန်လည်း ဂရုစိုက် ။
နေပြည်တော်လည်း ဂရုစိုက် ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက် ။ မီဒီယာ
မှာပါတိုင်း အမှန်လို့ မထင်နဲ့ ။ မိုးကောင်းမှ မီးလာတဲ့နိုင်ငံ ။ မိုးကုန်
တော့ မီးစက်ကို နှိုးဖို့ပြင် ။

ခရီးသည်တွေကိုတော့ မျှော် ။ အိမ်သာတော့ ကောင်းကောင်း မရှိ ။
ညောင်းတဲ့သူတွေ များလို့ အနှိပ်ခန်းတွေ ပေါတာ ။ ညောင်းသူမှာ
သာ အပြစ်ရှိ ။ ဗမာ့နျူကလီးယားစစ်သည်တော်များ လက်ကမြင်း
ကြော အတော်ထ ဆိုပဲ ။ သူတို့အတွက်ဗိမာန်က ဓါတ်ပေါင်းဖိုဆို
လား ။ မြန်မာ့နိုင်ငံရေးမှာ တတိယအင်အားစုက ပထမရနေပါတယ် ။

ငါ့သားရယ် ပြန်လာပါတော့ မြန်မာပြည်ကြီး တကယ်ပြောင်းရှာပြီဟဲ့ ။
ငါ့သမီး မြန်မာပြည်ကို မေ့လိုက်တော့။ ဒီမှာက အပြောပဲရှိတယ် ။ ဟုတ်
တာလည်း မဟုတ်ဘူး ။ နင်အဆင်ပြေရင် ငါ့ကိုပါ ခေါ်လိုက် ။

အကောင်းဘက်ကသာ ရှုမြင်ကြပါ ။ အပြုသဘောနဲ့ ကြည့်ကြပါ ။
အခုသမ္မတက သဘောကောင်းပါတယ်။ ဒီအချိန်မှာ မဝေဖန်ကြပါနဲ့။
လုပ်တာတွေ စောင့်ကြည့်ကြပါဦး ။ အပြစ်မြင်လို့ အလုပ်မဖြစ်ဘူးနော် ။
ဒေါ်စုတောင် အမတ်မင်းဖြစ်တော့မယ် ။ ၁၉၉၀ကတော့ ပြီးသွားပြီမို့
မေ့လိုက်ပါတော့ ။ ၈၈ဆိုတာ သိပ်ကြာသွားခဲ့ပြီ ။ ရန်ကုန်တောင်မှ စင်္ကာ
ပူဖြစ်တော့မှာ ။ ကောင်းရင် ကောင်းတယ်ပြောကြပါ ။ တကယ်ကောင်းမှ
လည်း ကောင်းတယ် လုပ်ကြပါ ။ ကျန်းမာပါစေ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, December 13, 2011

နယ်ဗိုလ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဦးသိန်းစိန် ဒီနှစ်မှာလည်း နိုဘလ်ဆုနဲ့
လွှဲပြန်ပြီ ။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ ။  အမျိုးသားတွေ ပြန်ပြီး
သင့်မြတ်အောင် ၊ စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းပြီး ပါတီစုံဒီမိုကရေစီ
စံနစ်ထွန်းကားအောင်၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရအောင်
ဦးသိန်းစိန် တဘ၀လုံး မနားမနေ အားထုတ်ကြိုးပမ်းနေတာ လူတိုင်း
အသိ ။

စားလည်း ဒီမိုကရေစီ၊ သွားလည်း ဒီမိုကရေစီ ။ ဒီမိုကရေစီကို လိုချင်
လွန်းလို့ ၊ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ ၊ စစ်အာဏာရှင်ကို မုန်းလို့
စစ်တပ်ထဲကို မရမက၀င်ခဲ့တဲ့ ဦးသိန်းစိန်။ လူသာဓုခေါ်နတ်သာဓုခေါ်
တဲ့ အခြေခံဥပဒေကိုလည်း ဖြစ်အောင်ရေးဆွဲခဲ့တယ်။ ဘယ်နိုင်ငံနဲ့မှ
မတူတဲ့ ရွေးကောက်ပွဲကြီးကိုလည်း အောင်အောင်မြင်မြင် ကျင်းပပေး
ခဲ့တယ် ။ အာစီယံဥက္ကဌလည်း ဖြစ်အောင်လုပ်ပေးခဲ့တယ် ။ ဒီမိုကရေစီ
နဲ့ လူ့အခွင့်အရေး တောင်းဆိုမှုတွေကိုလည်း ထောင်အကြိမ်ကြိမ်
အကျခံပြီး လုပ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြဲကမ်းလှမ်း
ခဲ့တယ် ။

အာဏာရှင်တွေရဲ့ ဖိနှိပ်ကန့်ကွက်မှုတွေအမျိုးမျိုးကြားက ဒီမိုကရေစီမှ
ဒီမိုကရေစီဆိုပြီး အရဲစွန့် ချီတက်ခဲ့တဲ့ဦးသိန်းစိန် ။ နိုင်ငံရေးအကျဉ်း
သားတွေကို အကုန်လုံးပြန်လွှတ်ပေးဖို့ တဖွဖွတောင်းဆိုနေတဲ့ ဦးသိန်း
စိန် ဘာကြောင့် နိုဘလ်ဆု မရသလဲ ။ နားမလည်နိုင်အောင်ပဲ ။

ဦးသိန်းစိန်ကို သမ္မတဖြစ်နေလို့ ပေးရမှာ အားနာနေရင်လည်း သူ့လိုပဲ
ဒီမိုကရေစီအတွက် အသက်စွန့်ကြိုးပမ်းနေတဲ့ ဦးရွှေမန်းကို ပေးလိုက်ပါ
လား ။ ဦးရွှေမန်းကလည်း ဒီမိုကရေစီအတွက် မွေးဖွါးလာခဲ့သူပဲ ။ သူတို့
တွေ စစ်တပ်ထဲဝင်ခဲ့တာ ဒီမိုကရေစီရရှိရေးအတွက်ပေါ့ ။ စစ်သားဘ၀နဲ့
ဒီမိုကရေစီရော နိုဘလ်ဆုရောရဖို့ မလွယ်လောက်ဘူးထင်တာနဲ့ အရပ်
ဝတ်ကို လဲခဲ့ကြတာ ။ ခေါင်းပေါင်းတွေ ပေါင်းခဲ့ကြတာ ။ ချိတ်ထမီတွေ
ဝတ်ခဲ့ကြတာ ။ အခုတော့ ကောင်းကြသေးရဲ့လား ။ နိုဘလ်မပြောနဲ့
ဟီလာရီ လာတုန်းကတောင် အဖက်မခံခဲ့ရဘူး ။

ဘာလိုလိုနဲ့ စစ်အာဏာရှင်လိုလားတဲ့ ဒေါ်စုကြည်တောင်လွှတ်တော်ထဲ
ရောက်လာတော့မယ် ။ သူက ဒီမိုကရေစီအတွက် အကြီးမားဆုံး အန္တရာယ်
ပဲ ။ သူရှိနေလို့ကတော့ တိုင်းပြည် ကောင်းစားမှာကို မဟုတ်ဘူး။ သူ့ကို
ကျတော့ နိုဘလ်ဆုပေးတယ် ။ သူက ဘာမှလုပ်တာ မဟုတ်ဘူး ။ သူ့
အိမ်ထဲ သူနေနေတာ ။အနှစ်နှစ်ဆယ်ကျော်အတွင်း သူ့ခြံထဲက အပြင်
တောင် သိပ်ထွက်တာ မဟုတ်ဘူး ။ တိုင်းပြည်ရဲ့ဒုက္ခတွေကို ဥပက္ခာပြု
ထားတာ ။

ဦးသိန်းစိန်တို့ ဒီပဲရင်းဒေသ ဒီမိုကရေစီရေးသွားတုန်းကလည်း ဒေါ်စုတို့
အုပ်စုပဲ ညဖက်ကြီး ချောင်းပြီး ရိုက်ကြနှက်ကြတာ ။ ဦးသိန်းစိန်တို့ကံကြီး
ပေလို့ ။ ဒီမိုကရေစီကို စောင့်ရှောက်တဲ့နတ်ကောင်း နတ်မြတ်တွေ ကယ်
ပေလို့ ။ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာမှန်ပေလို့ အသက်ဘေးက လွတ်ခဲ့
ရတာ ။

မင်းကိုနိုင်တို့လို ၈၈ကျောင်းသားလေးတွေ ထောင်ထဲက မထွက်နိုင်တာ
လည်း သူ့ကြောင့်ပဲ ။ သနားပါတယ်။ ကိုယ့်သားသမီးအရွယ် သူတို့လေး
တွေ အမြန်ဆုံးပြန်လွတ်နိုင်အောင် ဦးသိန်းစိန်က ဘုရားရှိခိုးတိုင်းဆုတောင်း
တယ်။ သူ့အနေနဲ့ အနည်းဆုံး ဒါပဲလုပ်နိုင်တာ မဟုတ်လား ။ ဒေါ်စုကြည်
တို့ တိုင်းပြည်ကို နှိပ်စက်လွန်းတယ် ။

ဒီအမျိုးသမီးက အာဏာရှင် ။ မြန်မာ့တပ်မတော်ကို သူ့အဖေ ထောင်ခဲ့တာ
ပေါ့ ။ ဒီအရှိန်နဲ့ မိုက်လုံးကြီးနေတာ ။ ဒါပေမဲ့လည်း တိုင်းပြည်မျက်နှာကို
ကြည့်ပြီး ဦးသိန်းစိန်က သူနဲ့ ထမင်းအတူစားခဲ့ပါတယ် ။ ပြေရာပြေကြောင်း
ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့ပါတယ် ။ ဦးသိန်းစိန်က ဒီလို
မေတ္တာကြီးမားသူပါ ။

၂၀၁၄ဆို မြန်မာပြည် အာစီယံဥက္ကဌဖြစ်ပြီ ။ အဲဒါ ဒီမိုကရေစီရတာပဲ ။ အခု
တောင် တော်တော်လေးရနေပါပြီလေ ။ အဲဒီအချိန်မှာ ဦးသိန်းစိန်ဖြစ်ဖြစ်
ဦးရွှေမန်းဖြစ်ဖြစ်၊ နှစ်ယောက်လုံး ပူးတွဲချံပီယံဖြစ်ဖြစ် နိုဘလ်ဆု မရဘူးဆို
ရင်တော့ အာစီယံဥက္ကဌဖြစ်တုန်း “နယ်ဗိုလ်” ဆုဆိုတာကို ထွင်ပြီး ကိုယ့်
ကိုယ်ကို ပေးပစ်မယ် ။ ဒီမိုကရေစီဖခင်ကြီးဖြစ်တဲ့ ဦးသန်းရွှေကိုလည်း ပေး
ပစ်မယ် ။ မြန်မာ့ဒီမိုကရေစီအစ သိန်းစိန်က ဖြစ်စေရမယ် ။

(မှတ်ချက် ။ ဤစာမူသည် မြန်မာ့အလင်းသတင်းစာတွင် ထည့်ရန်ဆုံးဖြတ်ချက်
ကျပြီးကာမှ ပယ်လိုက်သည့်စာမူဖြစ်ပါသည်။ မည်သူ့အမိန့်ဖြင့်ပယ်သနည်းကို
ယနေ့အထိ မသိရသေးပါ ။)

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, December 12, 2011

မိမိအကြောင်း




















သူငယ်ချင်းအမေရဲ့နာမည်က ဒေါ်ခင်မိမိတဲ့ ။ သူ့ကိုယ်သူတော့ “မိမိ မိမိ”
နဲ့ စကားပြောတိုင်း ထည့်ပြောတတ်တယ် ။ လွှတ်တော်ဥက္ကဌ ကိုရွှေမန်းက
လည်း သတင်းစာရှင်းလင်းပွဲမှာ သူ့ကိုယ်သူ “မိမိ မိမိ” နဲ့ ပြောနေလေတော့ ။
ဒေါ်ခင်မိမိကို သတိရမိတာပေါ့ ။ သူ့အမျိုးသားကတော့ သူ့ဇနီးကို မိမိရေ
မိမိရေလို့ ခေါ်သဗျ ။

စာရေးဆရာတွေထဲမှာ မိမိ မိမိနဲ့ ရေးတတ်တဲ့သူက နတ်နွယ်ပါ ။ ဆုံးရှာ
ပေါ့ ။ ဆရာနတ်နွယ်ကတော့ စကားပြောတဲ့အခါ သူ့ကိုယ်သူ မိမိ မိမိနဲ့
မသုံးပါဘူး ။ စာရေးတဲ့အခါပဲ မိမိကို သုံးတာပါ ။ စကားပြောတဲ့အခါ မိမိ
ထည့်ပြောသူဆိုလို့ ကိုရွှေမန်းနဲ့ ဒေါ်ခင်မိမိတို့ပဲ ရှိလိမ့်မယ်ထင်တာပဲ ။

မိမိဆိုတဲ့ လူနာမည်များ ကြားဖူးကြပါသလား။ မီမီကတော့ အတော်များ
တယ်။ မိမိကတော့ ရှားလိမ့်မယ်။ စာရေးဆရာမ ရွှေဘိုမိမိကြီး ဆိုတာ ရှိ
တယ်။ ဒေါ်မိမိလေး ဆိုတာလည်းရှိသေးတယ်။ တဦးကတော့ အခု
ထောင်ကျနေရှာတဲ့ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့မိခင်။
ဆုံးရှာပြီ။ နောက်တဦးက လယ်သမားအခွင့်အရေး တက်တက်ကြွကြွ
ကူညီနေတဲ့ ရှေ့နေဦးပိုးဖြူရဲ့မိခင် ။ သူလည်း ဒေါ်မိမိလေးပဲ။  မိမိပါရင်
အမျိုးသမီး ဖြစ်နေတယ်။ ဦးမိမိတို့ ကိုမိမိတို့ မကြားဖူးပေါင် ။

မြန်မာသတင်းစာတွေမှာလည်း “မိမိတို့အနေနဲ့” ဆိုတာတွေ သိပ်များ
တယ်။ မိမိဆိုတာ ကျားမ မရွေး သုံးနှုံးလို့ရတဲ့နပုလ္လိင်ပေကိုး ။ (နပုန်း
လိန်)လို့ အသံထွက်ပါသတဲ့ ။ ဘယ်ခေတ်ဘယ်အခါက မိမိကို မည်သူ
ကများ စတင်သုံးစွဲခဲ့ပါလိမ့် ။ ပညာရှိများ လမ်းပြကြပါ ။

ဆိုရှယ်လစ်ခေတ်အခါက ကျောင်းသီချင်းတပုဒ်မှာ မိမိကိုယ်ကို ကောင်း
အောင်ကြိုးစားမည်...မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်
လို့ ကျောင်းကောင်စီသီချင်း ကလေးတိုင်း ဆိုခဲ့ရသဗျ။ နောက်ဆုံးတော့
မိမိကိုယ်တိုင်လည်း ကောင်းမလာ ။ တိုင်းပြည်လည်း ကောင်းမလာ ။
မိမိသီချင်း အလုပ်မဖြစ်ပုံများ ပြောပါတယ် ။

မိ ဆိုတာက ဖမ်းဆီးရမိတာ ။ ထိရောက်တာ ။ ထိထိမိမိရှိတာ ။ မွန်အမျိုး
သမီးနာမည်တွေရဲ့ရှေ့မှာ မ မတတ်ဘူး ။ မိလို့ တတ်တယ်။ ဥပမာ မိကွန်
ထော။ (ထူးအိမ်သင်ရဲ့သမီး) ။ မိခင်။ မိကျောင်း။ မိဘ (အမိနဲ့ အဘ) ။ မိ
သားစု။ မိမွေးတိုင်း ဖမွေးတိုင်း ။ ဘယ့်နဲ့ကြောင့် မိနှစ်လုံးပေါင်းလိုက်တဲ့
အခါ ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့ မိမိ ဖြစ်သွားရတယ် မသိ ။ မြန်မာစာ
ကျွမ်းကျင်သူများ ရှင်းပြတော်မူကြပါ ။

ဒီနေရာမှာ မိမိအနေနဲ့ ပြောလိုတာကတော့ ကိုရွှေမန်းကလည်း မိမိ မိမိနဲ့
ဒေါ်ခင်မိမိကလည်း မိမိ မိမိနဲ့ ။ မိမိတွေကို စကားထဲထည့်ပြောတဲ့အလေ့
အထများ မကြာခင်မှာ ခေတ်စားလာလေမလားလို့ မိမိအနေနဲ့ သံသယ
ပွါးနေမိကြောင်းပါ ။ မြန်မာစစ်ဗိုလ်လူထွက်တွေ တမိထဲ မိနေကြသလား
မသိ ။

ကိုရွှေမန်းရဲ့မိမိကို နားဆင်ချင်သပဆိုရင်ဖြင့် ဤနေရာကို နှိပ်တော်မူ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, December 5, 2011

ဘုန်းဘုန်းတို့ပျော်ရာမြေ




















မြန်မာပြည်မှာ ဘုန်းဘုန်းပေါတာ လူတိုင်းအသိ ။ ဘယ်နှစ်ပါးရှိမှန်းတော့
မသိ ။ အစိုးရကတော့ ဘုန်းဘုန်းသန်းခေါင်စာရင်း လုပ်ထားပုံရတယ် ။
မထုတ်ပြန်တော့ မသိရ ။ ဘုန်းဘုန်းမှာလည်း နှစ်မျိုးရှိတယ် ။ အစိုးရစာရင်း
ပေါက် ဘုန်းဘုန်းနဲ့ ။ ဒုလ္လဘဘုန်းဘုန်း ။ အမြဲတန်းဘုန်းဘုန်းနဲ့ ယာယီဘုန်း
ဘုန်းပေါ့ ။ ကိုရင်လေးတွေလည်း အတော်များတယ် ။ လူတရာမှာ ဘယ်နှစ်
ယောက်က ဘုန်းဘုန်းဖြစ်နေသလဲ သိချင်သား ။

မြန်မာပြည်တခွင် လူစည်ကားတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်လိုက်ပြီဆိုရင် ပါ
လာတတ်တာတွေက အရပ်သူအရပ်သားတွေအပြင် ဘုန်းဘုန်း သို့မဟုတ်
ကိုရင် ။ စစ်သား သို့မဟုတ် ခွေးတွေပဲ ။ အလွယ်တကူမြင်တွေ့နိုင်သူတွေမို့
ပေါများတယ်လို့ ဆိုရင် ရနိုင်တယ်။ မယ်သီလရင်တွေလည်း မြန်မာပြည်တခွင်
မနည်းလှဘူး ။ ဆရာလေးတွေရော ၊ ဆရာကြီးတွေရော ၊ သီလရင်ပေါက်စ
လေးတွေရော အရွယ်စုံ ရှိတယ် ။

ဗုဒ္ဓဘာသာ ထွန်းကားရာ တိုင်းပြည်ကိုး ။ ဒီလောက်တော့ ရှိမှာပေါ့ ။ တိဘက်
မှာလည်း ဒီလိုပဲ ။  သီရိလင်္ကာလည်း ဒီလိုပဲ ။ ဘုန်းဘုန်းတွေ အတော်ပေါ ။
သီလရင်တွေလည်း အတော်ပေါ ။ ထိုင်းနဲ့ကမ္ဘောဒီးယားမှာတော့ ဘုန်းဘုန်း
တွေကိုပဲ အတွေ့များတယ် ။ သီလရင်နည်းတာ ဘာကြောင့်ရယ် မသိ ။ အိန္ဒိယ
မှာလည်း ဘုန်းဘုန်းတွေရှိတယ်။ ဗုဒ္ဓဘာသာ စပြီးထွန်းကားတဲ့ အိန္ဒိယမှာ မြန်
မာပြည်လောက် ဘုန်းဘုန်းတွေ မများတော့ဘူး ။ မြန်မာဗုဒ္ဓဘာသာလောကမှာ
အမျိုးသားတွေက ဒုလ္လဘတော့ အနည်းဆုံး တကြိမ်လောက် ခံလိုက်ရမှ ။ သာ
သနာ့ဘောင်မှာပျော်ရင် ပျော်သလောက် နေတတ်ကြတာကိုး ။

အခုဆို ပြည်ပမှာ မြန်မာတွေများလာတော့ မြန်မာဘုန်းဘုန်းတွေလည်း နိုင်ငံ
တကာမှာ အခြေစိုက်လာတာ အတော်များလာပြီ ။ ဘယ်နှစ်ပါးရှိမှန်းတော့
မသိ ။ ပြည်တွင်းမှာ သင်လို့မ၀နိုင်ပဲ နိုင်ငံခြားကို ပညာထွက်သင်ကြတဲ့ ပညာ
ရေးဘုန်းဘုန်းတွေလည်း များလာပြီ ။ လူမှုရေးလုပ်ငန်းတွေလုပ်တဲ့ ဘုန်းဘုန်း
တွေလည်း များလာပြီ။ နိုင်ငံရေးလှုပ်ရှားတဲ့ ဘုန်းဘုန်းတွေလည်း မနည်းဘူး ။

နိုင်ငံရေးအမြင်နဲ့ ဘုန်းဘုန်းတွေများတာကို ဝေဖန်တာတွေ ကြားဖူးတယ် ။ ဘုန်း
ကြီးတွေက ကုန်ထုတ်လုပ်မှု မရှိဘူး ။ အချောင်သမားတွေ ။ ဘာသာရေးဘန်းပြ
ပြီး လူညွန့်ခူးစားသူတွေ ။ လက်ကြောမတင်းသူတွေ၊ တရားကို တကယ်ကျင့်တဲ့
ကိုယ်တော်က နည်းနည်း။ လူတွေနဲ့ရောတဲ့ကိုယ်တော်က များများ စသဖြင့်ပေါ့ ။

စာသင်ကိုယ်တော်တွေရဲ့ဘ၀ကတော့ မလွယ်လှတာ အမှန်ပဲ ။ စာသင်တိုက်
ကြီးတွေ ရောက်ဖူးတယ် ။ ဆွမ်းလည်းခံရသေး ။ စာလည်းကျက်ရသေး ။
မချောင်လှဘူး ။ ဒကာကောင်း နောက်ခံရှိဖို့ကလည်း လိုသေးတယ် ။ ဘုန်းဘုန်း
အများစုက ကျေးလက်ဒေသက ။ ချို့တဲ့ကြတယ် ။ ဘုန်းကြီးဘ၀နဲ့ အောင်မြင်ဖို့
အတော်ကြိုးစားရတယ် ။ စာတတ်ရုံနဲ့ မပြီး ။ အဟောအပြော၊ အနေအထိုင် ၊
အစည်းအရုံး ကောင်းဖို့ကလည်း လိုသေးတယ် ။

၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှားမှုကတော့ အတော်အံ့သြဖို့ကောင်းတယ်လို့ ဆိုရမယ် ။
မြန်မာ့သမိုင်းမှာ ဒီလိုအဖြစ်မျိုး မရှိဘူးထင်တာပဲ ။ မိုးပြင်းတွေရွာနေတဲ့အထဲ
ထောင်နဲ့ချီတဲ့ ဘုန်းဘုန်းတွေ မေတ္တာပို့ရင်း ချီတက်ကြတဲ့ပွဲမျိုးက ကြက်သီးထဖို့
ကောင်းတယ်။ မြင်ရသူတွေ မျက်ရည်ကျရတဲ့အထိ ဖြစ်ခဲ့တယ် ။ အဲဒီတုန်းက ဗုဒ္ဓ
ဘာသာဝင် မဟုတ်သူတွေတောင် ဘုန်းဘုန်းတွေကို ကြည့်ပြီး မျက်ရည်ကျရသတဲ့ ။

အငြင်းပွါးစရာဖြစ်နေတာတခုက မြန်မာပြည်မှာ စေတီပုထိုးတွေလည်း လက်ညှိုး
ထိုး မလွဲ။ ဘုန်းဘုန်းတွေလည်း လက်ညှိုးထိုးမလွဲ ရှိနေပေမဲ့ တတိုင်းပြည်လုံး
ဒုစရိုက်တွေ ဘာကြောင့်ပေါများနေရသလဲ။ အစိုးရကအစ ၀န်ထမ်းတွေအဆုံး ။
တရားသူကြီးကအစ ဈေးသည်နဲ့ ကားစပယ်ယာအဆုံး စရိုက်တွေဘာကြောင့်
ကြမ်းတမ်းနေရသလဲ။ ကိုယ်ကျင့်တရားတွေ စိတ်ပျက်ဖို့ကောင်းအောင် ဆိုးရွား
နေရသလဲဆိုတာပါ ။ ဘာသာရေးအဆုံးအမဆိုတာ မြန်မာလူ့အဖွဲ့အစည်းအတွက်
ဘယ်လောက် ထိရောက်တဲ့ အရာလဲပေါ့ ။

တချို့ကလည်း သုံးသပ်တယ် ။ တိုးတက်ချမ်းသာတဲ့ တိုင်းပြည်တွေမှာ သာသနာ့
ဝန်ထမ်းတွေ နည်းသွားတယ်။ ဒီလိုဖြစ်ရတာကလည်း ပြည်သူတွေက ကိုယ့်အား
ကိုယ်ကိုးပြီး ရပ်တည်နိုင်လာလို့ ။ ကိုယ်တိုင်ယုံကြည်မှု ပိုရလာလို့ ။ ရုပ်ပိုင်းရော
နာမ်ပိုင်းပါ ခိုင်မာလာလို့ သာသနာ့အနွယ်ဝင် သူတော်စင်များ နည်းပါးသွားပါသတဲ့ ။
ဒါကလည်း လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတခုဖြစ်ပါသတဲ့ ။ ဆိုလိုတာက ဆင်းရဲလို့
ဖြစ်ရတဲ့ ကိစ္စတွေထဲမှာ ဘုန်းဘုန်းတွေများနေတာလည်း ပါနေတယ်ဆိုတဲ့သဘော ။

ဟုတ် မဟုတ် ။ ဆွေးနွေးကြပါဦး ။

(ပန်းချီ ၊ မင်းဝေအောင်)

Friday, December 2, 2011

ထစ်ကနဲဆို ရွှေတိဂုံ















ရွှေတိဂုံစေတီဟာ ကမ္ဘာ့အံ့ဖွယ်စေတီတခု မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့အံ့ဖွယ်
စေတီတခုဆိုတာတော့ သေချာပါတယ် ။ ရွှေတောင်ကြီးအလား ကြီးမားထည်ဝါ
တဲ့ စေတီကြီးတဆူပါ ။ ဗုဒ္ဓဘာသာဝင်တွေအတွက် အတော်ရင်ခုန်စရာကောင်း
တဲ့ စေတီကြီးပါပဲ ။ ရွှေတိဂုံကိုဖူးရရင်ပဲ သေပျော်ပါပြီဆိုသူတွေကို တွေ့ဖူးတယ်။

အိမ်နီးချင်းနိုင်ငံတွေထဲမှာ ထိုင်းကဗုဒ္ဓဘာသာဝင်တော်တော်များများက ရွှေတိဂုံ
စေတီကို သိကြတယ်။ သွားချင်ကြတယ်။ သူတို့အတွက်လည်း ရွှေတိဂုံဟာ အံ့ဖွယ်
စေတီတခုပဲ။ ရန်ကုန်မြို့ကိုရောက်လာတဲ့ ဧည့်သည်တွေအတွက်လည်း ရွှေတိဂုံ
ဘုရားက လည်ပတ်ရမယ့်စာရင်းထဲမှာ ထိပ်ဆုံးကပါတယ် ။

ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအတွက် ရွှေတိဂုံစေတီဟာ ဘယ်လိုသဘောရှိမလဲ ။
ကြည့်လို့ကောင်းတဲ့ ပိသုကာလက်ရာမြောက် ဗုဒ္ဓဘာသာ စေတီတခုပဲပေါ့ ။ အား
တဲ့အခါတိုင်း သွားလည်စရာနေရာ တခုတော့ မဟုတ်ဘူး ။ ရန်ကုန်မြို့နေ ဗုဒ္ဓဘာ
သာဝင်တွေအတွက်တော့ အားတဲ့နေ့တွေမှာ ဘုရားတက်မယ်ဟေ့ဆိုပြီး ရွှေတိဂုံ
ကို ရောက်တော့တာပဲ ။

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေမှာလည်း ရွှေတိဂုံက ပြေးမလွတ်
ပါဘူး ။ မြန်မာတို့အတွက် ဂုဏ်ယူစရာ ကိစ္စကြီးတခုပါ ။ မိတ်ဆွေဗမာ ခရစ်ယန်တဦး
က ဧည့်လမ်းညွှန်လုပ်ပါတယ် ။ ရယ်စရာကောင်းတာက ရွှေတိဂုံစေတီသမိုင်း၊ စေတီ
ရဲ့ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်အရုပ်က ဘာသဘော၊ ဘယ်အချိန်ဆိုရင် ဘာ
လုပ်သလဲ စတာတွေကို သာမန်ဗုဒ္ဓဘာသာဝင်တွေထက် ပိုသိနေပါတယ်။ ပုဂံဘုရား
တွေဆိုလည်း ဒီအတိုင်းပဲ ။ အလွယ်တကူ သိချင်ရင် သူ့ကိုမေးရတယ် ။ သူ့အလုပ်
ကိုက ဗုဒ္ဓဘာသာကိစ္စတွေ သိထားမှ လုပ်စားလို့ရမယ့် အဖြစ်ကိုး ။ သူကတော့ ခရစ်
ယန်ဘာသာကို အလေးအနက်ယုံကြည်လှုပ်ရှားသူ တဦးပါ ။

မြန်မာပြည်ကို နိုင်ငံတော်ဧည့်သည်အနေနဲ့ရောက်လာသူတွေကိုလည်း ရွှေတိဂုံစေ
တီ အလည်အပတ်သွားဖို့ မြန်မာအစိုးရက စီစဉ်ပါတယ်။ လောလောဆယ် ဟီလာရီ
ကလင်တန်ပေါ့ ။ သူကလည်း ဘုရားကျောင်းပုံမှန်တက်တဲ့ ခရစ်ယန်အမျိုးသမီးတဦး
ပါ ။ သူ့အရင် မစ္စတာ ဂမ်ဘာရီဆိုတဲ့ မူဆလင်ကြီးလည်း ရွှေတိဂုံဘုရားကို ဖူးခဲ့ရပါ
ပြီ။

သိရသလောက် တခြားနိုင်ငံတွေမှာ နိုင်ငံတော်ဧည့်သည်လာရင် သူတို့ဘုရားတွေ
ဆီ မဖြစ်မနေသွားဖို့ စီစဉ်တာတွေ မရှိပါဘူး ။ မြန်မာအစိုးရခေါင်းဆောင်တွေကို
တခြားနိုင်ငံတွေက ပလီတွေထဲ၊ ခရစ်ယန်ဘုရားကျောင်းတွေထဲ ခေါ်သွားရင် ဘယ်
လိုနေကြမယ်မသိဘူး ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, December 1, 2011

လက်ရှောင် ပေါက်ကောင်ဖွင့်မယ်




















လေးကောင်ဂျင်ဝိုင်းက အရေးတကြီးသတိပေးလိုက်တဲ့ စကားသံပါ။ ထိုးသား
လက်တွေရှုပ်နေရင် ပေါက်ကောင်ဖွင့်တဲ့အခါ အလွဲအချော်ဖြစ်သွားနိုင်တယ်။
အတိမ်းအစောင်း၊ အမှားအယွင်းဖြစ်သွားခဲ့ရင် အငြင်းအခုန်တွေဖြစ်လာနိုင်
တယ်။ အငြင်းအခုန်ကနေတဆင့် အသတ်အပုတ် အထိုးအခုတ်တွေအထိပါ
ရောက်လာလိမ့်မယ်။

ဒီလိုအခြေအနေရောက်လာရင် ၀ိုင်းပျက်မယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ
ကြုံရမယ်။ အဲဒါကြောင့် ပွဲမပျက်စေချင်ရင် အေးအေးနေကြ။ ရုပ်ရုပ် ရုပ်ရုပ်
မလုပ်ကြနဲ့လို့ ပေါက်ကောင်ကိုဖွင့်တော့မယ့်အခါတိုင်း လူအများကြားအောင်
ဒိုင်လုပ်သူက အော်ရတာ။ သတိပေးရတာ။ ဘေးနားက တယောက်တပေါက်
ဝင်ပြောနေသူတွေလည်း တိတ်တိတ်နေကြ။ ရပ်ကြည့်ယုံသက်သက်က ကိစ္စ
ၥမရွိဘူး။ ဆူနေရင် အာရုံပျက်တယ်။ ငြိမ်ငြိမ်သက်သက် အားပေးကြ။

မရိုးမသားလုပ်တာတွေက ဒိုင်ဘက်ကလည်းရှိနိုင်သလို ထိုးသားဘက်ကလည်း
ရှိနိုင်တယ်။ ဒါတွေကို မဖြစ်ရအောင် အာရုံစိုက်နိုင်ဖို့ လက်ရှောင်လို့ အော်တဲ့အသံ
က ထိုးသားအတွက်လည်း အရေးပါတဲ့ အချက်ပေးသံပဲ။ ဘေးကလူတွေကိုလည်း
တိတ်သွားစေတာပေါ့။ ဘေးကလူတွေကြောင့် ၀ိုင်းပျက်တာတွေလည်းရှိတတ်
သေးတယ်။ ဒါပေမဲ့ ရှားပါတယ်။

အစကတည်းက ကိုယ့်မှာ ၀ိုင်းကိုပျက်စေချင်တဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုရင်
တော့ တမျိုးပေါ့။ အဲသလိုဆိုရင်လည်း ရည်ရွယ်ချက်အတိုင်း တကယ်ပျက်အောင်
လုပ်ဖို့လိုလိမ့်မယ်။ မဟုတ်ရင်တော့ သက်သက် ၀င်ဖွတဲ့အဆင့်နဲ့ အလုပ်လည်း
မဖြစ် လူမုန်းလည်းခံရမယ်။ တခါတလေလည်း ဒိုင်ပဲဖြစ်ဖြစ်၊ ထိုးသားပဲဖြစ်ဖြစ်
ရှုံးတဲ့အခါ ပွဲပျက်စေချင်လို့ တမင်စီစဉ်တာတွေလည်း ရှိတတ်သေးတယ်။ တချို့
ပွဲတွေကလည်း ပျက်မှပဲကောင်းတာတွေ ရှိတတ်တယ်။ ပွဲမပျက်ပဲ မရိုးမသားနဲ့
တဘက်ဘက်က အနိုင်ရသွားတာထက် ပွဲပျက်မှ အဖြေမှန်ထွက်သွားတာမျိုး
လည်းရှိတတ်တယ်။

လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ သုံးဆယ့်ခြောက်ကောင် စတဲ့ လောင်းကစား
ဝိုင်းတွေမှာက အကြံနဲ့ကစားတဲ့သူရော၊ ညဏ်နဲ့ကစားတဲ့သူရော၊ အကြံအဖန်နဲ့
ကစားတဲ့သူရော၊ အပျော်သဘောနဲ့ ကံစမ်းချင်တဲ့သူရော အစုံရှိတယ်။ အားလုံးက
လောဘစိတ်ကို အဓိကထားလို့ ဒီလိုဝိုင်းတွေ လူစည်တာပေါ့။ ကိုယ်တိုင်မထိုးပဲ ဘေးကနေကြည့်ရတာတောင် တော်တော်အရသာ ရှိပါတယ်။ ဘောလုံးပွဲလောင်း
သူတွေလိုပေါ့။ လေထိုး လေလျော် အပျော်သဘောလည်း ရပါတယ်။

လောင်းကစားဝိုင်းတွေမှာ လူတွေရဲ့စရိုက်သဘာဝတွေကို ပီပီပြင်ပြင် မြင်ရတတ်
တယ်။ အတွင်းစိတ်တွေ ပေါ်လာတတ်တယ်။ တချို့ကလည်း ကိုယ့်ရဲ့သရုပ်မှန်ကို
မပေါ်အောင် ကျွမ်းကျွမ်းကျင်ကျင် ဖုံးနိုင်တယ်။ ထိုးတဲ့သူကလည်း နိုင်ချင်လို့ထိုး
တာ။ ဒိုင်ကိုင်တဲ့သူကလည်း နိုင်ချင်လို့ ၀ိုင်းထောင်တာ။ ပွဲသိမ်းတဲ့အခါ ဒိုင်ရှုံးတာ
လည်း ရှိတယ်။ ထိုးသားရှုံးတာလည်း ရှိတယ်။ သူမရှုံး ကိုယ်မရှုံးလည်း ရှိတယ်။
အဲဒီအခါ ကစားရတာ အမြတ်လို့ သဘောထားကြသူတွေလည်းရှိတယ်။ နိုင်ချင်
လို့ ကစားတာ မနိုင်ရင် အလကားပဲလို့ မကျေနပ်သူတွေလည်း ရှိတယ်။

ဒီအကြောင်းများ ဘာဆန်းလို့ရေးနေရသလဲ မေးကြလိမ့်မယ်။ ဘာမှ မဆန်းလို့
ရေးရတာလို့ပဲ ဖြေမယ်။ လောင်းကစားဆိုတာ လေးကောင်ဂျင်မှ မဟုတ်ဘူး။
စာမေးပွဲလည်း ဒီသဘောရှိတယ်။ အလုပ်လျှောက်တဲ့အခါလည်း ဒီသဘောရှိ
တယ်။ အိမ်ထောင်ပြုရင်လည်း ဒီသဘော။ နိုင်ငံရေးလည်း ဒီသဘော။ စီးပွါး
ရေးလည်း ဒီသဘော။ ဘာသာရေးမှာတောင် ဟိုဘုရားနဲ့တွက်ချေမကိုက်လို့
ဒီဘုရားကို ပြောင်းပြီး ကိုးကွယ်သူတွေတောင် ရှိသေး မဟုတ်လား။

မြန်မာ့နိုင်ငံရေးလောင်းကစားဝိုင်းမှာလည်း ထိုးတဲ့သူတွေ များလာပြီ။ ဒိုင်က
လည်း မက်လုံးပေးတာ၊ အလျော်အစားလုပ်တာ သွက်လာပြီ။ ဘေးကနေ
စိတ်ဝင်တစားကြည့်သူတွေနဲ့ လူစည်ကားလာပြီ။ ဒီပွဲကို အမှီပြုပြီး စီးပွါးရှာမယ့်
သူတွေလည်း ရှိနေပြီ။ ၀ိုင်းကိုပျက်စေချင်သူတွေလည်း ရှိနေပြီ။ ပြဿနာတတ်
ရင် ဖမ်းဖို့ဆီးဖို့ ရဲကလည်း အသင့်ပြင်ထားပြီ။ ဒိုင်ကလည်း အမြဲတန်းအနိုင်ရတဲ့
ဒိုင်လို့ နာမည်ကြီးတယ်။ ထိုးသားတွေကလည်း ရှိတာတွေပုံအောပြီး ထိုးနေကြ
ပြီ။ ပွဲကတော့ ကောင်းနေပြီ။ ကံကြမ္မာဟာ မှောက်ထားတဲ့ခွက် အောက်ထဲမှာ
ရှိနေလား။ အပြင်ဘက်မှာလား။

အရေးကြီးတာက ပေါက်ကောင်ဖွင့်တော့မယ့်အချိန်မှာ လက်ရှောင်ထားဖို့ပဲ။
ပွဲကိုပျက်အောင် လုပ်မယ့်သူတွေအတွက်တော့ ဒီအချိန်ကိုပဲရွေးပြီး ရှုပ်ဖို့လို
တာပေါ့။ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် လုပ်နေကြတဲ့လောကမှာ ရည်ရွယ်ချက်
အတိုင်းဖြစ်ဖို့ပဲ လိုတာပါ။ ဒို့လောကမှာက အလုပ်မဖြစ်တာတွေ သိပ်များတယ်
မှုတ်လား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, November 23, 2011

ကုန်တင်သင်္ဘော

ဘုရားသခင်နဲ့အပေါင်းအပါတသိုက်က ကောင်းချီးမင်္ဂလာပိုးမွှားရောင်စုံတွေနဲ့
ဘယ်တော့မှ မပြေလည်နိုင်မယ့် လှပမွှေးကြိုင်တဲ့ ပြဿနာတွေကို အသေအချာ
ထုတ်ပိုးပြီး ကမ္ဘာကိုပတ်မယ့် ကုန်တင်သင်္ဘောကြီးတစီးနဲ့ထည့်ပေးလိုက်လို့ ကိုး
ရက်မြောက်တဲ့နေ့ မိုးလင်းလုလုအချိန်မှာ ခဲသားရောင်တိမ်တိုက်တွေနဲ့ အမြဲလိုလို
မှုန်မှိုင်းနေတတ်တဲ့ ကမ္ဘာ့အနောက်ဘက်ခြမ်း ကမ်းခြေမြို့တခုအနားကို ကုန်တင်
သင်္ဘောတဖြည်းဖြည်းချင်း ဆိုက်ကပ်လာခဲ့တယ် ။

အဲဒီမြို့ရဲ့ဆိပ်ကမ်းမှာ အမဲသားကြိုက်တဲ့ဇင်ယော်တွေ၊ ရေချိုးပျင်းတဲ့ ဖျံညိုညိုတွေ၊
ပင်လယ်ဓါးပြအလံလွှင့် အပျော်စီးသင်္ဘောငယ်တွေ၊ သံချေးတက်နေတဲ့တည်းခိုခန်း
တွေ၊ မှိုစော်နံနေတဲ့ ပန်းချီအရောင်းပြခန်းတွေ၊ ပိတ်ထားတဲ့ စွတ်ပြုတ်ဆိုင်တွေနဲ့
မအိပ်ရသေးတဲ့ အဝေးပြေးကားသမားတွေ၊ အိပ်ရေးပျက်နေတဲ့ ပြည့်တန်ဆာတွေ၊ တရွာမပြောင်းသူကောင်းမဖြစ်တွေနဲ့ သေချင်တဲ့ကျား တောပြောင်းတွေဟာ ဘုရား
သခင်ရဲ့ကုန်တင်သင်္ဘောရောက်လာတာကို လုံးဝ သတိမထားမိကြဘူး ။

အဲဒီနေ့ဟာ ကြာသပတေးနေ့ဖြစ်တယ် ။

မှုန်မှိုင်းတဲ့မြို့ရဲ့ ကြာသပတေးနေ့မနက်ခင်းဟာ ထူးထူးခြားခြား မိုးလင်းကတည်းက
နေသာနေလို့ မြို့ရဲ့သတင်းစာတွေက သာယာလှပတဲ့သူတို့မြို့ရဲ့ မနက်ခင်းအကြောင်း
အချပ်ပိုတွေ အလကားဖြန့်ချိနေကြသလို ရုပ်မြင်သံကြားသတင်းတွေမှာလည်း ဒီ
အကြောင်းကိုပဲ မနားတမ်းထုတ်လွှင့်ပြသနေကြာတာကြောင့် မြို့သူမြို့သားတွေက
ထူးခြားလှပတဲ့သူတို့မြို့ရဲ့မနက်ခင်းကို တအံ့တသြနဲ့ငေးမောရင်း ပျော်ရွှင်သာယာ
နေကြတဲ့အချိန်မှာ မြို့ရဲ့ကမ်းနားဘက်ဆီက ကုန်တင်သင်္ဘောရဲ့ဥသြသံဆွဲလိုက်တဲ့
အသံကို ဘယ်သူမှ သတိမထားမိလိုက်ကြဘူး ။

ဒီမြို့ဟာ ကမ္ဘာ့ကုန်သွယ်ရေးမြို့ဖြစ်တယ် ။

ကြာသပတေးနေ့ညနေခင်းမှာပဲ ဘုရားသခင်ရဲ့ ကုန်ပစ္စည်းတွေအားလုံး သင်္ဘော
ပေါ်ကနေတဆင့် ကမ်းခြေမြို့လေးရဲ့ကုန်ပစ္စည်းသိုလှောင်ရုံတွေထဲကို စံနစ်တကျ
ပြောင်းရွှေ့ခဲ့ပြီး တပတ်အတွင်းမှာပဲ ဘုရားသခင်ရဲ့ကုန်ပစ္စည်းတွေ ကမ္ဘာအနှံ့
ဖြန့်ချိခဲ့ကြတယ် ။

နောက်တပတ် ကြာသပတေးနေ့မနက်ခင်းမှာ ဘုရားသခင်ရဲ့ ကုန်တင်သင်္ဘော
မြို့ရဲ့ဆိပ်ကမ်းကနေ ထွက်ခွါသွားခဲ့ပြီး သင်္ဘောပေါ်မှာ ကုန်သတ္တာတွေအပြည့်
ပြန်ပါသွားခဲ့သလို သင်္ဘောထွက်ခွါစဉ်က ဆွဲလိုက်တဲ့ဥသြသံကိုလည်း ဘယ်သူမှ
သတိမထားမိခဲ့ပါဘူး ။

မှုန်မှိုင်းတဲ့မြို့ကလေးမှာ တခါတခါ နေသာတာကလွဲလို့ ဘာမှ အပြောင်းအလဲဖြစ်
မလာခဲ့ပေမဲ့ မကြာခင်လပိုင်းအတွင်းမှာတော့ ဘုရားသခင်နဲ့အပေါင်းအပါတသိုက်
အနိစ္စသဘောနဲ့ ကိစ္စချောသွားကြတဲ့အကြောင်း သတင်းစာတွေရဲ့နာရေးစာမျက်နှာ
တွေမှာပါလာတယ် ။

လူအများစုကတော့ ဒီသတင်းကို သတိမထားမိကြပါဘူး ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, November 21, 2011

တရုတ်ဓါတ်














မနက်ဆို တရုတ်တန်းကို လမ်းလျှောက် ။ ဆံပြုတ်သောက် ။ ဆံပြုတ်ထဲကို အီကြာ
ကွေးထည့် ။ငြုပ်ကောင်းထည့် ။ ဆေးဘဲဥထည့် ။ မြေပဲနဲ့ ကြက်သွန်မိတ်ထည့် ။
ဆံပြုတ်ဆိုင်က ဖွင့်ထားတဲ့ တရုတ်သီချင်းကို နားထောင်။ တရုတ်မကြီးလာချတဲ့
ရေနွေးကြမ်းကို သောက်။  ဟောင်ကောင်လက်ဘက်ရည်အချိုကို သောက် ။ ဆိုင်
ထဲက ကွမ်တုံးတရုတ်တွေပြောတဲ့ အော်ကျယ်အော်ကျယ် စကားတွေကို နားထောင်။
တရုတ်မကြီးကို ပိုက်ဆံပေးရင်း ပြုံးပြ ။ ဆံပြုတ်ဆိုင်ကအထွက် ပလက်ဖေါင်းပေါ်
တရုတ်ကြီးတွေသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှူ ။ ဟိုငေး ဒီငေး လမ်းဆက်လျှောက်။

ဆာမူရိုင်းကေ ညှပ်ထားတဲ့ တရုတ်မ။ လမ်းမတန်းရဲ့ အထဲမှာ ဒီဗီဒီဆိုင်ဖွင့်ထားတယ်။
ရုပ်ဆိုးတယ်ဆိုပေမဲ့ သူ့ဆံပင်ပုံနဲ့ဝတ်ပုံစားပုံကြောင့် ဆွဲဆောင်မှုရှိတယ် ။ ဆာမူရိုင်း
တရုတ်မဆိုင်မှာ ဒီဗီဒီတွေ ဈေးပေါတယ်။ ကိုရီးယား ဇတ်လမ်းတွဲတွေ ။ တရုတ်ဇတ်
လမ်းတွဲတွေ ။ ဟောင်ကောင် ရုပ်ရှင်တွေ ။ အပြာကားတွေ။ ဂျပန်ကားတွေ စုံတယ်
နောက်ဆုံးပေါ် ရာဇ၀င်သိုင်းကား အင်္ဂလိပ်စာတမ်းထိုးနဲ့  လေးခွေဝယ်ခဲ့တယ် ။

လမ်းပေါ်မှာ တရုတ်အဖိုးအိုပေါက်စ ကြိုးနှစ်ချောင်းတပ်တယောကို ပေါင်ပေါ်ထောင်ပြီး
ထိုးနေတယ်။ လက်သံကတော့ ခပ်ညံ့ညံ့ပဲ ။ တရုတ်ကြီးထိုးနေတဲ့သီချင်းက ခရစ္စမတ်
သီချင်း ။ သူ့ရှေ့က ခွက်ထဲမှာ မနက်စောစောပေမဲ့ ငါးဒေါ်လာကျော်နေပြီ ။ အခါကာလ
သမယက ခရစ္စမတ်အချိန်ပေတကား ။ မြန်မာပြည်သင်္ကြန်ကို သတိရမိ ။ သင်္ကြန်မတိုင်
ခင် တလလောက်ကတည်းက သင်္ကြန်သီချင်းတွေ ကြားနေရတတ်တာကိုး ။

အိမ်အပြန်လမ်းမှာ ငါကြိုက်တဲ့ ကော်ဖီဆိုင်ကို ၀င်ထိုင် ။ ကော်ဖီသောက်ရင်း အင်တာ
နက်ထဲဝင် ။ ဟိုကြည့် ဒီကြည့်လုပ် ။ ကမ္ဘာကြီးဘာဖြစ်နေသလဲ ကော်ဖီသောက်ရင်း
လေ့လာ။ ကော်ဖီဆိုင်မှာလည်း ခရစ္စမတ်သီချင်း ။ ဒီဆိုင်မှာ လိင်တူစုံတွဲတွေနဲ့ခွေးမျိုးစုံ
အထိုင်များတယ် ။ ဘလူးစ်သီချင်းကြိုက်သူတွေလည်း ထိုင်တတ်တယ်။

အိမ်ရောက်တဲ့အခါ တရုတ်သိုင်းကားတွေ တကားပြီး တကားထိုင်ကြည့် ။ ဗိုက်ဆာရင်
ထစားလိုက် ။ ငိုက်လာရင် အိပ်လိုက် ။ အပေါ့သွားလိုက် ။ အလေးသွားလိုက် ။ သိုင်း
ကားကို ရပ်လိုက် ။ ကြည့်လိုက် ။ သိုင်းသမားတွေကလည်း ချလိုက် ။ ရပ်လိုက် ။ သေ
လိုက် ။အော်လိုက် ။ ငိုလိုက် ။ ရယ်လိုက် ။ မြှားပစ်တဲ့သူ။ လှံထိုးတဲ့သူ။ လက်သီးအား ကိုး ရှောင်လင်သမား။ လေပျံ ဒါးမယ်။ လက်နက်ပုန်း ဂျွမ်းသမား။ ခြေကန်ကွန်ဖူးသမား။ အတွင်းအားသမား။ အကြောပိတ်မမ။ ၀ါးတောတွေထဲမှာ ပြေးလွှားတိုက်ခိုက်။ တောကြို
တောင်ကြားမှာ ခုတ်လိုက် ထစ်လိုက်။ နန်းတော်ထဲမှာ ခုန်ပျံထိုးကြိတ် ။ လက်သီးစာမိသူ
များ ပါးစပ်ထဲက သွေးထွက် ။ ထိုးခုတ်ပြေးလွှားခုန်ပျံသံ တသောသောညံ ။

ဒီဗီဒီလေးချပ်မှာ ဇတ်လိုက်မင်းသား သုံးဦးသေ။ ဇတ်လိုက်မင်းသမီး နှစ်ဦးသေ။ တဦး
ဒဏ်ရာရ။ ဇတ်လိုက်တဦး လက်တဘက်ပြတ်။ အရပ်သူအရပ်သားတွေ သောင်းနဲ့ချီသေ
ဆုံး။ တရုတ်ပြည်ကြီး နေရာအနှံ့ မီးဟုန်းဟုန်းလောင်။ ညနေစာ မစားခင် ၀ိုင်ကောင်း
ကောင်းတလုံး ထွက်ဝယ်။ ၀ိုင်ရောင်းတဲ့ တရုတ်မကို ပြုံးပြ။ ဒီကနေ့ရာသီဥတုအကြောင်း
ပြော။ ဆိုင်မှာဖွင့်ထားတဲ့ ခရစ္စမတ်သီချင်းကို လိုက်ဆိုရင်း အိမ်ပေါ်တက် ။ မနက်ဖြန်မနက်
ဆံပြုတ်ထွက်သောက်ဖို့။ ဆာမူရိုင်းတရုတ်မနဲ့တွေ့ဖို့။ တရုတ်သိုင်းကား ထပ်ရှာပြီးကြည့်ဖို့
စိတ်ကူးရင်း ၀ိုင်ကို တစိမ့်စိမ့်သောက် ။ ဒီည အိပ်ကောင်းဦးမယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, November 19, 2011

မသိတဲ့သီချင်း
















အပြောင်းအလဲတွေကို ဖန်တီးခဲ့သူ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဘယ်မှာလဲ ။ ဘာတွေ
လုပ်နေလဲ ။ NLD က ရွေးကောက်ပွဲ မ၀င်ရင် ဘာလုပ်ရမှာလဲ ။ ခေါင်းဆောင်တွေ
အိုကြီးအိုမနဲ့  တောခိုရမလား ။ ယူဂျီလုပ်မှာလား ။ ခပ်တည်တည်နဲ့ အူကြောင်
ကျား လုပ်မှာလား ။ မြန်မာ့တပ်မတော်ရဲ့ အစီအစဉ်က ဘာလဲ ။ အာဏာသိမ်းဖို့
စောင့်ကြည့်နေတာလား ။ မြန်မာ့နိုင်ငံရေးမှာ ဆရာကြီးဆက်လုပ်နေမှာလား ။

ဂိမ်းအသစ်ကို ပလေယာအဟောင်းတွေကစားတော့ ပွဲက ကြည့်ကောင်းမှာလား ။
ဂိမ်းကို အသားကျအောင် ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ ။ ကစားနေရင်း
ထသတ်ကြဦးမှာလား။ ပြည်သူတွေက ဂိမ်းအသစ်မှာ ဘယ်လိုဝင်ပါရမှာလဲ ။
လူထုကရော ဂိမ်းအသစ်ကို အလွယ်တကူ ကစားတတ်မှာလား ။

ဘေးပြော၊ အဝေးပြောဆရာသမားများကရော အလုပ်ဖြစ်အောင် ဆရာလုပ်တတ်
ကြပြီလား ။ လူထုအားကို တကယ်ပဲ ယုံကြည်သလား ။ လူထုအားနဲ့  အာဏာရှင်
ဖြုတ်ချရေးလမ်းစဉ် လက်တွေ့မှာ ဆေးတိုးရဲ့လား ။ ဘယ်သူတွေ ဘာဖြစ်ကုန်သလဲ။
ဘယ်သူတွေ ထောလို့ ဘယ်သူတွေ မျောကုန်သလဲ။

အနောက်အုပ်စု၊ တရုတ်၊ အာစီယံ၊ အိန္ဒိယ မြန်မာမြေပေါ်မှာ ဘယ်လောက်အထိ
ခြေရှုပ်ကြမလဲ ။ ဒေါ်စုရဲ့  ဆေးကြိမ်လုံးက ဘယ်လောက်စွမ်းသလဲ ။ နိုင်ငံရေး
အကျဉ်းသားတွေ အကုန်လွတ်ရင် မြန်မာ့နိုင်ငံရေးက ဘယ်လောက် ပြောင်းလာ
မလဲ ။ ကွန်မြူနစ်တွေ၊ လက်ဝဲယိမ်းတွေရဲ့ခေတ်က ရှိသေးလား ။ မြန်မာ့တပ်မ
တော်က ဒေါ်စုကို အလေးပြုတော့မှာလား ။ ဒေါ်စုခေတ် အဖြစ်ခံမှာလား ။

ပြည်တွင်းစစ်က ဒီခေတ်မှာ တကယ်ရပ်မှာလား ။ ဒီမိုကရေစီကို စည်းကမ်းရှိ
အောင် ဘယ်သူက သွန်သင်ဆုံးမမှာလဲ ။ တိုင်းရင်းသားတွေ ဘယ်တော့ ခွဲ
ထွက်ခွင့် ထပ်တောင်းကြမလဲ ။ ဟိုး ရှေးရှေးကအတိုင်း မွန်နိုင်ငံတော်၊ ရခိုင်
နိုင်ငံတော်အိပ်မက်တွေ အခြေအနေ ဘယ်လိုရှိသလဲ ။ တက်ကြွလှုပ်ရှားသူ
တွေ၊ လူ့အခွင့်အရေးသမားတွေ၊ ခွပ်ဒေါင်းတွေ၊ ရှစ်ဆယ့်ရှစ်တွေ ဘယ်လိုအရောင်
ပြောင်းမလဲ။ အရင်အတိုင်းပဲ အလံမလှဲပဲလား။ သေသည်အထိ ဆက်တိုက်ကြ
မလား။

ပြည်ပရောက်များ ဘာလဲ၊ ဘယ်လဲ ။ အမျိုးသားက တကယ်ပဲ ပြန်လည် ရင်ကြား
စေ့မှာလား ။ အလျှော့ အတင်း ။ အငြင်း အခုံ ။ ဒီမိုကရေစီနိုင်ငံရေးပုံစံ တကယ်
ပေါ်လာတော့မှာလား ။ အဆိုးဆုံး ဖြစ်မှာက ဘာလဲ ။ အခြေအနေတွေက အဆိုး
ဆုံးထိ ရောက်နိုင်သလား ။ ဖြေးဖြေး အေးအေး အပြောင်းအလဲလား။ ၀ုန်းဝုန်းဒိုင်း
ဒိုင်း အပြောင်းအလဲလား ။ အီလည်လည် အပြောင်းအလဲလား ။ မအီမလည်
အပြောင်းအလဲလား ။

မသိတာတွေ သိပ်များတယ် ။ ဘယ်သူတွေက ဘယ်လောက် သိနေကြသလဲ ။
ဗေဒင်မမေးနဲ့ ဆန်ကုန်မယ် ။ ဘယ်သူမှ ဘာမှ မသိဘူး ။ သိတယ်လို့ပြောနေတဲ့
သူလည်း မသိဘူး ။ ဘုရားသခင်လည်း မသိဘူး ။ မသိချင်းတရားဟာ လောကကို
ကြီးစိုးတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, November 13, 2011

ရမ်းရေး မှန်းရေး နိုင်ငံရေး














တကယ်တော့ အကုန်လုံး မှန်းတုတ်နေကြတာ။ ဘယ်ဟာက ဘာမှန်း သိ
လှတာ မဟုတ်ဘူး။ ဟုတ်နိုးနိုးနဲ့ သွေးတိုးစမ်းပြီး ကြိုးတန်းလမ်းလျှောက်
ခရီးဆက်နေရတာပါ။ မြန်မာ့နိုင်ငံရေးက အဲသလို။ ဒေါ်စုလည်း ဦးသိန်းစိန်
အကြောင်း သိလှတာ မဟုတ်ဘူး။ ဒကာစိန်ကလည်း ဒေါ်စုအထာသိပ်နား
လည်တာ မဟုတ်ဘူး။

ကာယကံရှင်တွေတောင်မှ စမ်းတ၀ါးဝါးနဲ့ သတိလေးကပ်ပြီး ခရီးဆက်နိုင်
အောင် မနည်းအားထုတ်နေကြရတာပါ။ ဒီအဖြစ်ကိုကြည့်ပြီး အဝေးကနေ
ကမ်းမမြင်လမ်းမမြင် ရမ်းသမ်းပြီး ဝေဖန်ကြသူတွေကလည်း တမှောက်။
သူတို့ကလည်း မမြင်သာ မမြင်တာ အတည်ပေါက်နဲ့ လှမ်းဟောက်လို
ဟောက်။ ငေါက်လို ငေါက်။ ကြိုးတမ်းပေါ်လမ်းလျှောက်ရသူကို ကူညီရာ
မရောက်ပဲ ပြုတ်ကျအောင် လုပ်သလိုဖြစ်နေပြီ။ စေတနာနဲ့အကြံပေးတာ
မျိုးလုပ်ကြပါ။ ပွဲပျက်အောင် မဆူကြပါနဲ့။ အလိုလိုကမှ စစ်တပ်က အာဏာ
သိမ်းချင်နေရတဲ့အထဲ။

ဒကာစိန်မှာ လမ်းပြမြေပုံပါတယ်ဆိုပေမဲ့ မြေပုံပဲပါတာ။ သံလိုက်အိမ်မြှောင်
မပါဘူး။ ဒေါ်စုက သံလိုက်အိမ်မြှောင်တော့ ရှိပါရဲ့ မြေပုံမရှိပြန်ဘူး။ ဘယ်
အချိန် ဘာဖြစ်မယ် သိတာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ စမ်းတ၀ါးဝါးနဲ့
ပူးပေါင်းပြီး ကောင်းအောင် တည်ဆောက်ယူရတဲ့ အရာမျိုးပ။ ဒီလိုနဲ့ စေ့စပ်
ရေး၊ ငြိမ်းချမ်းရေးတွေ လုပ်ယူရတာပ။ ယုံကြည်မှုကို ရအောင် ကြိုးပမ်းရ
တာပ။

ရန်သူအဆင့်ကနေ မိတ်ဆွေဖြစ်ရေး ကြိုးပမ်းနေကြတဲ့ကာလ။ တယောက်
နဲ့ တယောက် ရာနှုန်းပြည့်ယုံကြတာ မဟုတ်ဘူး။ ယုံရတာလည်း မဟုတ်ဘူး။
ဝှက်ဖဲတွေက ဘာတွေမှန်း သိကြတာမဟုတ်ဘူး။ သီချင်းတပုဒ် စပ်သလို။
ဟင်းတခွက် ချက်သလို။ အရသာကောင်းထွက်အောင် သတိလေးထားပြီး
အစပ်အဟပ်ကို ထည့်နေရတာ။ အနုပညာတခုကို ဖန်တီးနေရတာ။ နိုင်ငံ
တော်သစ်တခုကို ထူထောင်ဖို့ ပြင်ဆင်နေရတာ။ ဒီအတွက်ပေးထားရတဲ့
အသက်တွေလည်း သိတဲ့အတိုင်းပဲ။ ပျက်ထားရတဲ့ ဘ၀တွေလည်း သိတဲ့
အတိုင်းပဲ။ မနည်း မနော။

သူတို့တွေက ခေါင်းဆောင်တွေပဲ သူ့အလုပ်သူလုပ်ဆိုပြီး လွှတ်ထားလို့
လည်း မဖြစ်ပြန်ဘူး။ ကိုယ့်အလုပ်က အခုချိန်မှာ ဘာလဲဆိုတာလည်း သိ
ဦးမှ။ အရင်ကတော့ အရင်အခြေအနေတွေအရ “ဆန္ဒ ဆန္ဒ ပြ ပြ” ဆိုပေမဲ့
အခု အခြေအနေအရ အဲဒီသီချင်းပဲ ထဆိုနေလို့ ဖြစ် မဖြစ် စဉ်းစားကြဦး ။
ဟန်ချက်ရဖို့ ကြိုးစားနေချိန်မှာ အာရုံပျက်အောင် မလုပ်မိစေနဲ့။ ကိုယ့်
အလုပ် ကိုယ်သိ။ ပိုကောင်းအောင်လုပ်။ အနှောက်အယှက် မဖြစ်စေနဲ့။

မင်းသမီးနဲ့ မင်းသား နှစ်ပါးသွားကတုန်းမှာ ဆိုင်းသမားကလည်း ကလို့
ကောင်းအောင် တီးပေးနိုင်ပါမှ။ မီးသမားကလည်း ထိုးပေးနိုင်ပါမှ။ အဆို
သမားကလည်း ဟဲပေးနိုင်ပါမှ။ ပရိတ်သတ်ကလည်း လက်ခုတ်တီးပေး
နိုင်ပါမှ။ ဒီလိုလုပ်တဲ့ကြားက စွန်အောင် မကနိုင်ဘူးဆိုရင်တော့ ပြောင်း
ဖူးရိုးနဲ့ ကောက်ထုတာမျိုးတော့ ဖြစ်ကောင်းဖြစ်လာနိုင်သပေါ့လေ။

တရုတ်ကလည်း သူ့အကြံနဲ့သူ။ အမေရိကန်ကလည်း သူ့အကွက်နဲ့သူ။
အာစီယံကလည်း သူအဆင်နဲ့ သူ။ အိန္ဒိယကလည်း သူ့အမြင်နဲ့ သူ။
မြန်မာ့တပ်မတော်ကလည်း သူ့အထာနဲ့သူ။ ဖြစ်လာတဲ့ တေးသွားပေါ်မှာ
ညီညွတ်မျှတ လှပအောင် စမ်းတ၀ါးဝါးနဲ့ကနေကြတယ်။ ဇတ်သိမ်းကို
ဘယ်သူမှ သိတာမဟုတ်ဘူး။ ကိုယ်တွက်သလို ဖြစ် မဖြစ် ဘယ်သူမှ
အပိုင်မသိဘူး။ မြန်မာ့နိုင်ငံရေး ဇတ်ခုံမှာ ရင်ကွဲနာကျခန်းတွေ များလှပြီ။
မိသားစုတွေ ပြန်ဆုံခန်း။ ချစ်ခန်းကြိုက်ခန်း။ သားရွှေအိုးထမ်းခန်းတွေ
မြင်ချင်လှပြီ။

လောလောဆယ်တော့ ရမ်းတုတ်၊ မှန်းတုတ်ချင်း အတူတူ။ ငါပိုသိသဟဲ့
ဆိုပြီး စွာကျယ် စွာကျယ် မလုပ်ကြနဲ့။ စေတနာနဲ့ သတိပေးတယ်ဆိုလည်း
ဖေးဖေးမမလေး လုပ်ကြပါ။ ဖေးဖေးမမလေး စဉ်းစားကြ။ ဖေးဖေးမမလေး
ဆက်ဆံကြ။ နင်ရော ငါရော တတိုင်းပြည်လုံးက အတွင်းလူနာ ဖြစ်နေတာ
ကြာပြီ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, November 12, 2011

အွန်လိုင်းဂိုဏ်းများ




















ပွဲတွေ ကောင်းလာပြီ။ ဂိုဏ်းတွေ ထလာပြီ။ ကြွလာပြီ။ တူရာ တူရာ စု
ကြပြီ။ အုပ်စုဖွဲ့၍ လှုပ်ရှားကြပြီ။ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်
ရောက်ပြီ။ စု၍ ဆဲသူများကတော့ စုဆဲဂိုဏ်း။ စုကာ ကူသူများကတော့
စုကူဂိုဏ်း၊ စုလှူဂိုဏ်း။ စုပြီး ပွါးဖို့ကြံသူများကတော့ စုပွါးဂိုဏ်း။ စု၍
မိုက်ကြသူများက စုမိုက်ဂိုဏ်း။ တချို့က စုပြီး ဖွသည်။ အဲသည်တော့
စုဖွဂိုဏ်း။ ဂိုဏ်းစုံတော့ ကျိုင်းတုံကို သတိရသည်။ ကျိုင်းတုံတွင် စိုင်း
လုံရှိသည်။ သိုင်းခြုံကာပြောရလျှင် ဂိုဏ်းစုံတာ ကောင်း၏။

ဒီမိုကရေစီ အခါသမယကြီးပေကိုး။ ကိုယ်မြင်ရာ၊ ကိုယ်ထင်ရာများကို
လွတ်လပ်စွာ ထုတ်ဖေါ်၍ ပြောကြပေလရော့။ စားသုံးသူ အမြဲမှန်သည့်
ခေတ်။ ပြည်သူ့အသံကို အစိုးရက နာခံရမည့်ခေတ်။ ကမ္ဘာအနှံ့က
ရွှေမြန်မာ ကိုကိုမမများ အွန်လိုင်းသို့တက်ကာ အမြင်များကို ဖေါ်ကြ
သည်။ ထုတ်ကြသည်။ လှုပ်ကြသည်။ ဖဲ့ကြသည် ။ ဖွဲ့ကြသည်။ ဖွကြ
သည်။ တွယ်ကြသည်။ ဆွယ်ကြသည်။ စည်းကမ်းပြည့်ဝသော ဒီမိုက
ရေစီနိုင်ငံတော်သစ်ဆီသို့ အွန်လိုင်းဂိုဏ်းတော်သူ ဂိုဏ်းတော်သားများ
အရှိန်အဟုန်ဖြင့် ခရီးနှင်ကြတော့မည်။ ကြိုနှင့်တော့ ဒီမိုကရေစီ။ ဒို့
ခေတ်ကိုတော့ ရောက်လပြီ။

ဂျိုကုတ်ရှိရာ ဂျိုကုတ်လာ။ ဂျိုထောင်ရှိရာ ဂျိုထောင်သွား။ ဘလော်ဂါ
များလည်း ဂိုဏ်းဖွဲ့ကြသည်။ အွန်လိုင်းတွင် ဂိုဏ်းဖွဲ့ရ အလွန်လွယ်
သည်။ အင်မတန်လွယ်သည်။ ဂိုဏ်းဝင်လွယ်သလို ဂိုဏ်းထွက်လည်း
သိပ်လွယ်သည်။ လွယ်ရုံမက အလကား လုပ်ခွင့်ရသည်။ ထို့ကြောင့်
ဤခေတ်ဤအခါမှာ အခမဲ့အွန်လိုင်းဂိုဏ်းများ အလွန့်အလွန်ကို ပေါ
များသည်။ ငွေပေး၍ လုပ်ရမည်ဆိုပါက ထိုဂိုဏ်းများ ရှိမည် မထင်။

တယောက် တပေါက်တင်မက နှစ်ပေါက် သုံးပေါက် ပြောကြဆိုကြသည်။
အကောင့်အမျိုးမျိုးဖွင့်၍ လှုပ်ရှားကြသည်။ ဘုရားတရားသမားများက
လည်းသူ့တရား ကိုယ့်တရား ဂိုဏ်းဖွဲ့ကာ ပွါးကြသည်။ လိင်တူစုံမက်
သမားများကလည်း လိင်တူရေးရာ အဖြာဖြာ ဘာညာသာရကာ ဖလှယ်
ကြသည်။ ရှယ်ကြသည်။ နိုင်ငံရေးသမား ၊ တော်လှန်ရေးသမား ၊ စာနယ်
ဇင်းသမား ၊ တက်ကြွလှုပ်ရှားသူများ၊ ဟိုဟာကို မကျေနပ်သူများ ၊ ဒီဟာ
ကို မကျေနပ်သူများ ။ အကြိုက်ချင်းတူသည့်အခါ အွန်လိုင်းဂိုဏ်းများ
လူစည်ကားလေသည်။

နည်းပညာလှိုင်းကား အလွန်စီး၍ကောင်းလေသည်။ အင်တာနက်သည်
ဘုရားသခင်ထက် တန်ခိုးထွား၏။ အစိုးရကိုဖါးသူများကလည်း ဖါးဂိုဏ်း
ဖွဲ့ထား၏။ ဘယ်အစိုးရတက်တက် ဆော်မှာပဲဆိုသူများကလည်း ဆော်
ဂိုဏ်းဖွဲ့ကြ၏။ နာမည်ကျော်များကို ထိပ်ပုတ်ခေါင်းပုတ် ပြောဆိုရမှ ဟုတ်
ပြီဟု ထင်သူမျာကလည်း ဟုတ်ဂိုဏ်းဖွဲ့ကြသည်။ ဟိုကျောင်းထွက် ဒီ
ကျောင်းထွက်များကလည်း ကျောင်းဂိုဏ်းဖွဲ့ကြသည်။ လှောင်စရာမြင်၍
လှောင်ချင်သူများကလည်း လှောင်ဂိုဏ်း၊ ပြောင်ဂိုဏ်း။ ဟိုဝါဒ ဒီဝါဒဂိုဏ်း။
ဟိုအရောင် ဒီအရောင်ဂိုဏ်း။ ဟိုလူ့နောက်လိုက်ဂိုဏ်း၊ ဒီလူ့နောက်လိုက်
ဂိုဏ်း။

သပိတ်စုံ၍ သူပုန်ထကြသလို ဂိုဏ်းစုံလျှင် ကျိုင်းတုံသို့ သွားကြမည် ။
လမ်းခရီးတွင် ဒီမိုကရေစီလည်း ကြုံနိုင်သည်။ စစ်အာဏာသိမ်းတာ
လည်းထပ်၍ ကြုံနိုင်သည်။ ဟိုမရောက် ဒီမရောက် အီလည်လည် ဘူ
တာလည်း ဆိုက်နိုင်သည်။ ကိစ္စမရှိပါ။ ဆဲစရာ ဆဲ။ ခွဲစရာ ခွဲ။ တွဲစရာ
တွဲ၍ နွှဲကြမည်။ စည်းကမ်းရှိသော ဒီမိုကရေစီပဲဖြစ်ဖြစ်။ စည်းကမ်းမဲ့
သော ဒီမိုကရေစီပဲဖြစ်ဖြစ်။ ဖြစ်ချင်ရာဖြစ်။ ကျိုင်းတုံကိုတော့ ရောက်မှ
ဖြစ်မည်။ ဂိုဏ်းတွေကတော့ အွန်လိုင်းမှာ စုံစပြုနေပြီ ။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, November 10, 2011

ကြွေတော်မူခြင်း




















လေထဲမှာ သစ်ရွက်တွေ လည်ပတ် လွင့်မျော မြေပြင်ပေါ်ကြွေကျ ။
ဒီဇတ်လမ်းဟာ အဟောင်းကြီး။ န၀ဒေးလည်း လုပ်ပြီးပြီ။ ဘားနပ်
ရှောလည်း လုပ်ပြီးပြီ။ မောင်ချောနွယ်လည်း လုပ်ပြီးပြီ။ စိုင်းခမ်းလိတ်
လည်း လုပ်ပြီးပြီ။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဂီတတွေ၊ ပန်းချီတွေ အများ
ကြီး။ သစ်ရွက်ကြွေတွေ အများကြီး။ ထပ်ပြီးဖွဲ့စရာ နွဲစရာ မလိုတော့ပါ။
ဒါပေမဲ့ အိမ်အပြင်မှာ သစ်ရွက်တွေ တလူးလူး တလွန့်လွန့်နဲ့ကို ကြွေ
လွင့်လို့ နေပါတယ်။

သစ်ရွက်တွေက ရောင်စုံ။ ပုံစံတွေကလည်း မျိုးစုံ။ ကြွေပုံကြွေနည်း
လွင့်ပုံလွင့်နည်းလည်း မတူကြ။ မျက်စိရှေ့မှာတင် တပင်လုံးက
အရွက်တွေ တဖြုတ်ဖြုတ်ကြွေနေပြီ။ အိမ်ရှေ့ကသစ်ပင် အရိုးပေါ်မှာ
အရွက်မဖုံးနိုင်ရှာတော့ဘူး။ သူ့အရွက်တွေအကုန် မြေမှာခ။ အပင်
နဲ့ အရွက်နဲ့ တခြားစီဖြစ်။ မြေပြင်တခုလုံး သစ်ရွက်ဟောင်းတွေနဲ့
ဖုံးကုန်ပေါ့။ ဟိတ်လူ... ဒါ ကဗျာရေးနေတာ မဟုတ်ဘူးနော် ။
သတိထား....သတိထား.....ကဗျာဖြစ်သွားမယ်.... သတိထား။

သစ်ရွက်တွေက ခြောက်တောက်တောက်တွေ ဆိုတော့ကာ ။ လေ
တိုက်တဲ့အခါ သစ်ပင်ရဲ့အသံက တရှဲရှဲမြည်သဗျ။ အရင် အရွက်များ
စိမ်းလန်းစဉ်အခါကတော့ လေတိုက်ရင် တရှီးရှီး မြည်သပေါ့။ တရွှီး
ရွှီးလို့လည်း ပြောရင်ပြော။ သစ်ပင်အသံပြောင်းပုံများ ပြောပါတယ်။
ဒီနေရာကနေ ကြိုတင် ကတိပေးလိုက်ပါတယ်။ ဒီဇတ်လမ်းမှာ မမြဲ
တဲ့ တရားကို စောင်းမြောင်းပြီးတောင် ပြောမှာ မဟုတ်ပါဘူး။

လေအကြိမ် သုံးလေးဆယ်လောက် တိုက်ခဲ့ပြီးသကာလ ငါ့အိမ်ရှေ့က
သစ်ပင်သည် ကတုံးမ ဆံပင်တုချွတ်သကဲ့သို့ ပြောင်သလင်းခါလေသ
တည်း။ ခွေးနှစ်ကောင်နှင့် ခွေးကျောင်းထွက်သူ လူနှစ်ဦး သစ်ရွက်ကြွေ
တွေအကြား မြူးတူးနေကြလေသတည်း။ အရွက်ခြောက်တွေ သိမ်းရ၊
ရှင်းရတာလည်း တဒုက္ခကွဲ့ တကာမလေးရဲ့။

အသားမပါတဲ့ ငါးအရိုးစုတွေလို အရွက်မရှိတဲ့ သစ်ပင်တွေ ဒီအရပ်မှာ
မဲခြောက်ခြောက်နဲ့ ထောင်နေကြတော့မယ်။ အဲ့သဟာ ဆောင်းရဲ့သရုပ်
ပဲ ဒကာမလေးရဲ့ မှတ်ပလား။ အေးတယ်...အေးတယ်နဲ့ အရက်တော့
သောက်ကောင်းဦးတော့မယ် ။ အပူပေးပြီးသောက်ရတဲ့ ဂျပန်ဆာကေး
ကို “အာစကန်” လို့ခေါ်သကွဲ့ တကာမလေးရဲ့။ လေထဲမှာတော့ သစ်
ရွက်ကြွေတွေ မျောနေတုန်းပဲ။

သစ်ရွက်ကြွေများကို မြင်တဲ့အခါ ငါ့ကို သတိရပါလို့ သေတမ်းစာမှာ
ဘယ်သူရေးခဲ့သလဲ။ ကြွေတာကိုက ဝေတာပဲဟေ့လို့ ဘယ်သူကြွေး
ကြော်ခဲ့သလဲ။ သစ်ရွက်ကြွေတာကို ထိုင်လွမ်းပြီး ဘယ်သူငိုခဲ့သလဲ။
သစ်ရွက်ကြွေတွေအကြား တိုက်ခဲ့တဲ့ စစ်ပွဲတွေ။ ထိုးခဲ့တဲ့ ခေါင်းလောင်း
တွေ။ ဆိုခဲ့တဲ့ သီချင်းတွေ။ ရေးခဲ့တဲ့ စာတွေ၊ ကဗျာတွေ။ အကုန်လုံး လုံ
ခြုံအောင် သိမ်းထားပေးပါ။ သစ်ရွက်ခြောက်တွေသိမ်းတဲ့ အမှိုက်ကား
မကြာခင်ရောက်လာပါတော့မယ်။

ဒီ တမနက်တော့ ရွက်ကြွေတောမှာ မျောခဲ့ရပါပြီ တကာမလေးရယ် ။

 (ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, November 8, 2011

ဝိုင်ပုလင်းနှင့်အတူ ကြွရောက်ပါရန်





















ဘုရားသခင်ကို ယုံကြည်သူများ။ စည်းမဲ့ကမ်းမဲ့ လွတ်လပ်လိုသူများ။
နိုင်ငံရေးယောင်ယောင် ၊ ပညာတတ်ယောင်ယောင်၊ သတင်းသမား
ယောင်ယောင်၊ တက်ကြွလှုပ်ရှားသူယောင်ယောင်၊ သူတော်ကောင်း
ယောင်ယောင်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်များ လာစရာ မလို။
သိပ်အေးတဲ့ဆောင်း ရောက်မလာခင် ပျော်ရွှင်စွာ အတူမူးကြဖို့။ ၀ိုင်
ပုလင်းနှင့်အတူ ကြွရောက်ပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

ကမ္ဘာအရပ်ရပ်ကလူများ သယ်ဆောင်လာသည့် ကမ္ဘာအရပ်ရပ်က ၀ိုင်
များကို သောက်ကြမည်။ နိုင်ငံတကာအကြောင်း ကြုံရာပြောကြမည်။
အိုးနင်းခွက်နင်း ကမ္ဘာကြီးအကြောင်း။ ဘန်ကောက်မြို့ထဲ ရေတွေ
အလည်အပါတ် ရောက်လာတဲ့အကြောင်း။ NLDနဲ့ ချိတ်ထမီဝတ်
အစိုးရ နပမ်းလုံးမယ့်အကြောင်း။ မိုဟာမက်အလီကို အလဲထိုးခဲ့သူ
ကင်ဆာလက်ချက်နဲ့ ကွယ်လွန်သွားတဲ့အကြောင်း။ လေဖြတ်သွားတဲ့
ယူရိုငွေအကြောင်း။ တရုတ်မတွေ ကြည့်ကောင်းလာတဲ့ အကြောင်း။

အရှိန်မသေနိုင်တဲ့ အာရပ်နွေဦး။ အလျှော့မပေးသေးတဲ့ ၉၉ ရာခိုင်နှုန်း။
ပန်းသီးရဲ့ အနာဂတ်။ မေမြို့က မက်မန်းဝိုင်။ ဒေါ်စုရုပ်ရှင် အချစ်ဇတ်
လမ်း။ အူကြောင်ကြောင် ကြားဖြတ်ရွေးကောက်ပွဲ။ ရင်ခုန်ဖွယ် ကဒါဖီ
ကျဆုံးခန်း။ အလုပ်မဖြစ်တဲ့ လွှတ်တော်အမတ်များ။ ချောက်လှန့်နေတဲ့
ရာသီဥတုဖေါက်ပြန်မှု။ ဖေါင်းကားလာနေတဲ့ တရုတ်နဂါး။ မျက်စိလည်
နေတဲ့ ပညာရေးစံနစ်။ ပျောက်ဆုံးနေတဲ့ သဘာဝပတ်ဝန်းကျင်။ လူစည်
ကားတဲ့ လိင်တူမင်္ဂလာပွဲများ။

သူယူလာတဲ့ဝိုင် ကိုယ်သောက်။ ကိုယ်သယ်လာတဲ့ဝိုင် သူငုံ။ ကိုယ့်ဝိုင်
အကြောင်း ကိုယ်မိတ်ဆက်။ ဟိုအမြည်းကောက်စား။ ဒီအမြည်းကောက်
ဝါး။ အိမ်သာတက်သူ တက်။ အပေါ့သွားသူ သွား။ ၀ိုင်ဖြူ၊ ၀ိုင်နီ၊ ၀ိုင်အကြည်၊
ဝိုင်အနောက်။ ၀ိုင်ရောင်စုံတန်ခိုးတော်နဲ့ မျက်နှာတွေနီသူ နီ။ အသံတွေ
ကျယ်သူ ကျယ်။ အရယ်သန်သူ သန်။ စီးကရက်ဖွါသူ ဖွါ။ ဆေးပြင်းလိပ်ဖွါ
သူ ဖွါ။ ဆေးခြောက်ရှူသူ ရှူ။ အချင်းချင်းနောက်ပြောင် ကျီစယ်။ ၀ိုင်ပုလင်း
ဖေါက်သံ။ ၀ိုင်ခွက်ချင်း တိုက်သံ။ သီချင်းဆိုသံ။ တီးတိုးပြောသံ။ မျက်စောင်း
ထိုးသံ။ ပြုံးပြသံ။ ပုခုန်းတွန့်သံ။ လက်မထောင်သံ။ နှုတ်ခမ်းစူသံ။ ချွဲသံ နွဲ့
သံ။ ဟိုအသံ ဒီအသံတွေနဲ့ ပျော်ရွှင်ဖွယ် ၀ိုင်ပွဲ။ ဆူဆူညံညံလေးနဲ့ သိမ်းပါ့
မယ်။ ထူးခြားမှုတွေများတဲ့ ဒီနှစ်ကို နှုတ်ဆက်ဖို့။ ဒီဇင်ဘာ မရောက်ခင် ၀ိုင်
ပုလင်းတွေကို ပြင်ထားကြပါလို့။ မိတ်ဆွေများကို ဖိတ်ကြားလိုက်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, November 7, 2011

တိတ်ဆိတ်ခြင်းဖြင့် ကူညီပါ

                                                     
                   


















                              သိပ်ဆူတယ် ။






                            တိုးတိုးပြောကြပါ ။






ဖြစ်နိုင်ရင်              ဘာ         သံ          မှ               မထွက်ပါနဲ့ ။



                           


                                တောင်းပန်ပါတယ် ။





တိုးတိုးပြောသံတွေ များလို့ ဆူညံလာခဲ့ပြီ။ လောကဆိုတာ ဆူညံတတ်
တဲ့အရပ်မှန်း သိပါတယ်။ တိတ်ဆိတ်မှုလည်း ရှိတဲ့အရပ်ပါ။ လိုအပ်လို့
တိတ်ဆိတ်မှုကို တောင်းဆိုနေတာ။ တောင်းဆိုလို့ မရရင် တိုက်ယူရ
မှာလား။ တိတ်ဆိတ်မှုအတွက် တိုက်ပွဲဝင်ရဦးမှာလား။

တချို့တွေက တိတ်ဆိတ်တာကို မခံနိုင်ကြဘူး။ တိတ်ဆိတ်တာကို
ကြောက်စရာ၊ လန့်စရာလို့ သတ်မှတ်တယ်။ တိတ်ဆိတ်ခြင်းသည်
အကျယ်လောင်ဆုံး အသံလို့ ဆိုတယ်။ တိတ်ဆိတ်မှုကြောင့်ပဲ စိတ်
တွေ ချောက်ခြား လွင့်ပါးခဲ့ရတယ်။ တိတ်ဆိတ်မှုကြောင့်ပဲ ရူးသွပ်ခဲ့ရ
သူတွေ တကယ်ရှိတယ်။ သူတို့တွေအတွက် အသံတွေ လိုတယ်။
စကားပြောဖေါ်တွေ လိုတယ်။ သူတို့ကိုရှာပြီး စကားတွေ သွားပြော
ပေးကြပါ။ သူတို့နားမှာ သွားဆူကြ ။

တရားရိပ်သာ မဟုတ်ပါ။ ဒါပေမဲ့ တိတ်တိတ်လေး နေပေးပါ။ သိပ်ဆူ
တယ်။  ကျောပူတာကိုပဲ ခံမယ်။ နားပူတာတော့ မခံနိုင်ဘူး။ ဟိုဟာ
မကြိုက်ဘူး။ ဒီဟာ မကြိုက်ဘူး။ ဟင်းရည် နည်းနည်းလောက်။ သပိတ်
သပိတ်မှောက် မှောက် ။ ဆူးလေကို ဆူးလေကို။ ရှေ့ကလူတွေ ထိုင်
ပေးကြပါ။ လာထား လာထား ကုန်တော့မယ် ကုန်တော့မယ်။ ကျမကို
မထိနဲ့။ သောတရှင်များခင်ဗျား ။ မသိဘူး မသိဘူး။ လိုချင်ရင် ထပ်လျှော့
ပေးမယ်လေ။ ကလေးကို တယောက်ထဲပစ်မထားနဲ့။ သမီးကို ခွင့်လွှတ်
ပါ အမေ။ သဘာပတိကြီးခင်ဗျား။ ဟီးဟီး ဟားဟား။ ကျန်းမာပါစေရှင်။
ရဲတွေရောက်လာပြီ။ နှမချင်းစာနာပါ။ ဟိတ်ကောင်။ မီးပျက်သွားပြီ။
တော်ပါတော့ဗျို့။ ကျနော်တို့ကို မသတ်ပါနဲ့။ ဒို့အရေး ဒို့အရေး။ လေဒီးစ်
အန် ဂျန်းတလ်မင်း။ သနားကြပါ။ ပြည်သူ့သဘောထား။ စည်းကမ်းရှိပါ
စည်းကမ်းရှိပါ။ ဟိုဟာလေ ဟိုဟာ။ ရရင် ရ ၊ မရရင် ချ။ ပြေး....ပြေး ။
ကျေးဇူးပဲနော် ။ အဲဒါ ငါ့ဟာ။ ဟလို...ဟလို..။ သေတော့မှာပဲ။ ငါ့လခွီး ။

ကြားနေရတဲ့ အသံတွေ။ နားထဲကို အသံတွေရောက်လာတာ မဟုတ်။
စိတ်ထဲမှာ ကြားနေရတာ။ အသံဆိုတာ စိတ်နဲ့လည်းနားထောင်လို့ ရ
တယ်။ စိတ်က အသံတွေကို ဖမ်းထားတယ်။ စိတ်အသံဖမ်းစက်ကို
ဘယ်သူ ဖွင့်တာလဲ။ ဆူတယ် ။ ဆူတယ် ။ ဆူလွန်းတယ် ။

မလိုအပ်ပဲ စကားကို အကျယ်ကြီး မပြောကြပါနဲ့။  စိတ်အေးအေးထား
ပါ။ စိတ်ကောင်းကောင်း မထားနိုင်ရင်တောင် စိတ်အေးအေးထားနိုင်ဖို့
ကြိုးစားကြပါ။ ကိုယ့်ပတ်ဝန်းကျင်ကို အေးအေးဆေးဆေးဖြစ်အောင်
တိတ်တိတ်ဆိတ်ဆိတ် နေပေးပါ။ အွန်လိုင်းမှာလည်း ဆူညံနေတာပဲ။
အပိုတွေ သိပ်မပြောကြပါနဲ့။ အပေါ်ယံတွေ ထားလိုက်ပါ။ တိတ်ဆိတ်
ခြင်းရဲ့အရသာကို အေးအေးဆေးဆေး မြည်းရအောင် ။

အပူလောင်သူလို ပြာပြာသလဲ အသံတွေ ထွက်မနေကြပါနဲ့။ ဘ၀တွေ
ပျက်ကုန်ကြပြီလား။ နားအေးပါးအေး မကြိုက်ဘူးလား။ တိတ်ဆိတ်
ငြိမ်းချမ်းအောင် ဘယ်လောက် နေထိုင်တတ်သလဲဆိုတာ ပတ်ဝန်းကျင်
ကို ပြသပါ။ ထိုအရာကို ယဉ်ကျေးခြင်းဟုခေါ်သော် ရ၏။ အနုပညာဟု
ခေါ်သော် ရ၏။ ငြိမ်းချမ်းခြင်းဟုခေါ်သော် ရ၏။ မိတ်ဆွေ...တိတ်ဆိတ်
ခြင်းဖြင့် ကူညီပါ။ ကျေးဇူး အထူးတင်ပါသည် ။ တိတ်တိတ်နေစမ်းပါ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, November 3, 2011

ဒီစာကိုဖတ်ပြီး ဖျက်ဆီးပြစ်ပါ
















အသံတွေ ကြားနေတယ်။ အနံ့တွေ ရနေတယ်။ ဘာသံတွေလဲ။ ဘာနံ့
တွေလဲ။ နေပြည်တော်ကလား။ အစိုးရဧည့်ဂေဟာကလား။ အမေရိကန်
သံရုံးကလား။ တက္ကသိုလ်ရိပ်သာလမ်းကလား။ အားလုံးဟာ မသဲကွဲ။
အသံတွေလည်း ထွက်နေဆဲ။ အနံ့တွေလည်း ရနေဆဲ။

အခုရက်ပိုင်းတွေမှာ သံတမန်တွေ ခြေချင်းလိမ်နေပေါ့။ လွန်းပျံခရီး
နှင်လို နှင်။ သူ့ထက်ငါ အရင်ဦးအောင် နေရာလုတဲ့သူက လု။ ဂျာနယ်
တွေ အရောင်းသွက်။ လက်ဘက်ရည်ဆိုင်ဆွေးနွေးခန်းတွေ အသံပို
ကျယ်လာ။ ဘီယာဆိုင်အငြင်းအခုန်တွေ ပိုများလာ။ လက်ရှောင် ။
ပေါက်ကောင်ဖွင့်တော့မယ်တဲ့။ အုပ်ထားတဲ့ ခွက်အောက်မှာ။ ပွင့်နေ
တာ ဘာလဲ။ မြွေလား။ ဖါးလား။ ကြက်လား ။ ၀က်လား။ မကြာမီ
မျှော်။ ပေါ်တော့မယ်တဲ့။

အတိတ်စိမ်းတွေကလည်း မျိုးစုံ။ ဘိုးတော်ရဲ့အိပ်မက်နိမိတ်။ ဘုန်းကြီး
ပေးတဲ့ အတိတ်။ အကြားအမြင်သမားရဲ့ အဟော။ နေပြည်တော်က
လာတဲ့ တိုးတိုးစကား။ “အန်တိ” နားကလာတဲ့ #@!% စကား။ ဂျာနယ်
ဆရာကြီးရဲ့ ဟောစာတမ်း။ ပြည်ပရေဒီယိုရဲ့ အမှန်းအသန်း။ ၀ါရင့်ပုဂ္ဂိုလ်
ကြီးများရဲ့အတွက်အချက်။ အငြိမ်းစား ကိုရွှေထောက်လှန်းရေးရဲ့ အမှန်း
အဆ။ ကွန်မြူနစ်ဗေဒင်။ ရွှေဝါရောင် အာရုံ။ ယူဂျီသတင်း။ စုံလို့။ စုံလို့ ။

အောက်ပါ နမူနာပုံစံများကိုကြည့်၍ စိတ်လာရာကို ရွေးပါလေ။

(က)

NLD ရွေးကောက်ပွဲ ၀င်
လွှတ်တော်မှာ ကြံဖွတ်နီးပါး နေရာရ
ဒေါ်စု ဒုသမ္မတဖြစ်
နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်
အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်း
အာစီယံ ဥက္ကဌဖြစ်
တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်ရပ်၊ ဆွေးနွေး
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေး နှေးနှေးကွေးကွေး တိုးတက်

(ခ)

NLD ရွေးကောက်ပွဲ မ၀င်
ဒေါ်စု ကန့်သတ်ချုပ်ချယ်ခံရ
နိုင်ငံရေးအကျဉ်းသားတွေ ပြန်မလွတ်
အနောက်နိုင်ငံတွေ စိတ်ဆိုး
ဆန္ဒပြမှုနဲ့ ဖမ်းဆီးမှုတွေဖြစ်
အာစီယံဥက္ကဌဖြစ်
တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်မရပ်၊ ဆွေးနွေး
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေး တိုးတက်မှု အလွန်နှေးကွေး

(ဂ)

NLD နှစ်ခြမ်းကွဲ
ရွေးကောက်ပွဲ ၀င်သူ ၀င်၊ ထွက်သူ ထွက်
ဦးသိန်းစိန် အာဏာပိုပြ
ဒေါ်စု အဝေဖန်ပိုခံရ
လွှတ်တော်မှာ အိပ်ငိုက်သူပိုများ
အစိုးရနဲ့ပေါင်းသူ ချမ်းသာ
ဆိုရှယ်လစ်ပုံစံအတိုင်း ခရီးဆက်
တိုင်းရင်းသားအုပ်စုတွေနဲ့  အပစ်မရပ်၊ ဆွေးနွေး
အာစီယံဥက္ကဌဖြစ်
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေးတိုးတက်မှု..........

(ဃ)

အစိုးရနဲ့ ဒေါ်စု တွေ့တချက် ၊ မတွေ့တချက်
၂၀၁၅ကို ဆက်မျှော်လင့်
လွှတ်တော်သတင်း ပျင်းဖို့ကောင်း
ခေါင်းပေါင်းတွေ အရောင်းမကျ
မြန်မာ့အရေး အနောက်နိုင်ငံတွေ နှစ်ခြမ်းကွဲ
တိုင်းရင်းသားအုပ်စုတွေနဲ့  အပစ်မရပ်၊ ဆွေးနွေး 
အာစီယံဥက္ကဌဖြစ်
စီးပွါးရေး ဟုတ်နိုးနိုး
နိုင်ငံရေးတိုးတက်မှု ............

(င)

NLD ရွေးကောက်ပွဲဝင်
ဒေါ်စု မပါ
အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်စုကြိုးပမ်း
ဦးသိန်းစိန်သဘောတူ
တတိုင်းပြည်လုံး အပစ်ရပ်
နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်
ပြည်တွင်းစစ်အဆုံးသတ်
အာစီယံဥက္ကဌဖြစ်
တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာ
၂၀၁၅ရွေးကောက်ပွဲ အလားအလာကောင်း
စီးပွါးရေးတိုးတက်မှု ဟုတ်တုတ်တုတ်
နိုင်ငံရေးတိုးတက်မှု အတော်ဟုတ်

(စ)

စစ်တပ်က အာဏာသိမ်း
အားလုံး ကိစ္စပြတ်
ပုံမှန်အခြေအနေပြန်ရောက် ။

အထက်ပါ အတိတ်နိမိတ်များသည် အတိတ်နိမိတ်များသာဖြစ်သည် ။
သင်၏ စိတ်အာရုံနှင့် နီးစပ်သည်ကို ရွေးချယ်၍ သတင်းစာများ၌
မကြာမီ ပါလာလတ္တံ့သော သတင်းများကို ဖတ်ရှုကြပါကုန်။ အတိတ်
စိမ်းများ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ။ “အပျော်ပေါ့လေ”ဟု
သဘောထားကြပါရန် ။ ပုံ ၊ ဂေါပကအဖွဲ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, November 1, 2011

စာ
















သို့
နန်စီ
ကဗျာအပုဒ်ရေ ခုနှစ်သောင်း
လှမောင်နှင့် ထည့်ပေးလိုက်သည် ။

ထွေလီကာလီ
အီစီကလီ
မထီတရီကဗျာများလည်းပါမည် ။

တောင်တောင်အီအီ
ကြောင်ကြောင်စီစီ
ပုပ်အဲ့အဲ့ကဗျာများလည်းပါမည် ။

ပေမမီ ဒေါက်မမီ
ဗုံမဟုတ် ပတ်မမည်
ကဗျာနဲ့တူရင်ပြီးရော
ရေရောထားသောကဗျာများလည်းပါမည် ။

ကဗျာငစနူ
ငြူစူစူ
အူတူတူကဗျာများလည်းပါမည် ။

ကလူ၏သို့ မြူ၏သို့
ညှီစို့စို့ကဗျာတွေလည်းပါမည် ။

နင့်သားသမီးများ နေကောင်းလား
ငါ့သားသမီးများ နေကောင်းသည် ။

နင်ကြိုက်တဲ့ စာသားများနဲ့
ကဗျာပါးပါးလေးတွေ
မီးဖုတ်ပေးလိုက်သည် ။

နင်မှာထားတဲ့
ကဗျာအလုံးတွေလည်း
အိမ်ရှေ့အပင်မှာ မှည့်နေတုန်း
ခူးထည့်ပေးလိုက်သည် ။

နင့်ယောက်ျားအကြိုက်
ကဗျာပူပူ
ဖင်စူစူလေးတွေလည်း
ဆီစိမ်ပြီး ပေးလိုက်သည် ။

နင့်ကလေးများအတွက်
ကဗျာတွေကို ဆားနဲ့နယ်
အခြောက်လှန်း
ငြုပ်ဆီဖြန်းလို့
ကဗျာခြောက်စပ်
ကြပ်တိုက်ပေးလိုက်သည် ။

နင့်အမေစားဖို့
ဝါးစရာမလို
ကဗျာအမှုန့်ထောင်းများလည်းပါသည် ။

လွန်ခဲ့တဲ့ နှစ်က
ငါတို့မြို့မှာ ကဗျာခေါင်၏ ။

ဆရာတော်တွေ ပင့်ဖိတ်ပြီး
ကဗျာသုတ်တွေရွတ်ရ၏ ။

မြို့ခံတွေအားလုံး
ကဗျာဓါတ်စာ
ထပ်တရာတွေ စားရ၏ ။

မြို့သူတွေအားလုံး
ကဗျာလွတ် ကရ၏ ။

မြို့သားတွေအားလုံး
ကဗျာနပမ်း လုံးရ၏ ။

ဒီနှစ်တော့
ကဗျာတွေ ပုံမှန်ပြန်ရပြီ ။

တချို့တွေ အပျော်လွန်ပြီး
ကဗျာတွေအမူးသောက်လို့
ကဗျာဖေါ ဖေါနေကြပြီ ။

ကဲ
နန်စီ
ငါ့စာ ဒီမှာ ဆုံးတော့မည် ။

နင်တို့မြို့ထွက် ကဗျာရှည်တွေ
ကဗျာအပေအတေတွေ
ကဗျာစို၊ ကဗျာတို၊ ကဗျာချိုတွေ
ကဗျာပြင်းပြင်း၊ သင်းသင်းတွေ
ခေတ်ပေါ်ကဗျာ
ခေတ်အောက်ကဗျာတွေ
ခေတ်လွန်ကဗျာ
ခေတ်မွှန်ကဗျာတွေ
လူကြုံရှိရင်
ငါဆီ ပို့ဦးလေ ။

နန်စီနဲ့ မိသားစု
ကျန်းမာပါစေ
ချမ်းသာပါစေ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, October 31, 2011

ဘာလိုလိုနဲ့

ဘာလိုလိုနဲ့ သတင်းကျွတ်ခဲ့ပြီ။ အေးမယ့်ဆောင်းလည်း ရောက်လာပြီ။
ဘာလိုလိုနဲ့ ချစ်တယ်လို့ပြောပြီး သူ့ကိုထားခဲ့တာ ရာသီနှစ်ဆယ်ရှိခဲ့ပြီ။
ချစ်ပါတယ်ဆိုပြီး ငါ့ကိုထားခဲ့တာလည်း ဘာလိုလိုနဲ့ နှစ်ပေါင်းနှစ်ဆယ်
ကျော်ခဲ့ပြီ။ ဘာလိုလိုနဲ့ တရုတ်ရေကာတာတွေ မြန်မာမြစ်တွေမှာ များ
လာပြီ။ ဧရာဝတီထကြွမှုလည်း ဘာလိုလိုနဲ့ တန်းလန်းကြီးရပ်နေပြီ။ ငဒို့
ရဲ့ ကောက်ရိုးမီးတွေလည်း တောက်ပြီး ငြိမ်းပြန်ပြီ။ ဘာလိုလိုနဲ့ ခွပ်ဒေါင်း
နဲ့ ကြယ်အလံလည်း နေပြည်တော်မှာ လွှင့်တော့မည်။

ဘာလိုလိုနဲ့ ဆံပင်တချို့ ဖြူလာပြီ။ မင်္ဂလာလက်စွပ်လည်း ဟောင်းလာပြီ။
ဟန်ဆောင်တာလည်း ဘာလိုလိုနဲ့ ကျွမ်းလာပြီ။ လိမ်ပြောတာကို အမှန်လို့
ယုံလာပြီ။ ဘာလိုလိုနဲ့ အရာရှိကို ဖါးတတ်ပြီ။ အကြွေးရအောင် ချူတတ်ပြီ။
ဘုရားသခင်ကိုလည်း အရက်ညာတိုက်တတ်လာပြီ။ ဘာလိုလိုနဲ့ ဘူဘူချင်း
တစ်လုပ်။ ဘူးဆိုပြီး ဖရုံသီးတတ်ပြီ။

အများပိုင်ပစ္စည်းကိုလည်း ဂုဏ်သိက္ခာရှိရှိ ခိုးဝှက်တတ်လာပြီ။ ဘာလိုလိုနဲ့
မင်းကိုနိုင်တို့လည်း ထောင်သက်ရှည်လှပြီ။ ဘာလိုလိုနဲ့ တော်လှန်ရေးလည်း
အညောင်းမိလာပြီ။ ဆရာတော်ဘုရားလည်း ဟောရင်းနဲ့ ပျံတော်မူသွားပြီ။
ဘာလိုလိုနဲ့ အချင်းချင်းဆော်တဲ့နေရာမှာ တော်လာပြီ။ ဘာလိုလိုနဲ့ ကျနော်
က သတင်းသမားပါလို့ အရှက်မရှိ ပြောတတ်ပြီ။ ဘာလိုလိုနဲ့ နေပြည်တော်
ကို ဦးခိုက်ကြလေပြီ။

ဘာလိုလိုနဲ့ သူခိုးပြေးမှ ထိုးကွင်းထတတ်ပြီ။ ကျိန်ဆဲခြင်းအတတ် တဖက်
ကမ်းခပ်ခဲ့ပြီ။ ဘာလိုလိုနဲ့ သူမလာတာ သုံးလေးငါးရက် ကြာလေပြီ။ ဂျပန်
စကားတွေ ဘာလိုလိုနဲ့ မေ့ကုန်ပြီ။ ဘာလိုလိုနဲ့ တရုတ်စကားတွေ တတ်လာ
ပြီ။ ဘာလိုလိုနဲ့ အင်တာနက်မှာ စိမ်တာ ချက်တာတွေများလာပြီ။ အွန်လိုင်း
ဘ၀ထူထောင်ရေးမှာ တကယ်မခင်တဲ့ သူငယ်ချင်းတွေ ဘာလိုလိုနဲ့ ရာနဲ့ချီရှိ
လာပြီ။ ဘာလိုလိုနဲ့ ဟိုကောင့်သမီးလည်း အပျိုဖြစ်လာပြီ။ ဘာလိုလိုနဲ့ နာဂစ်
နဲ့ဒီပဲရင်းတောင် မေ့တေ့တေ့ဖြစ်လာပြီ။ ဘာလိုလိုနဲ့ အာဏာရှင်အောက်
နေသားကျလာပြီ။ ငါ့လှေငါထိုးလို့ ဘာလိုလိုနဲ့ ပဲခူးတောင်ရောက်ခဲ့ပြီ။

ဘာလိုလိုနဲ့ ဒီမှာပဲ ရပ်လိုက်တော့မယ်။ ဘာလိုလိုနဲ့ ဘာကိုမှ မယုံကြပါနဲ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, October 27, 2011

အရက်ချို အချစ်ခါး
















အသဲကွဲပြီလို့ မထင်လိုက်ပါနဲ့ ။ မကွဲရေးချ မကွဲ။ ၀စ္စနှစ်လုံးပေါက်လည်း
မကွဲ။ အရက်မူးနေပြီလို့ထင်နေလား။ အဲဒါလည်း မဟုတ်။ ၀စ္စနှစ်လုံးပေါက်
မဟုတ်။

“အခါးဆုံးအရက်ကို မိတ်ဆွေလုပ်မယ်
ချိုပါတယ်...
ဒါဟာ မင်းထက် သိပ်ချိုတယ်”

ကိုလေးလွင်ရဲ့သီချင်း။ ပလေးဘွိုင်သန်းနိုင် ဆိုတယ်။ ကော်ပီပေါ့။ တချိန်က
သိပ်ကို နာမည်ကြီးခဲ့တယ်။ အရက်မူးလည်း ဆိုတယ်။ မမူးလည်း ဆိုတယ်။
အသဲကွဲလည်း ဆိုတယ်။ မကွဲလည်း ဆိုတယ်။

“မင်းကို မျှော်လင့်လို့
ဒါဟာ ကိုယ့်အမှားပေါ့ အချစ်လေး
အပြာရောင် သွေးစက်များ...
သေရည်ဖြူထက် မင်းပိုခါး”

ငါ့ရဲ့မေမြို့ညများ။ အရက်ကလေး တထွေထွေ။ ဆေးလိပ်လေး တဖွါဖွါ။
သူငယ်ချင်းကို ပုခုန်းဖက်။ ပျော်ရွှင်ဖွယ် ဒယိမ်းဒယိုင်ညတွေမှာ အရက်ချို
အချစ်ခါးသီချင်းဟာ ပူနေတဲ့သွေးကို ဆူစေတယ်။ ပျော်စရာညတွေကို ပိုပြီး
ထကြွလှပ စေတယ်။ အမူးသမားအသံနဲ့ သူငယ်ချင်းတွေ သံပြိုင်အော်။

“ ဒီမှာ ပိုမူးပေါ့ အချစ်လေး
သေရည်ဖြူထက် မင်းပိုပြင်းတယ်”

သိပ်ဆိုလို့ကောင်းတဲ့ သီချင်းပါ။ အထူးသဖြင့် အရက်မူးတဲ့အခါ သိပ်ပြီး
အရသာ ရှိပါတယ်။ မယုံရင် စမ်းကြည့်ပါ။ ညပိုင်းမှာ လမ်းသလားရင်း
အော်ဆိုဖို့ အထူးသင့်တော်ပါတယ်။

“နှလုံးသားအိမ်မှာ ပူတယ်
ဆောင်းနှင်းဖြူ ဝေးတယ်
အခါးဆုံးအရက်ကို မိတ်ဆွေလုပ်မယ်
ချိုပါတယ်....
ဒါဟာ မင်းထက် သိပ်ချိုတယ်”

အခုတော့ ရှေးသီချင်းလေးဖြစ်ရပေါ့ ။ ဒီနေ့ခေတ်မြန်မာလူငယ်တွေ အရက်
မူးတဲ့အခါ ဘယ်သီချင်းနဲ့များ ပေါက်ကွဲနေကြပါလိမ့်။ အလေးအနက်ထားရတဲ့
သီချင်းရေးသမားကြီး ကိုလေးလွင်။ သူလည်း အရက်သိပ်ကြိုက်သတဲ့။ ဒီသီချင်း
ကို အရက်ကလေး တထွေထွေနဲ့များ ရေးခဲ့လေသလား ။ အရက်ချို အချစ်ခါး။
ဖန်ခွက်ချင်း တိုက်လိုက်ပါတယ် ခင်ဗျား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 25, 2011

ရွှေရောင်ပစ္စတို




















ရွှေရောင်ပစ္စတို ဘယ်မှာလဲ။ ရွှေရောင်ပစ္စတိုရဲ့ ပိုင်ရှင် ဘယ်မှာလဲ။ လစ်ဗျား
မှာ သူပုန်တွေက အစိုးရဖြစ်ပြီ။ အရင်အစိုးရက သူပုန်လုံးလုံးဖြစ်ချေပေါ့။
ကဒါဖီ ဘယ်မလဲ။ မရ ရအောင်ရှာကြ။ အသေရရ ၊ အရှင်ရရ။ နေ့နေ့ ညည။
မနားမနေ ရှာကြ။ ဖွေကြ။ လိုက်ကြ။ တိုက်ကြ။ ရွှေရောင်ပစ္စတိုကို ရအောင်
ရှာကြ။

ကဒါဖီ ပြေးနေတယ်။ ရှောင်နေတယ်။ ပုန်းနေတယ်။ အောင်းနေတယ်။ ကဒါ
ဖီ ပြေးရှောင်ပုန်းအောင်းနေခဲ့တယ်။ ကဒါဖီနဲ့အပေါင်းအပါတွေ ထွက်ပြေးတိမ်း
ရှောင်ပုန်းအောင်းပြီး ခြေရာဖျောက်ခဲ့ကြတယ်။ တိုင်းပြည်ခေါင်းဆောင် ကဒါဖီ
သူအမိန့်ပေးခဲ့တဲ့ တိုင်းပြည်ထဲမှာ ၀ရမ်းပြေးကြီးဖြစ်ခဲ့ပေါ့။

လစ်ဗျားမှာ လူတိုင်းသူပုန်ဖြစ်ချင်တယ်။ ကဒါဖီကို ရအောင်ရှာချင်တယ်။ ဆု
ငွေထုတ်စရာ မလိုဘူး။ ဆုငွေပေးစရာ မလိုဘူး။ ရွှေရောင်ပစ္စတိုကိုပဲ လိုချင်
တယ်။ သူပုန်တွေရဲ့ အမဲလိုက်ခန်း။ ကဒါဖီတယောက် သားကောင်ကြီးလုံး
လုံးဖြစ်ချေပေါ့။ ပြည်သူ့အချစ်တော် လစ်ဗျားသူပုန်တွေ နိုင်ငံအနှံ့တောနင်း။
မြေလှန်။ ခြေရာကောက်။ အနှံ့ခံ။ ကဒါဖီ ဘယ်မလဲ။ ဒီကြွက်စုတ် ဘယ်မလဲ။
ရွှေရောင်ပစ္စတို ဘယ်မလဲ။

ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ကဒါဖီ။ ခွေးသေ၀က်သေ သေခဲ့ရပြီ။ မြောင်းပေါက်
ထဲက ဆွဲထုတ်။ လူအုပ်ကြီးလက်ချက်နဲ့ အသက်ထွက်။ အသားရောင်းတဲ့ဆိုင်
မှာ အသားတုံးတခုလို ပြသထား။ ဗိုလ်မှုးကြီး ကဒါဖီ။ ခေါင်းဆောင်ကြီး ကဒါဖီ။
ရွှေရောင်ပစ္စတိုပိုင်ရှင် ကဒါဖီ။ ကြွက်စုတ် ကဒါဖီ။ အာဏာရူး ကဒါဖီ။ ပြီးသွားပြီ။

ရှစ်လလောက်ကြာတဲ့ လစ်ဗျားဇတ်ကြမ်းကားသစ်ကြီး ပရိတ်သတ်အကြိုက်
ဇတ်သိမ်းပြီ။ မြန်မာတွေ ၀မ်းသာကြ။ ကမ္ဘာ့ပြည်သူတွေ ၀မ်းသာကြ။ လစ်ဗျား
ပြည်သူတွေ ကခုန်ကြ။ ပျော်ရွှင်လွန်းလို့ ငိုကြွေးကြ။ လွတ်လပ်မှုအတွက် ၀မ်း
မြောက်ကြ။ အောင်ပွဲကြီး ဆင်နွှဲကြ။ လစ်ဗျားကိစ္စ ငဒို့မြန်မာတွေပါ ရင်ခုန်ရ။

သူများတွေရဲ့လွတ်မြောက်မှုတွေကို ငဒို့မြန်မာတွေ ငေးမော၊ ရောဝင် ခံစားရ။
ကမ္ဘာမှာ အာဏာရှင်တွေ တယောက်ပြီးတယောက် ကျ။ ငဒို့မြန်မာတွေလည်း
အကြိမ်ကြိမ် အစားထိုးဝမ်းသာပေးနေရ။ ဒို့အရေးကတော့ မအောင်မြင်သေး။
ကမ္ဘာကတော့ မြန်မာအတွက်တီးဖို့ လက်ခုပ်သံတွေ သိမ်းပေးထားခဲ့တာ ကြာ
ပြီ။ ဖုန်တောင်တက်နေပြီ။ ငဒို့မလဲ ငဒို့ဒုက္ခနဲ့ ငဒို့။ မရှူသာ မရှိုက်သာ။ ကြာ
ပင်ကြာသော်ငြား တောင့်ထားဆဲ။ အောင့်ထားဆဲ။

ရွှေရောင်ပစ္စတို ဘယ်မှာလဲ။ နေပြည်တော်မှာလား။ လွှတ်တော်ထဲမှာလား။
ထိုင်းမြန်မာနယ်စပ်မှာလား။ ၀ါရှင်တန်မှာလား။ ထုတ်ပြန်ကြေညာချက်တွေထဲ
မှာလား။ မြန်မာ့အလင်းသတင်းစာမှာလား။ တတိယအင်အားစုထဲမှာလား။ အစိုး
ရဧည့်ဂေဟာမှာလား။ တက္ကသိုလ်ရိပ်သာလမ်းမှာလား။ သံရုံးရှေ့က ဆန္ဒပြပွဲမှာ
လား။ ထောက်လှန်းရေးအရာရှိဟောင်းတဦးဆီမှာလား။ အင်းစိန်ထောင်မှာလား။
ရွှေတိဂုံရင်ပြင်မှာလား။ ရွှေဝါရောင်လှုပ်ရှားမှုမှာလား။ ရွှေဂုံတိုင်ကြေညာချက်မှာ
လား။ မြို့တော်ခန်းမရှေ့မှာလား။ ၀န်ကြီးများရုံးမှာလား။ တသီးပုဂ္ဂလအမတ်ဆီ
မှာလား။ သစ်ပုပ်ပင်အောက်မှာလား။ မြစ်ဆုံမှာလား။ ဘာကွန်ယက်၊ ညာကွန်
ယက်မှာလား။ ပြည်ပရေဒီယိုသတင်းတွေထဲမှာလား။ လွတ်မြောက်နယ်မြေမှာ
လား။ တော်လှန်ရေးနယ်မြေမှာလား။ ဘာတပ်မတော်၊ ညာတပ်မတော်မှာလား။ အငြိမ်းစားဗိုလ်ချုပ်တဦးဆီမှာလား။ ပရောဂျက်တင်မယ့်အစည်းအဝေးမှာလား။
အရေးယူပိတ်ဆို့မှုမှာလား။ ချစ်တီးထမင်းဆိုင်မှာလား။ မြန်မာ့တပ်မတော်ထဲမှာ
လား။ အတိုက်အခံတွေထောင်တဲ့ သတင်းဌာနမှာလား။ ကြံ့ဖွတ်ပါတီရုံးမှာလား။
တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းမှာလား။ အမြည်းကောင်းတဲ့ အရက်ဝိုင်းမှာလား။
သီတာသောင်ခြေဦးမှာလား။ တောင်ပြုံးပွဲမှာလား။ ပြည်တော်ပြန်ကိုကိုမမတွေ
ဆီမှာလား။ အာစီယံထိပ်သီးအစည်းအဝေးမှာလား။ မန္တလေးအငြိမ့်မှာလား။
ခွင်တည့်နေတဲ့ အန်ဂျီအိုမှာလား။  စာသင်ခန်းမှာလား။ လမ်းပြမြေပုံမှာလား။
အညာပွဲဈေးတန်းမှာလား။ တရုတ်တန်းဒေါင့်မှာလား။ ရွေးကောက်ပွဲကော်မရှင်
ရုံးမှာလား။ သမ္မတရုံးခန်းမှာလား။ ဒုက္ခသည်စခန်းမှာလား။ စစ်ကြောရေးစခန်း
မှာလား။ တရားစခန်းမှာလား။ အနှိပ်ခန်းမှာလား။ ကာရာအိုကေဆိုင်မှာလား။
ခရစ်ယန်ဘုရားကျောင်းမှာလား။ မြို့မပလီမှာလား။ မြို့ဦးစေတီမှာလား။ ဘီယာ
ဆိုင်မှာလား။ ခပ်ချောချော ခပ်ငယ်ငယ်ဆရာတော်ဘုရားရဲ့တရားပွဲမှာလား။
ဒုတိယပင်လုံမှာလား။ တတိယပင်လုံမှာလား။ ဧကဒဿမပင်လုံမှာလား။ ရှာကြ။
ရွှေရောင်ပစ္စတိုကို ရှာကြ။ မရ ရအောင်ရှာဖွေကြ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, October 22, 2011

ကျွနု်ပ်တို့၏ ကျဆုံးလေပြီးသော


သင်တို့က မမီနိုင်တော့ပြီ
ကျွနု်ပ်တို့လည်း သိပ်ပြီး မသေချာ
မီးရထားက မလာသေး
ကျွန်ုပ်တို့ဘက်က အကျအဆုံးများပါသည်
ရန်သူများ မိတ်ဆွေဖြစ်မလာခင်
မိတ်ဆွေများ ရန်သူဖြစ်ကုန်၏ ။

အဲသလို
စုတ်ချာချာရာဇ၀င်တွေနဲ့
ယိုင်နဲ့နဲ့ချီတက်လာ ။

အရာရာမှာ နောက်ကျခဲ့
မိုးဦး လေဦး နောက်ကျခဲ့
နေတက် ရေတက် နောက်ကျခဲ့
ပညာတတ်ရေး နောက်ကျခဲ့
ရော့ခ်ဂီတ ၊ သံဗူးဘီယာ
တစ်ရှူးပေပါနဲ့ ယင်လုံအိမ်သာက အစ
ဒီမိုကရေစီဆိုတာအထိ
အရာရာမှာ နောက်ကျခဲ့
ကျကျနနနဲ့
ထိထိရောက်ရောက်ကြီး နောက်ကျခဲ့ ။

အဲဒီမှာ
လူ့အခွင့်အရေးဆိုတာကို
အသက်တွေနဲ့ လဲယူရ
ကျွနု်ပ်တို့၏လူငယ်များ
ရှင်လိင်မှ မပြန်ရခင်
ထောင်အ၀င် စောခဲ့ရ
ဘွဲ့ကလေးမှ မရခင်
ပုဒ်မကြီးကြီး အတပ်ခံရ
ရည်းစားကလေးမှ မရခင်
နှစ်ရှည်အကျဉ်းသား ဖြစ်ခဲ့ရ ။

အဲသလိုမျိုး
ခုတ်ရာထစ်ရာတွေနဲ့
ဆွံ့အ နေတဲ့နိုင်ငံကြီး
ပဲ့ရွဲ့နေတဲ့ နိုင်ငံကြီး ။

အဲဒီမှာ
စားစရာ မရှိပေမဲ့
လျော်စရာရှိအောင် ပြင်ထားရ
အဲဒီမှာ
အိမ်ထောင်ပြုထားပေမဲ့
ကလေးမမွေးအောင် လုပ်ထားရ
အလွန်အမင်း
ခံပြင်းပျို့တက်လာတဲ့အခါ
အသံမမြည်အောင် ပေါက်ကွဲရ ။

ဘ၀များ
တဖြည်းဖြည်းနဲ့ သေးကွေးလာ
လင်နဲ့မယား
ရန်တွေပိုဖြစ်ဖြစ်လာ
မိမိကိုယ်မိမိ
ယုံကြည်မှုတွေ လျော့ပါးလာ
အဟာရဓါတ်များ ချို့တဲ့လာ
အကုသိုလ်များ ဖေါင်းပွလာ
ဂြိုလ်စီးဂြိုလ်နင်း ကြမ်းတမ်းလာ
နေချင်စိတ်ထက်
သေချင်စိတ်က များများလာ ။

အဲသလို
အိပ်မက်တွေ မျိုးမအောင်တဲ့ နိုင်ငံကြီး
ကျဆုံးမှုများတဲ့ နိုင်ငံကြီး
လူတန်းမစေ့တဲ့ နိုင်ငံကြီး
လူတောမတိုးတဲ့ နိုင်ငံကြီး
လူစဉ်မမီတဲ့ နိုင်ငံကြီး
လူညွန့်တုံးတဲ့ နိုင်ငံကြီး
လူဖြစ်ရှုံးတဲ့ နိုင်ငံကြီး
လွှတ်တော်မရှိတဲ့ နိုင်ငံကြီး
ကျွန်ုပ်တို့ရဲ့
မဟာနိုင်ငံတော်ကြီးပေါ့ ။

အဲဒီနိုင်ငံကြီးကိုမှ
ရွှေရောင်ထစေချင်သူများ
လူရာဝင်စေချင်သူများ
ကျွနု်ပ်တို့၏ သူရဲကောင်းများ
ကျဆုံးလေပြီးသော
အာဂ အာဇာနည်ရဲမက်များ ။

သူတို့တွေလေ
ယုံကြည်ချက်တွေကြောင့်
သေခဲ့ရ
ကြေခဲ့ရ
သွေး မြေခခဲ့ရ ။

ကျန်ရစ်သူ ငါတို့ကား
သွားလေသူ ရဲဘော်များအတွက်
ဘုရားကို
အကြိမ်ကြိမ် ရှိခိုးရသလိုမျိုး
အကြိမ်ကြိမ် အလေးသာ ပြုပေးနေခဲ့ရ
မိုးမလင်းသေးတဲ့ တိုင်းပြည်မှာ ။

ရေးသူ ။ မာရု ။
၁၉၉၉ ခုနှစ်ထုတ် “ရာဇသံနှင့် တော်လှန်ကဗျာများ” စာအုပ်က
ကူးယူဖေါ်ပြတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, October 20, 2011

ကဒါဖီ ဇတ်သိမ်း


















ကျည်ဆံတွေလိုပဲ သတင်းတွေက အဆက်မပြတ် အဘက်ဘက်က လာနေတယ်။
သတင်းဌာနတွေက ကျန်တဲ့သတင်းတွေ အကုန်ရပ် ။ ဒီသတင်းတခုကိုပဲ ထပ်ပြန်
တလဲလဲ ကြေညာနေတယ်။ ဒီသတင်းသေချာတဲ့အကြောင်း၊ ခိုင်မာတဲ့အကြောင်း
လူမျိုးစုံကိုမေး။ ရှုဒေါင့်မျိုးစုံက ပြသနေတယ်။ လစ်ဗျားက အာဏာရှင် ကဒါဖီ သေပြီ။

လူတွေ လမ်းမတွေပေါ် ပြေးထွက်လာ။ ခုန်ပေါက်မြူးတူး ပျော်ရွှင်ကြ။ အော်ဟစ်ကြွေး
ကြော်ကြ။ အလံတွေ ဝှေ့ယမ်းကြ။ သေနပ်တွေကို မိုးပေါ်ထောင်ပစ်ပျော်ရွင်ကြ။ လစ်
ဗျားပြည်သူတို့ အဆုံးအစွန်ပျော်ရပြီ။ ဘုရားသခင်ဟာ တခါတခါတော့ အများစိတ်ချမ်း
သာအောင် လုပ်ပေးတတ်ပါကလား။

ကမ္ဘာပေါ်မှာ ဒီအရာလောက် အရေးတကြီးဖြစ်နေတာ မရှိတော့တဲ့အတိုင်း ဒီအရာကို
သာ တသသ တဖွဖွ ပြောနေရ ၊ ပြနေရ ၊ မေးနေရ ၊ ဖြေနေရ ၊ ရှင်းနေရ ၊ ငေးနေရ။
အာဏာရှင်တဦးရဲ့ ကျဆုံးခန်းဟာ ကမ္ဘာတ၀ှမ်းမှာ အရေးတကြီးပြောစရာကိစ္စကြီး
ဖြစ်နေရပြီ။ ကမန်းကတန်း ပျော်စရာကြီး ဖြစ်ရပြီ။ ကဒါဖီ သေပြီ။ သူတယောက်သေ
ရေး လစ်ဗျားပြည်သူတွေ အတော်ကြီးလုပ်လိုက်ကြရပါတယ်။

မုန်တိုင်းကြီးတခု လွန်မြောက်သွားသလို။ ငလျင်ကြီးတခု လှုပ်နေရာက ရပ်သွားသလို။
ရေတွေကြီးနေရာက ကျသွားသလို။ အဖျားတက်နေရာက ကျသွားသလို။ သက်ပြင်းချ
စရာ။ စိတ်သက်သာစရာ။ ၀မ်းသာစရာ။ ပျော်ရွှင်စရာ အခိုက်အတန့်ကြီးပေပဲ။ လူဆိုးကြီး
တဦး သေသွားပြီ။ ဒုက္ခဆိုးကြီး အဆုံးသတ်သွားပြီ။ မင်္ဂလာကြီးတပါးပေပ။

နှစ်ပေါင်းလေးဆယ်ကျော် အရူးတကောင်လို တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်သားဟောင်း
ကြီး။ စစ်ဗိုလ်ဘ၀ကနေ မြန်မာပြည်မှာလို အရပ်ဖက်ပြောင်းပြီး ခေါင်းပေါင်းပေါင်းခဲ့သူပေါ့။
ကဒါဖီ။ မိုမာကဒါဖီ။ အခုတော့ သူ့ပြည်သူတွေကပဲ သတ်လိုက်လို့ သေပြီ။ ပြည်သူတွေကို
ရက်ရက်စက်စက် အုပ်ချုပ်လာသူကိုး။

မူဆလင်ကမ္ဘာမှာ သူ့အရင်က ဆာဒန်ဟူစိန်ရဲ့ ကျဆုံးခန်း။ ကြိုးဆွဲချ အသတ်ခံရတုန်း
ခေါင်းတောင် ပြတ်ထွက်သွားခဲ့တယ်။ အီရတ်ပြည်သူတွေ ပျော်ကြတယ်။ ကမ္ဘာ့ပြည်သူ
တွေ ပျော်ရတယ်။ နောက်တဦးက ဘင်လာဒင်။ ပါကစ္စတန်မှာ အသတ်ခံရပြန်တယ်။
အခုတခါ ကဒါဖီ။ တယောက်ကျန်သေးတယ်။ ပူပူနွေးနွေး ပြည်သူတွေကို ရက်စက်နေ
တာ။ ဆီးရီးယားက သမ္မတ အာဆာ့ဒ်။ မကြာမီ နာမည်။

မတရားတာတွေ မလုပ်ကြပါနဲ့။ ဇတ်သိမ်း မကောင်းရင် ကဒါဖီလို ပက်ပက်စက်စက်ဖြစ်
ကုန်မယ်။ မြန်မာသမ္မတဆိုတဲ့ပုဂ္ဂိုလ် သူတော်ကောင်းယောင် ဆောင်မနေနဲ့။ ပြည်သူတွေ
ရဲ့သွေးတွေ ဦးသိန်းစိန်တို့လက်မှာ ပေနေတယ်ဆိုတာ ကမ္ဘာက သိတယ်။ ကောင်းရာ
ကောင်းကြောင်း မြန်မြန်လုပ်။ အသက်လည်း ကြီးရှာပြီ။ ဇတ်သိမ်းကောင်းမှ ပရိတ်သတ်
တွေ သဘောကျမယ်။

ကဒါဖီနဲ့ အာဏာရှင်တွေ သူ့စရိတ်နဲ့သူ သွားပါစေလေ.....။ ဒူဝေ..ဝေ....။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 18, 2011

အဆိုးလေး














ဟိုတညက ပါတီတခုမှာ နိုင်ငံတကာမိတ်ဆွေများနဲ့ ဆုံရတယ်။ ဟောင်ကောင်
သူတဦးက မြန်မာပြည်အကြောင်း စပြောတယ်။ သတင်းတွေမှာ ငါဖတ်ရတယ်။
နင်တို့တိုင်းပြည် အတော်ဟုတ်နေပြီဆိုပါလားတဲ့။ တောင်အာဖရိကသား တဦး
ကလည်း မင်းဘယ်တော့ ပြန်မှာလဲတဲ့။ အိန္ဒိသားကလည်း မင်းတို့နဲ့ တရုတ်
ပြဿနာတက်ကြပြီ မဟုတ်လားတဲ့။ အမေရိကန်တောသူမလေး တဦးက
မြန်မာပြည်ကို ငါလည်းသွားချင်တယ်။ ဒေါ်စုနဲ့တွေ့ချင်တယ်တဲ့။  အီတာလျှံ
တကောင်ကလည်း ဘုမသိ ဘမသိနဲ့ “ရေး....ဖရီးဒမ်းးးးး” လို့ ထအော်တယ်။

တယောက်တပေါက်နဲ့ မြန်မာပြည်အကြောင်း သိသမျှတွေလျှောက်ပြောနေ
ကြရင်း ပစ်မှတ်က ကိုယ့်ဆီရောက်လာတယ်။ ၀ိုင်တငုံ မြုံလိုက်ရင်း ငါနည်းနည်း
ရှင်းပြပါ့မယ်လို့ ကမန်းကတန်း ဆိုလိုက်ရပါတယ်။ တိုင်းပြည်ကို ကိုယ်စားပြုပြီး
ရှင်းပြရမယ့် တာဝန်ရှိလာပြီကိုး။ မြန်မာ့အရေး တရားဝင် မိန့်ခွန်းပြောရတာမျိုး
မဟုတ်ပေမဲ့လည်း ကိုယ်ပြောတာကိုပဲ စကားဝိုင်းမှာ အလေးအနက်ထားပြီး
နားထောင်ကြတော့မှာကိုး။ ဒီပွဲမှာက မြန်မာပြည်ဆိုင်ရာ လူသားဆိုလို့ ငါတဦး
သာလျှင် ရှိချေသည်တကား။

မင်းတို့ပြောတာတွေအားလုံး မမှားပါဘူးလို့ သံတမန်ဆန်ဆန်နဲ့ စကားကို အစချီ
ရပါတယ်။ (ကိုယ်က ငြင်းတော့မှာကိုး)  ဒါပေမဲ့ အပြည့်အ၀ မမှန်ဘူး။ သတင်း
တွေမှာ တွေ့ကြရတာက မှန်တာလည်းပါ၊ မမှန်တာလည်းပါ။ ကိုယ့်ရဲ့ဆန္ဒစွဲလေး
တွေလည်းပါနေတော့ အမှန်တရားက တ၀က်ဖုံး တ၀က်ပေါ် ဖြစ်နေတယ်။ မင်းတို့
မြင်နေရတာက ပေါ်နေတဲ့တ၀က်ကိုပဲ မြင်နေရတာလို့ ပညာရှင်လိုလို၊ တရားပြ
ဆရာလိုလို၊ မျက်လှည့်ဆရာလိုလိုနဲ့ ဆက်ပြီးပြောပါတယ်။

ငါက မြန်မာပြည်က လာတဲ့သူ။ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့သူဆိုတော့
မင်းတို့မြင်နေရတဲ့ တ၀က်ထက် နည်းနည်းပိုပြီး မြင်တယ်။ အကုန်တော့ မမြင်ရ
ဘူး။ ငါမြင်သလောက်ပြောရရင် မြန်မာပြည်ဟာ နည်းနည်းလေး ပြောင်းလာပြီ။
အရင် စစ်တပ်အုပ်ချုပ်တဲ့ ပုံစံကနေ လမ်းခွဲလာတဲ့သဘောတွေ မြင်နေရပြီ။
အဆိုးကြီး မဟုတ်တော့ဘူး။ “အဆိုးလေး” အဆင့်ကို ရောက်နေပြီ။ ဆိုးတော့
ဆိုးနေသေးတယ်။

လွတ်လပ်မှုတွေ အပြည့်မရသေးဘူး။ ဖိနှိပ်မှုတွေ၊ အာဏာပိုင်တွေရဲ့ မတရားမှု
တွေ၊အနိုင်ကျင့်မှုတွေ၊ အပေါ်စီးဆက်ဆံမှုတွေ၊ ချိန်းခြောက်မှုတွေ၊ တင်းကျပ်မှု
တွေ ရှိနေတုန်း။ ပြည်တွင်းစစ် ဖြစ်နေတုန်း။ မြန်မာပြည်သူတွေ အကျပ်ဆိုက်တဲ့
ဘ၀မှာ ရုန်းကန်နေရတုန်း။ အဆိုးကြီးဘ၀ကတော့ လွတ်လာတဲ့သဘောရှိတယ်။
အဆိုးလေးဘ၀မှာ နေနေကြရတုန်းပဲ။ ပြည်သူတွေ အသက်ရှူ မချောင်သေးဘူး။

အဆိုးလေးကနေ အဆိုး။ အဆိုးကနေ ကောင်းသယောင်ယောင်အဆင့်။ ဆိုးသလို
ကောင်းသလိုကနေ အဆိုးနည်းနည်း၊အကောင်းများများအဆင့်။ အဲဒီကမှ အကောင်း
အဆင့်။ အကောင်းဆုံးအဆင့် ဆိုတာတွေကို သွားရဦးမယ်။ အကောင်းဆုံးမဖြစ်ခင်
အဆိုးနည်းနည်း အကောင်းများများဆိုတဲ့ အဆင့်ကို ရောက်ဖို့ဆိုတာက ဆယ်စုနှစ်
ဘယ်နှစ်ခုလောက် သွားရမယ် မသိဘူး။ ဒီကြားထဲ အဆိုးလေးအဆင့်ကနေ အခန့်
မသင့်ရင် အဆိုးကြီးဘ၀ကို ပြန်မရောက်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ဘူး။

အဆိုးလေးကိုပဲ အတော်ဟုတ်နေပြီလို့ ထင်ရင်တော့ ဖန်ခွက်ထဲမှာ ရေတ၀က်
တောင်ရှိနေသဟ ဆိုတဲ့အုပ်စုမှာ မင်းတို့ရှိနေတယ်လို့ မိတ်မပျက်အောင် နိဂုံးချုပ်
ခဲ့ရပါတယ်။ တချို့တွေကလည်း အဆိုးလေးမို့ ကြိုက်သကိုး ဆိုပဲ။ ခက်တယ်...
ခက်တယ် ။ မင်းကိုနိုင်မွေးနေ့ ။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာကြပါ
စေ။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, October 13, 2011

ကိုရီးယားမင်းသား





















မင်းသား စိတ်ပျက်နေတယ်။ တောင်းတာက တခြား။ ရတာက တခြား။
လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ မင်းသားခေါင်းကုတ် အကြံထုတ်
နေတယ်။ သူ့နာမည်က ဘန်ကီမွန်း။ ကုလသမဂ္ဂမှာ အတွင်းရေးမှုးချုပ်
အဖြစ် သရုပ်ဆောင်တယ်။

မြန်မာပရိတ်သတ်တွေက ကိုရီးယားရုပ်ရှင်ဆို ဘာပဲလာလာ အသေအလဲ
ကြိုက်ပြီး အသားကုန်အားပေးတော့ ပရိတ်သတ်တွေကို မင်းသားဘန်ကီ
မွန်းက ကျေးဇူးတင်ကြောင်း တုံ့ပြန်ဖို့ အကြိမ်ကြိမ် ကြံတယ်။ ကိုရီးယား
နိုင်ငံရဲ့ကိုယ်စား သူ့မှာ တာဝန်အပြည့်အ၀ရှိတယ်လို့ ခံယူထားတယ်။
သူက “ကု-ချုပ်”အဖြစ်လည်း သရုပ်ဆောင်နေရတာ မဟုတ်လား။

ကြေညာချက် ထုတ်တယ်။ အစည်းအဝေးခေါ်ပြီး ပြောတယ်။ သတင်းစာရှင်း
လင်းပွဲမှာ ပြောတယ်။ လူကိုယ်တိုင်ခေါ်တွေ့ပြီး ပြောတယ်။ သူများနဲ့တဆင့်
ပြောခိုင်းတယ်။ တယ်လီဖုန်းကတဆင့် ပြောတယ်။ မတရား အဖမ်းခံနေရတဲ့
နိုင်ငံအရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ နည်းမျိုးစုံသုံးပြီး ဆရာဘန်
အကြိမ်ကြိမ် ကြိုးစားတယ်။ မရဘူး။ အများကြီးညှစ်မှ နည်းနည်းပဲထွက်တယ်။
မြန်မာအစိုးရနဲ့ ဆက်ဆံရတာ အလုပ်မဖြစ်ဘူး။ ကြာရင် လိပ်ခေါင်းရောဂါ ဖြစ်
မယ်။ မင်းသားဘန်ကီ စိတ်ညစ်တယ်။

ထုံးစံအတိုင်း ဘာလုပ်ရမှန်းမသိတော့ အစည်းအဝေး ထပ်ခေါ်တယ်။ တံခါးဟ
အစည်းအဝေး လုပ်တယ်။ တံခါးကို ပိတ်ထားတော့ အပြင်ကလူတွေက အထဲ
မှာ ဘာတွေလုပ်နေမှန်း မသိရဘူး။ တမျိုးထင်မှာစိုးလို့ တံခါးကို ဟပြီး အစည်း
အဝေးကျင်းပတယ်။

အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ဆရာဘန်က ခပ်ပြတ်ပြတ်ပဲ ပြောတယ်။
မြန်မာအစိုးရကို လုပ်နေကျပုံစံတွေနဲ့ ဆက်ဆံလို့မဖြစ်တော့ဘူး။ အလုပ်မဖြစ်
တဲ့အကြံတွေ ငါ့ကိုလာမပေးကြနဲ့။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပါလွှတ်
ပါလို့ငါတို့တွေ တတွတ်တွတ်ပြောတဲ့ကြားက လွှတ်ပေးလိုက်ရင် ဒုစရိုက်သ
မားတွေချည်းပဲ။ ပြီးတော့ ငါတို့အော်လို့လွှတ်ပေးရတယ်လို့ အပြောခံရသေး
တယ်။ ငါတို့ကပဲ ဒုစရိုက်သမားတွေနဲ့ ပင်းပြီး လုပ်စားနေသလို ဖြစ်ကုန်ပြီ။
အကြံသစ်တွေပေးကြပါ။

ဆေးသမားတွေ။ ဘိန်းသမားတွေ။ လူသတ်သမားတွေ။ ပြည့်တန်ဆာတွေ။
သူခိုးတွေ။ လူလိမ်တွေ။ ဓါးပြတွေ။ အကြံအဖန်တွေ။ လူမိုက်တွေ။ နှစ်မစေ့ပဲ
ပြန်ပြန်လွတ်နေတယ်။ သူတို့တွေက ပြစ်မှုကျူးလွန်လိုက် မကြာခင်ပြန်လွတ်
လိုက်နဲ့။ တရားဥပဒေက အာပလာဖြစ်နေပြီ။ မြန်မာပြည်မှာ အစိုးရကအစ
ဒုစရိုက်သမားတွေဆိုတော့ သူတို့နဲ့ပုလင်းတူဗူးဆို့တွေကိုပဲ ပြန်လွှတ်ပေးနေ
တယ်။ တနိုင်ငံတ၀ှမ်းမှာ ဒုစရိုက်သမားတွေ များများလာနေပြီ။ မြန်မာဒုစရိုက်
သမားတွေက “နယ်စည်းမခြား ဒုစရိုက်သမားများ” ဆိုပြီး တခြားနိုင်ငံတွေဆီ
ပြန့်ကုန်ပြီ။ ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာနေပြီ။ ဘယ်လိုလုပ်ကြမလဲ။

လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက တယောက်စ နှစ်ယောက်စ ပါ
နေတော့ ငါတို့ရဲ့အလုပ်သဘောအရ ကြိုဆိုရပြန်ရော။ ကျန်နေသေးတဲ့ နိုင်ငံ
ရေးအကျဉ်းသားတွေအတွက် ထပ်ပြီးစိုးရိမ်ပူပန်တယ်လို့ ပြောရပြန်ရော။ ဒီသံ
သရာက ဘယ်တော့ လွတ်မှာလဲ။ ငါ့ကို မြန်မာပရိတ်သတ်တွေက ကိုရီးယား
မင်းသားဆိုပြီးအရမ်း အထင်ကြီးနေတာ။ ပရိတ်သတ်ကို ထိထိမိမိ ကျေးဇူး
ဆပ်ချင်တယ်။ အလုပ်ဖြစ်မယ့် အကြံသစ်တွေပေးကြပါ။ ဆွေးနွေးကြပါ။

တံခါးဟအစည်းအဝေးခန်းမ တခုလုံး တိတ်ဆိတ်နေတယ်။ ဘယ်သူမှ အကြံ
ကောင်းမပေးနိုင်ကြဘူး။ ဒီချိန်မှာ ဟနေတဲ့ တံခါးပေါက်ကနေ မျက်လုံးကျဉ်း
ကျဉ်း တလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်နေတာကို မင်းသား ဘန်ကီမြင်
သွားတယ်။ အပြင်ကလူ ဘာကြည့်နေတာလဲ။ အကြံကောင်းရှိရင် ပေး။ မပေး
နိုင်ရင် ကိုယ့်အလုပ်ကိုယ်လုပ်လို့ ဆရာဘန် ငေါက်လိုက်တယ်။

ဟနေတဲ့တခါးကို တွန်းဖွင့်ပြီး တရုတ်ကြီးတယောက် ၀င်လာတယ်။ ကုလသ
မဂ္ဂဆိုင်ရာ တရုတ်သံတမန်တဦးပါ။ “၀င်ကြားလျှို” လို့ခေါ်ပါတယ်။ ကု-ချုပ်ကြီး
စိတ်ညစ်နေတာကို မမြင်ရက်လို့ အလုပ်ဖြစ်မယ့် အကြံအညဏ်လေး ပေးပါရ
စေ။ မြန်တင့်..အဲ...မြန်မာဆိုတာက ၀လို့ရဲ့ အိမ်နောက်ဖေးက မြေကွက်လေး
တခုပါ။ စူလို့အီကြောင်း ၀ကောင်းကောင်း စိပါလှယ်။

ကု-ချုပ်ရဲ့ တောင်းဆိုချက်ကို ပုံစံလုံးဝပြောင်းမှ ဖြစ်မယ်။ နိုင်ငံရေးအကျဉ်းသား
တွေကိုလုံးဝ မလွှတ်ခိုင်းပါနဲ့တော့။ နောက်တကြိမ် ကြေညာချက်ထုတ်ရင် လူဆိုး
လူမိုက်ဒုစရိုက်သမားတွေကိုပဲ သီးသန့်လွှတ်ပေးဖို့ တောင်းဆိုပါ။ နိုင်ငံရေးအကျဉ်း
သားတွေကို သေတဲ့အထိဆက်ပြီး ဖမ်းခိုင်းထားပါ။ ထောင်အတွင်းမှာ သူတို့ကို
ညှင်းပန်းနှိပ်စက်ခိုင်းပါ။ ကျန်းမာရေး ဆိုးဝါးအောင်လုပ်ခိုင်းပါ။

ဒုစရိုက်သမားတွေကိုတော့ လူ့အခွင့်အရေးအပြည့်အ၀ပေးဖို့ တောင်းဆိုပါ။ ကုလ
သမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကိုလည်း ထောင်တွေလေ့လာတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လုံးဝ မတွေ့ခိုင်းပါနဲ့။ ဒုစရိုက်သမားတွေရဲ့အခြေအနေ
တွေကိုပဲ စိုးရိမ်ပူပန်လှတဲ့အကြောင်း တဖွဖွပြောပါ။

ဒီလိုပြောင်းပြီးပြောလို့ နိုင်ငံရေးအကျဉ်းသားတွေ များများလွှတ်ပေးရင် လုံးဝစိတ်
ပျက်တဲ့အကြောင်း ကြေညာချက်ထုတ်ပါ။ ကု-ချုပ်ကိုယ်တိုင် ဦးသိန်းစိန်ဆီ ဖုန်း
ဆက်ပြီးဒေါသတကြီးပြောပါ။ ဒုစရိုက်သမားတွေကို ဆက်ပြီးဖမ်းထားသရွေ့တော့
ကျုပ်တို့ကနိုင်ငံတကာအလိုက် စိတ်မကောင်းဖြစ်ရလိမ့်မယ့်အကြောင်း ပြောပါ။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာလို့ ဘာမှ အကျိုးမထူးဘူး။ နိုင်ငံတကာက
လိုချင်နေတဲ့ ဒုစရိုက်သမားတွေကိုပဲ ချွင်းချက်မရှိ တယောက်မကျန် ချက်ချင်းလွှတ်
ပေးဖို့ကိုပဲ တွင်တွင်ကြီးတောင်းဆိုနေပါ ကု-ချုပ်ကြီး။ အလုပ်ဖြစ်နီးကီးပါလိမ့်မယ်။

ကိုရီးယားမင်းသားလေး ဘန်ကီမွန်း မေးစေ့ကို ပွတ်လိုက်။ နဖူးကို သပ်လိုက်နဲ့
အလုပ်ရှုပ်နေပါတယ်။ တရုတ်သံတမန် ၀င်ကြားလျှို ပေးတဲ့အကြံအတိုင်း လုပ်ရင်
ကောင်းမလား စဉ်းစားခန်း ၀င်နေပါတယ်။ တံခါးဟအစည်းအဝေးခန်းထဲမှာတော့
ဆရာဘန်တယောက်ကလွဲပြီး ဘယ်သူမှ မကျန်တော့ပါဘူး။

အစီအစဉ်အရ မနက်ဖြန်မှာ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရဲ့သဘောထားကို
ကြေညာချက် ထုတ်ရတော့မှာ မဟုတ်လား။ မြန်မြန်ဆုံးဖြတ်ချက်ချပြီး အရေးယူ
ဆောင်ရွက်မှ ဖြစ်တော့မယ်လေ။ နယူးယောက်မြို့ရဲ့ ဆောင်းဦးပေါက်ရာသီမှာ
မင်းသားလေး “ဘန်” ချွေးတွေပြန်လို့။ သူ အခု ရိုက်မယ့်ဇတ်ကားက ဆောင်းဦး
ရွက်ကြွေ ချစ်သက်သေ ဆိုလား၊ ချစ်သတ်သေ ဆိုလား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, October 11, 2011

စပ်ကူးနဲ့မပ်ကူး












စပ်ကူးဆိုတာ အဆက်အစပ် အကူးအပြောင်းကို ပြောတာ။ မပ်ကူးဆိုတာ ဘာလဲ။
ကူးဆိုတာတော့ ဟုတ်ပါပြီ။ မပ်ဆိုတာ ဘာလဲ။ မြန်မာအဘိဓာန်မှာ တိမ်းသည်။
စောင်းသည်တဲ့။ စကားပြောတဲ့အခါ ကာရံနဘေလေးနဲ့ ချိတ်ပြီးပြောချင်သူများက
“စပ်” နဲ့ကပ်ပြီး “မပ်” လိုက်ကြတာလား မသိဘူး။ “စပ်ကူးမပ်ကူး” ကတော့ အသွင်
ကူးပြောင်းတဲ့ကာလကို ပြောတာပဲ။

အကူးအပြောင်းကာလမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝတွေရှိတယ်။ ထူးခြား
မှုတွေရှိတယ်။ အသိပွါးစရာတွေ ရှိတယ်။ သတိထားစရာတွေ ရှိတယ်။ နေ၀င်ချိန်
ကိုပဲ ကြည့်လိုက်ဦး။ အာရုံတက်ချိန်ကိုပဲ ကြည့်လိုက်ဦး။ သာမန်ထက်ထူးတဲ့ ဆန်း
ကျယ်မှုတွေ မြင်ရမယ်။ အပြောင်းအလဲကိစ္စက အရေးပါတဲ့ကိစ္စ၊ ဂရုတစိုက် ရှိရတဲ့
ကိစ္စ တခုသာပ။

ကိုယ့်သမီး၊ ကိုယ့်သား ကြီးကောင်ပေါက်တာ သတိမထားမိရင် မိဘနဲ့ သားသမီး
အကြား ဆက်ဆံရေးက ကမောက်ကမ ဖြစ်တတ်သလိုပေါ့။ အပြောင်းအလဲကာလ
ကို သတိထားမိမှ။ အပြောင်းအလဲဖြစ်စဉ်နဲ့အတူ အမိအရ အကူးအပြောင်းကို လုပ်
နိုင်မှ။ သည်ဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ချောချောမွေ့မွေ့ရောက်နိုင်မယ်။
သာယာတဲ့ အကူးအပြောင်းဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ ဂီယာညပ်တတ်တယ်။
ဂီယာညပ်ရင် အထိအခိုက် အနာတရ ရှိမယ်။ မျက်စိလည်ရင် လမ်းမှားသွားမယ်။
ရာသီပြောင်းချိန်မှာ ဂရုတစိုက်မရှိရင် ဖျားတတ်၊နာတတ်သလိုပ။

တချို့ကလည်း ပြောကြတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေက အသွင်ကူး
ပြောင်းရေးဖြစ်စဉ်ထဲ ရောက်နေပြီဆိုလား။ ဘယ်လို“အသွင်”တွေက ကူးပြောင်း
နေကြတာတုံး။ အသွင်တွေက “ဘယ်လို” ကူးပြောင်းနေကြတာတုံး။ ကောင်း
ကောင်းသိရင်တော့ ကောင်းမယ်။ ပြောင်းလို့ ပြောင်းမှန်း မသိရင်လည်း မဟန်
သေးဘူး။ မပြောင်းပဲနဲ့ ပြောင်းတယ်လို့ ထင်နေရင်လည်း မမှန်သေးဘူး။ အကူး
အပြောင်းကိစ္စမှာ ၀ိုးတ၀ါးအခြေအနေတွေ၊ အရောအယှက်တွေရှိတယ်။ အရှုပ်
အထွေးတွေရှိတယ်။ ညီအကို မသိတသိအချိန်လို့လည်း ဆိုကြတယ်။

ဂျာမနီမှာ ဘာလင်တံတိုင်းကြီး ဖြိုပြီးတဲ့နောက်။ အရှေ့နဲ့အနောက် ပြန်ပေါင်း
ထုပ်ဇတ်လမ်းမှာ လူမျိုးတူကြတာတောင် အဆက်အစပ်ပြန်လုပ်ဖို့တော်တော်နဲ့
အဆီအငေါ် မတည့်ကြဘူး။ ဆိုဗီယက်ယူနီယန် ပြိုကွဲစဉ်အခါကလည်း အကူး
အပြောင်းတွေ၊ အလှည့်အပြောင်းတွေ သိပ်များခဲ့တယ်။ ကမ္ဘာတ၀ှမ်း ရိုက်ခတ်မှု
တွေ ကြီးကြီးမားမားရှိခဲ့တယ်။ အခုလည်းမူဆလင်ကမ္ဘာမှာ အသွင်တွေ ကူးပြောင်း
နေကြပြီ။

အရှေ့တောင်အာရှမှာ ကျားတွေ တကောင်ပြီးတကောင် ထွားထွားလာတော့ အာစီ
ယံရဲ့အကူးအပြောင်းက အမှတ်တမဲ့ဆိုရင် အံ့သြရမတတ် ဖြစ်သွားမယ်။ အခု တရုတ်
ပြည်ကြီး “ထော” နေပြီ။ ကြီးမားတဲ့ အကူးအပြောင်းကို ကြုံနေရပြီ။ ဒါဆိုရင် ၀လို့
မြည်မာပီကော ပီလိုတုံး။ ကူးပီလား ပြောင်းပီလား။ ဘာလဲ။ ဘယ်လဲ။ ဘယ်လိုလဲ။

ခေတ်သစ်မြန်မာ့သမိုင်းမှာကြုံခဲ့ရတဲ့ စပ်ကူးမပ်ကူးတချို့ကို ချရေးကြည့်ရအောင်။
သီပေါဘုရင် ပါတော်မူ။ အင်္ဂလိပ်ကျွန်ဖြစ်။ တော်လှန်ရေးကာလ ဂျပန်ဝင်။ ဂျပန်
ကျွန်ဖြစ်။ လွတ်လပ်ရေးတိုက်ပွဲ။ လွတ်လပ်ရေးရ။ ပါလီမန်ဒီမိုကရေစီဖြစ်။ ကွဲကြ
ပြဲကြ။ တိုက်ကြခိုက်ကြ။ ပြည်တွင်းစစ်ဖြစ်။ ဆရာနေ၀င်းက စစ်အာဏာသိမ်း။ အိမ်
စောင့်အစိုးရဖြစ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ခေါင်းပေါင်းတထောင်ထောင်နဲ့ သမ္မတကြီး
ဦးနေ၀င်းဖြစ်။ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးတဲ့။ ပါတီဥက္ကဌကြီးတဲ့။

ဦးနေ၀င်းကို ဆန့်ကျင်။ ဆိုရှယ်လစ်ကို ဆန့်ကျင်။ တပါတီအာဏာရှင်ကို ဆန့်ကျင်။
ရှစ်လေးလုံးဖြစ်။ ဆရာစောမောင် စစ်အာဏာသိမ်းပြန်ရော။ စစ်အာဏာရှင်ကပဲ အခု
တခါ ခေါင်းပေါင်းတွေနဲ့။ လွှတ်တော်တွေနဲ့။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို သွားကြ
မလို့တဲ့။ (သွားလေသူ ကြေးမုံဦးသောင်းစကားအတိုင်းဆိုရင် ) စစ်ဗိုလ်တမတ်သား
ပါလီမန်ခေတ်ပေါ့။ အကူးအပြောင်းတွေ၊ စပ်ကူးမပ်ကူးကာလတွေမှာ ဘယ်သူတွေ
ဘာဖြစ်ခဲ့ကြသလဲ။ ကောင်းတာတွေက ဘာတွေလဲ။ ဆိုးတာတွေက ဘာတွေလဲ။
သိထားမှ တော်ကာကျမယ်။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ သတိတော့ ထားနေရမယ့် ကာလဆိုတာ သေချာ
တယ်။အသွင်က ဘယ်လောက်ဖိုး ကူးပြောင်းမှာလဲဆိုတာ မသိနိုင်ဘူး။ နည်းနည်း
ပြောင်းလည်း ပြောင်းသလောက်။ များများပြောင်းလည်း ပြောင်းသလောက်။ သတိ
ထားရမယ်။တေးရေးကိုနေ၀င်း သီချင်းထဲကလို ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့နိုင်ပါမှ။
မဟုတ်ရင် ဂီယာညပ်တဲ့အထဲ ကိုယ်ပါသွားလိမ့်မယ်။ စည်းချက်နဲ့အညီ လိုက်“က”
နိုင်ပါမှ။ မဟုတ်ရင် ကုန်းကွကွကြီး ဖြစ်နေလိမ့်မယ်။

ဂီယာအညပ် မခံရအောင် ဘယ်လိုရှောင်ရ၊ ဆောင်ရမလဲဆိုတာ နောက်မှ ဆက်ပွါး
မယ်။ အခုတော့ စာအတော် ရှည်သွားပြီ။ နားမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)