Tuesday, December 1, 2009

ဒီဇင်ဘာရှင်းတမ်း









ကြီးကြီးကျယ်ကျယ်တွေရေးတော့မယ်လို့တော့ မထင်လိုက်ကြပါနဲ့။ အရှုပ်
တော်ပုံတွေကို ရှင်းမလို့မဟုတ်ပါဘူး။ နိုဝင်ဘာလက စာမရေးဖြစ်တဲ့ အကြောင်း
ပြောမလို့ပါ။ ဘာကြောင့်မရေးဖြစ်သလဲဆိုတော့ ထုံးစံအတိုင်း ပျင်းလို့ပါပဲ။ အဲဒီ
အကြောင်းကို ဒီဇင်ဘာကျမှရှင်းပြတာမို့ အခုလိုခေါင်းစဉ်တတ်လိုက်တာပါခင်ဗျား။
(အရင်စိတ်ကူးက တလ တပုဒ်တော့ အနည်းဆုံးဖြစ်အောင်ရေးမဟဲ့လို့ အားခဲထား
လို့ပါ။)

ဆောင်းကာလရောက်လာပြန်လေတော့ ကျုပ်တို့ရောက်နေတဲ့အရပ်မှာ သစ်ရွက်
များက ကြွေရှာပါလေတယ်။ ဘယ်ကိုပဲကြည့်ကြည့် သစ်ရွက်တွေကလေထဲမှာ ၀ဲလို့။
ရောင်စုံသစ်ရွက်များ အနှေးကြွေပြနေပုံက တချက်တချက် အသက်ရှုဖို့ မေ့မတတ်
စွဲဆောင်လှပေတယ်။ သစ်ရွက်ကြွေဇတ်လမ်းတွေကို လူအများက မရိုးနိုင်အောင်
ရေးဖွဲ့ ခဲ့ကြပြီ။ ကြည့်လို့သိပ်ကောင်းတယ်လို့သာမှတ်လိုက်ကြပေရော့ ပရိတ်သတ်
ကြီးရေ။

ကျုပ်တို့ဇာတိမြေမှာက နွေအခါကျမှပဲ သစ်ရွက်တွေကြွေတာကိုး။ နွေအကူးမှာ
လေရူးနဲ့အတူ လွင့်မျောနေတဲ့သစ်ရွက်တွေကို ငယ်ဘ၀က အကြိမ်ကြိမ်ငေးကြည့်
ခဲ့ဖူးပါရဲ့ ။ အဲဒီမြင်ကွင်းကလည်း ရူးလောက်ပေတယ်။ နွေကျောင်းပိတ်ချိန်ကိုး
ကျောင်းအမရဲ့ ။

ဒါနဲ့ပဲ ဗစ်တာခင်ညိုရဲ့  “နွေ” ဆိုတဲ့သီချင်းကို အမြန်ထဖွင့်လိုက်ရပါတယ်။

စနေ၊တနင်္ဂနွေအားလပ်ရက် မနက်ခင်းတချို့ မှာ လေ၀ဲလွင့် ရောင်စုံသစ်ရွက်တွေကို
ငေးကြည့်ရင်း။ အေးစက်တဲ့အမေရိကန်ဆောင်းကို စောင်ထူထူနဲ့ ခုခံရင်း။ ပြုတင်း
ပေါက်က ဆောင်းမြင်ကွင်းကို နွေဆိုတဲ့သီချင်းနဲ့ကွေးရင်း နွေးရတဲ့အရသာ ကောင်း
လှကြောင်းကို မိတ်ဆွေများထံ မျှဝေလိုက်ရပါတယ်ဗျား။

နွေရောက်ပြီလေ….
ရိုးတန်ကျဲကျဲ…..
ပင်အိုတို့ အလှချင်းလည်းပြိုင် ။

လေရူးလေးအဝှေ့ ….
ရွက်ဝါတွေ လိပ်ပြာတွေရယ်
အကချင်း ပြိုင်နေသလိုပင်……။

မြန်မာနွေသီချင်းနဲ့ အမေရိကန်ဆောင်း။ ကြောင်တောင်တောင်တော့အနိုင်သား။
သို့ပေတဲ့ တတ်နိုင်ဘူး ရှင်မရေကြုံရာကားနဲ့ မှီအောင်သာ လိုက်ခဲ့ရတာပ။ ဒီလို
နေထိုင်နည်းတွေနဲ့ နေသားကလည်း ကျလာနေပြီထင်ပါရဲ့ ။

အားလုံးကျန်းမာကြပါစေဗျား။


(ရုပ်ပုံ ။ ကိုယ်တိုင်ရိုက် )

2 comments:

သက်ဝေ said...

ဒီဇင်ဘာ ရှင်းတမ်းဆိုပြီး ဘာမှလဲ သေသေချာချာ ရှင်းမပြသွားဘူး...
မရဘူး.. နောက်တခါ ပြန်ရှင်းပြ...း))

blueskyforest said...

ရှင်းတော့မှပဲ ရှုပ်ကုန်တယ်ဆိုတာ ဒါကိုပြောတာပဲဖြစ်မယ်။ နောက်တခါ ရှင်းဖို့အရေး ဘယ်လိုပြန်ရှုပ်ရင်ကောင်းမလဲ။
သက်ဝေနဲ့တော့ အခက်ပွေပြီထင်ပါရဲ့  ။း)