Friday, July 29, 2011

အားကစားသတင်း












ယမန်နေ့က ရန်ကုန်၌ ကစားခဲ့ကြသည့် မြန်မာ၊ အိုမန်ဘောလုံးပွဲတွင်
မြန်မာပြည်သူတို့၏ စိတ်သဘောထားကောင်းမြတ်မှုနှင့် အားကစားကို
ချစ်မြတ်နိုးမှုအား ကမ္ဘာက သိအောင် ထင်ထင်ရှားရှား ပြသခွင့်ရခဲ့ကြ
သည်။ အခွင့်အရေးကို လက်လွတ်မခံပဲ မြန်မာ့စိတ်ရင်းစေတနာကို
ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား နိုင်ငံတော်အစိုးရကလည်း
ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ရုပ်မြင်သံကြားက
ချီးမွန်းပြောဆိုရန် စီစဉ်နေသည်။

အိုမန်အသင်းက မြန်မာထက် သာကြောင်း မြန်မာပရိတ်သတ်များက
ကြိုတင် သဘောပေါက်ထား၍ ပွဲပြီးဆုံးသည်အထိ ကန်ခွင့်မပေးခဲ့။
မြန်မာကွင်း၌ ကန်ခွင့်ရချိန်အတွင်း အိုမန်အသင်းကို အမောမဖေါက်
စေလို။ မြန်မာပရိတ်သတ်ကြီးက သူတို့သောက်ရန် ၀ယ်ယူထားသော
ရေဘူးများကို သူတို့မသောက်ပဲ အိုမန်ဘောလုံးသမားတို့ သောက်ရန်
တက်တက်ကြွကြွဖြင့် စွန့်လွှတ်လှူဒန်းခဲ့ကြသည်။

တချို့ပရိတ်သတ်များကလည်း ၄င်းတို့အိမ်က ယူဆောင်လာခဲ့ကြသော
ထီးများကို အိုမန်အသင်းသားတို့ ကွင်းအလယ်၌ နေပူမှာစိုးသဖြင့် လှမ်း
၍ ပစ်ပေးခဲ့ကြသည်။ တချို့ကလည်း အိမ်အပြန် ခြေဗလာဖြင့် ပြန်မည်
ဟု ဆုံးဖြတ်ပြီး ကိုယ်တိုင်စီးလာသည့် ဖိနပ်များကိုချွတ်၍ ပစ်ပေးခဲ့ကြ၏။
အိုမန်အသင်း ဘောလုံးပွဲပြီးသည်အထိ ဆက်၍ကန်စရာ မလိုတော့ကြောင်း၊
ဘောကန်ဖိနပ်များကို လဲ၍ ကွင်းအလယ်၌ သက်သက်သာသာ နေကြပါရန်
လည်း ဟစ်အော် တောင်းပန်ခဲ့ကြ၏။ မြန်မာအသင်းအနေနှင့်လည်း ဆက်၍
ကန်လျှင် ရှုံးမည့်အတူတူ စောစောနားသော် စောစောသက်သာသည်ဟု
စေတနာထားပြီး ဘောပွဲကို ရပ်နားကြရန် လေးဘက်လေးတန် စင်ပေါ်က
အော်ဟစ် အသနားခံခဲ့ကြသည်။

အိုမန်ဘောသမားများအတွက် မြန်မာ့ကွမ်းကို မိတ်ဆက်ပေးသည့် အနေ
နှင့်လည်း ကွမ်းထုပ်များ၊ ကွမ်းဘူးများအပြင် ဗိုက်ဆာနေသူတို့ အသင့်
စားသုံးနိုင်ရန် မြန်မာအစားအသောက်များကိုပါ ကွင်းပတ်ပတ်လည်က
ပစ်ချပေးခဲ့ကြလေသည်။ မြန်မာပြည်တွင်းဖြစ် အုတ်နီခဲများ၏ အရည်
အသွေးကို အချိန်ရတုန်းရခိုက် လေ့လာသွားစေချင်သည့် သဘောဖြင့်
လည်း ရသမျှအုတ်ခဲအကျိုးအပဲ့တို့ကို အိုမန်ဘောသမားများထံ အရောက်
ပေးပို့ခဲ့ကြသည်။

မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလည်း ဤမျှစေတနာကြီး
မား သဘောထား ကောင်းလှသည့် မြန်မာပရိတ်သတ်ကြီးအား ကွင်း
အလည်ကို ထွက်ကာ ရှိခိုးဦးခိုက် ကျေးဇူးတင်ခဲ့သည်။ လုံခြုံရေးရဲများ
ကလည်း ပရိတ်သတ်ကြီး၏ အားပေးမှုကို ထောက်ခံသည့်အနေဖြင့်
ဘောလုံးကွင်းအနှံ့ ချီတက်ပြခဲ့ကြသည်။

သို့သော် လူကိုသေကျေစေနိုင်သည့် ဓါးရှည်၊ ဓါးကောက်များကို နိုင်ငံ
တော်အလံတွင် ထည့်သွင်းအသုံးပြုထားသည့် အစ္စလမ်ဝါဒီ အိုမန်
ဘောသမားများသည် မြန်မာပရိတ်သတ်၏ မေတ္တာစေတနာကို လုံးဝ
သဘောမပေါက်ခဲ့။ ၄င်းတို့အား တိုက်ခိုက်သည်ဟု တဘက်သတ်
စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ဖီဖါခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည်လည်း မြန်မာ့ယဉ်ကျေးမှုကို လုံး
ဝ နားမလည်။ မြန်မာတို့အား အရေးယူမည့်သဘော ချိန်းချောက်ပြော
ဆိုခဲ့သည်။ အစာရေစာနှင့် လက်ဆောင်ပစ္စည်းများပေးခဲ့ကြသည်ကိစ္စ
ကို စုံစမ်းစစ်ဆေးမည်ဟုပင် မရှက်မရွံ့ ထုတ်ဖေါ်ပြောဆိုခဲ့လေသည်။

မြန်မာတို့သည် အားကစားစိတ်ဓါတ် ပြင်းထန်ကြသူများဖြစ်ကြောင်း
ကမ္ဘာက ကောင်းကောင်း မသိ။ ပေးထားသည့် နာမည်ကိုယ်၌က
“အားကစား” ။ အားသည့်အခါတိုင်း ကစားသည်ဟု အဓိပ္ဗါယ်ရသည်
ကို နိုင်ငံတကာက နားမလည်ကြ။ ဤမျှ အဓိပ္ဗါယ်လေးနက်ပေါ်လွင်သည့်
နာမည်ကို ပေးပြီး အားကစား၏ဂုဏ်ကို မြှင့်တင်ခဲ့သည်ကို သဘော
မပေါက်ကြ။

အိုမန်ဘောလုံးပွဲ အဖြစ်အပျက်ကြောင့် ယခုဆိုလျှင် မြန်မာတမျိုး
သားလုံးက အားကစားလောက တခုလုံးကို စွန့်လွှတ်ပစ်ရန်အထိပင်
စဉ်းစားပြောဆို နေကြလေပြီ။ နောက်ဆုံးရရှိသော သတင်းများအရ
နေပြည်တော်အရပ်တွင် ကြီးကြီးမားမား တည်ဆောက်ထားသည့်
ပြည်သူ့လွှတ်တော်အတွင်း သမ္မတကြီးအပါအ၀င် တိုင်းပြည်ခေါင်း
ဆောင်များက ဘောလုံးကိစ္စ အရေးပေါ်လွှတ်တော်အစည်းအဝေး
ခေါ်ယူကျင်းပနေသည်ဟု သိရသည်။

မြန်မာစစ်ခေါင်းဆောင်များကလည်း ဘောလုံးကန်သည့်နိုင်ငံများ
အားလုံးကို စစ်ရေးအရ တုံ့ပြန်သွားဖို့ ဒေါသတကြီး အဆိုတင်သွင်း
နေကြသည်ဟု ဆိုသည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း
နိုင်ငံရေးအကြောင်းကို လုံးဝ မစဉ်းစားကြတော့ပဲ ဘောလုံးအကြောင်း
ကိုသာ နေ့ရောညပါ ဆွေးနွေးပြောဆိုနေကြကြောင်း၊ အစိုးရနှင့် အရာ
ရာ သဘောထား ကွဲလွဲနေကြသော်လည်း ဘောလုံးကိစ္စ၌ တထပ်တည်း
ဆန္ဒရှိနေသဖြင့် ဘောလုံးကို အခြေခံ၍ အမျိုးသားပြန်လည်သင့်မြတ်
ရေး ဖြစ်ပေါ်လာရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု
ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, July 28, 2011

လူသတ်သမားရဲ့ ညနေခင်း















လူသတ်သမားဟာ ဘာသာတရား ကိုင်းရှိုင်းသူတဦးဖြစ်တယ်။ ခရစ်
ယန်၊ အစ္စလမ်နဲ့ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တယ်။ ခရစ်ယန်မှာ
ရေဖျန်း၊အစ္စလမ်မှာ ယှီအာ၊ ဗုဒ္ဓဘာသာမှာတော့ မဟာယနရော ထေ
ရ၀ါရပါ ယုံကြည် ကိုးကွယ်သူဖြစ်တယ်။ သူ့ဘ၀မှာ လူသတ်တဲ့လုပ်
ငန်းကအစ ကိုးကွယ်မှုအဆုံး သူကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်ပြီး
ကျကျနန နေထိုင် ရှင်သန်သူဖြစ်တယ်။ သူမရွေးချယ်ပဲ သူ့ဘ၀ထဲမှာ
ရှိနေတဲ့ အရာဆိုလို့ သူ့မိခင်တဦးပဲရှိတယ်။

လူသတ်သမားဟာ သတ်သတ်လွတ်သမား တဦးလည်းဖြစ်တယ်။
အားတဲ့အချိန်မှာ စာတွေရေးတယ်။ တခါတလေ ကဗျာတွေရေးတယ်။
သူနေတာက မြို့လည်ခေါင် တိုက်မြင့်ကြီးတလုံးက အခန်းတခုမှာဖြစ်
တယ်။သူ့ကို ဘာလုပ်သလဲလို့ လူတွေမေးကြရင် စာရေးတယ်လို့ပဲ ဖြေ
ပါတယ်။ ကလောင်နာမည်ကို မေးရင်တော့ တခြားစာရေးဆရာတွေ
အတွက် အနောက်ကနေ ရေးပေးရသူဖြစ်လို့ “အမည်မဲ့” လို့ပဲ ရှင်းပြ
တယ်။

လူသတ်သမားဟာ စည်းကမ်းသိပ်ကြီးသူ တဦးလည်းဖြစ်ပါတယ်။
အသက်၂၀နှစ်အောက် လူတွေကို မသတ်ဘူး။ သတ်ရမယ့်လူရဲ့
နောက်ကြောင်း အချက်အလက်ကိုလည်းသူ့ကို မပြောရဘူး။ အသတ်
ခိုင်းသူက ဘယ်သူလဲ ဆိုတာကိုလည်း သူ့ကိုအသိ မပေးရဘူး။ သူ
ဘယ်သူလဲ ဆိုတာကိုလည်း အလုပ်အပ်တဲ့သူ သိခွင့် မရှိဘူး။ အလုပ်
ကိစ္စ ကြားခံဆက်သွယ်ရေးသမားအဖြစ် သူ့မိခင်က ဆောင်ရွက်ပေးပါ
တယ်။ လူသတ်သမားဟာ အမေတခု သားတခုပါ။

လူသတ်သမားဟာ ပါရမီကောင်းတဲ့ လူသတ်သမားတဦးဖြစ်တယ်။
သူသတ်ရမယ့် လူကို တချက်တည်းနဲ့ သေအောင် သတ်နိုင်ဖို့ အပြင်း
အထန် လေ့ကျင့်ထားသူဖြစ်တယ်။ သူ့လက်ချက်နဲ့သေဆုံးရသူတိုင်း
သေလို့သေမှန်း မသိရအောင်။ နာကျင်မှု လုံးဝမရှိရအောင် ရုပ်ပိုင်း
အရ အမြဲမပြတ် လေ့ကျင့်ထားသလို နာမ်ပိုင်းအရလည်း ဆုတောင်း
ဝတ်ပြုမှုတွေ မပြတ်လုပ်နေသူတဦး ဖြစ်တယ်။

လူသတ်သမားဟာ ကျွမ်းကျင်ထက်မြက်တဲ့ မုဆိုးတဦးလို ခြေသံလုံလုံ
နဲ့ နေထိုင်တယ်။ သူဟာ တိတ်ဆိတ်ငြိမ်းအေးသူတဦးဖြစ်ပြီး နုညံ့သိမ်မွေ့
သူလည်း ဖြစ်တယ်။ ကမ္ဘာတ၀ှမ်းမှာ ညှင်းပမ်းနှိပ်စက်ခံရပြီး သေဆုံးနေရ
သူတွေ နေ့စဉ်ဆိုသလို ရှိနေတယ်။ တချို့နှိပ်စက်သူတွေက မသတ်ဖြတ်
ခင်မှာ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကလေးသူငယ်ပဲဖြစ်ဖြစ် မုဒိန်း
ကျင့်တာတွေရှိတယ်။ ဒီလိုသတ်ဖြတ်မှုတွေကို လူသတ်သမားက သိပ်မုန်း
ပါတယ်။ ဒီလိုအသတ်ခံရသူတွေ အတွက်လည်း ကြေကွဲနေတတ်တယ်။

လူသတ်သမားဟာ နာမည်ကြီးတက္ကသိုလ်တခုက ဘွဲ့နှစ်ခု ရထားသူ
ဖြစ်တယ်။ ရသစာပေဖန်တီးမှုဘာသာရပ်နဲ့ ဒဿနဗေဒကို အထူးပြု
လေ့လာခဲ့သူဖြစ်တယ်။ သူဟာ တတိယမျိုးဆက် လူသတ်သမားလည်း
ဖြစ်တယ်။ သူ့အဖေရဲ့ ဖခင်ကစပြီး လူသတ်လုပ်ငန်းကို စံနစ်တကျ ထူ
ထောင် လေ့ကျင့်လာခဲ့တာဖြစ်တယ်။ အခုတော့ သူ့ရဲ့မိခင်က သူ့ကို
အိမ်ထောင်ပြုဖို့ တိုက်တွန်းနေပါပြီ။ လောလောဆယ် လူသတ်သမား
မှာ ချစ်တဲ့သူ မရှိသေးပါဘူး။ ကြိုက်တဲ့သူတွေနဲ့ ပေါင်းသင်းနေထိုင်ခဲ့ဖူး
ပေမဲ့ ချစ်တဲ့ အဆင့်အထိ ရောက်မလာခဲ့ဘူး။ လူသတ်သမားဟာ
အိမ်ထောင်ရေး ဆိုတာကိုလည်း သိပ်ပြီး အယုံအကြည် မရှိချင်ပါဘူး။

လူသတ်သမားဟာ ညနေခင်းတွေကို သိပ်ကြိုက်တယ်။ နေ့နဲ့ည စပ်ကူး
မှတ်ကူးကာလမှာ အပြောင်းအလဲတွေ ရောယှက်နေတာတွေကို နေ့တိုင်း
ဆိုသလို စိတ်ဝင်တစားနဲ့ ထိုင်ငေးနေတတ်တယ်။ နိုင်ငံတော်တော်များ
များက မြို့တွေ၊ ရွာတွေကို သွားပြီး မတူကွဲပြားတဲ့ ညနေခင်းတွေကိုခံစား
တယ်။ ရာသီအလိုက် ပြောင်းလဲနေတဲ့ ညနေခင်းတွေဟာ သူ့အတွက်
အခန်းနားဆုံး သဘာဝတရားရဲ့ တင်ဆက်ဖျော်ဖြေမှုတွေပါပဲ။

လူသတ်သမားဟာ လူသတ်တဲ့အလုပ်ကို ကြိုက်လို့လုပ်နေတာ မဟုတ်
သလို မကြိုက်ဘဲနဲ့ လုပ်နေတာလည်း မဟုတ်ဘူး။ တခြားလူတွေ အလုပ်
လုပ်နေကြသလို အသက်မွေးဝမ်းကျောင်း အလုပ်တခုအဖြစ် ပုံမှန်လုပ်
ကိုင်နေသူ တဦးဖြစ်တယ်။ ဇန်န၀ါရီလကုန်ပိုင်း တိမ်ပါးပါးတွေ အရောင်
စုံနေတဲ့ ညနေခင်းတခုမှာပဲ လူသတ်သမားဟာ မကျွမ်းကျင်သူတဦးရဲ့ 
သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။

သူ့ရဲ့အုတ်ဂူမှာတော့ “ကောင်းမွန်သော ညနေခင်း” လို့ အင်္ဂလိပ်လို
ရေးထိုးထားတယ်။ တခြား ဘာမှ ရေးမထားဘူး။ ဇန်န၀ါရီလကုန်ပိုင်း
ရောက်လာတိုင်း Good Evening အုတ်ဂူမှာ အပြာနဲ့အဖြူ ရောနေတဲ့
ပန်းကလေးတွေ ရှိနေတတ်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, July 25, 2011

သတင်းကင်ဆာ



















သတင်းတွေ...သတင်းတွေ။ အရွယ်အစား မျိုးစုံ။ ပုံစံ မျိုးစုံ။ အရောင်အသွေး
မျိုးစုံ။ တချို့သတင်းတွေက ပိန်လှီလှီ ဒါပေမဲ့ ခပ်ချွန်ချွန် ရှည်ရှည်။ တချို့
သတင်းတွေက ပုပုတိုတို ဒါပေမဲ့ ခပ်လေးလေး တုတ်တုတ်။ တချို့သတင်း
တွေက အရည်တရွှဲရွဲ ခပ်ကျဲကျဲ ပူပူ။ တချို့သတင်းတွေကတော့ အမှုန့်တွေ
ဒါပေမဲ့ ခါးခါး စပ်စပ်။

လူ့ယဉ်ကျေးမှု တခုဖြစ်တဲ့ “စစ်ပွဲ” ဆိုတဲ့အရာက သတင်းတွေနဲ့ပဲ ပစ်ခပ်
တိုက်ခိုက်ကြရတာ မဟုတ်လား။ ရှေးလူကြီးတွေက လေးမြားလက်နက်
တွေနဲ့အတူ သတင်းကိုလည်း အားကောင်း ပြင်းထန်အောင် လက်နက်
ကောင်းတခုအဖြစ် အဆင့်ဆင့် တီထွင်လာခဲ့ကြတယ်။ တဘက်နဲ့တဘက်
အပြိုင် သူနိုင်ကိုယ်နိုင် သတင်းတွေနဲ့အသေအကျေ တိုက်ခိုက်ခဲ့ကြတယ်။

လက်နက်ကို သတင်းအဖြစ်ရုပ်ဖျက်ထားသလို သတင်းကိုလည်း လက်နက်
အဖြစ် ရုပ်ဖျက်ထားကြတယ်။ ဒါကြောင့် ဘယ်ဟာက သတင်းလဲ ဘယ်ဟာက
လက်နက်လဲ လူတွေ မသိနိုင်တော့ဘူး။ သတင်းသမားဆိုတာက စစ်သည်တော်
တွေထက် အစွမ်းထက်လှတဲ့ တိုက်ခိုက်ရေးသမားတွေပဲလို့ တဂုဏ်တယူပြော
တတ်ကြတယ်။ တဘက်မှာတော့ သူ့တို့ဟာ လူသားမျိုးနွယ် ထိခိုက်ပျက်စီး
အောင် ပစ်မှုကျူးလွန်နေသူတွေလို့ အစွပ်စွဲခံနေရတယ်။

မြေကြီးကို တူး။ လှိုင်ခေါင်းဖေါက်ပြီး သတင်းတွေကို သယ်ဆောင် တိုက်ခိုက်
တယ်။ ရေငုပ်သင်္ဘောထဲမှာ သတင်းတွေ အပြည့်အသိပ်ထည့်ပြီး ချောင်းမြှောင်း
ပစ်ခပ်တယ်။ လေထုထဲမှာ မမြင်ရတဲ့ အမှုန်အမွှားတွေနဲ့ သတင်းတွေကို ရောပြီး
ဝှေ့ယမ်း တိုက်ခိုက်တယ်။ သောက်ရည်သန့် ပုလင်းတွေထဲမှာ သတင်းတွေကို
မမြင်အောင် ထည့်သွင်းပြီး အဆိပ်သင့်အောင် တိုက်ခိုက်တယ်။ သေနပ်တွေထဲ
မှာ ကျည်ဆံတွေအစား သူ့ထက်ဈေးပေါပြီး ထိရောက်တဲ့ သတင်းတွေကို ထည့်
သွင်း တိုက်ခိုက်တယ်။ ကျောပိုးအိပ်တွေထဲ လျှို့ဝှက်သယ်လာတဲ့ သတင်းတွေ
ကို ပျောက်ကျားစံနစ်နဲ့ ဖြန့်ကျက် တိုက်ခိုက်တယ်။ သတင်းသူလျှိုတွေ မွေးပြီး
တိုက်ခိုက်တယ်။ လမ်းဘေးမှာ မသိမသာထောင်ထားတဲ့ သတင်းတွေ။ နယ်စပ်
တလျှောက်မှာ မြှုတ်ထားတဲ့ သတင်းတွေ။ အသေခံ သတင်းခွဲ တိုက်ခိုက်မှုတွေ
အများအပြား ပေါ်ပေါက်နေတယ်။

နေ့စဉ် နေ့စဉ် သတင်းတွေထိမှန်လို့ သေဆုံးရသူ သန်းနဲ့ချီရှိတယ်။ အများစု
ဟာ မသန့်ရှင်းတဲ့ လေကိုရှူမိရာက တဆင့် ဒါမှမဟုတ် မသန့်ရှင်းတဲ့ ရေကို
သောက်သုံးမိရာက တဆင့် သတင်းဆိပ်သင့်ပြီး သေဆုံးကြရတယ်။ နာတာ
ရှည် သတင်းရောဂါသည်တွေကို ဆေးရုံက လက်မခံနိုင်တော့ဘူး။ မွေးရာပါ
သတင်းရောဂါသမားတွေကိုတော့ ၀ဋ်နာကံနာအဖြစ် မှတ်ယူထားရတယ်။
သတင်းဖန်တီးသူတွေ ၊ သတင်းသမဂ္ဂအဖွဲ့ဝင်တွေထဲမှာလည်း သတင်းရော
ဂါသည်တွေ အများကြီးပဲ။ ပြဿနာက သတင်းအမြစ်ပြတ်ဆေး မပေါ်ပေါက်
သေးတာပဲ။ ဒီဆေးကိုဖေါ်စပ်တဲ့သူတွေလည်း အစဉ်အဆက် အသတ်ခံနေရ
တယ်။

သတင်းတွေအကြောင်း မကောင်းသတင်းတွေ ဒီလောက်ပြန့်နှံ့နေပေမဲ့ မိဘ
တွေကတော့ သူတို့ရဲ့ သားသမီးတွေကို သတင်းသမားတွေ ဖြစ်စေချင်ကြ
တယ်။ အလုပ်ရ လွယ်လို့တဲ့။ ၀င်ငွေကောင်းလို့တဲ့။ နောင်ရေး စိတ်အေးရလို့
တဲ့။ သတင်းပညာရေးကိုပဲ ဖိဖိစီးစီး လိုက်စားခိုင်းကြတယ်။ သတင်းဟာ ငွေ
ထက် တန်ဘိုးကြီးနေတာကိုး။ သတင်းဂုဏ်လောက် ကြီးမားတဲ့အရာ ဘာရှိဦး
မှာလဲ။ အရာရာကို သတင်းနဲ့ဖြေရှင်းလို့ရတဲ့ ခေတ်ပေပဲ။

တခါတလေ လူ့အသိုင်းအ၀ိုင်းမှာ သတင်းဆန့်ကျင်ရေးလှုပ်ရှားမှုတချို့ ပေါ်
ပေါက်လာတတ်တယ်။ ဒါပေမဲ့ သတင်းလိုလားသူ အသိုင်းအ၀ိုင်းက အင်အား
ပိုကြီးလေတော့ သတင်းပုန်ကန်သူတို့ အရေးနိမ့်မြဲ နိမ့်နေတယ်။ လုံးဝ အမြစ်
ပြတ်သွားတာတော့ မဟုတ်လေဘူး။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ သတင်းမဲ့
ကမ္ဘာပေါ်ပေါက်ရေးပဲ။ သတင်းကင်းမှ လူလောက သန့်ရှင်းစင်ကြယ်မယ်။
တရားမျှတမှု ပေါ်ပေါက်မယ်လို့ ယုံကြည်ထားကြတယ်။ လောကကို ဖျက်ဆီး
နေတဲ့အရာတွေထဲမှာ သတင်းဟာ ရန်သူနံပတ်တစ် ဖြစ်တယ်လို့ မှတ်ယူထား
ကြတယ်။

မိတ်ဆွေတို့။ ဒီစာကို ဖတ်ပြီး အရေးကြီးတဲ့အချက်ကိုပဲ မှတ်သားထား။ ပြီးရင်
ဖျောက်ဖျက်ပစ်လိုက်ပါ။ သတင်းသမားတွေ လုံးဝ အနံ့မခံ မိစေနဲ့။ သတင်း
အစအန ထွက်လို့ မဖြစ်ဘူး။ သတင်းသမားမှန်သမျှ အခွင့်ရေးရရင် ရသလို
သုတ်သင်ဖို့ ကြိုးစားပါ။ သတင်းဆန့်ကျင်ရေးလှုပ်ရှားမှု မုချ အောင်မြင်ရမည်။
ပုံ ။ သံတော်ဆင့် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, July 24, 2011

ကဗျာတွေ မရေးကြပါနဲ့တော့















အဝေးကနေ တဖြေးဖြေးနဲ့
တ၀ုန်းဝုန်း ရိုက်ခတ်လာ
ကဗျာတွေ
ဘောလော
ပလုံစီထ

တ၀ှီးဝှီး တိုးဝှေ့ ပွတ်သပ်သွား
ကဗျာတွေ...ကဗျာတွေ
သွေးသံရဲရဲနဲ့
ကြမ်းရှရှ ကဗျာတွေ ။

လာပြန်ပြီ...ဟိုမှာ
ထော့နင်းထော့နင်းနဲ့
အမူးလွန်နေတဲ့
အပျက်မ ကဗျာ
ယင်ကောင် တလောင်းလောင်း
ဗိုက်ဟောင်းလောင်းနဲ့ ။

အရှက်ကိုလည်း မငဲ့နိုင်
အသက်ကိုလည်း မငဲ့နိုင်
ဒယိမ်း ဒယိုင် ရွဲ့စောင်းလို့
ညှီစို့စို့ အနံ့တွေနဲ့
ကဗျာအစုတ်အပဲ့တွေ
ငါ့ဆီကို မလာကြနဲ့ ။

သွေးဆာနေတဲ့ ကြမ်းပိုးတွေလို
တရွရွ...တလှုပ်လှုပ်
ပုတ်အဲ့အဲ့ ညိုလဲ့လဲ့ ကဗျာတွေ
အကြိုအကြားမှာ ပြေးလွှားနေ
မလာကြနဲ့....မလာကြနဲ့
သေချင်းဆိုးတွေ မလာကြနဲ့ ။

လူအမြောက်အများကို သတ်လာတဲ့ ကဗျာ
ရေမွှေးနံ့ တသင်းသင်းနဲ့
လွှတ်တော် အမတ်ယောင် ဆောင်လို့
ဘုန်းကြီးလူထွက်ယောင် ဆောင်လို့
သမဂ္ဂလူကြီးယောင် ဆောင်လို့
တရားဟောဆရာယောင် ဆောင်လို့

သူ့အမေလင်ယောင် ဆောင်လို့
ဒိုးတူပေါင်ဖက်ယောင် ဆောင်လို့
ရန်ကုန်သားယောင် ဆောင်လို့
နိုင်ငံခြားပြန်ယောင် ဆောင်လို့
ရပ်နေ....အဲဒီမှာပဲ ရပ်နေ... ။

အရာရှိကိုဖါးပြီး ကဗျာဖြစ်လာတဲ့ အကောင်
အောက်က လျှိုဝင်မယ်
အောက်ကြေးနဲ့ လိုက်မယ်
ခါးအောက်ပိုင်း စကားပြောမယ်
အောက်တန်းကျကျ ပြုံးမယ်
မပေါ့်တပေါ် ၀တ်မယ်

နူနာဝဲစွဲ
အရည်တရွှဲရွှဲနဲ့
နိုင်ငံရေးစော်နံတဲ့ ကဗျာစုတ်
လာမရှုပ်နဲ့ ...လာမရှုပ်နဲ့..။

ကျေးဇူးတော်အရှင်
မြတ်စွာဘုရားသခင်
သင်ဟာ ကဗျာကိုဖန်ဆင်းသူ မဟုတ်နိုင်
ကမ္ဘာမှာ ရှုပ်နေတဲ့ ကဗျာကို
ငါနဲ့အတူ မောင်းထုတ်ရအောင်
ဒီညနေ ဘီယာဆိုင်ကိုလာခဲ့ပါ ဘုရားသခင်
အာမင်... အေမင်...သာဓု ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, July 18, 2011

ဘောမယ် အပြောကျယ် မောသကွယ်














“ဘောမယ်” ဆိုသည်ကား ဘောလုံးကိုကန်၍ ကစားကြသည့် အမျိုးသမီးများကို
ဆိုလိုသည်။ “အပြောကျယ်” ဟူသည်ကား သင်းကလေးတို့အကြောင်းအား ပြော
မည်ဆိုလျှင် ပြီးနိုင်ဖွယ် မရှိ၊ အံ့သြဖွယ်ရာများနှင့် အတိဖြစ်နေသောကြောင့်ပင်။
“မောသကွယ်” ဟူကား ရှင်းပြရန် လိုအံ့မထင်။ သင်းတို့၏ လှုပ်ရှားမှု၊ သင်းတို့၏
အားထုတ်မှု၊ သင်းတို့၏ သွက်လက်၊ ထက်မြက်မှုတို့နောက် လိုက်ရသည့် အီဖေ
ကို မမော ခံနိုင်ရိုးလား ကွယ်တို့ရယ်။

စကားမစပ်။ တက်ကြွသည့် မြန်မာ့ဘလော်ဂါအင်အားစုများ ကြီးစိုးရာ အရပ်ကား
ဆင်္ဃာပူရ် ဟုဆိုသော် မှားအံ့ မထင်။ ၄င်းအရပ်က မြန်မာဘလော်ဂါ အဖိုအမတို့
သည်ကား “ဘောမယ်”တို့ အရေးထက် “ဘောမောင်”တို့ အရေးသာ စိတ်ဝင်စား
ကြလေသည်ဟု ဆိုသော် မှားအံ့မထင်။ ပသို့ကြောင့်နည်း။ ငါကိုယ်တော်မြတ်ကြီး
နားလည်နီးကီးတော် မမူချေ။ သိလျှင် ရှင်းပါ့ ကိုယ့်ရှင်တို့။

ဘောမောင်တို့၏ ကမ္ဘာ့ဖလားပွဲဆိုလျှင် ၄င်းတို့မှာ နေမထိ ထိုင်မသာဖြစ်ချေ၏။
၎င်းတို့၏ ဘလောဂ်များတွင် ဖုန်တထောင်းထောင်း ထလေအောင် ဘောပွဲများ
ကျင်းပကြကုန်၏။ ဘောမောင်တို့၏ အတွင်းရေး နှိုက်နှိုက်ချွတ်ချွတ်များပင် သိတတ်
ကြကုန်၏။ ဤမျှအထိ စိတ်အာရုံများ ပြင်းထန်ကြလေသတတ်။ မြန်မာဘောမယ်များ
အင်နှင့်အားနှင့် ရှိနေသည့်တိုင် ဘောမယ်များကို အရေးမစိုက် ဖြစ်နေကြသည်ကို
ဒို့နားမလည်လေ တကား။ ထားတော့။ သင်းကလေးတို့အကြောင်း ဆက်မည်။

ဘောလုံးဟူသည့်အရာကို အားကစားပညာတရပ်ဟု မည်သူက၊ မည်သည့်အချိန်
တွင် သတ်မှတ်ခဲ့သည်ကို ငါကိုယ်တော်မြတ်ကြီး လုံးဝမသိချေ။ ဘောလုံးအားကစား
ကို လူအဖိုများ၏ အားကစားအဖြစ် စတင်လာခဲ့သည် ဆိုသည်ကိုတော့ ငါကိုယ်တော်
မြတ် သိလေသည်။ သို့သော် ၄င်းအားကစားကို လူအမများ၏ အရာလည်းဖြစ်သည်
ဟု ဘယ်သူက သတ်မှတ်၍၊ ဘယ်အချိန်၌ စခဲ့သည်လည်း ငါမသိပြန်ချေ။ ဂူဂလ်
တွင် ရှာရန်လည်း ပျင်းသကိုလေး။ ထားတော့။

မိန်းမများ ဘောလုံးကစားသည်ကို ပေါ့ပေါ့တန်တန်ထား၍ လုံးဝ လုံးဝ မရလေ
ကြောင်း သင်ကောင်းကောင်း သိပါစ။ ငါကောင်းကောင်းသိသည်မှာ ရက်ပိုင်းမျှ
သာရှိသေး၏။ ထူးစွ။ ဆန်းစွ။ အံ့ဖွယ်ပတကား။ မိန်းမများ လုံးဝလျှော့တွက်၍ မရ။
သင်းတို့ကား ဆရာကြီးများ ဖြစ်ချေ၏။ ယခုတင်ပြီးသွားခဲ့သည့် ကမ္ဘာ့ဘောမယ်
ဖလားပွဲတွေကိုသာ တလေးတစားဖြင့် ပြန်ကြည့်ကြလေကုန် အဆွေတော်တို့။
ကြောက်ခမန်း လိလိပါတကား။ သင်းတို့သည်ကား သူရဲကောင်းများပင်တည်း။

ငါသည် ဂျပန်ဆန်ကို ကြိုက်၏။ ဂျပန်လျှပ်စစ်ပစ္စည်းကို ကြိုက်၏။ ဂျပန်ပုဇွန်
ကြော်ကိုလည်း ကြိုက်၏။ သို့သော် ဂျပန်လူမျိုးတို့ကိုကား သိပ်မကြိုက်လှချေ။
ဖက်ဆစ်အနွယ်ဝင် ဂျပန်များကိုကား လုံးဝမကြိုက်။ လူမျိုးကြီးစိတ်ဝင်ဂျပန်
များကိုလည်း လုံးဝမကြိုက်။ အကြိုက်နှင့် မကြိုက် ယှဉ်လေသော်။ မကြိုက်က
ပိုများသဖြင့် ဘောမယ်ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ၌ ဂျပန်မများ၏ အသင်း
ကို လုံးဝ အားမပေးခဲ့။ မနိုင်စေချင်ရုံမက ရှုံးစေချင်သည့်အထိ ငါ့၏စိတ်သည်
ပြင်းထန်လေ၏။

သို့ပေသော်ငြား ပေါ့လကွယ်။ ငါနိုင်စေချင်လွန်းခဲ့သော အမေရိကန်ဘောမယ်
များသည်ကား အရှုံးပွဲသာ ဆင်ခဲ့ရပါ ပကောလား။ ငါကိုယ်တော်မြတ်ကြီး စိတ်နှ
လုံးတော် နုံးခွေခဲ့ရသပေါ့။ ပင်နယ်လတီ အကန်တွင် ငါ့ဘောမယ်များ ချော်ရှာ
တော်မူခဲ့ကြလေတယ်။ ဂျပန်မယ် ဂျပုများ ပုကွပုကွဖြင့် ဘောကွင်းအလည် ခုန်
ဆွခုန်ဆွ လုပ်ခဲ့ကြပုံများ ငါကိုယ်တော်မြတ်ကြီး မကြည့်ချင်သော်ငြား မြင်တော်
မူခဲ့ရလေတယ်။

လူအချို့က ဘောဖလားဆုအား အာရှက ယူနိုင်သဖြင့် အကျေနပ်ကြီး ကျေနပ်
နေကြသတတ်။ ဆူနာမီ၊ ငလျှင်နှင့်နျူကလီးယားဒဏ် ခံရသူတို့အတွက် ချွေးသိပ်
ဆေးသဖွယ် မှတ်ယူနေကြသတတ်။ ငါသည်ကား ဂျပန်မ အချို့အား ပုဂ္ဂိုလ်ရေး
အရ ကြိုက်ခဲ့ဖူးသော်ငြား ဂျပန်ဘောမယ်များ ဆုဖလားယူသောအခါ ငါမကြိုက်
နိုင်ခဲ့ချေ။ သို့သော် မတတ်သာ။ နိုင်သူတို့ ပြုံးခဲ့ကြလေပြီ။ ရှုံးသူတို့ မဲ့ခဲ့ရလေပြီ။
တရာ့ငါးဆယ်နှင့်သာ ဖြေ။

ဘောမယ်ပွဲကို ကြိုက်သောအရာတွင်ကား ငါနှင့် မြန်မာဗုဒ္ဓဘာသာ သံဃာတော်
တို့နှင့် အတော်တူလိမ့်မည်။ သံဃာအားလုံးကို မဆိုလိုသော်ငြား တော်တော်များ
များသည်ကား ပွဲကြိုက်ကိုယ်တော်များ ဖြစ်ကြလေကုန်သည်။ ထိုအဆိုသည်ကား
ငါ့ကိုယ်တွေ့တည်း။ မိန်းမ ဘော်လီဘောပွဲ၊ မိန်းမ ဘောလုံးပွဲများ မြန်မာပြည်
တခွင် ကျင်းပသော် မယုံလျှင် သင်သွားကြည့်ချေ။ ဒန်ပေါက်ကို တွေ့ရလိမ့်မည်။
ဒန်ပေါက်ဟူသည်ကား စားစရာ မဟုတ်။ လူတွေအကြား သံဃာတော်တွေ အများ
အပြားရောနေသည့် အရောင်ကို ဆိုလိုသည်။ အော်..သူလည်းလေ လောကီသား
ပေမို့ ပွဲကြိုက်တော် မူပေလိမ့်မည်။ ထားတော့။

မိန်းမတွေ ဘောလုံးကန်တာ ဒီတခါပဲ သေသေချာချာကြည့်ဖူးတယ်။ အားပါးပါး။
လက်ရင်း၊ လက်ဖျား အကုန်ခါရအောင်ကို တော်ကြပါပေတယ်။ မြန်မာ့ဘောမယ်
တွေကလည်း အရှေ့တောင်အာရှမှာ အစွမ်းထက်ဆိုပဲ ဒကာမကြီးရဲ့။ အဲ့ဒါကြောင့်
ငါကိုယ်တော်မြတ်ကြီးသာ မြန်မာ့လွှတ်တော်အတွင်း အာဏာစွမ်းပကားရှိလျှင်ဖြင့်
ယောင်နန နိုင်ငံရေးဦးတည်ချက်တွေကို အကုန်ဖြုတ်။ ဒီကနေ့က စပြီး “ ဘောမယ်
တွေကို အစွမ်းကုန်မြှောက်စားကြလော့” ဆိုတဲ့ ကြွေးကြော်သံကိုသာ မြေသားပထ၀ီ
တုန်ခါဟီးလေအောင် အော်ဟစ်ပစ်လိုက်ချေရော့မကွယ်။

(ရုပ်ပုံ၊ ဂူဂလ်)

Saturday, July 16, 2011

အခုတော့လည်း အချစ်ဦးကို ကောင်းကောင်းမေ့တတ်နေပါပြီ



















အိမ်သာတက်ရင်း ဖတ်ဖြစ်တဲ့စာတပုဒ်မှာ “အချစ်ဦး” ဆိုတဲ့ အသုံးအနှုန်းတခုကို
ပျောက်နေတဲ့ပစ္စည်း ပြန်တွေ့သလို ဖတ်မိခဲ့ပါတယ်။ အချစ်ဦးဆိုတာ ဒို့လောက
မှာ အရေးကြီးပုံရတယ်။ တချို့ တွေများ သီချင်းတွေစပ်လို စပ်။ ကဗျာတွေဖွဲ့လို
ဖွဲ့ ။ ၀တ္ထုတွေရေး၊ ရုပ်ရှင်တွေရိုက်။ တခန်းတနားနဲ့ တသီးတသန့် နေရာပေးကြ
တယ်။ ငါ့မှာတော့ အချစ်ဦးကို မေ့လို့နေတာ ကြာပေါ့။

သေချာတာကတော့ အခုအတူနေသူ ချစ်ဇနီးက အချစ်ဦး မဟုတ်ပါ။ ချစ်ဇနီးရဲ့
အချစ်ဦးကလည်း အီဖေကို မဟုတ်ပါ။ အချစ်ဦးနဲ့လက်ထပ်တဲ့သူ မိတ်ဆွေတွေ
ထဲမှာ ရှိသလား။ ပြန်စဉ်းစား။ ပြန်စဉ်းစား။ လောလောဆယ် တယောက်မှ မတွေ့။
အချစ်ဦးနဲ့လက်ထပ်တာက ကောင်းတာလား။ ပြန်စဉ်းစား။ ပြန်စဉ်းစား။

အချစ်ဦးဆိုတာ ဘာလဲ။ ကိုယ်ကချစ်ခဲ့ရတဲ့ ပထမဆုံးလူကိုပြောတာလို့ ထင်တယ်။
ကိုယ်ကပဲချစ်ပြီး သူက ပြန်မချစ်ရင်ကော။ အဲသဟာကို အချစ်ဦးလို့ ပြောလို့ရ မရ။
သူက ပြန်ချစ် မချစ် မသိရတာကိုရော အချစ်ဦးလို့ ပြောလို့ရ မရ။ မသိဘူး။ သေချာ
တာကတော့ ငါပထမဆုံးချစ်ခဲ့တဲ့ ကောင်မလေးက ငါ့ကို ပြန်ချစ်လား မချစ်လား
မသေချာဘူး ဆိုတာပဲ။ ကဲ..ငါ့အချစ်ဦး အခု ဘယ်မှာလဲ။

ပြန်စဉ်းစားမိရသလောက် လေးတန်းကျောင်းသားဘ၀မှာ အချစ်ဦးနဲ့ တွေ့ခဲ့ရတာပါ။
ပြောရင်းဆိုရင်း အခုမှ မျက်လုံးထဲ ပြန်ပေါ်လာတော့တယ်။ နာမည်သုံးလုံးနဲ့။ ကရင်
နာမည် ဘယ်လိုခေါ်တယ်တော့ မသိ။ ဖြစ်ချင်တော့ကျောင်းသားတွေက ဆော့လွန်း
လို့ဆိုပြီး ဆရာမက ဒဏ်ပေးတဲ့အနေနဲ့ မိန်းကလေးနဲ့ ယောက်ကျားလေး တယောက်
ခြားစီ ထိုင်ခိုင်းတယ်။ အဲဒီမှာပဲ အချစ်ဦးနဲ့အနီးကပ်ဆိုက်ဆိုက်မြိုက်မြိုက် ဆုံရလေ
တော့တယ်။ ကဲ.. အခုတော့ ငါ့ရဲ့ အချစ်ဦး နင် ဘယ်မှာလဲ။

Facebook မှာ ရှာသော်လည်း မတွေ့။ Google ကလည်း မကယ်နိုင်။ သူငယ်ချင်း
တွေကို မေးတော့လည်း မရ။ နိုင်ငံခြားကို ရောက်တယ်လည်း မကြား။ အချစ်ဦး နင်
ရှိမှ ရှိသေးရဲ့လား။ မှတ်မိသေးတယ်။ နင်က ကျစ်ဆံမြီးလေးနဲ့။ စကားပြောရင်လည်း
ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း။ ငါ့ထက်လည်း စာတော်တယ်။ နင်လည်း အတော်
ဆော့တာပါပဲဟာ။ ဒို့မိဘတွေက ၀င်ထမ်းတွေဆိုတော့ ဟိုပြောင်းဒီပြောင်းနဲ့
အလယ်တန်းလောက်မှာပဲ ဝေးခဲ့ရတယ်။

နင်မှတ်မိသေးရဲ့လား။ ငါတို့တွေ လူပျို အပျိုဖြစ်ခါမှ ပြန်တွေ့ကြသေးတယ်လေ။
နင်က ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ ငါဝမ်းနည်းရတယ်။ ငယ်ငယ်တုန်းက
လောက် မရင်းနီးကြတော့သလိုပဲဟာ။ ရှိုးတို့ရှမ်းတန်းဖြစ်ကြတယ် ထင်ပါရဲ့။ ငါ နိုင်
ငံခြားကို မသွားခင် နင်တို့တက်တဲ့ ဗိုလ်အောင်ကျော်လမ်းက ဘုရားကျောင်းမှာ ပြန်
ဆုံခဲ့တာ နောက်ဆုံးပဲ။ အဲဒီတုန်းကလည်း ငါက အလုပ်ရှုပ်နေတော့ နင်နဲ့ ကောင်း
ကောင်း စကားမပြောခဲ့ရဘူး။

နင့်ကို ငါချစ်တဲ့အကြောင်း ငယ်ငယ်တုန်းက ဆရာ့ဆီထပ်တဲ့ နင့်စာအုပ်ထဲ ငါနဲ့
မောင်မောင်စန်း အပျော်သဘောနဲ့ စာရေးခဲ့တာ နင်မှတ်မိတယ် မဟုတ်လား။
ငါကတော့ မမေ့ဘူး။ နင်က ဆရာ့ကို သွားတိုင်လို့ ငါတို့နှစ်ကောင် အရိုက်ခံခဲ့ရ
တာကိုး။ အဲဒီတုန်းက အပျော်သဘောဆိုပေမဲ့ နင့်ကို ငါက တကယ်မချစ်ရင်
ဒီလိုဘယ်ရေးမှာလဲဟ။

အခုဆို နင်လည်း အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေဘာတွေ ရနေရော
ပေါ့ဟာ။ နင့်အကြောင်း ငါ့ချစ်ဇနီးကို ပြောပြရဦးမယ်။ နင်နဲ့ပြန်ဆုံရင် မိတ်ဆက်
ပေးမယ်လေ။ နင်တို့တွေ ခင်ကြမှာပါ။ အဲဒီအခါ ငါ့ကိုစိတ်မဆိုးဖို့ ကြိုပြီးပြောထား
ရဦးမယ်။ ချစ်ဇနီးရေ..သူကတော့ ကိုယ့်ရဲ့ အချစ်ဦးပဲလို့ မိတ်ဆက်ပေးရမှာကိုး။

ဒါနဲ့ စကားမစပ်။ ငါ့အထင် နင့်ရဲ့ အချစ်ဦးဟာ ငါများဖြစ်နေမလားပဲ။ ဟုတ်တယ်
ဆိုရင်လည်း ရှက်မနေပါနဲ့တော့ဟာ။ ငါ့မိန်းမကို ပြန်ပြောပြလိုက်ပေါ့။ ငါကလည်း
နင့်ရဲ့အချစ်ဦးပဲဆိုတာ။ စဉ်းစားရတာနဲ့တောင် တော်တော်ပျော်ဖို့ ကောင်းနေပါပြီ။
သူငယ်ချင်း အချစ်ဦးလေး ကျန်းမာပါစေဗျား။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, July 14, 2011

အရေးကြီးတာက ခပ်တည်တည်ဖြစ်နေဖို့ပဲ













မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းများခင်ဗျား။ အခုရေးမယ့် အကြောင်း
ကတော့ လိမ်မှဖြစ်မယ့် အကြောင်းပါပဲ။ “ငါတို့က ဘာကို လိမ်ရမှာလဲဟ”
လို့ မေးလာကြမယ်ဆိုရင်တော့ ရှိရှိသမျှ အကုန်သာ လိမ်ကြပါလို့ပဲ ခပ်ရှင်း
ရှင်းဆိုပါရစေ။ “လိမ်တော့ ဘာဖြစ်မှာမို့လို့လဲ”လို့ ထပ်မေးလာဦးမယ်ဆိုရင်
တော့ လိမ်ရင် အားလုံးအဆင်ပြေလိမ့်မယ်လို့ပဲ ခပ်ရှင်းရှင်း ထပ်ပြီးပြောလိုက်
ပါတယ်။

တချို့ကတော့ ဘာမဟုတ်တာလေးတွေနဲ့လည်း လိမ်ကြပါတယ်။ သတိရနေ
တာ..။ ကျေးဇူးတင်တယ်နော်...။ ကိုယ်က တကယ်ချစ်တာပါ..။ ယုံယုံကြည်
ကြည်သာ ကိုးကွယ်ပါ..ကိုယ်တော်ကြီးက မလိမ့်မယ်။ ဟုတ်ကဲ့..အဆင်ပြေပါ
တယ်။ ငါက စေတနာနဲ့ပြောနေတာ..။ ကျနော့ကို ကယ်ပါဦး။ မုန့်ကိုပဲ ဝေစား
မယ်။ ကျုပ်က ခင်ဗျားဘက်ကပါ။ စိတ်ချ..မောင်လေး စိတ်ချ။ ကူညီပါရစေ။

တချို့ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆွဲပြီး လိမ်တယ်။ တချို့က
စာချုပ်စာတမ်းနဲ့ လိမ်တယ်။ တချို့က ကတိပေးပြီး လိမ်တယ်။ တချို့က ဗြောင်
လိမ်တယ်။ တချို့ကလည်း အမျိုးသားရေး ဦးတည်ချက်တွေနဲ့ လိမ်တယ်။
တချို့ကတော့ ဒီမိုကရေစီခေါင်းစဉ်အောက်မှာ လိမ်တယ်။ တချို့ကတော့
နိုင်ငံစုံပေါင်းပြီး သမဂ္ဂဖွဲ့လို့ လိမ်တယ်။ တချို့က ရွေးကောက်ပွဲလုပ်ပြီး လိမ်
တယ်။ တချို့က သက်သေ အထောက်အထားတွေနဲ့ လိမ်တယ်။ အကိုးအကား
တွေနဲ့ လိမ်တယ်။ ခိုင်ခိုင်မာမာ လိမ်တယ်။ ပိပိရိရိ လိမ်တယ်။ လိမ်လိမ်မာမာ
လိမ်တယ်။ တရားရုံးဆိုတာက အမှားကို တရားဝင်အောင် လိမ်ပေးတဲ့နေရာ။

လူတွေဟာ ကိုယ့်ကိုကိုယ်လည်း လိမ်နေတာပဲ။ ကိုယ့်အကျိုးအတွက် လိမ်
တယ်။အများအကျိုးအတွက် လိမ်တယ်။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက်
လည်း လိမ်ကြတယ်။ ဘုရားသခင်ကိုလည်း လိမ်တယ်။ ကိုယ့်ယောက်ကျား
ကိုလည်း လိမ်တယ်။ ကိုယ့်မိတ်ဆွေကိုလည်း လိမ်တယ်။ ဆရာကလည်း
တပည့်ကို လိမ်။ တပည့်ကလည်းဆရာကို လိမ်။ အမေ့ကို လိမ်ပြောတယ်။
သားကို လိမ်ပြောတယ်။ မိဘပေးစားလို့ယူတယ် ပြီးတော့ ချစ်တယ်လို့
ပြောမယ်။ တချို့တွေကတော့ ပေါ်တင်ပဲ။ လိမ်တာ မဟုတ်ဘူးလို့ ပြောပြီး
လိမ်တယ်။

အမှန်တရားကို ဖုံးကွယ်ထားကြ။ မျက်နှာကို အမြဲပြုံးထား။ စေတနာစကားကို
နာနာပြော။ ကိုယ်ကပဲ အနစ်နာခံသလို များများလုပ်။ ကျေးဇူးတင်တဲ့အကြောင်း
မကြာ မကြာထုတ်ပြော။ ကိုယ့်မှာမရှိတာကို ရှိတယ်လို့ပြော။ ရှိရင်တော့ မရှိဘူး
လုပ်။ မချစ်ပေမဲ့ အောင့်ကာနမ်း။ အထက်အရာရှိကို ကောင်းကောင်း ဖါး။ အလိမ်
တွေကြားထဲမှာ ဖြောင့်ဖို့တော့ မကျိုးစားနဲ့။ အကန်းတောထဲ မြင်နေသူလို ဖြစ်
လိမ့်မယ်။ မှန်တာပြော၊ ဟုတ်တာလုပ်ဆိုတာ အလုပ်မဖြစ်ဘူး။

လိမ်တာချင်းအတူတူ အထက်အရာရှိစကားက ပိုမှန်တယ်။ တိုင်းပြည်ခေါင်း
ဆောင်ပြောရင် ဥပဒေဖြစ်တယ်။ ဥပဒေအတိုင်း လိုက်နာပေမဲ့ အန္တရယ်ကြုံရင်
ဥပဒေက တာဝန်မယူဘူး။ လူယုံသတ်လို့သေတဲ့ မသာတွေ အများကြီး။ သား
သမီးယုံ စုံလုံးကန်း ဆိုပါရောလား။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရဆိုပဲ။
မုသားမပါ လင်္ကာ မချောတဲ့။ အလိမ် အလိမ်ချင်းတွေ့မှ ဖြောင့်တယ်။ ယဉ်ကျေး
သူဆိုတာ လူလိမ်ကိုပြောတာ။ လိမ်တယ်ဆိုတာက အမှန်ကို အမှန်အတိုင်း
မပြောတာကို ပြောတာ။ မှန်တဲ့သူတွေ ကျကုန်ပြီတဲ့။

ဘ၀မှာ အဆင်ပြေချင်ရင် များများလိမ်ရမယ်။ လူတကာက လိမ်နေတော့လည်း
လိမ်ပုံလိမ်နည်း သူများထက်ပိုကျွမ်းမှဖြစ်မယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကိုယ်လိမ်
နေတာ သူလည်းသိပါတယ်။ သူလိမ်နေတာလည်း ကိုယ်က သိတာပေါ့။ လိမ်နေ
ကြလို့လည်း ဘယ်သူကမှ ဘယ်သူ့ကို မယုံကြတော့ဘူးလေ။ ယုံတယ်ဆိုတာကို
က လိမ်နေတာပဲ ဥစ္စာ။

မထူးပါဘူး။ ကိုယ့်သားသမီးတွေကိုလည်း လိမ်ပုံလိမ်နည်းတွေ သင်ပေးထားပါ
တော့။ မဟုတ်လည်း သူတို့ဘာသာ တတ်လာကြမှာပါ။ မှုတ်ဘူးလား။ ယုံယုံ
ကြည်ကြည်သာ လိမ်ကြ။ စိတ်ချလက်ချ လိမ်ကြ။ ဟုတ်ပြီလား။ တကယ်ပြော
နေတာ။ မယုံကြဘူးလား။ လိမ်နေတာ မဟုတ်ဘူး။ အော်...ဒီလူတွေ။ အမှန်ကို
ပြောရင် လက်မခံချင်ကြတော့ဘူးကိုး။ သွားပါပြီ။ ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)