Thursday, February 2, 2012

အိမ်ထောင်ရေးအခြေအနေ သတင်းပေးပို့ချက်
















ဘ၀မှာ မထင်မှတ်တာတွေ မကြာခဏဖြစ်တတ်တယ်။ အမှတ်
မထင်ဖြစ်ရပ်ကြောင့် ဘ၀မှာ အချိုးအကွေ့အပြောင်းအလဲတွေ
လည်း ကြုံရတတ်တယ်။ ထင်တာထက်ဆိုးတာတွေ ကြုံရသလို
ပိုကောင်းတာတွေလည်း ကြုံရတယ်။

အမှတ်မထင်ကြုံလာရတဲ့အဖြစ်ကို မဖြစ်မနေ ရင်ဆိုင်ရတဲ့အခါ
ခြံတခုထဲမှာ နွားရိုင်းတကောင်နဲ့ နေထိုင်ရသလိုမျိုး နှစ်ဦးနှစ်ဖက်
ယဉ်ပါးလာအောင် ကြိုးစာရတယ်။ အဆင်မပြေရင် လူက နွားရဲ့
အခွေ့ကို ခံရနိုင်သလို လူလက်ချက်နဲ့ နွားက အမဲသားဖြစ်သွား
နိုင်တယ်။ အဆင်ပြေရင်တော့ နဖါးကြိုးအထိုးခံတဲ့အထိ၊ ကောက်
ရိုးရိတ်ပြီးကြွေးမွေးတဲ့အထိ ဆက်ဆံရေးက ဆိုပြေနိုင်တယ်။

အိမ်ထောင်ရေးကိစ္စလည်းဒီလိုပဲ။ အထူးသဖြင့် မထင်မှတ်ပဲ အိမ်
ထောင်ကျသူတွေ အစ ပထမ ကာလတွေမှာ အိုးနင်းခွက်နင်းဖြစ်
တတ်တယ်။ အို့တို့အန်းတန်း၊ ရှို့တို့ရှန်းတန်း၊ ရှက်ကိုးရှက်ကန်း
ဖြစ်တတ်တယ်။ အဆင်မပြေရင် အစပိုင်းမှာတင် ပေါင်းသလိုလိုနဲ့
ကွဲကြလေသတည်းဖြစ်ကရော။

မြန်မာ့နိုင်ငံရေးကိုကြည့်ပါ ။ အခုကာလက ရှို့တို့ရှန်းတန်းကာလ
မဟုတ်ပါလော။ ဒီမိုကရေစီသမားကို စိစိညက်ညက်ခြေခဲ့တဲ့ စစ်
အာဏာရှင်တဖြစ်လဲ ခေါင်းပေါင်းစွပ် အရပ်သားအစိုးရနဲ့ စစ်အာ
ဏာရှင်ဆန့်ကျင်ရေးကို မချိမဆန့်အော်ခဲ့ကြတဲ့ ဒီမိုကရေစီသမား
များ လက်ထပ်ပေါင်းသင်းပြီး နှစ်ကိုယ့်တဘ၀ လုပ်ကြတော့မယ့်
ကာလ အခါသမယ မဟုတ်ပေလော။ ရှက်လည်းရှက်ပါတယ်၊
မရှက်လည်း မရှက်နိုင်ပေါင် ကာလကြီး မဟုတ်ပါလော။

နှစ်ဘက်အမူအရာတွေကို ကြည့်ကြဦးစို့။ တဦးကိုတဦး မယုံတ၀က်
ယုံတ၀က်။ လိုလိုလားလားကြီးလည်း မဟုတ်။ မလိုမလားလည်း
မဟုတ်။ မပေါင်းချင်သလို ပေါင်းချင်သလို။ မပြုံးချင်သလို ပြုံးချင်
သလို။ ဒီမိုကရေစီသမားကလည်း ဒဏ်ရာနဲ့သူမို့ မဲ့ပြုံးလေးတွေ
ခနဲ့ပြုံးလေးတွေနဲ့ဆိုပေမဲ့  အာဏာရှင်ဟောင်းတွေနား ကပ်လား
သီလားလုပ်လာနေတာကပဲ ဟုတ်တုတ်တုတ်လို့ ဆိုရမယ်။ ပေါင်း
ကာမှ အဆင်ပြေမှာကိုး။ ခွါနေရင် ကွာနေတာကလွဲပြီး အလုပ်မှ
မဖြစ်ခဲ့လေပဲ။

အာဏာရှင်လူထွက်ကလည်း သူပိုင်တဲ့ပစ္စည်း ဆင်းရဲသားတွေကို
ခွဲပေးရသလို။ မရက်ရောတာ လူအမြင်ခံလို့။ တွန့်ဆုတ် တွန့်ဆုတ်၊
မထိတထိနဲ့။ မတူသလို မတန်သလို။ တင်တင်စီးစီး။ လေသံက မာ
လိုက်သေး။ စည်းကမ်းက များလိုက်သေး။ ကျေးဇူးလည်းအတင်
ခံချင်လိုက်သေး။ အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်လည်း တက်
ပြချင်လိုက်သေး။ ဘာပဲပြောပြော သူ့ဘက်က အိမ်ထောင်ပြုဖို့ဆုံး
ဖြတ်လာတာပဲ ဟုတ်လှပြီလို့ မှတ်ပါရဲ့။ သူ့အတွက်လည်း ဒီမိုက
ရေစီနဲ့ပေါင်းကာမှ ကမ္ဘာ့အလည်မှာ ကောင်းရာကျတော့မှာ မဟုတ်
လား။

တိုင်းရင်းသားတွေနဲ့ဆက်ဆံရေးလည်း ဘာထူးသလဲ။ ကမန်းကတန်း
အိမ်ထောင်ထပြုကြတဲ့ စုံတွဲများလို။ ညှိနှိုင်းရေးတွေ ရုတ်တရက် ထလုပ်။
သဘောတွေ ထတူ။ အပစ်တွေ ကမန်းကတန်းရပ်။ ရှေးကထက် ပိုချစ်
ကြမယ် ပြောလိုပြော။ အိုးနင်းခွက်နင်း အဆင်တွေပြေလို့။ စစ်တတလင်း
ပြင်တွေကို စီးပွါးရေးဈေးကွက်ကြီးတွေ လုပ်မလို့တဲ့။ ဘိန်းခင်းတွေကို
နှင်းဆီခင်းအဖြစ် ပြောင်းမလို့တဲ့။ သူသေကိုယ်သေပစ်ခဲ့တာတွေကို
ညစာအတူစားရင်း ပုံပြင်လိုပြောနေ ပြုံးနေကြလေပြီ။

ဒီလိုနဲ့ပဲ လူနဲ့နွားရိုင်း အဆင်ပြေကြသလို မြန်မာနိုင်ငံရဲ့အိမ်ထောင်ရေး
ပျော်ရွှင်စွာ ပေါင်းသင်းကြလေသတည်းလို့ နိဂုံးချုပ်စေချင်ပါတယ်။ တိုင်း
ပြည်မှာ ကခဲ့တဲ့ဇတ်က အိမ်ကြက်ချင်းအိုးမဲသုတ်ဇတ်ဆိုတော့ ဇတ်သိပ်
နာလွန်းတယ်။ ပရိတ်သတ်ကလည်း စိတ်ညစ်။ သရုပ်ဆောင်လည်း ခြေ
ကုန်လက်ပန်းကျ။ ဇတ်ဆရာလည်း နာမည်ကောင်း မရ။

ဇတ်ပွဲမှာ အမြတ်ထွက်သူကတော့ ယာလည်းညက်၊ ကြက်လည်းမော
သီချင်းကိုဆိုနေသူ အိမ်ဘေးက ပေါက်ဖေါ်ကြီးပါပဲ။ အခုတော့ ကြက်
အမော၊ ယာအညက်ကိုစောင့်နေသူ ပေါက်ဖေါ်ကြီး သီချင်းအဆိုရပ်နေ
ပြီ။ ကြက်ကိုပဲ ရသွားသလား။ ယာကိုပဲ သိမ်းခဲ့သလား။ နေပြည်တော်မှာ
တော့ စစ်အာဏာရှင်တွေ မုန်းတီးခဲ့တဲ့ အနောက်တိုင်းသားများ ၀င်ချီ
ထွက်ချီနဲ့ ခြေရှုပ်လို့နေလေပြီ။

မြန်မာပြည်ရဲ့အိမ်ထောင်ရေး ခိုင်ခိုင်မြဲမြဲနဲ့ ပျော်ပါစေသတည်း ပျော်စေ
သတည်း။

(ရုပ်ပုံ ၊ ဂူဂယ်)

1 comment:

Tin said...

ခင်ဗျား တို့ ကလည်း ဗျာ၊ မတွေ့ဆုံပြန်တော့လည်း တွေ့ဆုံရေးမလုပ်လို့၊ တွေ့ဆုံပြန်တော့လည်း ဟော အကြည်ဆိုက်နေပြီ လို့ပြောလို့ပြော၊
စစ်တွေဖြစ်နေတော့လည်း စစ်ဖြစ်လို့၊ စစ်ရပ်အောင်လုပ်ပြန်တော့လည်း စစ်ကိုချက်ချင်းရပ်အောင်လုပ်ပြန်ပြီလို့ပြောလို့ပြော၊
အပြောကိုမလွတ်ဘူး။ ဒီလို အမြဲတမ်း အပြစ်တင်နေရတာကို ဒီမိုကရေစီ လို့ ထင်နေရင်တော့ အင်း... ရင်လေးပါသေးတယ်။