Saturday, March 6, 2010

ချဉ်ငံစပ်ယဉ်ကျေးမှု










"ဆရာလု မွှန်းခဏ်း"

တညသ၌ ကျွန်ုပ်၏ယောက္ခထီးကြီးခမျာ စာရွက်များနှင့်အလုပ်ရှုပ်နေရှာ၏။
စာရွက်များကို ကွန်ပြူတာက ထုတ်သည်။ စုသည်။ ဆောင့်သည်။ ညှိသည်။ ချုပ်သည်။
တအုပ်ပြီးတအုပ် ချုပ်၍ချုပ်၍ ကျေနပ်နေလေ၏ ။ ထိုစာအုပ် ကောင်းကြောင်းကိုလည်း
တပြုံးပြုံနှင့် နှုတ်တက်ရွရွ ပြော၍နေလေ၏။

အတန်ကြာလတ်သော် ကျွန်ုပ်ကပါ မနေသာတော့။ ဘာများတုံးဟု စပ်စုမိ လေသတတ်။
အနှီပုဂ္ဂိုလ်ကြီး တက်ကြွစွာ ချုပ်လုပ်နေသည့်စာအုပ်မှာ တရားစာအုပ်ဟု အထင်ရောက်ခဲ့
သောကျွန်ုပ် အမှားကြီး မှားလေ၏။ စာအုပ်ကား မြန်မာဘလော်ဂါအကြော်အမော် လုလု၏
ချက်နည်း ပြုတ်နည်း အီးဘွတ်ခ်ကြီး ပင်ဖြစ်တော့သတည်း။ စိတ်ဝင်စားသူများ ဤကိုသွားပါလေ။ http://lulucooking.blogspot.com (ဤကား အခမဲ့ ကြော်ညာတည်း)

ယောက္ခမကြီးက သူ၏မိတ်ဆွေများထံ လက်ဆောင်ကမ်းရန် အလို့ငှာ ဤသို့ ဤနှယ်ပြုရလေ
သည်တဲ့။ ကျွန်ုပ်မှာလည်း ဘလော်ဂါ လုလု၏ လုံ့လဥဿဖနှင့် စေတနာတရားကို သတ္တ၀ါအများ
သာဓုခေါ်နိုင်ရန်အလို့ငှာ ဤစာစုမှတဆင့် မျှဝေလိုက်ရပေတော့သည်။ နိုင်ငံကျော်ဦးကြီးပုမရှိတော့
သည့်နောက်ပိုင်း ကျော်ကြားလာလတံ္တ့သော စားဖိုမှူးကောင်း တဦးသည်ကား ဒေါ်ကြီးလုပင်ဖြစ်
ချိမ့်မည်ဟုလည်း နိမိတ်ဖတ်လိုက်ရပေသည်။ (ဆရာလု ကျန်းမာပါစေဗျား)

“သုတ်သော်မှတည့် အော်..ကောင်း၏”

ဤသို့ အမွှန်းတင်ပြီးသကာလ ချဉ်ငံစပ်ကိစ္စကို စပါတော့မည်။ စားဖွယ်ဟင်းလျှာ နှင့်ပါတ်သက်၍
မြန်မာတို့၏ အကြိုက်အရသာကား ချဉ်ငံစပ်တည်း။ အိမ်နီးချင်း တိုင်းပြည်တို့နှင့်ယှဉ်သော် ထူးပေဘိ။
တရုတ်တို့၏ အကြိုက်ကား စိမ့်ချို။ အိန္ဒိယ တို့ကား စိမ့်စပ်ချို။ ထိုင်းတို့၏အကြိုက်ကား ချဉ်စပ်ချိုငံ
ဟူလို။

ထို့ထက်ထူးသည့်အချက်ကား မြန်မာများသည် အလွန်အင်မတန်မှ အသုတ်ကို ကြိုက်တတ်ကြခြင်း
ပင်တည်း။ ထမင်းကိုလည်း သုတ်၏။ မုန်ညှင်းချဉ်ကိုလည်း သုတ်၏။ ကြော်ပြီးသားကြက်ကိုလည်း
သုတ်သည်။ ပြုတ်ပြီးသားဘဲဥ၊ ကြက်ဥများ ကိုလည်းသုတ်၏။ ခေါက်ဆွဲ၊ကြာဇံကဲ့သို့ အမျှင်များမှသည်
ယုတ်စွအဆုံး ရေခဲ ကိုပင်သုတ်လေ၏။ ရေခဲသုတ်မှလွဲ၍ ကျန်သည်များကို ချဉ်ငံစပ် ဖြစ်မှကြိုက်ကြ
လေကုန်သတည်း။

မြန်မာတို့သည် အသီး၊အရွက်၊ အသား၊ငါး စားလို့ရတာမှန်သမျှ သုတ်၍သုတ်၍ စားလိုကြသူများ
ဖြစ်၏။ ထူးပေစွတကား။ အခြားလူမျိုးများသည်ကား မြန်မာရို့  လောက်အသုတ်ကိုမစားကြလေကုန်။
အသုတ်ဆိုင်ဟူ၍ သီးသန့်ဖွင့်ရသော စီးပွါး ရေးလုပ်ငန်းကား မြန်မာတိုင်းပြည်၌သာတွေ့ ရပေလိမ့်မည်။
အဘယ့်ကြောင့်များ ကျွန်ုပ်တို့ခမျာ အသုတ်ကိုကြိုက်ကြရရှာလေသနည်း။ တွေးဘွယ်ကောင်းလေစွ။

“ဆီကိုရေချိုး”

မြန်မာတို့၏မူလဘူတ အစားအသောက်မှာ ဘာမှန်းမသိရ။ မှန်း၍ပြောရသော် ရတနာပုံခေတ်ဦး
လောက်အထိ ပြုတ်ခြင်း၊ကင်ခြင်းနှင့် ဖုတ်ခြင်းဟူသော အခြေခံ အဆင့်လောက်သာ ဖြစ်တန်ရာ၏။
မှားသော် ပြင်ပေးကြပါကုန်) လူ့ယဉ်ကျေးမှု အဆင့်မြင့်လာခြင်းကို တိုင်းထွာရာ၌ ဆီကိုလူတို့မည်ကဲ့
သို့အသုံးချ သနည်းဟူသော အချက်ကိုကြည့်ရာတိ ။ ထို့မတိုင်မှီအဆင့် ဆီကိုဖြစ်အောင် မြန်မာတို့
မည်သို့မည်ပုံ လုပ်ဆောင်သနည်း။ သို့တည်းမဟုတ် မြန်မာပြည်၌ ဆီသုံးဆွဲမှုကို မည်သည့်အချိန်က
မည်ကဲ့သို့စတင် ခဲ့သနည်း ဆိုသည့်အရေးပါသောမေးခွန်းများအား ကျွန်ုပ်ခမျာမဖြေ နိုင်ရှာ။ သနားဖွယ်တိ။
(သိသော် သင်ပေးကြပါကုန်)

အသုတ်ဟူသည် မြန်မာပြည်၌ ဘယ်အချိန်က ဘယ်လိုစခဲ့သည်မှန်းမသိရပေ။ လက်ဘက်သုတ်ဟူ
သည်ကား မြန်မာတို့၏ ၀ိသေသတခုပင်ဖြစ်လာလေတော့ သည်။ လက်ဘက်သုတ်ဆိုလည်း ချဉ်ငံစပ်မှ
ကြိုက်ကြလေကုန်သည်။

အသုတ်အရာ၌ဆီသည် အခရာ။ ဆီမပါလျှင် အသုတ်မမြည်။ မြန်မာများက ဆီကို ရွှဲရွဲသုံးမှ ကြိုက်ကြ
လေကုန်သည်။ ဆီရှားပါးသောခေတ်ကိုလည်း ဖြတ်သန်းခဲ့ကြ ရသည်ထင့်။ ဆိုရိုးစကားရှိပုံကား ဆီကို
ရေချိုး၊ ဆေးရိုးမီးလှုံ တောင်လိုပုံ ဟူသတတ်။

“ညှပ်ရောဌာနေ တိုင်းမြန်ပြည်”

စင်စစ် မြန်မာတို့၏ယဉ်ကျေးမှုကား တရုတ်နှင့်အိန္ဒိယဟူသော အင်မတိအင် မတန် အစဉ်အလာ၊
အရှိန်အစော်ကြီးမားသည့် နိုင်ငံကြီးနှစ်ခု၏ ရောညှစ်ခြင်း ဒဏ်ခံရရှာသော ယဉ်ကျေးမှုပင်တကားဟု
ဆိုလေသော် မျိုးချစ်မောင်မယ်များက စိတ်ခုတော်မှုကြပေလိမ့်မည်။ သို့ပါ၍ ဤသို့ဆိုလေအံ့။ မြန်မာ
တို့၏ ယဉ်ကျေးမှုကား ထိုနိုင်ငံကြီးနှစ်ခုမှ ကောင်းနိုးရာရာများကိုရွေးထုတ်၍ မိမိတို့၏ ကာလံဒေသံနှင့်
ကိုက်ညီအောင် မွန်းမံထားသည့် ထူးခြားပါဘိသော ယဉ်ကျေးမှုအသစ်ပင်ဖြစ်လေသည်ဟုဆိုသော်
မကောင်းလေတကား။

ထားလေတော့။ ထူးခြားမှုတို့ကို ဆိုလေမည်။ ထမင်းကိုစားရာ၌ မြန်မာတို့သည် တရုတ်တို့လိုတူနှင့်
မစား အိန္ဒိယတိုင်းသားတို့လို လက်နှင့်သာစားကုန်၏။ ဆီပြန် ဟင်းချက်ရာ၌ကား အိန္ဒိယနည်းကို
အများစု ယူလေ၏။ အသီးအရွက်ကြော်ရာ၌ တရုတ်နည်းကိုယူလေ၏။ ခေါက်ဆွဲကိုတီထွင်သူမှာ
တရုတ်ဟုတ်သော်ညား ခေါက်ဆွဲကိုသုတ်သူမှာ မြန်မာဖြစ်ချိန့်မည်။ မုန့်ဟင်းခါးသည် မြန်မာတို့၏
မူရင်း အစာ မဟုတ်နိုင်ဟု ထင်ရသော်လည်း မုန့်ဟင်းခါးကို သုတ်သူမှာ မြန်မာတို့ပင်တည်း။
အိန္ဒိယနည်းကိုယူသော်လည်း အနံ့အရသာ၌ကား အိန္ဒိယတို့လောက် မပြင်းထန်။ တရုတ်နည်းကို
ယူသော်လည်း တရုတ်အရသာထက် ပို၍လေးမှ ကြိုက်ပြန်၏။

“မုန့်ဋီကာ”

မုန့်ပဲသွားရေစာကိစ္စကား အတော်ရှင်းရန် ခက်ပေလိမ့်မည်။ ယဉ်ကျေးမှုမည်သည် အားကောင်းရာမှ
အားနည်းရာသို့ စီးဆင်း၏ဟူ၍ ဆိုရိုးရှိလေသလို၊ အချိန်ကြာသော် ရောနှောတတ်သည်မှာ ဓမ္မတာဟု ပြောသည်များလည်းရှိကုန်၏။ မည်သို့ပင်ဖြစ်လင့် ကစား။ မြန်မာမုန့်များနှင့် အိမ်နီးချင်းတိုင်းပြည်တို့၏
မုန့်များကား တူကုန်၏။ ဆင်ကုန်၏။

ဘယ်က ဘယ်ပုံမြစ်ဖျားခံလာကြသည် မသိ။ ထန်းလျှက်နှင့်လုပ်သောမုန့်များ ကား မြန်မာတွင်မက ထိုင်း၊လာအို၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊မလေးရှားတို့တွင် လည်းရှိ လေသတတ်။ မြန်မာမုန့်များနှင့်
တူလေသတတ်။ ပဲနှင့်လုပ်သောမုန့်များ၊ ကောက်ညှင်းနှင့်လုပ်သော မုန့်များသည်လည်း ထိုနည်း၎င်း
ပင်။ ကောက်ညှင်းသုံး စွဲမှုမှာ တရုတ်ဘက်ကလာသည်ထင့်။ ထားလေတော့ ချဉ်ငံစပ်ကြပေဦးစို့။

“ချဉ်ငံစပ်ယဉ်ကျေးမှု”

စားဖွယ်တခုကို ချဉ်ငံစပ်ဖြစ်လေမှကြိုက်တော်မူသောလူတို့သည်ကား ရှားလေ၏။ မြန်မာတို့၏
ချဉ်ငံစပ်ဟင်းများကို အိန္ဒိယတို့ကိုလည်း ဧည့်ခံဖူး၏။ တရုတ်များကို လည်းဧည့်ခံဖူး၏။ ထိုင်း၊ လာအို အစရှိသည်တို့ကိုလည်းဧည့်ခံဖူး၏။ အနောက် တိုင်းသားများကိုလည်း ဧည့်ခံဖူး၏။ ၎င်းတို့၏မှတ်ချက်
ကား တခုတည်းပင်။ မြန်မာဟင်းကား ပြင်းထန်သည် ဟူသတတ်။

ဤအချက်ကို ထောက်ရှုသော် မြန်မာတို့သည်ကား အပြင်းကြိုက်များပင်ဖြစ်လေသည်တည်း။
အရသာပြင်းပြင်းကြိုက်သူတို့၏ စိတ်ဓါတ်များကား ပြင်းထန်ပါ၏လော။ အပြင်းဓါတ်ကြိုက်သူတို့၏
သဘာဝကိုတုန့်ပြန်ပုံကား မည်သို့နည်း။ ၎င်းတို့ဖန်တီး သည့် လူ့ပါတ်ဝန်းကျင်ကား မည်သို့နည်း။
ဆိုင်၏လော၊ မဆိုင်၏လော မသိတတ်လေ။

မြန်မာအသုတ်ဆိုင်များအနီး ရောက်သွားပါက ကြားရမည့်အသံများမှာကား ဟင်းချို၊ ဟင်းခါး
အဆစ်တောင်းသည့် အသံများမတိုင်မီ ချဉ်ငံစပ်လေးလုပ်ပေးနော်။ သို့တည်းမဟုတ် ချဉ်ချဉ်၊ ငံငံ၊
စပ်စပ်လေး သုတ်ပေးနော်ဟူသောအသံများပင်ဖြစ်ချိန့်မည်။ မြန်မာ တို့သည်ကား အစာစားလျှင်
ချွေးကလေးစို့လာမှ အောင်မြင်စွာစားသောက်ခြင်းအမှုကို ပြုရာသည်ဟု မှတ်ယူတတ်သူများပင်တကား။

2 comments:

ကလူသစ် said...

တုတ်တုတေတဏကျမ်းကြီးပဲ။ ပီဒီအက်လုပ်ပြီး အီးဘုတ်လုပ် နောင်လာနောက်သားများအတွက် ကိုးကားရာအဖြစ် မပျောက်မပျက်ထိန်းသိမ်းထားသင့်တယ်။

Doughnut IO said...

တချက်ဝင်ထောက်ပါရစေ။

ကမ်းနားနေတဲ့ တရုတ်တွေ ဖွယ်တဲ့ အရသာကို ကြိုက်ပါတယ်။ ပင်လယ်စာဆို ဘာမှ မထည့်ပဲ ဖွယ်တယ်တယ် အရသာကို ခံစားကြပါတယ်။

စိချွမ်တရုတ်ဟာ ငရုတ်သီးအပြင် စိချွမ်ငရုတ်ကောင်းလို့ခေါ်တဲ့ဟာနဲ့ ငရုတ်ပွနဲ့ကို ဆီချက်ချက်ပြီး ဟင်းတိုင်း ထည့်ချက်ပါတယ်။ စပ်လွန်လွန်းပါဗျား။

ဆိမ့်ချိုစပ်ဖွယ် မှ အမှန်။