Tuesday, July 31, 2007

အလွမ်းတေး













နိုင်ငံခြားရောက်ပြီးမှ ကြိုက်လာရတဲ့အရာတွေထဲမှာ ချဉ်ပေါင်ဟင်း ၊
အငြိမ့်နဲ့ တွံတေးသိန်းတန်သီချင်း တွေလည်းပါတယ်လို့ မိတ်ဆွေတဦးက
ပြောဖူးတယ်။ ကျွန်တော်ကတော့ ချဉ်ပေါင်ဟင်းနဲ့ အငြိမ့်ကို မြန်မာပြည်
မှာကတည်းက ကြိုက်ပြီးသား။ တွံတေးသိန်းတန်ကိုတော့ ကျွန်တော့ခင်
မျာ မကြိုက်တတ်ခဲ့ရှာဘူး။ သူ့သီချင်းတွေက အော်လည်း အော် ၊ တော
စော်လည်းနံတယ်လို့ ထင်ခဲ့မိတယ်။

ဟုတ်တယ်ဗျို့ ။ အခု နိုင်ငံခြားစော်လေး နည်းနည်းနံလာတော့ တွံတေး
သိန်းတန်မှ ဗမာသံစစ်တယ်လို့ထင်လာသဗျ။ သူ့လို အသံပြဲပြဲနဲ့ ဟဲ
လိုက်ရမှ ရွှေပြည်တော်အလွမ်းစိတ်က ပြေတော်မူတယ်ခင်ဗျ။ ဒီလိုနဲ့ပဲ
ဘ၀မှာတခါမှမရှိဘူးခဲ့တဲ့ တွံတေးသိန်းတန်ရဲ့ အခွေကို တခုတ်တရမှာပြီး
တချက်တချက် ထထဖွင့်နေရပါတယ်။

ဘ၀မှာက ကော်ပီသီချင်းတွေတော်တော်များကိုပဲ နားထောင်ခဲ့တာပါ။
ကျွန်တော်တို့ခေတ်က ကော်ပီခေတ်ကိုး။ ကိုယ်ပိုင်သံစဉ်သီချင်းတွေ
ရှိတယ်ဆိုပေမဲ့ ပေါ့ပ်လို့ခေါ်ကြတဲ့ ကာလပေါ်သီချင်းတွေထဲမှာ လူငယ်
ကြိုက် ကိုယ်ပိုင်သံစဉ်သီချင်းတွေက ကျွန်တော်တို့ခေတ်မှာခပ်ရှားရှား။
ကျွန်တော်ဆိုရင် တွံတေးသိန်းတန်သီချင်းကို တပုဒ်မှ အလွတ်မရဘူး၊
ဒါပေမယ့် ပလေးဘွိုင်သန်းနိုင်သီချင်းတို့ ဘိုဘိုဟန်သီချင်းတို့ဆိုရင်တော့
အလွတ်ရသဗျို့ ။ ကြိုက်လွန်းလို့ ဂီတာနဲ့တောင်လိုက်တီးရ၊ လမ်းထိပ်မှာ
ထွက် ပြီးအော်ခဲ့ရသဗျ။

စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ရှိတယ်ဆိုပေမဲ့ သူတို့သီချင်းတွေက လူ
ငယ်တွေအတွက် အင်နဲ့အားနဲ့ဟစ်လို့မရဘူး။ ကိုနေ၀င်းတို့ စိုင်းခမ်းလိတ်
တို့သီချင်းတွေက တန်ဘိုးရှိတဲ့ကိုယ်ပိုင်သံစဉ် ဖန်တီးမှူတွေ၊ ကျွန်တော်
တို့ခေတ်ရဲ့ ထူးခြားတဲ့အနုပညာရှင်တွေပဲဆိုတာကိုတော့ ဒီနေရာကနေ
လေးလေးနက်နက်မှတ်တမ်းတင်လိုက်ပါတယ်။

ကျွန်တော်တို့ကြီးပြင်းခဲ့ရတဲ့ ဆိုရှယ်လစ်ခေတ်မှာက စီးပွါးရေးကိုဘယ်သူ
ကမှ မပိတ်ဆို့ရပဲ ကိုယ့်ဘာသာပိတ်ဆို့ထားတာဆိုတော့ နိုင်ငံခြားဖြစ်
ပစ္စည်းဆိုတာက မက်မောစရာပေါ့။ ဖြစ်ချင်တော့ ကိုယ်ပိုင်ပစ္စည်းကိုလည်း
အဲဒီခေတ်က ကောင်းကောင်းကန်းကန်း လုပ်နိုင်ခဲ့ကြတာမဟုတ်ဘူး။ လုပ်
နိုင်တဲ့သူတွေရှိဦးတော့ လုပ်ခွင့်ဆိုတာကရဦးမှကိုး။

သီချင်းလောကလည်း ဒီအတိုင်းပါပဲ။ ခေတ်လူငယ်အများစုက နိုင်ငံခြားဖြစ်
သီချင်းတွေကိုပဲ ကြိုက်ကြပါတယ်။ ကော်ပီခေတ်ထွန်းကားလာတယ်ပေါ့။
ကော်ပီဝါဒ တွင်ကျယ်လာတယ်ပေါ့။ ကိုယ်ပိုင်သံစဉ်ဝါဒ မှေးမှိန်လာတယ်ပေါ့။
ဆိုလိုချင်တာက ကျွန်တော်တို့ မြန်မာတွေ အချောင်ကြိုက်လာကြတယ်။ ဖန်
တီးမှူ ကျလာတယ်။ အရည်အသွေး နိမ့်လာတယ်။ အလွယ်လမ်းလိုက်လာ
တယ်။ ဖြစ်သလို၊ ကြုံသလိုလုပ်လာကြတယ်။ မကောင်းတဲ့အကျင့်တွေကို
နှစ်ကာလအတော်ကြာအောင် လေ့ကျင့်လာခဲ့ကြတယ်ဆိုတာပါပဲ။

ဝေးဝေးမကြည့်ပါနဲ့။ သင်္ကြန်ကျရင် အခုထိ မြို့ မငြိမ်းကို လက်လွှတ်လို့မဖြစ်
သေးတာပဲကြည့်။ ကျွန်တော်တို့မှာက မြို့ မငြိမ်းလောက်နဲ့တင် ကိစ္စပြတ်နေ
ရတဲ့တိုင်းပြည်ပါ။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ခေတ်ကြောင့်၊ စံနစ်
ကြောင့်ဆိုပြီး လက်ညိုးထိုး အပြစ်ဖို့လည်း အခုအချိန်မှာတော့ အပိုပါပဲ။
အရင်က အားနည်းချက်တွေကို လေ့လာသုံးသတ်ပြီး နောင်ကာလမှာ ထပ်
မဖြစ်အောင်လုပ်ကြဖို့က ပိုအရေးကြီးပါတယ်။

မြို့ မငြိမ်းဆိုလို့ နားလည်ရခက်တဲ့ကိစ္စတခုလည်းရှိသေးတယ်။ သူတို့ကာ
လက တကမ္ဘာလုံးမှာကို အနုပညာတွေက ထူးထူးဆန်းဆန်း ထွန်းကား
ပွင့်လန်းခဲ့ကြဆိုသကိုး။ ပန်းချီ၊ ပန်းပုတွေလည်းဒီလိုပဲတဲ့။ အဲဒီ ဒုတိယ
ကမ္ဘာစစ်ကာလဟာ ဘယ့်နှယ်ကြောင့်ရယ်မသိ၊ စစ်ဖြစ်လို့ သေလိုက်ကြ
တာကလည်း သောက်သောက်လဲ။ ရက်စက်မှူတွေကလည်း ကမ်းကို
ကုန်လို့။ ဟော တဘက်မှာလည်း အနုပညာတွေက အားကောင်းလို့။

ကြားဖူးတဲ့ ဥပမာအတိုင်းပြောရရင် အနုပညာသမားတွေဟာ မိထွေးဆိုး
ကြီးကနှိပ်စက်လေ အဖိုးတန်တဲ့ ပုလဲမျက်ရည်တွေ ထွက်ကျလာလေဆိုတဲ့
ပုံပြင်ထဲကအတိုင်း ဖြစ်ခဲ့လေသလားပဲ။ ခေတ်ဆိုးစံနစ်ဆိုးက နှိပ်စက်လေ
တော့ အနုပညာသည်တွေ ပိုပြီးခံစား အားထုတ်ခဲ့ကြပုံရပါတယ်။

မစဉ်းစားတတ်တာ တခုလည်းရှိသေးတယ်။ ဆိုရှယ်လစ်ခေတ်မှာ ဟိုပိတ်
ဒီဆို့နဲ့ တားမြစ်ဟန့်တား တာတွေလည်း ကြုံခဲ့ရ။ အကျိုးပြုတေးဆိုတဲ့ မဆို
မနေရသီချင်းတွေနဲ့လည်း ဆုံခဲ့ရ။ ဒီနေ့ခေတ်အထိလည်း ကိုယ်ဆိုမယ့် သီ
ချင်းကို စာပေစိစစ်ရေးကခွင့်ပြုမှ ဆိုနေရတဲ့အဖြစ်။ (သီချင်းထဲမှာ သေနပ်
သံပါရင်လည်း ဖြတ်သတဲ့။ ဖြုတ်သတဲ့ ) ဒီလိုအကျပ်အတည်းတွေရှိနေပေမဲ့
ကျွန်တော်တို့ရဲ့ အနုပညာရှင်များက ရှေ့ မှာပြောခဲ့သလို ပြောင်မြောက်အောင်
မလုပ်ကြတဲ့ကိစ္စကတော့ နားလည်ရခက်ပါတယ်။

ဒီနေရာမှာလည်း ကြားဖူးတဲ့ဥပမာတခု ထပ်ပေးရရင် နှင်းတွေထူထူထပ်ထပ်
ကျနေတော့၊ ပဲပင်လေးတွေခင်မျာ အညောင့်မထွက်နိုင်ရှာဘူးဆိုတဲ့ ကဗျာထဲ
ကလို အပိတ်အဆို့တွေများလွန်းလို့ ကျွန်တော်တို့ ရဲ့  အနုပညာတွေ မပွင့်လင်း
နိုင်တာပဲဖြစ်လိမ့်မယ်လေလို့ ဖြေတွေးလေး တွေးပေးထားရပါတယ်။

သီချင်းတွေကိစ္စ ပြန်ဆက်ရရင်၊ ခေတ်ဟောင်းတေးပြန်ဆိုတာက နိုင်ငံတကာ
အလိုက် လုပ်နေကြတာပါ။ မြန်မာတွေအဟောင်းပြန်ဆိုတာလည်း မဆန်းပါဘူး။
ဒါပေမယ့်အဟောင်းထက် ပိုကောင်းအောင်၊ ပိုစိတ်ဝင်စားအောင် ဆန်းသစ်ပြနိုင်
တာက နည်းနည်းရယ်။ မူလသီချင်းကိုဖျက်သလို လုပ်ဆိုတာကများများ။ အရင်
ကာလကသီချင်းကိုတီးခပ်ကြရင် တကယ့်တူရိယာတွေနဲ့တီးခပ်ခဲ့ကြပေမဲ့ အခု
ခေတ်ကာလက အလွယ်တကူနဲ့ အသံစုံထွက်တဲ့ ကီးဘုတ်နဲ့တီးပြီးဆိုကြပါတယ်။

ကီးဘုတ်ဆိုတာကလည်း အကောင်းစား ကီးဘုတ်သုံးတာမျိုးက နည်းပါတယ်။
အရင်ကာလက တယောသံဆို တကယ့်တယောနဲ့တီးတာပါ။ စန္ဒယားဆိုလည်း
တကယ့်စန္ဒယားနဲ့ပါ။ တူရိယာသံချင်းယှဉ်ပြီးနားထောင်ကြည့်ပါ။ အရသာကွာ
ပါတယ်။ အားထုတ်မှုကွာပါတယ်။ ရှေးကပဲ ကောင်းတယ်လို့ပြောရတာနည်းနည်း
တော့ ရှက်ဖို့ကောင်းတာအမှန်ပဲ။ ကျွန်တော်တို့က အရင်ခေတ်ကထက် ပိုကောင်း
အောင် လုပ်နိုင်တယ်လို့ပြောချင်တာ။ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကိုယ့်ခေတ်မှာက
ညံ့ကြပြီကိုး။

ကျွန်တော်တို့က သီချင်းလောကမှာတင် အလွယ်လိုက်ပြီး ကိုယ်ရေကိုယ်သွေး
တွေကို ရေစုန်မျှောလိုက်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျိုးဆက်ဟာ
အတိတ်ရဲ့ ကောင်းမွေတွေကို ဆက်ပြီးမသယ်ဆောင်နိုင်ကြဘူးလို့ ပြောချင်တယ်။
ဒါကို မျိုးဆက်အရည်အသွေးညံ့တယ်လို့ ခေါ်ရမှာပါ။ ဒီကနေ့မြန်မာ့တပ်မတော်
ကိုပဲ ကြည့်မလား။ နိုင်ငံရေးလောကကိုပဲ ကြည့်မလား။ လူမှူရေးလောကကိုပဲ
ယှဉ်မလား။ ကိုယ်ကျင့်တရားကိစ္စကိုပဲ ပြောမလား။ အရင်ကာလတွေထက်
ပိုကောင်းလာအောင် ကျွန်တော်တို့မလုပ်နိုင်ခဲ့ကြဘူး။ များသောအားဖြင့်ပေါ့။

အခုကာလက ပြည်တွင်းမှာ သီချင်းဆိုစားရတာ အရင်ကလောက် တွက်ခြေ
မကိုက်ကြတော့ နိုင်ငံခြားကိုထွက်ပြီး ဖျော်ဖြေကြရတယ်။ နိုင်ငံခြားရောက်
မြန်မာမိသားစုတွေဆီမှာ လာဖျော်ဖြေတော့လည်း အရင်ကာလက ကျော်ကြား
ခဲ့တဲ့ ကော်ပီသီချင်းတွေ၊ ပြန်ဆိုတေးတွေပဲ ဆိုကြတာများပါတယ်။ တချို့  အနု
ပညာရှင်တွေကတော့ ကော်ပီတွေဆိုရတာကို ရှက်ရကောင်းမှန်းသိလာနေကြ
ပါပြီ။ အများစုကတော့ မရှက်တတ်ကြသေးပါဘူး။

နယူးယောက်မြို့ ကြီးမှာ မြန်မာပြည်ကလာတဲ့ ရောခ့်အဆိုတော်တွေက အမေ
ရိကန်ရော့ခ်သီချင်းတွေကို မြန်မာလိုဆိုပြကြပါသတဲ့။ မူရင်းသီချင်းကို ဘာသာ
ပြန်ပြီးဆိုတာလည်း မဟုတ်ဘူး။ ဆိုတဲ့နေရာမှာလည်း မူရင်းသီချင်းကို မမှီသလို၊
တီးတဲ့နေရာမှာလည်း မမှီရှာပါဘူး။ မြန်မာရော့ခ်သီချင်းဆိုတာ ဘယ်လိုများပါလိမ့်
ဆိုပြီး နားထောင်ကြည့်ချင်လို့လာတဲ့ အမေရိကန်များ ပွဲတော်အတွင်း မျက်ခုံးပင့်
ပြကြပါသတဲ့။ ပုခုန်းတွန့်ပြကြပါသတဲ့။ ပြုံးပြကြပါသတဲ့။ မြန်မာရော့ခ်သမားတွေ
ကတော့ စင်ပေါ်မှာ အကြီးအကျယ် တွန့်ကွေးပြီး ဟဲပြရှာပါတယ်။ သူတို့ဟဲတဲ့
ကော်ပီသီချင်းကို အကြောင်းသိမြန်မာပရိတ်သတ်ကလည်း သဘောအလွန်ကျပြီး
ကောင်းကောင်းကြီး အားပေးချီးမြောက်ကြပါသတဲ့။ သူ့အရပ်နဲ့ သူဇာတ်ကတော့
အဟုတ်ခင်ဗျ။

ပြောချင်တာကတော့ အားပေးတဲ့ပရိတ်သတ်ကရော ဖျော်ဖြေတဲ့အနုပညာရှင်တွေ
ကရော ကိုယ်ပိုင်အားထုတ်မှုတွေကို မက်မောတတ်ကြဖို့လိုပြီဆိုတာပါပဲ။ နိုင်ငံခြား
ရောက်ပြီး ကိုယ့်တိုင်းပြည်ကိုလွမ်းလို့ သီချင်းလေး ညည်းမိရင် အမှတ်မထင် ကော်
ပီသီချင်းတွေ ဆိုမိတတ်ပါတယ်။ အကျင့်က ပါနေပြီကိုး။ အဲဒီလိုဆိုမိရင် ကိုယ့်ဘေး
မှာ ဘယ်သူများရှိနေမလဲလို့ အထိတ်တလန့် ကြည့်မိနေတဲ့အဖြစ်ကို မလုံမလဲဖြစ်လို့
အခုလိုရေးမိတာပါ။ ကျန်းမာကြပါစေ။

(သြဂုတ်လ ၊၂၁ရက်၊ ၂၀၀၇ခုနှစ်)

4 comments:

yours said...

ဘာလို့ cbox မတင်သေးတာပါလဲ

boedawgyi said...

ဟုတ်ပဗျာ သူ့အရပ်နဲ့သူ့ဇတ်..ဘေးကလူကတော့
မျက်နှာပူတာပဲအဖတ်တင်တယ်

May said...

that is what ukongyi said about Burmese that they are not making orginal songs. for an example he is trying to produce an album.

the first one is as follows:

http://www.youtube.com/watch?v=wmLuT3aJw9E

Thu said...

Copy or Simulation, not original creativity, ID of Myanmar.
Not only in music, but all the fields.
Distinct peoples mean who are fluent in language skill as English and got chances to touch earlier (i.e. A leading and living Myanmar Poet, translated word "the naked road', attractive to the peoples).
And, a current popular blogger, writer's translation from Chinese books.