Tuesday, June 1, 2010

ပျင်းရတာ ပျော်တဲ့အကြောင်း
















မပျင်းရတာ ကြာပြီ။ အလုပ်တွေရှုပ်တာက တရက်လည်းမဟုတ်၊ နှစ်ရက်လည်း
မဟုတ်။ တပါတ်လည်းမဟုတ်၊ နှစ်ပါတ်လည်းမဟုတ်။ ပျင်းချိန်တောင်မှ မရ။
ငါ့မှာ သနားစရာ။ ပျင်းခဲ့ရတဲ့အချိန်တွေကို တမ်းတမိ။ လွတ်လပ်စွာ ပျင်းခွင့်ရ
ခြင်းဟာလည်း မင်္ဂလာတပါးပဲပ။

အလုပ်ကခွင့်ယူပြီး နားတာတောင် ဟိုသွား၊ဒီသွားနဲ့ မအားရ။ နားတဲ့ရက်တွေမှာ
ဟိုကိစ္စ၊ ဒီကိစ္စကလည်း အများသား။ ဟိုကိုသွားပြီး ပျော်ရ၊ ဒီမှာလာပြီး ပျော်ရနဲ့
ပျော်စရာတွေက ပျင်းဖို့ကောင်းလာ။ ပျော်အောင်လုပ်ရတာလည်း လွယ်မှတ်လို့။
အချိန်ကုန်၊ ငွေကုန်၊ လူပမ်း။

ပျင်းတဲ့နေ့တွေမှာဆို....။ မိုးလင်းလို့အိပ်ရာနိုးလည်း ထရမှာပျင်းတဲ့အရသာက
တမျိုးကောင်းသဟဲ့။ အိပ်ရာပေါ်မှာ ဟိုလှည့်ဒီလှည့်။ တောင်တွေး၊ မြောက်တွေး။
ကွေးလိုက်၊ ဆန့်လိုက်။ မျက်လုံးကို ပိတ်လိုက်၊ ဖွင့်လိုက်။ ပျင်းလို့ကောင်းလိုက်တာ။

ဗိုက်ဆာလာရင် မနက်စာထွက်စား။ တယ်လီဖုန်းကို ပိတ်ထား။ပြုတင်းပေါက်မှာ
မေးတင်ပြီး အပြင်ကိုဆက်ငေး။ သစ်ပင်တွေမှာ သစ်ရွက်တွေ။ ဆောင်းရာသီတုန်းက
ဒီအပင်ပေါ်မှာ ဘာမှမရှိ။ ရိုးတံတွေသက်သက်။ အခုတော့ အရိုးကိုအရွက်ဖုံး။
လေတိုက်တော့ အရွက်တွေလှုပ်။ မောင်သာရရဲ့ ဝတ္ထုတပုဒ်မှာ ခေါင်းစဉ်က။
လေတိုက်လို့ သစ်ရွက်လှုပ်တာလား၊ သစ်ရွက်လှုပ်လို့လေတိုက်တာလား...တဲ့။
အင်း....။

ချစ်ဇနီးကလည်း ခရီးထွက်သွား။ တနေကုန် အပြင်မထွက်ပဲနေ။ အိမ်ထဲမှာပဲ
ရှိတာတွေ ရှာဖွေစား။ နားအေး၊ ပါးအေး။ လွတ်လွတ်လပ်လပ်လေး ပျင်းရတာ
ပျော်စရာ။ ရုပ်မြင်သံကြားလည်းပိတ်ထား။ ရေဒီယိုလည်း မဖွင့်နဲ့။ မျက်စိရှုပ်၊နားရှုပ်။
ထိုင်လို့ ညောင်းရင် ထ။ ထလို့ညောင်းရင် ထိုင်။ အညောင်းဆန့်ရတာကလည်း
ပျော်စရာ။

ဟိုလျှောက် ဒီလျှောက်လုပ်။ ရေကိုအကြာကြီး ချိုး။ အိပ်ချင်လာရင် ငိုက်။ ငိုက်ရတာ
လည်း ပျော်စရာတမျိုး။ နိုးလိုက်၊ ငိုက်လိုက်၊ အိပ်လိုက်။ ပျင်းတဲ့အကြောင်းရေးတာ
ဖတ်လို့ပျင်းနေပြီလား။ ဒါဆိုရင်....။

(ရုပ်ပုံ ။ ဂူဂလ်)

4 comments:

ကလူသစ် said...

ပျင်းရတာလဲ မလွယ်ပါလား။ လုပ်စရာတွေ တော်တော်များတာပဲဟ

ကူးလွေ့ said...

အင်း...တစ်ခါတစ်ရံလဲ ပျင်းပျင်းရှိတာနဲ့ ဟိုဟိုဒီဒီ လုပ်ဖြစ်ပြန်ရော ဗျာ။ ဟိုဟိုဒီဒီ လုပ်ရင်းတစ်ခါ ပျင်းလာပြန်ရော...ခက်ပါ့။

သက်ဝေ said...

ချစ်ဇနီး ခရီးထွက်သွားလို့ ပျင်းနေတာလား...
လွတ်ပြီ ကျွတ်ပြီဆိုပြီး ပျော်နေတာလား....

ဆိုလိုရင်း ရှင်းရှင်းပဲ ပြောကွယ်....း))

ုkay irrawaddy said...

ပျင်းရမှာတောင် ပျင်းသွားတော့တယ်။ သို့သော် ပူစီလေးကတော့ ချစ်စရာလေးမို့ ကြည့်လို့မပျင်းပေါင်ရှင်။