Thursday, August 25, 2011

အိမ်နားက ကျောက်ရုပ်















ဒီလူကြီးက သေသွားပြီ။ အသတ်ခံရတာ။ မသေခင် နိုဘလ်ငြိမ်းချမ်းရေးဆုလည်း
ရသွားသေးတယ်။ ဆုက သူ့အတွက် သိပ်အရေးမကြီးဘူး။ လူဖြူနဲ့လူမည်း တန်းတူ
အခွင့်အရေး ရဖို့က အရေးကြီးတယ်။ ဒီအခွင့်အရေးရဖို့ အသက်စွန့်သွားခဲ့ရတယ်။
အခွင့်အရေးဆိုတာ သူများတွေအတွက် အလွယ်တကူ ရနေတတ်တဲ့ အရာဆိုပေမဲ့
တချို့တွေများ အခွင့်အရေးလေးတခုကို ရဖို့ ခံလိုက်ရတာ မနည်းမနော။ မြန်မာပြည်
ကိုသာ ကြည့်ပေရော့။ ကိုယ့်အဖြစ်ကိုသာ ကြည့်ပြီး သင်ခန်းစာ ယူကြပေရော့။

“ဒေါက်တာ မာတင် လူသာ ကင်း” အကြောင်း လူအများ သိပြီးသားမို့ ဘာမှ အကျယ်
မချဲ့လို။ ပြောဖို့ရာ အကြောင်းပေါ်လာတာက ဒီပုဂ္ဂိုလ်ရဲ့ ရုပ်ထုကြီး အိမ်နားကို ရောက်
လာတာကြောင့်ပါ။ နောက်တချက်က ဒီလူမည်းဆရာကြီးရဲ့ ရုပ်ထုကို ဖန်တီးတာက
တရုတ်ကြီးတယောက် ဖြစ်နေတာလည်းပါတယ်။ နောက်တချက်က အမေရိကန်မှာ
ပထမဆုံး လူမည်းသမ္မတဖြစ်လာတဲ့ ပုဂ္ဂိုလ်က ဒီရုပ်ထုကြီးကို ဖွင့်ပွဲကျင်းပပေးမှာဆို
တာရယ်ပေါ့။















ဒီကျောက်ရုပ်ကြီးကို “မျော်လင့်ချက် ကျောက်တုံး” လို့ အမည်ပေးထားတယ်။ မနေ့
တနေ့ကပဲ လူတွေကို ကြည့်ခွင့်ပေးတယ်။ လာမယ့် တနင်္ဂနွေ။ သြဂုတ်လ ၂၈ရက်နေ့မှ
သမ္မတ အိုဘားမားက တရားဝင်ဖွင့်ပွဲ လုပ်မှာ။ လောလောဆယ်ကိုပဲ လာလိုက်ကြတဲ့
လူမည်းတွေ။ ကျောက်ရုပ်ကြီးကို ငေးကြည့်ပြီး မျက်ရည်ဝဲသူ ၀ဲ။ ဦးညွတ်အလေးပြုသူ
က ပြု။ အားတက်သူက တက်။ ခံစားချက်မျိုးစုံကို လာကြည့်သူတွေရဲ့ မျက်နှာတွေမှာ
မြင်နေရတယ်။

ဆရာကင်းရဲ့ မျက်နှာကတော့ မြင်တဲ့အတိုင်းပဲ။ ပျော်ရွှင်နေတဲ့ပုံ မဟုတ်ဘူး။ တခုခု
ကို စိုးရိမ်နေတဲ့ပုံ။ သေချာ စိုက်ကြည့်ပြီး အားခဲနေတဲ့ပုံ။ ကိစ္စတခု မပြီးပြတ်သေးဘူး
ဆိုတဲ့ပုံ ပေါ်နေတယ်။ ပြောစရာ စကားတွေ၊ မှာစရာ စကားတွေ၊ ခံစားချက်တွေ အများ
ကြီး မြိုသိပ်ထားတယ်။ အချိန်မရွေး ပြောဖို့ အသင့်ပဲဆိုတဲ့ပုံ ပေါ်နေတယ်။ ဒီကျောက်
ရုပ်ကြီးကို ရေကန်ကျယ် ကမ်းစပ်နံဘေးက ပန်းခြံလေးတခုထဲမှာ ထောင်ထားတယ်။

တရုတ်ဆရာအကြောင်း ဆက်ရအောင်။ ဟူနန်နယ်သား “လိုင် ယီစင်း” တဲ့။ တရုတ်
ပြည်မှာ မော်စီတုန်းလက်ထက် ယဉ်ကျေးမှုတော်လှန်ရေး ဆိုပြီး ပညာတတ်တွေ
သန်းနဲ့ချီပြီး နယ်နှင်ခဲ့ပါရောလား။ အဲဒီလိုပုံစံပေး ခံခဲ့ရတဲ့အထဲ လိုင် ယီစင်းလည်း
ပါတာပေါ့။ အခုတော့လည်း တရုတ်ပြည်တင်မကပဲ ကမ္ဘာကတောင် သူ့လက်ရာ
တွေကို တငေးတမော ကြည့်နေရပါပြီ။ “ပတ္တမြားမှန်တော့လည်း နွံမနစ်” ဆိုတာလို
ပေါ့။ (ဒီဥပမာက တော်တော်ဟောင်းလှပြီဆိုပေမဲ့ တခြားဟာစဉ်းစားဖို့ ပျင်းတာနဲ့
ဒါကြီးကိုပဲ ထပ်သုံးလိုက်တယ်။ မိုးကုတ်သားတို့ ပျော်ကြစေ။)















ဒေါက်တာကင်းရဲ့ ကျောက်ရုပ်ထုဖို့ လိုင် ယီစင်းကို ရွေးချယ်လိုက်တော့ ချက်ချင်းပဲ
ပြဿနာထတက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကြီးမှာ ဒီလောက် အနုပညာရှင်
တွေပေါနေတာ။ ဘယ့်နဲ့ကြောင့် ဒီတရုတ်ကြီးကို ရွေးရသလဲဆိုပြီး လူမည်းတွေက
ထကန့်ကွက်ပါတယ်။ ဒေါက်တာကင်းဟာ ငါတို့ရဲ့အရာ။ ငါတို့လူမည်းတွေမှာ အနု
ပညာရှင်တွေ အများကြီး။ ဘယ်လိုဖြစ်တာလဲ။ လက်မခံဘူး။ လူမည်းမဟုတ်ရင်
တောင်မှ အမေရိကန်အနုပညာရှင်တဦးဦးကို အပ်သင့်တယ်။ အခုဟာက တရုတ်ကြီး။
လက်မခံနိုင်ဘူး စသဖြင့်ပေါ့။

အမေရိကန်မှာ အခုလို အထိမ်းအမှတ်ရုပ်ထုနဲ့ပတ်သက်ပြီး ပြဿနာတက်တာ ဒါနဲ့ပါ
ဆို နှစ်ကြိမ်ရှိပြီ။ အရင်တုန်းကလည်း ဗီယက်နမ်စစ်ပြန်များအထိမ်းအမှတ် နံရံကြီးလုပ်
တုန်းက “မာယာ လင်း” ဆိုတဲ့ အမျိုးသမီး အနုပညာရှင်ကို အပ်ခဲ့တယ်။ သူက တရုတ်မ။
တော်သေးတယ်။ အမေရိကန်ပေါက် တရုတ်ဖြစ်လို့။ ဒါတောင်မှ သူဖန်တီးတဲ့ နံရံကြီးက
အမည်းရောင်ကြီးဖြစ်နေလို့။ အမာရွတ်ပုံကြီး ပေါက်နေတယ်။ တိုက်ပွဲကျ စစ်သည်တချို့
ရဲ့နာမည်တွေ ကျန်ခဲ့တယ်။ ဘာကြောင့်တရုတ်ကို ရွေးရတာလဲ စသဖြင့် ကန့်ကွက်
ဝေဖန်သံတွေ ညံခဲ့သေးသတဲ့။

ထားပါတော့။ အိမ်နားမှာ အရုပ်တခု ထပ်တိုးလာတယ်။ ဇနီးမောင်နှံ နှစ်ယောက်သား
စက်ဘီးစီးပြီး လည်စရာ တနေရာ တိုးလာတယ်။ အိမ်ကိုလာတဲ့ ရွှေဧည့်သည်များကို
လိုက်ပြစရာ တနေရာ တိုးလာတယ်။ ငယ်ငယ်ကဆို အရုပ်တွေ သိပ်ကြိုက်တာ။
ထောင်ပစ်လို့ရတယ်။ စစ်တိုက်တမ်း ကစားလို့ရတယ်။ ကိုယ်နိုင်ထားတဲ့ အရုပ်တွေ
အချင်းချင်း ပြန်ရောင်းစားလို့ရတယ်။ အခုရောက်နေတဲ့ မြို့မှာလည်း အရုပ်တွေက
အများကြီး။ ချောင်ကြိုချောင်ကြားရော။ လမ်းမတွေမှာရော။ ပန်းခြံတွေထဲ။ ကွင်းပြင်
တွေထဲ။ ရေကန်တွေထဲ။ ကျောင်းတွေ။ ရုံးတွေထဲမှာရော။ အရုပ်တွေ သိပ်များတယ်။



















အမေရိကန်ဆိုတာ သမိုင်းက သိပ်ပြီးရှည်လျှားလှတာ မဟုတ်ဘူး။ ရှိတဲ့သမိုင်းထဲက
ထင်ရှားတဲ့ အဖြစ်အပျက်တွေကို အရုပ်တွေလုပ်ပြီး မှတ်တမ်းတင်ကြတယ်။ စိတ်ကူး
လည်း ကောင်းကြတယ်။ ဒို့မြန်မာပြည်လည်း အရုပ်တွေလုပ်မယ်ဆို နည်းမှာ မဟုတ်
ဘူး။ ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှာကိုပဲ အရုပ်တွေ မနည်းမနော ထွက်လာနိုင်တယ်။
တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း အရုပ်တွေ ထုစရာ၊ ထောင်စရာ အများကြီး။
ခက်တာက မြန်မာပြည်မှာ နိုင်ငံတကာက လာငေးကြည့်ရလောက်အောင် ထုနိုင်တဲ့
အရုပ်ဆရာတွေ မရှိသလောက်ဖြစ်နေတဲ့ကိစ္စ။ ဒီလူတွေမှာ အပြစ်မရှိဘူး။ ခေတ်မှာ
အပြစ်။ စံနစ်မှာ အပြစ်။ အာဏာရှင်မှာ အပြစ်။ (နောက်ဆုံးတော့ ဒါနဲ့ပဲ ဇတ်သိမ်းရ
ပြန်ပြီ။ ဒီဘူတာကိုပဲ ဆိုက်ရပြန်ပြီ။ မတတ်နိုင်ဘူး။)

(ဓါတ်ပုံ ၊ ငါရိုက်။ ခိုးချင်တဲ့သူ ခိုးကြ)

No comments: