Wednesday, March 28, 2012

မေးထူး ခေါ်ပြော ညနေခင်း














ဒီမိုကရေစီသည် အားနည်းချက်များရှိနေသော စံနစ်တခုဖြစ်သည်။
အာဏာရှင်စံနစ်လောက် ရှင်းလင်း လွယ်ကူမှု မရှိ။ ရွေးကောက်ပွဲအတွက်
သင် စိတ်ညစ်နေသလား။ အဖြေကိုကြိုသိချင်လျှင် စံဇာဏီဘိုထံ ကျပ်ငွေ
လေးသောင်းပေး၍ မေးပါ။ ကူလီကူမာမူဝါဒ မကျက်တကျက်များကို
ဆေးသကြားအုပ်၍ ဥပဒေအဖြစ်ပြဌာန်းရန် လွှတ်တော်၌ တင်သွင်းသည့်
အခါ စစ်တပ်အနွယ်ဝင် ကလေကချေများက အတည်ပြုပေးပါလိမ့်မည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် ဆရာလုပ်မည့်သူများ အာဏာရှင်အကြိုက်
အပြုံးလေ့ကျင့်နေကြသည်။ နယ်စပ်လှုပ်ရှားမှုများအတွင်း အစည်းအဝေး
ပေါင်း တသောင်းခြောက်ထောင်ကျော်နှင့် သင်တန်းပေါင်း လေးရာကျော်
တက်ခဲ့ရသည့် မြန်မာ့အရေးတက်ကြွသူ ဆရာသမားတဦး နေပြည်တော်
အသွား မြောင်းထဲပြုတ်ကျသည့်သတင်း အယ်ဒီတာက မကြိုက်၍ အပယ်
ခံခဲ့ရသည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း လေယာဉ်ခ ဒေါ်လာခြောက်သိန်းခွဲ
သုံးစွဲ၍ နိုင်ငံတကာအခန်းအနားများသို့ တက်ရောက်ခဲ့ရသည့် အဝေးရောက်
ဒီမိုကရေစီချံပီယံတဦး မြန်မာပြည်ပြန်၍ ခရီးသွားလုပ်ငန်း ထူထောင်ရန်
ကြံနေသည်။

ပြည်ပ မီဒီယာဆိုသည်မှာ ပြည်တွင်းမီဒီယာ မဟုတ်၍ ပိုပြီးအထင်ကြီးရန်
လိုကြောင်း မပြောပဲနှင့် သိကြဖို့ကောင်းသည်။ “မီဒီယာမင်းသားကြီး” သီချင်း
လာမည့်သင်္ကြန်တွင် ပေါက်ရန်ရှိသည်။ “မ”ရေးထားသောပြောင်းဖူး တကိုင်
ကိုင်ဖြင့် လူလည်ခေါင် လျှောက်သွားနေသော စစ်ဗိုလ်ဟောင်းတဦး။ ကြံ့
ဖွတ်ကိုမှ ရွေးပြီး မဲထည့်ခဲ့သော အဆိုကျော်။ နောက်ပြန်မလှည့်ဘူးဟု တစာ
စာ ပြောနေသော သမ္မတနှင့် တဗူးဗူး တဗဲဗဲ အော်နေသော နွားများကြောင့်
အကောင်းကြိုက်သော ဆရာတော်ဘုရား အိပ်ရာမှ နိုးခဲ့ရပြီ။ “ဒီမိုကရေစီ
နည်းကျ ဗုဒ္ဓ၀ါဒ”ဟူသောခေါင်းစဉ်ဖြင့် ရဟန်းပျိုတပါးက သီချင်းစပ်ထား၏။
သံပြိုင်ဆိုရန် ပြင်ကြလော့။

ပုံမှန်အခြေအနေ မရှိသောအရပ်၌ ပုံမှန်ဟုဆိုလာသော် ထိုအရာသည် ပုံမှန်
မဟုတ် ။ ရှုပ်ထွေးပွေလီ ခရေဇီဒိုင်ကြောင်များကို အရသာခံ၍ ပြောကြရန်
ရပ်ကွက်ထဲကလူငယ်များ ဘီယာဆိုင်သို့ ထွက်ခဲ့ပြီ ။ မူးယစ်ဆေးဝါးသည် ကောင်းမွန်သည့်အရာဖြစ်ကြောင်း ပြသရန် နာမည်ကျော်များ ငွေကုန်ခံ၍
သုံးစွဲကြ၏ ။ “ဘ၀ကို ကျေနပ်ဖို့လိုတယ်”ဟု လူလည်ကျသူတဦးက ခပ်
တည်တည်နှင့် ပြောလာသော်။ သင်ကလည်း အပျင်းထူပြီး လိုက်နာဖို့ ကြံ
ရွယ်ခဲ့သော်။ မူးယစ်ဆေးဝါးကို (ဆေးဖြစ် ၀ါးဖြစ်။ စည်းကမ်းတကျ) သုံးစွဲ
ရန် ပြင်ဆင်ပါ။ “မူးယစ်ဆေးဝါးသည် ကလေကချေများအတွက် မဟုတ်”
ဟု ရေးထားသောစာကို အိမ်သာနံရံတခု၌ မြင်ရမည်။

မလိမ်မိုး မလိမ္မာဖြင့် ရွာသွန်းသောမိုးများကြောင့် လူတို့သည် ထင်ယောင်
ထင်မှားဖြင့် ထီးဖွင့်ဆောင်းကြသည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို
အသက်ပေး၍ တောင်းဆိုခဲ့သူများအတွက် သဲဖြူခင်းကမ်းခြေတွင် ပန်းခြံ
တခု ဆောက်လုပ်လှူဒန်းပါ။ နောင်ဘ၀တွင် အသံကောင်းရန် ဘုရားထံ
Microphone လှူဒန်းပါ။ ဘိုးမင်းခေါင်ထံ မောင်း လှူဒန်း၍ မနှဲလေးထံ နှဲ
လှူဒန်းပါ။ နောင်ဘ၀တွင် စာအရေးကောင်းဖို့ ဘုရားထံ Keyboard,
Ball penနှင့် အချစ်ဝတ္ထု လှူဒန်းပါ။ မီးလာသောတိုင်းပြည်တွင် လူဖြစ်ရန်
Dinamo လှူပါ။ မိန်းမ ချောချောတောင့်တောင့် ရနိုင်ဖို့ ဘုရားသ္ခင်ထံ သင်
ဘာများ လှူဒန်းချင်ပါသလဲ ။

နွေဦးပေါက်ညနေခင်းများ ဘယ်နေရာသွားသွား လူစည်ကားလှသည် ။

(မှတ်ချက်)
ယခုစာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း မပါသဖြင့် ခွင့်လွှတ်ကြပါ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, March 26, 2012

တန်ခူးလဆန်းနေ့လည်ခင်း













ကိုင်းဖျား ကိုင်းနား မကျန် နွေဦးမှာ ပန်းတွေ ပွင့် ဝေ နေ ခိုက်
နေ့ နေ့ ည ည ငေး ငေးပြီး မောရ လောကတေးသွားနဲ့လွင့်
မျော အံ့ သြရင်း မိနစ်ပိုင်း နာရီပိုင်း အတွင်း အခင်း အကျင်း
တွေက လှ ပ ဆန်း ပြား အရောင် အသွေးတွေ စုံမှစုံ အဖူးတွေ
အငုံတွေ အပွင့်တွေ အခက်တွေ အရွက်တွေ အကိုင်းတွေ စို
စွတ် စိမ်း လန်းလို့ ကောင်းကင် အမျိုးမျိုး လေတိုက်ပုံ အမျိုးမျိုး
နေ လ ကြယ် အ၀င် အထွက် နောက်ခံ အရောင် အမျိုးမျိုးမှာ
အပင်တွေ အပင်တွေ...(ဆောင်းအခါက သရဲတွေလို မည်းပြီး
ခြောက်သယောင်း နေခဲ့တဲ့ အပင်တွေ) ဒီနွေဦးမှာ လှုပ်လို့ တခါ
ငြိမ်လို့ တလှည့် ဖူး ပွင့် ကြွေ ၀ဲ လို့ မြေသားထုပေါ် တ အိ အိ နဲ့
ဆင်းတဲ့ အခါ မြေပြင် တလွှား ပန်းချီကား ဖြစ်ရ ပြန်ပေါ့ လေလွှာ
အလှုပ် အယမ်းမှာ ၀တ်မှုန် ညှာတံ ပွင့်ဖတ် အခက် အညွန့်တို့
ဟို ဟို ဒီ ဒီ ၀ဲ ဝေ့ လှုပ် လွင့်ကာ လေပြင် တကြော အရောင်တွေ
တ ဝေ ဝေ  တ လွင် လွင် ရော ယှက် မျောလို့  ရှဥ့် ရောင်စုံတွေက
တ ခုန် ခုန်  တ လွှား လွှား  ငှက် ရောင်စုံတွေလည်း အသံစုံ ပေး
တွန် ကျူး ပျံသန်း လိပ်ပြာ မျိုးစုံ လေထဲမှာ တောထလို့ လောက
တခို စို ပြေ နေပုံများ ဘုရားတွေတောင် ရူးလောက်တယ်...(အာမင်)

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, March 22, 2012

ကဗျာပြားပြီ














လူကြီးမင်းတို့ တံခါးပိတ်အစည်းအဝေးအပြီး ။ ဘုရားသခင် ကားစင်
တင်ခံရအပြီး ။ ဖန်လုံအိမ်ဓါတ်ငွေ့။ မူဂျာဟီဒင် ။ လုံးကြီးပေါက်လှ ။
အဝေးရောက်အစိုးရ ။ ရှင်လိင်ပြန် ။ ညိုပြာညက်နဲ့ မန်ကျီးဖျော်ရည်သည်
များ ပြည်ပကို အပြီးအပိုင်ထွက်ခွါခဲ့ကြအပြီး။

ဧမာနွေလကျောင်းအတွင်း ရည်းစားစကား အပြောခံခဲ့ရအပြီး။ ဆူလေမန်
တောင်ကုန်းမှာ နတ်ဝင်သည်အချင်းချင်း အချေအတင်ဖြစ်ခဲ့ကြအပြီး။
အဖျက်အမှောက်ကဗျာတွေ မှောင်ခိုဈေးကွက်မှာ အလုအယက်ခံခဲ့ရအပြီး။
လိမ္မာတဲ့သားများ အစိုးရဆန့်ကျင်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရအပြီး။

နှာသီးဖျားမှာ ကမ္ဘာကိုတင်အပြီး ။ စိတ်ကို စိတ်အတိုင်းထားလို့အပြီး။ ချောင်း
ဆိုးပျောက်ဆေးကို ဇိမ်ခံပစ္စည်းအဖြစ် သုံးစွဲပျော်မွေ့လို့အပြီး ။ မန္တလေးက
ပန်းသေးပလီအနီး တရုတ်မလေးတယောက်ကို အချစ်စွမ်းပြခဲ့အပြီး။ ဧ၀ံ
မေ သုတံ၊ ထမင်းစား ကျွန်ခံ၊ ချစ်တိုင်းမညားဇတ်နဲ့ ကျားဆရာကြောင်တို့
လေဖမ်းဒန်းစီးခဲ့ကြအပြီး။

အရောင်လွင့်၊ မှိုတက်၊ မြေအောက်ကဗျာများ ရရာဈေးနဲ့ ထုခွဲရောင်းချအပြီး။
ဧ၀ံဂေလိအသင်းဝင်များ ကောင်းကင်ခရီးထွက်ဖို့ သီချင်းတွေဆိုလို့အပြီး ။
တစ္ဆေတွေပေါတဲ့တောမှာ ထန်းရေမူးလို့ အိပ်မောကျခဲ့အပြီး။ ပြားတဲ့ဖားက
ပြားတဲ့အကြောင်း သတင်းပို့လို့အပြီး။

ကျားသားနဲ့မိုးကြိုး အညီအမျှ ရောစပ်လို့အပြီး။ ကြားဖြတ်ရွေးကောက်ပွဲမှာ
ချော်လဲရောထိုင်လုပ်ခဲ့အပြီး။ ဘုန်းကြီးနဲ့သီလရင် ချစ်ခန်းကြိုက်ခန်းဖွင့်ခဲ့အပြီး။
လိင်တူဆက်ဆံတဲ့ သင်းအုပ်ဆရာလေး ကာရာအိုကေမှာ သာယာစိုပြေလို့အပြီး။
တော်လှန်ရေးကဗျာစာအုပ်တွေ ငြုပ်သီးမှုန့်ထုပ်တဲ့စက္ကူဖြစ်ခဲ့အပြီး။ ကြက်သား
ဟင်းထဲ ဆေးခြောက်ထည့်ချက်ခဲ့အပြီး။ ရိုဟင်ဂျာတွေ လှေစီးပြေးကြဖို့ သဘော
တူခဲ့အပြီး။

အာဏာရှင်တွေအကြောလျှော့ဖို့  ဒီမိုကရေစီတီးလုံးနဲ့ ကဗျာလွတ်ယိမ်း ကခဲ့ကြ
အပြီး ။ သွားလေသူတို့အတွက် အနံ့ပြင်းတဲ့ နှင်းဆီတခင်း ပြုစုပျိုးထောင်ခဲ့အပြီး။
တရားထူးရရှိသူများ ဘာသာတရားကို စွန့်ပယ်ခဲ့ကြအပြီး ။ နင်နဲ့ငါအကြား အထာ
မထားကြေး ဆွေးနွေးခဲ့ကြအပြီး ။ ပြားနေတဲ့ ကဗျာ ။ သင်သွားလိုရာ သွားနိုင်ပြီ ။

( မှတ်ချက် )
မူလက ။ ကဗျာဟာ ။ ဘုရားသခင်ရဲ့လောက်စာလုံးပေါ့ ။ ဘုရားရှင်မရှိတဲ့နောက်ပိုင်း
ကဗျာအချင်းချင်း လိင်တူဆက်ဆံမှုတွေရှိခဲ့အပြီး။ ကမ္ဘာမပြားခင် တယူဇနာလောက်
အလိုမှာ ကဗျာတွေ တရားဝင်ပြားခဲ့ကြပါတယ်။ ပြည်တွင်းဖြစ် ခေတ်ပေါ်မြန်မာကဗျာ
အပြားတွေကိုတော့ လှိုင်သာယာစက်မှုဇုံက တရုတ်မြန်မာဖက်စပ်လုပ်ငန်းမှာအချိန်နဲ့
တပြေးညီ ထုတ်လုပ်ပေးနေပါတယ် ။ ကဗျာတွေပြားရတာ ဒေါ်အောင်ဆန်းစုကြည်
ကြောင့် (လုံးဝ) မဟုတ်ပါ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, March 19, 2012

လမ်းသီချင်း













ဒီမိုကရေစီဆိုတာ မြန်မာပြည်မှာ ရှေးယခင်က ခဏတဖြုတ်ရှိခဲ့ဖူးတဲ့အရာ။
အခု အဲဒါကြီးကို ပြန်ရအောင် ကြိုးပမ်းနေတာ ရာစုနှစ် တ၀က်ရှိပြီ။ အခုမှ
“လမ်းစ”ပေါ်ရောက်ဖို့ လမ်းစပေါ်ခါစပဲ ရှိသေးသတဲ့။ တချို့က အဲသလိုဆို
ကြတယ်။ “လမ်းစ” အဆင့်တောင် မရောက်သေးဘူးဆိုတော့ “လမ်းမ”ဆို
တာ ဝေးသေး။ ဒါပေမဲ့ လမ်းစပဲဖြစ်ဖြစ်၊ လမ်းမပဲဖြစ်ဖြစ်၊ လမ်းခွပဲဖြစ်ဖြစ်၊၊
ရောက်အောင်သွားမှပဲ ရောက်မယ့်ခရီးဆိုတော့ ရောက်အောင်သာဆက်
သွားကြယုံပ။

မြန်မာပြည်ဆင်းရဲတာ စစ်တပ်ကြောင့်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်း
ပြည်ရဲ့အုပ်ချုပ်ရေးကို စစ်တပ်ကပဲ အများဆုံးယူခဲ့တာကိုး။ တိုင်းပြည်အောက်
တန်းနောက်တန်းကျရတာ ဒင်းတို့ကြောင့်။ စစ်တပ်မှာပဲ တာဝန်အများဆုံးရှိ
တယ်။ ဆိုရှယ်လစ်ခေတ်ဆိုတာကလည်း စစ်အုပ်ချုပ်ရေးတမျိုးပဲ။ အဲဒီတုန်းက
တော့ “ဆိုရှယ်လစ် လမ်းစဉ်” တဲ့။ ချီတက်ခဲ့ကြတာ တတိုင်းပြည်လုံး မြောင်းထဲ
ရောက်ခဲ့ရသပေါ့။ မှတ်မိကြမှာပေါ့ “လမ်းစဉ်လူငယ်”ဆိုတာ။

ဆိုရှယ်လစ်လမ်းစဉ် မြောင်းထဲရောက်ပြီးတော့ စစ်တပ်ကပဲ အာဏာထပ်သိမ်း
တယ်။ “ လမ်းပြမြေပုံ” ဆိုပြီးလုပ်လာပြန်တယ်။ ဒီမိုကရေစီလမ်းကို ပြမှာတဲ့။
ရိုးရိုးဒီမိုကရေစီတောင် မဟုတ်ဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတဲ့။ ပေါက်
လွှတ်ပဲစားဒီမိုကရေစီ၊ ရူးကြောင်မူးကြောင်ဒီမိုကရေစီမျိုး မဟုတ်။ စပါယ်ရှယ်
ဒီမိုကရေစီကိုသွားမယ့် လမ်းပြမြေပုံ။ ဒီလမ်းကိုဖေါက်တဲ့သူကလည်းဖေါက်တယ်။
လျှောက်တဲ့သူကလည်း လျှောက်တယ်။ ဒေါ်စုလည်းလျှောက်၊ Hip Hop Star
လည်းလျှောက်။ အပြောကတော့ ရွှေမန်းလည်းလျှောက်။ အောင်မင်းလွန်ရာ
ကျမယ်လည်းလျှောက်။ ကွန်မြူနစ်လူထွက်လည်းလျှောက်။ ဘုန်းကြီးလူထွက်
လည်းလျှောက်။

ရှစ်လေးလုံးနောက်ပိုင်း ဒီမိုကရေစီအုပ်စုဘက်က ညာသံပေးခဲ့တာရှိသေးတယ်။
“အောင်ဆန်းလမ်းစဉ်”တဲ့။ ဒီအသံက ငုပ်တချီ ပေါ်တလှည့်။ ဗိုလ်ချုပ်အောင်ဆန်း
ရဲ့ အာဏာရှင် မလိုလားမှု၊ စစ်တပ်နဲ့နိုင်ငံရေး စည်းခြားမှု၊ ဒီမိုကရေစီထူထောင်
ရေး၊ မရားမှုကို ဖီဆန်ရေး၊ ဒါတွေကိုဆိုလိုပုံရတယ်။ အောင်ဆန်းလမ်းစဉ်ကို စစ်
အုပ်စုက ခံတွင်းမတွေ့ဘူး။ အဆင့် ၇ဆင့်ပါတဲ့မြေပုံကိုပဲ ခံတွင်းတွေ့တယ်။ မြေပုံ
ရဲ့အဆုံးမှာ စည်းကမ်းတွေပြည့်ဝနေတဲ့ ဒီမိုကရေစီတွေရှိတယ်။

အသံသိပ်မထွက်ပေမဲ့ ထင်ထင်ပေါ်ပေါ်လှုပ်ရှားနေတဲ့ လမ်းကြောင်းတခုလည်း
ရှိသေးတယ်။ “ပူးသတ်ရေးလမ်း”တဲ့။ စစ်အာဏာရှင်တွေကို အဝေးကဆန့်ကျင်
လို့ အနိုင် မရနိုင်။ ပူးပြီးသတ်မှ သူနိုင်ကိုယ်နိုင်ဖြစ်မယ်။ မဟုတ်ရင် သူပဲ အမြဲနိုင်
နေမယ်ဆိုတဲ့အယူအဆနဲ့ ချီတက်နေသူများ၊ လှုပ်ရှားနေသူများ ရှိနေတယ်။ ဒီ
လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာ အခုချိန်မှာပြောဖို့ခက်တယ်။ လက်ရှိ
အနေအထားမှာ တချက်တချက် ဟုတ်တုတ်တုတ်လို ဖြစ်နေတာမျိုး မြင်နေရ
တယ်။တချို့ကလည်း ဒါကို ဟုတ်လှပြီလို့ ထင်နေကြ။ ပူးသတ်မယ့်အရေးမှာ
ကိုယ်က အောက်မှာနေရတာဆိုတော့ စဉ်းစားသာကြည့်ကြပေရော့။

အခုနောက်ပိုင်းမှာ ပြည်တော်ပြန် “၀င်လုံး”အဖွဲ့တွေပေါ်လာတယ်။ ဒါပေမဲ့ သူတို့
လမ်းကြောင်းကလည်း ပီပီပြင်ပြင် ပုံမပေါ်သေး။ ပုံပေါ်လာတဲ့အခါ ဘာပုံထွက်မလဲ
မျှော်လင့်ဖို့ ခပ်ခက်ခက်။ “နရသိန်ပြန်ရှစ်ဆယ့်ရှစ်” အုပ်စုလည်း ရှိသေးတယ်။
သူတို့လမ်းကလည်း မှန်းရခက်တယ်။ ပြည်သူတွေက ရှစ်ဆယ့်ရှစ်အုပ်စုကို ဒေါ်စု
လောက် အားမပေးကြ။ ဒေါ်စုတို့လည်း အသက်ကြီးပြီ။ ဒေါ်စုလွန်ခေတ် နိုင်ငံရေး
လမ်းကြောင်းသဲသဲကွဲကွဲ မမြင်ရသေး။

တောင်လိုလို မြောက်လိုလိုနဲ့ လမ်းပျောက်နေသူတွေကတော့ ပြည်ပရောက်တွေပဲ။
တိုင်းရင်းသားတွေကတော့ ပူးပေါင်းရေးလမ်းကို လိုက်ကြပြီ။ စစ်အုပ်စုရဲ့လမ်းပြမြေ
ပုံကို တချို့က “လမ်းပျောက်မြေပုံ” လို့ ခနဲ့ကြတယ်။ တကယ်တမ်း လမ်းပျောက်
မတတ်ဖြစ်သွားရတာက ခနဲ့ခဲ့တဲ့သူတွေ။ စစ်အုပ်စုရဲ့ထူးခြားချက်တခုကလည်း လမ်း
ဖေါက်၊ တံတားဆောက်ဆိုတော့။ လမ်းပိုင်းဆိုင်ရာမှာ သူတို့က အားသာပုံရတယ်။
ဒါပေမဲ့လည်း လမ်းပေါ်လျှောက်ရင်း လမ်းပျောက်ခဲ့ရတဲ့ ထောက်လှမ်းရေးခင်ညွန့်တို့
အုပ်စုလည်းရှိတယ်။

သူ့လမ်း ကိုယ့်လမ်းတွေရှိနေကြပေမဲ့ တကယ့်လမ်းက ဘယ်ဟာလဲ။ လက်တွေ့
လျှောက်နေရတာက ဘာလမ်းလဲ။ လမ်းကြိုလမ်းကြားထဲမှာ ရောက်နေသူတွေက
ဘယ်သူတွေလဲ။ လမ်းဆုံလမ်းခွမှာ ရောက်နေသူတွေက ဘယ်သူတွေလဲ။ လမ်း
ကြောင်းခွဲထွက်မဲ့သူတွေ ရှိသလား။ ကိုယ်ခေါ်တဲ့နောက်ကို လမ်းက လိုက်မှာလား။
လမ်းခေါ်တဲ့နောက်ကို ကိုယ်က လိုက်မှာလား။ သားကောင်လာမယ့်လမ်းလား။ မုဆိုး
လာတဲ့လမ်းလား။ ဆင်သွားရင် လမ်းဖြစ်သတဲ့လား။ လမ်းပေါ်ကလူလား။ လမ်းဘေး
နားကပန်းလား။ လမ်းသူရဲလား။ လမ်းဗိုလ်လား။ လမ်းသွယ်လား ။ လမ်းကျယ်လား။ လွတ်မြောက်ရာလမ်းလား။

အထက်လမ်းသမားလား ၊ အောက်လမ်းသမားလား။ လမ်းပြင်နေသလား။ လမ်းမှား
နေသလား။ လမ်းပွင့်နေပြီလား။ လမ်းဖွင့်ထားသလား။ လမ်းဆုံးသွားပြီလား။ မဆုံနိုင်
တဲ့လမ်းလား။ လမ်းရှင်းထားရဲ့လား။ လမ်းပိတ်မိနေလား။ လမ်းမှန်ရဲ့လား။ လမ်းဆုံး
ရင် ရွာတွေ့မှာလား။ အများပိုင်လမ်းလား။ ကိုယ်ပိုင်လမ်းလား။ သွားလမ်းသာလို့ လာ
လမ်းဖြောင့်သလား။ အမည်မဲ့လမ်းလား။ ၀င်္ကပါလမ်းလား။ တဖက်ပိတ်လမ်းလား။
တကိုယ်စာလမ်းလား။ တလမ်းသွားလား။ ကိုယ်လျှောက်နေတဲ့လမ်းက ဘယ်လိုလမ်း
မျိုးလဲ။ ကိုယ်ရောက်နေတဲ့လမ်း၊ ကိုယ်လျှောက်နေတဲ့လမ်းကို သဘောကျရဲ့လား။
ဘယ်လမ်းကို လိုက်ကြမလဲ။ လမ်းကိုရောက်ဖို့ လမ်းရွေးကြ ။

 (ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, March 14, 2012

စိန်စိန် ( ပြည်သူ့ဆန္ဒ )




















စိန်စိန်ကပြောတယ် ပြည်သူ့ဆန္ဒ အဓိကတဲ့ ။ ဒါဆိုလည်း NLDကို
အာဏာလွှဲပေးလိုက်ပေါ့ ။ ၁၉၉၀ကတည်းက ပြည်သူတွေရဲ့ဆန္ဒကို
ကမ္ဘာသိအောင် ပြပြီးသား။ စိန်စိန်တို့ လိမ်လိမ်ပြီးပြောနေတာ ကြာပြီ ။
ယုံတဲ့လူကလည်း ယုံတယ်။ အနေချောင်အောင် ယုံပြတဲ့လူလည်းရှိ
တယ်။ စစ်အုပ်စုကို ကိုးကွယ်မှ ဘ၀လုံခြုံမယ်လို့ထင်သူတွေကလည်း
မျက်စိမှိတ်ပြီးယုံတယ်။ ပြည်သူအများကတော့ မယုံကြပါဘူး။ စိန်စိန်တို့
လိမ်နေမှန်းသိပါတယ်။

၁၉၈၈ခုနှစ် စစ်အာဏာသိမ်းတုန်းက စိန်စိန်ဘာလုပ်နေသလဲ။ ပြည်
သူ့ဆန္ဒအတွက် ဘ၀မှာစိန်စိန်ဘာတွေလုပ်ခဲ့သလဲ။ ပြည်သူတွေက
ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီကိုတောင်းတာကို ရက်ရက်စက်စက်
စစ်တပ်က နှိမ်နင်းနေတဲ့အချိန်။ ပြည်သူ့ဆန္ဒအတွက် စိန်စိန်ဘာလုပ်
ပေးခဲ့လဲ။ ၉၀ရွေးကောက်ပွဲမှာ စိန်စိန်ဘယ်သူ့ဘက်ကရပ်ခဲ့လဲ။ အခု
ရော ဘယ်သူ့ဘက်မှာ ရပ်နေလဲ။ လိမ်မနေနဲ့ စိန်စိန်။ အားလုံးက သိ
နေတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်လောကမှာ ရာထူးတိုး
တယ်ဆိုတာက လူကြီးကကြိုက်တဲ့သူမှ ဖြစ်တာ။ လူကြီးကြိုက်ပုဂ္ဂိုလ်
ဆိုတာက ပြည်သူ့ဆန္ဒကို အပီအပြင်ဆန့်ကျင်ရဲတဲ့သူ၊ စစ်အာဏာရှင်
ကို အသက်ပေးပြီးကာကွယ်မယ့်သူကိုခေါ်တယ်။ အပိုးကျိုးတဲ့ စိန်စိန်
က လူကြီးကြိုက်လေးတဦး ဖြစ်ခဲ့ရှာပါတယ်။

ဗိုလ်ချုပ်ကြီးအဆင့်အထိ စိန်စိန်ရာထူးတိုးခဲ့တယ်။ ၀န်ကြီးချုပ်လည်း
ဖြစ်ခဲ့တယ်။ အခုလည်း မဲတွေလိမ်ပြီး သမ္မတတက်လုပ်နေတယ်။
“ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဆန္ဒ” ဆိုပြီး သွေးဆေးရောင်းတာလိုလို၊ ငန်း
ဆေးကြော်ငြာတာလိုလိုနဲ့ လွှတ်တော်ထဲကနေ အရှက်မရှိ အော်အော်
နေတဲ့ စိန်စိန်။ မဆိုးတော့ မဆိုးဘူး။ သူခေါ်တဲ့နောက် ကောက်ကနဲ
ငေါက်ကနဲ ထပြီးလိုက်ကြတဲ့သူတွေကလည်း ရှိလေတော့ စိန်စိန်တို့က
တိန်တိန်ကို မြည်လို့။ အောင်မြင်ပုံများ ပြောပါတယ်။

ပြည်သူ့ဆန္ဒက မြစ်ဆုံစီမန်ချက်ကို ဖျက်စေချင်တာ။ ခဏတဖြုတ် ရပ်စေ
ချင်တာ မဟုတ်ဘူး။ ဒါကို စိန်စိန်က လူလည်ကျပြီး နှစ်ပေါက်တပေါက်ရိုက်
တယ်။ ခဏရပ်ထားမယ်တဲ့။ ဟုတ်တုတ်တုတ်ပဲ။ ရခိုင်ကနေ ပိုက်သွယ်ပြီး
တရုတ်ကို ဓါတ်ငွေ့ရောင်းတဲ့ကိစ္စလည်း ပြည်သူတွေက မကြိုက်ဘူးလို့
ပြောထားပြီးပြီ။ စိန်စိန်က ငြိမ်ငြိမ်လေးနဲ့ မသိချင်ယောင်ဆောင်နေတယ်။
ပြည်သူ့အသံက သိပ်မကျယ်သေးလို့ထင်ပါရဲ့။

ပြည်သူ့ဆန္ဒကို တကယ်ပဲလေးစားတယ်ဆိုရင် ဦးပိုင်လီမီတက်ကို ဖျက်။
အစိုးရနဲ့ပေါင်းပြီး ရိုက်စားနေတဲ့ စီးပွါးရေးသမားတွေကို ဖမ်း။ လယ်လုပ်သူ
ကို လယ်ပိုင်ခွင့်ပေး။ နိုင်ငံရေးအကျဉ်းသားမှန်သမျှ အကုန်လွှတ်။ လူ့အခွင့်
အရေးချိုးဖေါက်သူမှန်သမျှကို အရေးယူ။ ပြည်တွင်းစစ်ကို ရပ်ပစ်။ ကြံ့ဖွတ်
ပါတီကို ဖျက်။ ခေါင်းဆောင်တွေကို ဖမ်း။ လက်ရှိလွှတ်တော်ကို ဖျက်သိမ်း။
စစ်တပ်ကို စစ်တပ်နေရာမှာ ပြန်ထား။ စိန်စိန်တို့အုပ်စုလည်း ကြိုးစင်တက်။
ဒါမှ ပြည်သူ့ဆန္ဒကို လိုက်လျောရာ ကျလေမပေါ့။ ပြည်သူ့ဆန္ဒက အဲသလို
လုပ်မှ ပြည့်တော့မပေါ့။ အဲဒါမှလည်း ပြည်သူတွေရဲ့ သမ္မတဂျီးဖြစ်လေမပေါ့
စိန်စိန်ရယ်။

အော်...အခုတော့များ စိန်စိန်တို့လိမ်သမျှ ပြည်သူဆန္ဒ...ပြည်သူ့ဆန္ဒ ။ အံ့ရော။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, March 12, 2012

နွေဦးပေါက်













ထိုနေ့သည် မမှားသောရှေ့နေနှင့် မသေသောဆေးသမားများ ဘောလုံး
ချိန်းကန်ကြသည့်နေ့ဖြစ်သည်။ မည်သည့်ဘက်ကနိုင်ကြောင်း သိလိုသော်
နောက်အပတ် စနေနေ့ထုတ် “မျှော့နက်မည်းကြီး” ဂျာနယ်ကို ၀ယ်ဖတ်ပါ ။
ဧပြီလ ၁ရက်နေ့၌ ကမ္ဘာအ၀ှမ်းရှိ လူအမြောက်အများ တသောသောရယ်ဖို့
ပြင်ဆင်နေကြသည်။ မြန်မာပြည်တွင် ကြားဖြတ်ရွေးကောက်ပွဲလုပ်မည်ဆို
သောကြောင့် မဟုတ် ။ ထိုနေ့သည် အပြည်ပြည်ဆိုင်ရာ စကြနောက်ကြသော
နေ့ဖြစ်သည် ။

ဒေါ်အောင်ဆန်းစုကြည်သည် အဖွါးအိုပေါက်စတဦးဖြစ်သည် ။ ငြိမ်းချမ်းရေး
နိုဘလ်ဆုရှင်ဆိုသော်လည်း ထိုဆုတံဆိပ် သူ့မှာမရှိ။ အကြွေးထူ၍ အပေါင်
ဆိုင်ပို့ထားရသောကြောင့် မဟုတ်။ အဖမ်းခံနေရသဖြင့် ထိုဆုကိုသွားမယူနိုင်
ခဲ့သောကြောင့်ဖြစ်သည်။ နိုဘလ်ဆုလက်ဝယ်မရှိသော်လည်း သူ့ကျန်းမာ
ရေးအတွက် ဆုမွန်ကောင်းတောင်းသံတွေကတော့ ညံနေသည်။ မြန်မာ့နိုင်ငံ
ရေးက ထိုအဖွါးအိုပေါက်စပေါ်တွင် ရာနှုန်းအတော်များများမူတည်နေသည်ကို
အချို့က စိုးရိမ်ပူပန်နေကြသည်။ ထိုနေ့သည် ပန်းကြိုက်သောဒေါ်စု ပုသိမ်ထီး
ရောင်စုံဖြင့် ခရီးထွက်သောနေ့ဖြစ်သည်။

သတင်းအသုံးအဆောင်ပစ္စည်းများ အလွယ်တကူရရှိနိုင်သောခေတ် ဖြစ်လာ
သဖြင့် လူတိုင်းလိုလိုက ငါဟာသတင်းသမားဟု ယုံကြည်လာကြသည်။ ထို
ယုံကြည်မှုသည် သတင်းအလုပ်ဖြင့် အသက်မွေးရသူတို့အတွက် စိတ်အနှောက်
အယှက်ဖြစ်စေသည်ဟုဆိုသည်။ သတင်းလုပ်၍ထမင်းစားရသူများက သူတို့
ကိုယ်သူတို့ သူရဲကောင်းဟု (ထုတ်မပြောပဲ) သတ်မှတ်ထားတတ်ကြသည်။
သူရဲကောင်းများကတော့ သူတို့ကိုယ်သူတို့ သတင်းသမားဟု မသတ်မှတ်ကြပါ။
ထိုနေ့သည် သတင်းသမားများအတွက် သတင်းလွတ်ခဲ့သောနေ့ဖြစ်သည်။

ရဟန်းတော်များ နိုင်ငံရေးလှုပ်ရှားမှုနှင့် ပတ်သက်သင့် မသင့်ကိစ္စ အခုချိန်ထိ
ငြင်းခုံနေကြဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအဖြစ် အဖမ်းအဆီးခံနေကြရ
ဆဲပုဂ္ဂိုလ်များအတွင်း ရဟန်းးတော်များလည်း ပါဝင်သည်။ ဒေါ်စုအစိုးရဖြစ်လာ
သော် သံဃာ့နိုင်ငံရေးပါတီထူထောင်ရေးကို ခွင့်ပြုလိမ့်မည်လား။ မြန်မာ့နိုင်ငံ
ရေးလောကတွင် ရဟန်းအချို့က လွှတ်တော်ကိုယ်စားလှယ်များထက် နိုင်ငံ
ရေးအစွမ်း ထက်မြက်လှသည်ကို ထင်ထင်ရှားရှားမြင်နေကြရသည်။ ထိုနေ့
သည် မေတ္တာပို့သောရဟန်းများ အဖမ်းခံခဲ့ရသည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

နွေဦးပေါက်ပြီ။ စိတ်သစ်လူသစ်မွေးကြဖို့နိုးဆော်ချက်မှာ ခေတ်မစားတော့ပေ။
ပြုပြင်ပြောင်းလဲရေးပြောဆိုချက်များ ခေတ်စားနေသည်။ ပန်းသီးကွန်ပြူတာ
ခေတ်စားနေသည်။ အွန်လိုင်းဆက်ဆံရေး ခေတ်စားနေသည်။ ဒေါ်အောင်ဆန်း
စုကြည် ခေတ်စားနေသည်။ နိုင်ငံရေးရဟန်း ခေတ်စားနေသည်။ သတင်းသမား
ခေတ်စားနေသည်။ နွေဦးပေါက်လှုပ်ရှားမှုများ ခေတ်စားနေသည်။ ထိုနေ့သည်
ခေတ်စားသောနွေဦးပေါက်၏ နွေးထွေးကြည်လင်သည့် နေ့တနေ့ဖြစ်သည် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, March 6, 2012

ဆိုရှယ်လစ်ခေတ် အသည်းကွဲသီချင်း




















ဘယ်ခေတ်မှာမဆို လူတွေကတော့ အသည်းတွေ ကွဲနေကြတာပါပဲ။
အသည်းကွဲတဲ့အခါ တချို့က လူသိရှင်ကြား ခံစားပေါက်ကွဲတယ်။ တချို့
ကတော့ ကြိတ်မှိတ်ပြီးခံစားကြတယ်။ သွေးမထွက်ပေမဲ့ အတော်နာကျင်
ခံစားရတဲ့ ဝေဒနာမှန်း လူတိုင်းသိကြမှာပါ။ ဘုန်းကြီးတွေတော့ မပြော
တတ်ဘူး။ သူတို့က ချစ်ခွင့်မရှိလေတော့ အသည်းကွဲခွင့်လည်း မရှိတော့
ဘူးပေါ့။ သံသရာဖြတ်တဲ့သဘောဖြစ်လေမလားပဲ။

အသည်းကွဲဝေဒနာသည်များအတွက် ကုစားနည်းကလည်း မျိုးစုံရှိပါတယ်။
လူတဦးချင်းစီရဲ့ခံနိုင်ရည်၊ ရင့်ကျက်မှုနဲ့ ကုသနည်းပေါ်မူတည်ပြီး အသည်း
ကွဲမှုဒဏ်ကို အနည်းနဲ့အများ ခံစားကြရတာပါ။ တချို့က အသည်းကွဲတာ
ကြောင့် အသက်အန္တရယ်ပါ ထိခိုက်တာလည်းရှိပါတယ်။ ဘ၀လမ်းကြောင်း
ပြောင်းသွားတာမျိုး၊ ကောင်းရာကနေ ဆိုးသွားတာမျိုးတွေလည်း ရှိပါတယ်။

အသည်းကွဲလို့ ကောင်းတာတွေလည်း ရှိပါသေးတယ်။ မကြာခင်တုန်းကပဲ
Adele ဆိုတဲ့ ဗြိတိသျှအမျိုးသမီးတဦးက အသည်းကွဲပြီး သီချင်းတွေလှိမ့်ဆို
ခဲ့လို့ ဂရမ်မီဆုတွေ တထွေးကြီးရသွားခဲ့ပါရောလား။ သူငယ်ချင်းတယောက်
လည်း ဒီလိုအဖြစ်မျိုးကြုံခဲ့ရဖူးတယ်။ ချာတိတ်မက အသည်းကို အစိမ်းလိုက်
ခွဲသွားတာကြောင့် ရေထဲကငါး ကုန်းပေါ်အတင်ခံရသလို ကိုယ့်လူခင်မျာ
တဖျပ်ဖျပ်လူးခဲ့ရရှာပါတယ်။

အသည်းကွဲသီချင်းတွေကို ညတိုင်းလမ်းထိပ်အုတ်ခုံမှာ ဂီတာတီးရင်း မနား
တမ်းဆိုပါတယ်။ ဘေးပတ်ဝန်းကျင်က သူ့အသည်းကွဲမှုကြောင့် စိတ်အတော်
ညစ်ခဲ့ကြတယ်ဆိုပေမဲ့ ကိုယ့်ဆရာရဲ့သီချင်းတွေကို ခံစားချက်အပြည့်နဲ့ အား
ပေးနားဆင်တဲ့သူကတော့ လမ်းထိပ်အိမ်က မမကြီးတဦးပါပဲ။ အခုတော့လည်း
ဒီငနဲက အဲဒီချစ်မမနဲ့ညားယုံတင်မက ကလေးပါငါးယောက်တောင်ရနေပြီဆိုပဲ။
မြန်မာပြည်မှာလည်း အတော်အောင်မြင်ချမ်းသာသူတဦးဖြစ်နေပြီဆိုပဲ။ သူ့ကို
အသည်းခွဲခဲ့သူ ချာတိတ်မကတော့ ဆေးသမားတဦးနဲ့အကြောင်းပါလို့ အခုထိ
ရုန်းကန်နေရတုန်းပါပဲတဲ့။ ထားပါတော့ ။

ဆိုရှယ်လစ်ခေတ်မှာ အနုပညာတွေလည်း တိုးတက်မှု မရှိသလောက်ပါပဲ။ နှေး
ကွေးတဲ့ခေတ်ဆိုတော့ သီချင်းတွေကအစ အနှေးတွေ၊ အဆွေးတွေ များပါတယ်။
နိုင်ငံရေးတို့၊ တော်လှန်ရေးတို့နဲ့ပတ်သက်ပြီးလည်း အနုပညာအရဖန်တီးလို့ မရ
တဲ့အတွက် သီချင်းတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေမှာ တချစ်ထဲချစ်နဲ့ အသည်းတွေ
ကွဲပြီးရင်းကွဲ ဇတ်လမ်းတွေပဲ ကြုံခဲ့ရတာပါ။ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ရဲ့
သီချင်းတွေကိုပဲ ကြည့်ပါ။ အနှေးတွေ အဆွေးတွေများပါတယ်။ သူတို့ကို အပြစ်
တင်တာ မဟုတ်ပါ။ ခေတ်ရဲ့ရာသီဥတုကိုက အုမ့်မှိုင်းမှိုင်းဆိုတော့ ဒီလိုပဲဖြစ်မှာပါ။
 
အခုတင်ဆက်မယ့် အသည်းကွဲသီချင်းကလည်း ဆိုရှယ်လစ်ခေတ်နှောင်းပိုင်းမှာ
ပေါ်ထွက်ခဲ့တဲ့ တေးရေးနိုင်မြန်မာရဲ့ သီချင်းတပုဒ်ပါ။ တခြားအသည်းကွဲသီချင်း
တွေနဲ့ ပုံစံမတူတဲ့ဖန်တီးမှုကို တွေ့ရပါလိမ့်မယ်။ အရပ်သူအရပ်သားအကြိုက်၊
ရပ်ကွက်နံ့ရတဲ့ သီချင်းမျိုးပါ။ အဲဒီအချိန်အခါက အသည်းကွဲသမားတဦးရဲ့ ဘဝ
နဲ့ပတ်ဝန်းကျင်းကို မြင်ရပါလိမ့်မယ်။ ပျော်စရာလည်းကောင်းပါတယ်။ နားဆင်
တော်မူကြပါ။ “လမ်းမပေါ်မှာ တယောက်တည်း” တဲ့။

 











မူလအဆိုတော်က “လွှမ်းမိုး”ပါ။ အခုပြန်ဆိုသူကတော့ “နန္ဒဧရာ”ပါတဲ့။
သူပြန်ဆိုတာလည်း ကောင်းတာပါပဲ။ နိုင်မြန်မာရဲ့ဖန်တီးမှုက ဂုဏ်ယူစရာပါ။
အခုခေတ် လူငယ်တွေ အသည်းကွဲတဲ့အခါ ဘယ်လိုသီချင်းတွေနဲ့ ခံစားနေ
ကြတယ် မသိပါ။ ဆိုရှယ်လစ်ခေတ်အသည်းကွဲသမားတွေနဲ့ ဘယ်လိုကွာခြား
တယ် မသိပါ။ တကယ်တော့လည်း အသည်းကွဲတယ်ဆိုတာက ဘယ်ခေတ်
မှာမဆို ကောင်းတာမဟုတ်ပါဘူးလေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, March 1, 2012

သိပ်ကောင်းလှပါတယ် သမ္မတကြီးခင်ဗျား

















သမ္မတဂျီးတို့အုပ်စု ချိတ်ထမီတွေဝတ်၊ ခေါင်းပေါင်းတွေပေါင်း၊ မျက်နှာ
ပြောင်တိုက်ပြီး အရပ်သားအစိုးရလုပ် အုပ်ချုပ်လာတာ တနှစ်ပြည့်ခဲ့ပြီ။
တနှစ်ပြည့်မိန့်ခွန်းကို လွှတ်တော်ထဲမှာ ခေါင်းကိုအကြာကြီးငုံ့လို့ အထစ်
အငေါ့ နည်းနိုင်သမျှနည်းအောင် မျက်လွှာလေးချပြီး ဖတ်ပြနိုင်ခဲ့တာဟာ
သိပ်ကောင်းလှတဲ့အချက်ပါပဲ သမ္မတဂျီးခင်ဗျား ။

တနာရီလောက်ကြာအောင် မလိုအပ်ပဲ လေကြောရှည်ခဲ့တာကတော့
သမ္မတဂျီးတို့အုပ်စုရဲ့ မပြောင်းလဲနိုင်သေးတဲ့ ယဉ်ကျေးမှုပါပဲ။ ဒါကို
ဆက်ပြီးထိမ်းသိမ်းထားတာကိုက တော်တော်ကောင်းမွန်နေတာပါ။
အဲသဟာလေးကို အရင်ဆုံး ပြုပြင်ပြောင်းလဲပြလိုက်ရင် တိုင်းပြည်
အတွက် ပိုပြီးအကျိုးရှိသွားပါလိမ့်မယ် သမ္မတဂျီးခင်ဗျား။

ပြည်သူအများ ကြားချင်နေတာတွေကို ရိုးရိုးသားသားနဲ့ တက်တက်ကြွ
ကြွ မပြောနိုင်ပဲဖြစ်နေရတာ ဘာကြောင့်လဲ။ အများသိပြီးသားကိစ္စတွေ
ကိုပဲခေါင်းကြီးငုံ့ပြီး အကြာကြီးလာဖတ်ပြနေတာ ဘာသဘောလဲလို့
မေးခွန်းတွေထုတ်မယ့်သူ တဦးမှမရှိတာကလည်း သိပ်ကောင်းလှပါတယ်
သမ္မတဂျီး။ ပြည်သူအများယုံကြည်နိုင်လောက်တဲ့ စကားတွေကို အခုချိန်
ထိ မပြောနိုင်သေးတာဘာကြောင့်များပါလိမ့်လို့ သမ္မတဂျီးလည်း စဉ်းစား
မိမယ့်ပုံ မပေါ်ပါဘူး။ ဒါလည်းကောင်းတာပါပဲ သမ္မတဂျီး။

မိန့်ခွန်းရေးပေးသူကလည်း အတော်လေး ဗိုလ်ဆန်ချင်ရှာပါတယ်။ မလိုအပ်
ပဲ ဗိုလ်လိုတွေ ထည့်ရေးထားလေတော့ သမ္မတဂျီးခင်မျာလည်း ဗိုလ်လိုတွေ
မလိုအပ်ပဲ မှုတ်ရလေတော့တာပေါ့။ အဲဒီ မိန့်ခွန်းရေးပေးသူကို အမြန်ဆုံး
အလုပ်က ဖြုတ်ပစ်လိုက်မယ်ဆိုရင် သိပ်ပြီးကောင်းသွားပါလိမ့်မယ်သမ္မတ
ဂျီးခင်ဗျား။ မဟုတ်ရင်တော့ “ရှည်၊ မထူး၊ ဗိုလ်ဆန်” မိန့်ခွန်းတွေကို သမ္မတဂျီး
လည်း စိတ်မပါပဲ ထပ်ပြီးဖတ်ရပါလိမ့်မယ်။ ပျင်းရိဖွယ်မိန့်ခွန်းတွေကို ပြည်သူ
အများက မကြားချင်ပဲ ထပ်ပြီး ကြားကြရပါလိမ့်ဦးမယ်။ ဒါပေမဲ့လည်း မထူးတာ
တွေဖြစ်နေတာကလည်း ခပ်ကောင်းကောင်းပဲ မဟုတ်ပါလားသမ္မတဂျီးခင်ဗျား။

ရှည်မထူးဗိုလ်ဆန် မိန့်ခွန်းရှည်လမျောကြီးကို မမှားအောင် သတိထားပြီးဖတ်ရ
လေတော့ သမ္မတကြီးလည်း လည်ချောင်းတွေ မကြာခဏ ရှင်းရ၊ ချောင်းတွေ
ဆိုးရ၊ ရေတွေသောက်ရနဲ့ အလုပ်ရှုပ်ကုန်တော့တာပေါ့။ နောက်တခါ အခုလို
မိန့်ခွန်းရှည်လမျောကြီး ဖတ်ရဦးမယ်ဆိုရင် လျှက်ဆားပုလင်းနဲ့ ထိုင်ခုံလေး
တလုံးပါ ယူလာခဲ့ဖို့ မှာလိုက်ပါရစေ သမ္မတဂျီး။ အကြားကြီးရပ်ပြီးဖတ်ရတော့
ညှောင်းရှာလေမပေါ့။ ထိုင်ခုံလေးနဲ့မှ ပိုပြီးသင့်တော်ပါလိမ့်မယ် သမ္မတဂျီး။

မိန့်ခွန်းရေးသူက ကဗျာဆန်တာကိုလည်း သတိထားမိပါတယ် သမ္မတဂျီး။
ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်
မက်တွေ စသဖြင့် ကဗျာလိုလို သီချင်းလိုလို စာသားတွေ မိန့်ခွန်းထဲမှာပါ
လာတာ သိပ်မိုက်ပါတယ် သမ္မတဂျီး။ နောက်တခါကျရင် မိန့်ခွန်းပြောနေရင်း
သီချင်းဖြစ်ဖြစ် ထဆိုလိုက်ပါ။ ကဗျာဖြစ်ဖြစ် ထရွတ်လိုက်ပါ။ ဒါဆို ပိုပြီးမိုက်
သွားပါလိမ့်မယ်။ သမ္မတဂျီးရဲ့မိန့်ခွန်းကို ဆယ်ကျော်သက်တွေပါ စိတ်ဝင်စား
လာနိုင်ပါတယ်။

မိန့်ခွန်းဆိုတာ လူအများက ကိုယ့်ကို ယုံလာအောင် ပြောရတဲ့အရာပါ သမ္မတ
ဂျီး။  သမ္မတဂျီးဖတ်ခဲ့တဲ့မိန့်ခွန်းထဲမှာက အားလုံးယုံကြည်စရာတွေချည်းပါပဲ။
တိုင်းရင်းသားတွေကို ကွန်ပြူတာတွေ ၀ယ်ပေးချင်တယ်ဆိုတာကိုလည်း ယုံ
ပါတယ်။ သမ္မတဂျီးတို့ လခတိုးမယူပဲ အသက်စွန့်ပြီး ပြည်သူအတွက်လုပ်နေ
ကြတယ်ဆိုတာကိုလည်း ယုံပါတယ်။ လခယူစရာမလိုပဲ သမ္မတဂျီးတို့ ထော
နေတာတွေ၊ အသက်စွန့်ပြီး အာဏာကို ကာကွယ်မယ်ဆိုတာတွေကို ယုံကြည်
ပြီးသားပါ သမ္မတဂျီး။

သမ္မတဂျီးတို့အချင်းချင်း ဂိုဏ်းမကွဲပဲ တကျိပ်တည်း တညဏ်တည်းရှိနေကြ
တယ်ဆိုတာကိုလည်း ယုံပါတယ်။ သမ္မဂျီးတို့လမ်းစဉ်အရ နိုင်ငံကောင်းအောင်
အကြာကြီးလုပ်ကြရဦးမယ်ဆိုတာကိုလည်း ယုံပါတယ်သမ္မတဂျီး။ မိဘပြည်သူ
တွေက သမ္မတဂျီးတို့အစိုးရကို ထိမ်းကျောင်းတည့်မတ်ပေးဖို့ မေတ္တာရပ်ခံတာ
ကိုလည်း ယုံပါတယ်။ ပြည်သူတွေပြောတဲ့အတိုင်း လိုက်နာမယ့်အစိုးရဆိုတာ
ကို ကောင်းကောင်းကြီးယုံကြည်ထားပါတယ် သမ္မတဂျီး။

သမ္မတဂျီးရဲ့ထူးမခြားနား မိန့်ခွန်းရှည်လမျောကြီးအကြောင်း ရေးရတာလည်း
အတော်ရှည်သွားပါပြီ။ အတိုချုပ်ရရင်တော့ သမ္မတဂျီးတို့လုပ်သမျှ၊ ပြောသမျှ၊
ဟောသမျှတွေကတော့ဖြင့် အကုန်လုံးကောင်းလှပါတယ် ။ ဆက်သာလုပ်ပါ
သမ္မတဂျီး။ ဒီလိုထောက်ခံမှုတွေကိုပဲ သမ္မတဂျီးတို့က လိုချင်နေတာ မှုတ်လား
သမ္မတဂျီးခင်ဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)