Wednesday, December 18, 2013

အလောင်းမှတ်စု














အလောင်းဘုရား
ဘုရားအလောင်း
အလောင်းအစား
အလောင်းအလျာ
အလောင်းကောင်
အလောင်းစည်သူ
အလောင်းဝယ်သူ
အလောင်းသယ်သူ
အလောင်းတော်ကဿပ

ဘုရားလောင်း
မျောက်လောင်း
မင်းလောင်း
မြင်းလောင်း
ဇနီးလောင်း
ရေလောင်း
ရှင်လောင်း
ခေါင်းလောင်း
ပေါင်းလောင်း
ဆွမ်းလောင်း
ရုပ်အလောင်း

လောင်းကစား
လောင်းလှေ
လောင်းရိပ်
လောင်းကြေး

မြန်မာပြည်က ဘောပွဲမှာ အလောင်းဘုရားဇတ် ခင်းနေကြလို့
အလောင်းတွေ စုမိတာပါ ။

ဓါတ်ပုံက Hong Sar တဲ့ ။ ဧရာဝတီဘလော့ဂ်က ယူပါတယ် ။

Tuesday, November 12, 2013

လမ်းခွပုံပြင်














တခါသော်။ ဘုရားရှင်သည် တရုတ်ကြီးတဦးအား လမ်းကောင်းလမ်းမြတ်ကို
ညွှန်ပြလိုခြင်း အလို့ငှာ။ တနေရာသို့ခေါ်ဆောင်သွားလေ၏။ ထိုတနေရာ
သို့ရောက်သော်။ ကဲ ကိုတရုတ်ကြီး။ အရေးကြီးတဲ့နေရာကိုတော့ ရောက်ပြီ။
ကြည့်လော့။  ဒီဘက်လမ်းက ကောင်းကင်ဘုံကို သွားရာလမ်း။ ဟိုဘက်
လမ်းကတော့ ငရဲဘုံကိုသွားရာလမ်း။ သင်အခုရောက်နေတဲ့နေရာကတော့
ဘ၀မှာ အရေးကြီးလှတဲ့ လမ်းဆုံလမ်းခွပဲ။ ကြိုက်ရာလမ်းကို ရွေးပေရော့။

ဘုရားရှင်၏ စကားအဆုံး တရုတ်ကြီးသည် ပြုံးရွှင်စွာဖြင့် သူ၏ဆုံးဖြတ်ချက်
အားပြောလေ၏။ ကျေးဇူးကြီးလှပါပေတယ် ဘုရားရှင်။ တပည့်တော် ငရဲဘုံ
သို့လည်း မသွားလို၊ ကောင်းကင်ဘုံလည်း မသွားလို။ အခုရောက်နေတဲ့နေ
ရာကိုသာ အကြိုက်ဆုံးဖြစ်ပါသည်။ ဤနေရာကိုသာ ရွေးချယ်ပါမည်ဘုရား။

တရုတ်ကြီး၏အဖြေကြောင့် ဘုရားရှင် ဦးနှောက်စားသွား၏။ အဘယ့်ကြောင့်
ဤကဲ့သို့ ဟိုမရောက် ဒီမရောက်နေရာကို ရွေးချယ်ရသနည်း။ ရှင်းလော့
တရုတ်ကြီး။

ဒီလိုပါ အရှင်။ လမ်းဆုံလမ်းခွဆိုသည်မှာ လူတကာဖြတ်သန်းသွားလာကြ
သောနေရာ။ လူစုံသောနေရာ။ လူစည်သောနေရာဖြစ်ပါသည်။ ဤနေရာ
သည် စီးပွါးရေးလုပ်ရန် အချက်အချာအကျဆုံးနေရာဖြစ်ပါသည်။ ထို့ကြောင့်
ဤလမ်းဆုံလမ်းခွ၌ တပည့်တော် ခေါက်ဆွဲဆိုင်ဖွင့်မည်ဟု ဆုံးဖြတ်လိုက်ပါ
ပြီ။ ယခုလို မေတ္တာကြီးစွာဖြင့် လမ်းညွှန်တော်မူသော ဘုရားရှင်၏ကျေးဇူး
ကား ဆပ်၍ကုန်နိုင်ဖွယ် မရှိပါ။ ရှဲရှဲနီ သိုင်းခရူးပါဘုရား။ (ဘုရားရှင် လှစ်ခနဲ
ပျောက်ကွယ်သွားလေ၏)

မြန်မာပြည်မှာ လူအချို့က နောက်ကြောင်းပြန်လှည့်ချင်နေသတဲ့။ အချို့က
တော့ “ရှေ့သို့” တဲ့။ နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်ကြီးသူတွေက
လည်း ထုနဲ့ဒေး။ ဒီကြားထဲမှာ ပုံပြင်ထဲက တရုတ်ကြီးလို လမ်းဆုံလမ်းခွကိုပဲ
ရွေးချယ်ထားသူတွေကလည်း မနည်းလှဘူး။ ဟိုမရောက် ဒီမရောက်အခြေ
အနေကိုပဲ ကြိုက်တော်မူကြပုံရပါတယ်။ စီးပွါးရှာလို့ကောင်းတာကိုး။ အကွက်
မြင်သူများကတော့ အီလည်လည်အခြေအနေကို အခွင့်ကောင်းလို့ ရှုမြင်ကြ
လေရဲ့။

လမ်းဆုံလမ်းခွမှာ အခြေချနေထိုင်ကြမယ့်သူတွေထဲ နာမည်ကြီးတွေလည်း
အတော်ပါ ဆိုပဲ။

( ပုံပြင်ကို ပြောပြသူက ချင်းအမျိုးသားကြီး ဒေါက်တာ ဆလိုင်းထွန်းသန်းပါ။
ဆရာ ကျန်းမာပါစေဗျား။ )

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, September 28, 2013

စောနေသေး၍ စောင့်ကြည့်ဦးမည်














အလှမယ်တဖြစ်လဲ သတင်းထောက်မလေး မဟ၀ှာက မြန်မာ့အရေးကို 
စူးစူးဝါးဝါးလေ့လာစောင့်ကြည့်နေသူ ဦးဟိုဒင်း မြန်မာပြည်ပြန်လာခိုက် 
သီးသန့်တွေ့ဆုံပြီး မေးလားမြန်းလားလုပ်ထားသည်များကို ကောက်
နှုတ်ကာ စုစည်း၍ ဖေါ်ပြလိုက်ပါသည်။ (ဘမါ့ဿံဒေါ်စင့်)
                                                            
ဝှာ ။    ။ မြန်မာပြည်က အပြောင်းအလဲတွေက စိတ်လှုပ်ရှားဖို့သိပ်ကောင်း
တယ်နော်။ စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ဆီကို ဦးတည်ရွေ့
လျှားနေပြီလို့သေချာပေါက်ပြောလို့ရပြီလားရှင့်။

ဒင်း ။    ။ ဒီကိစ္စက ပြောဖို့စောပါသေးတယ်။ စောင့်ကြည့်ရမယ့်အခြေအနေ
တွေ အများကြီးရှိနေသေးတယ်လေ။ အခုအချိန်မှာ ဘယ်ကိစ္စမှ သေသေချာ
ချာမပြောနိုင်သေးဘူး။

ဝှာ ။    ။ အန်တီ...အဲ့....အမေ...အဲ့..အဲ့....ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်
လိမ့်မယ်လို့ထင်ပါသလား။

ဒင်း ။    ။ ဒါက လက်ရှိအုပ်ချုပ်နေသူတွေရဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့
သဘောကလည်း ပြောရခက်တယ် မဟုတ်လား။ မဖြစ်ဘူးလို့လည်း မပြော
နိုင်ဘူး။ ဖြစ်မယ်လို့လည်း အာမ မခံနိုင်ဘူး။ ပြောဖို့နည်းနည်းစောနေသေး
တယ်။ ဖွဲ့စည်းပုံကို ဘယ်လိုလုပ်ကြမလဲဆိုတာ အရင်စောင့်ကြည့်ရဦးမယ်
ညီမလေး။

ဝှာ ။    ။ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့အုပ်စု။ ဖျက်ပြီး အသစ်ပြန်ရေးမယ်ဆို
တဲ့အုပ်စုနဲ့ ပြင်စရာမလိုဘူးဆိုတဲ့အုပ်စုတွေရှိနေပါတယ်။ ဘာတွေဖြစ်
လာမယ်လို့ထင်ပါသလဲရှင့်။

ဒင်း ။    ။ အရေးကြီးတာက ကိုယ့်မှာ အာဏာဘယ်လောက်ရှိသလဲ။ အာ
ဏာကို အသုံးချနိုင်စွမ်း ဘယ်လောက်ရှိသလဲဆိုတာပဲ။ ပြင်ချင်တဲ့သူပဲဖြစ်
ဖြစ် ဖျက်ပြီးအသစ်ပြန်ရေးချင်တဲ့သူပဲဖြစ်ဖြစ် အာဏာမရှိရင် အလကားပဲ။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ ဖွဲ့စည်းပုံဆိုတာ အာဏာရှိသူ ပိုင်
တဲ့အရာ။ အာဏာပိုင်ရဲ့သဘောအတိုင်း ဖြစ်မှာပဲ။ ဆိုတော့ကာ ဘယ်
အုပ်စုက အာဏာကို ဘယ်လောက်များများရအောင်ယူနိုင်သလဲဆိုတဲ့
အပေါ်မှာမူတည်တယ်။ ဖွဲ့စည်းပုံဘာတွေဖြစ်လာမလဲဆိုတာ အခုချိန်မှာ 
မပြောနိုင်သေးဘူး။

ဝှာ ။    ။ သမ္မတကြီးနဲ့လွှတ်တော်ဥက္ကဌကြီးတို့အကြား သဘောထားကွဲ
လွဲမှုတွေက ထင်သာမြင်သာဖြစ်လာနေတာတွေကို သတိထားမိမှာပေါ့နော်။
ဒီအခြေအနေတွေက လက်ရှိမြန်မာ့နိုင်ငံရေးကို ဘယ်လိုအကျိုးသက်ရောက်
မှုတွေဖြစ်နိုင်မယ်လို့ထင်ပါသလဲရှင့်။

ဒင်း ။    ။ လောလောဆယ်အခြေအနေမှာတော့ ထူးထူးခြားခြားအကျိုးသက်
ရောက်မှုတွေ မတွေ့ရသေးဘူး။ ဒီထက်ဆက်ပြီး သဘောထားတွေပိုကွဲလာ
မယ်ဆိုရင်တော့ နိုင်ငံရေးအရရိုက်ခတ်မှုတွေ ထင်သာမြင်သာရှိလာနိုင်တယ်။
လက်ရှိအနေအထားအရတော့ ပြောဖို့စောပါသေးတယ်။ စောင့်ကြည့်ရဦးမှာ
ပါ။

ဝှာ ။    ။ သံဃာတော်တွေ နိုင်ငံရေးမှာပါဝင်လှုပ်ရှားနေကြတာ မြန်မာပြည်
အတွက် ကောင်းတယ်လို့ယူဆပါသလားရှင့်။

ဒင်း ။    ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုကာလကတည်းက သံဃာတော်တွေ
နိုင်ငံရေးနဲ့တိုက်ရိုက် ပတ်သက်လာခဲ့ကြတယ်လေ။ နိုင်ငံတကာမှာလည်း
သာသနာရေးဘက်ကပုဂ္ဂိုလ်တွေ နိုင်ငံရေးနဲ့ တောက်လျှောက်ပတ်သက်ခဲ့
ကြတာပဲ။ ခရစ်ယန်ကိုပဲ ကြည့်မလား။ မူဆလင်ကိုပဲ ကြည့်မလား။ ဗုဒ္ဓဘာ
သာမှာဆိုရင်လည်း တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားဆိုရင် အခုချိန်
ထိသူ့နိုင်ငံလွတ်မြောက်ရေးအတွက် ပြောနေဆိုနေတုန်းပဲ မဟုတ်လား။
သာသနာရေးသမားတွေ နိုင်ငံရေးနဲ့ မရောနဲ့လို့ ဘယ်သူပြောရဲသလဲ။
နိုင်ငံရေးလုပ်ချင်ရင် ဘုန်းကြီးတွေ လူဝတ်လဲကြဆိုပြီး ဥပဒေထုတ် ကန့်
သတ်မယ်ဆိုရင်ကော ရမယ်လို့ထင်သလား။ အမျိုးသားရေး၊ နိုင်ငံရေးတွေ
ဟာ သာသနာရေးနဲ့ဆက်စပ်နေတယ်ဆိုတဲ့အယူအဆ ရှိနေသရွေ့ ဒီကိစ္စ
က ရှင်းမှာမဟုတ်ဘူး ညီမလေး။

ဝှာ ။    ။ သမီးမေးတာက ဘုန်းကြီးတွေနိုင်ငံရေးနဲ့ဆက်စပ်လှုပ်ရှားနေတာ
မြန်မာပြည်အတွက် ကောင်း မကောင်း ဆရာ့သဘောထားကို သိချင်တာပါ။

ဒင်း ။    ။ အော်...ဒီလိုလား။ ကောင်းတယ် မကောင်းဘူးဆိုတာက ပြောရခက်
တယ်ကွ။ နိုင်ငံရေးအပြောင်းအလဲ ထူးထူးခြားခြားဖြစ်ပေါ်တိုးတက်အောင်
သံဃာတွေ ဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့အချက်ပေါ်မှာလည်း မူတည်
တယ်။ မြန်မာ့လူမှုအသိုင်းအ၀ိုင်းက သံဃာတော်တွေရဲ့နေရာကို ဘယ်
လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ပေးထားသလဲဆိုတဲ့အချက်ပေါ်မှာလည်း
မူတည်တယ်။ အဲဒါကြောင့် ကောင်းတယ် မကောင်းဘူး ယတိပြတ်ပြောဖို့
စောသေးတယ်။

ဝှာ ။    ။ ၂၀၁၅မှာ NLDအနိုင်ရမယ်လို့ထင်ပါသလား။

ဒင်း ။    ။ ဒါလည်းပြောဖို့စောသေးတယ်ကွယ့်။ ရွေးကောက်ပွဲက လွတ်လပ်
ပြီး တရားမျှတပါ့မလားဆိုတာ မပြောနိုင်သေးဘူး။ အခြေအနေတွေကလည်း
၁၉၉၀နဲ့မတူတော့ဘူး။ တိုင်းရင်းသားဒေသတွေမှာ NLDပဲ အနိုင်ရမယ်လို့
တထစ်ချပြောလို့မရတော့ဘူး။

ဝှာ ။    ။ မြန်မာပြည်မှာ အပြောင်းအလဲတွေရှိနေတယ်ဆိုပေမဲ့ ပြည်သူတွေ
ရဲ့အခြေအနေတွေက အရင်အတိုင်း ဆင်းရဲနေတုန်းပါပဲ။ ပြည်တွင်းမှာ မရှာ
နိုင်လို့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်နေကြတုန်းပဲ။ နိုင်ငံရေးသမားတွေက
နိုင်ငံတကာမှာ အကူအညီတွေလှိမ့်တောင်းနေတယ်။ နိုင်ငံတကာကလည်း
အကူအညီတွေပေးမယ်တကဲကဲ ပြောနေပေမဲ့ တကယ်တမ်းမှာ ထိထိရောက်
ရောက်ဘာမှဖြစ်လာတာ မတွေ့ရပါဘူး။ ဘယ်လိုဖြစ်နေတာလဲရှင့်။

ဒင်း ။    ။ နိုင်ငံတကာကလည်း မြန်မာပြည်အခြေအနေကို စောင့်ကြည့်နေ
ကြတာပါ။ အကူအညီပေးမယ်ဆိုပြီး စာရင်းပေးယုံသက်သက်၊ နေရာဦးထား
ယုံသက်သက်အဆင့်ပဲ ရှိပါသေးတယ်။ သူတို့အကူအညီတွေ အဆုံးအရှုံး
မဖြစ်အောင် စိတ်ချရတဲ့အခြေအနေ၊ အာမခံချက်ရှိတဲ့ အခြေအနေတွေဖြစ်
လာမှ ထိရောက်တဲ့လှုပ်ရှားမှုတွေ မြင်လာရလိမ့်မယ်။ ဘယ်အချိန်ကျမှ အာ
မခံချက်ရှိလာမလဲဆိုတာက ပြောဖို့စောသေးတယ်လေ။

ဝှာ ။    ။ အမျိုးသားပြန်သင့်မြတ်ရေးတို့၊ ပြည်တွင်းစစ်အဆုံးသတ်ရေးတို့၊
ပြည်တွင်းငြိမ်းချမ်းရေးတို့ဆိုတဲ့ အသံတွေက အခုတလောတော်တော်
ကြားနေရတယ်။ လှုပ်ရှားမှုတွေလည်းတွေ့နေရတယ်။ တကယ်ပဲမြန်မာ
ပြည် ငြိမ်းချမ်းတော့မှာလား။ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေ တကယ်ပဲဖြစ်
လာနိုင်မှာလား။

ဒင်း ။    ။ အရင်ကထက်စာရင် အလားအလာကောင်းတွေ မြင်လာရပြီလို့
တော့ ဆိုရလိမ့်မယ်ညီမလေး။ ဒါပေမဲ့ တကယ့်ငြိမ်းချမ်းရေးဆိုတာ ရဖို့
ကတော့ အခုချိန်မှာပြောဖို့သိပ်စောသေးတယ်။ ဒုက္ခသည်စခန်းတွေမှာ
ဒုက္ခသည်တွေ ရှိနေတုန်းပဲမဟုတ်လား။ လက်ရှိအစိုးရက လိုချင်တဲ့ ငြိမ်း
ချမ်းရေးနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ငြိမ်းချမ်းရေးက မတူဘူး။ ဘယ်
လောက်တူအောင်လုပ်နိုင်မလဲဆိုတာက အရေးကြီးတယ်။ အဲဒီအတွက်
အချိန်ဘယ်လောက်ကြာအောင် လုပ်ကြမလဲဆိုတာလည်း ပြောဖို့ခက်
တယ်။

ဝှာ ။    ။ စစ်တပ်က အာဏာထပ်သိမ်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေက အရှိန်
မသေသေးပါဘူး။ ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ထင်ပါသလား။ သိမ်းရင် ဘယ်
လိုအချိန်လောက် သိမ်းမယ်လို့ထင်ပါသလဲ။

ဒင်း ။    ။ မြန်မာ့တပ်မတော်ရဲ့အစဉ်အလာအရဆိုရင် တိုင်းပြည်ချောက်
ကမ်းပါးထဲ ကျတော့မယ့်အချိန်ဆိုရင် သိမ်းတတ်တာပဲ။ ခက်တာက ချောက်
ကမ်းပါးထဲ ကျ မကျဆိုတာ သူတို့က ဘယ်လိုပေတံနဲ့တိုင်းသလဲဆိုတာ သိ
ရခက်တယ်။ ဒါကြောင့် ဒီကိစ္စကိုအခုပြောဖို့ စောသေးတယ်။ စောင့်ကြည့်
ရဦးမယ်ပေါ့နော်။

ဝှာ ။    ။ နိုင်ငံရေးနဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုပေမယ့် လက်ရှိမြန်မာ့နိုင်
ငံရေးပြောင်းလဲမှုဖြစ်စဉ်နဲ့အတူရောပြီးပါလာတဲ့ကိစ္စတခုကို မေးချင်ပါတယ်
ရှင့်။ ဟို...မယ်ပြိုင်ပွဲကိစ္စပါ။

ဒင်း ။    ။ အော်...မေးပါ။ မေးပါ။ ကိုယ် စိတ်ဝင်စားပါတယ်။ မြန်မာ့အရေးကို
စောင့်ကြည့်တယ်ဆိုတာ နိုင်ငံရေးကိစ္စတခုထဲမဟုတ်ပါဘူး။

ဝှာ ။    ။ ဟုတ် ။ နိုင်ငံတကာမယ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ကြတဲ့မြန်မာပြည်က
မယ်တွေ ရေကူးဝတ်စုံဝတ်ကြတာကို နိုင်ငံတကာဆန်တယ်ဆိုပြီး ကြိုဆိုတဲ့
သူတွေရှိသလို၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်တယ်ဆိုပြီးကန့်ကွက်တဲ့သူ
တွေလည်းရှိပါတယ်။ အဲဒီရေကူးဝတ်စုံက ပြည်တွင်းပြိုင်ပွဲတွေမှာလည်း
ပါလာတော့မယ့်သဘောရှိနေတော့ ဘယ်လိုဖြစ်လာမယ်လို့ထင်ပါသလဲ။
ဒီကိစ္စဟာ ကြိုဆိုအပ်တဲ့ကိစ္စလား။ ကြိုတင် တားဆီးရမယ့်ကိစ္စလား။ ဆရာ့
အမြင်ကို သိပါရစေ။

ဒင်း ။    ။ မြန်မာအမျိုးသမီးတွေ ဖုံးထားတာကြာပြီ။ ဖုံးထားတော့ ကွယ်နေ
တာပေါ့။ အလှကို မမြင်ရဘူးပေါ့။ အခုဖေါ်လာကြတော့ သူတို့ရဲ့အလှတွေ
ကို မြင်ကြရပြီ။ မြန်မာ့ယဉ်ကျေးမှုက ဖုံးထားအုပ်ထားတာကို အားပေးတဲ့ယဉ်
ကျေးမှုလားဆိုတာ ပြန်ပြီးမေးရမယ့်ကိစ္စ။ ပြန်လည်စမ်းစစ်ရမယ့်ကိစ္စ။ အဲ့..
ဖေါ်တိုင်းလည်း မကောင်းပြန်ဘူး။ အဖေါ်လွန်လို့ မမြင်အပ်တာတွေ မြင်ရရင်။
မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်။ မပေါ့်တပေါ်လေးပဲ ကောင်းတယ်ပေါ့နော်။
အဲဒီအဆင့်ကိုရောက်ရင် အတော်ဟုတ်ပြီလို့ဆိုရမယ်။ ယဉ်ကျေးမှုဆိုတာက
ပြောင်းလဲနေတဲ့အရာ မဟုတ်လား။ ဒီနေ့ခေတ်မြန်မာ့လူ့အဖွဲ့အစည်းက ဖုံး
တာဖိတာတွေကို မကြိုက်တော့ဘူးဆိုရင်တော့ ရေကူးဝတ်စုံတွေအရောင်းသွက်
လာနိုင်တာပေါ့။ မြန်မာ့လူ့အဖွဲ့အစည်းက ဘယ်ကိုသွားနေသလဲဆိုတာ ယဉ်
ကျေးမှုရှုထောင့်က ပြောဖို့အခုအချိန်မှာ ခက်သေးတယ်။ အစိုးရခေါင်းဆောင်
တွေက ခေါင်းပေါင်းတွေပေါင်း၊ ချိတ်ထမီတွေ ၀တ်နေတဲ့ခေတ်ဆိုတော့ သူတို့
က ဖုံးတာဖိတာ ကြိုက်ပုံရတယ်။ ခေတ်လူငယ်တွေကတော့ အိုက်လို့ထင်ပါရဲ့
သိသိသာသာဖေါ်လာကြတယ်။ မကြာခင်အနာဂတ်မှာ မြန်မာတွေဘယ်လောက်
အထိ ဖုံးပြီး၊ ဘယ်လောက်အထိ ဖေါ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်
ကြည့်ရမယ့်ကိစ္စပဲ။

ဝှာ ။    ။ ဆရာက စောနေသေးတယ်။ စောင့်ကြည်ရဦးမယ်ဆိုတာပဲ ပြောတယ်
နော်။ ဆရာကသာ စောနေတာ။ တိုင်းပြည်အခြေအနေက မျက်ဖြူဆိုက်နေပြီ
ဆရာရဲ့။

ဒင်း ။    ။ ဒါက တကယ့် အရှိတရားပဲ ညီမလေးရယ်။ သိပ်ပြီး စိတ်မစောပါနဲ့
အဟင်း ဟင်း ။ ဒါနဲ့စကားမစပ်။ အခုအမေးအဖြေလုပ်တာက ဘယ်နေ့သတင်း
စာထဲ ပါလာမှာလဲ။ စောင့်ပြီးဖတ်ရအောင်လို့။

ဝှာ ။    ။ မသိသေးဘူးရှင့်။ သမီးတို့အယ်ဒီတာက ကြိုက် မကြိုက်ဆိုတဲ့အပေါ်မှာ
မူတည်ပါတယ်။ ဆရာပြောတဲ့အတိုင်း အခြေအနေအားလုံးက စောင့်ကြည့်ရဦး
မယ်။ ပြောဖို့ကစောနေသေးတယ်ဆိုတာက လူတိုင်းသိနေတဲ့ကိစ္စဖြစ်နေတော့
အယ်ဒီတာက ကြိုက်မယ် မထင်ဘူး။ သေတော့ မသေချာဘူးနော်။ သူ့ရဲ့သဘော
ပေါ်မှာ မူတည်ပါတယ်။ လောလောဆယ်တော့ ပြောလို့မရသေးဘူး။ စောင့်ကြည့်
ရမှာပေါ့ဆရာရယ်။ အဟင့်..အင့်အင့်.။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, September 20, 2013

မျှော်တော်ယောင်















မဲခိုးတဲ့ရွေးကောက်ပွဲပြီးတော့။ ကြားဖြတ်ရွေးကောက်ပွဲကို မျှော်။ ဟီလာ
ရီပြီးတော့ အိုဘားမားကို မျှော်။ ဖူကူယားမားနဲ့ဂျော့ခ်ျဆိုးရိုးစ်ကို မျှော်။
ဗြိတိသျှမျက်နှာဖြူတွေကို မျှော်။ အမေဂျီးစုရဲ့ ပြည်ပခရီးစဉ်တွေကို မျှော်။
မင်းကိုနိုင်တို့အုပ်စုကို မျှော်။ ဇာဂနာကို မျှော်။ ဗိုလ်လိုမှုတ်တဲ့ ဆရာတော်
ဖျားကို မျှော်။ ဒူးပေါ်ပေါင်ပေါ် မယ်ပြိုင်ပွဲကို မျှော်။ ပြည်တော်ပြန် ကိုကို
မမတွေကို မျှော်။ မဲခိုးပြီးအနိုင်ရတဲ့ လွှတ်တော်အမတ်တွေကို မျှော်။

အိုးနင်းခွက်နင်း ပြည်ပအသံလွှင့်သတင်းတွေကို မျှော်။ ကိုကာကိုလာနဲ့ 
မက္ကဒေါ်နလ်စ်ကို မျှော်။ နေပြည်တော်သတင်းရပ်ကွက်ကို မျှော်။  ဘုန်းကြီး
လေးရဲ့ ကုလားမုန်းတရားတွေကို မျှော်။ သမ္မတဂျီးရဲ့ မေတ္တာ၊စေတနာကို 
မျှော်။ ဘုမသိ ဘမသိနဲ့ မိုးသီးဇွန်ကိုမျှော်တဲ့သူက မျှော်။ ရောင်ကြီးဗွေကို 
မျှော်တဲ့သူက မျှော်။ စစ်ဗိုလ်တမတ်သားကို မျှော်တဲ့သူက မျှော်။ ကုလသ
မဂ္ဂ၊ ဗကပနဲ့ကျောင်းသားတပ်မတော်ကို မျှော်တဲ့သူက မျှော်။ 

၂၀၁၁ပြီးတဲ့အခါ ၂၀၁၅ကို မျှော်။ NLD ဆယ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရေးကို
မျှော်။ အမေဂျီးစုကနေ သမ္မတဂျီးစုဖြစ်လာမယ့်အရေးလည်း မျှော်။ ၂၀၁၅
မှာ (ထုံးစံအတိုင်း) အဆင်မပြေရင်လည်း ၂၀၂၀လာလိမ့်ဦးမယ်။ မျှော်။
ရှစ်လေးလုံး။ ကိုးလေးလုံးတို့လို ခေါ်လို့ကောင်း၊ မျှော်လို့ကောင်းတဲ့
၂၀၂၀လာပါလိမ့်ဦးမယ်။ မျှော်လက်စနဲ့ ဆက်ပြီးမျှော်။ ပျော်ပျော်ပါးပါး
မျှော်။

စစ်ဗိုလ်ချုပ်တွေက အရပ်ဘက်ခေါင်းဆောင်တွေဖြစ်လာတော့ ပိုပြီးမျှော်လို့
ကောင်း။ မျှော်ရတာလည်း ပျော်ဖို့ကောင်း။ စစ်အစိုးရကနေ အရပ်သားအစိုး
ရပြောင်းခဲ့ပြီ။ မယုံနိုင်လောက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေကြ။ ခေါင်း
ဆောင်တွေရဲ့ပြောပုံဆိုပုံတွေအရ အမျိုးသားတင်မက အမျိုးသမီးတွေပါ ပြန်
လည်သင့်မြတ်တော့မယ့် အခါသမယကြီး မကြာမီလာမည်လို့ မျှော်လင့်ရ။
စစ်အာဏာရှင်ခေတ် တကယ် ပြီးသွားပြီလို့မျှော်လင့်ရ။ မသေခင် ဒီမိုကရေ စီခေတ်နဲ့ကြုံလိမ့်မယ်လို့မျှော်လင့်ရ။

ပြည်တွင်းစစ်ကြီးလည်း အမြစ်ပြတ်တော့မယ်လို့မျှော်လင့်ရ။ ငြိမ်းချမ်းရေးကို
နေလို၊ လလို မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်းပြီး မျှော်ခဲ့ရ။ စိန်အောင်မင်း
တိုလည်း ငြိမ်းချမ်းရေးကို မရမက (အတင်းအဓမ္မ) လုပ်နေကြပုံရ။ မျှော်လင့်ရ ကျိုးနပ်မယ့်ကိန်းလို့မျှော်လင့်ရ။

လူသေတဲ့အခါ မင်းသားကျော်သူကို မျှော်ရ။ မီးပျက်တဲ့အခါ အမေရိကန်မီးစက်
ကြီးကို မျှော်ရ။ အလုပ်လိုတဲ့အခါ အထည်ချုပ်စက်ရုံကို မျှော်ရ။ ငွေပြတ်တဲ့အခါ
ပြည်ပက အမျိုးတွေကို မျှော်ရ။ ရေကြီး၊ မီးလောင်တဲ့အခါ ပြည်တွင်းပြည်ပအလှူ
ရှင်တွေကို မျှော်ရ။ တိုင်းပြည်က ဆင်းရဲတော့ ဟိုလူကူနိုး၊ ဒီလူကယ်နိုး အရပ်
ဆယ်မျက်နှာ မေတ္တာပို့သလို အမျိုးမျိုးမျှော်ရ။

ခေါင်းဆောင်တွေက စိတ်မချရတော့ ခေါင်းဆောင်သစ်တွေကို မျှော်ရ။ အင်တာ
နက်မြန်မှ တိုင်းပြည်တိုးတက်မယ်ဆိုလေတော့ အဲဒီအင်တာနက်ကြီးမြန်မယ့်
အရေးလည်း မျှော်ရ။ လွတ်လပ်လာတယ်ဆိုပေမဲ့လည်း ပိုပြီးလွတ်လပ်မယ့်
အရေးကို မျှော်ရ။ ရန်ကုန်နဲ့စင်္ကာပူ တူလာမယ့်အရေးလည်း မျှော်ရ။

မျှော်နေယုံနဲ့ မပြီး။ မျှော်တဲ့အတိုင်းဖြစ်အောင် ကြိုးစားပြီးအကောင်အထည်
ဖေါ်ဟဲ့လို့ ချစ်တီးခေါင်းသမ်းရှာခိုင်းသူများ အသက်ရှည်ကျန်းမာအောင်လည်း
မျှော်ရ။ ဘာအကူအညီမှ မပေးရင်တောင် မျှော်လင့်ချက်တွေပဲဆက်ပေးနေဖို့
မျှော်ရ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, August 20, 2013

ခေါက်ဆွဲဝါဒီ














ခရစ်တော်မပေါ်မီ နှစ်ပေါင်း နှစ်ရာခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ခေါက်ဆွဲ
များ ကြိုတင်ရောက်ရှိခဲ့ကြသည်။ ခရစ်တော်၊ ဂေါတမဗုဒ္ဓနှင့် တမန်တော် မိုဟာ
မက်တို့ထက်စောလျှင်စွာ မဟာခေါက်ဆွဲ ပေါ်ထွန်းခဲ့သည်။ ထိုဘုရားရှင်များ
ခေါက်ဆွဲစားဖူးခဲ့ကြသလားဟူသောမေးခွန်းအတွက် ခိုင်မာသောသက်သေ
အထောက်အထားများ ရှာမတွေ့ပါ။ သို့သော် ခေါက်ဆွဲခြောက်ထုပ်များကို ၎င်း
တို့လုံးဝမစားခဲ့ဖူးကြောင်း သေချာသည်။

ခေါက်ဆွဲပေါ်ပေါက်ပြီး နှစ်ပေါင်းထောင်နှင့်ချီကြာသောအခါမှ ခေါက်ဆွဲခြောက်
ထုပ်များ ပေါ်ထွက်လာခဲ့သည်။ ခေါက်ဆွဲခြောက်ထုပ်များ ဂျပန်နိုင်ငံမှ အစပြုသည်
ဆိုသော်ညား ဖန်တီးသူမှာ မဟာတရုတ်ပင်ဖြစ်လေသည်။ ထိုင်ဝမ်ပြည်သား ၀ူပိုင်းဖူ
ဆိုသူက ၁၉၅၈ခုနှစ်၌ ဂျပန်နိုင်ငံတွင်ဖန်တီး၍ ကမ္ဘာကိုဖြန့်ခဲ့သည်။ ဘုရားသခင်
များသည် ခေါက်ဆွဲအစိုနှင့်ရော အခြောက်နှင့်ပါ လွဲခဲ့ရှာသူများဖြစ်ကြ၏။

ခေါက်ဆွဲကို မူလက ဂျုံဖြင့်ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဆန်ခေါက်ဆွဲ၊
ပန်းဂျုံခေါက်ဆွဲ စသည်ဖြင့် ကွဲပြားခြားနားသော ခေါက်ဆွဲအမျိုးအစားများပေါ်ထွက်
လာခဲ့သည်။ ပထမဦးဆုံးဖန်တီးလိုက်သည့်ခေါက်ဆွဲ၏ ပုံစံ၊ အရွယ်အစားနှင့် အရောင်
အသွေးကို သမိုင်းမှတ်တမ်းများ၌ ရှာမတွေ့။ မူလက တရုတ်လူမျိုးများသာ ခေါက်ဆွဲ
ကိုတီထွင်၍ စားသုံးခဲ့ကြသော်လည်း နှစ်ပေါင်းထောင်နှင့်ချီကြာပြီးသကာလ ယခု
အခါ၌ကား မဟာခေါက်ဆွဲသည် ကမ္ဘာ့အစားအစာလုံးလုံးဖြစ်လာခဲ့ချေပြီ။ နေရာ
ဒေသအလိုက် ခေါက်ဆွဲကို အရောင်အသွေးမျိုးစုံ၊ ပုံစံမျိုးစုံ၊ ချက်နည်းပြုတ်နည်းမျိုး
စုံဖြင့် နိုင်ငံတကာအလိုက် စားသုံးနေကြပြီ။

ခေါက်ဆွဲကိုဖန်ဆင်းခဲ့သော တရုတ်ပြည်တွင် ခေါက်ဆွဲပြတိုက်ဟူ၍မရှိသေးသော်
လည်း ခေါက်ဆွဲခြောက်၏ဖခင် ၀ူပိုင်းဖူ (ဂျပန်အမည် မိုမိုဖူးကု အန်ဒို)က ဂျပန်ပြည်
အိုဆာကအရပ်၌ ခေါက်ဆွဲခြောက်ပြတိုက်ကို ဖွင့်လှစ်ထားသည်။ ဒုတိယကမ္ဘာစစ်
နောက်ပိုင်း ကမ္ဘာအရပ်ရပ်၌ မြို့ကြီးပြကြီးများ အမြောက်အများပေါ်ထွန်းလာသည်
နှင့်အတူ ခေါက်ဆွဲချစ်သူများ အချိန်တိုတိုအတွင်း အလွယ်တကူစားသုံးနိုင်ရန် ခေါက်
ဆွဲခြောက်ထုပ်များ၊ ခေါက်ဆွဲခြောက်ဗူးများပေါ်ထွက်လာခဲ့သည်။ ယခုခေတ်တွင်
ခေါက်ဆွဲခြောက်ထုပ်ကို မစားဖူးသူဟူ၍ မရှိသလောက်ရှားပါးခဲ့ပြီ။

ခေါက်ဆွဲခြောက်များကို နိုင်ငံတကာအလိုက် အရသာမျိုးစုံ၊ ပုံစံမျိုးစုံဖြင့်ထုတ်လုပ်
ရောင်းချကြသည်။ ကြိုက်နှစ်သက်ရာ အသားငါးတို့ဖြင့်တွဲဖက်စားသုံးရန်သာမက၊ သတ်သတ်လွတ်သမားများအတွက်ပါ ခေါက်ဆွဲခြောက်အထုပ်များ၊ဗူးများကိုဖန်တီး
လာကြသည်။ ခေါက်ဆွဲကြိုက်သူများ ဆိုင်သို့သွား၍စားရန် မလိုအပ်တော့ပေ။
လုပ်ငန်းခွင်အတွင်း ခေါက်ဆွဲခြောက်ဗူးများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် နှစ်ပါးသွားနေကြ
သူများ နိုင်ငံတကာအလိုက်ရှိနေကြပြီ။ ထမင်းနှင့်ဟင်းကို အလွယ်တကူမချက်နိုင်
သူများအတွက် ခေါက်ဆွဲခြောက်သည် မရှိမဖြစ် လက်စွဲတော်ဟင်းလျှာတပါးဖြစ်
နေချေပြီ။

တောင်ကိုရီးယားပြည် ခေါက်ဆွဲခြောက်အရောင်းဆိုင်များတွင် ကြိုက်နှစ်သက်ရာ
ခေါက်ဆွဲခြောက်အထုပ်၊ ဗူးများကိုဝယ်ယူပြီး ဆိုင်အတွင်း တထိုင်တည်းစားသုံးနိုင်
ရန်အလို့ငှာ ရေနွေး၊ မိုက်ခရိုဝေ့ဗ်စက်များကို အဆင်သင့်စီစဉ်ပေးထားသည်။
ခေါက်ဆွဲခြောက်ကို စွဲစွဲမြဲမြဲစားသုံးသူအမြောက်အများကို အာရှနိုင်ငံများ၌ အထူး
သဖြင့်တွေ့နိုင်သည်။ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့်ထိုင်းနိုင်တို့၌ ခေါက်ဆွဲခြောက်
ကို အားထား၍ စားသုံးသူများ အထူးများပြားလေသည်။

မြန်မာတို့သည်လည်း ခေါက်ဆွဲခြောက်ကြိုက်သူများစာရင်းတွင် သွင်း၍ ရနိုင်သည်။
ခေါက်ဆွဲခြောက်ကို မြန်မာမှုပြု၍ ပျော်ရွှင်နှစ်ချိုက်စွာ စားသုံးကြသူများနှင့်လည်းဆုံ
ဖူး၏။ ဂျပန်ခေါက်ဆွဲခြောက်ကို အုံးနို့၊ သကြား၊ ကြက်သွန်နီစသည်တို့ထည့်ရောပြီး
အုံးနို့ခေါက်ဆွဲအဖြစ် မိနစ်ပိုင်းအတွင်း ဖန်ဆင်းကာစားသုံးသူ၊ ကိုရီးယားခေါက်ဆွဲ
ခြောက်ကို မုန်ညှင်းရွက်၊ ကြက်ဥ၊ ပဲငါးပိများထည့်၍စားသုံးသူ၊ ထိုင်းခေါက်ဆွဲခြောက်
အတွင်း ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငြုပ်သီးစိမ်းများထည့်၍ စားသုံးသူ စသဖြင့် စိတ်ကူးတည့်ရာတိုးချဲ့ဖန်တီးပြီး ခေါက်ဆွဲခြောက်ကို ခုံမင်နှစ်သက်ကြသည့်မြန်မာ
ပြည်သားများ အတော်များများရှိ၏။

ခေါက်ဆွဲခြောက်ထုတ်လုပ်သောစက်ရုံများသည် အာရှတွင်သာမက အနောက်နိုင်ငံ
များ၌လည်း ရှိနေကြပြီ။ အနောက်တိုင်းသားများကလည်း ခေါက်ဆွဲခြောက်များကို
ကြိုက်နှစ်သက်နေကြပြီ။ ခေါက်ဆွဲကိုဖန်တီးခဲ့သော မဟာတရုတ်ကြီးသည် သူ၏
ခေါက်ဆွဲ ကမ္ဘာကြိုက်အစားအစာဖြစ်လာလိမ့်မည်ကို ရိပ်မိခဲ့ပါရဲ့လား။ ယနေ့
တရုတ်လူမျိုးများသည် မဟာခေါက်ဆွဲ၏ မူလဘူတမြေတွင် နေထိုင်ရှင်သန်ရသဖြင့်
ခေါက်ဆွဲဂုဏ်မောက်မှုများ ရှိ မရှိမသေချာ။ ခေါက်ဆွဲစတင်ဖန်တီးခဲ့ရာအရပ်ကို
အမြတ်တနိုးဖြင့် ဂုဏ်ပြုမှုများလည်းရှိဟန်မတူ။ တရုတ်အလံတွင် ကြယ်များအစား
ခေါက်ဆွဲဖတ်များကို ထည့်သွင်းရန် စိတ်ကူးမိသူများ တရုတ်ပြည်တွင် ဘယ်နှစ်ဦး
ရှိနိုင်သနည်း။ ( မြန်မာပြည်တွင် စပါးထွက်သဖြင့် ဆိုရှယ်လစ်ခေတ်က စပါးနှံများ
အလံပေါ်၌ တလွင့်လွင့်ဖြစ်ခဲ့ရသည် )

မြန်မာ့ဘော်လုံးလောကတွင် ခေါက်ဆွဲစားသည် ဟူသောဝေါဟာရထွန်းကားခဲ့ဖူး၏။
ထိုခေါက်ဆွဲသည် ခေါက်ဆွဲခြောက်မဟုတ်။ ခေါက်ဆွဲကြော်ဖြစ်၏။ ခေါက်ဆွဲကြော်
စားခြင်းဟူသည်မှာ ယခင်ခေတ်အခါက ငွေကြေးအတော်အတန်သုံးနိုင်သူတို့သာ
လုပ်ကြသောကိစ္စဖြစ်၏။ ခေါက်ဆွဲကြော်ကို တရုတ်လူမျိုးများရောင်းချသော စား
သောက်ဆိုင်တွင် အကျအနမှာယူစားသောက်ခြင်းမှာ ငွေရွှင်သောသူများသာ လုပ်
လေ့ရှိကြသည်။ နိုင်အောင်မကန်နဲ့ ခေါက်ဆွဲကြွေးမယ်ဟူသော မက်လုံးကြောင့်
ခေါက်ဆွဲစားချင်ဇောဖြင့် အရှုံးပေးခဲ့သည့် ဘော်လုံးသမားများရှိခဲ့သောကြောင့်သာ
ခေါက်ဆွဲနှင့်ဘော်လုံး မြန်မာပြည်၌ ရောနှောခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ငယ်စဉ်အခါက အပေါင်းအဖေါ်များနှင့် ကစားကြသောအခါ ခေါက်ဆွဲစားမလားဟု
အမေးခံခဲ့ရဖူး၏။ စားမယ်ဟု ခပ်မြန်မြန်ဖြေမိသည့်အခါ ခေါင်းကို ဂေါက်ကနဲခေါက်
ပြီး ဆံပင်ကို ဆတ်ကနဲဆွဲတာ ခံခဲ့ရဖူးလေသည်။ အကြောင်းသိသွားသောအခါ
ခေါက်ဆွဲစားမလား မေးလာလျှင် မစားချင်ဘူးဟူ၍သာ ဖြေတော့၏။ သို့သော်
ယနေ့အထိ ခေါက်ဆွဲကို စွဲစွဲမြဲမြဲကြိုက်နှစ်သက်ဆဲ၊ စားသုံးနေဆဲဖြစ်၏။ ချစ်ဇနီး
သည်လည်း ခေါက်ဆွဲကို အရူးအမူးစွဲလန်းသူဖြစ်သည်။ ခေါက်ဆွဲသည် သူ၏ထမင်း
ဖြစ်သည် ဟူသတတ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, July 12, 2013

ချောက်ကမ်းပါး ရောင်းဝယ်ရေး















အာဏာသိမ်းဖို့ ချောက်ကမ်းပါးကောင်းကောင်းလိုတယ်။ ပြီးခဲ့တဲ့
ဆယ်စုနှစ်တွေအတွင်း ချောက်ကမ်းပါးတွေ အရောင်းအ၀ယ်အတော်
ဖြစ်ခဲ့တယ်။ အခုလည်းပြည်တွင်းဖြစ် ချောက်ကမ်းပါးတွေတင်မက၊
ပြည်ပက မှာယူတင်သွင်းမယ့်ချောက်ကမ်းပါးတွေ၊ ပြည်ပက တိုက်ရိုက်
ရင်းနှီးမြှုတ်နှံမယ့် ချောက်ကမ်းပါးတွေ ဈေးကွက်မှာ အတော်ချေရှုပ်နေ
ကြတယ်။ တရုတ်ပြည်လုပ်ချောက်ကမ်းပါးတွေ ဟိုတလောက ဈေး
ကောင်းခဲ့ပေမယ့် နေပြည်တော်ခေါင်းဆောင်တဦးက ဈေးကွက်ဝင်ဖျက်
လို့အရောင်းအ၀ယ်အေးသွားတယ်။

ပေါချောင်ကောင်း ချောက်ကမ်းပါးတွေလည်း နေရာအနှံ့မှာတွေ့ရတယ်။
လမ်းဘေးမှာ ချရောင်းတဲ့သူ။ ခေါင်းရွက်ဗန်းပေါ်တင်ပြီး အော်ရောင်းတဲ့သူ။
လက်ကမ်းစာစောင်ဝေပြီးရောင်းတဲ့သူ စသဖြင့် ပုံစံမျိုးစုံနဲ့ချောက်ကမ်းပါး
တွေရောင်းနေတယ်။ ခေတ်မီသွားအောင် ချောက်ကမ်းပါးအရောင်းအ၀ယ်
မလုပ်ချင်ဘူးလား။

ချောက်ကမ်းပါးအမှတ် ၇၈၆နဲ့အပြိုင် လေလံတင်နေတာကတော့ ချောက်
ကမ်းပါးအမှတ် ၆၉၆။ အထူးလျှော့ဈေးနဲ့ရောင်းနေကြတဲ့အထဲမှာ ရိုဟင်
ဂျာက ထိပ်ဆုံးက။ မော်စကိုနဲ့ပြုံ့ယမ်းတို့ကလည်း အရောင်းအ၀ယ်
မြန်မြန်ဖြစ်စေချင်ပုံရတယ်။ လက်သိပ်ထိုးရောင်းတဲ့သူတွေနဲ့ အလုပ်ဖြစ်
အောင် ပွဲစားရှာနေတယ်။ လယ်သိမ်းယာသိမ်း ချောက်ကမ်းပါးကုန်စည်ဒိုင်
မှာ လူအတော်စည်တယ်ဆိုပေမယ့် တကယ်တမ်း အရောင်းအ၀ယ်သိပ်
မဖြစ်လှဘူး။

တပ်မတော်သာအမိ ချောက်ကမ်းပါးကုမ္ဗဏီလီမီတက်ကတော့ ရောင်းသမျှ
ဝယ်ချင်နေတယ်။ ခေတ်ပျက်သူကြွယ်များသမ၀ါယမကလည်း ဈေးကွက်ကို
ထိမ်းထားတယ်။ မျက်မမြင်ခွပ်ဒေါင်းစင်ဒီကိတ်ကလည်း ရသလောက်ဈေးနဲ့
ထိုးရောင်းနေတယ်။ နေပြည်တော်ဈေးကွက်မှာ အရောင်းအ၀ယ်အေးနေတာ
ကို ဈေးကစားသူတွေနဲ့ ဈေးကွက်လေ့လာအကဲခပ်တွေက အမျိုးမျိုးပုံဖေါ်ပြော
ဆိုနေကြတယ်။ အကောင်းမြင်တဲ့သူ၊ အဆိုးမြင်တဲ့သူ၊ မဆိုးမကောင်းမြင်တဲ့သူ၊
ဒီလူတွေအကုန်လုံးကို ကာလပေါ်မီဒီယာတွေက ဗျူးကြီးဗျူးငယ်အသွယ်သွယ်
နဲ့ ဖေါ်ပြနေကြတယ်။ ချောက်ကမ်းပါးဈေးကွက် အတက်အကျကိုလည်း အွန်
လိုင်းလူမှုကွန်ယက်တွေကနေ နိုင်ငံတကာအလိုက် အချိန်နဲ့တပြေးညီဖေါ်ပြ
ပေးနေတယ်။

ဈေးကောင်းလည်းရ၊ ၀ယ်လက်လည်း ကြိုက်မယ့် ချောက်ကမ်းပါးကောင်းဆို
တာက ရွှေလိုရှားတဲ့အရာမျိုးတော့ မဟုတ်လှဘူး။ ဈေးကွက်ထဲမှာ ချောက်
ကမ်းပါးကောင်းတွေ ပေါပါတယ်။ အရောင်းအ၀ယ်မတည့်သေးတာ တခုပဲ။
အရောင်းအ၀ယ်တည့်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အုပ်စုနဲ့ ချောက်ကမ်းပါး
တွေ အရောင်းအ၀ယ်ဖြစ်ရင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်ဆိုတဲ့အုပ်စု
အားပြိုင်နေတဲ့ကာလလို့ဆိုရမယ်။

ချောက်ကမ်းပါးတွေကို ရောင်းကုန်ပစ္စည်းအဖြစ်ကနေ အပမ်းဖြေပန်းခြံအဖြစ်
အသွင်ပြောင်းနိုင်အောင် ကြိုးစားလေ့ကျင့်ဖို့ လွှတ်တော်က အမျိုးသမီးအိမ်
သာမှာ တီးတိုးပြောဆိုမှုတချို့တော့ရှိနေပြီ။ လွဲချော်မှုက အိမ်သာတက်ရင်း
အပျင်းပြေပြောရမယ့်စကားတွေကို လွှတ်တော်အတွင်းမှာ အလေးအနက်
ပြောဆိုနေကြတာပဲ။

လွှတ်တော်က အမျိုးသားအိမ်သာတခုရဲ့အတွင်းနံရံမှာ မင်နီနဲ့ရေးထားတဲ့
အဆိုအမိန့်လိုလို၊ မှတ်ချက်လိုလို၊ သဘောတရားလိုလို စာစုတခုကိုဖေါ်ပြ
ပေးလိုက်ပါတယ်။

“ ချောက်ကမ်းပါးဈေးကွက် ကွယ်ပျောက်ဖို့ဆိုတာက ပညာရေးနဲ့ဆိုင်တယ်။
ပညာရေးဆိုတာက နေ့ချင်းညချင်းထူထောင်လို့ရတာမျိုးမဟုတ်ဘူး။ မျိုး
ဆက်နဲ့ချီပြီး စောင့်ကြည့်ပျိုးထောင်ရတာ။ လွယ်လွယ်နဲ့ဖြစ်ကြေးဆိုရင်
ငါသမ္မတဖြစ်တာ ကြာပြီ ”

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 20, 2013

မီးခိုး














တည်တည်ငြိမ်ငြိမ်နဲ့
မတည်ငြိမ်တာတွေကို ထိန်းထား ။

မသေချာတာတွေပဲရှိတယ်ဆိုတာ
သေချာတယ် ။

ငါတို့အတွက် သူတို့သေပေးရ ။

အရင်က အရေးကြီးခဲ့တာတွေ
အခု အရေးမကြီးတော့ပါ ။

ဒီကိစ္စမှာ
အရှင်ဘုရားလည်း တာဝန်ရှိတယ်
ထာဝရဘုရားလည်း တာဝန်ရှိတယ်
ယာယီဘုရားလည်း တာဝန်ရှိတယ်
တာဝန်ရှိတဲ့သူလည်း တာဝန်ရှိတယ်
တာဝန်မရှိတဲ့သူလည်း တာဝန်ရှိတယ်
ငါကိုယ်တော်မြတ်လည်း တာဝန်ရှိတယ် ။

ဘာကိုမှ ယုံကြည်လို့မရဘူးဆိုတာ
ယုံထား ။

နောက်ဆုံးတော့
နားထဲမှာ မီးခိုးတွေအူပြီး ကျန်ခဲ့တယ် ။

(ရုပ်ပုံ ။ ဂူဂယ် )

Monday, May 13, 2013

အရေခြုံ














ရန်ကုန်က အငြိမ်းစားရဲအရာရှိတဦးနဲ့ တနေ့ကဆုံဖြစ်တယ်။ ဟိုအကြောင်း
ဒီအကြောင်းပြောကြရင်း သူအရေးယူခဲ့ဖူးတဲ့ ဘုန်းကြီးအမှုတခုက  စိတ်ဝင်
စားဖို့ကောင်းသမို့ ပြန်ပြီးမျှဝေလိုက်ပါတယ်။ ၂၀၀၉ခု နှစ်ကုန်ပိုင်းက
အဖြစ်အပျက်ပါတဲ့။

တောင်ဥက္ကလာမှာရှိတဲ့ ဘုန်းကြီးကျောင်းတခု။ ဘုန်းကြီးနှစ်ပါး သတင်းသုံး
တယ်။ ကိုယ်တော်ကြီးက အသက်ငါးဆယ်ခန့်။ ကိုယ်တော်လေးက အသက်
လေးဆယ်ခန့်။ အဲဒီဘုန်းကြီးကျောင်းမှာ မိဘမဲ့ကလေးကျောင်းတခုလည်း
ဖွင့်ထားတယ်။ ကလေးဦးရေ ခြောက်ဆယ်ကျော်လောက်ရှိတယ်။ အမျိုးသမီး
သူနာပြုနှစ်ဦးလည်း ရှိတယ်။ ကလေးတွေကို စာသင်ပေးတဲ့ ဆရာမလေးတချို့
လည်းရှိတယ်။

လူမှုကူညီရေးလုပ်တဲ့ ဒီဘုန်းကြီးကျောင်းကို လူတွေသဘောကျတယ်။ ဘုန်း
ကြီးနှစ်ပါးကိုလည်း ကြည်ညိုသဒ္ဒါပွါးကြတယ်။ သာသနာရေးဝန်ကြီးဌာနက
တောင် ဒီကျောင်းကို တိုးချဲ့ဆောက်လုပ်ခွင့်ပြုတော့မယ်။ ဒီအချိန်မှာပဲ ကိုယ်
တော်ကြီးအဖမ်းခံရတယ်။ ကိုယ်တော်လေးက သူနာပြုတဦးနဲ့ထွက်ပြေးလွတ်
မြောက်သွားတယ်။

ကိုယ်တော်ကြီးကိုတတ်တဲ့ ပုဒ်မတွေထဲမှာ မုဒိန်းမှု။ လိမ်လည်မှု။ ချဲထီရောင်းမှု
စသဖြင့် အတော်များတယ်။ ချဲထီကတော့ ထွက်ပြေးသွားတဲ့ကိုယ်တော်လေးက ဒိုင်ဖွင့်ပြီးရောင်းတာလို့ဆိုတယ်။ ကိုယ်တော်ကြီးကိုအဓိက အရေးယူတာကတော့
မုဒိန်းမှုပါပဲ။

မိဘမဲ့ကလေးတွေထဲက ကောင်မလေးတွေကို ကိုယ်တော်ကြီးက ခြေတော်တင်
နေတာ နှစ်နဲ့ချီကြာနေပြီ။ အချိန်အခါမရွေး စိတ်တိုင်းကျကို ခြေတော်တင်တော်
မူပါသတဲ့။ သူနာပြုအမျိုးသမီးတွေက ကလေးမလေးတွေကို ကိုယ်ဝန်တားဆေး
တွေ ပုံမှန်ထိုးပေးနေရပါသတဲ့။

ဒီလိုနဲ့။ တရက်သား။ စာသင်ပေးတဲ့ဆရာမလေးကို မုဒိန်းအကြိမ်ကြိမ်အကျင့်ခံ
နေရသူကောင်မလေးတွေထဲက တယောက်က သူတို့ရဲ့အဖြစ်ကို ဖွင့်ပြောလိုက်
သတဲ့။ ဆရာမလေးလည်း ရက်အတော်အတန် ကြံရာမရဖြစ်နေသတဲ့။ ယုံရလည်း
ခက်တဲ့ကိစ္စကိုး။ ရက်အနည်းငယ်အတွင်းမှာပဲ ယုံကြည်နိုင်လောက်တဲ့အခြေအနေ
တွေကို ဆရာမလေးက အကဲခပ်မိပြီး သူ့ရဲ့မိတ်ဆွေ အမျိုးသမီးရဲအရာရှိကို သတင်း
ပေးခဲ့တာပါပဲ။ ရဲတွေက သေချာစုံစမ်းပြီး ကိုယ်တော်ကြီးကိုဖမ်း။ ကျောင်းကို ချိတ်
ပိတ်လိုက်သတဲ့။ ချဲဒိုင်ကိုယ်တော်လေးက သူနာပြုမလေးနဲ့ထွက်ပြေးလွတ်မြောက်
သွားသတဲ့။

ဒီအဖြစ်အပျက်ဟာ ၂၀၀၇ သံဃာ့လှုပ်ရှားမှုနဲ့ သိပ်မဝေးခင်မှာဖြစ်ခဲ့တာ။ မြန်မာ
သံဃာတွေကို ကမ္ဘာတ၀ှမ်းကအံ့သြချီးမွှန်းလို့ အရှိန်မကုန်ခင်မှာဖြစ်ခဲ့တာ။ မုဒိန်း
ကျင့်ကိုယ်တော်ရဲ့သတင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက ဖေါ်ပြကြတာ
မတွေ့ဘူးတဲ့။ ဘုန်းကြီးတွေနဲ့ပတ်သက်တဲ့ပြစ်မှုတွေက မကြာခဏဆိုသလိုရှိနေ
တာလို့ဆိုတယ်။ အခုတော့လည်း သမ္မတကြီးရဲ့ကောင်းမှုနဲ့ မုဒိန်းကိုယ်တော်ကြီး
လည်းလွတ်သွားလောက်ပြီထင်ပါရဲ့လို့ အငြိမ်းစားရဲအရာရှိက ခပ်ပြုံးပြုံးနဲ့ပြော
တယ်။

မြန်မာပြည်မှာ သံဃာ့အင်အား ငါးသိန်းလောက်ရှိတယ်လို့ သီတဂူကိုယ်တော်က
မကြာခင်ကပဲ မိန့်ခဲ့တယ်။ စစ်သားအင်အားနဲ့ မတိမ်းမယိမ်းလောက်ရှိသတဲ့။
မြန်မာပြည်ဟာ ဘုန်းကြီးရော၊ စစ်သားရော အလွန်အမင်း များပြားလွန်းတဲ့တိုင်း
ပြည်။ မြန်မာ့လူ့အဖွဲ့အစည်းက ဒီကိစ္စကို သိရဲ့သားနဲ့လက်ခံထားတာလား။
မသိချင်ယောင်ဆောင်နေတာလား။ မတတ်နိုင်လို့လွှတ်ထားရတာလား။ ကျေကျေ
နပ်နပ်ကြီး လက်ခံနေတာလား။ ဘုန်းကြီးတွေများတာ၊ စစ်သားတွေများတာ ကောင်း
တဲ့လက္ခဏာလို့များ ခံယူနေကြသလား။ တပည့်တော်လည်း မလျှောက်တတ်ဘူး။

စစ်သားဆိုပေမဲ့လည်း စစ်သားမစစ်တဲ့သူတွေ။ သံဃာဆိုပေမဲ့လည်း သံဃာမစစ်တဲ့
သူတွေ ဘယ်လောက်များနေမလဲ။ သူတော်ကောင်းအရေခြုံလို့ လုံနေတဲ့လူ့အဖွဲ့
အစည်းဟာ ကောင်းတဲ့လူ့အဖွဲ့အစည်းမဟုတ်ဘူး။ လက်ရှိအစိုးရကိုပဲကြည့်။ စစ်
အာဏာရှင်က ဒီမိုကရေစီအရေခြုံထားတာမဟုတ်လား။

တိုင်းပြည်မှာ ဘုရားတွေကလည်း လက်ညိုးထိုးမလွဲ။ သံဃာတွေ၊ စစ်သားတွေကလည်း
လက်ညိုးထိုးမလွဲ။ မြန်မာပြည်မှာ လက်ညိုးထိုးလိုက်တိုင်း လွဲလွဲနေတာကတော့ အမှန်
တရားပဲဖြစ်လိမ့်မယ်။ အမှန်တရားတောင် သိပ်မယုံရဘူး။ ဘယ်လိုအရေခြုံထားမှန်းမှ
မသိတာ။

( ရုပ်ပုံ ။ ဂူဂလ် )

Friday, April 19, 2013

သောက်ကောင်းပေါက်ကောင်းဆက်ဆံရေး















ရန်ကုန်မြို့က ပုဂ္ဂိုလ်လေးဦး ဆန္ဒပြပွဲတခုမှာ ဆုံကြသတဲ့။ ဆန္ဒပြပွဲအပြီး
ဘီယာဆိုင်ကို ဆက်လက်ချီတက်ကြသတဲ့။ ဘီယာဆိုင်မှာ စကားကောင်း
ကြသတဲ့။

( ပုဂ္ဂိုလ်တစ် )

တကယ့်ဘ၀မှာ မိတ်ကောင်းဆွေကောင်း တယောက်မှမရှိပေမဲ့ ဖေ့စ်ဘုခ်
ထဲမှာတော့ မိတ်ဆွေပေါင်း တသောင်းခြောက်ထောင်ရှိသူ။ ဟိုဘုန်းကြီးရဲ့
အဆိုအမိန့်။ ဒီဆရာသမားရဲ့အယူအဆ။ ဟိုခေါင်းဆောင်ရဲ့စကားတွေကို
မျက်စေ့နောက်အောင် ဖေ့စ်ဘုခ်ထဲမှာဖေါ်ပြနေပေမဲ့ ကိုယ်ပိုင်အယူအဆ
တခုမှမရှိသူ။ မှန်သလား၊ မှားသလားမသိ။ ဘယ်လောက်မှန်ပြီး၊ ဘယ်
လောက်မှားမှန်းမသိ။ သတင်းဌာနတွေကပြောသမျှ တကယ်ယုံတတ်သူ။
သတင်းမှန်သမျှ သူသိပြီးသားဟု ဆိုတတ်သူ။ မြန်မာ့အင်တာနက် လူမှုကွန်
ယက်လောကမှာ ဘုရင်တဆူလို့ယူဆသူ။

( ပုဂ္ဂိုလ်နှစ် )

အမြဲလိုလိုစာဖတ်နေတတ်သူ။ ကဗျာဆရာအဖြစ်ခံယူထားသူ။ နာမည်ကျော်
ကဗျာတွေအလွတ်ရသူ။ တကယ်မဟုတ်ပေမဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်
ငံကျော်အနုပညာသမားတွေနဲ့ရင်းနီးလှသူအဖြစ် မကြာခဏထုတ်ဖေါ်ပြော
ဆိုတတ်သူ။ နိုင်ငံရေး၊ တော်လှန်ရေး၊ ပြုပြင်ပြောင်းလဲရေးစတာတွေဟာ
ကဗျာဖန်တီးမှုလောက် မလေးနက်သယောင်ပြောတတ်သူ။

( ပုဂ္ဂိုလ်သုံး )

သတင်းသမား အဖြစ်ခံယူထားသူ။ (သူ့ကိုယ်သူတော့ ဂျာနယ်လစ်လို့ဆို
တယ်) အတင်းအဖျင်းများများ၊ သတင်းနည်းနည်းဂျာနယ်တခုမှာ သူ့ရဲ့
သတင်းတွေ မကြာခဏပါတတ်တယ်။ အွန်လိုင်းနဲ့အချိန်ကုန်။ ရည်းစားကိုး
ယောက်အွန်လိုင်းမှာ တပြိုင်ထဲထားသူ။ အဲဒီအထဲကတယောက်က မိန်းမနာ
မည်နဲ့ဘုန်းကြီးတပါးဆိုတာကိုတော့ သူမသိရှာ။

(ပုဂ္ဂိုလ်လေး)

ဘာပဲလာလာ အားလုံးနဲ့အဆင်ပြေအောင်နေတတ်သူ။ လူဆိုးကိုလည်း
ထောက်ခံ။ လူကောင်းကိုလည်းထောက်ခံ။ တက်တဲ့အစိုးရ ငါ့အစိုးရလုပ်
တတ်သူ။ ပေါ်ပင်မှန်သမျှ အလွတ်မခံ။ ဆံပင်အရောင် တလတခါပြောင်း။
ကြံ့ဖွတ်နဲ့လည်းပေါင်း၊ ခွပ်ဒေါင်းနဲ့လည်းပေါင်း။ ပြည်ပအတွေ့အကြုံလည်း
အနည်းအကျဉ်းရှိ။ (မလေးရှားမှာ တနှစ်ခွဲလောက်အလုပ်လုပ်ဖူး)။ လော
လောဆယ် အိမ်ခြံမြေပွဲစား။

ဘီယာဆိုင်းအတွင်း သူတို့ပြောဆိုခြင်းအမှုကို နားဆင်တော်မူကြပါ။

( ပုဂ္ဂိုလ်တစ် )

ဘီယာဆိုတာ ရေပါပဲကွာ။
အဖွါးကြီးဟိုကိစ္စဖြစ်နေတာ သိပြီးပြီလား။
အွန်လိုင်းမှာနောက်ဆုံးတက်နေတဲ့သတင်းက...။
အဖိုးကြီးလည်းကြာကြာမခံတော့ဘူးသူငယ်ချင်း။
ဒီကပြန်ရင် အွန်လိုင်းမှာတင်လိုက်မယ်လေ။
အရှုပ်ထဲမှာ ရှင်းအောင်နေရမယ်။
ရေဒီယိုနားမထောင်ဘူးထင်တယ်။
နောက်တခွက်ပေးပါဦး။

( ပုဂ္ဂိုလ်နှစ် )

ပေမမှီဒေါက်မမှီ လှုပ်ရှားမှုတွေပါဗျာ။
အဘိုးကြီးဘေးနားကလူက ကျနော့မိတ်ဆွေလေ။
စစ်သားတွေ ကဗျာကိုမသိလို့တိုင်းပြည်မှာ ဗိုလ်ကျနေတာ။
အဖွါးကြီးလည်း ဟန်ပဲကျန်တော့တာပါ။
သတင်းတွေကဗျာမဖြစ်သရွေ့ ငွေပေးပြီးမဖတ်နိုင်ဘူး။
ဘီယာဆိုတာ သောက်ကောင်းပေါက်ကောင်းဆေးဘက်ဝင်အရည်တမျိုးဗျ။
လုပ်ပါဦး နောက်တခွက်။

( ပုဂ္ဂိုလ်သုံး )

အတွင်းခံပေါ်မှသတင်းဗျ။
ခင်ဗျားပြောတဲ့သတင်းက အဟောင်းကြီးပါ။
ရေဒီယိုခေတ်က ကုန်သွားတာကြာပြီ။
သတင်းဆိုတာကဗျာပဲလို့ ခင်ဗျားကို ဘယ်နှစ်ခါပြောရမလဲ။
မင်းသမီးနဲ့သတင်းသမား ညားတဲ့ခေတ်ကိုရောက်နေပြီကိုယ့်လူ။
နောက်တခွက်။

( ပုဂ္ဂိုလ်လေး )

ဟုတ်တယ်ဗျာ။
အဲဒါ ကျနော်ထောက်ခံတယ်။
ကောင်းတယ်အကို ကောင်းတယ်။
မြေကွက်အသစ်တွေချပေးနေတယ်ဗျ။
ကျနော်သဘောတူပါတယ်။
ကောင်းတယ်ဗျာ။
အခုဝယ်ထား။ သုံးလလောက်နေရင်ပြန်ရောင်း။ သိန်းနှစ်ရာလောက်မြတ်မယ်။
လုပ်ဗျာ အားပေးတယ်။
ကျနော့်ကိုလည်း နောက်တခွက်။

(ရုပ်ပုံ ။ ဂူဂလ်)

Wednesday, April 3, 2013

စိုးရိမ်ပူပန်ရေးကော်မရှင်















သင်္ကြန်နီးလာတော့ တချို့တွေကလည်း ကောင်မလေးတွေ ဖေါ်မှာစိုးကြ
သတဲ့။ တချို့ကျတော့ မဖေါ်မှာစိုးကြသတဲ့။ ပေါ်အောင်ဖေါ်သော်ညား
မပေါ်မှာစိုးသူကလည်း ရှိသေးသတဲ့။ စကားမစပ်။ နောက်ကြောင်းပြန်လှည့်
မှာကို စိုးရိမ်သူက ရိမ်။ ပြန်မလှည့်မှာကို စိုးရိမ်သူက ရိမ်။ လှည့်သလိုလို
မလှည့်သလိုလိုနဲ့ ဝေ့လည်ကြောင်ပတ်ဖြစ်နေမှာကို စိုးရိမ်သူက ရိမ်။ စုတဲ့
သူကလည်း စုမှစု။ စိန်တဲ့သူကလည်း စိန်မှစိန်။ စိန်စုကို ချဲဂဏန်းလိုအတွဲ
လုပ်ပြီး မြိန်တဲ့သူက မြိန်။ လိမ်တဲ့သူက လိမ်။

ကုလားပြီးရင် တရုတ်ဘက်လှည့်မှာ စိုးတဲ့သူကစိုး။ မွတ်ဆလင်ပြီးရင် ခရစ်
ယန်လာမှာ စိုးတဲ့သူကစိုး။ ကချင်ပြီးရင် ၀ဆီသွားမှာ စိုးတဲ့သူကစိုး။ သင်္ကြန်
မိုးတင်မက သင်္ကြန်ဗုံးပါခေတ်စားလာတော့ တူးပို့တူးပို့နဲ့ ၀ုန်းဒိုင်းအုမ်းဂွမ်း
လေနဲ့ဝမ်းနဲ့မကွဲမှာ စိုးတဲ့သူကစိုး။ သတင်းစာတွေ အတောင်ပံပေါက်လာ
တော့ အင်တာဗျူးတွေလာမှာ စိုးတဲ့သူကစိုး။ အင်တာဗျူးတွေမလာမှာ စိုးတဲ့
သူကစိုး။ ဆန္ဒတွေမပြရမှာ စိုးတဲ့သူကစိုး။ ဆန္ဒတွေပြမှာကို စိုးတဲ့သူကစိုး။

ဘုန်းကြီးကိုလောင်တဲ့ မီး။ ဗလီကိုလောင်တဲ့ မီး။ မြို့တွေရွာတွေဆီ အလည်
အပတ်ထွက်နေတဲ့ မီး။ လက်ညိုးညွှန်ရာ မီးဖြစ်သူတွေကြောင့် ငါ့ဆီလောင်
မလား သူ့ဆီလောင်မလား ပူနေရတဲ့ မီး။ ဗလီရှိရာအရပ်မှာ ယုံကြည်ရာ
ဘုရားကို တက်တက်ကြွကြွ တနေရတဲ့ မီး။ မီးတွေကို လောင်စေချင်သူတွေ
က မလောင်မှာကို စိုး။ မလောင်စေချင်သူတွေကလည်း လောင်မှာကို စိုး။

ဒေါသမီး။ သောကမီး။ ရေရှိမှလာတဲ့မီး။ ဓါတ်ဆီရှိမှလာတဲ့မီး။ အာဏာရှိမှ
လာတဲ့မီး။ အကပ်ကောင်းမှလာတဲ့မီး။ နေပြည်တော်မှာ ပျော်တဲ့မီး။ မျှော်
ပေမဲ့လည်း ပေါ်မလာတဲ့မီး။ လက်ပံတောင်းကိစ္စလို ဟုန်းကနဲတောက်ပြီး
ငြိမ်ကျသွားတဲ့ ကောက်ရိုးမီး။ မြစ်ဆုံကိစ္စလို ဟိုမရောက် ဒီမရောက်ဖြစ်နေ
တဲ့ မီးတန်းလန်း။ အပေါ်မီး အောက်မီးနဲ့ ပြုပြင်ပြောင်းလဲရေးမီး။ မီးတို့
ကတော့ မီးမှန်မှန်လာတာပဲ မြင်ချင်တယ်ဆိုတဲ့ ရန်ကုန်မြို့က မမီးမီး။
အချစ်မီး။ အမုန်းမီး။ စိုးရိမ်ရတဲ့ မီး။ အခုထိမငြိမ်းနိုင်တဲ့ ပြည်တွင်းစစ်မီး။

လယ်အသိမ်းခံရတဲ့လယ်သမားတွေ အလျော်ရပေမဲ့ မပျော်ရလို့ စိုးရိမ်။
ငြိမ်းချမ်းရေးစကား ပြောသော်ညားလည်း တိုက်ပွဲတွေမရပ်လို့ စိုးရိမ်။
တိုင်းပြည်ကသေးသေး၊ မုန်တိုင်းကများများဆိုတော့ကာ။ စိုးရိမ်စိတ်တွေ
နဲ့စီးပွါးရေးသမားများ အပြေးအလွှားနဲ့ရင်းနှီးမြှုပ်နှံနေရရှာ။ ခေတ်ပျက်
သူဌေးတွေကလည်း စိုးရိမ်စိတ်တွေနဲ့ နှစ်ဆတိုးပြီး စီးပွါးရှာ။

အရင်ကတော့ ပြည်တော်မပြန်နိုင်မှာကို စိုးရိမ်။ အခုတော့ပြည်တော်ပြန်
ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမှာကို စိုးရိမ်။ အစိုးရနဲ့ပေါင်းပြီးကောင်း
စားပြန်ရင်လည်း တမှု။ မကောင်းစားပြန်ရင်လည်း တမှု။ အန်ဂျီအိုထောင်
လို့အောင်မြင်တော့လည်း တပြစ်။ မအောင်မြင်ပြန်တော့လည်း တပြစ်။
သမဒဂျီးကို ယုံကြည်တော့လည်းတမှောင့်။ မယုံကြည်တော့လည်း
တမှောင့်။

ရာသီဥတုက ပူပူ။ မီးတွေက တလန့်လန့်။ အလုပ်အကိုင်က ခပ်ရှားရှား။
လွှတ်တော်ထဲမှာထိုင်နေသူတွေကပဲ တိုင်းပြည်ကို ပိုချစ်နေသလိုလို။
စစ်သားတွေကပဲ တိုင်းပြည်ကို ပိုချစ်နေသလိုလို။ ပါတီဝင်တွေကပဲ တိုင်း
ပြည်ကို ပိုချစ်နေသလိုလို။ တောခိုဖူးသူ။ ထောင်ကျဖူးသူ။ ဆန္ဒပြဖူးသူ။
ဆန္ဒပြသူတွေကို ရိုက်နှက်ဖူးသူ။ နိုင်ငံရေးအကျဉ်းသားကို နှိပ်စက်ဖူးသူ။
အလုပ်ပြုတ်ဖူးသူ။ ကျောင်းထုတ်ခံရဖူးသူ။ ဆိုင်အပိတ်ခံရဖူးသူ။ မူဆလင်
မုန်းတီးရေးတရားဟောသူ။ ဒီလူတွေကပဲ တိုင်းပြည်ကို ပိုချစ်နေသလိုလို။
တိုင်းရေးပြည်ရေး သူတို့ကပဲ အထူးစိတ်ပူနေကြသလိုလို။

စင်္ကာပူလို မကြာခင်ဖြစ်အောင်လုပ်မယ်လို့ မပူမပင်ပြောတဲ့သူကပြော။
ထိုင်းကိုအမြန်ကျော်တက်မယ်လို့ အပူအပင်ကင်းကင်းဆိုတဲ့သူကဆို။
အာစီယံဥက္ကဌလောင်းဆိုပြီး အပူအပင်မရှိ လက်မထောင်သူကထောင်။
တရုတ်အရိပ်ထက် အမေရိကန်အရိပ်က ပိုအေးသကွဲ့လို့ အပူအပင်မဲ့
ပြောတဲ့သူကပြော။

သန့်ရှင်းအစိုးရ။ ပွင့်လင်းအဖွဲ့အစည်း။ ငြိမ်းချမ်းရေးဝန်ကြီး။ ငြိမ်းချမ်း
ရေးနိုဘလ်ဆုရှင်။ ခြောက်ကိုးခြောက်။ ခွန်ရှစ်ခြောက်။ နှစ်ထောင့်ဆယ့်
ငါး။ ရှစ်လေးလုံး။ ဂဏန်းများ။ ဂဏန်းများ။ ပူပင်ရတဲ့ကိန်းဂဏန်းများ။

နွေရာသီရောက်လာပြီဖြစ်ပါ၍ မီးကို အထူးသတိပြုကြပါရန်။ အပူရှိန်တိုး
လာသဖြင့် အေးရာအေးကြောင်းရှာထားကြပါရန်။ စိုးရိမ်ပူပန်ရေးကော်
မရှင်က သတိပေးလိုက်ရပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, December 5, 2012

ရောဂါ


မြန်မာစစ်အုပ်စုမှာ လုံးဝနားမလည်နိုင်တဲ့ ဝေါဟာရ သုံးခုရှိတယ် ။
တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှု။ ဒါတွေကို နားမလည်နိုင်
တာဟာ အာဏာရှင်ရောဂါ။

ဗိုလ်သိန်းစိန်အစိုးရက အရင်အစိုးရတွေနဲ့မဆိုင်ဘူးလို့တတွတ်
တွတ်ပြောနေတယ်။ သူတို့က အာဏာရှင်မဟုတ်ဘူးလို့ ဆိုလိုချင်
ပုံရတယ်။ တဘက်မှာတော့ အရင်အစိုးရတွေရဲ့ ပြစ်မှုကျူးလွန်မှု
တွေကို အကာအကွယ်ပေးနေတယ်။ ပြည်သူ့ဆန္ဒအတိုင်း အလုပ်
လုပ်မယ်လို့ကြွေးကြော်နေပေမဲ့ လက်တွေ့ဘ၀မှာပြည်သူ့ဆန္ဒ
တွေက ချေမှုန်းခံနေရတယ်။ မလှမ့်တပတ်လုပ်ခံနေရတယ်။

ပြည်သူလူထုနဲ့ဆက်ဆံရေးမှာ တရားမျှတမှုတွေ ရှိမလာဘူး။ တိုင်း
ရင်းသားတွေနဲ့ဆက်ဆံရေးမှာ တန်းတူညီမျှမှုကို လုံးဝထည့်မစဉ်း
စားသေးဘူး။ လွတ်လပ်မှုကိစ္စမှာတော့ လျှော့လျှော့ပေါ့ပေါ့လုပ်
လာတာတွေ့ရတယ်။ ဒါကလည်း ယာယီလား။ ထာဝစဉ်လား။ အစစ်
အမှန်လား။ အတုအယောင်လားဆိုတာ စောင့်ကြည့်ရဦးမယ်။

အာဏာရှင်ရောဂါက စစ်အုပ်စုတခုထဲမှပဲ ရှိနေတယ်လို့ တထစ်ချပြော
လို့မရဘူး။ အာဏာရှင်စံနစ်ကို ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေ
ထဲမှာလည်း ဒီရောဂါလက္ခဏာတွေကို မြင်နေရတယ်။ ဒီရောဂါစွဲကပ်ပြီ
ဆိုရင် ပျောက်ဖို့သိပ်ခက်တယ်။ တချို့ကလည်း ရောဂါရှိနေလို့ရှိနေမှန်း
မသိဘူး။ တချို့ကတော့ ရောဂါရှိမှန်းသိပေမဲ့ မရှိချင်ယောင်ဆောင်ကြ
တယ်။ အဲဒါနဲ့ပဲ မြန်မာပြည်မှာ အာဏာရှင်သံသယာ လည်နေတယ်။

ဒီမိုကရေစီဆိုတာ မြန်မာပြည်သူတွေအတွက် တခါမှမစားဖူးတဲ့ အစား
အစာတခုပဲ။ ဦးနုခေတ်တုန်းက ဒီမိုကရေစီ ရှိခဲ့ဖူးတယ်ဆိုပေမဲ့ အထိုင်
မကျခင်မှာပဲ ( ဒီမိုကရေစီဆိုတာ ချိုသလား၊ ချဉ်သလား မသိရခင်မှာပဲ)
စစ်အာဏာရှင်အောက် ရောက်သွားခဲ့တာမဟုတ်လား။ မြန်မာပြည်သူ
တွေ ကျကျနနစားဖူးတာက အာဏာရှင်စံနစ်။ ဒီအဟာရဓါတ်နဲ့ပဲရှင်
သန်ခဲ့ရတယ်။ အခုလည်း ဒီမိုကရေစီကို အကောင်အထည်ဖေါ်မယ်
ဆိုတဲ့ ဗိုလ်သိန်းစိန်တို့အုပ်စုကိုယ်တိုင်က စစ်အာဏာရှင်လူထွက်တွေ။

ဘိန်းစွဲ၊ ဆေးစွဲ၊ အရက်စွဲသူတွေ ဖြတ်တဲ့အခါ တော်တော်ဝရုန်းသုန်းကား
ဖြစ်တယ်။ တချို့ က ဖြတ်တုန်းခဏပဲ ပြတ်တယ်။ တချို့ကတော့ လုံးလုံး
ပြတ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြတ်ချင်တဲ့စိတ်ရှိဖို့က ပထမအရေးကြီးတယ်။
ဗိုလ်သိန်းစိန်အစိုးရဟာ အာဏာရှင်အစွဲကို တကယ်ပဲဖြတ်ချင်နေတာလား
ဆိုတာ အသိရခက်တယ်။ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား မရှိဘူး။
ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဒါပေမဲ့လည်း အစွဲဖြတ်ဖို့ဆေးရုံကိုတော့ရောက်
လာပြီ။ ၀ရုန်းသုန်းကားတွေလည်း မြင်နေရပြီ။ တကယ်ပြတ်အောင် ဖြတ်
ဖို့ပဲ လိုတယ်။

အမြစ်ပြတ်အောင် ဖြတ်နိုင်ဖို့က ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။
တွန်းတဲ့သူကလည်း တွန်း။ ဆွဲတဲ့သူကလည်း ဆွဲ။ နှဲ့တဲ့သူကလည်း နှဲ့။
မတဲ့သူကလည်း မ။ အတွန်းချည်း သက်သက်လည်း မဖြစ်ဘူး။ အဆွဲချည်း
သက်သက်လည်း မဖြစ်ဘူး။ ဒေါ်စုက သမ္မတကြီးကို ယုံတယ်လို့ပြောတိုင်း
တတိုင်းပြည်လုံး လိုက်ပြီးယုံစရာ မလိုဘူး။ NLDက စစ်အုပ်စုဖွဲ့စည်းပုံကို
ထောက်ခံတိုင်း တတိုင်းပြည်လုံး လိုက်ပြီးထောက်ခံစရာ မလိုဘူး။ ကိုယ့်
အသိနဲ့ကိုယ်လွတ်လွတ်လပ်လပ် ရပ်တည်တဲ့အကျင့်တွေ စပြီးလေ့ကျင့်
သင့်ပြီ။

တခါမှ မစားဖူးတဲ့အစာ။ တခါမှ မရောက်ဖူးတဲ့ဒေသ။ တခါမှ မကျင့်သုံးဖူး
တဲ့စံနစ်တခုကို အသားကျအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့လည်း ကောင်းချင်ရင်တော့ အနာခံပြီးရောဂါပျောက်အောင် ကုသ
ရလိမ့်မယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်တွေဟာ တိုးတက်ထွန်းကားလာခဲ့တယ်။
ခပ်ပျော့ပျော့ ခပ်ညံ့ ညံ့တွေ များနေရင်တော့ ရောဂါပျောက်ဖို့ မလွယ်ဘူး။
ပျောက်လည်း ခဏပဲဖြစ်လိမ့်မယ်။ အာဏာရှင်ရောဂါကို ပျောက်အောင်
ကုသနိုင်မယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေ မျက်နှာချင်း
ဆိုင်မိကြလိမ့်မယ်။

တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှုဆိုတာတွေက အာဏာရှင်ရော
ဂါကို ပျောက်ကင်းစေမယ့်ဆေးပဲ။ ဒီသုံးချက်က မြန်မာပြည်သူတွေအတွက်
ဒို့တာဝန်အရေးသုံးပါးလို့တောင် ဆိုရလိမ့်မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, November 30, 2012

သမ္မဒဂျီးအတွက် အခွင့်ကောင်း















လက်ပံတောင်းသပိတ်ဖြိုခွဲမှုက ပြည်သူလူထုကို သွေးဆူစေခဲ့ပြီ။ အနာဟောင်း
တွေကို ပြန်ဆွပေးခဲ့ပြီ။ မြန်မာလူထုဟာ အချိုးမပြောင်းနိုင်တဲ့စစ်အုပ်စုကို ဘယ်
လိုပုံစံမျိုးပဲဖြစ်ဖြစ် မုန်းနေဦးမှာပဲ။ ပြည်သူလူထုအတွက် မရပ်တည်ပဲ စစ်ခေါင်း
ဆောင်တွေနဲ့ တရုတ်အစိုးရအတွက် ရပ်တည်နေသရွေ့ ပြည်သူနဲ့အစိုးရဟာ ရန်ဘက်အသွင်ဆောင်နေလိမ့်မယ်။

ဒုက္ခမျိုးစုံကြောင့် ထပ်ပြီးအထိမခံနိုင်လောက်အောင် နာကျင်စုတ်ပြတ်နေတဲ့
မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ဆက်ဆံမှုက နွေးထွေးကျင်နာမှု။
သာယာအေးချမ်းမှု။ ပြေလည်ငြိမ်းချမ်းမှု။ ဖေါ်ရွေလိုလားမှု။ အားပေးကူညီမှု။
ဒါကို မလုပ်ပေးနိုင်ရင် ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ( ဒေါ်စုမကလို့ ဘိုးဘိုး
အောင်ပဲ လာလာ ) မြန်မာပြည် အဆင်မပြေနိုင်ဘူး။

ဦးပိုင်လီမီတက်ကို ဆက်ပြီးရှင်သန်ခွင့်ပေးထားတာ သမ္မဒဂျီးအတွက် အမှား။
မြွေပွေးခါးပိုက် ပိုက်ထားတာပဲ။ ဦးပိုင်ရှိနေသရွေ့ လူထုရဲ့ဒေါသက ငြိမ်နေမှာ
မဟုတ်။ ဦးပိုင်ကို မြန်မြန်ရှင်းလိုက်လေ လူထုရဲ့ဒေါသ ငြိမ်လေလေပဲ။ သမ္မဒ
ဂျီးက ဦးပိုင်ကို ရှင်းနိုင်တဲ့အခြေအနေရှိရဲ့လား။ ဦးပိုင်ကို အမြန်ရှင်းလိုက်ရင်
သမ္မဒဂျီး နာမည်တက်ကိန်း ကြုံလတ္တံ့။

တရုတ်ဟာ အိမ်နီးချင်းဖြစ်ယုံတင်မက အင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတာ လူ
တိုင်းသဘောပေါက်တယ်။ ဒီလိုနိုင်ငံနဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်ဆိုတာ
လည်း လူတိုင်းသဘောပေါက်တယ်။ ဒါပေမဲ့ တိုင်းပြည်ပျက်နေတုန်း ပေါချောင်
ကောင်းစံနစ်နဲ့ ရှေ့မကြည့်နောက်မကြည့် စစ်အုပ်စုတခုထဲအတွက်ပဲကြည့်ပြီး တရုတ်နဲ့လုပ်ခဲ့တဲ့ကိစ္စတွေကိုတော့ ပြည်သူတွေက လက်မခံနိုင်ဘူး။

စစ်အစိုးရကာလမှာ ပြောခွင့်မသာခဲ့လို့အခုလို ပေါ်ပေါ်တင်တင် မကန့်ကွက်
ခဲ့ကြဘူး။ (ဒါတောင် တတ်နိုင်သမျှ ပြောခဲ့ကြပါသေးတယ်) သမ္မဒဂျီးလက်ထက်မှာ
ဒီမိုကရေ စီမယ်ဆိုလို့၊ ဆန္ဒထုတ်ဖေါ်ခွင့် ရှိတယ်ဆိုလို့ ဆန္ဒတွေကိုဖေါ်ထုတ်ခဲ့
ကြတာ။ ပြည်သူ့ဆန္ဒဆိုတဲ့စကားနဲ့ နာမည်ကောင်းရလာတဲ့သမ္မဒဂျီးက ရထား
တဲ့နာမည်ကောင်းလေးကို ဆက်ပြီးထိမ်းထားနိုင်ရင် အခုထက်ပိုပြီး လူချစ်လူခင်
များလတ္တံ့။

သမ္မဒဂျီးသိထားဖို့က မြန်မာပြည်သူတွေဟာ ဆန္ဒပြရေးမှာပျော်ရွှင်သာယာနေ
တတ်တဲ့သူတွေ မဟုတ်ဘူးဆိုတာပဲ။ ထစ်ခနဲရှိ ဆန္ဒထပြချင်တဲ့သူတွေ မဟုတ်
ဘူးဆိုတာပဲ။ ကိုယ့်ရှိတာနဲ့ကိုယ် အေးအေးနေချင်ကြတဲ့သူတွေ။ ဆန္ဒပြကန့်
ကွက်တယ်ဆိုရင် ဖြိုခွဲနှိမ်နင်းရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ဉာဉ်ဆိုးကို သမ္မဒဂျီးလက်
ထက်မှာ အမြစ်ဖြတ်ပြလိုက်ရင် စစ်မှန်တဲ့သာဓုခေါ်သံတွေ ကြားရလတ္တံ့။

တိုင်းပြည်တိုးတက်ဖို့လိုတာ မှန်တယ်။ ဒါပေမဲ့ ရှိစုမဲ့စု သဘာဝသယံဇာတတွေ
ချွတ်ခြုံကျပြီးမှ တိုးတက်ရမယ့်အဖြစ်မျိုးကိုတော့ မြန်မာပြည်သူတွေက မလို
လားကြဘူး။ စစ်တပ်အုပ်ချုပ်စဉ်ကာလက တရုတ်နဲ့ပဲဖြစ်ဖြစ်၊ ကုလားနဲ့ပဲဖြစ်
ဖြစ်၊ မျက်နှာဖြူနဲ့ပဲဖြစ်ဖြစ်။ ဖြစ်ကတတ်ဆန်းလုပ်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီးစေမယ့် လုပ်ငန်းတွေကို သမ္မဒဂျီးလက်ထက်မှာ အမြန်ဆုံး ရပ်နိုင်
သလောက် ရပ်။ လက်လွန်နေပြီဆိုရင်လည်း အဲဒီလုပ်ငန်းတွေကရတဲ့ အမြတ်
အစွန်းတွေကို ပြည်သူတွေဆီ အမြန်ဆုံးရောက်အောင် လုပ်ပြ။ ပြည်သူ့ဆန္ဒ
မပါပဲ နောက်တခါ ဘယ်တော့မှ ထင်တိုင်းမကျဲတော့ပါဘူးလို့ အာမခံ။ ဒါဆို
ရင် သမ္မဒဂျီးကို အချစ်ပိုမယ့်သူတွေ တိုးလာလတ္တံ့။

သိပ်ပြီး နောက်မကျသေးပါဘူး သမ္မဒဂျီး။ အခုလိုပြည်သူတွေ သွေးဆူနေတဲ့
ကာလဟာ သမ္မဒဂျီးအတွက် အချိန်အခါကောင်းပါ။ ဒီအချိန်မှာပဲ သမ္မဒဂျီးတို့
ရဲ့အကျင့်ဆိုး၊ စရိုက်ဆိုးတွေကို မျက်ဝါးထင်ထင် ပြုပြင်ပြောင်းလဲလိုက်ကြမယ်
ဆိုရင် ။ မတရားသဖြင့်လုပ်ခဲ့ကြသူတွေကို အရေးယူလိုက်မယ်ဆိုရင်။ အရင်က
ကျွန်တော်မျိုးကြီးတို့ မှားခဲ့ကြပါတယ်လို့ ၀န်ခံလိုက်ကြမယ်ဆိုရင်။ နောက်
နောင် ပြည်သူ့ဆန္ဒအတိုင်း အပိုးကျိုးကျိုးနဲ့ နေထိုင်လုပ်ကိုင်ပါ့မယ်လို့ ကတိ
ပေးကြမယ်ဆိုရင်။ ကောင်းကျိုးချမ်းသာ ရလတ္တံ့။

မြန်မာပြည်သူတွေက သဘောကောင်းပါတယ် သမ္မဒဂျီး။ လုပ်စရာရှိတာ
အမြန်လုပ်ပါ။ အခွင့်ကောင်းတွေကို လက်လွတ်မခံပါနဲ့။ အသက်လည်း
ကြီးလှပြီ။ ဘ၀ကူးကောင်းအောင် အာရုံထားပြီး အလုပ်လုပ် ။ ဒါပဲ ။

( ရုပ်ပုံ ၊ ဂူဂလ် )

Thursday, November 29, 2012

ရွှေနိုင်ငံ














ဗ လိုလို
မ လိုလို
ဗ မှန်းမသိ
မ မှန်းမသိ
ဗ လား
မ လား မကွဲ
နှစ်လုံးထဲနဲ့ကပ်ရှုပ်
ဗလုံးဗထွေးနဲ့
မမျိုနိုင် မထွေးနိုင်
နင် နေတဲ့နိုင်ငံ ။

ဗမာအစ
တကောင်းကလိုလို
ကျောက်ဆည်ကလိုလိုနဲ့
လေနဲ့ဝမ်းနဲ့မကွဲတဲ့နိုင်ငံ ။

အင်္ဂလိပ်တင်မက
ဂျပန်ပါ သိမ်းပိုက်တာခံရ
အချင်းချင်း အုပ်ချုပ်ပြန်တော့လည်း
စစ်သားတွေနဲ့အလိုမတူပဲ ညားခဲ့ရ
ပြည်တွင်းစစ်နဲ့ညားခဲ့ရ
ဆိုရှယ်လစ်နဲ့ညားခဲ့ရ
သမ၀ါယမနဲ့ ညားခဲ့ရ
မှောင်ခိုနဲ့ ညားခဲ့ရ
ပါတီ ကောင်စီနဲ့ ညားခဲ့ရ
ထောက်လှန်းရေးနဲ့ ညားခဲ့ရ
အာဏာရှင်နဲ့ ညားခဲ့ရ ။

တိုင်းရင်းသားလည်း ခပ်များများ
တရုတ်၊ ကုလားလည်း ခပ်များများ
ရိုဟင်ဂျာလိုလို
ဘင်ဂါလီလိုလို
ခေါ်တောလိုလို
ချစ်တီးလိုလို
ဟိုလိုလို ဒီလိုလိုတွေကလည်း ခပ်များများ ။

ဘုရားသခင်တွေလည်း များ
ဘုန်းကြီးတွေလည်း များ
နတ်ကတော်တွေလည်း များ
ဆပ်စရာ အကြွေးလည်း များ
လူလိမ်တွေလည်း များ
အနေကျပ် အသေကျပ်တွေလည်း များ
ခပ်များများတွေနဲ့ ဗျာများနေရှာတဲ့
ခပ်ရှုပ်ရှုပ်တိုင်းပြည်ပါ ။

မိဘမဲ့
လယ်ယာမဲ့
အိုးမဲ့အိမ်မဲ့
အလုပ်လက်မဲ့
အနာဂတ်မဲ့
အဓိပ္ဗါယ်မဲ့
ကာရံမဲ့
နိုင်ငံမဲ့
ခပ်မဲ့မဲ့တွေလည်းပေါ ။

ဒုက္ခသည်
လူကုန်သည်
ဘိန်းကုန်သည်
ကျွန်ကုန်သည်
ဖါကုန်သည်
မယားကုန်သည်
လိပ်ကုန်သည်
တောက်တဲ့ကုန်သည်
ကုန်အောင် သည်တဲ့
ကုန်သည်တွေလည်းပေါ ။

လူပွဲစား
ကားပွဲစား
စပါးပွဲစား
နွားပွဲစား
ဒေါ်လာပွဲစား
ပေါ်တာပွဲစား
ငြိမ်းချမ်းရေးပွဲစား
ဒုက္ခသည်ပွဲစား
ဓါတ်ငွေ့ပွဲစား
သစ်တောပွဲစား
နိုင်ငံရေးပွဲစား
ပွဲဖြစ်အောင်လုပ်ပြီး စားတဲ့သူလည်းပေါ ။

ကဗျာဆရာ
ဗလီဆရာ
ကျူရှင်ဆရာ
အန်ဂျီအိုဆရာ
ဝပ်ရှော့ဆရာ
မြင်းလှည်းဆရာ
လူ့အခွင့်အရေးဆရာ
ဆိုက္ကားဆရာ
နိုင်ငံရေးဆရာ
ဗေဒင်ဆရာ
သိုက်ဆရာ
ဆရာတွေလည်း သိပ်ပေါ ။

ဓါးပြလောက်မှ မရိုးသားသူတွေက
အစိုးရတက်လုပ်
ထောက်ခံသူတွေကလည်း ထောက်ခံ
သူ့အရပ်နဲ့ သူ့ဇတ်
ဟပ်လို့ ။

ဒီလူတွေပေါ့
အင်္ဂလိပ်ကို ဗိုလ်လို့ခေါ်
ဂျပန်ကို ခွေးလို့ခေါ်
ဖိလစ်ပိုင်ကို ဖါးလို့ခေါ်
ကိုယ့်ကိုယ်ကိုတော့ ရွှေလို့ခေါ်တယ်
ရွှေတွေနေတဲ့နိုင်ငံဆိုတော့
ရွှေနိုင်ငံပေါ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, November 20, 2012

ကောင်းစားရေး




















( ကောင်းစားသူများ )

အရင်ခေတ်ကတော့ တိုင်းပြည်ကောင်းစားအောင် ဟိုဝါဒကို ကျင့်ရမယ်၊
ဒီဝါဒကို ကျင့်ရမယ်ဆိုပြီး ၀ါဒအပြိုင်အဆိုင်တွေရှိခဲ့တယ်။ ဘယ်စံနစ်က ငါ
တို့နဲ့ကိုက်တယ်။ ဘယ်စံနစ်က မကိုက်ဘူးဆိုပြီး စံနစ်ရွေးချယ်မှုတွေလည်း 
ရှိခဲ့တယ်။ စံနစ်တွေ၊ ၀ါဒတွေဘယ်လိုပဲကောင်းကောင်း သေသေချာချာ
အကောင်အထည်မဖေါ်ရင် အလကားပဲဆိုတာ မြန်မာပြည်သူတွေ သဘော
ပေါက်ခဲ့ပြီ။

တော်လှန်ရေးပဲဖြစ်ဖြစ်။ နိုင်ငံရေးပဲဖြစ်ဖြစ် တကယ်တော့ တိုင်းပြည်ကောင်း
စားရေးကို လုပ်ရတာ။ ပြည်သူတွေကောင်းစားအောင် ကြိုးပမ်းရတာ။ ဒါပေမဲ့
လုပ်ပုံလုပ်နည်း လွဲမှား။ မမှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့လုပ်။ မလုပ်တတ်ပဲ လုပ်။ 
မလုပ်နိုင်ပဲ လုပ်။ မညီမညွတ်နဲ့လုပ်။ စတာတွေကြောင့် တိုင်းပြည်က မကောင်း
စားနိုင်ပဲဖြစ်ခဲ့ရတယ်။ 

မြန်မာ့သမိုင်းတလျှောက်လုံး ဒီလိုအလွဲအမှားတွေနဲ့ ခရီးဆက်လာတာ။ တိုင်း
ပြည် စုတ်ပြတ်သပ်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒီကြားထဲမှာ ကြီးမားတဲ့ သဘာဝ
ဘေးအန္တရယ်တွေနဲ့လည်းကြုံရတော့ ချွတ်ခြုံကျတဲ့နိုင်ငံအဆင့်ထိ ရောက်ခဲ့ရ
တယ်။ တိုင်းပြည်က ချွတ်ခြုံကျပြီး မကောင်းစားပဲ သူတောင်းစားနိုင်ငံအဖြစ်
ရောက်နေတယ်ဆိုပေမဲ့ ပွဲလန့်တုန်းဖျာခင်းတဲ့လူတွေကတော့ ကောင်းစား
ကုန်ကြတယ်။ သူဌေးသူကြွယ်တွေ ဖြစ်ကုန်ကြတယ်။ အုပ်ချုပ်သူအတော်များ
များနဲ့ပုလင်းတူဗူးဆို့တွေက ကျိကျိတက်ချမ်းသာကုန်ကြတယ်။

စစ်အုပ်စုကို ဆန့်ကျင်တဲ့အင်အားစုတွေမှာလည်း ဒီလိုအလွဲအမှားတွေလုပ်တဲ့
သူတွေရှိတယ်။ စစ်အုပ်စုလောက် အရေအတွက်မများပေမဲ့ ဒီမိုကရေစီဘက်
တော်သားဆိုသူအချို့ကောင်းစားကုန်တယ်။ တိုင်းပြည်ကောင်းစားရေးဆိုတဲ့ ဦး
တည်ချက် အစကတည်းက မရှိလို့လား။ ရှိရဲ့နဲ့ ပျောက်သွားတာလား။ မေ့သွား
တာလား။ ဖျောက်လိုက်တာလား။ မေ့လိုက်တာလားဆိုတာ ကာယကံရှင်တွေ 
အသိဆုံးဖြစ်မယ်။ အများပြည်သူ မကောင်းစားရင် မှန်ကန်တဲ့နိုင်ငံရေး မဟုတ်။

( ဘယ်သူကောင်းစားဦးမလဲ) 

မြန်မာနိုင်ငံမှာ စစ်အုပ်စုကို ဆန့်ကျင်တဲ့အင်အားစုတွေအားလုံး အရေးနိမ့်ကြ
တယ်။ စစ်အုပ်စုပဲ အမြဲအသာစီးရတဲ့တိုင်းပြည် ဖြစ်နေတယ်။ ဒါဟာ စစ်အုပ်စု ဆန့်ကျင်ရေးသမားတွေအတွက် ခါးသီးတဲ့ အမှန်တရား။ စစ်အုပ်စုအတွက်တော့ 
ချိုမြိန်တဲ့ အမှန်တရားပေါ့။ ဒီမိုကရေစီကို တောင်းယူလို့မရ ၊ တိုက်ယူမှ ရမယ်လို့
ဆိုခဲ့သူတွေလည်း စစ်အုပ်စုနဲ့ပေါင်းယူကြဖို့လုပ်ကုန်ပြီ။

အခုလည်း ဒီမိုကရေစီအပြောင်းအလဲဆိုတာကို စစ်အုပ်စုကပဲ ဦးစီးထိမ်းချုပ်ပြီး အကောင်းအထည်ဖေါ်နေတယ်။ တိုင်းပြည်ကောင်းစားအောင် ဘယ်တုန်းကမှ 
မလုပ်ခဲ့တဲ့ စစ်အုပ်စု။ ဒီမိုကရေစီရေး တောင်းဆိုသူမှန်သမျှကို ရက်ရက်စက်စက် 
နှိပ်ကွပ်ခဲ့တဲ့စစ်အုပ်စုက သူတို့စိတ်ကြိုက် ဒီမိုကရေစီကို တည်ဆောက်ဖို့လုပ်နေ
တယ်။ 

ဒီတခါမှာတော့ ဒီမိုကရေစီအင်အားစုတွေ အများစုက စစ်အုပ်စုခေါ်ရာနောက်ကို အသာတကြည်လိုက်ပါနေကြတယ်။ တော်တော်များများကလည်း အကောင်းမြင်
တယ်။ နိုင်ငံတကာကလည်း ဘေးတီးပေးတယ်။ စစ်အုပ်စုအစိုးရကို မြှောက်ပေး
တယ်။ သူတို့ကိုဆန့်ကျင်နေရင် တိုင်းပြည်ပိုနစ်နာတာပဲ ရှိမယ်လို့ သဘောပေါက်
သူက ပေါက်တယ်။ ဒီမိုကရေစီသမားတွေလည်း အစွမ်းကုန်သလောက်ရှိပြီ။ ခြေ
ကုန်လက်ပမ်းကျပြီ။ အလားအလာ မကောင်းဘူး။ စစ်အုပ်စုက မောင်မောင်ခေါ်တုန်း
ဗျာ ထူးထားမှတော်ခါကျမယ်လို့တွက်တဲ့သူက တွက်တယ်။ ဒီတကြိမ်မှာ ဘယ်သူ
တွေကောင်းစားကြလိမ့်မလဲ။ 

( သူတောင်းစားတွေ ကောင်းစားရေး )

မြန်မာပြည်ကအခြေအနေတွေကို တချို့ကတော့ မုန့်လုံးကို စက္ကူကပ်နေတယ်လို့ 
မြင်တယ်။ ခွေးမြီးကောက်ကို ကျည်တောက်စွပ်နေတယ်လို့ မြင်တယ်။ တချို့က
တော့ ပြည်သူတွေကောင်းစားအောင် ဒီတကြိမ် တကယ်လုပ်ကြလိမ့်မယ်လို့မြင်
တယ်။ တချို့ကတော့ ဟုတ်မလိုလိုနဲ့ အီလည်လည်ဖြစ်ကြလိမ့်ဦးမယ်လို့တွက်
တယ်။ တချို့ကလည်း လမ်းခုလတ်မှာ စစ်အာဏာသိမ်းလိမ့်ဦးမယ်လို့ခန့်မှန်း
တယ်။ တချို့ကလည်း ဒေါ်စုအစွမ်းကြောင့် စစ်အုပ်စုဟာ ကျားကနေ ကြောင်ဖြစ်
လာမယ်လို့ ထင်တယ်။ တချို့ကလည်း  ကျားကနေ ကြောင်ဖြစ်သွားတာ ဒေါ်စု
လို့ပြောကြတယ်။ တချို့ကတော့ မြန်မာပြည်ကို အမေရိကန်လက်ထဲ ထိုးအပ်
လိုက်တာ အကောင်းဆုံးပဲလို့ ယူဆတယ်။ (အခုလည်း ဒီအခြေအနေ ရောက်
နေပါပြီ)

တိုင်းပြည်တခု ကောင်းစားအောင်လုပ်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ လူ
တိုင်းသဘောပေါက်တယ်။ ဒါပေမဲ့လည်းလွတ်လပ်ရေးရပြီးကတည်းက ပြည်သူ
တွေ ကောင်းစားတဲ့ခေတ် တခါမှရောက်မလာပဲ သူတောင်းစားသာသာဖြစ်နေ
တာကတော့ လွန်လွန်းတယ်လို့ဆိုရမယ်။ ညံ့လွန်းတယ်လို့ဆိုရမယ်။ တိုင်းပြည်
ကောင်းစားရေးကိစ္စက စစ်အုပ်စုတင်မကပဲ ပြည်သူလူထုတရပ်လုံးနဲ့ စစ်အုပ်စု 
ဆန့်ကျင်သူတွေမှာပါ တာဝန်ရှိတယ်။ 

အရင်က ကိုယ်နဲ့ မတိမ်းမယိမ်းနိုင်ငံတွေ။ ကိုယ့်လောက်မှ အခြေအနေမဟန်တဲ့
နိုင်ငံတွေ ကိုယ့်ကိုကျော်တက်ကုန်တာ ကြာပြီ။ ဘယ်တော့မှ မြန်မာပြည်သူတွေ
ကောင်းစားတဲ့ခေတ် ရောက်မှာလဲဆိုတဲ့မေးခွန်းအတွက် သေချာရေရာတဲ့အဖြေ
က အခုထိ မရှိသေးဘူး။ လောလောဆယ်မှာတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်
အောက်မှာ လူတစုမက ကောင်းစားနေကြပြီ။ 

( ပန်းချီ ၊ ပီကာဆို )

Tuesday, November 6, 2012

ရွှေပန်းကန်















ဒီကနေ့မြန်မာ့နိုင်ငံရေးလောကမှာ စိုးရိမ်တကြီးဖြစ်နေကြတာက နောက်တကြိမ်
စစ်အာဏာပြန်သိမ်းမယ့်ကိစ္စပဲ။ အဲဒါကြောင့်လည်း လက်ရှိအစိုးရကို အားလုံးက
အလိုလိုက်ပြီး ဆက်ဆံနေကြတယ်။ သူပြောတာကို မဆန့်ကျင်ရဲဘူး။ သူခေါ်ရာ
နောက်ကို ခပ်ညိမ်ညိမ်လေး လိုက်နေကြတယ်။ အတိုက်အခံတွေကရော၊ ကုလ
သမဂ္ဂနဲ့နိုင်ငံတကာကရော ဗိုလ်သိန်းစိန်အစိုးရကို ခပ်ဖွဖွလေး ဆက်ဆံနေကြ
တယ်။ ညင်ညင်သာသာနဲ့လုပ်မှဖြစ်မယ်၊ မြန်မာ့အရေးက အခုအချိန်မှာ သိပ်ပြီး သိမ်မွေ့နုညံ့တယ်လို့လည်း တဖွဖွပြောဆိုနေကြတယ်။ ဒီလိုလုပ်နေကြတာက
တိုင်းပြည်အတွက် ဒီထက်ကောင်းတဲ့နည်းလမ်း မရှိတော့လို့လား။

အထိမခံ ရွှေပန်းကန် ဗိုလ်သိန်းစိန်အစိုးရက နောက်ကြောင်းပြန်မလှည့်ဘူးလို့
ဆိုထားပေမဲ့လည်း အားလုံးက နောက်ကြောင်းပြန်လှည့်မှာကိုပဲ စိုးရိမ်နေကြတယ်။
အခြေအနေတွေကအခုထိ စိတ်မချရသေးဘူးလို့ပြောနေကြတယ်။ ဖြစ်ပျက်နေတဲ့
အခြေအနေတွေကို မယုံတာလား။ ဗိုလ်သိန်းစိန်အစိုးရကို မယုံတာလား။ နှစ်ခုလုံး
ပဲလား။

ကချင်ကိစ္စ။ ရခိုင်ကိစ္စ။ လယ်သိမ်းယာသိမ်းကိစ္စတွေက မြင်လို့မကောင်းဘူး၊ ကြား
လို့မကောင်းဘူးဆိုပေမဲ့ ပြောသင့်ပြောထိုက်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက
ထိထိရောက်ရောက် မပြောကြဘူး။ ပြဿနာပြေလည်ရေးအတွက်လည်း တာဝန်
သိသိ လုပ်ကိုင်ဖြေရှင်းတာတွေ မရှိကြဘူး။ ပြည်သူတွေငြိုငြင်မှာထက် အစိုးရရဲ့
အငြိုအငြင်ကို ပိုစိုးရိမ်လို့လား။

ဗိုလ်သိန်းစိန်အုပ်စုလုပ်သမျှ ဘာမှမဝေဖန်ပဲ လွှတ်ပေးထားတာက သူတို့လုပ် 
သမျှထောက်ခံတဲ့သဘော သက်ရောက်နေတယ်။ စစ်အစိုးရအုပ်ချုပ်တာထက် 
ပိုကောင်းနေတာကို သွားဝေဖန်ရင် မိုက်ရာကျလေမပေါ့လို့ဆိုကြတယ်။ အစိုးရ
ရဲ့ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဟန့်တားသလို မဖြစ်စေနဲ့လို့လည်း
သတိပေးကြတယ်။ ဆိုးရာကနေ ကောင်းလာတဲ့သူတွေကို ပိုကောင်းအောင်
အားပေးရမယ်။ ထောက်ခံရမယ်။ ဒါဟာ တိုင်းပြည်မှာကြုံနေတဲ့နိုင်ငံရေးအကျပ်
အတည်းကနေ အငြိမ်းချမ်းဆုံးထွက်နိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းတခုဖြစ်တယ်
လို့လည်း ဆိုကြပြန်တယ်။ စစ်ဗိုလ်လူထွက်အစိုးရကို ဘယ်လောက်အထိ အလို
လိုက်ကြမှာလဲ။ နောက်ထပ် အချိန်ဘယ်လောက်ယူကြဦးမလဲ။ ၂၀၁၃တော့
ရောက်လာပြီ။

တဘက်မှာကလည်း လာမယ့်၂၀၁၅အိပ်မက်က ကိုယ်စီကိုယ်စီ ရှိနေကြပြန်တယ်။
၂၀၁၅ရွေးကောက်ပွဲအတွက် အစိုးရမှာလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပါပဲ။ ကြံ့
ဖွတ်လည်း ကြံ့ဖွတ်အလျှောက်။ NLDလည်း NLDအလျှောက်။ တိုင်းရင်းသားက
လည်း တိုင်းရင်းသားအလျှောက်။ မျှော်လင့်ချက်တွေ၊ တွက်ကိန်းတွေနဲ့။ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာ မဲလိမ်ပြီးတက်လာတဲ့ စစ်အုပ်စုအစိုးရက ၂၀၁၅ရွေးကောက်ပွဲကို
တကယ်ပဲ လွတ်လပ်မျှတအောင်လုပ်ပါ့မလား။

စစ်အစိုးရလက်ထက်တုန်းကလည်း စစ်ခေါင်းဆောင်တွေကို ဘယ်သူကမှ မထိ
ရဲ မတို့ရဲ။ မထိနိုင် မတို့နိုင်။ စစ်ဗိုလ်လူထွက် ဗိုလ်သိန်းစိန်အစိုးရကိုလည်း ဘယ်
သူကမှ မထိရဲ မတို့ရဲ။ အထိမခံ ရွှေပန်းကန်နိုင်ငံရေးဇတ်လမ်းမှာ ထိတိုင်း ခံနေရ
တာကတော့ ထုံးစံအတိုင်း ပြည်သူတွေပါပဲ။ ဖွင့်ဖြိုးတိုးတက်ရေး။ ပြုပြင်ပြောင်းလဲ
ရေး။ ပွင့်လင်းမြင်သာရေး။ လွတ်လပ်ပွင့်လင်းရေး။ ဒီမိုကရေစီရေး။ တန်းတူရေး။
စတဲ့ ကြွေးကြော်သံတွေ၊ ခေါင်းစဉ်တွေအောက်မှာ မြန်မာပြည်သူအများစုကတော့
အရင်ကအတိုင်း မျက်ကလူးဆန်ပျာ။

“မတန်ရင် ပန်းကန်ခွဲ”လို့ ရေးထားတဲ့ထမင်းဆိုင်တခုမှာ စားဖူးတယ်။ အ၀စား
ငါးကျပ်ခေတ်ကပေါ့။ ဘယ်သူမှ ပန်းကန်ခွဲသွားတယ်လို့ မကြားမိဘူး။ တန်လို့
ဖြစ်လိမ့်မယ်။ ဒီနေ့မြန်မာ့နိုင်ငံရေးလောကမှာ အဲဒီထမင်းဆိုင်လို ကြွေးကြော်
နိုင်မယ့်သူ တယောက်မှ မမြင်မိဘူး။ အထိမခံ ရွှေပန်းကန်တွေ သိပ်များနေလို့
ဖြစ်လိမ့်မယ်။ တန်လို့တော့ မဖြစ်နိုင်ဘူး။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, October 5, 2012

ဘိုးတော်လိမ်















သွေးရိုးသားရိုးအခြေအနေမှာ အစိုးရဆိုတာ ပြည်သူတွေရဲ့ယုံကြည်အားထား
မှုနဲ့ ဖြစ်လာတဲ့အရာ။ မြန်မာပြည်မှာက သွေးရိုးသားရိုးအခြေအနေ မဟုတ်။
အစိုးရဖြစ်လာပြီးမှ အများပြည်သူရဲ့ယုံကြည်အားထားမှုကို ရအောင်ကြိုးစား
နေရတယ်။

ဒီမိုကရေစီဆိုတဲ့ဘောင် မ၀င် ၀င်အောင်ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖြစ်ခဲ့
တယ်ဆိုပေမဲ့ မဲလိမ်မဲခိုးပြီး အာဏာယူထားတယ်ဆိုတာ လူတိုင်းအသိ။ ဒီလို
လူလိမ်လူညစ်တွေကို ယုံကြည်အားကိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ။ ဒါပေမဲ့
ဖြစ်နိုင်အောင်ကြိုးပမ်းရမှာက ကလိမ်ကကျစ်အစိုးရရဲ့ အလုပ်။  သူတို့
ဘယ်လိုကြိုးပမ်းနေကြသလဲ ။ ပြည်သူတွေကရော ဘယ်လိုတုန့်ပြန်နေကြ
သလဲ။

ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်တော့မယ်လို့ သမ္မတမင်းက ဆိုတယ်။
ပြည်သူတွေ ခေါင်းထောင်လာတယ်။ ဒေါ်စုအပါအ၀င် နိုင်-ကျဉ်းအတော်များ
များလွှတ်ပေးတယ်။ ဒေါ်စုနဲ့သမ္မတလင်မယား ထမင်းစားပြတယ်။ ပြည်သူတွေ
မျက်ခုံးပင့်လာတယ်။ ဒေါ်စုနဲ့ တူတာတွေ တွဲလုပ်ကြမယ်လို့ဆိုတယ်။ ပြည်သူ
တွေ ပါးစပ်ပါ “ဟ”လာတယ်။ ( တကယ်တော့ ဒေါ်စုနဲ့ဘာတွေပြောကြသလဲ
ဆိုတာ အခုထိ ဘာမှမသိရ ။ နိုင်-ကျဉ်းတွေလည်း အကုန်မလွှတ်ပေးသေး )

မြစ်ဆုံအရေးမှာ ပြည်သူတွေကို ပျားရည်နဲ့ဝမ်းချနိုင်ခဲ့တယ်။ ပြည်သူအများရဲ့
ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြစ်ဆုံစီမန်ကိန်းကိုအကန့်အသတ်နဲ့ ရပ်နား
လိုက်တယ်လို့ ဆိုတယ် ။ ကိုရွှေသမ္မတမင်းကို လူတွေစိတ်ဝင်စားသွားတယ်။
သဘောခွေ့သူတွေ ခွေ့ကုန်ကြတယ်။ (တကယ်တမ်းမှာ ပြည်သူတွေက မြစ်
ဆုံစီမန်ကိန်းကို လုံးဝအမြစ်ပြတ် ဖျက်သိမ်းစေချင်တာ)

စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်းချင်းပေးလာတယ်။ ဒါပေမဲ့ ပြည်တွင်း
သတင်းလောကကို အဆင့်ရှိတယ်လို့ မသတ်မှတ်ဘူး။ အရေးမပါတဲ့ မလောက်
လေးမလောက်စားတွေလို ဆက်ဆံတယ်။ ပြည်ပသတင်းဌာနတွေကိုပဲ လူရာ
သွင်းတယ်။ တကယ်တော့ပြည်ပက မြန်မာသတင်းဌာနတွေကလည်း အဆင့်ရှိ
လှတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘူဘူချင်း တစ်ဖြစ်အောင် ထုံးတို့ပြီး ခွဲခြားဆက်ဆံပြ
တယ်။ (သတင်းသမားချင်းအတူတူ ပြည်တွင်းကို သီးသန့်အင်တာဗျူးမပေးဘူး)

ဘင်ဂါလီအရေးမှာ ရခိုင်တွေရဲ့ထောက်ခံမှုကို အမိအရ ယူနိုင်ခဲ့တယ်။ သမ္မတ
ထောက်ခံရေးလှုပ်ရှားမှုတွေအထိ မြင့်လာတယ်။ ရခိုင်ဒေသတင်မက နိုင်ငံအနှံ့
အပြားက ဘင်ဂါလီမုန်းသူတွေရဲ့ထောက်ခံမှုတွေပါ ရလာတယ်။ သမ္မတဂျီးကို
အားကိုးတဲ့သူတွေ ရှိလာတယ် ။ (ဘင်ဂါလီအရေးမှာ သမ္မတဆိုသူပဲ အမြတ်ရ
တယ်)

ဒေါ်စုကို နိုင်ငံခြားထွက်ခွင့်ပေးတယ်။ ဥရောပခရီးမှာ မသိချင်ယောင်ဆောင်တယ်။
အမေရိကန်ခရီးမှာတော့ မသိချင်ယောင်ဆောင်လို့မရတော့ဘူး။ သူတို့ချိုင်မယ့်
ခွင်ကလည်း ကြီးတော့ ဒေါ်စုနဲ့ ကျောခြင်းကပ်ပြတယ်။ မောင်နှမတွေလို နေပြ
တယ်။ ဒေါ်စုကလည်း အလိုတူအလိုပါသဘော ပြောဆိုဆက်ဆံတယ်။ အတိုက်
အခံနဲ့အစိုးရ ခွဲလို့မရအောင် လုံးလားထွေးလားဖြစ်လာတယ်။ (ဒေါ်စုကိုလိုလား
သူတွေထဲမှာတောင်  မျက်ခုံးပင့်ရတဲ့အထိဖြစ်လာတယ်။ စိန်-စု ဆက်ဆံရေးကို
မေးခွန်းတွေထုတ်လာကြတယ်)

တိုင်းရင်းသားတွေနဲ့လည်း သဘောတူညီမှုတွေရအောင် လုပ်လာတယ်။ အရင်က
မရှိတဲ့ဆက်ဆံရေးတွေ ဖြစ်လာတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဗိုက်နာနေ
တာကြာပြီ။ ရသလောက် ယူချင်နေတာကြာပြီ။ ငြိမ်းချမ်းရေးအရောင်ထအောင်လုပ်
လာနိုင်တယ်။ တိုင်းရင်းသားတွေကလည်း နိုင်ငံတော်သမ္မတဂျီးဆိုပြီး ဖြစ်လာတယ်။
အောင်မင်းလွန်ရာမကျဘူး ဖြစ်လာတယ်။ (အစိုးရက တကောင်ကြွေးပြီး နှစ်ကောင်
စားတဲ့အကွက်ကြောင့် တိုင်းရင်းသားအုပ်စုတွေအကြား အကွဲအပြဲပိုများလာတယ်) 

နယ်စပ်အခြေစိုက် ဒီမိုကရေစီအုပ်စုတွေကလည်း အထောက်အပံ့တွေ ပြတ်လာပြီ။ အထောက်အပံ့ပေးသူတွေက ပြည်တွင်းကိုပဲပေးဖို့လုပ်လာပြီ။ လွတ်မြောက်နယ်
မြေတွေလည်း အထဲဝင်ဖို့ပြင်ရပြီ။ နေပြည်တော်သွားမယ်တကဲကဲ လုပ်လာကြတယ်။
အထဲဝင်မှ အထောက်အပံ့ဆက်ရမှာကိုး။  ကိုရွှေသမ္မတကလည်း ပြည်တော်ပြန်တွေ
ကို လက်ခံလာတယ်။ ပြည်တော်ပြန်အချို့ကလည်း မစားရ ၀ခမန်းတွေပြောလာတယ်။
ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပျံကျိုးတို့ တွေ့ကြတယ်။

အရင်တုန်းက လူသတ်သမား၊ ရာဇ၀င်လူဆိုးတဦးက သင်္ဃန်းကို ကမန်းကတန်း
ကောက်ဝတ်ပြီး ဘုန်းကြီးလုပ်လိုက်ရင် ဒီလူကို မြန်မာလူ့အဖွဲ့အစည်းက ဘယ်လို
တုန့်ပြန်သလဲ။ လူလိမ်မာဖြစ်သွားတဲ့ကိုယ်တော်ကြီးဆိုပြီး အကြည်ညို ပိုတတ်
သလား။ အကျွတ်တရားရသူဆိုပြီး သာဓုခေါ်ကြသလား။ မြန်မာတွေကြားမှာ သာ
သနာ့အရေခြုံရင် လုံသလား။ ထွက်ရပ်ပေါက်တယ်၊ အကြားအမြင်ရတယ်ဆိုပြီး
ဟောနေပြောနေတဲ့ ဘိုးတော်၊ ဘွားတော်၊ ဆရာတော်တွေတော့ မြန်မာပြည်မှာ
အတော်များတယ်။ သူတို့နောက်လိုက် သာဝကတွေလည်း အတော်များတယ်။

လူဆိုးသူခိုးကို နေရာကောင်းပေးတတ်တဲ့ လူ့အဖွဲ့အစည်းဟာ အလားအလာရှိတဲ့
လူ့အဖွဲ့အစည်းတော့ မဟုတ်။ လူဆိုးတွေကလည်း သူတို့ဆိုးခဲ့၊ မိုက်ခဲ့တာကို ခွင့်
လွှတ်ပါလို့ တောင်းပန်ကြတာမဟုတ်။ အတိတ်မှာ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ မေ့လိုက်တော့။
အရေးကြီးတာက အခုကောင်းနေရင်ပြီးရောဆိုတဲ့ အယူအဆကို အစိုးရဆိုသူများက
ဈေးပေါပေါနဲ့ ရောင်းချနေပါတယ်။ ရောင်းသူ ၀ယ်သူ သဘောတူတယ်ဆိုရင်တော့
ဈေးပွဲတော်ကြီး စည်းကားပါလိမ့်ဦးမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 17, 2012

ပြောင်းဖူးပြုတ်














စစ်အုပ်စုရဲ့ဥာဉ်ဆိုးက တိုင်းပြည်ကို သူတို့ပိုင်တယ်လို့ယုံကြည်နေတာပဲ။
လွတ်လပ်ရေးရပြီးကတည်းက အရပ်ဝတ်လဲလိုက်၊ စစ်ဝတ်လဲလိုက်နဲ့တချိန်
လုံးလိုလို သူတို့ပဲ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ။

အခုလည်း ဒီမိုကရေစီသွားမယ် လုပ်ပြန်ပြီ။ ငြိမ်းချမ်းရေးလုပ်မယ် ပြောပြန်ပြီ။
ငြိမ်းချမ်းရေးကော်မရှင်ဆိုလား ဖွဲ့ဦးမတဲ့။ သူတို့ပေးမှ ရမယ့်ငြိမ်းချမ်းရေး။
သူတို့ပေးမှ ရမယ့်ဒီမိုကရေစီ။ သူတို့ပေးမှ ရမယ့်လူ့အခွင့်အရေး။ သူတို့
ပြုမှ နုရမယ့်တိုင်းပြည်။

တိုင်းရင်းသားတွေကို အခုချိန်ထိ အပေါ်စီးက ဆက်ဆံနေတုန်း။ ပြောတော့
ငြိမ်းချမ်းရေးညှိနှိုင်းမှု။ လုပ်တော့ ငါပေးသလောက်ပဲယူ။ ဒီမိုကရေစီအင်အားစု
ကိုလည်း ဒီအတိုင်းပဲ။ ဓါးမိုးပြီးအုပ်ချုပ်ခဲ့သူတွေရဲ့ဥာဉ်က မဖျောက်နိုင်သေး
ဘူး။ သေနပ်ကိုင်ပြီး အနိုင်ယူခဲ့သူတွေဆိုတော့ အားလုံးကို သူ့အောက်ကလို့
ထင်တယ်။

ငါတို့က အနိုင်သမား။ နင်တို့က အရှုံးသမား။ ကျားသနားမှ နွားချမ်းသာမယ့်
အရေးလို့ သဘောထားနေတုန်း။ သူတို့က ကျား။ ပြည်သူက နွား။ ဇတ်ကို
သူတို့က ဒီလိုခင်းပြီး ကနေတာ။ အပြောင်းအလဲကို တကယ်လုပ်ချင်ရင် အခြေ
ခံကျတဲ့ အဲဒီ“ကျား ၊ နွားဆက်ဆံရေး”သဘောထားကို အရင်ပြောင်းရလိမ့်မယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့လည်း မလှိမ့်တပတ်လုပ်
ခဲ့ကြသေးတယ်။ တပ်မတော်ပဲ အင်အားရှိလာတယ် ပြည်သူတွေကတော့ ငတ်
မတတ်၊ ပြတ်မတတ်၊ အသက်ရှူကျပ်။ တိုင်းပြည်ကို စစ်တပ်ကပဲ အမြဲကယ်တင်
လာတာဆိုတဲ့ အယူအဆကိုလည်း ပြောင်းရမယ်။ စစ်တပ်ကို စစ်တပ်လို့သဘော
မထားနိုင်သရွေ့။ စစ်တပ်ကို ကယ်တင်ရှင်လို့သဘောထားနေသရွေ့။ ဒီလူတွေ
ဟာ စစ်အုပ်စုထဲက မထွက်သေးဘူး။ အရပ်ဝတ်လဲပြီး အယောင်ဆောင်နေတုန်း။

စစ်ဗိုလ် စစ်သားတွေက အခုချိန်ထိ ပြည်သူတွေကို ဗိုလ်ကျချင်နေတုန်း။ ငါတို့မှာ
အာဏာရှိတယ်လို့ ယုံကြည်နေတုန်း။ လုပ်ပိုင်ခွင့်၊ မိုက်ကြေးခွဲပိုင်ခွင့် ရှိနေတယ်
လို့ယုံကြည်နေတုန်း။ လွှတ်တော်ထဲမှာလည်း ဒီလိုပဲ။ အရပ်ဝတ်ပဲ ပြောင်းထားတာ
စိတ်ဓါတ်နဲ့ အပေါ်စီးကဆက်ဆံမှုတွေ မပြောင်းသေးဘူး။ ယူနီဖေါင်းချွတ်အချင်း
ချင်းကြားမှာကိုပဲ အခုချိန်ထိ အလေးထပြုချင်နေတုန်း။ ကိုယ့်ထက် ကိုယ်ပိုင်နံပတ်
စောတဲ့သူကို အရိုအသေပေးချင်နေတုန်း။ သမ္မတမို့လေးစားတာထက် စစ်တပ်မှာ
တုန်းက ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လို့လေးစားနေကြတာ။ ဒါတွေကိုမပြောင်းနိုင်ကြသေးဘူး။

အခြေခံကျတဲ့၊ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ဓါတ်နဲ့သဘောထားကို မပြောင်းနိုင်
လို့လည်း ဥပဒေတွေက မတရားသဖြင့် ရှိနေတာ။ ဥပဒေတွေကို ပြောင်းလာခဲ့
ရင်တောင် တကယ်ကျင့်သုံးမှ ဖြစ်မှာ။ ဒီမိုကရေစီကျတဲ့ ဥပဒေကျင့်သုံးမှုမရှိသရွေ့
အပြောင်းအလဲဆိုတာ မရှိဘူး။ တကယ့်အပြောင်းအလဲ မဖြစ်ပဲ ဘာကြောင့် ပြောင်း
သဟဲ့ ပြောင်းသဟဲ့လို့ လေဖန်းဒန်းစီး လုပ်နေကြသလဲ။ ပြောင်းချင်လွန်းလို့ဖြစ်နေ
တဲ့ရောဂါပေါ့။

ဆိုရှယ်လစ်ခေတ် ၀န်ထမ်းလောကမှာ ခေတ်စားခဲ့တာ တခုရှိတယ်။ မြို့မှာရှိတဲ့
သူတွေက နယ်တွေကို မပြောင်းချင်ဘူး။ စားပေါက်ချောင်တဲ့သူကလည်း စားပေါက်
မရှိတဲ့နေရာကို (ရာထူးတိုးသည့်တိုင်အောင်) မပြောင်းချင်ဘူး။ မပြောင်းရအောင်
ကြိုးစားကြတဲ့ နည်းတွေထဲမှာ ပြောင်းဖူးတွေကို လက်ဆောင်ပေးတာလည်းပါတယ်။ ပြောင်းဖူးနဲ့ချဉ်ပေါင်နဲ့တွဲပြီး ချက်စားတာလည်းပါတယ်။ သဘောကတော့ (ပြောင်း
ချဉ်ပေါင်) မပြောင်းချင်ဘူးပေါ့။

အဲဒီလို ဗေဒင်လိုလို၊ ယတြာလိုလိုတွေလုပ်လာကြတော့ ခပ်နောက်နောက် အရာ
ရှိတဦးက သူလက်ဆောင်ရတဲ့ပြောင်းဖူးတွေကို ပြုတ်ပြီး လက်ဆောင်ပေးတဲ့
(ယတြာချေတဲ့) သူတွေကို ပြန်ကြွေးပါသတဲ့။ သဘောကတော့ မပြောင်းဘူး၊
မပြောင်းချင်ဘူးဆိုတဲ့သူတွေ ပြုတ်မယ်ဆိုတဲ့သဘောပေါ့။

အခုလည်း စိန်စိန်ခေါင်းဆောင်တဲ့ အစိုးရကို ပြောင်းဖူးပြုတ်တွေ ကြွေးရမလို
ဖြစ်နေပြီ။ အတိုက်အခံပါတီတွေရဲ့ အဓိကလုပ်ငန်းက လွှတ်တော်ထဲမှာ ကုန်း
ကွကွလုပ်နေကြမယ့်အစား။ အစိုးရ၊ ကြံ့ဖွတ်နဲ့ စစ်တပ်ကိုယ်စားလှယ်တော်
ကြီးများကို ပြောင်းဖူးပြုတ်ပူပူလေးတွေ ကြွေးကြဖို့ပါပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, September 14, 2012

ယဉ်ကျေးစွာ အရှုံးပေးခြင်း













မျောက်ကနေ လူဖြစ်တာကို ယုံသူများ
လူကနေ မျောက်ပြန်ဖြစ်တာကိုကော
ယုံကြသလား ။

အိပ်မက်တွေ သားလျှောလို့
သေမတတ် ခံစားရတဲ့အခါ
ရှိစုမဲ့စုဒေါသတွေလည်း အပေါင်ဆုံးသွားတဲ့အခါ
လိမ်လည်မှုဟာ အကိုက်အခဲပျောက်ဆေးပေါ့ ။

ပက်ပက်စက်စက်
ဝက်ဝက်ကွဲမရှုံးဘူးလို့ ထင်ရအောင်
လူတောထဲမှာ အပြုံးမပျက်နေထိုင်ပါ
အရာရာကို အကောင်းမြင်ပါ
မေတ္တာသမားယောင်ဆောင်ပါ
နာကျင်မှုကို ကျင်နာမှုအဖြစ်ပြောင်းပါ ။

ဟိတ်နဲ့ဟန်နဲ့ အရှုံးပေးနိုင်ရင်
အထည်ကြီးပျက်စိတ်ဓါတ်ထားနိုင်ရင်
မချစ်ပေမဲ့ အောင့်ခါနမ်းနိုင်ရင်
အလိုမတူသူနဲ့ ပေါင်းဖက်နိုင်ရင်
ဒဏ်ရာတွေကို မိတ်ကပ်ဖို့နိုင်ရင်
အရှုံးပေးမှု အောင်မြင်ပြီ ။

အောင်မြင်စွာဆုတ်ခွါလာတဲ့
ဒို့ရဲဘော်တွေကို
မျက်ရည်တွေနဲ့ မကြိုကြပါနဲ့
ယဉ်ကျေးသူတွေမို့
အပြုံးလေးနဲ့သာကြိုဆိုကြပါစို့
ငါတို့တွေ သနားပါတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 3, 2012

စကားများတဲ့ ရွှေဘ















ဒီနေ့ခေတ် လူငယ်တွေတော့ ရွှေဘကို သိကြမယ် မထင် ။ ကိုယ်တောင်မှ မီယုံ
တင်မီလိုက်တာ။ သူ့အရှိန်အ၀ါကကြီးတာမို့ ရွှေဘအကြောင်းမသိရင် ခေတ်
မမီတဲ့အဖြစ်မျိုး ကြုံခဲ့ရဘူးတယ်။ မြန်မာ့ရုပ်ရှင်ခေတ်ကောင်းခဲ့ချိန်က မင်းသား
ရွှေဘဟာ ဒီနေ့ခေတ် ရမ်ဘိုမင်းသားလိုပ။ အက်ရှင်မင်းသား။ အထိုးအခုတ်၊
အသတ်အပုတ်ကောင်း။ ထောင်ထောင်မောင်းမောင်း။ ဖြူဖြူထွားထွား။ လူမွဲ
နင်းပြားတွေရဲ့ဘက်တော်သား။ ရွှေဘဟေ့ဆိုတာနဲ့ ရုံပြည့်ပြီးသားတဲ့။

မတရားမှုတွေကို ရင်ဆိုင်ရဲသူ။ အံတုရဲသူ။ တုန့်ပြန်ရဲသူ။ ခပ်ကြမ်းကြမ်း၊ ခပ်စွမ်း
စွမ်းသရုပ်ဆောင် မင်းသားချောရွှေဘ။ ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ် အစွဲကြီးစွဲခဲ့
ရပါတဲ့ရွှေဘ။ ရွှေဘဆိုတာနဲ့ ချပြီသာမှတ်။ ပိတ်ကားပေါ်မှာ သူပေါ်လာပြီဆိုတာနဲ့
လက်ခုပ်သံတွေ ညံသွားသတဲ့။

တခါတလေ ဇတ်လမ်းအရ ရွှေဘက စကားကြာကြာပြောမိရင် ပရိတ်သတ်တွေ
စိတ်မရှည်တော့ဘူးတဲ့။ ဇတ်လမ်းအရ လူဆိုးလက်ချက်နဲ့ ရွှေဘခံရရင်လည်း
ပရိတ်သတ်များက ဒေါပွကြပါသတဲ့။ ဒီလိုအခြေအနေမျိုးဆို ရုပ်ရှင်ရုံထဲ ပူညံပူညံ
ဖြစ်တတ်လို့ ရုပ်ရှင်ပြသူတွေက ပရိတ်သတ်တွေကို ဖြောင်းဖျရပါသတဲ့။

ရွှေပွဲလာပရိတ်သတ်ကြီး စိတ်မပူကြပါနဲ့ခင်ဗျား။ မကြာခင်မှာ ရွှေဘ ချပါလိမ့်မယ်။
လူဆိုးတွေကို အပြုတ်နှံမယ့်ရွှေဘ။ သံလက်သီးရွှေဘ မကြာခင် လက်စွမ်းပြပါလိမ့်
မယ်။ နောက်ပိုင်းမှာ ရွှေဘပွဲကြမ်းပါလိမ့်မယ်ခင်ဗျား။ ညိမ်ညိမ်နေကြပါ။ စသည်ဖြင့်
ပြောခဲ့ရတယ်ဆိုပဲ။

ဒီနေ့ခေတ် မြန်မာ့နိုင်ငံရေးလောကမှာလည်း ရွှေဘတွေ အတော်အတန်ရှိခဲ့ပါတယ်။
ဒေါ်စုဟာလည်း နိုဘယ်ဆုမရခင် ရွှေဘဆုကိုရခဲ့သူပါ။ အဖိနှိပ်ခံမြန်မာပြည်သူတွေ
ဘက်က မားမားရပ်ပြီး စစ်အာဏာရှင်တွေကို အံတုခဲ့သူမဟုတ်ပါလား။ ပစ်အံ့ဆဲဆဲ
သေနပ်ပြောင်းရှေ့ကနေ ရင်ကော့လျှောက်ခဲ့သူမဟုတ်ပါလား။ မတရားတဲ့အမိန့်
အာဏာဟူသမျှ ဖီဆန်ကြလို့ ရဲရဲတောက်ကြွေးကြော်ခဲ့သူ မဟုတ်ပါလား။ မြန်မာ့
တပ်မတော်တခုလုံးကို မကြောက်ကြပါနဲ့လို့ ပြောခဲ့သူမဟုတ်ပါလား။ ကြမ်းတမ်းတဲ့
ဘ၀လမ်းကို ဖြတ်သန်းရဲခဲ့သူ မဟုတ်ပါလား။

အခုတလော နိုဘလ်ရွှေဘရဲ့အသံ အရင်ကလို မစွာတော့။ မတရားမှုတွေကို ခေါင်း
မာမာနဲ့အံတုတာတွေ မမြင်ရတော့။ ရွှေဘစကားပြောခန်းတွေ များနေပြီ။ ချစရာရှိတာ
မချပဲ ဘာတွေလုပ်နေလဲ။ ပရိတ်သတ်တချို့က စိတ်မရှည်နိုင်တော့။ အသံတချို့ထွက်
လာပြီ။ သွေးမကြောင်နဲ့ရွှေဘ။ ချစရာရှိတာ ချ။ လူဆိုးတွေနဲ့ညှိနှိုင်းမနေနဲ့။ ဆော်
စရာရှိတာ ဆော်ပစ်။ စသည်ဖြင့် ရွှေဘပရိတ်သတ်တချို့ရဲ့ အားမလိုအားမရသံတွေ
ကြားနေရတယ်။

ရှစ်လေးလုံးအုပ်စုလည်း မြန်မာ့ဒီမိုကရေစီရေးမှာ ရွှေဘတွေပါပဲ။ မင်းကိုနိုင်တို့၊ ကိုကို
ကြီးတို့ဆို ဒေါ်စုထက်တောင် ဖြတ်သန်းခဲ့ရတဲ့လမ်းက ကြမ်းလွန်းလှတယ်။ အာခံနိုင်တဲ့
စိတ်ဓါတ်တွေက တကယ့်ရွှေဘထက်တောင် သာလွန်းကြတယ်။ ထောင်တွေအမျိုးမျိုး။
ဖိစီးမှုအမျိုးမျိုး။ ကြေကွဲမှုအမျိုးမျိုးနဲ့ အလံမလှဲစတမ်း စစ်အာဏာရှင်တွေကို စိန်ခေါ်ခဲ့
ကြတဲ့ အာဂရှစ်လေးလုံးကျောင်းသားတွေပါပဲ။

ရှစ်လေးလုံးရွှေဘတွေလည်း အခုတလော စစ်ဗိုလ်လူထွက်တွေ၊ ခေတ်ပျက်သူဌေး
တွေနဲ့ရောနှောပျော်ရွှင်နေတာကြောင့် ရွှေဘပရိတ်သတ်အချို့  မျက်စိလည်ကုန်ကြ
တယ်။ မျက်လုံးပြူးတဲ့လူကလည်း ပြူးကုန်ကြတယ်။ ဓါတ်ဆီဈေးတက်တုန်းကတောင်
လမ်းလျှောက်ပြီးဆန္ဒပြခဲ့ကြတဲ့သူတွေ အခုလိုအကျပ်အတည်းမျိုးစုံကြုံနေချိန်မှာ သီ
ချင်းတွေဆိုလိုက်၊ ကဗျာတွေရွတ်လိုက်နဲ့ ငါတို့ရွှေဘတွေ ဘယ်လိုဖြစ်ကုန်ကြသလဲ
ပေါ့။

တကယ်တော့လည်း မြန်မာ့ဒီမိုကရေစီရွှေဘတွေခင်မျာ ခံရတာအတော်များပြီး အထိ
နာလွန်းလို့ ခဏတဖြုတ်နားမယ်ဆိုရင် နားသင့်ပါတယ်။ စကားပြောခန်းလေးတွေကို
ပရိတ်သတ်က စိတ်ရှည်ရှည်နဲ့နားလည်စောင့်ကြည့်သင့်ပါတယ်။ ရွှေဘတွေခင်မျာ
သနားပါတယ်။ အခုမှ ခဏနားရတာပါ။ ဒါပေမဲ့လည်း ပရိတ်သတ်ကတော့ ရွှေဘဆို
ရင် ချမှကြိုက်တယ်။ စကားများနေရင် ရွှေဘမဟုတ်။ ဒီလိုနားလည်ထားတာကိုး။

ဒီတခါတော့ ပရိတ်သတ်တွေကိုမတောင်းပန်ပဲ ရွှေဘတွေကိုပဲ တောင်းပန်ရလိမ့်မယ်
ထင်တယ်။ ရွှေဘများခင်ဗျား ပရိတ်သတ်အချို့ စိတ်ပျက်စပြုနေပါပြီ။ လူဆိုးတွေနဲ့
ညှိနေလို့ ပရိတ်သတ်က ပျင်းနေပါပြီ။ ပွဲမဆူခင် ပြောစရာရှိတာ အမြန်ပြောပြီး ချစရာ
ရှိတာ အမြန်ချကြပါ။ ရွှေဘနဲ့လူဆိုးလက်တွဲရင် ပွဲပျက်ပါလိမ့်မယ်။ ရွှေပွဲလာပရိတ်
သတ်ကြီးကို လေးစားသောအားဖြင့် ရွှေဘများရဲ့ လက်စွမ်းတွေကို အံမခန်းပြကြပါ
ခင်ဗျား။ ဒီလိုပြောရင် ရွှေဘတွေ စိတ်ဆိုးကြလေမလားပဲ။ ငါတို့စကားပြောနေတာ
လည်း လက်သီးထိုးနည်းတမျိုးပဲဟလို့ ဆိုကြလေမလားပဲ။ (တကယ်တမ်းတော့
အဆင်ပြေဖို့အဓိကပါ။ မြန်မြန်အဆင်ပြေအောင် လုပ်ကြဖို့ပါပဲ။ ရွှေဘလုပ်ပြီး စ
ကားများနေရင်တော့ ပရိတ်သတ်က ကြိုက်မှာမဟုတ်)

အစဉ်အလာအရ ဇတ်သိမ်းခန်းတွေမှာ ရွှေဘလက်ချက်နဲ့ လူဆိုးတွေ ကြွသွားတယ်
ဆိုပေမဲ့။ မြန်မာ့ဒီမိုကရေစီရေးမှာ ရွှေဘအပြောကောင်းလို့ လူဆိုးတွေက လူလိမ္မာ
လေး တွေဖြစ်လာကြတယ်ဆိုရင်ကော ချစ်စွာသောပရိတ်သတ်များက သဘောကျနိုင်
မလား။ ဇတ်သိမ်းပိုင်းမှာ ရွှေဘက သံလက်သီးရွှေဘပဲဖြစ်မလား။ အပြောချိုတဲ့ရွှေဘ
ပဲဖြစ်မလား။ ဆက်လက်ရှုစား အားပေးကြရအောင်ပါဗျား။

( ရုပ်ပုံ ၊ ဂူဂလ် )

Thursday, August 2, 2012

ယောင်နန ဒီမိုကရေစီ




















အစိုးရခေါင်းဆောင်ဆိုသူတွေ ကြိမ်းဝါးနေတာက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီ။ လောလောဆယ်တော့ ဘယ်နေရာမှာမှ စည်းကမ်းရှိတာ
မတွေ့။ ဒီမိုကရေစီနည်းကျ လုပ်နေတာတွေလည်း တခုမှ မတွေ့။
ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း ဟက်ဟက်ပက်ပက် မဆက်
ဆံ။ လွှတ်တော်ထဲမှာလည်း ကြုံသလိုလုပ်။ လွှတ်တော်အပြင်မှာလည်း
ထင်သလိုကျဲ။

အစိုးရတင် ယောင်နနဖြစ်နေတာ မဟုတ်။ အတိုက်အခံဘက်မှာလည်း
ယောင်နန။ ဘာလုပ်လို့ လုပ်ရမှန်း မသိ။ အစိုးရခေါ်ရာနောက် တကောက်
ကောက်လိုက်ဖို့သစ္စာဆိုခဲ့ကြပြီမို့ အကွေ့အကောက်တွေကြား အတိုက်
အခံများ စမ်းတ၀ါးဝါး။ အချင်းချင်းလည်း မယုံရဲ။ အစိုးရကိုလည်း မယုံရဲ။
ပြည်သူကိုလည်း မယုံရဲ။ ကိုယ့်ကိုယ်ကိုလည်း မယုံရဲ။

ဒီကြားထဲမှာ စစ်တပ်ဘက်ကလည်း တမှောင့်။ တနယ်တမင်း ဗိုလ်ကျတဲ့
အကျင့်က မဖျောက်နိုင်သေး။ အစိုးရကို အစိုးရမှန်း မသိသေး။ အရင်က
အတူတူ မဟုတ်တာလုပ်ခဲ့ကြပြီး အခုမှ အရပ်ဝတ်လဲပြီး အစိုးရမင်းအဖြစ်
အုပ်ချုပ်တာကို (ဘူဘူချင်း တစ်လုပ်တာကို) စစ်တပ်ဘက်က အမြင်မကြည်
နိုင်သေး။ စစ်တပ်က စစ်တပ်နေရာမှာ မရောက်သေး။

အစိုးရကလည်း ဖိဖို့နှိပ်ဖို့ တကဲကဲ။ တားဖို့ဆီးဖို့ တကဲကဲ။ ခြိမ်းဖို့ခြောက်
ဖို့ တကဲကဲ။ သဘောတူဖို့ထက် မတူဖို့က တကဲကဲ။ အစိုးရကလည်း အစိုး
ရနေရာ မရောက်နိုင်သေး။ အစိုးရပိုင်မီဒီယာရှိနေတာလည်း ရှက်ရကောင်း
မှန်း မသိသေး။ တိုင်းရင်းသားအရေးလည်း မရှင်းမရှင်း။ ငြိမ်းချမ်းကိစ္စလည်း
မရှင်းမရှင်း။ အတိုက်အခံကို ကြည့်တဲ့အကြည့်ကလည်း မရှင်းမရှင်း။ လယ်
ယာမြေကိစ္စလည်း မရှင်းနိုင်။ လူ့အခွင့်အရေးလည်း မရှင်းနိုင်။ ခေတ်ပျက်
သူဌေးကိစ္စလည်း မရှင်းနိုင်။ ဘိန်းကိစ္စလည်း မရှင်းနိုင်။ တရုတ်နဲ့အမေရိကန်
အကြား ဗျာတွေများ။ ဟိုဟာ မနိုင်၊ ဒီဟာ မပိုင်။ ကိုယ့်တပ်လည်း ကိုယ်မပိုင်။

တိုင်းရင်းသားတွေကလည်း အရူးကို လင်လုပ်ရသလိုဖြစ်။ နိုင်ငံတကာဆက်
ဆံရေးမှာလည်း “အချော်တကောက်”နဲ့ရည်းစားထားရလိုဖြစ်။ ဒီကြားထဲမှာ
ငြိမ်းချမ်းရေးပွဲစားနဲ့အခါတော်ပေးတွေက တမှောင့်။ အချင်းချင်းကြားမှာ
အထာတွေက များ။ မလိုအပ်ပဲ လျှို့ဝှက်။ လျှို့ဝှက်ရမယ့်ဟာကိုတော့ ထုတ်
ပြော။ သူများကိုလည်း ခွင်မပေးချင်။ ကိုယ်တိုင်လည်း ဖြစ်အောင်မလုပ်နိုင်။
သမ္မတနဲ့နီးစပ်တာကိုပဲ သကြားမင်းနဲ့ခမည်းခမက်တော်ရသလို ဘ၀င်တွေမြင့်။
ပြည်ပရောက်တွေကလည်း ပြည်တော်ပြန်ပြီး ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ
လက်မကိုင်မိ ။ 

ဆရာကြီးလေနဲ့ပြောရရင်တော့ အခုကာလ မြင်နေရတာတွေကတော့ အသွင်
ကူးပြောင်းရေးကာလ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေပဲပေါ့။ (မြန်မြန်
ပျောက်အောင် ကုရင်ကု။ မကုနိုင်ရင် ဘုန်းကြီးစားသွားမယ်။ အခုကာလမှာ
စားမယ့်ဘုန်းကြီးတွေက ခပ်များများ)

အစိုးရအကြိုက်လေနဲ့ပြောမယ်ဆိုရင်တော့ မြန်မာပြည်ကြီး လမ်းကြောင်းမှန်
ပေါ်ရောက်နေပြီပေါ့။ လွန်ခဲ့တဲ့၂နှစ်လောက်ကအခြေအနေတွေနဲ့ အခုဟာက
ဆီနဲ့ရေလို ကွာနေပြီ။ ဒီမိုကရေစီအလင်းရောင်ကြီး ထင်းနေအောင်မြင်နေရပြီ။

အလွတ်သဘော အရပ်ပြော ပြောရရင်တော့ ။ ယောင်နနဒီမိုကရေစီကာလကြီး
မှာ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်နေပြီ။ မြန်မာပြည်ထဲဆက်နေလို့က
အလားအလာ မကောင်း။ သူများတွေလိုပဲ နီးစပ်ရာတိုင်းပြည်ကို မြန်မြန်ပြောင်း
ထားမှ။

ဘုန်းကြီးလေနဲ့ပြောမယ်ဆိုရင်တော့ အချိန်တန်ရင် နွားပိန်ကန်လိမ့်မကွဲ့။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။

အပြုသဘောဆောင်သူများရဲ့အမြင်မှာတော့ ဘာမှ မပူပါနဲ့ အားလုံးကောင်း
သွားမှာပါ။ ဟဲ..ဟဲ...ဟဲ..ဟဲ...။

ယောင်နန ။ ယောင်နန ။ ကြောင်ကျ မကျရင်တော့ ပေါင်ကွကွ ဖြစ်လတ္တံ့။

(ရုပ်ပုံ ၊ ဂူဂလ်)