Monday, March 16, 2009

ဆုလာဘ်များ










ဆုရသူများကိုလည်း အားမကျဖူးသူပါ။ ကျောင်းသားဘ၀မှာ နာမည်အကျော်ဆုံးကတော့ လူရည် ချွန်ဆုပါတဲ့။ ကျောင်းကလူရည်ချွန်သမားတွေကို ကျွန်တော်မကြိုက်ခဲ့ပါ။ မနာလိုစိတ်ကြောင့် မ ဟုတ်။ ဒီကောင်တွေက လိုအပ်တာထက် ထောင်လွှားလွန်းလို့၊ ဆရာများအကြိုက် အလိမ္မာပိုပိုနေ လွန်းလို့။ ဒီကောင်တွေကိုကြည့်မရ တာနဲ့ပဲ ဆုကိုတောင်အထင်မကြီးနိုင်ခဲ့။ ဆုကိုမက်သူ မဟုတ်လို့ ပြောချင်တာပါ။ ဆုမမက်လို့လည်း မတိုးတက် တာထင်ပါရဲ့ ။

ရယ်စရာ အဖြစ်ပြောရရင် ငယ်ငယ်က နို့မှုန့်သောက်တဲ့အခါ။ လူရည်ချွန်တံဆိပ် နို့မှုန့်ကို သောက်ခဲ့ရ ပါသတဲ့။ အသက်ကြီးလာပြီး ကျောင်းမှာမထူးချွန်ရှာတော့ မိဘများက စကြနောက်ကြပါတယ်။ လူရည်ချွန်သောက်ပြီး ကြီး လာတဲ့အကောင်၊ လူရည်ချွန်လည်းမဖြစ်ပါလားဆိုပြီး မကြာခဏရယ်ဖြစ် ကြပါတယ်။ ကျွန်တော့အတွက် လူရည် ချွန်ဆိုတာရယ် စရာပါ။

ကျောင်းစာမဟုတ်တဲ့ စာတွေပေတွေကောင်းကောင်းဖတ်လာတဲ့အရွယ်မှာလည်း ဂရုစိုက်မိတဲ့ဆုတွေ ရှိလာခဲ့ပါ တယ်။ အမျိုးသားစာပေဆုတဲ့။ စာပေဗိမာန်ဆုတဲ့။ အစိုးရကပေးတဲ့ ဆုတွေပေါ့။ ကိုယ် သိပ်ကြိုက်တဲ့ စာရေးဆ ရာတွေက အဲဒီဆုတွေ မရတာများတယ်။ အစိုးရက မကြိုက်သူများ စာရင်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်နေလို့ပါ။ အစိုးရက ပေးတယ်ဆိုရင်လည်း ဒီပုဂ္ဂိုလ်များက ဆုကိုတက်ယူမယ့် သူတွေမဟုတ်။ အဲဒါကြောင့် ဒီဆုတွေကိုလည်း သိပ်ပြီး စိတ်မ၀င်စားခဲ့ပါ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေကို ကပ်တဲ့ဆုတွေမှာလည်း ဒီအတိုင်းပဲတဲ့။ လူကြီးမင်းများ ကြိုက်အောင်လုပ်မှ ရတဲ့ဆုဆိုတာ မျိုးကလည်း သပ်သပ်ရှိသေးသကိုး။

အားကစားပြိုင်ပွဲတွေကြောင့်ရတဲ့ဆုတွေကြတော့ သဘောကျသဗျား။ များသောအားဖြင့်ပေါ့။ တကယ်အပြေး သန်လို့၊ တကယ်အကန်ကောင်းလို့၊ တကယ်လက်ဖြောင့်လို့ရကြတာကိုး။ ဒါတောင်မှ တားမြစ်ဆေးသောက်ပြီး ၀င်ပြိုင်လို့ နိုင်တဲ့သူ၊ ဒိုင်ကမျက်နှာသာပေးလို့ နိုင်တဲ့သူဆိုတာတွေက ရှိနေသေးတယ်။

မသိခင်တုန်းကတော့ အမေရိကန်ကပေးတဲ့ အော်စကာဆုတို့၊ ဂရမ်မီဆုတို့ကို ဘုမသိဘမသိနဲ့ သဘောကျဖူး သေးတယ်။ ဆုရတဲ့ဇာတ်ကားထက် ကောင်းတဲ့ရုပ်ရှင်တို့၊ သီချင်းတို့ကို ကြည့်ဖူး၊ နားထောင်ဖူးတော့လည်း ဒီဆု တွေကို သိပ်အထင်မကြီးတော့ပါဘူး။ မြန်မာပြည်က အကယ်ဒမီတွေလား။ ထည့်မပြောတော့ပါဘူး။ ပရိတ်သတ် ကြီးအားလုံး သဘောပေါက်ပြီးသားပါခင်ဗျား။

လူငယ်ကိုကျော်လို့ လူရွယ်ဘ၀ကိုရောက်လာတော့ ငြိမ်းချမ်းရေး နိုဘလ်ဆုဆိုတာကြားလာရတယ်။ သိလာရ တယ်။ ဆုရှင်ကို လည်းမြင်လာရတယ်။ ဒီဆုကိုလည်း စိတ်ဝင်စားလာခဲ့တယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဆုလို့ဆို ကြသကိုး။ လေးစားလောက်တဲ့ဆုအဖြစ် အထင်ကြီးလာခဲ့တယ်။ အမှန်တကယ် ထိုက်တန်သူကိုရွေးချယ်ပြီးပေး အပ်တဲ့ဆုဖြစ်လို့ တန်ဘိုးထားလာခဲ့တယ်။ မပြိုင်ပဲရတဲ့ဆုဖြစ်လို့ စိတ် ၀င်တစားရှိခဲ့တယ်။ တဘက်မှာလည်း ဆုရ တဲ့သူတွေရဲ့ ဒုက္ခနဲ့ အလွယ်တကူမမြင်ရတဲ့ဆုပေးရခြင်း အကြောင်းအရင်း တချို့ ကိုလည်း သဘောပေါက်လာခဲ့ တယ်။ ဆုဆိုတာနဲ့ပါတ်သက်ပြီး စဉ်းစားစရာ အသစ်တွေဖြစ်လာခဲ့တယ်။

ဆိုပါတော့ ဒေါ်အောင်ဆန်းစုကြည်။ ငြိမ်းချမ်းရေးနိုဘလ်ဆုရှင်။ အာရှအတွက်ဂုဏ်တက်စေသူ အမျိုးသမီး။ ငြိမ်း ချမ်းရေးရဲ့  သင်္ကေတ။ နိုင်ငံတကာကပေးတဲ့ဆုတွေလည်း ရာနဲ့ချီရရှိထားသူ။ ဒီလို ဂုဏ်ပြုဆုတွေဟာ သူ့ကိုပိုပြီး ထင်ရှားကျော်ကြားလာစေသလို တဘက်မှာလည်းအတိုင်းအတာတခု အထိသူ့ကို အကာအကွယ်ဖြစ်စေခဲ့တယ်။ တော်ရုံတန်ရုံနဲ့ သူ့ကိုအနှောက်အယှက်ပေးဖို့ မလွယ်တော့တဲ့သဘော သက်ရောက်စေခဲ့တယ်။ ဒါတောင် ဒီပဲရင်းခရီးမှာ ကံကောင်းလို့ အသက်မသေဖြစ် ခဲ့ရသေးတယ်။

ငြိမ်းချမ်းရေးနိုဘလ်ဆုဟာ ကမ္ဘာနဲ့ဆိုင်တဲ့ဆု။ ပြည်သူအများနဲ့ဆိုင်တဲ့ဆုဖြစ်လို့ ဒီဆုရှင်ကိုထိခိုက် ရင် ကမ္ဘာကို လည်းထိခိုက်တဲ့သဘော၊ ပြည်သူအများကို ထိခိုက်တဲ့သဘာဖြစ်လာတယ်။ တဘက်မှာလည်း ဒီလိုအကာအ ကွယ်တွေကြောင့်ပဲ သူ့ရဲ့ ရန်ဘက်တွေကပိုပြီး မျက်မုန်းကျိုးလာတယ်။ အညိုးအတေး ပိုများလာတယ်။ ငြိမ်းချမ်း ရေးအတွက်ပေးတဲ့ဆုဆိုတော့လည်း အဓိပ္ပါယ်အရကို အကန့် အသတ်ရှိနေတယ်။

ကြမ်းတမ်းရက်စက်တဲ့အာဏာရှင်တွေကို ဘာလက်နက်မှမပါပဲ အံတုနေကြတဲ့ လူစွမ်းကောင်းတွေ ကျွန်တော် တို့တိုင်းပြည်မှာလည်းတော်တော်များပါတယ်။ ဒီလူတွေအတွက် အကာအကွယ်ပေးလိုတဲ့သဘောနဲ့ပါ ဆုတွေ ပေးလာတာတွေ မြင်ရ၊ ကြားရ၊ ကြုံလာရပါတယ်။ အာဏာရှင်သက်တမ်း ကြာလာတာနဲ့အမျှ တဘက်မှာလည်း လူ့အခွင့်အရေးဆုရှင်တွေ၊ ဇွဲသတ္တိ ကြီးမားသူဆုရှင်တွေ။ စွန့်စားသူဆုရှင်တွေ မြန်မာပြည်မှာတဖြေးဖြေး များ လာနေပါတယ်။ ဆုဖန်တီးပေးရေးဆိုတဲ့အင်အားစု တွေလည်းရှိလာနေပါတယ်။ စွန့်စားသူတွေအတွက် ဂုဏ်ပြု တဲ့ဆု ဆိုတာရှိသင့်ရှိထိုက်တဲ့ အရာပါ။ ကျွန်တော်သိတဲ့လူတချို့ ထဲမှာ အခုဆုရသူတွေထက် ပေးဆပ်ခဲ့ရတာ တွေ၊ စွန့်စားခဲ့ရတာတွေ၊ တဦးထဲတင်မက မိသားစုလိုက်ပါ ဇာတ်နာခဲ့ရတာတွေရှိနေတယ်ဆိုတာသိထားတော့ လည်း၊ တချို့ ဆု ပေး၊ ဆုယူလုပ်နေကြတာတွေကို နားလည်ပေးနိုင်ဖို့ ခက်လာရပါတယ်။

ဆုဆိုတာ တော်တိုင်းလည်းရတာမဟုတ်ဘူး။ ထိုက်မှရတတ်တယ်ဆိုတဲ့စကား ငယ်ငယ်ကကြားဖူး ပေမယ့် သဘောမပေါက်ခဲ့ပါ။ အခုတော့ နည်းနည်းသဘောပေါက်သလိုရှိလာပါပြီ။ ပေးတဲ့သူနဲ့ ရတဲ့သူ အကြောင်း ဆုံ ဖို့ကလည်းလိုသေးသကိုးလို့။ အမှန်တကယ် ဆုနဲ့ထိုက်တန်သူများ ဆုတွေလာဘ်တွေရကြပါစေလို့ပဲ လူမသိသူ မသိ ကျွန်တော့ရဲ့ ဘလောဂ်ကလေးကနေ တောင်းဆုချွေလိုက်ရပါတယ်ဗျား။ ဆုဆိုတာ တောင်းတိုင်းမရဘူး ဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြုတယ်ဆိုတာက ဆုတောင်းခြင်းတမျိုးပဲမဟုတ်လား။ တောင်းတဲ့ဆုနဲ့ ပြည့်ပါစေပေါ့ခင်ဗျာ။

1 comment:

pandora said...

ဆုက တောင်းတိုင်းရချင်မှ ရပေမယ့် လာဘ်ကတော့ တချို့နေရာတွေမှာ တောင်းတိုင်းရတယ်။ :)