Saturday, April 2, 2011

တယောက်ယောက် ကျန်ခဲ့တဲ့ မှတ်စု













လူတယောက်မှာ အနည်းဆုံး နာမည်တလုံးတော့ ရှိဖို့လိုတယ်။ သေနပ်တလက် မရှိရင်နေ
ဂုဏ်သိက္ခာ နှစ်ပိသာခွဲ မရှိရင်နေ အကြွေးကဒ်ပြား (အနည်းဆုံး) တချပ်တော့ ရှိထားမှ ။
တရားမထိုင်တတ်ရင်နေ၊ မွေ့ယာကောင်းကောင်း မရှိရင်နေ ပေါချောင်ကောင်း အိပ်ဆေး
တဘူးလောက် ရှိထားမှ။ အမှန်အတိုင်း မပြောရင်တောင်မှ ညာမနေရင် ပြီးရောဆိုသူများ။
မချမ်းသာရင်နေ မဆင်းရဲရင် ပြီးရောဆိုသူများ။ အငယ်အနှောင်းထားတာကို ဖွင့်ပြောဖို့
လိုသလား၊ အခြေအနေပေးလို့ ဖေါက်ပြန်တာ ဆန်းသလား ဆိုတဲ့မေးခွန်းများ။ သူလိုငါလို
တီးလုံးတွေနဲ့ အပျင်းပြေအောင် နေတတ်ခဲ့ပါပြီ။

အရက်ကလေးတထွေထွေနဲ့ ဘာသာရေးအကြောင်း ကောင်းကောင်းဆွေးနွေးခဲ့ဖူးတယ်။
ကြက်သုံးကောင်ကို လည်ပင်းလှီးပြီး သတ်ဖူးတယ်။ အပြာကားတွေ မိုးအလင်းထိုင်ကြည့်
ဖူးတယ်။ မိဘမေတ္တာအကြောင်း မိဘမေတ္တာလက်ဘက်ရည်ဆိုင်မှာ အငြင်းအခုံ လုပ်ဖူးတယ်။
ခွေးနှစ်ကောင် မွေးဖူးတယ်။ သူများပစ္စည်း ခိုးဖူးတယ်။ သီချင်းကောင်းကောင်း မဆိုတတ်ရင်
နေ သီချင်းကောင်းကောင်း နားထောင်တတ်ရင်ပဲ နင်ဟာ လူယဉ်ကျေးဖြစ်ပြီ။

ဖဲရှုံးတဲ့ညက အိမ်အပြန် ဟောင်တဲ့ခွေးကို ခဲနဲ့ပေါက်တာ မထိလို့ ဒေါသထွက်ရတယ်။ ကံ
ဆိုးတယ်ဆိုတာ အလုပ်မရှိလို့ လိုက်ရှာရတာ။ ကံကောင်းတယ်ဆိုတာက အလုပ်က ကိုယ့်
ကို လိုက်ရှာနေတာ။ ပန်းပင်တွေနားက ဖြတ်သွားလို့မှ လှတာကို သတိမထားမိရင်၊ ည
ရောက်လို့ ကောင်းကင်မှာ လ ရှိ မရှိ မသိရင်၊ ဘ၀မှာနေပျော်ဖို့ကံ နည်းရှာတယ်လို့မှတ်။

အကြွေးလည်း အတန်အသင့် ရှိမယ်။ မကျေနပ်စိတ်လည်း အတိုင်းအတာတခုထိ ရှိ
မယ်။ အလေးအနက်မဟုတ်ပေမဲ့လည်း ခင်တယ်လို့ပြောရင်ရမယ့် မိတ်ဆွေတချို့ရှိမယ်။
ရာသီအကူးအပြောင်းမှာ တော်ယုံတန်ယုံ နေမကောင်းဖြစ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသ
ဖို့ ဆေးမြီးတိုတချို့ လည်းသိထားမယ်။ ၀င်ငွေလည်း အတန်အသင့်ရှိမယ်ဆိုရင်။ အိမ်ထောင်
ပြုလို့ ရပါတယ်။

ပျင်းတဲ့အခါမှာ တောင်ငေးမြောက်ငေးနဲ့ ဒူးလှုပ်ပေါင်လှုပ် လုပ်နေရင်ကိုပဲ အဆင်ပြေပါတယ်။
ဆေးလိပ်တော့ ဖြတ်လိုက်ပြီ။ ဇက်ကျောတော့ မကြာခဏတက်နေတုန်းပဲ။ ၀မ်းမှန်မှန်သွားဖို့
ဂရုစိုက်နေပါတယ်။ မိုးရွာတဲ့အခါ ရွာကိုသတိရတယ်။ နေသာတဲ့အခါ သာယာဝတီကိုသွားမယ်။
လမိုက်တဲ့ညမှာ မိုက်တွင်း ဘယ်လောက်နက်သလဲ စမ်းကြည့်မယ်လို့ စိတ်ကူးထားတယ်။

ဗေဒင် မမေးပေမဲ့ အိမ်မှာဆန်ကုန်နေပြီ။ အသက်ကလည်း စကားပြောလာပြီ။ အပျော်စီး
သင်္ဘော မှောက်တဲ့အခါ။ မင်္ဂလာဆောင် ပျက်တဲ့အခါ။ ဆေးမှားသောက်တဲ့အခါ။ ဂုဏ်ထူး
မရနိုင်လို့ အဖြေလွှာကို ဖြဲတဲ့အခါ။ ကော်ဖီခွက်ထဲ ဆားတွေရောက်နေတဲ့အခါ။ ကဗျာဆရာ
သေဆုံးတဲ့အခါ။ ဒီစာကို ဒီမှာပဲ ရပ်ထားလိုက်တဲ့အခါ။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

ကလူသစ် said...

ရပ်ခါမှပဲ လူလဲ ဖတ်ရတာ မူးနေပြီ။

သက်ဝေ said...

တကယ် ဒန်တဲ့ စာ............း))