Sunday, January 31, 2010
ပဲနီလေးဟင်းချို
ချက်ပြုတ်ခြင်းဟာ အနုပညာ
ဟင်းမကောင်းရင် အနုပညာမမြောက်
ဟင်းချက်ကောင်းသူသာ အနုပညာရှင်
ပဲနီလေးဟင်းချို
ငါသိပ်ကြိုက်
လူမျိုးစုံအောင် ချက်ကြွေးဖူး
အားလုံးကလည်း ကြိုက်
လွယ်လွယ်ချက်
မြန်မြန်ကျက်
နည်းတပါတည်း ပေးလိုက်မယ်
(တကယ်တော့
လူတိုင်းနည်းပါး သိပြီးသား
ဟား…ဟား..)
လာပြီ…
"တယောက်စာ အတွက်"
ပဲနီလေး လက်တဆုပ်
အမှိုက်ဖယ်
ရေဆေး
ခွက်တခုထဲ စိမ်ထားလိုက်
ကြက်သွန်နီ
(တင်းနစ်ဘောလုံး တ၀က်စာ)
ပါးပါးလှီး
ကြက်သွန်ဖြူ
(လောက်စာလုံး တလုံးစာ)
ဓါးပြားရိုက်
နုတ်နုတ်စင်း
ဆီ
ထမင်းစားဇွန်း ၂ဇွန်း
အိုးထဲထည့်
ပူလာရင်
နနွင်းမှုန့်ထည့်
(နားဖါကလော် ၂ခုစာ)
ငြုပ်သီးခြောက်
(တတောင့်)
ထည့်ကြော်
ပြီးရင် ဖယ်ထားလိုက် ။
ကြက်သွန်တွေနဲ့ ဆီကို သတ်
သေပြီဆိုရင်
ပဲတွေထည့်
မွှေပစ်
ဖယ်ထားတဲ့ ငြုတ်သီးကြော်
ပြန်ထည့်
ရေထည့်
ဆားထည့်
ဆူအောင်ထား
မြည်းကြည့်
ပဲကိုနူးအောင်ပြုတ်
"ဟဲ့"
(ဝေကျမယ် သတိထား)
ပြီးရင် ပြီးသွားပြီ ။
(အပိုစကား)
ဒီဟင်းက ကုလားဟင်း
ဘာလချောင်ကြော်နဲ့ စားလို့ကောင်း
ဘာလချောင်က မလေးရှား
မြိန်ရာဟင်းကောင်းဝါဒီများ
လူမျိုးစွဲကို လျှော့
ဒီဟင်းက
အသားဆီပြန်ဟင်းနဲ့လည်း စားလို့ကောင်း
နေမကောင်းသူအတွက် အားလည်းရှိ
များများစားရင် အီးပေါက်တယ်
ပျော်ချင်သူတွေ များများစား ။
(ဓါတ်ပုံ ၊ ဂူဂလ်)
Tuesday, January 26, 2010
စစ်သီချင်း
"တစ်...နေရာယူ"
"နှစ်....အဆင်သင့်"
"သုံး"...
"ဒိုင်းညောင့်"..."ဒိုင်းညောင့်"
"မင်း..သေသွားပြီ ဟိတ်ကောင်"
နေ့တိုင်းဖြစ်တဲ့ စစ်ပွဲများ
အကြိမ်ကြိမ်သေ
အကြိမ်ကြိမ်နိုင်
အကြိမ်ကြိမ်ပျော်
စစ်ချီတေးတွေ အော်ဆိုရင်း
ကြက်သီးတွေ ထ
မမောနိုင် မပမ်းနိုင်
စစ်သွေးကြွ
ငါချစ်ရတဲ့ စစ်ပွဲများ..။
ရပ်ကွက်ထဲ...
လမ်းကြားထဲ...
အိမ်အောက်ထဲ...
ကျောင်းဝင်းထဲ...
ချောင်းထဲ...
မြောင်းထဲ...
တကိုယ်လုံးပေ
တကိုယ်လုံးရွှဲ
ကွဲ..ပြဲ
ငါ့ရဲ့  ပျော်စရာ
ရွှေရောင်စစ်ပွဲများ..။
ဘုရားပွဲဈေးက ၀ယ်တဲ့သေနပ်
ကျိုက်ထီးရိုးပြန် စက်သေနပ်
အဖေခုတ်ပေးတဲ့ ပျဉ်ပြားသေနပ်
သင်္ကြန်တွင်းသုံး လက်ပစ်ဗုံး
ခလုပ်ဆွဲရင်
ဖေါင်းကနဲမြည်တဲ့ ဖေါ့သေနပ်
ရေပြွတ်သေနပ်
ပဲလုံးထွက်တဲ့ သေနပ်
ဗျောက်အိုးသေနပ်
လက်နက်ခဲယမ်း အစုံအလင်
စစ်မက်အင်္ဂါ အစုံအလင်
တိုက်ဖေါ်တိုက်ဖက် အစုံအလင်
ဗျူဟာတွေဆင်
ဟစ်အော် တိုက်ခိုက်
ငါပျော်ပိုက်တဲ့ စစ်ပွဲများ..။
ရုပ်ရှင်ဆို
စစ်ကားကို အသေကြိုက်
ညအိပ်ရင် ယောင်
တဒိုင်းဒိုင်းအော်
အိပ်မက်ထဲထိတောင် စွဲ
တိုက်ခဲ့ရတဲ့ စစ်ပွဲများ။
အသက်ကလေး
မစို့မပို့ ရလာတော့
စာလေး ပေလေး
မတောက်တခေါက် ဖတ်လာတော့
တိုက်ပွဲပျော် ငါ
စစ်ကို မုန်းပါသတဲ့။
ငြိမ်းချမ်းရေးအတွက်တဲ့
တခါက..
ကဗျာတွေရေးတယ်
ဆံပင်ရှည်ထားတယ်
ကောင်းကင်ကို မကြာခဏကြည့်တယ်
မေးစေ့ကို မကြာခဏပွတ်တယ်
မျက်မှောင်ကို မကြာခဏကုတ်တယ်
အရက်သောက်ပြီး ပေါက်ကွဲတယ်
ကွန်မြူနစ်လည်း ဖြစ်ချင်ခဲ့သေးတယ်။
တခါက...
ကျောင်းသားတွေ တောခိုကြတော့
စစ်ကိုမယုံတဲ့ ငါ
ပါမသွားခဲ့ဘူး။
( ဖြစ်ချင်တော့
သူတို့လည်း စစ်ပွဲတွေ မနွှဲနိုင်ကြရှာပါဘူး။ )
ငါ့အဘိုးက
ဖက်ဆစ်တော်လှန်ရေးသမား
မိဘဆွေမျိုးတွေကလည်း စစ်ထဲမှာ
သူငယ်ချင်းမိတ်ဆွေတွေလည်း စစ်ထဲမှာ
မြန်မာ့တပ်မတော်ကိုတိုက်မယ့် သူငယ်ချင်းတွေကလည်း
ကျောင်းသားတပ်မတော်ထဲမှာ
တိုင်းပြည်ကလည်း စစ်ထဲမှာ
အာဏာကလည်း စစ်ထဲမှာ
အစိုးရကလည်း စစ်တပ်
စစ်တပ်ကလည်း အစိုးရ
ပြည်တွင်းစစ်တိုင်းပြည်မှာ နေရတဲ့ ငါ
စစ်စော်နံလွန်းတဲ့ ငါ
စစ်ချေးထူလွန်းတဲ့ ငါ
စစ်ဆန့်ကျင်ရေးသမား ငါ
သိပ်ကြိုက်တဲ့ စစ်သီချင်းတွေကို
မေ့ထားလိုက်တဲ့ ငါ..။
အခု ကြည့်ပါဦး
ကလေးတွေနဲ့
တီဗွီဂိမ်းဆော့တဲ့အခါ
စစ်ပွဲတွေနဲ့ ပျော်လို့..။
(ငါ့ကိုယ်ငါ မယုံမကြည်ဖြစ်ရ)
ငယ်စဉ်က
ချိုမြိန်တဲ့စစ်ပွဲများ
ပျော်စရာကောင်းလေစွ။
(ဓါတ်ပုံ၊ ဂူဂလ်)
Friday, January 15, 2010
အရေးမကြီးကြောင်း သတိပေးချက်
ဘုရားသ္ခင်ဆိုသူ မရှိတော့ပါ
မရှိတာ...ကြာပေါ့
ဒါပေမဲ့
ရှိနေတယ်လို့ မှတ် ။
တခုခုဖြစ်ရင်
သူ့ကို တ
ကျေနပ်လောက်အောင် တ ။
မကျေနပ်တဲ့အခါ
သူ့ကို တိုင်
စိတ်ချလက်ချ တိုင် ။
အန္တရာယ်ကင်းအောင်
သူ့ကို ဆောင်
ကာကွယ်မယ်လို့ ယုံ
တကယ် ယုံ ။
အရက်မူးလို့ ရူးတဲ့အခါ
လိင်ဆက်ဆံလို့ ပျော်တဲ့အခါ
မရိုးမသားလုပ်လို့
မလုံမလဲဖြစ်တဲ့အခါ
သူတပါးကို သေအောင်သတ်တဲ့အခါ
ကိုယ်တိုင် သေကြောင်းကြံတဲ့အခါ
ဘုရားသ္ခင်ကို မေ့တဲ့အခါ
ဖြစ်လာသမျှ ကံကြမ္မာ
ဘုရားသ္ခင် ဘာမှမတတ်နိုင်ပါ။
အားနည်းသူကို ကူညီ
စိတ်ကောင်းရှိအောင် ကျင့်ကြံ
အလွန်အကျွံတွေ သတိထား
သူတော်ကောင်းများ
မတရားသဖြင့် ခံနေရတဲ့အခါ
( ဘုရားသ္ခင်ဆိုသူ
မကယ်တင်လေသောအခါ )
ငါတို့လည်း ဘာမှမတတ်နိုင်ပါ။
(ဓါတ်ပုံ ၊ ကိုယ်တိုင်ရိုက် )
Thursday, January 14, 2010
ဟေတီ
ညနေခင်း
အမှတ်မထင်
သိမ့်ကနဲ
ငြိမ့်ခနဲ
တကျွန်းလုံးတုန် ။
အပြိုပြိုအလဲလဲ
ဝုန်းဒိုင်းကျဲ
ကမ္ဘာပျက်သံ
ကျွန်းလုံးညံ ။
မြို့ တော် ကောင်းကင်
မြူတွေဆိုင်းသလို လှပ
ဖုန်မှုန့်တွေ...
ဖုန်မှုန့်တွေ....
နောက်ဆုံး ထွက်သက်တွေ
မြို့ ကောင်းကင်မှာ
ကပ်လို့
တွယ်လို့ ။
ဟေတီ
ကမ္ဘာက မေ့ထားလို့
သတိထားမိအောင်
ဒုက္ခရောက်ပြလိုက်တာလား။
ဟေတီ
နင့်အကြောင်း
အများသိအောင် ငါပြောခဲ့ရ
နင့်ဒုက္ခအကြောင်း
ကွက်ကွက်ကွင်းကွင်း ငါပြောခဲ့ရ။
တိုက်ပြိုအောက်ထဲ ပိနေသူလို
ငါ အသက်ရှုကျပ်ခဲ့ရ။
ငရဲပြည်ကို မြင်လိုက်ရသူလို
ငါ အထိတ်တလန့်ဖြစ်ခဲ့ရ။
ဘာအပြစ်မှ မရှိသူ
ဟေတီ
နင့်အတွက်လာတဲ့ ဒုက္ခတရား
ကြီးမားရက်စက်လွန်းလှတယ်။
(ဓါတ်ပုံ၊ AP)
Saturday, January 2, 2010
အေးတဲ့တေး
ခေတ်ကိုက
သားတကွဲ မယားတကွဲခေတ် ။
ကိုယ့်မယားက လင်ငယ်ထား
ကိုယ့်လင်က မယားငယ်ယူတဲ့ခေတ်။
ဂလိုဘလ်လိုက်ဇေးရှင်းထဲ
မိသားတစုလုံး
ဒလိမ့်ခေါက်ကွေးကျ
နိုင်ငံစွန့်ခွါ ထွက်ပြေးရတဲ့ခေတ် ။
ညီအကို မသိတသိခေတ်
အဖေအမေ မသိတသိခေတ် ။
နိုင်ငံတကာရောက်မိသားစုခေတ် ဆိုတော့
တယ်လီဖုန်းကဒ်နဲ့
ချစ်၊ ကွဲ၊ လွမ်း
အီးမေးလ်ကိုမျှော်
ဂျီတော့ခ်နဲ့ ချော့ရတဲ့ခေတ်။
မိသားစုဘ၀ကို
အွန်လိုင်းမှာ ထူထောင်ရတဲ့ခေတ်။
ဒို့တွေဟာ
အွန်လိုင်းမှာပဲ
ချစ်၊ မျှော်၊ လွမ်း
ညား၊ မျှော်၊ လွမ်း
ညား၊ ကွဲ၊ လွမ်း
လွမ်း၊ မျှော်၊ လွမ်း။
ဒို့မိသားစုတွေက
သူများတွေလို
ခရစ္စမတ်ရောက်လည်း မဆုံနိုင်
နှစ်သစ်ကူးလည်း မဆုံနိုင်
သင်္ကြန်ကျလည်း မဆုံနိုင်
အမေသေလည်း မဆုံနိုင်
အဖေသေလည်း မဆုံနိုင်
ငါကိုယ်တိုင်
နိုင်ငံခြားမှာသေရမယ့်ခေတ်။
မဆုံနိုင်လွန်းတဲ့ဒီခေတ်ထဲ
လွဲတာတွေနဲ့ပဲ အသားကျ
ဘ၀ဆိုတာက
“လွဲမှားခြင်း” လို့အဓိပ္ဗါယ်ရတယ်။
ဒီခေတ်က သင်ပေးလိုက်တယ်
အစိုးရကို မဆန့်ကျင်နဲ့တဲ့
လူတယောက် ထောင်ကျရင်
တဆွေမျိုးလုံး ဒုက္ခရောက်သတဲ့။
ဒီခေတ်က သင်ပေးတယ်
ရိုးသားရင်တော့ ငတ်မှာပဲ
ငတ်နေမှတော့ ရှက်မနေနဲ့
သူများကိုနင်းမှ ကိုယ်အပေါ်ရောက်သတဲ့။
ခေတ်က သင်ပေးတယ်
စစ်ထဲဝင်ရင်ဝင်
မ၀င်ရင် ဘုန်းကြီးဝတ်
အိမ်ဖေါ်ခြင်းအတူတူ
နိုင်ငံခြားအိမ်ဖေါ်က ဂုဏ်ပိုရှိသတဲ့။
ဒီခေတ်ကပဲ သင်ပေးလိုက်တယ်
ပြေးသာပြေး
နိုင်ငံတကာကို ရောက်အောင်ပြေး
ကိုယ့်မြေကိုယ့်ရေ စွန့်ခွါပြေး
ပြေးလေ… ဝေးလေ… အေးလေပဲတဲ့။
ဒို့ခေတ်က
အေးတဲ့ခေတ်ပေါ့။
(ဓါတ်ပုံ၊ ဂူဂလ်)
Subscribe to:
Posts (Atom)