Saturday, March 5, 2011

စိုစွတ်သော ကောင်းကင်
















ဤမြို့တွင် စနေနေ့တိုင်း မိုးရွာ၏။ ထို့ကြောင့် ဤမြို့ကို မိုးမြို့
ဟု ခေါ်ကြသည်။ သောကြာနေ့ ညနေပိုင်းဆို မိုးမြို့မှာ လူ
စည်ပြီ။

အနယ်နယ်အရပ်ရပ်က လာကြကုန်သော အမျိုးမျိုးအစားစား
လူထီးလူမများ။ ကလေးသူငယ်နှင့် မိန်းမလျှာများ။ ယောက်ျ
လျှာများနှင့် သံဃာတော်များ။ အာဏာပိုင် အရာရှိများနှင့်
၎င်းတို့၏ ကတော်များ။ ငွေကြေးချမ်းသာသူတို့နှင့် ၄င်းတို့၏
အစေအပါးများ။

ဈေးကောင်းရ ပညာတတ်များ။ လွှတ်တော်အမတ်များ။
လူလိမ်များ။ ပြုံးစစ ခရစ်ယန်သင်းအုပ်ဆရာများ။ မုတ်
ဆိတ်မွှေး ထူထူထားသော မူဆလင်ဘာသာဝင် အမျိုးသား
များ။ ခေါင်းမြီးခြုံထားသော မူဆလင်အမျိုးသမီးများ။ နဖူး
တွင် ဆေးအနီ တို့ထားသော ဟိန္ဒူဘာသာဝင်များ။ အနက်
ရောင်ဝတ်စုံနှင့် ဂျူးအနွယ်ဝင်များ။ စသည်အားဖြင့်..။
မိုးနေ့ကို ကြုံရန် မိုးမြို့ကို ရောက်နေကြလေပြီ။

မိုးမြို့နေလူထုက စနေနေ့ကို အမှီပြု၍သာ စီးပွါးရှာရလေ၏။
ထိုဝင်ငွေနှင့်သာ ရပ်တည်ရလေ၏။ မိုးသည်သာလျှင် အမိ။
မိုးသည်သာလျှင် အဖ ဖြစ်တော့၏။ မြို့လူထု၏ အမည်များတွင်
လည်း မိုးဟူသော စကားလုံး ထည့်သွင်းထားကြလေသည်။

စနေနေ့မနက် ငါးနာရီခွဲလျှင် မိုးစရွာလေပြီ။ ဧည့်ပရိတ်များကား
ပထမဆုံးကျလာသော မိုးရေစက်များကို ထိတွေ့ရန်သူ့ထက်ငါ
အလုအယက် ကြိုးပမ်းကြ၏။ မိုးရွာတုန်း ရေခံကြ၏။ တပါတ်
တွင် တရက်သာ။ ထိုတရက်တွင် ဤတမြို့သာ မိုးရွာခြင်းအမှု
ရှိလေသည်။

မိုးသည် တနေကုန်ရွာ၏။ တဖွဲဖွဲ။ တသည်းသည်း။ တမည်းမည်း။
တ၀ုန်းဝုန်း။ တဝေါဝေါ။ တသောသော။ တဖြိုက်ဖြိုက်။ တစက်
စက်။ တညက်ညက်။ တစိမ့်စိမ့်။ တညိမ့်ညိမ့်။ တလိမ့်လိမ့်။
တချိမ့်ချိမ့်။ တညံညံ။ တထန်ထန်။ ည ကိုးနာရီခွဲလျှင် မိုးရွာခြင်း
ပြီးဆုံး၏။

ထိုနေ့၌ ထိုမြို့တွင် မိုးရွာသံတွေအကြား မိုးအကြောင်းကိုသာ
လျှင်ပြောကြ၏။ မိုးအကြောင်း သီချင်းကဗျာတွေ ရွတ်ဆိုကြ၏။
မိုးပန်းချီ။ မိုးရုပ်ရှင်။ မိုးတရားပွဲ။ မိုးပြဇတ်။ မိုးဂီတ။ မိုးမျက်လှည့်။
မိုးယိမ်းအက။ မိုးဟာသ။ အရာရာ မိုးနှင့်စပ်လျှင်း၍သာ ဖွဲ့ကြ
နွဲ့ကြလေတော့သည်။ ညနေ လေးနာရီထိုးလျှင် မိုးမြို့၏
အနောက်ဘက် ကောင်းကင်၌ သက်တန့်ကြီး ပေါ်လာ၏။
လူတွေလည်း အော်ကြ၏။ ပျော်ကြ၏။

မိုးမြို့၏ တနင်္ဂနွေ မနက်ခင်းသည် ရှုပ်ရှက်ခတ်နေ၏။ လူတို့
သည် မိုးမြို့မှ တောင်ဘက်စူးစူးသို့ ခရီးနှင်ကြလေကုန်၏။
လေကြောင်း။ ကုန်းကြောင်း။ ရေကြောင်းတို့မှ ခရီးဆက်ကြ၏။
ထိုအရပ်၌ နွေဦးမြို့ရှိလေသည်။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

ကူးလွေ့ said...

ှရင်ထဲမှာ ဘာလိုလို။

သက်ဝေ said...

စနေမိုး...
စနေနေ့ မိုးရွာတာတော့ ကြိုက်တယ်...
အိပ်ရာနိုးပေမယ့် မထသေးပဲ စာအုပ်တအုပ်နဲ့ ကြိုက်သလောက် ဆက်နှပ်နေလို့ရတယ်...း))

pandora said...

မိုးသည် တနေကုန်ရွာ၏။ တဖွဲဖွဲ။ တသည်းသည်း။ တမည်းမည်း။ တ၀ုန်းဝုန်း။ တဝေါဝေါ။ တသောသော။ တဖြိုက်ဖြိုက်။ တစက် စက်။ တညက်ညက်။ တစိမ့်စိမ့်။ တညိမ့်ညိမ့်။ တလိမ့်လိမ့်။ တချိမ့်ချိမ့်။ တညံညံ။ တထန်ထန်။

ရှင်ဥတ္တမကျော်တို့ ရှင်မဟာသီလ၀ံသ တို့လက်လန်သွားစေမယ့် အရေးအသားပဲ။