Wednesday, February 6, 2008

ခရီးထွက်ခဲ့တာ ကြာပြီ














ခရီးထွက်လာတာ ကြာတော့
လာရာလမ်းကို လွမ်းမိတယ်။

ဒီနေရာရောက်အောင်
အဖေါ်မပါ
တကိုယ်တည်း
မြေပုံမပါပဲ လာခဲ့တယ်။

ဟိုကွေ့ရောက်တဲ့အခါ
ဟိုတက်နဲ့ပဲ လှော်ခဲ့ပါတယ်။

တခြားလူတွေလည်း ငါ့လိုပဲ
နေထွက်ရာအရပ်ကို မျက်နှာမူခဲ့ကြတယ်။

ကိုယ့်ရဲ့သမိုင်းကို
ကိုယ်ပဲမှတ်တမ်းတင်ကြတယ်။

လာခဲ့တဲ့ခရီးမှာ
ငါဟာ
ဧရာဝတီမြစ်ရေချိုးခဲ့သူ
ဒုတ္တ၀တီကိုဖြတ်ခဲ့သူ
နန်းတော်ပျက်မှာ နေခဲ့သူ
ရှမ်းတောင်တန်းပေါ် တက်ခဲ့သူ
ရော့ခ်သီချင်းကို ကြိုက်ခဲ့သူ
မေတ္တာသုတ်ကို ကျက်ခဲ့သူ
အရက် တနေကုန် သောက်ခဲ့သူ
ဖဲလည်းရှုံးဖူး၊ အသည်းလည်းကွဲဖူး
ရထားအမိုးပေါ်ကလည်း စီးခဲ့ဖူး
အမေ့ပိုက်ဆံလည်း ခိုးခဲ့ဖူး
ဘုရားသခင်ဆီမှာလည်း ဆုတွေတောင်းခဲ့ဖူးသူပေါ့။

အခုတော့
ငါရောက်နေတဲ့ မြေနီနီ ဒီအရပ်မှာ
နာမည်ကျော် ဘလော့ဂါလည်း ဖြစ်ချင်နေ။

လူသိပ်မသိတဲ့
ဘီလျှံနာလည်း ဖြစ်ချင်နေ။

မိန့်ခွန်းတွေလည်း ချွေချင်နေ
တရားတွေလည်း ဟောချင်နေ
စစ်လက်နက်တွေလည်း ပိုင်ဆိုင်ချင်နေသူပေါ့။

ခင်မင်သူမိတ်ဆွေများနဲ့
သီချင်းကောင်းတပုဒ်ကို ရေးဖွဲ့ချင်။

တောင်ပေါ်တောတန်း
ရှုခင်းလှလှမှာ
ကော်ဖီသောက်ရင်း
ကဗျာအကြောင်းဆွေးနွေးချင်။

အသံတိတ်ရုပ်ရှင်ကို
ဆေးခြောက်ရှုပြီး အတူကြည့်ချင်။

ပန်းနုရောင် ညနေခင်းမှာ
အရက်မူးပြီး ကခုန်ချင်။


ခရီးထွက်လာတာ ကြာခဲ့တော့
လာရာလမ်းကို လွမ်းမိတယ်။

အားလုံးကို နှုတ်ဆက်ဖို့ မေ့ခဲ့သူပါ။

ခရီးထွက်ကြသူအပေါင်း
လမ်းခရီးမှာ အဖမ်းအဆီး ကင်းစေကြောင်း။

1 comment:

ကောင်းကင်ကို said...

ဒီကဗျာလည်း ကြိုက်တယ်ဗျို့ ။ ဖြစ်ချင်တာ လုပ်ချင်တာတွေ တူတယ်ဗျ။ :D