Tuesday, March 6, 2012

ဆိုရှယ်လစ်ခေတ် အသည်းကွဲသီချင်း




















ဘယ်ခေတ်မှာမဆို လူတွေကတော့ အသည်းတွေ ကွဲနေကြတာပါပဲ။
အသည်းကွဲတဲ့အခါ တချို့က လူသိရှင်ကြား ခံစားပေါက်ကွဲတယ်။ တချို့
ကတော့ ကြိတ်မှိတ်ပြီးခံစားကြတယ်။ သွေးမထွက်ပေမဲ့ အတော်နာကျင်
ခံစားရတဲ့ ဝေဒနာမှန်း လူတိုင်းသိကြမှာပါ။ ဘုန်းကြီးတွေတော့ မပြော
တတ်ဘူး။ သူတို့က ချစ်ခွင့်မရှိလေတော့ အသည်းကွဲခွင့်လည်း မရှိတော့
ဘူးပေါ့။ သံသရာဖြတ်တဲ့သဘောဖြစ်လေမလားပဲ။

အသည်းကွဲဝေဒနာသည်များအတွက် ကုစားနည်းကလည်း မျိုးစုံရှိပါတယ်။
လူတဦးချင်းစီရဲ့ခံနိုင်ရည်၊ ရင့်ကျက်မှုနဲ့ ကုသနည်းပေါ်မူတည်ပြီး အသည်း
ကွဲမှုဒဏ်ကို အနည်းနဲ့အများ ခံစားကြရတာပါ။ တချို့က အသည်းကွဲတာ
ကြောင့် အသက်အန္တရယ်ပါ ထိခိုက်တာလည်းရှိပါတယ်။ ဘ၀လမ်းကြောင်း
ပြောင်းသွားတာမျိုး၊ ကောင်းရာကနေ ဆိုးသွားတာမျိုးတွေလည်း ရှိပါတယ်။

အသည်းကွဲလို့ ကောင်းတာတွေလည်း ရှိပါသေးတယ်။ မကြာခင်တုန်းကပဲ
Adele ဆိုတဲ့ ဗြိတိသျှအမျိုးသမီးတဦးက အသည်းကွဲပြီး သီချင်းတွေလှိမ့်ဆို
ခဲ့လို့ ဂရမ်မီဆုတွေ တထွေးကြီးရသွားခဲ့ပါရောလား။ သူငယ်ချင်းတယောက်
လည်း ဒီလိုအဖြစ်မျိုးကြုံခဲ့ရဖူးတယ်။ ချာတိတ်မက အသည်းကို အစိမ်းလိုက်
ခွဲသွားတာကြောင့် ရေထဲကငါး ကုန်းပေါ်အတင်ခံရသလို ကိုယ့်လူခင်မျာ
တဖျပ်ဖျပ်လူးခဲ့ရရှာပါတယ်။

အသည်းကွဲသီချင်းတွေကို ညတိုင်းလမ်းထိပ်အုတ်ခုံမှာ ဂီတာတီးရင်း မနား
တမ်းဆိုပါတယ်။ ဘေးပတ်ဝန်းကျင်က သူ့အသည်းကွဲမှုကြောင့် စိတ်အတော်
ညစ်ခဲ့ကြတယ်ဆိုပေမဲ့ ကိုယ့်ဆရာရဲ့သီချင်းတွေကို ခံစားချက်အပြည့်နဲ့ အား
ပေးနားဆင်တဲ့သူကတော့ လမ်းထိပ်အိမ်က မမကြီးတဦးပါပဲ။ အခုတော့လည်း
ဒီငနဲက အဲဒီချစ်မမနဲ့ညားယုံတင်မက ကလေးပါငါးယောက်တောင်ရနေပြီဆိုပဲ။
မြန်မာပြည်မှာလည်း အတော်အောင်မြင်ချမ်းသာသူတဦးဖြစ်နေပြီဆိုပဲ။ သူ့ကို
အသည်းခွဲခဲ့သူ ချာတိတ်မကတော့ ဆေးသမားတဦးနဲ့အကြောင်းပါလို့ အခုထိ
ရုန်းကန်နေရတုန်းပါပဲတဲ့။ ထားပါတော့ ။

ဆိုရှယ်လစ်ခေတ်မှာ အနုပညာတွေလည်း တိုးတက်မှု မရှိသလောက်ပါပဲ။ နှေး
ကွေးတဲ့ခေတ်ဆိုတော့ သီချင်းတွေကအစ အနှေးတွေ၊ အဆွေးတွေ များပါတယ်။
နိုင်ငံရေးတို့၊ တော်လှန်ရေးတို့နဲ့ပတ်သက်ပြီးလည်း အနုပညာအရဖန်တီးလို့ မရ
တဲ့အတွက် သီချင်းတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေမှာ တချစ်ထဲချစ်နဲ့ အသည်းတွေ
ကွဲပြီးရင်းကွဲ ဇတ်လမ်းတွေပဲ ကြုံခဲ့ရတာပါ။ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ရဲ့
သီချင်းတွေကိုပဲ ကြည့်ပါ။ အနှေးတွေ အဆွေးတွေများပါတယ်။ သူတို့ကို အပြစ်
တင်တာ မဟုတ်ပါ။ ခေတ်ရဲ့ရာသီဥတုကိုက အုမ့်မှိုင်းမှိုင်းဆိုတော့ ဒီလိုပဲဖြစ်မှာပါ။
 
အခုတင်ဆက်မယ့် အသည်းကွဲသီချင်းကလည်း ဆိုရှယ်လစ်ခေတ်နှောင်းပိုင်းမှာ
ပေါ်ထွက်ခဲ့တဲ့ တေးရေးနိုင်မြန်မာရဲ့ သီချင်းတပုဒ်ပါ။ တခြားအသည်းကွဲသီချင်း
တွေနဲ့ ပုံစံမတူတဲ့ဖန်တီးမှုကို တွေ့ရပါလိမ့်မယ်။ အရပ်သူအရပ်သားအကြိုက်၊
ရပ်ကွက်နံ့ရတဲ့ သီချင်းမျိုးပါ။ အဲဒီအချိန်အခါက အသည်းကွဲသမားတဦးရဲ့ ဘဝ
နဲ့ပတ်ဝန်းကျင်းကို မြင်ရပါလိမ့်မယ်။ ပျော်စရာလည်းကောင်းပါတယ်။ နားဆင်
တော်မူကြပါ။ “လမ်းမပေါ်မှာ တယောက်တည်း” တဲ့။

 











မူလအဆိုတော်က “လွှမ်းမိုး”ပါ။ အခုပြန်ဆိုသူကတော့ “နန္ဒဧရာ”ပါတဲ့။
သူပြန်ဆိုတာလည်း ကောင်းတာပါပဲ။ နိုင်မြန်မာရဲ့ဖန်တီးမှုက ဂုဏ်ယူစရာပါ။
အခုခေတ် လူငယ်တွေ အသည်းကွဲတဲ့အခါ ဘယ်လိုသီချင်းတွေနဲ့ ခံစားနေ
ကြတယ် မသိပါ။ ဆိုရှယ်လစ်ခေတ်အသည်းကွဲသမားတွေနဲ့ ဘယ်လိုကွာခြား
တယ် မသိပါ။ တကယ်တော့လည်း အသည်းကွဲတယ်ဆိုတာက ဘယ်ခေတ်
မှာမဆို ကောင်းတာမဟုတ်ပါဘူးလေ။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

ABC said...

ဘလူစကိုင်းတစ်ယောက်လည်း အသည်းကွဲပြီး ပို.စ်တွေ စွတ်တင်နေပုံရတယ်၊