Wednesday, December 5, 2012
ရောဂါ
မြန်မာစစ်အုပ်စုမှာ လုံးဝနားမလည်နိုင်တဲ့ ဝေါဟာရ သုံးခုရှိတယ် ။
တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှု။ ဒါတွေကို နားမလည်နိုင်
တာဟာ အာဏာရှင်ရောဂါ။
ဗိုလ်သိန်းစိန်အစိုးရက အရင်အစိုးရတွေနဲ့မဆိုင်ဘူးလို့တတွတ်
တွတ်ပြောနေတယ်။ သူတို့က အာဏာရှင်မဟုတ်ဘူးလို့ ဆိုလိုချင်
ပုံရတယ်။ တဘက်မှာတော့ အရင်အစိုးရတွေရဲ့ ပြစ်မှုကျူးလွန်မှု
တွေကို အကာအကွယ်ပေးနေတယ်။ ပြည်သူ့ဆန္ဒအတိုင်း အလုပ်
လုပ်မယ်လို့ကြွေးကြော်နေပေမဲ့ လက်တွေ့ဘ၀မှာပြည်သူ့ဆန္ဒ
တွေက ချေမှုန်းခံနေရတယ်။ မလှမ့်တပတ်လုပ်ခံနေရတယ်။
ပြည်သူလူထုနဲ့ဆက်ဆံရေးမှာ တရားမျှတမှုတွေ ရှိမလာဘူး။ တိုင်း
ရင်းသားတွေနဲ့ဆက်ဆံရေးမှာ တန်းတူညီမျှမှုကို လုံးဝထည့်မစဉ်း
စားသေးဘူး။ လွတ်လပ်မှုကိစ္စမှာတော့ လျှော့လျှော့ပေါ့ပေါ့လုပ်
လာတာတွေ့ရတယ်။ ဒါကလည်း ယာယီလား။ ထာဝစဉ်လား။ အစစ်
အမှန်လား။ အတုအယောင်လားဆိုတာ စောင့်ကြည့်ရဦးမယ်။
အာဏာရှင်ရောဂါက စစ်အုပ်စုတခုထဲမှပဲ ရှိနေတယ်လို့ တထစ်ချပြော
လို့မရဘူး။ အာဏာရှင်စံနစ်ကို ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေ
ထဲမှာလည်း ဒီရောဂါလက္ခဏာတွေကို မြင်နေရတယ်။ ဒီရောဂါစွဲကပ်ပြီ
ဆိုရင် ပျောက်ဖို့သိပ်ခက်တယ်။ တချို့ကလည်း ရောဂါရှိနေလို့ရှိနေမှန်း
မသိဘူး။ တချို့ကတော့ ရောဂါရှိမှန်းသိပေမဲ့ မရှိချင်ယောင်ဆောင်ကြ
တယ်။ အဲဒါနဲ့ပဲ မြန်မာပြည်မှာ အာဏာရှင်သံသယာ လည်နေတယ်။
ဒီမိုကရေစီဆိုတာ မြန်မာပြည်သူတွေအတွက် တခါမှမစားဖူးတဲ့ အစား
အစာတခုပဲ။ ဦးနုခေတ်တုန်းက ဒီမိုကရေစီ ရှိခဲ့ဖူးတယ်ဆိုပေမဲ့ အထိုင်
မကျခင်မှာပဲ ( ဒီမိုကရေစီဆိုတာ ချိုသလား၊ ချဉ်သလား မသိရခင်မှာပဲ)
စစ်အာဏာရှင်အောက် ရောက်သွားခဲ့တာမဟုတ်လား။ မြန်မာပြည်သူ
တွေ ကျကျနနစားဖူးတာက အာဏာရှင်စံနစ်။ ဒီအဟာရဓါတ်နဲ့ပဲရှင်
သန်ခဲ့ရတယ်။ အခုလည်း ဒီမိုကရေစီကို အကောင်အထည်ဖေါ်မယ်
ဆိုတဲ့ ဗိုလ်သိန်းစိန်တို့အုပ်စုကိုယ်တိုင်က စစ်အာဏာရှင်လူထွက်တွေ။
ဘိန်းစွဲ၊ ဆေးစွဲ၊ အရက်စွဲသူတွေ ဖြတ်တဲ့အခါ တော်တော်ဝရုန်းသုန်းကား
ဖြစ်တယ်။ တချို့ က ဖြတ်တုန်းခဏပဲ ပြတ်တယ်။ တချို့ကတော့ လုံးလုံး
ပြတ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြတ်ချင်တဲ့စိတ်ရှိဖို့က ပထမအရေးကြီးတယ်။
ဗိုလ်သိန်းစိန်အစိုးရဟာ အာဏာရှင်အစွဲကို တကယ်ပဲဖြတ်ချင်နေတာလား
ဆိုတာ အသိရခက်တယ်။ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား မရှိဘူး။
ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဒါပေမဲ့လည်း အစွဲဖြတ်ဖို့ဆေးရုံကိုတော့ရောက်
လာပြီ။ ၀ရုန်းသုန်းကားတွေလည်း မြင်နေရပြီ။ တကယ်ပြတ်အောင် ဖြတ်
ဖို့ပဲ လိုတယ်။
အမြစ်ပြတ်အောင် ဖြတ်နိုင်ဖို့က ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။
တွန်းတဲ့သူကလည်း တွန်း။ ဆွဲတဲ့သူကလည်း ဆွဲ။ နှဲ့တဲ့သူကလည်း နှဲ့။
မတဲ့သူကလည်း မ။ အတွန်းချည်း သက်သက်လည်း မဖြစ်ဘူး။ အဆွဲချည်း
သက်သက်လည်း မဖြစ်ဘူး။ ဒေါ်စုက သမ္မတကြီးကို ယုံတယ်လို့ပြောတိုင်း
တတိုင်းပြည်လုံး လိုက်ပြီးယုံစရာ မလိုဘူး။ NLDက စစ်အုပ်စုဖွဲ့စည်းပုံကို
ထောက်ခံတိုင်း တတိုင်းပြည်လုံး လိုက်ပြီးထောက်ခံစရာ မလိုဘူး။ ကိုယ့်
အသိနဲ့ကိုယ်လွတ်လွတ်လပ်လပ် ရပ်တည်တဲ့အကျင့်တွေ စပြီးလေ့ကျင့်
သင့်ပြီ။
တခါမှ မစားဖူးတဲ့အစာ။ တခါမှ မရောက်ဖူးတဲ့ဒေသ။ တခါမှ မကျင့်သုံးဖူး
တဲ့စံနစ်တခုကို အသားကျအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့လည်း ကောင်းချင်ရင်တော့ အနာခံပြီးရောဂါပျောက်အောင် ကုသ
ရလိမ့်မယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်တွေဟာ တိုးတက်ထွန်းကားလာခဲ့တယ်။
ခပ်ပျော့ပျော့ ခပ်ညံ့ ညံ့တွေ များနေရင်တော့ ရောဂါပျောက်ဖို့ မလွယ်ဘူး။
ပျောက်လည်း ခဏပဲဖြစ်လိမ့်မယ်။ အာဏာရှင်ရောဂါကို ပျောက်အောင်
ကုသနိုင်မယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေ မျက်နှာချင်း
ဆိုင်မိကြလိမ့်မယ်။
တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှုဆိုတာတွေက အာဏာရှင်ရော
ဂါကို ပျောက်ကင်းစေမယ့်ဆေးပဲ။ ဒီသုံးချက်က မြန်မာပြည်သူတွေအတွက်
ဒို့တာဝန်အရေးသုံးပါးလို့တောင် ဆိုရလိမ့်မယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Posts (Atom)