Friday, July 30, 2010

အနှိပ်သည်မလေးရဲ့ မွေးနေ့












ထိုင်းနိုင်ငံကို လာလည်ကြသူတွေ မလုပ်မဖြစ် လုပ်ကြတဲ့ကိစ္စတွေထဲမှာ
အနှိပ်ခံတာလည်း ပါသပေါ့။ ညောင်းကြသကိုးဗျ။ ခရီးသွားရတာ ပင်ပမ်း
ကြတယ်မို့လား။ ဒို့ကလည်း သိပ်ပြီး ညောင်းတတ်သူပါ။ ထိုင်းလူမျိုးတွေက
လည်း သိပ်ပြီး နှိပ်ချင်သူတွေပါ။ လမ်းမတိုင်းမှာ အနှိပ်ဆိုင်ရှိတယ်။ ညောင်း
သူများနဲ့ နှိပ်သူများ ဆုံကြပြီး တရုန်းရုန်းဖြစ်နေတဲ့ ဘန်ကောက်မြို့ ကြီးမှာ
အီစကိုလည်း တက်ကြွသူတဦးအဖြစ် ပါဝင်ဆင်နွှဲနေပါကြောင်း။

ဒီလိုနဲ့ သူလေးနဲ့ဆုံခဲ့ပါတယ်။ (ဒီအရေးအသားက နည်းနည်း အန္တရယ်ရှိတယ်)
သူ့နာမည်က " ပါ " တဲ့။ နာမည်ရင်းတော့ မသိဘူး။ ထိုင်းမှာက အလွယ်ခေါ်
လို့ကောင်းတဲ့ နာမည်တွေ သိပ်ပေးတတ်ကြတယ်။ သူ့ စကား ကိုယ်မသိ၊
ကိုယ့်စကား သူမသိနဲ့ လက်ဟန်ခြေဟန် (ခြေဟန်တော့မပါပါဘူး) ပြောကြ
ဆိုကြရင်း အနှိပ်သမများနဲ့ ခင်ကြပါလေရော။ ပါ ဆိုတဲ့ ကလေးမက သူများ
တွေထက် ပိုပြုံးပြီး ချစ်ဖို့ကောင်းအောင် မကြာခဏ ရယ်တတ်သူလေးပါ။

သူတို့ဆိုင်က အီစကိုကြီးတည်းတဲ့နေရာနဲ့ အနီးဆုံးဆိုင်။ မကြာခဏ အနှိပ်
ခံနေတတ်တော့ ဆိုင်ရှင်နဲ့ရော တဆိုင်လုံးက အနှိပ်သမတွေနဲ့ပါ ခင်နေပြီ။
အောင်မယ် တခါတခါ ထမင်းတောင် အတူစားကြသေး။ အီစကိုကလည်း
ထိုင်းမှာ တကိုယ်တော်ဆိုတော့ ပျင်းရှာသပေါ့။ သူတို့ဆိုင်ဘေးမှာက ကော်ဖီ
ဆိုင်ကလေးလည်း ရှိဆိုတော့ ကော်ဖီသောက်ရင်းလည်းဆုံ။ သူတို့ဆိုင်လူပါး
တဲ့အချိန်၊ ကိုယ်ကလည်း အားတဲ့အချိန်ဆိုလည်း ဆုံနဲ့ အတော်ရင်းနှီးလာကြ
ပါတယ်။












သူတို့အထဲမှာ အင်္ဂလိပ်လို အနည်းအကျဉ်းပြောတတ်သူ တဦးသာ ရှိလေရဲ့ ။
သူ့အားကိုးနဲ့ပြောလိုက်ကြတာ ကိုယ့်အကြောင်းသူသိ။ သူ့အကြောင်းကိုယ်သိ
ဖြစ်ကုန်ရော။ သူတို့အားလုံးက ဘန်ကောက်က မဟုတ်ဘူး။ မြန်မာပြည်ကဆို
ချင်းပြည်နယ်လိုမျိုး။ သိပ်ပြီး တိုးတက်ထွန်းကားမှုမရှိတဲ့( အစိုးရအဆက်ဆက်
ပြစ်ပယ်ထားခံရတဲ့) နိုင်ငံရဲ့ အရှေ့  မြောက်ပိုင်း လာအိုနယ်စပ်က။ သူတို့အရပ်
မှာစီးပွါးရေး မထွန်းကားတော့ မြို့ တက်ပြီး ရှာစားရတဲ့ သူလေးတွေပါ။ ခင်ဖို့
ကောင်းကြပါတယ်။

ထားပါတော့ မွေးနေ့ရှင် ပါ အကြောင်း စပါတော့မယ်။ အခုသူက အလုပ်ထွက်
သွားပါပြီ။ ဘာကြောင့်လဲဆိုတာ သူတို့ရှင်းပြပေမဲ့ နားမလည်ဘူး။ ငါ့မှာတော့
စိတ်မကောင်းဖြစ်လို့။ စိတ်မကောင်းရတာက ဒီလို။ တညနေ အလုပ်က အပြန်။
သူတို့ဆိုင်ရှေ့ က အဖြတ်။ ပါ ကထွက်ပြီး ခေါ်ပါလေရော။ ညကြရင် လာခဲ့ပါတဲ့။
Tonight.... Happy Birthday တဲ့။ သူ့ကိုယ်သူလည်း လက်ညိုး တထိုးထိုးနဲ့။
အတော် ပျော်နေပုံရတယ်။

ဖြစ်ချင်တော့ အဲဒီညက ရွာလိုက်တဲ့မိုး။ ညနေထဲက မပြီးနိုင်ဘူး။ သူ့အတွက်
မွေးနေ့လက်ဆောင် ထွက်ဝယ်မလို့ စိတ်ကူးတာ အဆင်မပြေခဲ့ဘူး။ ဒါနဲ့
ကင်မရာစွဲပြီး မွေးနေ့ပွဲဆီ ထွက်ခဲ့တယ်။ သူကလည်း ဘာလက်ဆောင်မှ
မျှော်နေပုံ မရပါဘူး။ ငါလာတယ်ဆိုရင်ပဲ ဧည့်သည်တော်ကြီးကြွလာတဲ့အတိုင်း
ပျော်လို့။ မုန့်တွေလည်း ၀ယ်ထားတယ်။ ဘီယာတွေ၊ ၀ီစကီတွေတောင် ပါလိုက်
သေး။ မိုးကောင်းနေတော့ အနှိပ်ခံသူတွေလည်း မလာကြဘူး။ အဲဒါကိုက သူ့
အတွက် မွေးနေ့လက်ဆောင်တခုကို ဖြစ်လို့။ လူလာရင် ထွက်နှိပ်ကြရဦးမှာကိုး။
သူတို့ဆိုင်က ညသန်းခေါင်မှ ပိတ်တာ။

မိုးရွာနေလို့ လက်ဆောင်မပါခဲ့ဘူး။ နောက်မှပေးမယ်လို့ပြောရတယ်။ သူက
မလိုပါဘူးတဲ့။ ဒီလိုဆုံပြီး မွေးနေ့လုပ်ရတာ သိပ်ပျော်နေပါသတဲ့။ စားကြသောက်
ကြရင်း သီချင်းတွေ ဆိုကြပါလေရော တယောက်တပေါက်။ ငါ့ကိုလည်း အတင်းဆို
ခိုင်းတော့ မြနန္ဒာ ဆိုပြလိုက်တယ်။ အစအဆုံးတော့ မရဘူး။ အော်လို့ကောင်းတဲ့
နေရာလောက်ပေါ့။ လက်ခုပ်တီးကြပါတယ်။ ဒါပေမဲ့ ဒီသီချင်းကို သူတို့နားမလည်
ဘူးတဲ့။ အင်္ဂလိပ်သီချင်း ဆိုပြပါတဲ့။ ရယ်စရာပဲ။

အင်္ဂလိပ်လိုဆိုရင် သူတို့နားလည်မှာကျလို့။ ဒါကိုက ပျော်စရာပါ။ ဒါနဲ့ ငါလည်း
အားလုံးသိနိုင်လောက်မယ့် မိုက်ကယ်ဂျက်ဆင်ရဲ့  Heal The World ကိုဆိုပြ
လိုက်ရတယ်။ မွေးနေ့နဲ့တော့ သိပ်မအပ်စပ်တဲ့ သီချင်းပါ။ ဒီသီချင်းလည်း အော်
ကောင်းတဲ့နေရာ တပိုင်းတစ ရသလောက် ဆိုပြလိုက်တော့။ အောင်မယ်လေး
သဘောတွေကို ကျလို့။ ကောင်းကောင်းကြီးပဲ နားလည်ကြတဲ့ အတိုင်း။ ပျော်
လိုက်ကြတာ။ ကတဲ့သူက ကလို့။ တယ်လီဖုန်းထဲမှာရှိတဲ့ ထိုင်းသီချင်းတွေဖွင့်
ပြ။ ဆိုကြ ကကြ။ အမှတ်မထင် ပျော်စရာကောင်းတဲ့ အနှိပ်ဆိုင်ထဲက မွေးနေ့
ပွဲလေးပါ။












အဲဒီအချိန် မိုးထဲလေထဲမှာ ဆိုင်တံခါးကို ဆိုင်ကယ်သမား တယောက်က လာ
ခေါက်လို့ အားလုံးမျက်နှာ ပျက်သွားကြသေးတယ်။ အထုပ်တခု လာပေးတာပါ။
သူ့ကို လူတယောက်က ပို့ခိုင်းလို့ပါတဲ့။ အထုပ်ကိုဖွင့်ကြည့်တော့ နှင်းဆီပန်းတခိုင်
နဲ့ မွေးနေ့ကိတ်မုန့် တလုံး။ အားလုံး ဝေးကနဲ ၀ိုင်းအော်ကြပါလေရော။ မွေးနေ့ရှင်
လေးလည်း ပျော်မဆုံးပေါ့။

ကိတ်မုန့်မှာလည်း ထိုင်းလိုရေးထားတာ စုံလို့။ ဘာမှန်းတော့ မသိဘူး။ ခဏ
ကြာတော့ သူ့သူငယ်ချင်း ကောင်မလေးတယောက် (ကိတ်မုန့်ပို့သူ) ဖုန်းဆက်
လာပါတယ်။ မွေးနေ့ဆုတောင်း နှုတ်ဆက်စကားပြောပါတယ်။ ကောင်မလေးက
ဝမ်းသာပြီး မျက်ရည်တောင် ၀ဲလို့။ ဒါဟာ သူ့ဘ၀မှာ ပထမဆုံးရတဲ့ မွေးနေ့ကိတ်
မုန့်ပါတဲ့။ သူ့ရဲ့  ၂၁နှစ်ပြည့်မွေးနေ့ပါ။ သူအနှိပ်သည်ဖြစ်တာ ၆နှစ်ရှိပါပြီတဲ့။

ငါကလည်း ဓါတ်ပုံတွေရိုက်ပေါ့။ ပြီးရင် အီးမေးပို့ပေးမယ်ဆိုတော့။ မပို့ပါနဲ့တဲ့။
သူ့မှာ အီးမေး မရှိဘူးတဲ့။ ကိုင်း ဒါဆို မွေးနေ့လက်ဆောင်အဖြစ် အီးမေးလည်း
လုပ်ပေးမယ်။ Face book လည်းလုပ်ပေးမယ်လို့ ပြောလိုက်တယ်။ အနည်းအ
ကျဉ်းတော့ ပျော်သွားပုံရပါတယ်။ တကယ့်ဓါတ်ပုံကိုလည်း သတ်သတ် ပေးပါဦး
မယ်လို့ ပြောရတယ်။ သူက တကယ့်ဓါတ်ပုံကို ပိုလိုချင်တယ်။ ရွာက သူ့အမေဆီ
ပို့ချင်လို့တဲ့။

ဒီလိုနဲ့ တပါတ် နီးပါးလောက် သူတို့နဲ့မဆုံဖြစ်ဘူး။ ဓါတ်ပုံတွေလည်း မကူးဖြစ်ဘူး။
မနေ့က သူတို့ဆိုင်ရောက်တယ်။ ကောင်မလေးကို မတွေ့ လို့ မေးကြည့်မှ အလုပ်
ထွက်သွားပြီတဲ့။ အော်...ငါ့မှာတော့ သူ့ဆီ အကြွေးတွေ တင်လို့။












သူ့ကိုပေးမယ့်ဓါတ်ပုံလေးတွေ ဒီစာနဲ့အတူပဲ ထားလိုက်ပါတော့မယ်။ နောင်နှစ်တွေ
မှာလည်း ဒီနှစ်ထက် အဆပေါင်းများစွာပျော်ရတဲ့ မွေးနေ့တွေနဲ့ ကြုံစေချင်ပါတယ်။
အောင်မြင်ပါစေ....ပါ ။

Saturday, July 17, 2010

အပျော်အပါးသက်သက်













ဒီတခါတော့ ပျော်ရာပျော်ကြောင်းလေးပဲ ရေးမယ်စိတ်ကူးတယ်။ ပြီးခဲ့တဲ့
စနေ၊ တနင်္ဂနွေက ကျွန်းကလေးတခုဆီ အလည်သွားတဲ့အကြောင်း။
ဘန်ကောက်ကနေ လေးနာရီလောက် ကားစီး။ ပြီးရင် နာရီဝက်လောက်
သင်္ဘောစီး။ အဲဒီကျွန်းကို ရောက်ကရော။

ကျွန်းနာမည်က Ko Samet လို့ခေါ်တယ်။ ထိုင်းပင်လယ်ကွေ့ မှာ ရှိတဲ့ကျွန်း။
ရေတွေက ကြည်စိမ်းနေတဲ့အပြင် ကမ်းခြေမှာ သဲဖြူတွေနဲ့ဆိုတော့ ကျွန်းက
သာယာတယ်။ သစ်ပင်တွေလည်း စိမ်းစိမ်းစိုစိုရှိတယ်။ ဘန်ကောက်ရောက်
ဧည့်သည်တွေအတွက် နှစ်ရက်စာ အပမ်းပြေခရီးထွက်လို့ကောင်းတဲ့ ကျွန်းပါ။

ကျွန်းပေါ်ရောက်တာနဲ့ ဆိုင်ကယ်ငှားတဲ့ဆိုင်တွေ တန်းစီလို့။ ဈေးလည်းပေါ
တယ်။ တရက်စာ ဆယ်ဒေါ်လာတောင် မကျဘူး။ ဓါတ်ဆီလည်း ဖြည့်ပေးတယ်။
ဆိုင်ကယ်တစီးနဲ့ငါ ကျွန်းကိုပါတ်ပါလေရော။ ဝေး ဟေး ဟေးပဲ။ ဘန်ကောက်
မှာဆို ဆိုင်ကယ်မစီးရဲဘူး။ ပလေးစတေရှင် ဆော့တာကမှ လွယ်ဦးမယ်။












တည်းခိုခန်းခလည်း ပေါသကွဲ့ ။ ကမ်းခြေနဲ့အနီးဆုံး ဘန်ဂလိုလေးကို ငှားလိုက်
တယ်။ စားသောက်ဆိုင်တွေ၊ လေဟာပြင်ဒစ္စကိုတွေကလည်း ကမ်းခြေနဲ့ကပ်လို့။
ဝေးဝေး ၀ါးဝါး လူတွေပျော်သံတွေကလည်း မပြတ်ဘူး။ အပျော်စီး မော်တော်တွေ၊
အမြန်ရေယဉ်လေးတွေ။ Speed Boat ကိုပြောတာ။ တ၀ူးဝူး တဝေါဝေါ။ လှိုင်း
ပုတ်သံကလည်း တသောသောနဲ့။ သာယာပေစွ Ko Samet.

နေ့လည်ခင်းကတည်းက ဆိုင်ကယ်တစီးနဲ့ပါတ်လိုက်တာ ညနေစောင်းမှ
အခန်းကို ပြန်ရောက်တယ်။ ရေကူးမယ်လေ။ ဒီတချက်တော့ သိပ်ပြီး
ခံတွင်းမတွေ့ ချင်ဘူးကွဲ့ ။ ရေက နွေးနွေးကြီး။ ကြာကြာကူးလို့ မကောင်းဘူး။
ခဏနေတော့ ကုန်းပေါ်ပြန်တက်။ ကင်မရာယူပြီး ကမ်းခြေတလျှောက်
စိတ်ကူးပေါက်ရာ လျှောက်ရိုက်ပါလေရော။












နေ၀င်ချိန်ဆိုတော့ ကမ်းခြေက တမျိုးကြည့်ကောင်းတယ်။ ညပိုင်းမှာရောင်းဖို့
ဆိုင်တွေကလည်း ပြင်ကြပြီ။ သဲပြင်ပေါ်မှာပဲ ဖျာတွေခင်းပြီး ရောင်းတာ။ မှီစရာ
ခေါင်းအုံးလေးတွေနဲ့။ ဇိမ်ပဲ။ ဧည့်သည်တွေက နိုင်ငံခြားသားထက် ထိုင်းလူမျိုး
တွေပိုများတယ်။ ထိုင်းတွေက ငွေကြေးချောင်လည်လာကြပြီလေ။ ခရီးထွက်တာ
ကို အပမ်းဖြေမှုအဖြစ် ဇိမ်ယူနိုင်တဲ့အဆင့် ရောက်လာကြပြီ။












ပြောရဦးမယ်။ ဒီကျွန်းမှာလည်း မြန်မာတွေရှိသဗျ။ ကိုဟူစိန်တဲ့။ ပလာတာ ရောင်း
ပါတယ်။ လှည်းကလေးနဲ့ ပလာတာသည်ပေါ့။ မော်လမြိုင်သားပါ ခင်ဗျား။ ပြုံးပြုံး
ပြုံးပြုံးနဲ့။ ခင်တတ်တယ်။ ပျော်တတ်တယ်။ အသက်သုံးဆယ်ကျော်။ ကွမ်းကလေး
တမြမြနဲ့။ ဘောလီးဝုဒ်မင်းသားနဲ့တောင် ခပ်ဆင်ဆင်။ ထွေရာလေးပါး ကိုဟူစိန်နဲ့
ပွါးကြတယ်။

ကိုဟူစိန် ထိုင်းမှာ ပျော်တယ်။ တရားဝင်အလုပ်သမားကဒ်လည်း လုပ်ထားတယ်။
နှစ်နှစ်တကြိမ်လောက် မော်လမြိုင်ကိုပြန်တယ်။ အမေကို သိပ်ချစ်တဲ့သား။ အမေက
လည်းသူ့ကို အချစ်ဆုံးတဲ့။ အမေက မိန်းမပေးစားချင်လှပြီ။ သူပေးစားတဲ့ မိန်းမကိုပဲ
ယူရမယ်လို့ အမိန့်ထုတ်ထားတယ်။ ချွေးမလောင်းကို အမေ့စိတ်ကြိုက် ရှာထားပြီးသား။
အမေ့ဆန္ဒကို မငြင်းချင်ဘူး။ ဒါပေမဲ့ ကိုဟူစိန်က မြန်မာပြည်ကထက် ထိုင်းမလေးတွေ၊
ထိုင်းကိုလာတဲ့ အရှေ့ အလယ်ပိုင်းသူလေးတွေကို သဘောကျနေတယ်။ သူတို့က
စဉ်းစားတွေးခေါ်တာ ခေတ်မှီလို့တဲ့။ လွတ်လပ်လို့တဲ့။

Ko Samet ကျွန်းမှာ ပလာတာလာရောင်းတဲ့ ကိုဟူစိန်။ အချဉ် မဟုတ်။ အိမ်ထောင်
ရေးကိစ္စဖြေရှင်းဖို့ သူ့မှာ နည်းလမ်းကောင်း ရှိပြီးသား။ အမေပေးစားတာကိုလည်း
ယူမယ်။ ထိုင်းမှာလည်း တယောက် ယူထားမယ်လေတဲ့။ ဟဲ...ဟဲ။ ကိုဟူစိန် ထိုင်းမှာ
ပျော်ပါတယ်။ ညနေလေးနာရီလောက်မှ အလုပ်စတယ်။ ကမ်းခြေမှာ တညလုံးရောင်း
တယ်။ မနက်ခင်း သုံးနာရီလောက်ဆို ဆိုင်သိမ်းပြီ။ ထိုင်းလိုလည်း လည်လည်ဝယ်ဝယ်
ပြောတတ်။ အရွှတ် အနောက်ကလေး ကလည်းရ။ ပလာတာကြိုက်တဲ့ ထိုင်းပျိုဖြူတွေ
ကိုဟူစိန်ကို ပြုံးစိပြုံးစိနဲ့။ သူ့ပလာတာကလည်း တကယ်ကောင်းပါတယ်။












ကိုဟူစိန်က ကမ်းခြေဒစ္စကိုရဲ့ ဒေါင့်မှာ သူ့လည်းကိုထိုးပြီး ပလာတာရောင်းတယ်။ ဒစ္စကို
ကလည်း သိကြတဲ့အတိုင်း တအုံးအုံးနဲ့။ ညနက်လေ ပိုဆူလေပဲ။ လူတွေကလည်း အော်
ဟစ် ကခုန်။ သောက်စား ပျော်ပါး။ ကိုဟူစိန်ကလည်း ဒစ္စကိုကထွက်လာတဲ့ ဒီဂျေတီးလုံး
ကို နောက်ခံထားပြီး ခြေလှုပ်ခေါင်းလှုပ်နဲ့ ပလာတာတွေကို တချပ်ပြီးတချပ် ပျော်ပျော်
ကြီးကြော်။ မကြာခဏ ထွက်လာတဲ့သီချင်းကလည်း လတ်တလောခေတ်စားနေတဲ့ ၀ါကာ
ဝါကာ အေး အေ။ ကိုဟူစိန်ကလည်း ဘောလုံးပွဲဆို အသေကြိုက်။ ၀ါကာ ၀ါကာကိုလည်း
ကြိုက်။

ကဲ ပျော်စရာမကောင်းဘူးလား။ မိတ်ဆွေတို့လည်း ထိုင်းကိုရောက်လို့ Ko Samet
ကျွန်းကို သွားလည်ရင် ကိုဟူစိန်ကို ရှာကြည့်ပါလား။ တွေ့ ရင် ဒို့က နှုတ်ဆက်တယ်
လို့ ပြောပေးပါ။ သူ့အိမ်ထောင်ရေးအခြေအနေကို စိတ်ဝင်စားရင်လည်း မေးကြည့်ပေါ့။
ကိုဟူစိန်က သဘောကောင်းတယ်။












(ဓါတ်ပုံတွေက ငါ့လက်ချက်ပေါ့)

Thursday, July 15, 2010

ကြားနေကျဇတ်လမ်း












ထိုင်းနိုင်ငံ စံကရဘူရီမွန်ရွာကြီးကနေ ဘုရားသုံးဆူမြန်မာနယ်စပ်ကို ကားနဲ့
သွားရင် နာရီဝက်လောက်ဆို ရောက်ရော။ ဟိုင်းလက်စ်ကားတွေက နာရီဝက်
တစီး အသွားအပြန်ရှိတယ်။ ဒီလိုနဲ့ ငါလည်း နယ်စပ်ကို သွားရောဆိုပါတော့။

ရွာကနေထွက်လို့ ဆယ်မိနစ်လောက်အကြာ လမ်းခုလတ်မှာ ကျွတ်ကျွတ်အိတ်
တလုံးကိုင်ထားတဲ့ အမျိုးသမီးတဦး ကားကိုတားလို့ ရပ်ပေးတယ်။ ဒီနယ်မှာက
ထိုင်းလို့သာပြောတာ အများစုက မြန်မာပြည်သားတွေ။ ၀တ်တာစားတာလည်း
မြန်မာပြည်အတိုင်း။ အခုအမျိုးသမီးကလည်း သနပ်ခါးနဲ့၊ ထမီနဲ့။ ထူးခြားတာ
တခုက သူငိုထားတယ်။

သူ့ရဲ့ သနပ်ခါးတချို့  ပျက်နေတယ်။ ငါလည်းမသိချင်ယောင် ဆောင်နေလိုက်ပါ
တယ်။ အမျိုးသမီးက ငါ့ဘေးနာမှာ ကပ်ရက်လာထိုင်တယ်။ အသက်လေးဆယ်
လောက်ရှိရောပေါ့။ ပိန်ပိန်ပါးပါး။ ညိုညိုသွယ်သွယ်။ ကားပေါ်မှာ ငိုမနေဘူးဆို
ပေမဲ့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝေ့လို့။ ကားကလည်း တားတဲ့သူရှိရင်
ရပ်ပေးလိုက်။ ဆင်းတဲ့သူရပ်ပေးလိုက်နဲ့ တဖြေးဖြေးဆက်သွားနေတယ်။ စိတ်ထဲ
မှာတော့ ငါ့ဘေးက အမျိုးသမီး ဘာကြောင့်ငိုထားရပါလိမ့်ဆိုတဲ့ မေးခွန်းက ရှိနေ
တယ်။

အလုပ်ရှင်နဲ့ အဆင်မပြေတာလား။ ယောက်ကျားကပဲ နှိပ်စက်လို့လား။ ဘာပြဿ
နာများ ငိုရလောက်အောင် တက်နေပါလိမ့်။ ငါတို့မြန်မာအမျိုးသမီးတွေအကြောင်း
ထိုင်းဘက်မှာ ကြားရတာတွေက ရင်လေးစရာတွေက ခပ်များများ။ ဘာများဖြစ်လို့
ပါလိမ့်။ ကြာကြာ အောင့်မထားနိုင်ဘူး။ ခဏကြာတော့ ငါကပဲစကား စလိုက်တယ်။

အမကြီး နယ်စပ်သွားမလို့လား ဆိုတော့။ မဟုတ်ဘူး မော်လမြိုင်ပြန်မလို့တဲ့။ အမေ
ဆေးရုံတင်ရတယ်ဆိုလို့ ချက်ချင်းပဲထွက်လာတာ။ ဒီမှာက အလုပ်အကိုင်ကလည်း
အဆင်မပြေ။ အလုပ်ရှင်ကလည်း လခနည်းနည်းနဲ့ခိုင်း။ တရားဝင် အလုပ်သမားဖြစ်
အောင် လုပ်ဖို့ကလည်း ငွေမတတ်နိုင်။ သားသမီးသုံးယောက်ကလည်း မြန်မာပြည်
မှာ ပညာရေးတပိုင်းတစ။ ယောက်ကျားကလည်း ဆုံးသွားတာကြာပြီ။ မော်လမြိုင်
အိမ်မှာ လူကြီးဆိုလို့အမေပဲရှိတာ။ အမေက အသက်ကိုးဆယ်ရှိပြီ။ အခုတခါဆေးရုံ
တင်တာ မျှော်လင့်ဖို့သိပ်မရှိဘူးဆိုတာ သိရတော့ ၀မ်းနည်းပြီး ငိုနေခဲ့တာလို့ ပြောပါ
တယ်။













ငါဘာပြောရမှန်း မသိဘူး။ သားသမီးတွေက တော်တော်ကြီးပြီလားလို့ မေးလိုက်
တယ်။ အကြီးဆုံးက သမီး။ သူက အခုသူနာပြုတက္ကသိုလ်မှာ တက်နေတယ်။ အဲ
ဒီကိုတက်နိုင်အောင် သမီးက တမင်ကြိုးစားခဲ့ရတာ။ သူ့အဖေဆုံးတုန်းက ဘယ်
ဆေးရုံကမှ လက်မခံခဲ့ဘူး။ ဆရာဝန်တွေ စေတနာထားရင် ရှင်နိုင်ရက်နဲ့ ငွေမရှိ
လို့ သေရတာ။ သမီးက အဲဒီကတည်းက ဆရာဝန် မဖြစ်ရင်တောင် သူနာပြုဖြစ်ရ
မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာ။

သမီးအတွက် ကျောင်းစရိတ်ကလည်း မသေးလှဘူး။ ရန်ကုန်မှာတက်နေရတော့
ပိုကုန်တယ်။ သမီးက လိမ္မာပါတယ်။ အမေ ဒီက မတန်တဆလုပ်ပြီး ရတဲ့ငွေကို
ချွေချွေတာတာ သုံးရှာပါတယ်။ သားနှစ်ယောက်ကတော့ အလယ်တန်းနဲ့အထက်
တန်းမှာ။ ကျမက ဒီဘက်မှာအလုပ်လုပ်နေတော့ မိသားစုကို အမေနဲ့ပဲထားခဲ့တာ။
အခုတော့ အမေဆုံးရင် ကျမ ဘာလုပ်ရမှန်းမသိဘူး။ မော်လမြိုင်မှာ ဘာမှရှာစား
လို့ မဖြစ်ဘူး။ ရတဲ့ငွေနဲ့ မလောက်နိုင်ဘူး။ အိမ်ကိုရောင်းမယ်ဆိုလည်း ကျမတို့အိမ်
ရှိတဲ့ရပ်ကွက်က ဈေးမရဘူး။

ဒုက္ခကတော့ ကိုယ်တယောက်ထဲ ကြုံနေရတာမဟုတ်ပါဘူး အမရယ်လို့ ခပ်ညံ့ညံ့
အားပေးစကား ပြောမိတယ်။ ကျမက ကျောင်းဆရာမ လုပ်ခဲ့တဲ့သူပါ။ မော်လမြိုင်
တက္ကသိုလ်က ဘွဲ့ ရပါတယ်။ ကျောင်းဆရာမ ဘ၀မှာတုန်းကလည်း ကိုယ့်အထက်
လူကြီးတွေ မဟုတ်တာလုပ်တာတွေကို ကြာကြာငြိမ် မခံနိုင်ဘူး။ ထိုင်းဘက်ကိုထွက်
လုပ်တာကမှ ပိုက်ဆံလည်းပိုရတယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုပြီး ထွက်လာတာ။
ကျမက မုဆိုးမဘ၀နဲ့ရုံးကန်ခဲ့တာ။ ဒုက္ခကိုကြောက်တဲ့သူ မဟုတ်ဘူး။ အခုတော့
အမေမရှိရင် ကလေးတွေကို ဘယ်သူနဲ့ထားရမှာလဲ။ ကျမ မော်လမြိုင်အိမ်မှာ နေ
တော့ရော ဒီမိသားစုက ဘာနဲ့စားကြမှာလဲ။ မျက်ရည် ၀ဲပြန်ပါတယ်။












စကားလမ်းကြောင်း ပြောင်းဖို့ ငါဆုံးဖြတ်လိုက်တယ်။ ဘုရားသုံးဆူကနေ မော်လမြိုင်
ကိုသွားရင် ဘယ်လောက်ကြာလဲဗျ ဆိုတော့။ တကယ်ဆို တရက်ခရီးလောက်ပဲသွား
ရတာပါ။ အခုဟာက မိုးတွင်း။ လမ်းတွေက မကောင်းဘူး။ ရေလမ်းလည်း မပေါက်။
ကားလမ်းကလည်း ပျက်ဆိုတော့။ သံဖြူဇရပ်ရောက်အောင် တောထဲကပဲ လမ်း
လျှောက်သွားရမယ်။ လမ်းမှာ နှစ်ညအိပ်ရမယ်။ အဲဒါကြောင့် ဓါးမတချောင်း ယူခဲ့ရ
တာလို့ သူ့ကျွတ်ကျွတ်အိတ်ထဲက ဓါးတပိုင်းတစကို ပြပါတယ်။

ပြောရင်းဆိုရင်း သူဆင်းရမယ့် နေရာနားကို ရောက်လာတယ်။ နယ်စပ်ထိ မလိုက်
ဘူးလားအမလို့ မေးတော့။ ကျမက လိုက်လို့မဖြစ်ဘူး။ နယ်စပ် မရောက်ခင် စစ်
ဆေးရေးဂိတ်ကို ဖြတ်ရမှာ။ ကျမက ဘာစာရွက်စာတမ်းမှ ရှိတဲလူမဟုတ်ဘူးလို့
ပြောပြီး ကားပေါ်က ဆင်းသွားပါတော့တယ်။ ကားပေါ်မှာကျန်ခဲ့တဲ့ငါက သူ့ကို
ပြုံးပြလိုက်တော့ သူကပြန်ပြုံးပြတယ်။ ပြီးတော့ သူ့ရဲ့ အိတ်ထဲက ဓါးမကိုထုတ်ပြီး
တောထဲကို ၀င်သွားပါတော့တယ်။

ဒီအကြောင်းကို မရေးဘူးလို့ စိတ်ကူးထားတာ။ မရေးချင်ရတဲ့ အကြောင်းက
စိတ်မကောင်းစရာ အကြောင်းတွေကိုရေးရင် ဖတ်မိတဲ့သူတွေအတွက် အပူ
အပင်ပေးသလိုဖြစ်မှာရယ်။ ဒီလိုအကြောင်းတွေက မြန်မာပြည်မှာ တနေ့
တခြားများများ လာနေတာကြောင့် မထူးဆန်းတော့သလို ဖြစ်နေတာရယ်။
သူတို့မိသားစုအကြောင်းကို ပြန်ရေးပြရမှာ အားနာတာရယ်။ ကိုယ်တိုင်ကလည်း
ဇတ်နာတဲ့ ဘ၀သရုပ်ဖေါ်ဝတ္ထုတွေကို သိပ်မကြိုက်တာတွေရယ်ကြောင့်ပဲ။

ဒါပေမဲ့ အခု အောင့်ထားလို့မရလို့ ရေးမိသွားပါပြီ။ အားလုံး ခွင့်လွှတ်ကြပါတော့။
ဒီအမျိုးသမီးနဲ့ သူ့ရဲ့ မိသားစု ရှေ့ ရေးကိုတော့ စာဖတ်သူတွေ ဆက်ပြီးမတွေး
စေချင်ဘူး။ ငါလည်း ဆက်မတွေးမိဖို့ သတိထားတယ်။

(ဓါတ်ပုံထဲက လူတွေဟာ အခုဇတ်လမ်းထဲက အမျိုးသမီးနဲ့ ဘာမှမဆိုင်။ စံခရဘူရီ
မွန်ရွာကြီးထိပ်က တံတားပေါ် ညနေခင်းလမ်းလျှောက်သူတွေကို ရိုက်ထားတာ။)

Wednesday, July 7, 2010

မွန်ရွာကြီးကို ရောက်ခဲ့တယ်












ငါက မွန်လူမျိုးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်။ ဒါပေမဲ့ မွန်အကြောင်း
နည်းနည်းပြောမယ်။ ငါ့မှာ မွန်သွေးတမတ်သားပါတယ်။ ဒါကြောင့် အနည်း
အကျဉ်းတော့ ပြောဖို့တာဝန်ရှိတယ်။

မွန်တွေရဲ့ သမိုင်းက ရှည်လျှားတယ်။ သိပ်တော့ မရှုပ်လှဘူး။ မြန်မာပြည်
က လက်ရှိနိုင်ငံရေးပြဿနာတွေ ဖြေရှင်းကြတဲ့အခါ တိုင်းရင်းသားအရေး
ဟာ ရှင်းရအခက်ဆုံးဖြစ်မယ်။ ဒါက အားလုံးသဘောပေါက်ပြီးသား။ တိုင်း
ရင်းသား အရေးဖြေရှင်းကြတဲ့အခါ မွန်နဲ့ရခိုင်က ရှင်းရအခက်ဆုံးဖြစ်လိမ့်
မယ်လို့ ဆိုကြတယ်။ အကြောင်းကတော့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ ရှည်လျှား
တဲ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေ ခိုင်ခိုင်မာမာရှိခဲ့ကြလို့ပဲ။ ထားတော့။

ငါပြောချင်တာ မွန်သမိုင်းမဟုတ်။ ဒီကနေ့မွန်တွေရဲ့ ကိစ္စ။ ဒီကနေ့မွန်တွေ
ဘယ်မှာလဲ။ မွန်တို့ရဲ့ မူရင်းဌာနေ ရာမညမှာတင်မက ကမ္ဘာမှာပြန့်နေကြ
ပြီ။ မြန်မာ ပြည်အပြင်ဘက်မှာဆို ပထမအများဆုံးက ထိုင်း။ ဒုတိယက
မလေးရှား။ နောက် စင်္ကာပူ။ အမေရိကားမှာလည်း ရာနဲ့ချီပြီးရှိနေပြီ။ သြစ
တေးလျှမှာလည်း ရှိနေပြီ။ ဥရောပမှာလည်း ရှိနေပြီ။ ပြည်ပရောက်မွန်
အရည်အတွက်ခန့်မှန်းဖို့ခက်တယ်။ သိန်းနဲ့ချီရှိတာတော့သေချာတယ်။












မွန်တို့ရဲ့ ဒုတိယအိမ်လို့ပြောရင်ရမယ့် ထိုင်းနိုင်ငံက စံခရဘူရီ အရပ်ကို
ဟိုတနေ့ကပဲ ငါရောက်ခဲ့တယ်။ အဲဒီမှာ မွန်ရွာကြီးတရွာရှိတယ်။ ဘုရားသုံး
ဆူနယ်စပ်နဲ့ နီးတယ်။ မွန်မြန်မာစစ်ပွဲတွေနောက်ပိုင်း ထိုင်းဘက်ကို ထွက်
ပြေးလာခဲ့တဲ့ ရှေးမွန်ကြီးတွေက အခြေစချခဲ့တဲ့ အရပ်ပေါ့။

သာယာတယ်။ အေးချမ်းတယ်။ တောင်တွေ၊ တောတွေ ၀ိုင်းထားတဲ့အရပ်။
ဒီဒေသရောက် မွန်တွေဟာ အခုထိသူတို့ ဘာသာစကားကို ထိမ်းထားနိုင်
ကြတုန်း။ ထိုင်းပေါက် မွန်ကလေးတွေလည်း ထိုင်းနိုင်ငံသားတွေဖြစ်ပေမဲ့
အိမ်မှာ မွန်လိုပဲပြောတယ်။ မွန်လိုပဲ ၀တ်ကြ၊ စားကြတယ်။ မွန်ဘုရားကျောင်း
ကိုသွားတယ်။ ဒီအရပ်မှာ ထိုင်းဘုရင်က ကိုးကွယ်တဲ့ မွန်ဘုန်းတော်ကြီး
တပါးရှိခဲ့ဖူးတယ်။ ဒီကိုယ်တော်ကြီးရဲ့  အရှိန်အ၀ါတချို့  အခုချိန်ထိ ကျန်
နေတုန်း။

မွန်တွေဟာ ရှမ်းတွေလိုပဲဗုဒ္ဒဘာသာကို အလွန်ယုံကြည်တယ်။ တိုးတက်တဲ့
နိုင်ငံရေး အမြင်ရှိသူ လူငယ်တချို့ ကတော့ ဒီအချက်ကို အားနည်းချက်လို့
မြင်တယ်။ ဘာသာရေးအစွဲအလန်း သိပ်ကြီးတယ်ပေါ့။ မွန်လူမျိုးတယောက်
ဆီမှာ လူမျိုးရေး၊ နိုင်ငံရေးအတွက် အကူအညီပေးဖို့တောင်းရတာ ခက်သ
လောက် ဘာသာရေးအတွက်ဆို အလွယ်တကူ (သိပ်မစဉ်းစားပဲ) အကူအညီ
ပေးတတ်သတဲ့။

ငါပုဂံကိုရောက်တုန်းက မနူဟာဘုရားကို ရောက်ခဲ့တယ်။ စစ်ရှုံးဘုရင် မနူဟာ
က တည်ထားခဲ့တဲ့ ဘုရား။ သူ့ရဲ့ မွန်းကျပ်မှု၊ ဆုံးရှုံးမှု၊ မကျေမနပ်ဖြစ်မှုတွေကို
အလွယ်တကူမြင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တည်ထားတဲ့ဘုရား။ ပိသုကာ
ပညာ၊ အနုပညာဖန်တီးမှု အားကောင်းတဲ့ဘုရားတဆူပါပဲ။ ဒီဘုရားထဲရောက်
သွားရင် မွန်းကျပ်မှုကိုအလွယ်တကူ ခံစားရတယ်။ စစ်ရှုံးခဲ့ရသူကိုး။












ထိုင်းမြန်မာနယ်စပ်က ဘုရားသုံးဆူဒေသဟာ။ ဘုရားသုံးဆူရှိနေတာကို အစွဲ
ပြုပြီး ခေါ်ကြတာ။ အဲဒီ ဘုရားသုံးဆူဆိုတာကလည်း မွန်မြန်မာစစ်ပွဲကြောင့်
ထွက်ပြေးလာကြသူ စစ်ပြေးဒုက္ခသည်တွေက တည်ထားခဲ့ကြတာတဲ့။

တကယ်တော့ မွန်မြန်မာစစ်ပွဲဟာ ပြီးသွားပြီလို့ပြောရင်လည်း ရတယ်။ မပြီး
သေးဘူးလို့ပြောရင်လည်း ရတယ်။ မွန်ပြည်သစ်ပါတီဆိုတာက စစ်အစိုးရနဲ့
အပစ်ရပ်ထားတယ်ဆိုပေမဲ့ ဆက်ဆံရေးက မခိုင်မာလှဘူး။ လက်နက်လည်း
ချသေးတာ မဟုတ်ဘူး။ ပြည်တွင်းစစ်က မြန်မာပြည်မှာ မပြီးသေးဘူး။

ကရင်ကလည်း ကရင့်အခွင့်အရေး တောင်းနေတုန်း။ ရှမ်းကလည်း ရှမ်းအခွင့်
အရေး တောင်းနေတုန်း။ မွန်ကလည်း မွန်အခွင့်အရေးကို တောင်းနေတုန်း။
တောင်းလို့မရရင် တိုက်မယ်ဆိုတဲ့စိတ်ဓါတ်တွေက ရှိနေကြတုန်း။ ဆိုတော့
ငြိမ်းချမ်းရေးဟာ ဘယ်မှာတုံး။ ပြည်တွင်းစစ်ရဲ့ နိဂုံး ဘယ်တော့ စမှာတုံး။

မွန်ရွာကြီးကိုရောက်တော့ မွန်ကလေးငယ်တယောက်ကို မေးကြည့်တယ်။
မွန်တွေရဲ့ မူရင်းဒေသက ဒီနေရာမဟုတ်ဘူးဆိုတာ သိလားဆိုတော့ သိ
တယ်တဲ့။ ဘယ်မှာလဲဆိုတော့ ဟိုးမြန်မာပြည်မှာတဲ့။ အဲဒီကိုပြန်ပြီး နေချင်
လားဆိုတော့ မသိဘူးတဲ့။ မနေချင်ဘူးတဲ့။ ပြုံးပြုံးလေးပဲ ပြောပါတယ်။

ငါလည်း ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။ မူရင်းဒေသကို တကယ်ပဲ ပြန်ပြီး
နေချင်သေးတုန်းပဲလားလို့။ ပြုံးပြုံးလေးတော့ မဟုတ်ပေမဲ့။ အဖြေချင်းက
တော့ အတူတူပဲ။












အခြေအနေတွေ ပြောင်းလာရင်တော့ အဖြေကလည်း ပြောင်းလာမယ်လို့
ထင်ရတယ်။ ခက်တာက အခြေအနေတွေ ပြောင်းလာဖို့ပဲ။ မိတ်ဆွေတို့ရော
ဘယ့်နဲ့လဲ။ တကယ်ပဲမူရင်းအရပ်ကို ပြန်ချင်နေကြသေးလား။

မွန်အကြောင်းရေးတာ နိုင်ငံရေးတွေ များသွားတယ်။ နိုင်ငံရေးဆို မျက်စိကျိန်း
နေသူများ သည်းခံပြီးသာဖတ်ကြပါကုန်။

( ဓါတ်ပုံတွေကတော့ ငါ့ဟာတွေချည်းပဲ )