Tuesday, November 6, 2012

ရွှေပန်းကန်















ဒီကနေ့မြန်မာ့နိုင်ငံရေးလောကမှာ စိုးရိမ်တကြီးဖြစ်နေကြတာက နောက်တကြိမ်
စစ်အာဏာပြန်သိမ်းမယ့်ကိစ္စပဲ။ အဲဒါကြောင့်လည်း လက်ရှိအစိုးရကို အားလုံးက
အလိုလိုက်ပြီး ဆက်ဆံနေကြတယ်။ သူပြောတာကို မဆန့်ကျင်ရဲဘူး။ သူခေါ်ရာ
နောက်ကို ခပ်ညိမ်ညိမ်လေး လိုက်နေကြတယ်။ အတိုက်အခံတွေကရော၊ ကုလ
သမဂ္ဂနဲ့နိုင်ငံတကာကရော ဗိုလ်သိန်းစိန်အစိုးရကို ခပ်ဖွဖွလေး ဆက်ဆံနေကြ
တယ်။ ညင်ညင်သာသာနဲ့လုပ်မှဖြစ်မယ်၊ မြန်မာ့အရေးက အခုအချိန်မှာ သိပ်ပြီး သိမ်မွေ့နုညံ့တယ်လို့လည်း တဖွဖွပြောဆိုနေကြတယ်။ ဒီလိုလုပ်နေကြတာက
တိုင်းပြည်အတွက် ဒီထက်ကောင်းတဲ့နည်းလမ်း မရှိတော့လို့လား။

အထိမခံ ရွှေပန်းကန် ဗိုလ်သိန်းစိန်အစိုးရက နောက်ကြောင်းပြန်မလှည့်ဘူးလို့
ဆိုထားပေမဲ့လည်း အားလုံးက နောက်ကြောင်းပြန်လှည့်မှာကိုပဲ စိုးရိမ်နေကြတယ်။
အခြေအနေတွေကအခုထိ စိတ်မချရသေးဘူးလို့ပြောနေကြတယ်။ ဖြစ်ပျက်နေတဲ့
အခြေအနေတွေကို မယုံတာလား။ ဗိုလ်သိန်းစိန်အစိုးရကို မယုံတာလား။ နှစ်ခုလုံး
ပဲလား။

ကချင်ကိစ္စ။ ရခိုင်ကိစ္စ။ လယ်သိမ်းယာသိမ်းကိစ္စတွေက မြင်လို့မကောင်းဘူး၊ ကြား
လို့မကောင်းဘူးဆိုပေမဲ့ ပြောသင့်ပြောထိုက်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက
ထိထိရောက်ရောက် မပြောကြဘူး။ ပြဿနာပြေလည်ရေးအတွက်လည်း တာဝန်
သိသိ လုပ်ကိုင်ဖြေရှင်းတာတွေ မရှိကြဘူး။ ပြည်သူတွေငြိုငြင်မှာထက် အစိုးရရဲ့
အငြိုအငြင်ကို ပိုစိုးရိမ်လို့လား။

ဗိုလ်သိန်းစိန်အုပ်စုလုပ်သမျှ ဘာမှမဝေဖန်ပဲ လွှတ်ပေးထားတာက သူတို့လုပ် 
သမျှထောက်ခံတဲ့သဘော သက်ရောက်နေတယ်။ စစ်အစိုးရအုပ်ချုပ်တာထက် 
ပိုကောင်းနေတာကို သွားဝေဖန်ရင် မိုက်ရာကျလေမပေါ့လို့ဆိုကြတယ်။ အစိုးရ
ရဲ့ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဟန့်တားသလို မဖြစ်စေနဲ့လို့လည်း
သတိပေးကြတယ်။ ဆိုးရာကနေ ကောင်းလာတဲ့သူတွေကို ပိုကောင်းအောင်
အားပေးရမယ်။ ထောက်ခံရမယ်။ ဒါဟာ တိုင်းပြည်မှာကြုံနေတဲ့နိုင်ငံရေးအကျပ်
အတည်းကနေ အငြိမ်းချမ်းဆုံးထွက်နိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းတခုဖြစ်တယ်
လို့လည်း ဆိုကြပြန်တယ်။ စစ်ဗိုလ်လူထွက်အစိုးရကို ဘယ်လောက်အထိ အလို
လိုက်ကြမှာလဲ။ နောက်ထပ် အချိန်ဘယ်လောက်ယူကြဦးမလဲ။ ၂၀၁၃တော့
ရောက်လာပြီ။

တဘက်မှာကလည်း လာမယ့်၂၀၁၅အိပ်မက်က ကိုယ်စီကိုယ်စီ ရှိနေကြပြန်တယ်။
၂၀၁၅ရွေးကောက်ပွဲအတွက် အစိုးရမှာလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပါပဲ။ ကြံ့
ဖွတ်လည်း ကြံ့ဖွတ်အလျှောက်။ NLDလည်း NLDအလျှောက်။ တိုင်းရင်းသားက
လည်း တိုင်းရင်းသားအလျှောက်။ မျှော်လင့်ချက်တွေ၊ တွက်ကိန်းတွေနဲ့။ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာ မဲလိမ်ပြီးတက်လာတဲ့ စစ်အုပ်စုအစိုးရက ၂၀၁၅ရွေးကောက်ပွဲကို
တကယ်ပဲ လွတ်လပ်မျှတအောင်လုပ်ပါ့မလား။

စစ်အစိုးရလက်ထက်တုန်းကလည်း စစ်ခေါင်းဆောင်တွေကို ဘယ်သူကမှ မထိ
ရဲ မတို့ရဲ။ မထိနိုင် မတို့နိုင်။ စစ်ဗိုလ်လူထွက် ဗိုလ်သိန်းစိန်အစိုးရကိုလည်း ဘယ်
သူကမှ မထိရဲ မတို့ရဲ။ အထိမခံ ရွှေပန်းကန်နိုင်ငံရေးဇတ်လမ်းမှာ ထိတိုင်း ခံနေရ
တာကတော့ ထုံးစံအတိုင်း ပြည်သူတွေပါပဲ။ ဖွင့်ဖြိုးတိုးတက်ရေး။ ပြုပြင်ပြောင်းလဲ
ရေး။ ပွင့်လင်းမြင်သာရေး။ လွတ်လပ်ပွင့်လင်းရေး။ ဒီမိုကရေစီရေး။ တန်းတူရေး။
စတဲ့ ကြွေးကြော်သံတွေ၊ ခေါင်းစဉ်တွေအောက်မှာ မြန်မာပြည်သူအများစုကတော့
အရင်ကအတိုင်း မျက်ကလူးဆန်ပျာ။

“မတန်ရင် ပန်းကန်ခွဲ”လို့ ရေးထားတဲ့ထမင်းဆိုင်တခုမှာ စားဖူးတယ်။ အ၀စား
ငါးကျပ်ခေတ်ကပေါ့။ ဘယ်သူမှ ပန်းကန်ခွဲသွားတယ်လို့ မကြားမိဘူး။ တန်လို့
ဖြစ်လိမ့်မယ်။ ဒီနေ့မြန်မာ့နိုင်ငံရေးလောကမှာ အဲဒီထမင်းဆိုင်လို ကြွေးကြော်
နိုင်မယ့်သူ တယောက်မှ မမြင်မိဘူး။ အထိမခံ ရွှေပန်းကန်တွေ သိပ်များနေလို့
ဖြစ်လိမ့်မယ်။ တန်လို့တော့ မဖြစ်နိုင်ဘူး။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

a said...

ကမ်းကုန်အောင်ဆိုးညစ်တဲ့သူတွေကိုအားလုံးကချော့ပြီးဆက်ဆံနေပေမဲ့ပြည်သူအတွက်ဘာမှကောင်းမလာဘူးဆိုတာမကြာခင်သိသွားကြမှာပါ၊သိတဲ့အချိန်မှာတော်တော်စုတ်ပြတ်နေလောက်ပြီ၊အတော်အသင့်အသိဥာဏ်ရှိတဲ့ပြည်သူတွေကတော့လူ့တန်ဖိုးရှိမဲ့အပြောင်းအလဲမရှိသေးဘူးရှိလာမှာမဟုတ်ဘူးဆိုတာသိနေကြပါတယ်။အမှားတွေကိုချော့ပေါင်းရင်းနဲ့အမှန်တွေတန်ဖိုးမဲ့ကုန်ကြတာပါ။များများရေးပါဗျာ၊အမြဲစောင့်ဖတ်နေပါတယ်။