ကြားပြီးကြရောပေါ့။ ကွမ်းကိစ္စ။ အမေရိကန်က မြန်မာ့ကွမ်းကိစ္စ။
မြန်မာတွေ (၇၀၀၀)လောက်နေကြတဲ့ ဖို့ဒ်ဝိန်း မြို့ က အ၀တ်လျှော်တဲ့
ဆိုင်တခုမှာ မြန်မာတွေ မ၀င်ရဆိုတဲ့စာ ကပ်ထားလို့ စီကနဲဖြစ်သွားခဲ့တဲ့
ကိစ္စပေါ့။ အခုတော့လည်း ပြီးသွားခဲ့ပါပြီ။ ကွမ်းချစ်သူမြန်မာများ ကြုံရာ
မှာ ထွေးတော်မူကြလို့ မခံနိုင်ကြတဲ့သူတွေက အခုလိုတုန့်ပြန်ခဲ့ကြပါသတဲ့။
ဒီလိုတုန့်ပြန်တာဟာ ကွမ်းမစားသူ တခြားမြန်မာတွေကိုပါ အသားလွတ်
စော်ကားတယ်၊ ဒါဟာ လူမျိုးရေးခွဲခြားမှုပဲဆိုပြီး တိုင်ကြ၊ တောကြပါလေ
ရော။ နောက်ဆုံး မြို့ တော်ဝန်ကိုယ်တိုင်က မြန်မာတွေဘက်ကရပ်ပြီး
မသိလို့ လုပ်မိတာတွေကို နားလည်သည်းခံပေးကြပါလို့ တောင်းပန်ခဲ့ရ
ပါသတဲ့။ ဆိုင်ပိုင်ရှင်ကလည်း သူ့ရဲ့ ဝန်ထမ်းက ကပ်ခဲ့တာဖြစ်လို့ ဒီလို
တာဝန်မဲ့တဲ့လုပ်ရပ်ကို တောင်းပန်ပါတယ်တဲ့။
စာရင်းချုပ်လိုက်တော့ (၁) အမေရိကန်မှာ ကွမ်းတံတွေး ထွေးရင် အရပ်က
ဝိုင်း တောင်းပန်တာကိုခံရမယ်။ (၂) ကွမ်းချစ်သူများသတိထား မခံနိုင်တဲ့
သူတွေက ပိုစတာတိုက်ပွဲဆင်နွဲကြလိမ့်မယ်။
" ကွမ်းစကား "
ကွမ်းစားတဲ့ဓလေ့အစ မြန်မာကမဟုတ်။ ဒါပေမဲ့ မြန်မာတွေ ကွမ်းသိပ်
ကြိုက်ကြတာပဲ။ အမျိုးတွေက တောင်ငူကမို့ ကွမ်းလောကအကြောင်း
တစေ့တစောင်း သိထားပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေထဲမှာလည်း
ပြည်မှာနေတဲ့သူတွေ၊ တံတားဦးတ၀ိုက်က လူတွေရှိလို့ ကွမ်းအကြောင်း
လေကြောဆက်ရှည်ပါရစေ။
စာရေးဆရာသုမောင်က ကွမ်းစကားဆိုပြီး အကြောင်းအရာမျိုးစုံ ရေး
ထုတ်နေတဲ့ သူပါ။ သူရေးတဲ့အထဲ ကွမ်းအကြောင်းကောပါရဲ့ လား မသိ။
မပါဘူးထင်တာပဲ။ အခုပြောမှာကတော့ တကယ့်ကွမ်းအကြောင်းပါခင်ဗျား။
ကွမ်းယာစားတဲ့ဓလေ့ကမြန်မာပြည်ကို အိန္ဒိယကတဆင့်လာပါတယ်။ ဇိမ်ခံ
သွားရေစာတမျိုးပေါ့။ ရှင်ဘုရင်ခေတ်က သစ္စာခံခိုင်းရင် ကွမ်းတယာ၊ ရေတ
မုတ်နဲ့ ကိစ္စပြတ်ကြသတဲ့။ အရပ်ထဲမှာ အလှူမင်္ဂလာ အခန်းအနားရှိရင် အလှ
ဆုံးမိန်းခလေးကိုမှ ကွမ်းတောင်ကိုင်ဆိုတဲ့ အထူးနေရာမှာထားသတဲ့။ အချိန်
နဲ့ ပါတ်သက်ရင်လည်း ကွမ်းတယာညက်ခန့်အကြာလို့ သတ်မှတ်ကြသကိုး။
“ကွမ်းဖိုးပေးရတယ်” ဆိုတာလည်းရှိသေးတယ်။ အရင်ခေတ်က တရားရုံးမှာ
အမှုရှုံးရင် တရားရုံးကိုပေးရတဲ့စရိတ်တဲ့။ တရားသူကြီးတွေ ဘယ်လောက်
ကွမ်းဝါးကြသလဲဆိုတာ ခန့်မှန်းသာကြည့်ပေရော့။ ရှင်ဘုရင်တွေကလည်း
ကွမ်းသမားတွေပဲ။ သူတို့ကို ကွမ်းတော်ဆက်သရတဲ့သူကို “ကွမ်းဆော်”လို့
ခေါ်သတဲ့။ ကွမ်းဝါးပြီး ထွေးလိုက်တဲ့တံတွေးကိုတောင် ကွမ်းတံတွေးလို့မခေါ်
ပဲ အရင်က “ကွမ်းသွေး” လို့ခေါ်ကြတယ်။ အမျိုးသမီးများက နှုတ်ခမ်းကလေး
နီနေအောင်နဲ့ ပါးစပ်ကလေးမွှေးနေအောင် ကွမ်းငုံကြပါသတဲ့။ ပါးဖေါင်းဖေါင်း
လေးနဲ့ ကောင်မလေးတွေကိုတောင် “ကွမ်းငုံ” လို့နာမည်ပေးခဲ့ကြပါရော။
ဘာသာရေးလောကမှာလည်း ကွမ်းကရှေ့ တန်းကပါတဲ့အရာခင်မျ။ သံဃာ
တော်တွေအတွက် ဆွမ်း၊ ကွမ်း၊ ကျောင်း၊ ဆေးဆိုတာက အဓိကတဲ့။ ပရိက္ခရာ
ရှစ်ပါးထဲမှာ သံဃာတော်များ ကွမ်းတံတွေး ထွေးတော်မူကြဖို့ ထွေးခံက မပါ
ဘူးဆိုပေတဲ့။ ဘုန်းကြီးကျောင်းရဲ့ အင်္ဂါရပ်ထဲမှာတော့ မပါမဖြစ်ဗျို့ ။ ဒို့ကိုယ်
တော်များကလည်း ကွမ်းကြိုက်တော်မူကြပေသကိုး။ ဇိမ်ခံပစ္စည်းဆိုတော့။
(အဟမ်း)
“ ကွမ်းဘွဲ့ ”
တံတားဦးက ကွမ်းနုဝါ
ငမြာက ဆေး
ကွမ်းသီး တောင်ငူနှင့်
ကိုင်း ထုံးဖြူ ၊ ပြည် ရှား
သာဝါးလို့ ထွေး။
အမည်မသိရှေးစာဆိုရဲ့  ကွမ်းယာနဲ့ပါတ်သက်ပြီး စပ်ထားတဲ့ကဗျာပါ။
ကွမ်းရွက်ဆိုရင်တော့ တံတားဦးကထွက်တဲ့ ကွမ်းရွက်က ပထမတန်း
ပါပဲတဲ့။ ကွမ်းယာထဲထည့်ဝါးတဲ့ ဆေးရွက်ကြီးဆိုရင် ငမြာက အကောင်း
ဆုံးပေါ့။ ကွမ်းသီးကတော့ တောင်ငူကို လိုက်မမှီဘူးတဲ့။ ထုံးဆိုရင် စစ်ကိုင်း
ထုံးမှ။ ရှားစေးဆိုရင် ပြည်ကမှ ကောင်းသတဲ့။ အဲသဟာတွေကို ရောပြီး
သကာလ သာသာကလေး ၀ါးပြီး ထွေးတော်မူကြပါတဲ့။ ကဗျာနဲ့ကို ညွန်းခဲ့
ရှာတာပါ။ ဒီပုဂ္ဂိုလ်လည်း အတော် ကွမ်းကြိုက်တဲ့ “ကွမ်းဂျိုးကြီး” ဖြစ်ခဲ့ပုံ
ရတယ်။
" ထွေးလိုက်ကြစို့ သူငယ်ချင်း "
ကြိုက်တဲ့သူများကျတော့ ကွမ်းယာဝါးလို့ ထွက်လာတဲ့အနံ့ကို သင်းသင်း
ကလေးလို့ ဆိုသကိုး။ မကြိုက်တဲ့ သူတွေကျပြန်တော့ လုံးဝကို မခံနိုင်
လောက်အောင် အနံ့က အတော်ပြင်းတာပါ။ ကြက်သွန်ဖြူ အစိမ်းလိုက်
စားပြီး လူကြားထဲသွားရင် တခြားသူတွေ မခံနိုင်သလိုမျိုးပေါ့။
အဆိုးဆုံးကတော့ အသာဝါးပြီး ထွေးတော်မူကြတဲ့ပုဂ္ဂိုလ်များက ပြစ်ကနဲ၊
ပြစ်ကနဲ ကြုံရာထွေးကြတဲ့ကိစ္စပါ။ ထွေးထားတဲ့နေရာမှာလည်း ပေ။ အနံ့
ကလည်း ထွက်။ တနေရာထဲလည်း မဟုတ်။ ဟိုတပြစ်၊ ဒီတပြစ်။ ဒီကိစ္စက
တော်တော်ရှင်းရခက်ပါတယ်။ ကွမ်းသမားများ လေ့ကျင့်ယူဖို့ အခက်ဆုံး
ကိစ္စပါ။ အဲဒါကြောင့်လည်း ကွမ်းသမားတွေ နာမည်ပျက်ရတာပါ။ အမည်
မသိရှေးစာဆိုကြီး ကွမ်းကဗျာစပ်ခဲ့တုန်းက သာဝါးလို့ထွေးနဲ့တင် အဆုံး
မသတ်ပဲ။ “ သာဝါးလို့ထွေး၊ စည်းကမ်းတကျလေး “ ဆိုတာပါ ထည့်ပြီး
စပ်ဆိုခဲ့မယ်ဆိုရင် နောက်ပေါက် ကွမ်းသမားမျိုးဆက်သစ်တွေ စည်းကမ်း
တကျ ထွေးတော်မူကြလိမ့်မယ်လို့ ယူဆရတာပဲ။
“ကွမ်းတံတွေး မထွေးရ”ဆိုတဲ့ သတိပေးချက်တွေက မြန်မာပြည်နေရာအနှံ့
အပြားမှာ ဒို့တာဝန်အရေးသုံးပါး ကြော်ညာနဲ့ နင်လားငါလား များနေတာပါ။
အဲဒီသတိပေး ချက်တွေအပေါ်မှာပဲ ကွမ်းတံတွေးတွေက ပေနေတတ်ပါတယ်။
တကယ်တော့ ကွမ်းတံတွေးမှ မဟုတ်ပါဘူး မြန်မာတွေတော်တော်များများက
ရိုးရိုးတံတွေးလည်း ဟိုထွေး၊ ဒီထွေးလုပ်နေကြတာပါ။ လူကြားထဲ လမ်းသွား
နေရင်း အလွယ်တကူ တံတွေးထွေးကြတာ ထူးခြားတဲ့ကိစ္စတခုလို့ မမြင်ကြ
ပါဘူး။ ပုံမှန်သဘောမှာ ရှိပါတယ်။ အီစကိုလည်း ဒီအကျင့် ကိုယ့်မှာရှိနေ
မှန်း တော်တော်နဲ့မသိခဲ့ဘူး။ ချစ်ဇနီးက သတိပေးမှ ပြုပြင်လိုက်ရတာပါ။
ကြုံရာတံတွေးထွေးတာ သူများအတွက် အနှောက်အယှက်ဖြစ်ပါတယ်။ ကျန်း
မာရေးကိုလည်း ထိခိုက်စေပါတယ်။ ကို်ယ့်မှာရှိတဲ့ရောဂါပိုးလည်း ကူးစက်စေ
ပါတယ်။ တံတွေးထွေးကြတဲ့နေရာမှာ တရုတ်လူမျိုးတွေလည်း နံမည်ကြီးပါ
တယ်။ တရုတ်တွေကတော့ ကွမ်းမစားကြပါဘူးခင်ဗျား။ စွဲလန်းတဲ့အရာကို
ဖြတ်ဖို့ခက်တာက သဘာဝပါ။ စည်းနဲ့ကမ်းနဲ့ ထွေးကြရင်တော့ သူများပြောတာ
မခံရဘူးပေါ့။
“ ကွမ်းလက်ကျန် ”
ကွမ်းအကြောင်းက ရေးစရာတွေ တော်တော်ကျန်ပါသေးတယ်။ ကွမ်းနဲ့ဆိုင်တဲ့
စီးပွါးရေးလုပ်ငန်းများ။ သခင်ကိုယ်တော်မှိုင်းရဲ့  ကွမ်းအစ်ဘယ်မှာလဲ။ နယ်စပ်
ဖြတ်ကျော် ကွမ်းကုန်သွယ်ရေး။ လျှို့ ဝှက်မြေအောက်ကွမ်းယာ။ ကွမ်းယာတွင်
ပါဝင်သော ထူးဆန်းသည့်ဆေးပစ္စည်းများအကြောင်း။ ကွမ်းဝါးခြင်းအနုပညာ။
အပြည်ပြည်ဆိုင်ရာ ကွမ်းယဉ်ကျေးမှု။ မတူကွဲပြား ကွမ်းစားနည်းများ။ သမိုင်း
ဝင် ကွမ်းပစ္စည်းများ။ ကွမ်းမစားဖူးသူ လက်ထောင်။ ကွမ်းနှင့်လုပ်သော ဆက်
ဆံရေး။ ကျွနု်ပ်တို့သည် ကွမ်းမှဆင်းသက်လာကြသည်။ ကွမ်းယာမဟုတ်သော
ကွမ်းယာ စသဖြင့်ပေါ့။ နောက်ပိုင်း စိတ်ကူးပေါက်မှရေးပါဦးမယ် ။
1 comment:
“ သာဝါးလို့ထွေး၊ စည်းကမ်းတကျလေး "
ဟဟ.. သဘောကျတယ်
ချစ်ဇနီးကို ကျေးဇူးတင်ပါ၊ ပြည်ကြီးတရုတ်တွေလဲ အဲ့လိုပဲ၊ ကျနော်တော့ မကြိုက်ဘူး
Post a Comment