Sunday, July 24, 2011

ကဗျာတွေ မရေးကြပါနဲ့တော့















အဝေးကနေ တဖြေးဖြေးနဲ့
တ၀ုန်းဝုန်း ရိုက်ခတ်လာ
ကဗျာတွေ
ဘောလော
ပလုံစီထ

တ၀ှီးဝှီး တိုးဝှေ့ ပွတ်သပ်သွား
ကဗျာတွေ...ကဗျာတွေ
သွေးသံရဲရဲနဲ့
ကြမ်းရှရှ ကဗျာတွေ ။

လာပြန်ပြီ...ဟိုမှာ
ထော့နင်းထော့နင်းနဲ့
အမူးလွန်နေတဲ့
အပျက်မ ကဗျာ
ယင်ကောင် တလောင်းလောင်း
ဗိုက်ဟောင်းလောင်းနဲ့ ။

အရှက်ကိုလည်း မငဲ့နိုင်
အသက်ကိုလည်း မငဲ့နိုင်
ဒယိမ်း ဒယိုင် ရွဲ့စောင်းလို့
ညှီစို့စို့ အနံ့တွေနဲ့
ကဗျာအစုတ်အပဲ့တွေ
ငါ့ဆီကို မလာကြနဲ့ ။

သွေးဆာနေတဲ့ ကြမ်းပိုးတွေလို
တရွရွ...တလှုပ်လှုပ်
ပုတ်အဲ့အဲ့ ညိုလဲ့လဲ့ ကဗျာတွေ
အကြိုအကြားမှာ ပြေးလွှားနေ
မလာကြနဲ့....မလာကြနဲ့
သေချင်းဆိုးတွေ မလာကြနဲ့ ။

လူအမြောက်အများကို သတ်လာတဲ့ ကဗျာ
ရေမွှေးနံ့ တသင်းသင်းနဲ့
လွှတ်တော် အမတ်ယောင် ဆောင်လို့
ဘုန်းကြီးလူထွက်ယောင် ဆောင်လို့
သမဂ္ဂလူကြီးယောင် ဆောင်လို့
တရားဟောဆရာယောင် ဆောင်လို့

သူ့အမေလင်ယောင် ဆောင်လို့
ဒိုးတူပေါင်ဖက်ယောင် ဆောင်လို့
ရန်ကုန်သားယောင် ဆောင်လို့
နိုင်ငံခြားပြန်ယောင် ဆောင်လို့
ရပ်နေ....အဲဒီမှာပဲ ရပ်နေ... ။

အရာရှိကိုဖါးပြီး ကဗျာဖြစ်လာတဲ့ အကောင်
အောက်က လျှိုဝင်မယ်
အောက်ကြေးနဲ့ လိုက်မယ်
ခါးအောက်ပိုင်း စကားပြောမယ်
အောက်တန်းကျကျ ပြုံးမယ်
မပေါ့်တပေါ် ၀တ်မယ်

နူနာဝဲစွဲ
အရည်တရွှဲရွှဲနဲ့
နိုင်ငံရေးစော်နံတဲ့ ကဗျာစုတ်
လာမရှုပ်နဲ့ ...လာမရှုပ်နဲ့..။

ကျေးဇူးတော်အရှင်
မြတ်စွာဘုရားသခင်
သင်ဟာ ကဗျာကိုဖန်ဆင်းသူ မဟုတ်နိုင်
ကမ္ဘာမှာ ရှုပ်နေတဲ့ ကဗျာကို
ငါနဲ့အတူ မောင်းထုတ်ရအောင်
ဒီညနေ ဘီယာဆိုင်ကိုလာခဲ့ပါ ဘုရားသခင်
အာမင်... အေမင်...သာဓု ။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

kay said...

ကဗျာ သန့်စင် ရေး ကဗျာ..
ကဗျာ ဖောင်းပွမူ တိုက်ဖျက်ရေး ကဗျာ..
ကဗျာ ဆင်ဆာ တည်ရှိ ရေး ကဗျာ..
ကဗျာ ..ဖြုတ်-ထုတ်- သတ်..ကဗျာ
ကဗျာ.. အာဏာရှင် ဆန့်ကျင်ရေး ကဗျာ
ကဗျာ.. ဝေဖန်ရေး ..ကဗျာ..
ကဗျာ့..ကဗျာ..များ အတွက်.. အရက်မူး ကဗျာ.. ( အေ့ )

blueskyforest said...

ဆရာကေ သတိထား။ အမြည်း များများစား။ ဆိုဒါရော သောက်။း)