Tuesday, February 28, 2012

ဦးရီးဒေါ်များနေ့




















ယဉ်ကျေးမှုဆိုတာက ကူးဆက်တတ်တဲ့အရာ ။ မြင့်ရာက နိမ့်ရာကို စီး
ဆင်းတတ်တဲ့အရာ ။ အားများရာက အားနည်းရာဆီ ပြန့်နှံ့တတ်တဲ့အရာ ။
မြန်မာပြည်မှာ အခုဆယ်စုနှစ်တွေအတွင်း ဟိုနေ့ဒီနေ့တွေ တိုးသထက်
တိုးပြီး ဖြစ်ထွန်းလာနေတယ်။ ကိုယ်ပိုင်ဖန်တီးတဲ့နေ့တွေထက် သူများဆီက
ယူသုံးတဲ့နေ့တွေက ပိုများတယ်။ ကောင်းသလား ၊ မကောင်းသလားတော့
မသိပါ။ တိုးရင် တိုးတယ်လို့ပဲ မှတ်ကြပါစို့ရဲ့။

အမေနေ့ဆိုတာ မြန်မာပြည်မှာ အရင်က မရှိ။ အခုတော့ ဦးသုခ ကောင်းမှု
ကြောင့် ရှိလာပြီ။ အမေနဲ့တင် ရပ်လို့မဖြစ်နိုင်။ အဖေနေ့ဆိုတာလည်း ရှိလာ
နေပြီ။ ဧရာဝတီဘလော့သတင်းအရ မန္တလေးမှာအဖေနေ့ကျင်းပလာတာ
လေးကြိမ်တောင်ရှိပြီဆိုပဲ။ သီတဂူဆရာတော်ရဲ့ ကောင်းမှုပါတဲ့။ အဖေ၊
အမေနဲ့တင် ရပ်နေကြတော့မှာလား။ ဘ၀မှာ ဦးလေးနဲ့ အဒေါ်များရဲ့အခန်း
ကဏ္ဍကလည်း အင်မတန်မှ အရေးပါလှတယ်။ သူတို့ကိုလည်း မေ့မထားကြ
ပါနဲ့။

အဖေနဲ့အမေတို့ မရှိခိုက် ဦးလေးနဲ့အဒေါ်များက မိဘနေရာမှာ တာဝန်ယူ
ကြတာကလား။ သူတို့ကိုလည်း အသိအမှတ်ပြုလေမှ တော်ခါကျပေမပေါ့။
လွှတ်တော်ကိုယ်စားလှယ်ကြီးများ အလုပ်မဖြစ်တာတွေ ဆွေးနွေးနေမယ့်
အစား ဦးရီးဒေါ်များနေ့ကို လက်ခံကျင်းပသင့် မသင့် ဆွေးနွေးကြသော်
မကောင်းလော။

မိခင်နေ့၊ ဖခင်နေ့ဆိုတာတွေကလည်း နိုင်ငံတခုနဲ့တခု သတ်မှတ်တဲ့ရက်တွေ
မတူကြ။ အစိုးရတွေကတော့ မိဖင်ဖခင်နေ့တွေကို တရားဝင် အားလပ်ရက်
အဖြစ် မသတ်မှတ်ကြပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆင်နွှဲကြတဲ့နေ့တွေပါပဲ။
မြန်မာပြည်အပါအ၀င် အချို့နိုင်ငံများက မိနေ့ဖနေ့တွေကို ဘာသာရေးနဲ့ ရော
ချင်ကြပါတယ်။ ( မရောလည်း ရသားနဲ့ ) ဘာပဲပြောပြော မိဘဆွေမျိုးတွေကို
တန်ဘိုးထား အသိအမှတ်ပြုကြတာ ကောင်းတဲ့ကိစ္စပါ။

ဟိုနေ့၊ ဒီနေ့တွေများလာတော့ ဟိုနေ့အတွက် ဟိုလက်ဆောင်၊ ဒီနေ့အတွက်
ဒီလက်ဆောင်ဆိုတာတွေလည်း ရှိလာရသပေါ့။ ဈေးကွက်အသစ်တွေ ဖြစ်လာ
ရသပေါ့။ ဟိုအခန်းအနား၊ ဒီအခန်းအနားတွေလည်း တိုးလာလို့ ပျော်ရာပျော်
ကြောင်းတွေ များလာရသပေါ့။ ဒါလည်း ကောင်းတာပါပဲ။ လူတွေ ဆုံဖြစ်၊တွေ့
ဖြစ်ကြတာပေါ့။ အနည်းဆုံး အွန်လိုင်းအခန်းအနားလေးတွေ လုပ်ဖြစ်လာကြ
တာပေါ့။ ကောင်းပါတယ်။

ဝမ်းနည်းဖွယ်အထိမ်းအမှတ်နေ့တွေ တိုးလာတာတော့ မကောင်းပါဘူး။ ဒါပေမဲ့
လည်း အဲ့ဒီနေ့တတွေက တိုးချင်လို့ တိုးလာတဲ့နေ့တွေ မဟုတ်ကြဘူးဆိုတော့
လက်ခံရလိမ့်မယ်။ ထူးခြားတဲ့အဖြစ်အပျက်တွေရှိခဲ့တာကို မေ့မေ့ပျောက်ပျောက်
ဖြစ်အောင် ပစ်ထားမယ့်အစား၊ အမှတ်ရနေအောင်၊ သတိပြုမိနေအောင် အထိမ်း
အမှတ်နေ့တွေထားပြီး ကျင်းပတာ ကောင်းတယ်လို့ဆိုရမယ်။

ပြောချင်တာကတော့ ဦးဦးဒေါ်ဒေါ်ကိုကိုမမများကိုလည်း ပစ်မထားကြပါနဲ့ဆိုတာ
ပါပဲ။ သူတို့အတွက် နေ့ထူးနေ့မြတ်တွေသတ်မှတ်ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါ
ဦး။ သူငယ်ချင်းများနေ့။ မောင်နှမ၀မ်းကွဲများနေ့။ ဆရာ၊ဆရာမများနေ့။ လုပ်ဖေါ်
ကိုင်ဖက်များနေ့။ မျက်မှန်းတန်းမိသူများနေ့။ မေးထူးခေါ်ပြောပုဂ္ဂိုလ်များနေ့။ မုန်းသူ
များနေ့။ မသိချင်ယောင်ဆောင်နေသူများနေ့။ မချစ်ပဲနဲ့အောင့်ခါနမ်းရသူများနေ့။
စသဖြင့် နေ့သစ်ရက်သစ်တွေလည်း ထပ်ပြီး တိုးမလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။
လူတွေများ ပြောပါတယ်။ ကြံကြံ ဖန်ဖန် ။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

pandora said...

မကောင်းတတ်လို့ မှတ်ချက်ပေးသူများနေ့ ၊ ဘာပဲရေးရေး like သူ များ နေ့။ (ဘလော့ဂ်၊ ဖေ့စ်ဘွတ်ခ် ထဲ ပြောပါတယ်)

blueskyforest said...

ပန်ဒိုရာကတော့ အမှန်တွေပြောကုန်ပြီ ။ လူမှုရေးအရ လိမ်ရ၊ ညာရတာကို ယဉ်ကျေးတယ်လို့ ခေါ်ကြသကွဲ့။း)

TML said...

ကျေးဇူကိုသိတတ်ခြင်းဟာMingarတပါးပါ။ ကျေးဇူးမဆပ်နိုင်ရင်တောင်ကျေးဇူးမကမ်းမိအောင် ကြိုးစားနေသူ....
I love the pic.. btw