Monday, July 6, 2009

ပုလင်းအသစ်နဲ့ဝိုင်အဟောင်း











ကိုယ်ပိုင် ဘာသာစကားရှိရက်နဲ့ သူများစကားကို ထည့်ထည့်ပြောရတာ တော်တော်
မမိုက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ မြန်မာတွေက စကားပြောရင် ဘိုလို ထည့်ထည့်ပြီး ပြောတတ်
တာ အစဉ်အလာ ဖြစ်နေပါပြီ။ အခုခေတ် အင်္ဂလိပ်လို နည်းပညာဆိုင်ရာ ဝေါဟာရသစ်
တွေ ပိုတိုးလာတော့ ပိုဆိုးလာပါတယ်။ အထူးသဖြင့် ပညာတတ် အသိုင်းအ၀ိုင်း၊ မြို့ ပြ
အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ အဆက်အစပ်ရှိသူတွေ ဘိုလို သိပ်ပြောကြပါတယ်။

အိမ်နီးချင်း ထိုင်း၊ တရုတ်တို့ဆို ဘိုလို ထည့်မပြောကြပါဘူး။ ကိုယ့်စကားနဲ့ ကိုယ်ပြောကြ
တာပါ။ ပြောလို့ ရပါတယ်။ မြန်မာတွေက သက်သက် ဂုဏ်လုပ်ပြီး ပြောနေကြတာပါ။
နောက်တော့ အကျင့်ပါသွားရော။ ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ သူများပစ္စည်း ခိုးတာ
မျိုး မဟုတ်ပေမဲ့လည်း ကိုယ့်ဟာနဲ့ ကိုယ်၊ ကိုယ့်မာန်နဲ့ကိုယ် မနေနိုင်တာကိုက အားနည်း
ချက်လို့ မြင်ပါတယ်။ ကျွန်တော်လည်း ဒီအကျင့် စွဲနေပါပြီ။ သတိထားပေမယ့် လုံးဝ
ကောင်းအောင် မပြင်နိုင်သေးပါဘူး။ အများနဲ့ တယောက်လို ဖြစ်နေပါတယ်။ တကယ်
တော့ ဒါကလည်း ဆင်ခြေပါ။ လုပ်ရင်တော့ဖြစ်မှာပါ။ ဖြစ်အောင်လုပ်ရင် ရပါလိမ့်မယ်။
အမျိုးသားရေးတာဝန် တရပ်အနေနဲ့ကို လုပ်ရမယ့် အခြေအနေမှာ ရှိတယ်လို့ ထင်ပါတယ်။
မကောင်းတဲ့ အကျင့်က ရေရှည်ဆို ပြဿနာရှိပါတယ်။ နောက်မျိုးဆက်တွေအတွက်
ရှက်စရာပါ။

မြန်မာစကားသင်တဲ့ နိုင်ငံခြားသား လောကမှာ ရယ်စရာ ပြောကြတာတခုရှိပါတယ်။
မြန်မာစကား တတ်ချင်ရင် လွယ်လွယ်လေး။ အင်္ဂလိပ်လိုသာ များများထည့်ပြော။
ပိုတောင်ဂုဏ်ရှိသေး ဆိုတာပါ။ နာတတ်မယ်ဆို နာစရာပါ။ ဟာသတွေ ကြားဖူးတယ်
မဟုတ်လား။ မြန်မာလိုနဲ့ အင်္ဂလိပ်လို Mix လုပ်ပြီး မပြောကြနဲ့ ဆိုတာမျိုး။ အမျှော်အမြင်
ရှိသူတွေက သေသေချာချာ ပြုပြင်သင့်တာ ကြာပါပြီ။

အင်္ဂလိပ်စာနဲ့ အလှမ်းဝေးသူတွေ၊ အထူးသဖြင့် တောနေလူထုကတော့ ဒီပြဿနာနဲ့
ကင်းပါတယ်။ ပြဿနာက ဘိုလို မလွတ်မကင်း ဖြစ်အောင် နေထိုင်ပြောဆိုနေကြတဲ့
သူတွေဆီမှာ ရှိတာပါ။ တရုတ်တွေ၊ ထိုင်းတွေ၊ ဂျပန်တွေဆို နိုင်ငံခြားမှာ ဘယ်လောက်ပဲ
နေနေ အချင်းချင်းပြောဆိုတဲ့အခါ ဘိုလိုလုံးဝ မပါ။ မြန်မာတွေက ပြဿနာ။ အရမ်းကို
ဘိုလို ပြောချင်ကြသဗျာ။ တခါတခါများ မြန်မာအချင်းချင်း မြန်မာလို လုံးဝ မပါအောင်
တောင် ပြောနိုင်ကြသလေး။ မြန်မာပြည်က တိုင်းရင်းသား လောကမှာလည်း ဒီလိုပဲလို့
ထင်ပါတယ်။ သူများ စကားကို သုံးပုံတပုံလောက် ထည့်ပြောနေပြီဆိုတာက ကိုယ့်ရဲ့ 
စကားဟာ သုံးပုံတပုံလောက် ပျောက်ဆုံးနေပြီ ဆိုတာပါပဲ။

ဒီကနေ့ ကမ္ဘာမှာက ဘာသာစကားတွေရော၊ ယဉ်ကျေးမှုတွေရော တော်တော်များများက
မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကွယ် နေတာပါ။ ဘာသာစကား ပျောက်တော့ကော ဘာဖြစ်
သတုန်းလို့ အငေါ်တူးလာရင်တော့။ ဘာဖြစ်သလဲ သိချင်ရင် လေ့လာကြည့်လို့ပဲ ပြော
ချင်ပါတယ်။ အသေးစိတ် မရှင်းပြတတ်ပါ။ ကျွန်တော့်အမြင် ပျောက်သွားတာကမှ ရှင်း
သေး။ မပျောက်ပဲ ဟိုရောဒီရောဘာသာစကားကြီး ဆွေစဉ်မျိုးဆက် ခပ်တည်တည်နဲ့
ဆက်ပြောနေကြတာက ပျောက်သွားတာထက် ရှက်ဖို့ ကောင်းသေးလို့ ထင်တာပဲ။
သတိထားရမယ့် ကိစ္စက သတိထားမှ။ မဟုတ်ရင် ခံသွားရမယ်။ ကိုယ်တင်မကဘူး
နောက်မျိုးဆက်ပါ ခံရမယ့်ကိစ္စဆို ကျပ်ကျပ် သတိထားရမှာ။

တကယ်တော့ ဒီကိစ္စက သခင်ဘသောင်းတို့ ခေတ်ထဲက ပြောနေကြတဲ့ ကိစ္စပါ။
အခုထိ မပြုပြင်နိုင်သေးလို့ ဆက်ပြောနေတာပါ။ နိုင်ငံတကာသုံး ဝေါဟာရအသစ်တွေ
သိပ်ထွန်းကားနေတာက ဘာသာစကားအတွက် ပြဿနာဖြစ်တယ်ဆိုပေမယ့် ဖြေရှင်း
လို့ရတဲ့ ပြဿနာပါ။ သိပ်ပူစရာ မလိုပါဘူး။ အခုလည်း လူတိုင်းသိပြီးသား ကိစ္စကြီး
လျှောက်ရေးနေတာ ပျင်းစရာကြီးလို့ ပြောကြရင်လည်း ဆောရီးပါဗျာလို့ပဲ တောင်းပန်
လိုက်ပါတယ်ခင်ဗျား။ အာလုံး Good Luck ပါ။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 18, 2009

အပြေးသမားလောက















တိုင်းပြည်ကိုစွန့်ခွါ ထွက်ပြေးတဲ့သူတွေ။ နောက်ဆုံးရထား မှီအောင်
ပြေးရတဲ့သူတွေ။ ပထမဆုရအောင် အပြေးပြိုင်နေတဲ့သူတွေ။ ရန်သူက
လိုက်လို့ အသက်လုပြီး ပြေးနေရတဲ့သူတွေ။ ကိုယ့်အခန်းလေးထဲမှာပဲ
ငြိမ်ငြိမ်လေးနေပြီး (တချို့ က စာအုပ်ဖတ်လို့၊ တချို့ က ရုပ်ရှင်ကြည့်လို့ )
တကယ့်ဘ၀ထဲက ထွက်ပြေးနေကြတဲ့သူတွေ။

အပူဒဏ်ကိုကြောက်လို့၊ အအေးဒဏ်ကို ကြောက်လို့ (ဆောင်းခို၊ နွေခို)
ထွက်ပြေးနေသူတွေ။ တာတို၊ တာဝေး အပြေးသမားတွေ။ စစ်ပြေးဒုက္ခ
သည်တွေ။ အကြွေးရှင်ကလိုက်လို့ ပြေးနေရသူတွေ။ အိမ်ပြေး။ တပ်ပြေး။
ဝရမ်းပြေး။ထောင်ပြေး။ ကျောင်းပြေး။ ရုံးပြေး။ ရိုးရိုးပြေးတာတင်မကပဲ
တန်းကိုကျော်ပြီး ပြေးကြတဲ့သူတွေ။ ကျန်းမာရေးကောင်းအောင် ခပ်ဖွဖွ
လေး ပြေးနေသူတွေ။

ဦးပုညရဲ့ ရေသည်ပြဇတ်ထဲက တပြေးထဲပြေးနေတဲ့ ရေသည်ဆင်းရဲသား။
ဘိနပ်ကောင်းကြောင်းကြော်ညာဖို့ ပြေးပေးနေရတဲ့ ကမ္ဘာကျော်အပြေးသမား။
ပိုက်ဆံရလို့ ပြေးသူတွေ။ပြေးလို့ ပိုက်ဆံရ သူတွေ။ “ရဟန်းကြီး..သင်မပြေးနဲ့…
ရပ်” မောကြီးပန်းကြီးနဲ့ ပြေးပြီးပြောနေတဲ့ အင်္ဂုလိမလ။“ကျုံးကော်.. ကျားယော်”
“ကျုံးကော်.. ကျားယော်” ပြီးခဲ့တဲ့အိုလံပစ်မှာ ဂျက်ကီချမ်းက မီးရှုးတိုင်ကို
အပြေးတပိုင်းနဲ့သယ်လာတော့ လမ်းတလျှောက် ပရိတ်သတ်ကြီးက အော်
ကြတဲ့အသံ။ “တရုတ်ပြည်..ကြိုးစားထား”တဲ့။

တချိန်ကလည်းမြန်မာပြည်မှာ ပြည်ထောင်စုအလံကို အပြေးတပိုင်းနဲ့ လက်
ဆင့်ကမ်းရတဲ့အစဉ်အလာ ရှိခဲ့ဖူးပါရဲ့ ။ Run forest Run! ကျပ်မပြည့်တဲ့ အပြေး
သမား Forest Gumpရွှေတံဆိပ်ဆုရအောင် အပြေးလေ့ကျင့်နေသူတွေ။ တိုင်း
ပြည်အတွက် ဂုဏ်တက်စေဖို့ ပြေးနေကြတဲ့ သူတွေ။ ပြေးပေမဲ့လည်း ဆုမရတဲ့
သူတွေ။

ပြည်ပရောက် နိုင်ငံရေးအင်အားစုတခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
(လွတ်မြောက်နယ်မြေ) တဲ့။ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ပြည်
ပရောက် နိုင်ငံရေးအင်အားစုတွေကို ပြည်ပြေး လို့သုံးပါတယ်။ တိုင်းပြည်ကနေ
ထွက်ပြေးသူတွေလို့ သတ်မှတ်ချင်တာလား။ တိုင်းပြည်ကိုပြစ်ထားခဲ့ပြီး ကိုယ်
လွတ်ရုန်း ထွက်ပြေးကြသူများလို့ သတ်မှတ်ချင်တာလား။“ရာဇ၀တ်ဘေး
ပြေးမလွတ်”လို့ ရဲစခန်းမှာရေးထားတဲ့စာ။ “ပြေးနိုင်မှ လွတ်မယ်နော်” လို့
အော်ဟစ်တဲ့အသံ။ “သိုးမည်းဟောင်းကြီးတွေ၊ ပြေးထွက်လာပြီး မင်းကို ကြို
နေမယ်” ဆိုတဲ့သီချင်းသံ။

မုန့်ဗန်းကို လက်တဘက်ထဲနဲ့ကိုင်။ ဆိုက်လာတဲ့ အဝေးပြေးကားဆီ အပြေး
ရောက်လာပြီး အလုအယက် ရောင်းကြတဲ့ ကလေးဈေးသည်တွေ။ ရေအိုးကို
ခေါင်းမှာရွက်။ မရပ်တဲ့ရထားကို အပြေးတပိုင်းနဲ့ ရေလိုက်ရောင်းတဲ့ ကျောင်း
စိမ်းလုံချည်နဲ့ ရေသည်လေးတွေ။ ကမ်းကို သင်္ဘောမကပ်ခင် မြစ်ကမ်းပါးပေါ်
ကနေ အပြေးဆင်း၊ အပြိုင်လုပြီး ဈေးရောင်းကြတဲ့ အမျိုးသမီးတွေ။ ကလေး
တွေ။ ကျောင်းနောက်ကျမှာစိုးလို့ ကျောင်းတံခါးမပိတ်မှီ အပြေးလာ နေကြတဲ့
ကလေးတွေ။ အာဖရိကမှာ ကျောင်းကဝေးလို့ အပြေးသွားရင်း ကမ္ဘာကျော်
အပြေးသမား ဖြစ်လာသူတွေ။

ဂရိနိုင်ငံကို ပါရှန်းတွေဝင်သိမ်းတော့ မာရသွန်ဆိုတဲ့အရပ်မှာ ဖြစ်ပွါးတဲ့စစ်။
ပါရှန်းတွေကို အနိုင်ရတဲ့သတင်း အေသင်မြို့ ဆီအပြေးသယ်ဆောင်လာတဲ့
ဂရိစစ်သား ဖီးဒစ်ပီဒီးစ်။ သူကတော့ ပထမဆုံးမာရသွန်အပြေးသမား။ အပြေး
အားကစားဟာ စစ်ပွဲက စတဲ့အရာပါလား။ မြန်မာပြည်ရဲ့  ပထမဆုံးအပြေးပြိုင်
ပွဲအကြောင်း ဗဟုသုတအဖြစ် သိချင်သား။ မှတ်တမ်းမှတ်ရာများ တွေ့ ချင်သား။
ပဒေသရာဇ် ခေတ်မှာလား။ ကိုလိုနီခေတ်မှာလား။

မြန်မာ့သမိုင်းထဲကို သူရဲကောင်းတွေအဖြစ် ရုပ်ရှင်ဆန်ဆန် ရောက်လာခဲ့ကြ
သူတွေထဲက အာရဗ်ခြေမြန်တော် ဗျတ္တ။ ပုဂံနဲ့ပုပ္ပါး နေ့တိုင်းပြေးလို့ ပန်းဆက်
ရတဲ့ ပန်းဆက်သမား။ တနေ့ ဆယ်ကြိမ် ပုဂံနဲ့ပုပ္ပါး ပန်းဆက်ရတဲ့သူဆိုပဲ။
ဒီလိုပြေးရင်းနဲ့ ဆရာဗျတ္တ ပုပ္ပါးသူလေးနဲ့ ညိရောဆိုပဲ။ ဗျတ္တပန်းဆက်လမ်းဆိုပြီး
အခုထိတောင် နာမည်တွင်နေပါရဲ့ ။ ဒီအပြေးသမားကတော့ စစ်ကြောင့်ပြေးသူ
မဟုတ်။

မူရင်းနေရာက ဝေးရာဆီ။ လေယာဉ်ပျံနဲ့ ပြေးသူတွေ။ ကိုယ်ပိုင်ကားနဲ့ ပြေးသူ
တွေ။ အငှားယာဉ်နဲ့ ပြေးသူတွေ။ ခြေကုန်သုတ်ပြီး ပြေးရသူတွေ။ ရုပ်နဲ့ ပြေးသူ။
နာမ်နဲ့ ပြေးသူ။ ညာဏ်နဲ့ ပြေးသူတွေ။ အကြံနဲ့ ပြေးသူတွေ။ အိပ်မက်နဲ့ ပြေးသူ
တွေ။ စားရင်း ပြေးသူတွေ။ နားရင်း ပြေးသူတွေ။ တရားမှတ်ရင်း ပြေးသူတွေ။
ပြေးတဲ့စက်ပေါ်မှာ သီချင်းနားထောင်ရင်း ပြေးနေတဲ့ သူတွေ။ ပြေးသူတွေ..ပြေး
သူတွေ...ပြေးနေကြတဲ့ သူတွေ။

အခုလည်း ထွက်ပြေးတဲ့အနေနဲ့ ပြေးတဲ့အကြောင်း ရေးနေတာ။ မောသွားပြီ။
နားပြီးမှ ထပ်ပြေးရဦးမယ်။ မိတ်ဆွေအပြေးသမားများ ခင်ဗျား။ အပြေးလောက
မှာ ကြာကြာပြေးနိုင်ဖို့ဆို သက်လုံကောင်းဖို့ အရေးကြီးပါသတဲ့။ ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, May 1, 2009

ဆုတောင်း၊မေတ္တာ၊၀တ္ထုတော်








(နိဒါန်း)

ဘုရားသ္ခင်… ။
အရှင်ဘုရား၏ ထူးမြတ်လှသော တရားတော်များအား အကြွင်းမဲ့ ယုံကြည်ပါ၏ ။
တပည့်တော်၏ ဘလော့ဂ်လေးကို အန္တာရယ်အပေါင်းမှကင်းဝေးရန် စောင့်ရှောက်တော်
မူပါ။ လူတကာ၏ ချီးမွမ်းမှုကိုခံရသော ဘလော့ဂ်ဖြစ်ရေး ဆောင်မတော်မူပါ။ ဤ
ဘလော့ဂ်မှ ရွှေလမ်းငွေလမ်းပွင့်၍ ကြွယ်ဝချမ်းသာမှုကို ပေးသနားတော်မူပါ။


(၁)

အင်္ဂါနေ့။ နယူးယောက်မြို့ ။ ကွင်းစ် ရပ်ကွက်။ နှင်းဖတ်များ စိတ်ပျက်ဖွယ်ကျနေတဲ့ ဇန်န၀ါရီ
ညနေ။ ညနေဆိုပေမယ့် မှောင်နေပြီ။ နှင်းတွေကျတော့ အအေးဓါတ်ပေါ့တယ်။ ဒါပေမဲ့ သွား
ရလာရ ခက်တယ်။ မြေအောက်ဘူတာရုံက တက်လိုက်ရင် နှင်းတွေနဲ့မတွေ့ ခင် မဆလာနံ့ကို
အရင်ဆုံး ရတယ်။ ကွင်းစ်ရပ်ကွက်က အိန္ဒိယများတယ်။ မြန်မာလည်း များတယ်။ အိန္ဒိယက
ပိုများတယ်။ မြန်မာပြည်က အိန္ဒိယတွေ မဟုတ်ဘူး။ အိန္ဒိယက၊ ပါကစ္စတန်က၊ ဘင်္ဂလားဒေ့ခ်ျ
က အိန္ဒိယန်းတွေပေါ့။ ဒါကြောင့် မဆလာနံ့ ပိုရတာ။ မဆလာနံ့တွေထဲကပဲ နှင်းတောထဲကို
ဖြတ်ပြီး ခပ်သုတ်သုတ်လာခဲ့တယ်။

ည၇နာရီထိုးတော့မယ်။ မကြာခင်မှာ ပွဲစတော့မယ်။ ပရိတ်ကြီး ဆယ့်တသုတ်ကို ရွတ်မယ့်ပွဲ။ အင်္ဂါနေ့တိုင်းလုပ်တဲ့ပွဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်
မြောက်ရေး ပရိတ်ရွတ်ကြမယ့်ပွဲ။ ဘုရားသ္ခင်ပါဝိုင်းပြီးကူညီမှ ရမယ့်ပွဲ။ လပေါင်းများစွာ
ယုံကြည်မှုနဲ့ လုပ်လာခဲ့တဲ့ ပွဲ။ အချိန်မှီအောင် သွားမှဖြစ်မယ်။

ကိုယ့်လူတွေက မြန်မာပြည်က အကျဉ်းစခန်းတွေထဲမှာ။ ငါက နယူးယောက်ဆိုတဲ့မြို့ ကြီးမှာ။ ဘယ်လောက်ပဲဝေးဝေး ယုံကြည်မှုဆိုတဲ့အားနဲ့ ဝေးနေတဲ့အရာတွေ နီးစေမယ်။ ပိတ်ထားတဲ့ ထောင်တခါးတွေကို ပွင့်စေမယ်။ ဘုရားရှင်ရဲ့  ပရိတ်တရားတော်တွေဟာ အစွမ်းထက်တဲ့လက်
နက်တွေပဲလို့ အရင်လူတွေကလည်း ယုံကြည်ခဲ့ကြတယ်။ အခု ငါတို့လည်း ယုံကြည်နေတုန်းပဲ။
အရှင်ဘုရား ။ တပည့်တော်တို့ရဲ့ တော်လှန်ရေးကို အောင်မြင် စေခြင်းအလို့ငှာ စောင့်ရှောက်ပေး တော်မူပါဘုရား။ အေးစက်နေတဲ့ နယူးယောက်မြို့ ရဲ့  နှင်းဖွေးဖွေးညထဲမှာ မြန်မာလူငယ်တချို့ ရဲ့  ပရိတ်ရွတ်သံတွေရှိနေပါတယ်။ ဘယ်သူတွေကြားရပါသလဲ။

(၂)

အင်္ဂါနေ့။ ရန်ကုန်မြို့ ။ လှိုင်သာယာမြို့ နယ်။ ဆောင်းတွင်းဆိုပေမယ့် လုံးဝမအေးပါ။ မနက်ခင်း
ဆိုပေမဲ့ လေကောင်းလေသန့်မရ။ ကားတွေကတော့ ထုံးစံအတိုင်းကျပ်လို့၊ ညပ်လို့။ ကားမီးခိုး
တွေ တဝေေ၀။ ထိုင်ခုံနေရာရဖို့ထက် အချိန်မှီဖို့ အရေးကြီးတယ်။ ရောက်လာတဲ့ကားကိုပဲ ဖြစ်
သလို တွယ်စီးလာခဲ့တယ်။ ရွှေတိဂုံနား နီးလေ ပိုပြီးသတိထားရလေပဲ။ ကားပေါ်က ဆင်းဆင်း
ချင်း သာမန်ဘုရားဖူးတဦးလိုပဲ ခပ်တည်တည်နဲ့ ကုန်းတော်ပေါ် တက်ခဲ့တယ်။

မနေ့က ချိန်းထားတဲ့သူတွေနဲ့ ဘုရားပေါ်ကို လမ်းကြောင်း မတူအောင် ခွဲပြီးတက်ခဲ့တာ။ လမ်း
တလျောက် ကြံ့ဖွတ်တွေပါ လာသလား။ အက်စ်ဘီ တွေရှိနေသလား။ မျက်လုံးကစား ခဲ့ရတယ်။
အင်္ဂါဒေါင့်မှာ ကိုယ့်လူတွေ တချို့ ရောက်နေပြီ။ ကြံ့ ဖွတ်တွေလည်း ရှိနေပြီ။ မသင်္ကာရတဲ့
လူတွေလည်းရှိနေပြီ။ သူတို့ကို ကြောက်နေလို့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဖမ်းချင်ဖမ်း၊ ရိုက်
ချင်ရိုက်။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်မယ်။ ဘုရားရှိခိုးတာ ပြစ်မှုလား။ ဒေါ်အောင်ဆန်း
စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဆုတောင်းတာဟာ ပြစ်မှု
ကျူးလွန်တာလား။ ဖမ်းရင်လည်းခံရုံပဲ။ အားကိုးစရာ အရှင်ဘုရားပဲ ရှိတော့တယ်။

အမှန်တရားဘက်က ကူညီပါဘုရား။ အခု တပည့်တော်တို့ရောက်နေတဲ့ သမိုင်းဝင် သာ
သနာ့မြေပေါ်မှာ တိုင်းပြည် အေးချမ်းရေးအတွက် ဘာသာရေးနည်းနဲ့၊ ငြိမ်းချမ်းတဲ့နည်းနဲ့
တပည့် တော်တို့ ယုံယုံကြည်ကြည်ဆုတောင်း ကြမှာဖြစ်ပါတယ်။ တပည့်တော်တို့ရဲ့ ဘ၀နဲ့
အသက်ကို အရှင်ဘုရားထံမှာ အပ်နှံထားပါတယ်ဘုရား။ စောင့်ရှောက်တော်မူပါ။

နေ့စဉ် ရာနဲ့ထောင်နဲ့ချီ လာရောက်ဆုတောင်းကြတဲ့ ရွှေတိဂုံရင်ပြင်ပေါ်က ဆုတောင်းသံ
တွေထဲမှာ ဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့  ဆုတောင်းသံတွေလည်းရှိနေပါတယ်။ ဘယ်သူ
တွေ ကြားပါသလဲ။


(၃)

အင်္ဂါနေ့ ။ အာရုံတက်။ နေပြည်တော်။

ဟိတ် ။ မင်းကို ကင်းစောင့်ခိုင်းတာ အိပ်ငိုက်ခိုင်းတာ မဟုတ်ဘူး။ အချုပ်ထဲထည့် လိုက်ရမလား။
မင်းအခု တာဝန်ကျနေတာက နေပြည်တော်မှာ။ သာမန်နေရာမဟုတ်ဘူး။ ဗိုလ်ချုပ်မှုးကြီးတို့ရှိတဲ့
နေရာ။ တပ်မတော်ရဲ့  သမိုင်းမှာ အရေးကြီးတဲ့နေရာ။ မင်းလို ရဲဘော်အဆင့်တင်မကဘူး။ ငါလို
အရာရှိလည်း နေပြည်တော်မှာ ကင်းစောင့်နေတယ်ဆိုတာ သဘောပေါက်။

ဒီနေပြည်တော်က ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ထီးတင်ပွဲဟာ ဒို့တပ်မတော်သားတွေအတွက် သိပ်ပြီးအရေးကြီးတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးကြီးသလိုပဲ။ ဒို့တာဝန် အရေးသုံးပါးထဲမှာ ထည့်မရေးထားပေမယ့် သာသနာရေး၊ ဘာသာရေးကိစ္စတွေဟာ တပ်မတော်သားတွေအတွက် အရေးကြီးတယ်ဆိုတာ နားလည်ထားရမယ်။ ယုံကြည်ထားရမယ်။ ကြားလား။

ဗိုလ်ချုပ်မှုးကြီးတို့ဟာ တိုင်းပြည်တည်ငြိမ်အောင်လို့၊ တိုးတက်အောင်လို့ စစ်ရေးအရရော၊ နိုင်ငံ
ရေးအရရော၊ ဘာသာရေး အရပါ ကြိုးစားနေကြတဲ့ သာသနာပြု ခေါင်းဆောင်ကြီးတွေ။ တန်ခိုး
ကြီးဘုရားတွေဆို အမြဲတန်း သွားဖူးနေကြတယ်။ တန်ခိုးကြီးဆရာတော်တွေကို အမြဲတန်းလှူ
ဒဏ်းနေတယ်။ တန်ခိုးကြီးပုဂ္ဂိုလ်တွေ၊ အထက်လမ်းဆရာတွေ၊ ဆရာမတွေ အကြားအမြင်ရ ပုဂ္ဂိုလ်တွေကိုလည်း အမြဲတန်း ဆည်းကပ်နေကြတယ်။ ဒါတွေဟာ ဘယ်သူ့ အတွက်မှ လုပ်နေ
တာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လုပ်နေကြတာ။

ဘယ်အစိုးရကမှ အခု တပ်မတော် အစိုးရလောက် ဘာသာရေးကို အချိန်ပြည့် အားထုတ်တာမျိုး
မရှိခဲ့ဘူး။ အဲဒါကြောင့်လည်း သူတို့ရဲ့  ဘုန်းတန်ခိုးတွေဟာ ကြီးမားနေတာပေါ့။ ဒို့တပ်မတော်ရဲ့ 
ဘုန်းတန်ခိုးဟာ ကြီးထွားနေတာပေါ့။ ဒီမိုကရေစီသမားတွေရဲ့ အနှောက်အယှက်မပေးးနိုင်ပဲဖြစ်
နေတာပေါ့။ ပြည်ပအားကိုး ပုဆိန်ရိုးတွေက ရန်မပြုနိုင်တာပေါ့။ ဒို့ဗိုလ်ချုပ်တွေက တိုင်းပြည်ကို
ဘုရားတရားနဲ့ အုပ်ချုပ်နေလို့၊ ဘုရားသ္ခင်က ဒို့ကိုစောင့်ရှောက်ကူညီနေလို့ပေါ့။

တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး၊ စစ်ဒေသမှူး၊ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားမှန်သမျှ ဘုရား
ရှင်ကိုယုံကြည်ကြ။ ဗိုလ်ချုပ်ကြီးတို့ရဲ့  ဘုရားတွေ၊ စေတီပုထိုးတွေကို အကာအကွယ်ပေးကြ။
ဘာသာတရား ကိုင်းရှိုင်းလှတဲ့ တပ်မတော် အစိုးရ ခေါင်းဆောင်တွေကို အသက်နဲ့လဲပြီး အကာ
အကွယ်ပေးကြ။ မြန်မာပြည်တခုလုံး ငြိမ်းချမ်းသာယာအောင် ဘုရားသခင်ထံမှာ ဆုတောင်းကြ။ ဘုရားရှင်ကလည်း တပည့်တော်တို့ တပ်မတော်သားတွေကို စောင့်ရှောက်ပေးတော်မူပါ။

နေပြည်တော်က နေ့စဉ် စစ်အမိန့်ပေးသံတွေထဲမှာ အခုလို ဘာသာရေး ယုံကြည်ချက်ဆိုင်ရာ
ကိစ္စတွေ၊ ဆုတောင်းသံတွေလည်း ရှိနေပါတယ်။ ဘယ်သူတွေ နားစွင့်နေပါသလဲ။


(၄)


နှင်းမှုန်တွေ တဖွဲဖွဲ။ လေတိုးသံ တရှဲရှဲ။ ချင်းတောင်တန်းတွေပေါ်က မထင်မရှား ရွာတရွာ။
လက်ဝါးကပ်တိုင် ဖွေးဖွေးနဲ့ မှုန်ဝါးဝါး ဘုရားရှိခိုးကျောင်း ကလေး။ တနင်္ဂနွေ နေ့လည်ပိုင်း။
ရွာကလူတွေ ဘုရားဝတ်ပြုပြီး အိမ်ပြန်ကြပြီ။ သင်းအုပ်ဆရာလေးနဲ့ အတူ လူငယ်တချို့ 
ဘုရားကျောင်းထဲမှာ တိတ် တိတ်ဆိတ်ဆိတ် ကျန်ရစ်ခဲ့ကြတယ်။

ကဲ စကြပါစို့လို့ သင်းအုပ်ဆရာလေးက နူးနူးညံ့ညံ့ပြောလိုက်တယ်။ ဒီကနေ့ အစီအစဉ်ကို
တော့ အမျိုးသမီးငယ် တယောက်က ဦးဆောင်တယ်။ သူတို့ရဲ့  အပါတ်စဉ် လျှို့ဝှက်ဆု
တောင်းပွဲလေးရဲ့  အသံတွေဟာ တိုးတိုးတိတ်တိတ်နဲ့ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့
တယ်။

မေတ္တာတော်ရှင် အဖမြတ်စွာသော ဘုရားသခင်။ ကိုယ်တော်ရှင်ရဲ့ ကျေးဇူးတော်ကြောင့်
ကျမတို့  အသက်ရှင်ရသော အခွင့်၊ ကောင်းမွန်စွာ နေထိုင်စားသောက်ရသော အခွင့်ကို
ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ် အဖ။ ကျမတို့ ကို ချစ်တဲ့ မိသားစု၊ မိတ်ဆွေများနဲ့ ဝန်းရံပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဦးစွာ ။ ကျမတို့ မှာရှိသော သိလျက်နဲ့သော်လည်းကာင်း၊ မသိလျက်နဲ့သော်လည်းကောင်း
ပြုလုပ်ခဲ့တဲ့ အပြစ်တွေကို ဖြေလွှတ် ဖြေရှင်းပေးတော်မူပါ။ ထိုအပြစ်တို့ကို ပြန်လည်ပြုပြင်
တတ်ဖို့  သွန်သင်ပါ၊ လမ်းပြပါ၊ ဆုံးမတော်မူပါ။ ကျမတို့ မှာရှိတဲ့ လူဇာတိနဲ့ဆိုင်သော၊ မလို
လားအပ်သော လောဘ၊ ဒေါသ၊ မောဟနဲ့ မာန်မာနတို့ကို ကိုယ်တော်ရဲ့  မေတ္တာတော်၊ သန့် ရှင်းသောဝိညာဉ်တော်ဖြင့် ဆေးကြောပေး တော်မူပါ။ သူတပါးအပြစ်ကို ချည်နှောင်
ထားခြင်းမရှိဘဲ ခွင့်လွတ်နိုင်ဖို့ ခွန်အားအစွမ်း သတ္တိကိုပေး တော်မူပါ။

အထူးသဖြင့် အမိမြန်မာနိုင်ငံအတွက် အထူးသတိရ တောင်းလျှောက်လိုပါတယ်။ ကိုယ်
တော်သိတဲ့အတိုင်း မတရား ရက်စက်သော အုပ်ချုပ်မှု အောက်က ဒုက္ခဆင်းရဲ ခံစားနေရတဲ့ တိုင်းသူပြည်သားတွေကို သနားတော်မူပါ။ မာကျောနေတဲ့ အုပ်ချုပ်သူတို့ ရဲ့ နှလုံးသားကို
ကိုယ်တော်ရှင်ရဲ့  မေတ္တာတော်နဲ့ တို့ ထိပြီးသကာလ သူတို့ ရဲ့ နှလုံးထဲမှာ ဆင်ခြင်တုံတရား တွေဖြစ်ပေါ်လာအောင် မစ သနားတော်မူပါ။

နှစ်ပေါင်းများစွာ လောင်မြိုက်နေတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းရတဲ့ လမ်းစကို ပြတော်မူပါ။
ကောင်းသော အပြောင်းအလဲအတွက် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအားဖြင့် ပြည်တွင်း
ပြည်ပက ကြိုးစားသူများ အားလုံးအတွက် အထူးသတိရ ဆုတောင်းပါတယ်။ သူတို့ကို
ကျန်မားခြင်းအခွင့်နဲ့  လိုအပ်တဲ့ ဥာဏ်ပညာ၊ အသိပညာတို့ ကို ပေးတော်မူပါ။

အထူးသဖြင့် နိုင်ငံရေး ကဏ္ဍတွေမှာ ဦးဆောင်နေသူတို့ အတွက် အထူးသတိရ ဆုတောင်း
ပါတယ် အဖဘုရားသခင်။ သူတို့ ကို ချိုးငှက်ကဲ့သို့  ဖြူစင် အပြစ်ကင်းသလို မြွေကဲ့သို့  လိမ္မာ
ပါးနပ်တတ်အောင်၊ ထိမိပြတ်သားတဲ့ ဦးဆောင်မှုမျိုး ပေးတတ်အောင် သွန်သင်တော်မူပါ။
တိုင်းပြည်နဲ့  အသင့်တော်ဆုံး ပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ် ပေါ်ပေါက်လာဖို့  အတွက်လည်း
မစတော်မူပါ။ ကျမတို့ကိုလည်း ကိုယ်တော် အသုံးပြုတော်မူပါ။ ကျမတို့သည် သာမာန်လူ
သားသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်သည် ကျမတို့ကို အသုံးတည့်တဲ့ အစွမ်းအစတစ်ခုခု ပေးထားတယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။

ကိုယ်တော်။ ကျမတို့အနေနဲ့  တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ သော်လည်းကောင်း
ရှိတဲ့အစွမ်း အစနဲ့ အကောင်းဆုံး ပြီးမြောက်ဆောင်ရွက်တတ်အောင် လမ်းပြပါ။ အချိန်ဆွဲ
တတ်သော ကျမတို့ရဲ့ အားနည်းချက်၊ စိတ်မရှည်သော အားနည်းချက်တို့ကို ရင်ဆိုင်ကျော်
လွှားနိုင်ဖို့ ခွန်အား ပေးတော်မူပါ။ ကျမတို့ရဲ့ အားနည်းချက်၊ မပြည့်စုံခြင်း များစွာကနေ ကိုယ်
တော်ရှင်ထံပါး တိုးဝင်ချဉ်းကပ် ဆုတောင်းတဲ့ အသံကို နားညောင်းတော်မူ ပါမည့်အကြောင်း တပါးတည်းသောသားတော် ခရစ်တော် ယေရှုဘုရားရဲ့  နာမတော်ကို အမှီပြု၍ ကိုယ်တော်
ရှင်ရဲ့  နှုတ်ကပတ်တော်ကို နှလုံးသွင်းပြီး အလွန်ရိုသေစွာ တောင်းလျှောက်အသနားခံပါ
တယ်။ (အာမင်)

အစိုးရအဆက်ဆက် ပစ်ပယ်ထားတဲ့ချင်းတောင်တန်းတွေပေါ်က မြို့ ငယ်၊ ရွာငယ်လေး
တွေမှာ အခုလို ဆုတောင်းသံတွေဟာ နေ့စဉ်လိုလိုထွက်ပေါ်နေပါတယ်။ ဘယ်သူတွေ
နားထောင်နေပါသလဲ။


(၅)

မနက်လေးနာရီ။ မန္တလေးမြို့ ဆင်ခြေဖုန်း။ ကုန်တင်ကားဂိတ် တနေရာ။

ဟိတ်လူ ထတော့။ ဒီမှာ ဆိုင်ခင်းတော့မယ်။ တခြားနေရာမှာသွားအိပ်။ စောစော စီးစီး
သူများ စီးပွါးရှာ မယ့်နေရာ လာပြီး ခွေအိပ်နေတာ လာဘ်တိတ်တယ်။ ဟုတ်ကဲ့ပါ ဒကာကြီး
ရယ်။ အော်... ဟုတ်ကဲ့ပါခင်ဗျာ။ လူအ၀တ်အစားနဲ့ အရှင်သုမန ကပျာကယာ ထပြီး တခြား
နေရာ ခရီးဆက်ဖို့ ထွက်လာခဲ့ပါတယ်။

လူအ၀တ်အစားနဲ့ ဆိုပေမဲ့ သူက သိက္ခာ ချမထားဘူး၊ လူထွက်ထားတာ မဟုတ်ဘူး။ ရဟန်း
ဘ၀အဖြစ် ခံယူထားတုန်း။ အခြေအနေအရ လူအ၀တ်လဲထားတာ။ မနေ့ညက ကပ်လိုက်ခဲ့
ရတဲ့ ကုန်တင်ကားက ည၂နာရီလောက်မှ မန္တလေးကို ရောက်တာကြောင့် ဘယ်မှဆက်
မသွားပဲ ကားဂိတ်ဝင်းထဲက ဆိုင်ခန်းတခုမှာ ၀င်အိပ်ခဲ့တာ။ သူ့မှာ ပိုက်ဆံလည်းပြတ်နေပြီ။

မြင်းခြံ၊ ပခုက္ကူက သံဃာတွေဆီ လူဝတ်နဲ့ရောက်ခဲ့ပြီးပြီ။ ကိုယ်တော်တွေ စိတ်ဓါတ်မကျဖို့၊
လက်မလျှော့ဖို့၊ ပတ္တနိက္ကုဇန ကံကိုဆက်ပြီး ဆောင်ထားကြဖို့၊ တရားတဲ့လမ်းကို ဆက်
လျှောက်ဖို့၊ အားပေးခဲ့ပြီးပြီ။ အာဏာပိုင်တွေ ကြံ့ ဖွတ်တွေ မျက်လုံး ဒေါက်ထောက် ကြည့်နေ
တဲ့ကြားက အရှင်သုမန စွန့်စွန့်စားစား လှုပ်ရှားနေတာပါ။

သူက ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတုန်းက ရန်ကုန်တိုင်း သံဃာ့ လှုပ်ရှားမှု ကော်
မီတီရဲ့  ဦးဆောင်သံဃာ တော်တပါး။ တခြားထင်ရှားတဲ့ကိုယ်တော်တွေက ထောင်ထဲမှာ။
တချို့ က နယ်စပ်ကို ကျော်ပြီး နိုင်ငံခြား တိုင်းပြည်တွေဆီ ကြွကုန်ပြီ။ တချို့ က ပျောက်နေကြ
တုန်း၊ တချို့ ကတော့ ကိုယ့်ကျောင်း တိုက်ကို ပြန်ရောက်လာကြပြီ။ သူကတော့ စိတ်မလျော့
သေး နောက်ဆုံးအချိန်ထိ ယုံကြည်ရာကို လုပ်သွား မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိုယ်တော်။
အခုလည်း မန္တလေးက ကိုယ်တော်တွေဆီ အားပေး စကားတွေပြောဖို့ ဘယ်သူကမှ တာဝန်
ပေးမထားပဲ ဆက်လှုပ်ရှားနေတဲ့ သံဃာတော်။ လူ အ၀တ်ဝတ်ထားပေမဲ့ သံဃာတော်ရဲ့ 
သိက္ခာပုဒ် အတိုင်း နေထိုင်ကျင့်ကြံနေတုန်း။

သူ့ ခန္တာကိုယ်ကတော့ တော်တော်ပိန်ကျ သွားတယ်။ မျက်လုံးတွေကတော့ ပိုတောက်ပ
လာတယ်။ မြန်မာပြည်သူတွေရဲ့  ဒုက္ခ၊ တကာ၊ တကာမ တွေရဲ့  ဒုက္ခ သူ ကောင်းကောင်း
သိတယ်။ စက်တင်ဘာ လှုပ်ရှားမှုမှာ သံဃာတော်တွေ ဘယ်လောက် နူးညံ့ခဲ့ကြတယ်၊
သိက္ခာပုဒ်တွေနဲ့ အညီ မိုးတွေလေတွေထဲမှာ ဘုရားရင်ရဲ့  မေတ္တာသုတ်တွေကို ယုံယုံ
ကြည်ကြည်နဲ့ ဘယ်လောက်သိမ်သိမ်မွေ့ မွေ့ နဲ့ ရွတ်ဖတ် သရဇ္ဈာယ် ခဲ့ကြတယ်၊ အပူမီး
တောက်လောင်နေကြတဲ့ မြန်မာပြည်သူ တရပ်လုံးကို အေးချမ်းစေအောင် သံဃာတော်
တွေက ဘယ်လောက် မေတ္တာထားခဲ့ကြတယ်ဆိုတာ အရှင်သုမန အသိဆုံုံး။

အဲဒီလို ကမ္ဘာသိ သံဃာ့လှုပ်ရှား မှုကို စစ်အာဏာရှင်တွေက ဘယ်လောက်ထိ ယုတ်မာ
ရက်စက်ခဲ့ကြတယ်၊ သံဃာတွေ အပေါ် မုန်းတီးမှု ဘယ်လောက်ကြီးတယ်ဆိုတာကို
ပြသခဲ့တယ်၊ ဘာသာ၊ သာသနာကို ဘယ်လောက်ထိ စော်ကား ရိုင်းပြခဲ့တယ်ဆိုတာ
ကိုလည်း အရှင်သုမနအသိဆုံး။

ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဘုရားရှင်ရဲ့ သားတော်တွေဘက်က ဘာကြောင့်များ ရှုံးနိမ့်ခဲ့ရပါလိမ့်။ အို...မဟုတ်သေးဘူး။ ငါတို့ အရှုံး မပေးသေးသရွေ့  မရှုံးနိမ့်သေးဘူး။ ဘုရားရှင် ပြဌာန်းခဲ့တဲ့
ကံကို ဆောင်ထားသရွေ့ ၊ ဓမ္မတရားကို ယုံယုံကြည်ကြည် ကိုင်စွဲထားသရွေ့  ငါတို့ မရှုံးနိမ့်
သေးဘူး။ ဘုရားရှင်ကို ယုံကြည်မှု၊ မေတ္တာတရားကို ယုံကြည်မှု ၊ ဓမ္မတရားရဲ့  အစွမ်းထက်
မှုကို ငါတို့လို သံဃာတွေ ကမှ သက် သေပြပြီး မဖေါ်ထုတ်နိုင်ရင် ရာဇ၀င်ရိုင်းတော့ မပေါ့။
ဒို့သံဃာတွေ ယုံကြည်မှုနဲ့ အားတင်းထားဖို့ ငါ အသက်ရှင်နေသရွေ့လုပ်နေမယ်။

အ၀တ်အစားခပ်နွမ်းနွမ်းနဲ့ သံဃာတော် တပါးလို တည်တည်ငြိမ်ငြိမ်နဲ့ ကုန်ကားဂိတ်ထဲကနေ
ထွက်သွားတဲ့ အရှင်သုမန။ မန္တလေးမြို့  လေးပြင်လေးရပ်မှာရှိတဲ့ စာသင်တိုက်တွေဆီကို
မထင်မရှားနဲ့ ၀င်ရောက် စည်းရုံး မယ့် အရှင်သုမန။ ဝေလီဝေလင်း အချိန်မှာပဲ မန္တလေးမြို့ 
ထဲကို ၀င်ဖို့ ကြွလာပါပြီ။

ကားဂိတ်ထဲက မနက် စောစောဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ထဲကနေ မင်းကွန်း ဆရာတော်ရဲ့ 
မေတ္တပို့သံကို ကြားနေရပါတယ်။ ရှင်သုမနလည်း လိုက်ပြီးရွတ် ဆိုနေမိတယ်။ ဒီမေတ္တာပို့သံ
တွေကိုပဲ တကမ္ဘာလုံး ပဲ့တင်ထပ်အောင် စက်တင်ဘာလတုံးက မိုးတွေရေတွေထဲမှာ သူတို့
မျက်ရည်တွေ ကျပြီး ရွတ်ဆိုခဲ့ကြတာ မဟုတ်လား။ အခုလည်း လူအ၀တ် အစားနဲ့ အရှင်သုမန လမ်းလျှောက်ရင်း မျက်ရည်တွေကျနေပါပြီ။

အရှေ့ အရပ်၌ရှိသော... အနန္တစကြ၀ဠာ... အနန္တသတ္တ၀ါတို့ ... ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ...
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ... ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ...နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...

ဒီလိုမေတ္တာ ပို့သကြတဲ့ အသံတွေ နေ့စဉ်နေတိုင်း ဖိတ်လျှံနေတဲ့ အရှေ့ တောင်အာရှက တိုင်း
ပြည်လေး တခုမှာ ဘာသာတရား ကိုင်းရှိုင်းကြတဲ့ အစ္စလမ်ဘာသာဝင်တို့ရဲ့  ပလီ ၀တ်ကျောင်း
တော်တွေ၊ ကိုရမ် ကျမ်းစာကျောင်း တွေ၊ ခရစ်ယာန် ဘာသာဝင်တွေရဲ့  ဘုရားရှိခိုးကျောင်းတွေ၊
သမ္မာကျမ်းစာ ကျောင်းတွေ။ သာသနာပြု ကျောင်း တွေ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့  စေတီပုထိုး ဘုရားကျောင်းကန်တွေ၊ ဟိန္ဒူဘာသာဝင်တို့ရဲ့  ၀တ်ကျောင်းတော်တွေ တိုင်းပြည်အနှံ့ ပေါများ စည်ကားနေတာဟာ ငြိမ်းချမ်းတဲ့ အလှတရား တခုပါပဲ။ အဲဒီတိုင်းပြည်လေးထဲမှာ မေတ္တာတရား
ဆိုတာ လှပတဲ့ အရာတခု ဖြစ်ကြောင်း၊ အနုပညာမြောက်တဲ့ အရာဖြစ်ကြောင်း ပြသနိုင်ဖို့က
တော့ ခက်ခက်ခဲခဲ ရှာဖွေရပါလိမ့်မယ်။ အနုပညာမြောက်တဲ့ အလှတရားဆိုတာ ရှားပါးတတ်ပြီး၊
ခက်ခက်ခဲခဲ ရှာဖွေရတတ်တယ်ဆိုတာ ဟုတ်မယ်ထင်ပါရဲ့  မိတ်ဆွေများခင်ဗျား။
ကျန်းမာကြပါစေ။

(နိဂုံး)

ဘုရားသ္ခင်… ။
ဘုရားရှင်၏ ထူးမြတ်လှသော တရားတော်များအား အကြွင်းမဲ့ ယုံကြည်ပါ၏ ။ မေတ္တာပို့တတ်
လွန်းကြသော၊ ဆုတောင်းတတ်လွန်းသော မြန်မာပြည်သူပြည်သား အားလုံးကို အန္တာရယ်
အပေါင်းမှ ကင်းဝေးစေရန် စောင့်ရှောက်ပေးတော်မူပါ။တပည့်တော်၏ ဘလော့ဂ်လေးကိုလည်း စောင့်ရှောက်တော်မူဖို့ မမေ့ပါနဲ့ဘုရား။ ဤဘလော့ဂ်မှ ရွှေလမ်းငွေလမ်းပွင့်၍ ကြွယ်ဝချမ်းသာမှု
ကို ပေးသနားတော်မူပါ။ ကျေးဇူးတင်ပါတယ် မြတ်စွာဘုရား။ အာမင် ။

Sunday, April 19, 2009

ဘယ်ဆိုးလို့တုံး








သင်္ကြန်တွင်း အပျင်းပြေအောင်ဆိုပြီး ကမန်းကတန်း မဏ္ဍပ်ထောင်ပါတယ်။ သံချပ်ဝိုင်း
ထိုးမယ်ဆိုပြီးနီးစပ်ရာဘလော့ဂါတချို့ ကို သံချောင်းခေါက် တပ်လှန့်ပါတယ်။ တချို့ ကို
လက်တို့ အသိပေးပါတယ်။ မဆိုးပါဘူး။ ရွာနီး ချုပ်စပ်က ကြည့်ပျော်ရှုပျော်ဖြစ်အောင်
ဝိုင်းကြရှာသားပဲ။တတ်စွမ်းသရွေ့ သံချပ်ကလေးများဖန်တီးပြီး အစု၊ အဖို့ ထည့်ကူကြရှာ
ပါတယ်။ ပျော်စရာကောင်းသားပဲ။ တချို့ ကလည်း တိုတိုတုတ်တုတ်နဲ့ ထိထိမိမိလေး ရေးကြပါ
တယ်။တချို့ ကလည်းရှည်ရှည်သာသာ ဖွဲ့ ကြပါတယ်။အမျိုးသမီး ၊ အမျိုးသား စုံကြရှာသားပဲ။
မဆိုးပါဘူး။ဝမ်းသာရပါတယ် မိတ်ဆွေများခင်ဗျား။

သံချပ်သမိုင်းကို သိပ်မသိပါ။ သေချာပြုစုထားတဲ့ သမိုင်းလည်းရှိဟန်မတူပါ။ ဘယ်ခေတ်။
ဘယ်နှစ်ခုနှစ်က ။ ဘယ်သူတွေက။ ဘယ်မှစခဲ့ကြမှန်းမသိပါ။ လွတ်လပ်ရေး မတိုင်ခင်က
ရှိပုံမပေါ်။ သိကြရင်လည်း မျှကြပါဦးခင်ဗျား။

ရွှေပြည်ကြီးမှာအရင်အခါက သံချပ်မင်းသားတွေလည်း တနယ်တမင်းထွန်းကားခဲ့ပါသတဲ့။
မှတ်မိသလောက်။ ဗိုလ်သခင်ဆရာ ဆိုတဲ့သံချပ်အဖွဲ့ မန္တလေးကဆိုလား၊ မိတ္ထီလာကဆိုလား။
ရန်ကုန်မှာဆိုရင် သံချပ်မင်းသား နီအောင်ကျော်တဲ့ ရခိုင်အမျိုးသားပေါ့။ နောက်ပိုင်းမှာ မောင်
ကြေးမုံတို့ ဂန္တ၀င်မောင်ဝိုင်းတို့ရဲ့ သံချပ်တွေက နာမည်ကြီးဆိုပဲ။ ကဗျာဆရာအောင်ချိမ့်တို့ ငါး
သိုင်းချောင်းဝံ သာတို့ အညာတမာတို့ဟာလည်း မူလက သံချပ်သမားတွေဆိုပဲ။ စာရေးဆရာ
အီကြာကွေးလည်း သံချပ်ဆရာပါတဲ့။ သူတို့တွေ ဘာတွေများဖွဲ့ ဆိုခဲ့ကြသလဲဆိုတာတော့
မှတ်တမ်းမှတ်ရာများ မတွေ့ ရ။ သူတို့ သံချပ်တွေက ခေတ်ကိုသံချပ်ထိုးပြီးသရော်ကြတဲ့အခါ
ပီပီပြင်ပြင်၊ ထိထိမိမိရှိကြသတဲ့။ တိုင်းပြည်အတွင်း မတော်မတည့်တာတွေကို ပြင်ဆင်နိုင်ဖို့
လှလှပပနဲ့ မှတ်မှတ်ရရ သတိပေးနိုင်ကြသတဲ့။ သံချပ်ပြိုင်ပွဲတွေလုပ်ပြီး ဆုတွေများတောင်
ပေးခဲ့ကြသတဲ့။

တဘက်မှာလည်း သံချပ်သမားတွေဟာ အာဏာပိုင်တွေရဲ့ရန်သူတော်တွေအဖြစ် သတ်မှတ်ခံရ
သူတွေတဲ့။ အာဏာပိုင်တွေရဲ့  အားနည်းချက်ကိုထောက်ပြသူတွေကိုး။ နာမည်ကြီးသံချပ်သမား
တွေဟာ သင်္ကြန်မတိုင်ခင် ဖြစ်ဖြစ် သင်္ကြန်ပြီးရင်ဖြစ်ဖြစ် ထောင်ထဲ ဆွဲသွင်းတာခံကြရသတဲ့။ ဒီအကြောင်းတွေကိုအခု ပြန်ပြောနိုင်တာကလည်း ကဗျာဆရာကြီး တင်မိုး မကွယ်လွန်ခင်က
သူနဲ့ သင်္ကြန်အကြောင်း ပြောကြဆိုကြရင်း မှတ်သားမိတာလေးတွေပါ။ အခုအဖမ်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဆိုလည်း ဆိတ်ပါးစပ်နဲ့ နတ်မျက်စိဆိုတဲ့ သံချပ်အဖွဲ့ 
သံချပ်သမားဆိုပဲ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံချပ်ပျောက်သွာခဲ့တာ အခုချိန်ထိပါပဲ။ အခုခေတ်
ကလေးသူငယ်များ သံချပ်ဆိုတာ ဘာမှန်းမသိတော့ပါ။ သံချပ်ကမပျောက်သွားအောင်ထိမ်း
သိမ်းထားသင့်တဲ့ ယဉ်ကျေးမှု ပစ္စည်းတခုပါ။ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အား
စုတွေကတော့ ၁၉၉၀နောက်ပိုင်းမှာ တိုက်ပွဲ ၀င်သံချပ်။ တိုက်ပွဲခေါ်သံချပ်ဆိုပြီး စစ်အာဏာ
ရှင်ဆန့် ကျင်ရေး သံချပ်တွေထွက်နေပါတယ်။ ပြည်ပရေဒီယို တွေကလည်း သူတို့သံချပ်တွေ
ကို ထုတ်လွှင့်ပေးပါတယ်။ နားထောင်လို့ လည်းကောင်းပါတယ်။ ပြည်သူတွေအတွက် ပြုပြင် သင့်တာတွေကိုလည်း ရံဖန်ရံခါထည့်ပြောကြတာကိုတွေ့ ရပါတယ်။မဆိုးပါဘူး။

သံချပ်မျိုးဆက်ပြတ်မသွားဖို့ လိုပါတယ်။ ပြည်သူအများ ပြုပြင်သင့်တယ်ဆိုပြီး ကိုယ်မြင်တာ၊
ကိုယ်ထင်တာတွေကို သင်္ကြန်ကာလ ပျော်ပျော်ပါးပါး စုမိကြတုန်း သံချပ်ထိုးပြီးပြောတယ်
ဆိုတာက ချစ်စရာအလေ့အထလေးပါ။ ဒီအလေ့အထကို ပျောက်မသွားအောင်၊ အချိန်ကြာ
လို့ မေ့မသွားအောင် လေ့ကျင့်တဲ့အနေနဲ့ ကျွန်တော်များ ရွှေပြည်ဝေး မဏ္ဍပ်က သံချပ်ထိုးဖို့
လုပ်ခဲ့တာပါပဲ။ မဆိုးပါဘူး။ တတ်နိုင်သမျှ ၀ိုင်းပြီးရေးကြဖွဲ့ ကြလို့ ကြည့်ပျော်ရှုပျော် သံချပ်
လေးများ မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ သံချပ်မောင် မယ်များ အားလုံးကျန်းမာကြပါစေ။

သံချပ်တွေကို ၀င်မထိုးကြပေမဲ့လည်း လာရောက်ဖတ်ရှုသွား ကြသူများကိုလည်း ကျေးဇူး
တင်ပါတယ်။ပျော်ရွှင်ကြပါစေ။ အခုလိုစုစုဝေးဝေးလေး အတူဝိုင်းလုပ်ရ တာကလည်း အွန်
လိုင်းပေါ်မှာ ပျော်ပွဲစားထွက်ရသလိုပါပဲ။ စိတ်ချမ်းသာပါတယ်။ ကျွန်တော်တို့ ဘယ်ဆိုးလို့
တုန်းလို့ မျက်ခုံးပင့်မိပါတယ်။ ပျော်ပါတယ်ခင်ဗျား။ နောင်နှစ်မှာ တကြိမ် ထပ်ဆော်ကြသေး
တာပေါ့။ နော့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, April 13, 2009

သံချပ်ထိုးကြစို့


-->



(ဓါတ်ပုံကို flickr ဆီက ယူပါတယ်)
သင်္ကြန်ကာလမှာ စာမဖွဲ့ တော့ပါဘူးလေလို့ တွက်ထားတာပါ။ ပန်ဒိုရာရဲ့ ဘလော့ဂ်မှာ
သင်္ကြန်အကြောင်း တောင်ရေး၊ မြောက်ရေး လုပ်တာတွေတွေ့တော့ သွေးကကြွလာပါ
တယ်။ ပိုးက ထလာပါတယ်။ တခုခု လုပ်ချင်လာပါတယ်။ ရွှေပြည်ဝေးဘလော့ဂါတွေ
စုပေါင်းပြီး သံချပ်ဝိုင်းထိုးရင် ပျော်ဖို့ကောင်းမယ်လို့ထင်ပါတယ်။ ကျနော်က မဏ္ဍပ်
စိုက်မယ်ပေါ့။

အရက်ကြိုက်လည်း အရက်။ လက်ဘက်ကြိုက်လည်း လက်ဘက်ပေါ့။ (ဆေးမဆိုးတဲ့
လက်ဘက်ကို ရွေးထားပါတယ်။ မပူပါနဲ့။) ကဲ ။ ချစ်မိတ်ဆွေ ပြည်ဝေး ဘလော့ဂါအပေါင်း
ကျနော့်ရဲ့ မဏ္ဍပ်ကိုလာပြီး စိတ်ကူးတည့်ရာ သံချပ်များဝိုင်းထိုးကြဖို့ ဖိတ်ခေါ်ပါတယ်။
သင်္ကြန်ကာလ အပျော်ပေါ့ဗျာ။ တခြားမိတ်ဆွေတွေကိုလည်း သံချပ်ဝင်ထိုးဖို့ လက်တို့
လိုက်ကြပါဦး။ ကိုင်း။ ကျနော်ကပဲ စလိုက်ပါရစေ။

“ရွှေပြည်ဝေး အစုံသုပ်သံချပ်များ”

(အဖွင့်တီးလုံး) တုံ ချန်းချန်း ၊ တုန် ချမ်းချမ်း။

ဒို့လူလေးများ ဆိုသလေး ။ ဝေလေလေ၊ ဝေလေလေ။

တူးပို့သံများကြားလို့နေ၊ ဒို့ပြည်ကြီးမှာ သင်္ကြန်ပွဲဆင်ပေါ့။

သင်္ကြန်ရေအေးနဲ့ ဝေးတဲ့အခါ ၊ ငေးငေးငိုင်ငိုင် စိတ်ညစ်နေလား။

စိတ်ညစ်လို့လည်း မထူးတော့ပါ ၊ သင်္ကြန်သီချင်းဖွင့်ကာ ရေထချိုးလိုက်။

(ဆက်ကြပါ)
-သံချပ်ဆြာ ဇာနည်ဝင်း -

(ရန်ကုန်က သူငယ်ချင်းများအတွက်)

သင်္ကြန်သီချင်းဖွင့်ဖို့ မီးက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

သင်္ကြန်ရေပက်ဖို့ ရေက မလာ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

နိုင်ငံတော်ကြီး တိုးတက်နေ၊ ခွက်စုတ် တီးကာ ကစို့ခုန်စို့။

-သံချပ်ကလျာ ပန်ဒိုရာ-
ခွက်စုတ်ပေါတဲ့တို့ရွှေပြည်၊ တိုးတက်နေသည် ရှေ့သို့ရှေ့သို့။

သိကြားမင်းကြီးရောက်လာရင်၊ ကော်နက်ရှင်လေး ဖြတ်ပေးပါဦး။

သိကြားမင်းကြီးရောက်လာရင်၊ ကြက်ဆူပင်လေး စိုက်သွားပါဦး။

သိကြားမင်းကြီးရောက်လာရင်၊ ပုဆိန်ရိုးတွေ ရှင်းပေးပါဦး။

ဆိုးဆေးလက်ဖက် ကျွေးပါ့မယ်၊ သိကြားမင်းကြီးရယ်
(ကူညီပါဦး :P)

-သံချပ်မဒီ ဆွိပိုနီ-
ကြံကာဖန်ကာပျော်ရတာ၊ ရေမြေခြားက တို့မောင်နှမ။

သင်္ကြန်ချိန်ခါ ကျရောက်လာ၊ တို့ ရိုးရာမို့  ဆင်ကာနွှဲဖို့ ။

လှူတာတန်းတာ စတုဒီတာ၊ ရေမြေခြားက ကျောင်းကန်မှာဗျ။

အကြောင်းကြောင်းကြောင့် စွန့် ခွာလာ၊ ရေမြေခြားမှာ စီးပွားရှာရ။

စီးပွားရေးမှာ အကွက်မြင်၊ ဘုန်းကြီးကျောင်းရှေ့ မှာ ဘီယာရောင်းသဗျို့ ။

ရလာခဲ့တဲ့စတုဒီသာ၊ ဘီယာနဲ့တွဲကာ လွေးကြတာပေါ့။

သကြားမင်းက မြန်မာပြည်မှာ၊ စင်ကာပူမှာ ကဲကြ ကဲကြ။

သိကြားမင်းကြီး စိတ်အိုက်နေ၊ ပုရပိုဒ်က ကုန်ခါနီးသမို့ ။



-သံချပ်စပါယ်ရှယ် အောင်သာငယ်-

ရန်ကုန်မြို့ကြီး ဘယ်လောက်စည်

နေပြည်တော်ကို တူနိုင်ရိုးလား....

နေပြည်တော်က ဆန်းတကြယ်

လှိုဏ်ခေါင်းတွေတောင် တူးတယ် ဆိုပဲ....

လှိုင်ခေါင်းတူးအောင် ဘယ်သူဆောင်

သန်းရွှေ၊ မောင်အေး၊ သိန်းစိန်ဆိုပဲ...

အချိန်မတော် လှိုဏ်တွေတူး

သည်လူတွေက ရူးနေလို့လား...

မရူးပါဘူးမောင်ရင်ရယ်

ပြေးလမ်း ကြို စီစဉ်ပါတယ်...

လှိုဏ်ခေါင်းတွေကို နက်နက်တူး

ယောယုဝမှာ နေရာဦး...


-သံချပ်သမား ဂိုဏ်းစတား-

ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ
သက်ဆိုင်ရာတွေ ကာဆီးကာဆီး ။

သက်ဆိုင်ရာတွေ ကာဆီးကာဆီး
ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ ။

ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ
M-C-P-A- ခေါင်းရှောင်သည်ဗျ ။

M-C-P-A- ခေါင်းရှောင်သည်ဗျ
ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ ။


-CONTACT ရဲ့ သံချပ်-


သင်္ကြန်အခါဆို အိမ်လွမ်းလိုက်တာ မပျော်နိုင်ပါ
ကျက်သရေတုံးတွေ ရှိတုန်းမို့  မပြန်ချင်ပါ ။

အို..ပြန်အုံးမှာ ပြန်အုံးမှာ
ကျက်သတုံးတွေ အမြန်မသာပေါ်တဲ့အခါ။


-သံချပ်လက်ဆော့ ဖူးစတော့-

နှစ်သစ်မင်္ဂလာ ကျရောက်လာ.. ဖူးပွင့်ဝေဆာ ပိတောက်ပွင့်တွေနဲ့..။

စိုယုံလေးသာ ဖြန်းပက်တာ.. ဖက်ဆွတ်ခါတိုး သင်္ကြန်မိုးဖွဲဖွဲ…။

တူးပို့တူးပို့ ကြားတဲ့အခါ.. မြုးလို့ခုန်ပါ သင်္ကြန်ယိမ်းဒိုးမို့…..။

တို့ပြည်ကြီးလည်း ထူးခြားမလာ.. နှစ်အသစ်တောင် ကူးပြန်ပြီဟ… (( နှစ်အသစ်တောင် ကူးပြန်ပြီဟ…)).။

(အမ် ဆိုင်ဘူးလား.. ကဲ.. မထူးပါဘူး… အပေါ်ကတယောက်လည်း ဆန္ဒပြည့်သွားအောင်.. :D..)

အဆိပ်ခတ်ထားတဲ့ မုန့်လုံးရေပေါ်.. ကျွှေးလိုက်ပါနော် တို့အဘချုပ်များ…။

ပြည်သူတွေ ပို့သရွှေမေတ္တာ.. စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း… (( စောင့်ကြည့်နေပါ ဘယ်သူအရင် သေမှာလည်း ))..။

ဟေ့. သိန်းစိန်လား.. ဟေ့. သန်းရွှေလား.. ဟေးးး လားးး မောင် အေး. လား…….။



-သံချပ်သက်ဝေ-
ကမ္ဘာတဝှမ်းမှာ စီးပွားပျက်တာ တို့ရွှေပြည်က မဖြုံသေး..

ဘယ်သူပျက်ပျက် တို့မပျက် တို့ရွှေပြည်မှာ အလုပ်အကိုင်ပေါစွ…

ခေါင်းဆောင်များရဲ့ စေတနာ… ထူးထူးခြားခြား ရှာမှရှားပဲ…

ခေါင်းဆောင်များရဲ့ မေတ္တာတွေ… ဝေဆာနေတာ အံ့မခန်းပဲ…

သူတို့စေတနာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

သူတို့ မေတ္တာ သည်လိုပါ… သေသေချာချာ မှတ်ကာထားကြ…

နိုင်ငံခြားမှာ အလုပ်မရရင်… ရွာကိုလာကာ ကောက်ပင်စိုက်ကြ…

နိုင်ငံခြားမှာ အလုပ်ပြုတ်ရင်… ရာဘာပင်တွေ အစေးလာခြစ်ကြ…

နိုင်ငံခြားမှာ အလုပ်ရှားရင်… ရွာကိုသွားကာ ဆားပြန်ချက်ကြ…

သူတို့တွေရဲ့ စေတနာ… လေးစားလောက်ဖွယ်ရာ…

အရာရာမှာ စဉ်းစားပေး.. တို့ပြည်သူတွေအရေး…


-မဏ္ဍပ်ပိုင်ရှင် ကိုလေရွှင်-

ဒို့မဏ္ဍပ်ကြီး စည်လို့လာ ဘလော့ဂါမောင်မယ် တက်ကြွနေလို့ ။

သူတို့ဘာကြောင့်တက်ကြွနေ ရင်ထဲရှိတာ အော်ဟစ်ရလို့ ။

သင်္ကြန်တွင်းမှာပျော်ရွှင်ပါ ရင်ထဲရှိတာ အော်ဟစ်ပစ်ကြ ။

နိုင်ငံစုံက လာရောက်အော် ဒို့မဏ္ဍပ်မှာ အချောပေါသမို့ ။

မုန့်လုံးရေပေါ်ကြွေးသနော် ငြုပ်သီးပါရင် တာဝန်မယူဘူး။

မူးတဲ့သူများ သတိထားပါ အမြည်းကုန်ရင် နောက်ထပ်မရှိဘူး။

ရေကိုချွေတာသုံးကြပါ မီးစက်ပျက်ရင် နောက်ထပ်မရှိဘူး။

အသံကိုချွေတာ အော်ကြပါ အသံဝင်သွားရင် နောက်ထပ်မရှိဘူး။

သင်္ကြန်တွင်းဆုံတုန်း ချစ်ကြပါ အချစ်ကုန်ရင် နောက်ထပ်မရှိဘူး။

နောက်ထပ်မရှိလည်း ရပါတယ် ရပါတယ်လည်း နောက်ထပ်မရှိဘူး။

ဗိုလ်ချုပ်ကြီးများသတိထားပါ နောက်ထပ်မရှိရင် နောက်ထပ်မရှိဘူး။

(ဆက်ကြပါဦး ခင်ဗျ)



-သံချပ်ဗိုလ် ဂျူနို-

လူချမ်းသာလည်း ရင်တုန်လာတော့ လူနာပဲ လူနာပဲ ။
ဆင်းရဲသားလည်း ခေါင်းအုံလာတော့ လူနာပဲ လူနာပဲ ။
အာဏာစက်နဲ့ ဘုရင်ကြီးလည်း တစ်ကယ်တန်းတော့
လူနာပဲ လူနာပဲ။

ခြောက်လုံးပြူးနဲ့ လူသတ်သမားလည်း
သေမှာကိုတော့ ကြောက်တာပေါ့ ကြောက်တာပေါ့ ။

နားကြပ်ကြီးနဲ့ ဆရာဝန်လည်း မှန်တာပြောဖို့ 
ကြောက်တာပေါ့ ကြောက်တာပေါ့။

မကြောက်ရတဲ့ လူနာကိုတော့
ဟောက်တာပေါ့ ဟောက်တာပေါ့။

နန်းကျသူလည်း နေမကောင်းတော့
လူနာပေါ့ လူနာပေါ့ ။

ထီးနန်းရှင်လည်း ဖျားနာလာရင်
လူနာပေါ့ လူနာပေါ့ ။

သူခိုးတွေလည်း တစ်ကယ်တန်းကျ
ကြောက်တတ်ပေါ့ ကြောက်တတ်ပေါ့။

ဒို့ လူတွေလည်း ခံနေရတော့ နာလှပေါ့ နာလှပေါ့။

ရန်သူမိတ်ဆွေ မခွဲခြားဖို့ သစ္စာကိုတော့
ဆိုကြပါ့ ဆိုကြပါ့ ။

အဘမြင်တော့
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့ ။

သစ္စာတွေလည်း ဖေါက်လိုက်ကြ ဖေါက်လိုက်ကြ ။

စိတ်ကွယ်ရာလည်း မရှိပါ့ မရှိပါ့ ။

ကျောင်းသားဆိုရင် ဘုရင်ကြီးက
ကြောက်တယ်ပါ့ ကြောက်တယ်ပါ့ ။

အကြွေးရှိရင် ချန်မထားနဲ့ 
ပေးလိုက်ကြ ပေးလိုက်ကြ ။

မြင်မြင်သမျှ လန့် နေလိုက်တာ
ကြောက်တတ်ပါ့ ကြောက်တတ်ပါ့ ။

ရောဂါရှိရင် မွေးမထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။
အကျဉ်းသားလည်း မေ့မထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။
ရွှေနန်းရှင်လည်း ပစ်မထားနဲ့ ကုလိုက်ကြ ကုလိုက်ကြ ။

ဆရာဝန်တွေ ပါဝါပြတာ
ထောင်ထဲမှာ ထောင်ထဲမှာ ။

ထောင်မှူးကြီးလည်း ပါဝါသုံးတာ
ထောင်ထဲမှာ ထောင်ထဲမှာ ။

သူခိုးလေးလည်း လူမိသွားတော့
ထောင်ထဲရောက် ထောင်ထဲရောက် ။

သူခိုးကြီးတွေ ဆရာ မတော့
နန်းထဲရောက် နန်းထဲရောက် ။

ဗိုလ်ချူပ်ကြီးလည်း ပါဝါပြပြီး
နန်းထဲရောက် နန်းထဲရောက် ။

ဘုရင်ကြီးလည်း အာဏာမဲ့တော့
ထောင်ထဲရောက် ထောင်ထဲရောက် ။

ထောင်မှူးကြီးလည်း အလှည့်ရောက်တော့
ထောင်ထဲရောက် ထောင်ထဲရောက်။

လူချမ်းသာလည်း ရင်တုန်လာတော့
လူနာပေါ့ လူနာပေါ့ ။

သူဆင်းရဲလည်း ခေါင်းအုံလာတော့
လူနာပေါ့ လူနာပေါ့ ။

ရောဂါရှိရင် မွေးမထားနဲ့ 
ကုလိုက်ပေါ့ ကုလိုက်ပေါ့ ။

အရူးချီးပန်း လုပ်နေတာတွေ
ရပ်ပစ်လိုက် ရပ်ပစ်လိုက် ။

ရွှေနန်းရှင်လည်း ဖွက်မထားနဲ့ 
ကုပေးလိုက် ကုပေးလိုက်။

(အယ်ဇီ)

-သံချပ်ကံဆောင် ယောဟန်အောင်-
သံချပ်သံတွေ ဆူသကွယ်
တရားလုပ်နေသူ နားမခံနိုင်ဘူး ။

ဆြာယောလည်း မနေနိုင်ပါ
ရိပ်သာကနေ ထလာခဲ့ရ ။

ငါ့သမီး စာကျက်နေတယ်။
အလိုဗျာ....
"ဖုန်းဆက်လိုက်ရမလား....."

-သံချပ်ကလျာ ပန်ဒိုရာ-
လူကြီးတချို့ ရိပ်သာဝင်.. ဖန်ခွက်ကိုင်ကာ အရည်ပျော်လို့ ။

ပုတီးတလုံးဂျောက်ကနဲ ..တူးပို့သံကြား ငေါက်ခနဲ ။

သိကြားမင်းရဲ့ black list မှာ .. မှတ်လိုက်မှာနော် ဘာမှတ်နေလဲ ။

(ဟဲဟဲ)


-သံချပ် တေးမွန်-


ဒီနှစ်သစ်ကူးမှာ ထူးတယ်ဗျာ… ဘလောဂါတွေ စုပေါင်းအော်ကြ..။
(ဘလောဂါတွေ စုပေါင်းအော်ကြ… ဒီနှစ်ကူးက ထူးတယ်ဗျာ)

အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ … သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ.. ။
(သင်္ကြန်ပွဲတော် မဆင်နွဲနိုင်ကြ… အဝေးရောက်နေတဲ့ ရွှေမြန်မာတွေ)

တူးပို့သံမကြားပဲ ပိုးထလာ.. မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ..။
(မနေနိုင်မထိုင်နိုင် တက်လို့အော်ကြ… အွန်လိုင်းပေါ်က ဒီဘလောခ်မှာ)

နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်.. ငါမပါရင် မဖြစ်ချေဘူး..။
(ငါမပါရင် ပွဲမစည်ဘူး.. နာမည်ကြီးဘလောဂါတွေ ၀ိုင်းလို့အော်)

ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ.. မြန်မာပြည်ကို လွမ်းကြ လွမ်းကြ..။
(အတာသင်္ကြန်ကို လွမ်းကြ လွမ်းကြ.. ပြည်တော်မပြန်နိုင်တဲ့ ဘ၀တွေမှာ)

မေတ္တာတရား ရှေ့ ကိုထား.. မြန်မာ ပြည်သူအများ ချမ်းမြေ့ ပါစေ..။
(မြန်မာပြည်သူတွေ အေးချမ်းကြစေ.. မေတ္တာတရား ရှေ့ ကိုထား)

ဘချုပ်ကြီးများတောင် မကျန်ပါ.. မေတ္တာတွေနဲ့ ဆုတောင်းပေးကြ..။
(မေတ္တာတွေနဲ့ဆုတောင်းပေးကြ.. ဘချုပ်ကြီးများတောင်မကျန်ပါ)

သေရာသေကြောင်း ဆုတွေတောင်း.. ဘချုပ်ကြီးများရပါစေ..။
(အော်.. ဘချုပ်ကြီးများရပါစေ.. သေရာသေကြောင်းဆုတွေတောင်း)

ဟေး ဖိုးစိန်လား... ဟေး ဖိုးရွှေလား.... ဟေ.. လာ.. မောင် တို့ လား... (၀ါး)


-သံချပ်သမား ဂိုဏ်းစတား-
၇၀ ကျော်လည်း ပင်စင်မယူ
မငြူမစူ၊ ခပ်ပြောင်ပြောင်ပဲ ။

ငါကိုယ်တော်မြတ် ကြွချီမယ်
လမ်းလျှောက်လာပြီ- တုန်ချိ တုန်ချိ ။

မင်းကျင့်တရား-နားစမ်းပါ
ပြေးသာဆည်းကပ်-ဆရာလေးဆီပဲ ။

ဆရာလေးဆီက-ဓါတ်ဆင်ရိုက်
စိုက်ခိုင်းပြန်ပြီ-ကြက်ဆူပင်တဲ့ ။

အနေကြာဖို့-လုပ်ပြန်ပြီ
ဟိုဟိုဒီဒီ-ရွှေနေကြာစိုက် ။

ကျဉ်းကြပ်ထဲမှ-လွတ်မြောက်ရေး
ထွက်ပြေးလေပြီ-ကြပ်ပြေးဆီတဲ့ ။

ညကြီးသန်းခေါင်-ယတြာချေ
ရွှေတိဂုံလည်း အငြိမ်မနေရ ။

တိုင်းစိုးပြည်အုပ်-ယတြာလုပ်
ကိုယ်ကျင့်တရားမှာ စုပ်စုပ်သာမြုပ်။

ဖွင့်ထားပါတယ် အစဉ်အမြဲ
မောင်သန်းရွှေအတွက် အ၀ီစိငရဲ ။

ကျွန်တော်ဘလော့ဂါ မသိပါ
ရေးမိပါတယ် သံချပ်ပို့စ်လေး ။

မုဒ်ဝင်လာမှ ရေးတတ်တာ
ကျွန်တော့်အကျင့်ပါ လူတိုင်းအသိ ။

ဒီညမှာတော့ မုဒ်ဝင်တယ်
ရေးမိပြီကွယ် ဒီဘုန်းတော်ဘွဲ့  ။


-သံချပ်မဒီ ဆွိပိုနီ-

သင်္ကြန်ချိန်ခါရောက်လို့ လာ၊ ပျော်ကြရွှင်ကြ ဘလော့ပေါ်မှာဗျ ။

ရွှဲရွှဲစိုအောင်လောင်းကြပါဟ၊ smilies တွေနဲ့ ဘလော့ပေါ်မှာဗျ ။

စတုဒီတာတွေ ကျွေးနေတာ၊ လာပါစားပါ ဘလော့ပေါ်မှာဗျ ။

ရေပတ်ခံတွေ ထွက်လိုက်တာ၊ တစ်အိမ်တက်တစ်အိမ်ဆင်း ဘလော့ပေါ်မှာဗျ ။

သင်္ကြန်သီချင်းနဲ့ သံချပ်သံ၊ စီစီညံနေ ဘလော့ပေါ်မှာဗျ ။

ရပ်ဝေးမြေကတို့ တတွေ၊ သင်္ကြန်ကျတာ ဘလော့ပေါ်မှာဗျ ။


-မဏ္ဍပ်ပိုင်ရှင် ကိုလေရွှင်-


သင်္ကြန်ပွဲကြီးပြီးသွားပြီ ဒို့သံချပ်တွေ နားကြဦးစို့ ။

သံချပ်တွေက ချစ်စရာ သံချပ်မောင်မယ် စိတ်ဖြူစင်လို့ ။

အားပေးသူများ ကျေးဇူးပါ နောင်နှစ်ခါလည်း လာခဲ့ပါဦး။

နှစ်သစ်တခု ကူးခဲ့ပြီ ကောင်းတာတွေကို ပိုလုပ်ကြစို့ ။

ဒို့ရွှေပြည်ကြီး ကောင်းတဲ့အခါ ပြည်တော်ပြန်ကာ သံချပ်ထိုးစို့ ။

ရွှေပြည်ကြီးက မပြောင်းလဲရင် ပြောင်းလဲသွားအောင် သံချပ်ထိုးမဟ ။

သံချပ်ထိုးလို့မပြောင်းလဲရင် လူကိုယ်တိုင်ပဲ သွားထိုးကြစို့ ။

တတိုင်းပြည်လုံး ၀ိုင်းထိုးရင် ဘယ်အာဏာရှင် ခံနိုင်မှာတုန်း ။

ရွှေပြည်ဝေးတို့ လာခဲ့မယ် မကောင်းတာတွေကို ပြောင်းလဲပစ်ဖို့ ။

နောင်နှစ် ပိတောက်ပန်းပွင့်တဲ့အခါ ဒို့မဏ္ဍပ်ဟာ ရန်ကုန်မှာပေါ့ ။

သံချပ်များနဲ့ ပျော်ကြမယ် သင်္ကြန်ပွဲကိုလည်း ရက်ထပ်တိုးစို့ ။

မိတ်ဆွေများလည်း လာကြပါ ဒို့မဏ္ဍပ်မှာ ပြန်ဆုံကြစို့ ။

ကျုပ်သံချပ်လည်း ရှည်သွားပြီ စိတ်မဆိုးခင် ရပ်လိုက်ပြီဗျို့  ။


(အပိတ်တီးလုံး)

တုံ ချမ်း ချမ်း ။ တုံ ချမ်း ချမ်း

တုမ် ခြမ်း ချန်း ။ တုဏ် ခြန်း ချမ်း ။

တုံ ချန်း ခြမ်း ။ တုန် ချမ်း ခြဏ်း...

Monday, March 16, 2009

ဆုလာဘ်များ










ဆုရသူများကိုလည်း အားမကျဖူးသူပါ။ ကျောင်းသားဘ၀မှာ နာမည်အကျော်ဆုံးကတော့ လူရည် ချွန်ဆုပါတဲ့။ ကျောင်းကလူရည်ချွန်သမားတွေကို ကျွန်တော်မကြိုက်ခဲ့ပါ။ မနာလိုစိတ်ကြောင့် မ ဟုတ်။ ဒီကောင်တွေက လိုအပ်တာထက် ထောင်လွှားလွန်းလို့၊ ဆရာများအကြိုက် အလိမ္မာပိုပိုနေ လွန်းလို့။ ဒီကောင်တွေကိုကြည့်မရ တာနဲ့ပဲ ဆုကိုတောင်အထင်မကြီးနိုင်ခဲ့။ ဆုကိုမက်သူ မဟုတ်လို့ ပြောချင်တာပါ။ ဆုမမက်လို့လည်း မတိုးတက် တာထင်ပါရဲ့ ။

ရယ်စရာ အဖြစ်ပြောရရင် ငယ်ငယ်က နို့မှုန့်သောက်တဲ့အခါ။ လူရည်ချွန်တံဆိပ် နို့မှုန့်ကို သောက်ခဲ့ရ ပါသတဲ့။ အသက်ကြီးလာပြီး ကျောင်းမှာမထူးချွန်ရှာတော့ မိဘများက စကြနောက်ကြပါတယ်။ လူရည်ချွန်သောက်ပြီး ကြီး လာတဲ့အကောင်၊ လူရည်ချွန်လည်းမဖြစ်ပါလားဆိုပြီး မကြာခဏရယ်ဖြစ် ကြပါတယ်။ ကျွန်တော့အတွက် လူရည် ချွန်ဆိုတာရယ် စရာပါ။

ကျောင်းစာမဟုတ်တဲ့ စာတွေပေတွေကောင်းကောင်းဖတ်လာတဲ့အရွယ်မှာလည်း ဂရုစိုက်မိတဲ့ဆုတွေ ရှိလာခဲ့ပါ တယ်။ အမျိုးသားစာပေဆုတဲ့။ စာပေဗိမာန်ဆုတဲ့။ အစိုးရကပေးတဲ့ ဆုတွေပေါ့။ ကိုယ် သိပ်ကြိုက်တဲ့ စာရေးဆ ရာတွေက အဲဒီဆုတွေ မရတာများတယ်။ အစိုးရက မကြိုက်သူများ စာရင်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်နေလို့ပါ။ အစိုးရက ပေးတယ်ဆိုရင်လည်း ဒီပုဂ္ဂိုလ်များက ဆုကိုတက်ယူမယ့် သူတွေမဟုတ်။ အဲဒါကြောင့် ဒီဆုတွေကိုလည်း သိပ်ပြီး စိတ်မ၀င်စားခဲ့ပါ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေကို ကပ်တဲ့ဆုတွေမှာလည်း ဒီအတိုင်းပဲတဲ့။ လူကြီးမင်းများ ကြိုက်အောင်လုပ်မှ ရတဲ့ဆုဆိုတာ မျိုးကလည်း သပ်သပ်ရှိသေးသကိုး။

အားကစားပြိုင်ပွဲတွေကြောင့်ရတဲ့ဆုတွေကြတော့ သဘောကျသဗျား။ များသောအားဖြင့်ပေါ့။ တကယ်အပြေး သန်လို့၊ တကယ်အကန်ကောင်းလို့၊ တကယ်လက်ဖြောင့်လို့ရကြတာကိုး။ ဒါတောင်မှ တားမြစ်ဆေးသောက်ပြီး ၀င်ပြိုင်လို့ နိုင်တဲ့သူ၊ ဒိုင်ကမျက်နှာသာပေးလို့ နိုင်တဲ့သူဆိုတာတွေက ရှိနေသေးတယ်။

မသိခင်တုန်းကတော့ အမေရိကန်ကပေးတဲ့ အော်စကာဆုတို့၊ ဂရမ်မီဆုတို့ကို ဘုမသိဘမသိနဲ့ သဘောကျဖူး သေးတယ်။ ဆုရတဲ့ဇာတ်ကားထက် ကောင်းတဲ့ရုပ်ရှင်တို့၊ သီချင်းတို့ကို ကြည့်ဖူး၊ နားထောင်ဖူးတော့လည်း ဒီဆု တွေကို သိပ်အထင်မကြီးတော့ပါဘူး။ မြန်မာပြည်က အကယ်ဒမီတွေလား။ ထည့်မပြောတော့ပါဘူး။ ပရိတ်သတ် ကြီးအားလုံး သဘောပေါက်ပြီးသားပါခင်ဗျား။

လူငယ်ကိုကျော်လို့ လူရွယ်ဘ၀ကိုရောက်လာတော့ ငြိမ်းချမ်းရေး နိုဘလ်ဆုဆိုတာကြားလာရတယ်။ သိလာရ တယ်။ ဆုရှင်ကို လည်းမြင်လာရတယ်။ ဒီဆုကိုလည်း စိတ်ဝင်စားလာခဲ့တယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဆုလို့ဆို ကြသကိုး။ လေးစားလောက်တဲ့ဆုအဖြစ် အထင်ကြီးလာခဲ့တယ်။ အမှန်တကယ် ထိုက်တန်သူကိုရွေးချယ်ပြီးပေး အပ်တဲ့ဆုဖြစ်လို့ တန်ဘိုးထားလာခဲ့တယ်။ မပြိုင်ပဲရတဲ့ဆုဖြစ်လို့ စိတ် ၀င်တစားရှိခဲ့တယ်။ တဘက်မှာလည်း ဆုရ တဲ့သူတွေရဲ့ ဒုက္ခနဲ့ အလွယ်တကူမမြင်ရတဲ့ဆုပေးရခြင်း အကြောင်းအရင်း တချို့ ကိုလည်း သဘောပေါက်လာခဲ့ တယ်။ ဆုဆိုတာနဲ့ပါတ်သက်ပြီး စဉ်းစားစရာ အသစ်တွေဖြစ်လာခဲ့တယ်။

ဆိုပါတော့ ဒေါ်အောင်ဆန်းစုကြည်။ ငြိမ်းချမ်းရေးနိုဘလ်ဆုရှင်။ အာရှအတွက်ဂုဏ်တက်စေသူ အမျိုးသမီး။ ငြိမ်း ချမ်းရေးရဲ့  သင်္ကေတ။ နိုင်ငံတကာကပေးတဲ့ဆုတွေလည်း ရာနဲ့ချီရရှိထားသူ။ ဒီလို ဂုဏ်ပြုဆုတွေဟာ သူ့ကိုပိုပြီး ထင်ရှားကျော်ကြားလာစေသလို တဘက်မှာလည်းအတိုင်းအတာတခု အထိသူ့ကို အကာအကွယ်ဖြစ်စေခဲ့တယ်။ တော်ရုံတန်ရုံနဲ့ သူ့ကိုအနှောက်အယှက်ပေးဖို့ မလွယ်တော့တဲ့သဘော သက်ရောက်စေခဲ့တယ်။ ဒါတောင် ဒီပဲရင်းခရီးမှာ ကံကောင်းလို့ အသက်မသေဖြစ် ခဲ့ရသေးတယ်။

ငြိမ်းချမ်းရေးနိုဘလ်ဆုဟာ ကမ္ဘာနဲ့ဆိုင်တဲ့ဆု။ ပြည်သူအများနဲ့ဆိုင်တဲ့ဆုဖြစ်လို့ ဒီဆုရှင်ကိုထိခိုက် ရင် ကမ္ဘာကို လည်းထိခိုက်တဲ့သဘော၊ ပြည်သူအများကို ထိခိုက်တဲ့သဘာဖြစ်လာတယ်။ တဘက်မှာလည်း ဒီလိုအကာအ ကွယ်တွေကြောင့်ပဲ သူ့ရဲ့ ရန်ဘက်တွေကပိုပြီး မျက်မုန်းကျိုးလာတယ်။ အညိုးအတေး ပိုများလာတယ်။ ငြိမ်းချမ်း ရေးအတွက်ပေးတဲ့ဆုဆိုတော့လည်း အဓိပ္ပါယ်အရကို အကန့် အသတ်ရှိနေတယ်။

ကြမ်းတမ်းရက်စက်တဲ့အာဏာရှင်တွေကို ဘာလက်နက်မှမပါပဲ အံတုနေကြတဲ့ လူစွမ်းကောင်းတွေ ကျွန်တော် တို့တိုင်းပြည်မှာလည်းတော်တော်များပါတယ်။ ဒီလူတွေအတွက် အကာအကွယ်ပေးလိုတဲ့သဘောနဲ့ပါ ဆုတွေ ပေးလာတာတွေ မြင်ရ၊ ကြားရ၊ ကြုံလာရပါတယ်။ အာဏာရှင်သက်တမ်း ကြာလာတာနဲ့အမျှ တဘက်မှာလည်း လူ့အခွင့်အရေးဆုရှင်တွေ၊ ဇွဲသတ္တိ ကြီးမားသူဆုရှင်တွေ။ စွန့်စားသူဆုရှင်တွေ မြန်မာပြည်မှာတဖြေးဖြေး များ လာနေပါတယ်။ ဆုဖန်တီးပေးရေးဆိုတဲ့အင်အားစု တွေလည်းရှိလာနေပါတယ်။ စွန့်စားသူတွေအတွက် ဂုဏ်ပြု တဲ့ဆု ဆိုတာရှိသင့်ရှိထိုက်တဲ့ အရာပါ။ ကျွန်တော်သိတဲ့လူတချို့ ထဲမှာ အခုဆုရသူတွေထက် ပေးဆပ်ခဲ့ရတာ တွေ၊ စွန့်စားခဲ့ရတာတွေ၊ တဦးထဲတင်မက မိသားစုလိုက်ပါ ဇာတ်နာခဲ့ရတာတွေရှိနေတယ်ဆိုတာသိထားတော့ လည်း၊ တချို့ ဆု ပေး၊ ဆုယူလုပ်နေကြတာတွေကို နားလည်ပေးနိုင်ဖို့ ခက်လာရပါတယ်။

ဆုဆိုတာ တော်တိုင်းလည်းရတာမဟုတ်ဘူး။ ထိုက်မှရတတ်တယ်ဆိုတဲ့စကား ငယ်ငယ်ကကြားဖူး ပေမယ့် သဘောမပေါက်ခဲ့ပါ။ အခုတော့ နည်းနည်းသဘောပေါက်သလိုရှိလာပါပြီ။ ပေးတဲ့သူနဲ့ ရတဲ့သူ အကြောင်း ဆုံ ဖို့ကလည်းလိုသေးသကိုးလို့။ အမှန်တကယ် ဆုနဲ့ထိုက်တန်သူများ ဆုတွေလာဘ်တွေရကြပါစေလို့ပဲ လူမသိသူ မသိ ကျွန်တော့ရဲ့ ဘလောဂ်ကလေးကနေ တောင်းဆုချွေလိုက်ရပါတယ်ဗျား။ ဆုဆိုတာ တောင်းတိုင်းမရဘူး ဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြုတယ်ဆိုတာက ဆုတောင်းခြင်းတမျိုးပဲမဟုတ်လား။ တောင်းတဲ့ဆုနဲ့ ပြည့်ပါစေပေါ့ခင်ဗျာ။

Saturday, February 7, 2009

သမိုင်းကျပ်ခြင်း








သိပ်အေးတဲနေ့။ ရေခဲမှတ်အောက်ရောက်အောင် အေးတဲ့နေ့ ။ အပြင်ထွက်ရင် မချောင်ဘူးဆိုတာကိုအားလုံးက သဘောပေါက်ပါတယ်။ ဒီလိုအေးလိမ့်မယ်ဆိုတာလည်း အားလုံးက ကြိုသိထားပါတယ်။ ဒါပေမယ့်လည်း ဒီနေ့တော့ ဘယ်လောက်ပဲအေးအေး။ ဘယ်လောက်ပဲ ချမ်းချမ်း။ အေးလို့မက ရေတွေပဲ ခဲခဲ။ နှင်းတွေပဲ ဖုံးဖုံး။ အပြင်ကိုတော့ ထွက်မှဖြစ်မယ်ဆိုတဲနေ့ပါ။ ဒီနေ့ကိုစောင့်နေခဲ့ရတာ နှစ်ပေါင်းများစွာ။ ရာသီပေါင်း များစွာ။ ဘ၀ပေါင်း များစွာ။ အိပ်မက်ပေါင်းများစွာ။ အသက်ပေါင်းများစွာ။ ဒီလိုနဲ့ ။ အဲဒီနေ့ဟာ အေးစက်တဲ့ရာသီနဲ့အတူ မြို့ တော်လေးဆီကို တကယ်ပဲရောက်လာခဲ့ပါတယ်။


မြို့ တော်လေးအကြောင်း

ကြိုတင်ခန့်မှန်းချက်တွေအရ လူနှစ်သန်းလောက် ဒီမြို့ လေးကိုရောက်လာနိုင်တယ်။ အသွား အလာ အနေ အထိုင် အကုန်ကျပ်သွားနိုင်တယ်လို့ သတးင်းမီဒီယာတွေမှာပြောနေပါတယ်။ ၀ါရှင်တန်ဒီစီဟာ တိုင်းပြည်ရဲ့ မြို့  တော်သာဆိုတယ်။ ၆၈မိုင်ပါတ်လည်ပဲရှိတဲ့ မြို့ ငယ်လေးတမြို့ ပါ။ လူဦးရေ ငါးသိန်း ကျော်ပဲရှိတဲ့မြို့ ပါ။ အဲဒီမြို့  လေးကို လူနှစ်သန်းလောက်ရောက်လာ မယ်ဆိုတဲ့ကိစ္စက ပေါသေ့းသေး မဟုတ်ပါဘူး။ ပြူးတူးပြဲတဲ ကိစ္စပါ။ ဒါပေမယ့်လည်း မြို့ တော် လုံခြုံရေးပုဂ္ဂိုလ်တွေအတွက်ပဲ ပြူးတူး ပြဲတဲဖြစ်ကြတာပါ။ မြို့ နေလူထုကတော့ ပျော်မဆုံး၊ မော်မဆုံးဖြစ်နေကြတာ နှစ်လလောက်ရှိနေပါပြီ။

ဒီမိုကရက်ပါတီက အထက်လွှတ်တော်အမတ် ဘားရက်အိုဘားမား အကြိတ်အနယ်ပြိုင်ပြီး အနိုင်ရ ခဲ့ပြီဆိုကတည်းက မအိပ်နိုင်မစားနိုင်ဖြစ်နေတဲ့ မြို့ တော်လေးပါ။ မနေနိုင်၊ မထိုင်နိုင်ဖြစ်နေရှာတဲ့မြို့  တော်ကလေးပါ။ ထူးဆန်းတာက ဒီမြို့ တောေ်လးမှာ နေထိုင်သူတွေက သမ္မတရွေး ကောက်ပွဲမှာ မဲကို အပြည့်အ၀ပေးပိုင်ခွင့်မရှိပါဘူး။ အကြောင်းကတော့ သူကပြည်နယ် မဟုတ်လို့ပါပဲ။ ခရိုင်အဆင့်ပဲရှိပါတယ်။ လွှတ်တော်ထဲမှာ ပြည်နယ်ကိုယ်စားလှယ်အနေနဲ့ ၀ါရှင်တန်ဒီစီအတွက် မဲပေးမယ့်သူမရှိပါဘူး။ ပြောရေးဆိုခွင့်ရှိသူတော့ ထားပါတယ်။ ဆုံးဖြတ်ချက်ကို မဲထည့်ပြီးချတဲ့တိုင်းပြည်မှာ မဲပေးခွင့် မရှိတာဟာ ဆုံးရှုံးမှုတခုပေါ့။ အဲဒီအတွက်လည်း မြို့ နေလူထုက မတရားဘူးဆိုပြီး အခုထိမကျေမနပ် ဖြစ်နေကြတုံး၊ အငြင်းအခုန်လုပ်နေကြရတုံးပါ။ ဒီမြို့ က လူမဲဦးရေများတဲ့မြို့ ။ ဒီမိုကရက်ပါတီကို အများစုထောက်ခံတဲ့မြို့ ။

မြို့ တော်လေး ဒီစီမှာ အမျိုးသားရင်ပြင်ကျယ်တခုရှိတယ်။ လွှတ်တော်အဆောက်အဦးကနေ သမ္မတ လင်ကွန်း အဆောက်အဦးအထိ ခြောက်မိုင်လောက်ရှည်တဲ့ ကွင်းပြင်ရှည်တခုပေါ့။ ဘေးပါတ်ပါတ်လည် မှာတော့ အလကားကြည့်လို့ရတဲ့ ပြတိုက်တွေရှိတယ်။ အလကားဆိုပေတဲ့ အကောင်းစားတွေပါ။ ရင်ပြင်ရဲ့  အလယ်လောက်မှာ တော်တော်မြင့်တဲကျော့က်တိုင်ကြီးတခု။ ခေါင်းပေါင်းကျွတ်မတတ်မြင့်တာပါ။ စစ်သည်တွေအတွက်အထိမ်းအမှတ်နေရာတွေနဲ့ အားလပ်ရက်တွေမှာဖျော်ဖြေမှုတွေနဲ့ တချက်တချက် စည်းကားနေတတ်တဲ့မြို့ တော်လေးပါ။

အိပ်မက်တွေ အတောင်ပေါက်တဲ့နေ့

၂၀၀၉ခု ။ ဇန်န၀ါရီ ၂၀။ ဒီနေ့ဟာ အမေရီကန်ပြည်ေထာင်စုရဲ့ သမိုင်းမှာ ပထမဆုံးလူမဲ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ဖြစ်လို့ အမေရီကန်တွေအတွက် သိပ်ကိုအရေးကြီးတဲနေ့ပါ။ အထူးသဖြင့် လူမဲအမေရီကန် တွေအတွက်ပေါ့။ သူတို့ဟာ ဒီနေရာအထိရောက်အောင် ခရီးအရှည်ကြီးလျှောက်ခဲ့ကြရတယ်။ ဒီအချိန်ထိ ရောက်အောင် နှစ်တွေအကြာကြီးစောင့်ခဲ့ကြရတယ်။ ဒီလိုနေ့ကို နွှဲဖို့ မက်ခဲ့ရတဲ့အိပ်မက်က ရှည်လွန်းလှတယ်။ အရင်းအနှီးက များလွန်းလှတယ်။ ကြမ်းတမ်းတဲ့လမ်းခရီးတလျှောက်မှာ ထုံးစံအတိုင်း ပေးဆပ်မှုတွေအပြည့် နဲ့ပေါ့။ အခုတော့ အိပ်မက်က တကယ်ဖြစ်လာပြီ။ အေးစက်မှုက ရေခဲအမှတ်အောက် ရောက်နေတယ်ဆိုတဲ့ မိုးလေ၀သ သတိပေးချက်တွေကိုနားထောင်ရတာကိုက ပျော်စရာလို့ ထင်ခဲ့ကြတယ်။ အမှတ်တရဖြစ်စရာလို့ ထင်ခဲ့ကြတယ်။

တကယ်လည်း အေးစက်နတဲ့ နေ့ဖြစ်ခဲ့ပါတယ်။ လူတွေလည်း ခန့်မှန်းထားသလို နှစ်သန်းနီးပါး ရောက်လာ ခဲ့ကြပါတယ်။ ဘာကြောင့်လာကြသလဲဆိုတော့ သမိုင်းထဲမှာကိုယ်တိုင်ပါချင်လို့တဲ့။ အရေးကြီးတဲ့သမိုင်းဖြစ် ရပ်တခုကို ကိုယ်တိုင်ပါဝင် ရေးသားချင်လို့တဲ့။ သမိုင်းဖြစ်ရပ်တခုရဲ့  မျက်မြင်သက်သေဖြစ်ချင်လို့တဲ့။ မိုးမလင်းခင်ကတည်းက မြို့ တော်ကလေး လှုပ်ရွတက်ကြွနေခဲ့တာပါ။ သမ္မတကိုပဲလုပ်ကြံမလား။ လူတွေ များလို့ ပိပြီးသေကြမလား။ သိပ်အေးလွန်းလို့ ဖျားနာအေးခဲ့ကုန် ကြမလား။ ပြဿနာတွေနဲ့ ဆေးရုံတွေနဲ့ ဆန့်နိုင်ပါ့မလား။ လူဖြူလူမဲ ပြဿနာထ တက်မလား။ ဆန္ဒပြပွဲတွေဖြစ်လေမလားဆိုတဲ့ စိုးရိမ်စရာတွေ အမျိုးမျိုးနဲ့ လုံခြုံရေးတွေကို အံ့သြရလောက်ေအာင်ချထားခဲပေ့မယ့်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်စွာ အဆုံးသတ်ခဲ့တဲ့နေ့ပါ။ မြို့ တောေ်လးရဲ့  အမျိုးသားရင်ပြင်ဟာ လူတွေနဲ့လုပ်ထားတဲ့ကွင်းပြင်တခုလို ဖြစ်ခဲ့ပါတယ်။ သမိုင်းထဲကိုတိုးဝှေ့ ကြသူတွေနဲ့အေးစက်နေတဲ့ရင်ပြင်ဟာ ပြည့်ကျပ်ပျော်ရွှင်ပြီး ပူနွေး ခဲ့ရပါတယ်။ အဲဒီနေ့မှာ လူတွေအများကြီး ငိုကြပါတယ်။ ၀မ်းသာလို့လည်းငိုကြတယ်။ ၀မ်းနည်းလို့လည်း ငိုကြတယ်။

မိတ်ဆွေများ ခင်ဗျား။ သမိုင်းထဲကို တိုးဝှေ့ ခဲ့ကြဖူးပါသလား။ ဒါမှမဟုတ်။ နောင်လာနောက်သားတွေ သမိုင်းထဲကို အခုလိုပျော်ပျော်ရွှင်ရွှင်တိုးဝှေ့ နိုင်ဖို့ တခုခုလုပ်ခဲ့ဖူးပါသလား။ ဒါမှမဟုတ်။ ကိုယ်တိုင်တိုးဝှေ့  နိုင်ဖို့အတွက် ဘာတွေများလုပ်ဆောင်နေပါသလဲ။ ပျော်ပျော်ပါးပါး တိုးဝှေ့ ပြီး သမိုင်းရဲ့ မျက်မြင်သက်သေ တွေလုပ်ကြဖို့ အစီအစဉ်ရှိရင် ကျွန်တော့်ကိုလည်း လက်တို့ကြပါဦး ခင်ဗျား။ ဒါမှမဟုတ် လက်ခေါက်မှုတ်ပြီး အချက်ပေးလိုက်ပါခင်ဗျား။ ကျန်းမာကြပါစေ။