Monday, September 21, 2009

NGO အငြင်း












အခုတလော ၀မ်းသာဖို့ကောင်းတဲ့ကိစ္စတခုကတော့ NGO လုပ်ငန်းတွေနဲ့ပါတ်သက်ပြီး
အငြင်းအခုံလုပ်လာကြတာပါပဲ။ လူထုစိန်ဝင်းက မြန်မာပြည်တွင်းထုတ် ဂျာနယ်တစောင်
မှာ NGOနဲ့ပါတ်သက်တဲ့သူ့အမြင်ကိုရေးသားပါတယ်။ အောင်သူငြိမ်းက ပြည်ပကနေ
လူထုစိန်ဝင်းရဲ့ NGO ဆောင်းပါးကို ဘလော့ဂ်ကတဆင့် တုံ့ပြန်ပါတယ်။ဘလော့ဂါ
မင်းဒင်ကလည်း ဒီအရေးမှာသူ့အမြင်ကိုထည့်ပြီး ပါဝင်ဆွေးနွေးလာပါတယ်။ ယဉ်ယဉ်
ကျေးကျေးနဲ့ငြင်းခုံ၊ အပြုသဘောနဲ့ဆွေးနွေးလာကြတာကိုမြင်ရလို့ တကယ်ပဲ ပီတိဖြစ်
ရပါတယ်။ ဒါတွေဟာ မြန်မာ့လူ့အဖွဲ့ အစည်း အတွက်လိုလားအပ်တဲ့ငြင်းခုံမှုမျိုးပါ။
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ခင်ဗျား။

NGO ကိစ္စဟာ အငြင်းပွါးစရာပါ။ ကမ္ဘာမှာလည်းဒီကိစ္စကို အငြင်းပွါးနေကြတုန်းပါ။
ကျွန်တော်တို့လည်း အငြင်းဝင်ပွါးရမယ့်ကိစ္စပါ။ အစိုးရမဟုတ်တဲ့လူထုအခြေပြုအဖွဲ့ 
အစည်း NGO လုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အရှိန်ရစပြုလာ
နေတဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတခုပါ။ ပြည်တွင်းပြည်ပက မြန်မာတွေလည်းဒီ NGO
လုပ်ငန်းတွေနဲ့ကင်းကွာပြီးမနေနိုင်တော့ပါဘူး။ ဆက်စပ်ပါတ်သက်လာနေရပါပြီ။
အခုကျွန်တော်တို့ခေတ်ကNGO ထွန်း ကားတဲ့ခေတ်လို့ပဲပြောရတော့မှာပါ။ ဒါကြောင့်
NGOအကြောင်း ဆွေးနွေးငြင်းခုံတာဟာ လုပ်ရမယ့်အလုပ်ကို လုပ်နေတာပါပဲ။

ဘယ်ကိစ္စမဆို ရှုထောင့်အစုံက အမြင်အမျိုးမျိုးနဲ့ သုံးသတ်ကြဖို့လိုပါတယ်။ ဒီအမြင်
တွေကို ပွင့်ပွင့်လင်းလင်း၊ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးငြင်းခုံကြဖို့လိုပါတယ်။ အမြင် မတူတာတွေရှိလိမ့်မယ်ဆိုတဲ့ သဘာဝကိုလည်းရင့်ကျက်တဲ့အသိနဲ့ လက်ခံထား
ကြဖို့လိုပါတယ်။ ဒါမှလည်း အကြောင်းအရာတခုနဲ့ပါတ်သက်ပြီး ကျေကျေလည်လည်
နားလည်လာနိုင်မယ်။ သဘောတူညီမှုတွေရလာနိုင်မယ်။ သဘောကွဲလွဲမှုတွေရှိလာ
ရင်လည်း ဘယ်အချက်မှာမတူကြသလဲ၊ ဘာကြောင့်မတူရသလဲဆိုတာကို ရှင်းရှင်း
လင်းလင်းသိမြင်လာကြမယ်။ ဒါတွေဟာ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့ အစည်းမှာ
အရေးတကြီးလိုအပ်နေတဲ့ အတွေ့ အကြုံကောင်းတွေပါပဲ။

ဘယ်ကိစ္စမဆို အကောင်းချည်းသက်သက် (ဒါမှမဟုတ်) အဆိုးချည်းသက်သက်
မရှိနိုင်ပါဘူး။ NGOလုပ်ငန်းလည်း ဒီလိုပါပဲ။ NGOလုပ်ငန်းရဲ့ ရည်ရွယ်ချက်က
"မူ အရ" ကောင်းတယ်ဆိုပေမယ့် မူကို အကောင်အထည်ဖေါ်တဲ့ "လူ"က မကောင်း
ရင် လုပ်ငန်းနာမည်ပျက်တတ်ပါတယ်။ NGOလုပ်ငန်းတချို့ နာမည်ပျက်တာ လူ
တွေကြောင့်ပါ။ မြင်နေ၊ကြားနေရပါတယ်။ နာမည်ကောင်းရတဲ့ NGO တွေကိုလည်း
ကြားနေ၊တွေ့ နေရတာပါပဲ။ ကောင်းဖို့အတွက် သတိထားစရာတွေရှိသလို၊ မကောင်း
တာမဖြစ်ရအောင်လည်း သတိထားစရာတွေရှိပါတယ်။ ဒါတွေကိုသတိပေးနေကြရ
မှာကတော့မီဒီယာ သမားတွေရဲ့ တာဝန်ပါပဲ။

အခုလည်း ဆရာလူထုစိန်ဝင်း၊ ကိုအောင်သူငြိမ်းနဲ့ ကိုမင်းဒင်တို့က သူတို့ရဲ့ အသိ
အမြင်တွေနဲ့ NGO လုပ်ငန်းတွေကို စည်းလွတ် ၀ါးလွတ်မဖြစ်ရအောင် တာဝန်သိ
သိနဲ့ သတိတွေပေးနေကြတယ်လို့ ကျွန်တော်သဘောပေါက်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ
တယောက်နဲ့တယောက် ညဏ်ပညာပြိုင်ပြီး ရန်ဖြစ်နေကြတာမဟုတ်ပါဘူး။ စာဖတ်
သူတွေ၊ လေ့လာသူတွေအနေနဲ့လည်း ဘယ်သူကဖြင့် ဘယ်သူ့ကို ဘယ်လိုဆော်
လိုက်ပြီဟေ့ဆိုတဲ့ ရန်ပွဲကြည့်ချင်သူပုံစံနဲ့ အားမပေးသင့်ပါဘူး။ ပိုကောင်းတဲ့အခြေ
အနေတခုရလာအောင် ၀ိုင်းကြိုးစားနေတယ်လို့မြင်ပြီး အားပေးကြမယ်ဆိုရင်
ဝမ်းသာစရာပါ။

တိုက်ဆိုင်တာကတော့ အခု NGO အငြင်းအခုံကိစ္စဖြစ်နေချိန်မှာပဲ ကျွန်တော်က
လည်း ကောင်းမွန်တဲ့ အငြင်းအခုံတွေလိုအပ်နေတယ်ဆိုတဲ့အကြောင်း ကျွန်တော့်
ဘလော့ဂ်မှာရေးနေတာပါပဲ။ (ဖတ်မယ်ဆိုရင် အောက်မှာနှစ်ပုဒ်ရေးထားတာရှိပါ
တယ်။)

NGO အကြောင်းက အခုကတည်းက နာနာလေးငြင်းထားမှ တော်ခါကျလိမ့်မယ်
လို့ထင်ပါတယ်။ ရှေ့ လျှောက် NGO ယဉ်ကျေးမှုက ပိုပြီးထွန်းကားလာမှာမို့ပါ။
တိုးတက်လိုစိတ်နဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းခုံကြသူအားလုံး ကျန်းမာရွှင်လန်းကြ
ပါစေဗျား။ အများအကျိုးအတွက် တကယ်အလုပ်လုပ်တဲ့ NGO တွေလည်း
များများထွန်းကားလာပါစေဗျား။ ကိုယ်ကျိုးဦးစားပေး NGOတွေကို ထောက်ပြ
ဝေဖန်ကြမယ့် မီဒီယာသမားတွေလည်း များများပေါ်ပေါက်လာပါစေဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

Nge Naing said...

သုံးသပ်တင်ပြထားတာ သိပ်ကောင်းပါတယ်။ ကျွန်မလည်း ရေးချင်ခဲ့ပေမယ့် ရေးဖို့ အချိန်မရလို့ သူများသုံးသပ်တာကိုပဲ လိုက်ဖတ်နေပါတယ်။ ကိုမင်းဒင်လည်း ရေးထားတယ်ဆိုတာ အခုမှ သိရလို့ ကျေးဇူးတင်ပါတယ်။ သွားရှာဖတ်လိုက်ဦးမယ်။

Yaw Han Aung said...

တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ မော်တော်ကား (တနည်းမီးခိုး) များလာတယ်။ ပလပ်စတစ်များ လာတယ်။ အဲန်ဂျီအိုများလာတယ်လို့လည်း ဆိုရိုးစကား ရှိသေးသဗျ။ လာအားပေးသွားပါတယ်။