Sunday, November 13, 2011

ရမ်းရေး မှန်းရေး နိုင်ငံရေး














တကယ်တော့ အကုန်လုံး မှန်းတုတ်နေကြတာ။ ဘယ်ဟာက ဘာမှန်း သိ
လှတာ မဟုတ်ဘူး။ ဟုတ်နိုးနိုးနဲ့ သွေးတိုးစမ်းပြီး ကြိုးတန်းလမ်းလျှောက်
ခရီးဆက်နေရတာပါ။ မြန်မာ့နိုင်ငံရေးက အဲသလို။ ဒေါ်စုလည်း ဦးသိန်းစိန်
အကြောင်း သိလှတာ မဟုတ်ဘူး။ ဒကာစိန်ကလည်း ဒေါ်စုအထာသိပ်နား
လည်တာ မဟုတ်ဘူး။

ကာယကံရှင်တွေတောင်မှ စမ်းတ၀ါးဝါးနဲ့ သတိလေးကပ်ပြီး ခရီးဆက်နိုင်
အောင် မနည်းအားထုတ်နေကြရတာပါ။ ဒီအဖြစ်ကိုကြည့်ပြီး အဝေးကနေ
ကမ်းမမြင်လမ်းမမြင် ရမ်းသမ်းပြီး ဝေဖန်ကြသူတွေကလည်း တမှောက်။
သူတို့ကလည်း မမြင်သာ မမြင်တာ အတည်ပေါက်နဲ့ လှမ်းဟောက်လို
ဟောက်။ ငေါက်လို ငေါက်။ ကြိုးတမ်းပေါ်လမ်းလျှောက်ရသူကို ကူညီရာ
မရောက်ပဲ ပြုတ်ကျအောင် လုပ်သလိုဖြစ်နေပြီ။ စေတနာနဲ့အကြံပေးတာ
မျိုးလုပ်ကြပါ။ ပွဲပျက်အောင် မဆူကြပါနဲ့။ အလိုလိုကမှ စစ်တပ်က အာဏာ
သိမ်းချင်နေရတဲ့အထဲ။

ဒကာစိန်မှာ လမ်းပြမြေပုံပါတယ်ဆိုပေမဲ့ မြေပုံပဲပါတာ။ သံလိုက်အိမ်မြှောင်
မပါဘူး။ ဒေါ်စုက သံလိုက်အိမ်မြှောင်တော့ ရှိပါရဲ့ မြေပုံမရှိပြန်ဘူး။ ဘယ်
အချိန် ဘာဖြစ်မယ် သိတာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ စမ်းတ၀ါးဝါးနဲ့
ပူးပေါင်းပြီး ကောင်းအောင် တည်ဆောက်ယူရတဲ့ အရာမျိုးပ။ ဒီလိုနဲ့ စေ့စပ်
ရေး၊ ငြိမ်းချမ်းရေးတွေ လုပ်ယူရတာပ။ ယုံကြည်မှုကို ရအောင် ကြိုးပမ်းရ
တာပ။

ရန်သူအဆင့်ကနေ မိတ်ဆွေဖြစ်ရေး ကြိုးပမ်းနေကြတဲ့ကာလ။ တယောက်
နဲ့ တယောက် ရာနှုန်းပြည့်ယုံကြတာ မဟုတ်ဘူး။ ယုံရတာလည်း မဟုတ်ဘူး။
ဝှက်ဖဲတွေက ဘာတွေမှန်း သိကြတာမဟုတ်ဘူး။ သီချင်းတပုဒ် စပ်သလို။
ဟင်းတခွက် ချက်သလို။ အရသာကောင်းထွက်အောင် သတိလေးထားပြီး
အစပ်အဟပ်ကို ထည့်နေရတာ။ အနုပညာတခုကို ဖန်တီးနေရတာ။ နိုင်ငံ
တော်သစ်တခုကို ထူထောင်ဖို့ ပြင်ဆင်နေရတာ။ ဒီအတွက်ပေးထားရတဲ့
အသက်တွေလည်း သိတဲ့အတိုင်းပဲ။ ပျက်ထားရတဲ့ ဘ၀တွေလည်း သိတဲ့
အတိုင်းပဲ။ မနည်း မနော။

သူတို့တွေက ခေါင်းဆောင်တွေပဲ သူ့အလုပ်သူလုပ်ဆိုပြီး လွှတ်ထားလို့
လည်း မဖြစ်ပြန်ဘူး။ ကိုယ့်အလုပ်က အခုချိန်မှာ ဘာလဲဆိုတာလည်း သိ
ဦးမှ။ အရင်ကတော့ အရင်အခြေအနေတွေအရ “ဆန္ဒ ဆန္ဒ ပြ ပြ” ဆိုပေမဲ့
အခု အခြေအနေအရ အဲဒီသီချင်းပဲ ထဆိုနေလို့ ဖြစ် မဖြစ် စဉ်းစားကြဦး ။
ဟန်ချက်ရဖို့ ကြိုးစားနေချိန်မှာ အာရုံပျက်အောင် မလုပ်မိစေနဲ့။ ကိုယ့်
အလုပ် ကိုယ်သိ။ ပိုကောင်းအောင်လုပ်။ အနှောက်အယှက် မဖြစ်စေနဲ့။

မင်းသမီးနဲ့ မင်းသား နှစ်ပါးသွားကတုန်းမှာ ဆိုင်းသမားကလည်း ကလို့
ကောင်းအောင် တီးပေးနိုင်ပါမှ။ မီးသမားကလည်း ထိုးပေးနိုင်ပါမှ။ အဆို
သမားကလည်း ဟဲပေးနိုင်ပါမှ။ ပရိတ်သတ်ကလည်း လက်ခုတ်တီးပေး
နိုင်ပါမှ။ ဒီလိုလုပ်တဲ့ကြားက စွန်အောင် မကနိုင်ဘူးဆိုရင်တော့ ပြောင်း
ဖူးရိုးနဲ့ ကောက်ထုတာမျိုးတော့ ဖြစ်ကောင်းဖြစ်လာနိုင်သပေါ့လေ။

တရုတ်ကလည်း သူ့အကြံနဲ့သူ။ အမေရိကန်ကလည်း သူ့အကွက်နဲ့သူ။
အာစီယံကလည်း သူအဆင်နဲ့ သူ။ အိန္ဒိယကလည်း သူ့အမြင်နဲ့ သူ။
မြန်မာ့တပ်မတော်ကလည်း သူ့အထာနဲ့သူ။ ဖြစ်လာတဲ့ တေးသွားပေါ်မှာ
ညီညွတ်မျှတ လှပအောင် စမ်းတ၀ါးဝါးနဲ့ကနေကြတယ်။ ဇတ်သိမ်းကို
ဘယ်သူမှ သိတာမဟုတ်ဘူး။ ကိုယ်တွက်သလို ဖြစ် မဖြစ် ဘယ်သူမှ
အပိုင်မသိဘူး။ မြန်မာ့နိုင်ငံရေး ဇတ်ခုံမှာ ရင်ကွဲနာကျခန်းတွေ များလှပြီ။
မိသားစုတွေ ပြန်ဆုံခန်း။ ချစ်ခန်းကြိုက်ခန်း။ သားရွှေအိုးထမ်းခန်းတွေ
မြင်ချင်လှပြီ။

လောလောဆယ်တော့ ရမ်းတုတ်၊ မှန်းတုတ်ချင်း အတူတူ။ ငါပိုသိသဟဲ့
ဆိုပြီး စွာကျယ် စွာကျယ် မလုပ်ကြနဲ့။ စေတနာနဲ့ သတိပေးတယ်ဆိုလည်း
ဖေးဖေးမမလေး လုပ်ကြပါ။ ဖေးဖေးမမလေး စဉ်းစားကြ။ ဖေးဖေးမမလေး
ဆက်ဆံကြ။ နင်ရော ငါရော တတိုင်းပြည်လုံးက အတွင်းလူနာ ဖြစ်နေတာ
ကြာပြီ။

(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

ABC said...

မှန်ပါ့ဘုရား

အရှင်ဘုရားဟောတာအကုန်မှန်ပါတယ်၊

ညီမလေး said...

အေးလေ ... ခက်တယ်ဗျာ နော် ...

Anonymous said...

ကြိုက်သွားပြီ

Hmoo said...

မိုက်တယ်ဗျိုး၊ဒကာစိန်ကတော့မြေပုံမှားယူလာမိလို့ ဘယ်မှမရောက်ဘဲတိုင်ပတ်နေတယ်၊
သူထဲ့ လာတာကမြို့ ပါတ်ရထားမြေပုံ၊
ဘယ်သူလည်း ထဲ့ ပေးလိုက်လဲမသိဘူး.. :)

ကိုပေါ said...

ဒေါ်စု အိမ်မြှောင်ကလည်း စုတ်ထိုးရုံမျှသာ အသုံးချခံနေရပုံပဲ။း-)

Anonymous said...

ဒကာစိန်လက်ထဲ မြို့ပတ်မြေပုံထည့်ပေးလိုက်တာ ဘယ်သူရှိရမှာလဲ Hmoo ရယ်။ ခေါင်းကိုင်ကြီး ဒကာသန်းပေါ့။