Saturday, August 20, 2011

ရန် ငါ ပြတ်၏ မပြတ်၏












ကျနော့်နာမည် ရဲရဲတောက်ပါ။ ရှစ်လေးလုံး ခွပ်ဒေါင်းတဦး ဖြစ်ပါတယ်။ နိုင်ငံရေး
အကျဉ်းသားဟောင်းပါ။ မြို့ပြ လမ်းမတွေမှာလည်း သပိတ်မှောက်ဖူးတယ်။ တော်
လှန်ရေးနယ်မြေမှာလည်း လက်နက်ကိုင်တိုက်ပွဲ နွှဲဖူးတယ်။ နယ်စပ် အန်ဂျီအိုမှာ
လည်း လုပ်ဖူးတယ်။ အခုတော့ နယူးယောက်မြို့မှာ နေပါတယ်။

ကွန်မြူနစ်ဝါဒကို ကြိုက်တယ်။ ခေတ်သစ်မြန်မာ့သမိုင်းမှာ သူရဲကောင်းတွေ၊ မျိုး
ချစ်ကြီးတွေက ကွန်မြူနစ်တွေပါ။ စာပေလောကရဲ့ခေါင်းဆောင်တွေ၊ ကျူရှင်
လောကရဲ့ ခေါင်းဆောင်တွေဟာလည်း ကွန်မြူနစ်တွေပါပဲ။ ကွန်မြူနစ်ဖြစ်ချင်
လို့ ဗကပထဲ ၀င်ဖို့ ကြိုးစားပါသေးတယ်။ မိုးသီးဇွန်ကိုတောင် လက်မခံဘူးဆိုလို့
မလျှောက်တော့ပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်တော့ အခုထိ ဖြစ်ချင်နေတုန်းပါပဲ။
တရုတ်ကွန်မြူနစ်နိုင်ငံကြီး ချမ်းသာလာတော့ ပိုပြီး ကွန်မြူနစ်ဖြစ်ချင်လာပါတယ်။

နိုင်ငံခြားကို ရောက်နေပေမဲ့ မြန်မာ့နိုင်ငံရေးကိုတော့ အမြဲစောင့်ကြည့် လေ့လာနေ
တာပါ။ လိုအပ်ရင် ကြေညာချက်ထုတ်ပြီး ကိုယ့်ရဲ့ နိုင်ငံရေးအမြင်ကို ပြတ်ပြတ်သား
သား ပြောနေပါတယ်။ မရယ်ပါနဲ့။ လူတိုင်း ကြေညာချက် ထုတ်ပိုင်ခွင့် ရှိပါတယ်။ ဒါ
လူ့အခွင့်အရေးပါ။ အခြေခံ လူ့အခွင့်အရေးပါ။ ခင်ဗျားတို့ ဒီလောက်တော့ သိမယ်
ထင်ပါတယ်။

မီဒီယာသမားဆိုတာ တော်လှန်ရေး သမားပါ။ ဂျီမေးလ်။ ဖေ့စ်ဘုခ်၊ တွစ်တာ စတဲ့
လူမှုကွန်ယက်တွေ အကုန်သုံးပြီးတော့လည်း ပြည်တွင်း ပြည်ပက နိုင်ငံရေးစိတ်ဝင်
စားသူတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အချိန်ရတိုင်း ကိုယ့်ရဲ့ နိုင်ငံရေး အယူအဆ
တွေကို မပြတ်ပြောဆိုနေတာပါ။ မကြာခဏဆိုသလို ပြည်တွင်းမှာ ဆူပူမှုတွေဖြစ်လာ
အောင်။ သပိတ်တိုက်ပွဲတွေ ပေါ်အောင်။ အင်တာနက်ကို သုံးပြီး အချိန်ပြည့်လှုံ့ဆော်
နေပါတယ်။ လူထုလှုပ်ရှားမှုနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချနိုင်မှာပါ။ တခြားလမ်း မရှိပါဘူး။

ကိုယ်ပိုင် ဘလော့ဂ် သုံးခုလည်း ထောင်ထားပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်း။
အာဏာရှင် ဆန့်ကျင်ရေး။ ထောင်တွင်းတိုက်ပွဲ။ ကွန်မြူနစ်လှုပ်ရှားမှု သမိုင်း။ မြေ
အောက်တော်လှန်ရေး။ ဂျင်းရှပ်။ ကလေးစစ်သား။ အမျိုးသမီးအခွင့်အရေး။ လူကုန်
ကူးမှု။ မြေယာတော်လှန်ရေး။ နိုင်ငံတကာက လူထုအုံကြွမှုများ စတဲ့ ပြည်တွင်းက
လူတွေ အားတက်စေမယ့် သတင်းအချက်အလက်နဲ့ အကြောင်းအရာ မျိုးစုံကို
ဘလော့ဂ်တွေမှာ တင်ပေးထားပါတယ်။ အရုပ်ရော၊ အသံရော၊ စာရော၊ ကဗျာရော။
တော်လှန်မှုနဲ့ ပတ်သက်တာမှန်သမျှ အကုန် မျှဝေပေးနေပါတယ်။

ကမ္ဘာကို ကြည့်လိုက်ပါ။ သမိုင်းကို လေ့လာပါ။ စေ့စပ်ဆွေးနွေးလို့ အောင်ပွဲရတာနဲ့
လူထုအုံကြွမှုကြောင့် အောင်ပွဲရတာ ဘယ်ဟာက ပိုများပါသလဲ။ အာဏာရှင်တွေ
ဟာ ဘယ်တုန်းကများ လွယ်လွယ် ဆင်းပေးခဲ့လို့လဲ။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်။
သမိုင်းကို သွေးနဲ့ ရေးတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့ မရ၊ တိုက်ယူမှ ရ
တယ်။ ရန် ငါ ပြတ်ရမယ်။ ကဗျာဆရာအောင်ဝေး ပြောသလိုပေါ့။ ရန် ငါ မပြတ်ရင်
သံဃာ အသတ် ခံရမယ်။ သွေးထွက်အောင် မှန်ခဲ့ပြီ။ ဆရာ အောင်ဝေးလည်း
ကျနော့လိုပဲ။ ကွန်မြူနစ်ကို ကြိုက်တယ်။ အခု အမေရိကားမှာ နေတယ်။

ဒေါ်စု ရန် ငါ မပြတ်ဘူး။ အခု ရန်သူ့နယ်ထဲ သူရောက်နေပြီ။ အန္တရယ်ရှိတယ်။
သူတဦးထဲ အန္တရယ်ရှိတာ မဟုတ်ဘူး။ တတိုင်းပြည်လုံး အန္တရယ်ရှိတယ်။ ရန်သူ
ဆင်ထားတဲ့ ကစားဝိုင်းကို မပိုင်နိုင်ပဲ ၀င်ကစားရင် အရှုံးနဲ့ ရင်ဆိုင်ရမယ်။ အနိမ့်
ဆုံးအဆင့် ဓါတ်ဆင် ဓါတ်ရိုက် လုပ်ထားတဲ့ အစားအစာတွေ စားမိနိုင်တယ်။
မြှုပ်ထားတဲ့ အင်းတွေ နင်းမိနိုင်တယ်။ ယတြာချေထားတဲ့ အခန်းထဲ ၀င်မိနိုင်
တယ်။ ပြည်သူတွေ ဘာလုပ်နေလဲ။ ကျောင်းသားတွေ ဘာလုပ်နေလဲ။ ယူဂျီတွေ
ဘာလုပ်နေလဲ။ ဒေါ်စု ရန်သူ့ဘက်ကို ပါသွားလို့ မဖြစ်ဘူး။ ဒေါ်စုကို ၀ိုင်းရံကြ။
တွေဝေ မနေကြနဲ့။ တိုက်ပွဲကို စကြ။

စစ်ဗိုလ်လူထွက် သိန်းစိန် ပြည်ပရောက်တွေ ပြန်လာဖို့ခေါ်တာ လုံးဝ မယုံကြည်ဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးရမယ်။ အစီအစဉ်မရှိပဲ ဒေါ်စုနဲ့တွေ့
တာ မရိုးသားဘူး။ ကမန်းကတန်းကြီး ပြေလည်သလို လုပ်ပြနေတာ မရိုးသားလို့။
ပြည်သူနဲ့ ကမ္ဘာကို မျက်လှည့်ပြတာ။ ဒါဟာ အာဏာရှင်တိုင်းရဲ့  လှည့်ကွက်ပဲ။ ပြတ်
ပြတ်သားသား ဆန့်ကျင်ကြ။ တော်လှန်ရေးကာလမှာ တော်လှန်ရေးကို ပီပီပြင်ပြင်
အကောင်အထည်ဖေါ်ကြ။

ဗိုလ်သိန်းစိန် လှည့်ကွက်ကြောင့် ပြည်ပရောက်တွေ မြန်မာပြည်ထဲပြန်ဖို့ အသံထွက်
နေကြပြီ။ အာဏာရှင်အကြောင်းကို နားမလည်ကြဘူး။ ရန် ငါ မပြတ်ကြဘူး။ ကျနော်
ကတော့ လုံးဝ မပြန်ဘူး။ အာဏာရှင်တွေနဲ့ လုံးဝ အဆက်အဆံ မလုပ်နိုင်ဘူး။ မိန်းမနဲ့
ကလေးတွေကလည်း ဒီမှာပျော်နေပြီ။ မြန်မာပြည်မှာ နေနိုင်မှာ မဟုတ်ဘူး။ အစစ အရာ
ရာ ဒီမှာပိုကောင်းတယ်။ အမေရိကန်နိုင်ငံသားအဖြစ်ကို မစွန့်လွှတ်နိုင်ဘူး။ မြန်မာပြည်
ထဲပြန်လို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ဒီက စီးပွါးရေးလုပ်ငန်းကို ပစ်ထားခဲ့လို့ မဖြစ်
ဘူး။ ဒေါ်စုကို နေပြည်တော်နဲ့ အဆက်အသွယ် ချက်ချင်းဖြတ်ဖို့ ပြင်းထန်စွာ တောင်းဆို
လိုက်ပါတယ်။ အာဏာရှင်ကို အဆုံးထိ ဆက်ပြီး ဆန့်ကျင်ကြ။

ပုံ ။ ။ ရဲရဲတောက် ။ ရှစ်ဆယ့်ရှစ် (နယူးယောက်)

(ရုပ်ပုံ ၊ ဂူဂလ်)

11 comments:

kay said...

v big smile n v loud bravo

blueskyforest said...

Thank you Kay by Red Salute .

Mr NY CT oomH said...

တိုက်ဆိုင်မှူကနရူးယောက်မှာအရမ်းနဲနေပါလား
ကိုဘီလူး၊D.C ကဆိုနဲနဲတော်ဦးမယ်..
တွေ့ဦးမယ်လေ၊ညီအကိုမကွဲတကွဲအချိန်လောက်ကြ..

blueskyforest said...

ဆရာမှုး အရက်တိုက်မလို့လား။ ချောင်းရိုက်မလို့လား။ တွေ့ဆုံဆွေးနွေးရေးကို ယုံကြည်ရင် အရက်အတူ သောက်ကြစို့။း)

လင်္ကာ said...

အပေါ်ကနေတောက်လျှောက်ရေးလာတာတွေဖတ်ပြီး
အဟုတ်မှတ်နေတာ။
ကိုယ့်လူက နောက်ဆုံးကျမှ အဖျားရှူးသွားတာကိုး။
သိန်းစိန်ခေါ်လို့ မရိုးသားလို့ မပြန်ဘူးဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ကခေါ်ရင်ကော ကိုယ့်လူ
ကပြန်မှာတဲ့လား။ စကားအဖြစ်မေးကြည့်တာပါ။
မပြန်ဘူးဆိုတာသိပါ့။
ကိုယ့်စီးပွားရေးကိုယ်လုပ်ပြီးအေးအေးနေပါကိုယ့်လူရာ။
လေကြီးလေကျယ်တွေလျှောက်ရေးပြီး မျက်စိနောက် အောင်မလုပ်ပါနဲ့ ။
စာလေးတော့လင့်ပါရစေ။ တခြားလူတွေပါ
ပေးမျက်စိနောက်ရအောင်။

ကလူသစ် said...

ဖတ်နေရင်း ဘလော့ဂ်နောက်ခံပါ ရဲကနဲ နီကနဲဖြစ်သွားတာ။ ပြီးမှ ပြာသွားတယ် :P

Anonymous said...

***ဓါတ်ဆင် ဓါတ်ရိုက် လုပ်ထားတဲ့ အစားအစာတွေ စားမိနိုင်တယ်။
မြှုပ်ထားတဲ့ အင်းတွေ နင်းမိနှိင်တယ်။ ယတြာချေထားတဲ့ အခန်းထဲ ၀င်မိနိုင်
တယ်။**ကွန်မြူနစ် က ဒါလဲယုံတာပဲလား

blueskyforest said...

မြန်မာ့ကွန်မြူနစ်တွေ ရိုးရာယုံကြည်ချက်ကတော့ ပြော မနေနဲ့။ ချစ်စရာတောင် ကောင်းသေးတော့။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး ဆိုင်းဘုတ်တင်ပွဲ စမ်းချောင်းမှာ လုပ်တုန်းက ဆိုင်းဘုတ်ကြီးတင်လို့အပြီး သပြေခက်တွေနဲ့ အမွှေးနံသာတွေနဲ့ အဲဒီဆိုင်းဘုတ်ကြီး ကို တို့ကြ ဖြန်းကြတယ်ဆိုပဲ။ ကိုယ်တိုင်မြင်တာတော့ မဟုတ်။ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကွန်မြူနစ်ကြီး တဦးပြန်ပြောပြလို့ မှတ်မိနေတာပါ။ ချစ်စရာ မကောင်းဘူးလား။း)

Hmoo said...

ဒီဘလောက်ကတော့ယဉ်ကျေးမှူတော်လှန်ရေး
လိုနေပြီထင်ပါ့... :)

Anonymous said...

ဒီကစီးပွားရေးတွေမထားခဲ့နိုင်တဲ့
မိသားစုက အစစအရာရာပြည့်စုံနေတယ်လို့ထင်ရတဲ့
အမေရိကားကနေ မခွာနိုင်တဲ့
ရဲရဲတောက်တော်လှန်ရေးစာချွန်လွှာ
မိတ်ဆွေ စဉ်းစားပါ
ဘာတွေမှန်ပြီးဘာတွေမှားနေလဲ

Anonymous said...

အမေရိကန်နိုင်ငံသားအဖြစ်ကိုမစွန့်လွှတ်နိုင်ဘူးတဲ့လား
ကျုပ်တို့ဘယ်ရင်ဘတ်နဲ့နာရပါ့မလဲ
ရဲဘော်ကြီးရယ်