Thursday, November 10, 2011

ကြွေတော်မူခြင်း




















လေထဲမှာ သစ်ရွက်တွေ လည်ပတ် လွင့်မျော မြေပြင်ပေါ်ကြွေကျ ။
ဒီဇတ်လမ်းဟာ အဟောင်းကြီး။ န၀ဒေးလည်း လုပ်ပြီးပြီ။ ဘားနပ်
ရှောလည်း လုပ်ပြီးပြီ။ မောင်ချောနွယ်လည်း လုပ်ပြီးပြီ။ စိုင်းခမ်းလိတ်
လည်း လုပ်ပြီးပြီ။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဂီတတွေ၊ ပန်းချီတွေ အများ
ကြီး။ သစ်ရွက်ကြွေတွေ အများကြီး။ ထပ်ပြီးဖွဲ့စရာ နွဲစရာ မလိုတော့ပါ။
ဒါပေမဲ့ အိမ်အပြင်မှာ သစ်ရွက်တွေ တလူးလူး တလွန့်လွန့်နဲ့ကို ကြွေ
လွင့်လို့ နေပါတယ်။

သစ်ရွက်တွေက ရောင်စုံ။ ပုံစံတွေကလည်း မျိုးစုံ။ ကြွေပုံကြွေနည်း
လွင့်ပုံလွင့်နည်းလည်း မတူကြ။ မျက်စိရှေ့မှာတင် တပင်လုံးက
အရွက်တွေ တဖြုတ်ဖြုတ်ကြွေနေပြီ။ အိမ်ရှေ့ကသစ်ပင် အရိုးပေါ်မှာ
အရွက်မဖုံးနိုင်ရှာတော့ဘူး။ သူ့အရွက်တွေအကုန် မြေမှာခ။ အပင်
နဲ့ အရွက်နဲ့ တခြားစီဖြစ်။ မြေပြင်တခုလုံး သစ်ရွက်ဟောင်းတွေနဲ့
ဖုံးကုန်ပေါ့။ ဟိတ်လူ... ဒါ ကဗျာရေးနေတာ မဟုတ်ဘူးနော် ။
သတိထား....သတိထား.....ကဗျာဖြစ်သွားမယ်.... သတိထား။

သစ်ရွက်တွေက ခြောက်တောက်တောက်တွေ ဆိုတော့ကာ ။ လေ
တိုက်တဲ့အခါ သစ်ပင်ရဲ့အသံက တရှဲရှဲမြည်သဗျ။ အရင် အရွက်များ
စိမ်းလန်းစဉ်အခါကတော့ လေတိုက်ရင် တရှီးရှီး မြည်သပေါ့။ တရွှီး
ရွှီးလို့လည်း ပြောရင်ပြော။ သစ်ပင်အသံပြောင်းပုံများ ပြောပါတယ်။
ဒီနေရာကနေ ကြိုတင် ကတိပေးလိုက်ပါတယ်။ ဒီဇတ်လမ်းမှာ မမြဲ
တဲ့ တရားကို စောင်းမြောင်းပြီးတောင် ပြောမှာ မဟုတ်ပါဘူး။

လေအကြိမ် သုံးလေးဆယ်လောက် တိုက်ခဲ့ပြီးသကာလ ငါ့အိမ်ရှေ့က
သစ်ပင်သည် ကတုံးမ ဆံပင်တုချွတ်သကဲ့သို့ ပြောင်သလင်းခါလေသ
တည်း။ ခွေးနှစ်ကောင်နှင့် ခွေးကျောင်းထွက်သူ လူနှစ်ဦး သစ်ရွက်ကြွေ
တွေအကြား မြူးတူးနေကြလေသတည်း။ အရွက်ခြောက်တွေ သိမ်းရ၊
ရှင်းရတာလည်း တဒုက္ခကွဲ့ တကာမလေးရဲ့။

အသားမပါတဲ့ ငါးအရိုးစုတွေလို အရွက်မရှိတဲ့ သစ်ပင်တွေ ဒီအရပ်မှာ
မဲခြောက်ခြောက်နဲ့ ထောင်နေကြတော့မယ်။ အဲ့သဟာ ဆောင်းရဲ့သရုပ်
ပဲ ဒကာမလေးရဲ့ မှတ်ပလား။ အေးတယ်...အေးတယ်နဲ့ အရက်တော့
သောက်ကောင်းဦးတော့မယ် ။ အပူပေးပြီးသောက်ရတဲ့ ဂျပန်ဆာကေး
ကို “အာစကန်” လို့ခေါ်သကွဲ့ တကာမလေးရဲ့။ လေထဲမှာတော့ သစ်
ရွက်ကြွေတွေ မျောနေတုန်းပဲ။

သစ်ရွက်ကြွေများကို မြင်တဲ့အခါ ငါ့ကို သတိရပါလို့ သေတမ်းစာမှာ
ဘယ်သူရေးခဲ့သလဲ။ ကြွေတာကိုက ဝေတာပဲဟေ့လို့ ဘယ်သူကြွေး
ကြော်ခဲ့သလဲ။ သစ်ရွက်ကြွေတာကို ထိုင်လွမ်းပြီး ဘယ်သူငိုခဲ့သလဲ။
သစ်ရွက်ကြွေတွေအကြား တိုက်ခဲ့တဲ့ စစ်ပွဲတွေ။ ထိုးခဲ့တဲ့ ခေါင်းလောင်း
တွေ။ ဆိုခဲ့တဲ့ သီချင်းတွေ။ ရေးခဲ့တဲ့ စာတွေ၊ ကဗျာတွေ။ အကုန်လုံး လုံ
ခြုံအောင် သိမ်းထားပေးပါ။ သစ်ရွက်ခြောက်တွေသိမ်းတဲ့ အမှိုက်ကား
မကြာခင်ရောက်လာပါတော့မယ်။

ဒီ တမနက်တော့ ရွက်ကြွေတောမှာ မျောခဲ့ရပါပြီ တကာမလေးရယ် ။

 (ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

သက်ဝေ said...

သစ်ရွက်ခြောက်တို့ ကြွေ နွေရာသီကို ရောက်တဲ့အခါ.. ... ... (ဘုန်းဘုန်းက တရားဟောတာကို မသိချင်ယောင်ဆောင်ပြီး သီချင်းဆိုသွားတယ်) :D :D :D

blueskyforest said...

တကာမလေး သက်ဝေ သီချင်းအဆို တယ်ကောင်း သကိုး...သာဓု...သာဓုး)

ABC said...

ဝိုင်အကြောင်းတွေရေး၊ အရက်ချိုအချစ်ခါး သီချင်းတွေအောက်မေ့သတိရ

အင်း .... ဘလူးစကိုင်းတစ်ယောက် အကြွေစောမှာတော့စိုးရိမ်မိသေး ၊

တော်ကြာ ခင်ဗျားရဲ့ ပို.စ်အသစ်တွေဖတ်မရပဲဖြစ်နေဦးမယ်၊

blueskyforest said...

အေဘီစီ၏ စိုးရိမ်မှုအား အသိအမှတ်ပြုပါကြောင်း ။ အကြွေမစောအောင် ရေရောကာ သောက်နေကြောင်း ။