Wednesday, July 7, 2010

မွန်ရွာကြီးကို ရောက်ခဲ့တယ်












ငါက မွန်လူမျိုးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်။ ဒါပေမဲ့ မွန်အကြောင်း
နည်းနည်းပြောမယ်။ ငါ့မှာ မွန်သွေးတမတ်သားပါတယ်။ ဒါကြောင့် အနည်း
အကျဉ်းတော့ ပြောဖို့တာဝန်ရှိတယ်။

မွန်တွေရဲ့ သမိုင်းက ရှည်လျှားတယ်။ သိပ်တော့ မရှုပ်လှဘူး။ မြန်မာပြည်
က လက်ရှိနိုင်ငံရေးပြဿနာတွေ ဖြေရှင်းကြတဲ့အခါ တိုင်းရင်းသားအရေး
ဟာ ရှင်းရအခက်ဆုံးဖြစ်မယ်။ ဒါက အားလုံးသဘောပေါက်ပြီးသား။ တိုင်း
ရင်းသား အရေးဖြေရှင်းကြတဲ့အခါ မွန်နဲ့ရခိုင်က ရှင်းရအခက်ဆုံးဖြစ်လိမ့်
မယ်လို့ ဆိုကြတယ်။ အကြောင်းကတော့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ ရှည်လျှား
တဲ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေ ခိုင်ခိုင်မာမာရှိခဲ့ကြလို့ပဲ။ ထားတော့။

ငါပြောချင်တာ မွန်သမိုင်းမဟုတ်။ ဒီကနေ့မွန်တွေရဲ့ ကိစ္စ။ ဒီကနေ့မွန်တွေ
ဘယ်မှာလဲ။ မွန်တို့ရဲ့ မူရင်းဌာနေ ရာမညမှာတင်မက ကမ္ဘာမှာပြန့်နေကြ
ပြီ။ မြန်မာ ပြည်အပြင်ဘက်မှာဆို ပထမအများဆုံးက ထိုင်း။ ဒုတိယက
မလေးရှား။ နောက် စင်္ကာပူ။ အမေရိကားမှာလည်း ရာနဲ့ချီပြီးရှိနေပြီ။ သြစ
တေးလျှမှာလည်း ရှိနေပြီ။ ဥရောပမှာလည်း ရှိနေပြီ။ ပြည်ပရောက်မွန်
အရည်အတွက်ခန့်မှန်းဖို့ခက်တယ်။ သိန်းနဲ့ချီရှိတာတော့သေချာတယ်။












မွန်တို့ရဲ့ ဒုတိယအိမ်လို့ပြောရင်ရမယ့် ထိုင်းနိုင်ငံက စံခရဘူရီ အရပ်ကို
ဟိုတနေ့ကပဲ ငါရောက်ခဲ့တယ်။ အဲဒီမှာ မွန်ရွာကြီးတရွာရှိတယ်။ ဘုရားသုံး
ဆူနယ်စပ်နဲ့ နီးတယ်။ မွန်မြန်မာစစ်ပွဲတွေနောက်ပိုင်း ထိုင်းဘက်ကို ထွက်
ပြေးလာခဲ့တဲ့ ရှေးမွန်ကြီးတွေက အခြေစချခဲ့တဲ့ အရပ်ပေါ့။

သာယာတယ်။ အေးချမ်းတယ်။ တောင်တွေ၊ တောတွေ ၀ိုင်းထားတဲ့အရပ်။
ဒီဒေသရောက် မွန်တွေဟာ အခုထိသူတို့ ဘာသာစကားကို ထိမ်းထားနိုင်
ကြတုန်း။ ထိုင်းပေါက် မွန်ကလေးတွေလည်း ထိုင်းနိုင်ငံသားတွေဖြစ်ပေမဲ့
အိမ်မှာ မွန်လိုပဲပြောတယ်။ မွန်လိုပဲ ၀တ်ကြ၊ စားကြတယ်။ မွန်ဘုရားကျောင်း
ကိုသွားတယ်။ ဒီအရပ်မှာ ထိုင်းဘုရင်က ကိုးကွယ်တဲ့ မွန်ဘုန်းတော်ကြီး
တပါးရှိခဲ့ဖူးတယ်။ ဒီကိုယ်တော်ကြီးရဲ့  အရှိန်အ၀ါတချို့  အခုချိန်ထိ ကျန်
နေတုန်း။

မွန်တွေဟာ ရှမ်းတွေလိုပဲဗုဒ္ဒဘာသာကို အလွန်ယုံကြည်တယ်။ တိုးတက်တဲ့
နိုင်ငံရေး အမြင်ရှိသူ လူငယ်တချို့ ကတော့ ဒီအချက်ကို အားနည်းချက်လို့
မြင်တယ်။ ဘာသာရေးအစွဲအလန်း သိပ်ကြီးတယ်ပေါ့။ မွန်လူမျိုးတယောက်
ဆီမှာ လူမျိုးရေး၊ နိုင်ငံရေးအတွက် အကူအညီပေးဖို့တောင်းရတာ ခက်သ
လောက် ဘာသာရေးအတွက်ဆို အလွယ်တကူ (သိပ်မစဉ်းစားပဲ) အကူအညီ
ပေးတတ်သတဲ့။

ငါပုဂံကိုရောက်တုန်းက မနူဟာဘုရားကို ရောက်ခဲ့တယ်။ စစ်ရှုံးဘုရင် မနူဟာ
က တည်ထားခဲ့တဲ့ ဘုရား။ သူ့ရဲ့ မွန်းကျပ်မှု၊ ဆုံးရှုံးမှု၊ မကျေမနပ်ဖြစ်မှုတွေကို
အလွယ်တကူမြင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တည်ထားတဲ့ဘုရား။ ပိသုကာ
ပညာ၊ အနုပညာဖန်တီးမှု အားကောင်းတဲ့ဘုရားတဆူပါပဲ။ ဒီဘုရားထဲရောက်
သွားရင် မွန်းကျပ်မှုကိုအလွယ်တကူ ခံစားရတယ်။ စစ်ရှုံးခဲ့ရသူကိုး။












ထိုင်းမြန်မာနယ်စပ်က ဘုရားသုံးဆူဒေသဟာ။ ဘုရားသုံးဆူရှိနေတာကို အစွဲ
ပြုပြီး ခေါ်ကြတာ။ အဲဒီ ဘုရားသုံးဆူဆိုတာကလည်း မွန်မြန်မာစစ်ပွဲကြောင့်
ထွက်ပြေးလာကြသူ စစ်ပြေးဒုက္ခသည်တွေက တည်ထားခဲ့ကြတာတဲ့။

တကယ်တော့ မွန်မြန်မာစစ်ပွဲဟာ ပြီးသွားပြီလို့ပြောရင်လည်း ရတယ်။ မပြီး
သေးဘူးလို့ပြောရင်လည်း ရတယ်။ မွန်ပြည်သစ်ပါတီဆိုတာက စစ်အစိုးရနဲ့
အပစ်ရပ်ထားတယ်ဆိုပေမဲ့ ဆက်ဆံရေးက မခိုင်မာလှဘူး။ လက်နက်လည်း
ချသေးတာ မဟုတ်ဘူး။ ပြည်တွင်းစစ်က မြန်မာပြည်မှာ မပြီးသေးဘူး။

ကရင်ကလည်း ကရင့်အခွင့်အရေး တောင်းနေတုန်း။ ရှမ်းကလည်း ရှမ်းအခွင့်
အရေး တောင်းနေတုန်း။ မွန်ကလည်း မွန်အခွင့်အရေးကို တောင်းနေတုန်း။
တောင်းလို့မရရင် တိုက်မယ်ဆိုတဲ့စိတ်ဓါတ်တွေက ရှိနေကြတုန်း။ ဆိုတော့
ငြိမ်းချမ်းရေးဟာ ဘယ်မှာတုံး။ ပြည်တွင်းစစ်ရဲ့ နိဂုံး ဘယ်တော့ စမှာတုံး။

မွန်ရွာကြီးကိုရောက်တော့ မွန်ကလေးငယ်တယောက်ကို မေးကြည့်တယ်။
မွန်တွေရဲ့ မူရင်းဒေသက ဒီနေရာမဟုတ်ဘူးဆိုတာ သိလားဆိုတော့ သိ
တယ်တဲ့။ ဘယ်မှာလဲဆိုတော့ ဟိုးမြန်မာပြည်မှာတဲ့။ အဲဒီကိုပြန်ပြီး နေချင်
လားဆိုတော့ မသိဘူးတဲ့။ မနေချင်ဘူးတဲ့။ ပြုံးပြုံးလေးပဲ ပြောပါတယ်။

ငါလည်း ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။ မူရင်းဒေသကို တကယ်ပဲ ပြန်ပြီး
နေချင်သေးတုန်းပဲလားလို့။ ပြုံးပြုံးလေးတော့ မဟုတ်ပေမဲ့။ အဖြေချင်းက
တော့ အတူတူပဲ။












အခြေအနေတွေ ပြောင်းလာရင်တော့ အဖြေကလည်း ပြောင်းလာမယ်လို့
ထင်ရတယ်။ ခက်တာက အခြေအနေတွေ ပြောင်းလာဖို့ပဲ။ မိတ်ဆွေတို့ရော
ဘယ့်နဲ့လဲ။ တကယ်ပဲမူရင်းအရပ်ကို ပြန်ချင်နေကြသေးလား။

မွန်အကြောင်းရေးတာ နိုင်ငံရေးတွေ များသွားတယ်။ နိုင်ငံရေးဆို မျက်စိကျိန်း
နေသူများ သည်းခံပြီးသာဖတ်ကြပါကုန်။

( ဓါတ်ပုံတွေကတော့ ငါ့ဟာတွေချည်းပဲ )

11 comments:

khin oo may said...

တို့လဲ မွန်သွေးပါတယ်တဲ့ အဖွားကမွန်စပ်တယ်ပြောတယ်။ မွန်တွေ ကချောသတဲ့။

(နိုင်ငံရေးမပါ)

(ငါ့အကြောင်းကြီးဘဲ.)
ပုံ..
ငါ။

Moe Cho Thinn said...

မျက်စိမကျိန်းပါဘူး။ ဖတ်ရတာ ကောင်းတယ်။ တကယ်တော့ တို့တွေဟာ တိုင်းရင်းသား မောင်နှမတွေပါပဲ။ တို့လဲ ရှမ်းသွေးတမတ် ပါတယ်။

ko 9 said...

တို့ကတော့ငါးမူးဖိုးပါတယ်။

ThuHninSee said...

ငါးမူးသားပါတယ်။

Anonymous said...

တစ်ပြားမှ မပါဘူး... :(


sdl

ကူးလွေ့ said...

မွန်ရွာကြီးကို လာလည်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ်ပြန်နေဖို့ အသင့်။း)

ကလူသစ် said...

(((( ဟေး.... တပြားသားမှ မပါဘူးကွ )))))

ဒါဆို အခွင့်အရေးတောင်းဖို့ အခွင့်အရေးမရှိသလိုကြီးဖြစ်နေပါလား :( ။

ကိစ္စတော့ မရှိဘူး။ တရုတ်သွေးတော့ တမတ်သားလောက်ပါတယ်။ အခွင့်အရေးတော့ တောင်းမနေတော့ဘူး။ မကြာခင် တပြည်လုံးသိမ်းတော့မှာပဲဟာ။ :P

သက်ဝေ said...

မျက်စိ မကျိန်းပါ... အခြေအနေတွေ ပြောင်းလာရင်တော့ အဖြေကလည်း ပြောင်းလာမယ်လို့ ထင်ရတယ်။
ခက်တာက ...
ခက်တာက ...
ခက်တာက ... ... ...

ဝရဇိန်သတင်းအေဂျင်စီ said...

တို့က ငါးမူးဟေ့

ခရစ္စတလ် said...

မွန်သွေး ငါးမူးလောက်ပါပြီး၊ ဟံသာဝတီသူလည်း ဖြစ်ပါတယ်။

ဘုရင့်နောင်မင်းတရားက ထိုင်းကို နယ်နိမိတ် ခွဲပေးခဲ့တုန်းက မွန်ရွာ ဆယ့်တစ်ရွာ ထိုင်းဘက်ကို ပါလာသတဲ့။

ဗိုလ်ချုပ်ကလည်း ထိုင်းဟာ မြန်မာတို့ရဲ့ ဒုတိယအိမ်လို့ ဆိုခဲဖူးတယ်။

အနော်ရထာနဲ့ မနူဟာမင်းတို့ ဆက်ဆံရေးကို ဝတ္ထုဖတ်ဖူးတယ်၊ ဝမ်းနည်းစရာပေါ့။

Anonymous said...

ငါကတော့မြန်မာစစ်စစ်လို့ အဘိုးအဘွားကတော့ပြောတယ်
မြန်မာပြည်မှာနေခဲ့တယ်ဝေ့
တိုင်းရင်းသားတွေနဲ့မပတ်သတ်ခဲ့ဖူးဘူးဝေ့ (ကောင်းတာကော ဆိုးတာကော)
ငါ့လိုလူတွေအများကြီးပဲဝေ့တို့ရွာမှာ
တို့ကတော့ဘယ်သူနဲ့ဖြစ်ဖြစ်အဆင်ပြေချင်တယ်ဝေ့
ဘယ်သူ့ဆီကမှလည်း အလကားပဲဖြစ်ဖြစ်/အနိုင်ကျင့်ပြီးတော့ဖြစ်ဖြစ် ဘာမှမရဖူးဘူးဝေ့
ကိုယ့်လုပ်မှကိုယ်စားရမှာဖြစ်လို့ ဘယ်သူကိုမှမကြောက်ဘူးဝေ့
(သေနတ်တော့ကြောက်တယ်)