Sunday, October 19, 2008

ဘလော့ဂ်သွေးကြွခြင်း







ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ဘလော့ဂ်ရေးဘလော့ဂ်ရာတွေ သိပ်မလုပ်ဖြစ်ပါ။ အာရုံမရလို့ ဆိုပါတော့။ အခုတော့ ပြန်ရေးနေပြန်ပါပြီ။ မိတ်ဆွေဘလောဂါတချို့ က တွန်းလားထိုးလား လုပ်လာလို့ ဘလော့ဂ်သွေးကြွလာတယ် ဆိုပါတော့။ အာရုံလာတယ် ဆိုပါတော့။

တခါတလေ အချိန်ရလို့ သူများဘလော့ဂ်တွေကို လျှပ်တပျက်သွားကြည့်မိတဲ့အခါ။ သူများ သားသမီးတွေ အတော်ရေးအားကောင်းကြသကိုးလို့ အံ့သြမိ။ ကဗျာသန်သူကလည်း ကဗျာ တွေရေးလိုက်တာမှ ဟောတပုဒ်၊ ဟောတပုဒ်။ စက်နဲ့ထုတ်နေသလား မှတ်ရ။ ၀တ္ထုသမားက လည်း လှစ်ကနဲ၊လှစ်ကနဲ ရေးလိုက်တာ တရုတ်ဓါးသမားလိုပ။ သီချင်းသန်သူကလည်းသီချင်း၊ ဓါတ်ပုံ သန်သူကလည်းဓါတ်ပုံ ဝေေ၀ဆာဆာ၊ ထွေထွေဖြာဖြာ။ ဟုတ်ပ။ ဘလော့ဂ်တခုလုပ် ထားမှတော့ ရေးမှပေါ့။ သားမှပေါ့။

တရက်က။ နာမည်ကျော် မြန်မာဘလော့ဂါ တဦးနဲ့စကားပြောဖြစ်တော့ သူ့ကိုမေးပါတယ်။ ကျွန်တော့မှာလည်း ဘလော့ဂ်ရှိတယ်သိလားဆိုတော့ မသိတဲ့။ လိပ်စာပေးလိုက်တော့ ရောက်ဖူးသလိုပဲတဲ့။ ခင်ဗျားက ပုံမှန်မှ မရေးတာတဲ့။ လူဘယ်သိလိမ့်မတုံးတဲ့။ ဟုတ်ပ။ ဘလောဂါဆိုတာ ပုံမှန်ရေးမှ လူသိမှာပေါ့။ လူသိအောင်လို့ ဘလော့ဂ်လုပ်ထားတာ မဟုတ် လား။ အချင်းချင်း သိသမျှ၊ ကြုံသမျှ ဝေငှချင်လို့ မဟုတ်လား။ အမြဲလိုလို ပိတ်ထားတဲ့နေရာကို ဘယ်သူက စိတ်ဝင်စားပါ့မလဲ။ ဘလော့ဂ်တခုလုပ်ထားမှတော့ စိတ်ဝင်စားအောင်လုပ်ရ တော့မှာပေါ့။ လုပ်သင့်တာပေါ့။

ဒါပေမဲ့ မိတ်ဆွေတို့။ လူအများစိတ်ဝင်တစားဖြစ်အောင် လုပ်ရတဲ့ကိစ္စက လွယ်မှတ်လို့။ နေ့စဉ်လိုလို ပုံမှန်ရေးနေပေမဲ့ စိတ်ဝင်စားဖို့ မကောင်းရင် ဘာထူးမှာလဲ။ အလေ့အကျင့်ရှိရင် လက်တက်လာလိမ့်မယ်။ ကောင်းကောင်းကန်းကန်းတွေ များများထွက်လာလိမ့်မယ်လို့လည်း ပြောကြပါတယ်။ သိပ်တော့ မသေချာပါ။ ထားပါတော့။ ဘလော့ဂ်သွေးကြွတဲ့အကြောင်း ဆက်ပါမယ်ခင်ဗျား။

လူဆိုတာ လှုံ့ဆော်မှုနဲ့ရှင်သန်နေတာလို့ ဆိုကြပါတယ်။ တကယ်တော့ လှုန့်ဆော်မှုက အများသား။ စားဝတ်နေရေးအပြင် တခြားလှုံ့ဆော်မှုတွေကလည်း မနဲမနော။ မက်လုံးရှိမှ ထထကြွကြွရှိမယ်လို့လည်း ဆိုကြပါသေးတယ်။ မက်လုံးဆိုတာ လှုံ့ဆော်မှုတမျိုးပေါ့။ လှုံ့ ဆော်မှုမှာလည်း အတွင်းလှုံ့ဆော်မှုနဲ့ အပြင်လှုံ့ဆော်မှုဆိုပြီး ရှိပြန်တယ်။ ကျွန်တော့ပြဿနာက အတွင်းရော အပြင်ရောလှုံ့ဆော်မှု ကျဆင်းတဲ့ရောဂါ ဆိုပါစို့။ အလားအလာမကောင်းတဲ့ ရောဂါပေါ့။ ဒီလိုအချိန်မှာ အသိမိတ်ဆွေတွေထဲက စာမရေးတာနဲ့ပါတ်သက်ပြီး မခံချင်အောင်ပြောလာတာတို့၊ ကိုယ့်ဘလော့ဂ်ထဲမှာ တခုခုလာပြီး ကလိသွားတာတို့၊ ရိသွားတာတို့၊ တခုခုနဲ့ မြူဆွယ်သွားတာတို့ လုပ်လာပြီဆိုပါတော့။ ဒီလိုလှုံ့ဆော်မှုတွေရှိလာတဲ့အခါ ဘလော့ဂ်သွေးများ ကြွလာရပါတယ်။ ဘလော့ဂ်သားများ လှုပ်လာရပါတယ်။

တကယ်လို့များ မြန်မာဘလော့ဂါအသင်းချုပ်ကြီး ထူထောင်ပြီး ပြိုင်ပွဲတွေလုပ်၊ ဆုတွေလာဘ်တွေ ပေး။ ဒီလအတွက် စိတ်ပျက်စရာအကောင်းဆုံး မြန်မာဘလော့ဂါ ကတော့ ဘယ်သူဆိုတာမျိုး။ သတ်ပုံအမှားဆုံးဘလော့ဂါက ဘယ်ဝါ ဆိုတာမျိုး။ အကောင်းဆုံး ကဗျာဆုတို့၊ အကောင်းဆုံး အက်ဆေးဆုတို့ ချီးမြှင့်မယ်ဆိုရင်။ ငွေသားလေးပါ မက်လုံးထည့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်လို ဘလော့ဂါငပျင်းတွေပါ ခေါင်းထောင်လာလိမ့်မယ်၊ နိုးကြားလာလိမ့်မယ်၊ ဘလော့သွေးများ ကြွရွလာ နိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ မိတ်ဆွေများခင်ဗျား။ ဆွေးနွေးကြပါဦး။

(ရုပ်ပုံ၊ ဂူဂလ်)

2 comments:

ATN said...

ခင်ဗျားတို့ ကဗျာတွေကို နှစ်သက်ပါတယ်ဗျ။
အသစ်ရှိရှိ မရှိရှိ သတိရရင်တော့ ရောက်လာတာပါပဲ။ အသစ်မရှိလည်း အဟောင်းတွေ ပြန်ဖတ်တာပဲ။

မြို့ရဲ့သတင်းစာ-တို့ ခြောက်ကပ်ကပ်မြို့တော်-တို့ဆို ကျနော် တော်တော် ကြိုက်တာဗျ။

ဘလော့သွေးလေးကြွနေတုန်း
ကဗျာတွေ ထပ်ရေးပါဦးဗျး)

Kaung Kin Ko said...

ကိုအောင်သာငယ် ရဲ့ ဘလော့ link ကနေ ခင်ဗျား အသစ်တင်ထားတာ တွေ့ လို့ လာဖတ်တယ်ဗျ။ ဘလော့ စလုပ်ခါစ ကတော့ သွေးကြွတယ်။ အခု သိပ်ပြီး သွေးမကြွတော့ဘူး။ သွေးကြွ လာအောင် ခင်ဗျားပဲ ကမကထ လုပ်ပြီး ဆုလေး ဘာလေးပေးဗျာ။ :D