Tuesday, August 20, 2013

ခေါက်ဆွဲဝါဒီ














ခရစ်တော်မပေါ်မီ နှစ်ပေါင်း နှစ်ရာခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ခေါက်ဆွဲ
များ ကြိုတင်ရောက်ရှိခဲ့ကြသည်။ ခရစ်တော်၊ ဂေါတမဗုဒ္ဓနှင့် တမန်တော် မိုဟာ
မက်တို့ထက်စောလျှင်စွာ မဟာခေါက်ဆွဲ ပေါ်ထွန်းခဲ့သည်။ ထိုဘုရားရှင်များ
ခေါက်ဆွဲစားဖူးခဲ့ကြသလားဟူသောမေးခွန်းအတွက် ခိုင်မာသောသက်သေ
အထောက်အထားများ ရှာမတွေ့ပါ။ သို့သော် ခေါက်ဆွဲခြောက်ထုပ်များကို ၎င်း
တို့လုံးဝမစားခဲ့ဖူးကြောင်း သေချာသည်။

ခေါက်ဆွဲပေါ်ပေါက်ပြီး နှစ်ပေါင်းထောင်နှင့်ချီကြာသောအခါမှ ခေါက်ဆွဲခြောက်
ထုပ်များ ပေါ်ထွက်လာခဲ့သည်။ ခေါက်ဆွဲခြောက်ထုပ်များ ဂျပန်နိုင်ငံမှ အစပြုသည်
ဆိုသော်ညား ဖန်တီးသူမှာ မဟာတရုတ်ပင်ဖြစ်လေသည်။ ထိုင်ဝမ်ပြည်သား ၀ူပိုင်းဖူ
ဆိုသူက ၁၉၅၈ခုနှစ်၌ ဂျပန်နိုင်ငံတွင်ဖန်တီး၍ ကမ္ဘာကိုဖြန့်ခဲ့သည်။ ဘုရားသခင်
များသည် ခေါက်ဆွဲအစိုနှင့်ရော အခြောက်နှင့်ပါ လွဲခဲ့ရှာသူများဖြစ်ကြ၏။

ခေါက်ဆွဲကို မူလက ဂျုံဖြင့်ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဆန်ခေါက်ဆွဲ၊
ပန်းဂျုံခေါက်ဆွဲ စသည်ဖြင့် ကွဲပြားခြားနားသော ခေါက်ဆွဲအမျိုးအစားများပေါ်ထွက်
လာခဲ့သည်။ ပထမဦးဆုံးဖန်တီးလိုက်သည့်ခေါက်ဆွဲ၏ ပုံစံ၊ အရွယ်အစားနှင့် အရောင်
အသွေးကို သမိုင်းမှတ်တမ်းများ၌ ရှာမတွေ့။ မူလက တရုတ်လူမျိုးများသာ ခေါက်ဆွဲ
ကိုတီထွင်၍ စားသုံးခဲ့ကြသော်လည်း နှစ်ပေါင်းထောင်နှင့်ချီကြာပြီးသကာလ ယခု
အခါ၌ကား မဟာခေါက်ဆွဲသည် ကမ္ဘာ့အစားအစာလုံးလုံးဖြစ်လာခဲ့ချေပြီ။ နေရာ
ဒေသအလိုက် ခေါက်ဆွဲကို အရောင်အသွေးမျိုးစုံ၊ ပုံစံမျိုးစုံ၊ ချက်နည်းပြုတ်နည်းမျိုး
စုံဖြင့် နိုင်ငံတကာအလိုက် စားသုံးနေကြပြီ။

ခေါက်ဆွဲကိုဖန်ဆင်းခဲ့သော တရုတ်ပြည်တွင် ခေါက်ဆွဲပြတိုက်ဟူ၍မရှိသေးသော်
လည်း ခေါက်ဆွဲခြောက်၏ဖခင် ၀ူပိုင်းဖူ (ဂျပန်အမည် မိုမိုဖူးကု အန်ဒို)က ဂျပန်ပြည်
အိုဆာကအရပ်၌ ခေါက်ဆွဲခြောက်ပြတိုက်ကို ဖွင့်လှစ်ထားသည်။ ဒုတိယကမ္ဘာစစ်
နောက်ပိုင်း ကမ္ဘာအရပ်ရပ်၌ မြို့ကြီးပြကြီးများ အမြောက်အများပေါ်ထွန်းလာသည်
နှင့်အတူ ခေါက်ဆွဲချစ်သူများ အချိန်တိုတိုအတွင်း အလွယ်တကူစားသုံးနိုင်ရန် ခေါက်
ဆွဲခြောက်ထုပ်များ၊ ခေါက်ဆွဲခြောက်ဗူးများပေါ်ထွက်လာခဲ့သည်။ ယခုခေတ်တွင်
ခေါက်ဆွဲခြောက်ထုပ်ကို မစားဖူးသူဟူ၍ မရှိသလောက်ရှားပါးခဲ့ပြီ။

ခေါက်ဆွဲခြောက်များကို နိုင်ငံတကာအလိုက် အရသာမျိုးစုံ၊ ပုံစံမျိုးစုံဖြင့်ထုတ်လုပ်
ရောင်းချကြသည်။ ကြိုက်နှစ်သက်ရာ အသားငါးတို့ဖြင့်တွဲဖက်စားသုံးရန်သာမက၊ သတ်သတ်လွတ်သမားများအတွက်ပါ ခေါက်ဆွဲခြောက်အထုပ်များ၊ဗူးများကိုဖန်တီး
လာကြသည်။ ခေါက်ဆွဲကြိုက်သူများ ဆိုင်သို့သွား၍စားရန် မလိုအပ်တော့ပေ။
လုပ်ငန်းခွင်အတွင်း ခေါက်ဆွဲခြောက်ဗူးများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် နှစ်ပါးသွားနေကြ
သူများ နိုင်ငံတကာအလိုက်ရှိနေကြပြီ။ ထမင်းနှင့်ဟင်းကို အလွယ်တကူမချက်နိုင်
သူများအတွက် ခေါက်ဆွဲခြောက်သည် မရှိမဖြစ် လက်စွဲတော်ဟင်းလျှာတပါးဖြစ်
နေချေပြီ။

တောင်ကိုရီးယားပြည် ခေါက်ဆွဲခြောက်အရောင်းဆိုင်များတွင် ကြိုက်နှစ်သက်ရာ
ခေါက်ဆွဲခြောက်အထုပ်၊ ဗူးများကိုဝယ်ယူပြီး ဆိုင်အတွင်း တထိုင်တည်းစားသုံးနိုင်
ရန်အလို့ငှာ ရေနွေး၊ မိုက်ခရိုဝေ့ဗ်စက်များကို အဆင်သင့်စီစဉ်ပေးထားသည်။
ခေါက်ဆွဲခြောက်ကို စွဲစွဲမြဲမြဲစားသုံးသူအမြောက်အများကို အာရှနိုင်ငံများ၌ အထူး
သဖြင့်တွေ့နိုင်သည်။ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့်ထိုင်းနိုင်တို့၌ ခေါက်ဆွဲခြောက်
ကို အားထား၍ စားသုံးသူများ အထူးများပြားလေသည်။

မြန်မာတို့သည်လည်း ခေါက်ဆွဲခြောက်ကြိုက်သူများစာရင်းတွင် သွင်း၍ ရနိုင်သည်။
ခေါက်ဆွဲခြောက်ကို မြန်မာမှုပြု၍ ပျော်ရွှင်နှစ်ချိုက်စွာ စားသုံးကြသူများနှင့်လည်းဆုံ
ဖူး၏။ ဂျပန်ခေါက်ဆွဲခြောက်ကို အုံးနို့၊ သကြား၊ ကြက်သွန်နီစသည်တို့ထည့်ရောပြီး
အုံးနို့ခေါက်ဆွဲအဖြစ် မိနစ်ပိုင်းအတွင်း ဖန်ဆင်းကာစားသုံးသူ၊ ကိုရီးယားခေါက်ဆွဲ
ခြောက်ကို မုန်ညှင်းရွက်၊ ကြက်ဥ၊ ပဲငါးပိများထည့်၍စားသုံးသူ၊ ထိုင်းခေါက်ဆွဲခြောက်
အတွင်း ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငြုပ်သီးစိမ်းများထည့်၍ စားသုံးသူ စသဖြင့် စိတ်ကူးတည့်ရာတိုးချဲ့ဖန်တီးပြီး ခေါက်ဆွဲခြောက်ကို ခုံမင်နှစ်သက်ကြသည့်မြန်မာ
ပြည်သားများ အတော်များများရှိ၏။

ခေါက်ဆွဲခြောက်ထုတ်လုပ်သောစက်ရုံများသည် အာရှတွင်သာမက အနောက်နိုင်ငံ
များ၌လည်း ရှိနေကြပြီ။ အနောက်တိုင်းသားများကလည်း ခေါက်ဆွဲခြောက်များကို
ကြိုက်နှစ်သက်နေကြပြီ။ ခေါက်ဆွဲကိုဖန်တီးခဲ့သော မဟာတရုတ်ကြီးသည် သူ၏
ခေါက်ဆွဲ ကမ္ဘာကြိုက်အစားအစာဖြစ်လာလိမ့်မည်ကို ရိပ်မိခဲ့ပါရဲ့လား။ ယနေ့
တရုတ်လူမျိုးများသည် မဟာခေါက်ဆွဲ၏ မူလဘူတမြေတွင် နေထိုင်ရှင်သန်ရသဖြင့်
ခေါက်ဆွဲဂုဏ်မောက်မှုများ ရှိ မရှိမသေချာ။ ခေါက်ဆွဲစတင်ဖန်တီးခဲ့ရာအရပ်ကို
အမြတ်တနိုးဖြင့် ဂုဏ်ပြုမှုများလည်းရှိဟန်မတူ။ တရုတ်အလံတွင် ကြယ်များအစား
ခေါက်ဆွဲဖတ်များကို ထည့်သွင်းရန် စိတ်ကူးမိသူများ တရုတ်ပြည်တွင် ဘယ်နှစ်ဦး
ရှိနိုင်သနည်း။ ( မြန်မာပြည်တွင် စပါးထွက်သဖြင့် ဆိုရှယ်လစ်ခေတ်က စပါးနှံများ
အလံပေါ်၌ တလွင့်လွင့်ဖြစ်ခဲ့ရသည် )

မြန်မာ့ဘော်လုံးလောကတွင် ခေါက်ဆွဲစားသည် ဟူသောဝေါဟာရထွန်းကားခဲ့ဖူး၏။
ထိုခေါက်ဆွဲသည် ခေါက်ဆွဲခြောက်မဟုတ်။ ခေါက်ဆွဲကြော်ဖြစ်၏။ ခေါက်ဆွဲကြော်
စားခြင်းဟူသည်မှာ ယခင်ခေတ်အခါက ငွေကြေးအတော်အတန်သုံးနိုင်သူတို့သာ
လုပ်ကြသောကိစ္စဖြစ်၏။ ခေါက်ဆွဲကြော်ကို တရုတ်လူမျိုးများရောင်းချသော စား
သောက်ဆိုင်တွင် အကျအနမှာယူစားသောက်ခြင်းမှာ ငွေရွှင်သောသူများသာ လုပ်
လေ့ရှိကြသည်။ နိုင်အောင်မကန်နဲ့ ခေါက်ဆွဲကြွေးမယ်ဟူသော မက်လုံးကြောင့်
ခေါက်ဆွဲစားချင်ဇောဖြင့် အရှုံးပေးခဲ့သည့် ဘော်လုံးသမားများရှိခဲ့သောကြောင့်သာ
ခေါက်ဆွဲနှင့်ဘော်လုံး မြန်မာပြည်၌ ရောနှောခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ငယ်စဉ်အခါက အပေါင်းအဖေါ်များနှင့် ကစားကြသောအခါ ခေါက်ဆွဲစားမလားဟု
အမေးခံခဲ့ရဖူး၏။ စားမယ်ဟု ခပ်မြန်မြန်ဖြေမိသည့်အခါ ခေါင်းကို ဂေါက်ကနဲခေါက်
ပြီး ဆံပင်ကို ဆတ်ကနဲဆွဲတာ ခံခဲ့ရဖူးလေသည်။ အကြောင်းသိသွားသောအခါ
ခေါက်ဆွဲစားမလား မေးလာလျှင် မစားချင်ဘူးဟူ၍သာ ဖြေတော့၏။ သို့သော်
ယနေ့အထိ ခေါက်ဆွဲကို စွဲစွဲမြဲမြဲကြိုက်နှစ်သက်ဆဲ၊ စားသုံးနေဆဲဖြစ်၏။ ချစ်ဇနီး
သည်လည်း ခေါက်ဆွဲကို အရူးအမူးစွဲလန်းသူဖြစ်သည်။ ခေါက်ဆွဲသည် သူ၏ထမင်း
ဖြစ်သည် ဟူသတတ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, July 12, 2013

ချောက်ကမ်းပါး ရောင်းဝယ်ရေး















အာဏာသိမ်းဖို့ ချောက်ကမ်းပါးကောင်းကောင်းလိုတယ်။ ပြီးခဲ့တဲ့
ဆယ်စုနှစ်တွေအတွင်း ချောက်ကမ်းပါးတွေ အရောင်းအ၀ယ်အတော်
ဖြစ်ခဲ့တယ်။ အခုလည်းပြည်တွင်းဖြစ် ချောက်ကမ်းပါးတွေတင်မက၊
ပြည်ပက မှာယူတင်သွင်းမယ့်ချောက်ကမ်းပါးတွေ၊ ပြည်ပက တိုက်ရိုက်
ရင်းနှီးမြှုတ်နှံမယ့် ချောက်ကမ်းပါးတွေ ဈေးကွက်မှာ အတော်ချေရှုပ်နေ
ကြတယ်။ တရုတ်ပြည်လုပ်ချောက်ကမ်းပါးတွေ ဟိုတလောက ဈေး
ကောင်းခဲ့ပေမယ့် နေပြည်တော်ခေါင်းဆောင်တဦးက ဈေးကွက်ဝင်ဖျက်
လို့အရောင်းအ၀ယ်အေးသွားတယ်။

ပေါချောင်ကောင်း ချောက်ကမ်းပါးတွေလည်း နေရာအနှံ့မှာတွေ့ရတယ်။
လမ်းဘေးမှာ ချရောင်းတဲ့သူ။ ခေါင်းရွက်ဗန်းပေါ်တင်ပြီး အော်ရောင်းတဲ့သူ။
လက်ကမ်းစာစောင်ဝေပြီးရောင်းတဲ့သူ စသဖြင့် ပုံစံမျိုးစုံနဲ့ချောက်ကမ်းပါး
တွေရောင်းနေတယ်။ ခေတ်မီသွားအောင် ချောက်ကမ်းပါးအရောင်းအ၀ယ်
မလုပ်ချင်ဘူးလား။

ချောက်ကမ်းပါးအမှတ် ၇၈၆နဲ့အပြိုင် လေလံတင်နေတာကတော့ ချောက်
ကမ်းပါးအမှတ် ၆၉၆။ အထူးလျှော့ဈေးနဲ့ရောင်းနေကြတဲ့အထဲမှာ ရိုဟင်
ဂျာက ထိပ်ဆုံးက။ မော်စကိုနဲ့ပြုံ့ယမ်းတို့ကလည်း အရောင်းအ၀ယ်
မြန်မြန်ဖြစ်စေချင်ပုံရတယ်။ လက်သိပ်ထိုးရောင်းတဲ့သူတွေနဲ့ အလုပ်ဖြစ်
အောင် ပွဲစားရှာနေတယ်။ လယ်သိမ်းယာသိမ်း ချောက်ကမ်းပါးကုန်စည်ဒိုင်
မှာ လူအတော်စည်တယ်ဆိုပေမယ့် တကယ်တမ်း အရောင်းအ၀ယ်သိပ်
မဖြစ်လှဘူး။

တပ်မတော်သာအမိ ချောက်ကမ်းပါးကုမ္ဗဏီလီမီတက်ကတော့ ရောင်းသမျှ
ဝယ်ချင်နေတယ်။ ခေတ်ပျက်သူကြွယ်များသမ၀ါယမကလည်း ဈေးကွက်ကို
ထိမ်းထားတယ်။ မျက်မမြင်ခွပ်ဒေါင်းစင်ဒီကိတ်ကလည်း ရသလောက်ဈေးနဲ့
ထိုးရောင်းနေတယ်။ နေပြည်တော်ဈေးကွက်မှာ အရောင်းအ၀ယ်အေးနေတာ
ကို ဈေးကစားသူတွေနဲ့ ဈေးကွက်လေ့လာအကဲခပ်တွေက အမျိုးမျိုးပုံဖေါ်ပြော
ဆိုနေကြတယ်။ အကောင်းမြင်တဲ့သူ၊ အဆိုးမြင်တဲ့သူ၊ မဆိုးမကောင်းမြင်တဲ့သူ၊
ဒီလူတွေအကုန်လုံးကို ကာလပေါ်မီဒီယာတွေက ဗျူးကြီးဗျူးငယ်အသွယ်သွယ်
နဲ့ ဖေါ်ပြနေကြတယ်။ ချောက်ကမ်းပါးဈေးကွက် အတက်အကျကိုလည်း အွန်
လိုင်းလူမှုကွန်ယက်တွေကနေ နိုင်ငံတကာအလိုက် အချိန်နဲ့တပြေးညီဖေါ်ပြ
ပေးနေတယ်။

ဈေးကောင်းလည်းရ၊ ၀ယ်လက်လည်း ကြိုက်မယ့် ချောက်ကမ်းပါးကောင်းဆို
တာက ရွှေလိုရှားတဲ့အရာမျိုးတော့ မဟုတ်လှဘူး။ ဈေးကွက်ထဲမှာ ချောက်
ကမ်းပါးကောင်းတွေ ပေါပါတယ်။ အရောင်းအ၀ယ်မတည့်သေးတာ တခုပဲ။
အရောင်းအ၀ယ်တည့်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အုပ်စုနဲ့ ချောက်ကမ်းပါး
တွေ အရောင်းအ၀ယ်ဖြစ်ရင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်ဆိုတဲ့အုပ်စု
အားပြိုင်နေတဲ့ကာလလို့ဆိုရမယ်။

ချောက်ကမ်းပါးတွေကို ရောင်းကုန်ပစ္စည်းအဖြစ်ကနေ အပမ်းဖြေပန်းခြံအဖြစ်
အသွင်ပြောင်းနိုင်အောင် ကြိုးစားလေ့ကျင့်ဖို့ လွှတ်တော်က အမျိုးသမီးအိမ်
သာမှာ တီးတိုးပြောဆိုမှုတချို့တော့ရှိနေပြီ။ လွဲချော်မှုက အိမ်သာတက်ရင်း
အပျင်းပြေပြောရမယ့်စကားတွေကို လွှတ်တော်အတွင်းမှာ အလေးအနက်
ပြောဆိုနေကြတာပဲ။

လွှတ်တော်က အမျိုးသားအိမ်သာတခုရဲ့အတွင်းနံရံမှာ မင်နီနဲ့ရေးထားတဲ့
အဆိုအမိန့်လိုလို၊ မှတ်ချက်လိုလို၊ သဘောတရားလိုလို စာစုတခုကိုဖေါ်ပြ
ပေးလိုက်ပါတယ်။

“ ချောက်ကမ်းပါးဈေးကွက် ကွယ်ပျောက်ဖို့ဆိုတာက ပညာရေးနဲ့ဆိုင်တယ်။
ပညာရေးဆိုတာက နေ့ချင်းညချင်းထူထောင်လို့ရတာမျိုးမဟုတ်ဘူး။ မျိုး
ဆက်နဲ့ချီပြီး စောင့်ကြည့်ပျိုးထောင်ရတာ။ လွယ်လွယ်နဲ့ဖြစ်ကြေးဆိုရင်
ငါသမ္မတဖြစ်တာ ကြာပြီ ”

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, June 20, 2013

မီးခိုး














တည်တည်ငြိမ်ငြိမ်နဲ့
မတည်ငြိမ်တာတွေကို ထိန်းထား ။

မသေချာတာတွေပဲရှိတယ်ဆိုတာ
သေချာတယ် ။

ငါတို့အတွက် သူတို့သေပေးရ ။

အရင်က အရေးကြီးခဲ့တာတွေ
အခု အရေးမကြီးတော့ပါ ။

ဒီကိစ္စမှာ
အရှင်ဘုရားလည်း တာဝန်ရှိတယ်
ထာဝရဘုရားလည်း တာဝန်ရှိတယ်
ယာယီဘုရားလည်း တာဝန်ရှိတယ်
တာဝန်ရှိတဲ့သူလည်း တာဝန်ရှိတယ်
တာဝန်မရှိတဲ့သူလည်း တာဝန်ရှိတယ်
ငါကိုယ်တော်မြတ်လည်း တာဝန်ရှိတယ် ။

ဘာကိုမှ ယုံကြည်လို့မရဘူးဆိုတာ
ယုံထား ။

နောက်ဆုံးတော့
နားထဲမှာ မီးခိုးတွေအူပြီး ကျန်ခဲ့တယ် ။

(ရုပ်ပုံ ။ ဂူဂယ် )

Monday, May 13, 2013

အရေခြုံ














ရန်ကုန်က အငြိမ်းစားရဲအရာရှိတဦးနဲ့ တနေ့ကဆုံဖြစ်တယ်။ ဟိုအကြောင်း
ဒီအကြောင်းပြောကြရင်း သူအရေးယူခဲ့ဖူးတဲ့ ဘုန်းကြီးအမှုတခုက  စိတ်ဝင်
စားဖို့ကောင်းသမို့ ပြန်ပြီးမျှဝေလိုက်ပါတယ်။ ၂၀၀၉ခု နှစ်ကုန်ပိုင်းက
အဖြစ်အပျက်ပါတဲ့။

တောင်ဥက္ကလာမှာရှိတဲ့ ဘုန်းကြီးကျောင်းတခု။ ဘုန်းကြီးနှစ်ပါး သတင်းသုံး
တယ်။ ကိုယ်တော်ကြီးက အသက်ငါးဆယ်ခန့်။ ကိုယ်တော်လေးက အသက်
လေးဆယ်ခန့်။ အဲဒီဘုန်းကြီးကျောင်းမှာ မိဘမဲ့ကလေးကျောင်းတခုလည်း
ဖွင့်ထားတယ်။ ကလေးဦးရေ ခြောက်ဆယ်ကျော်လောက်ရှိတယ်။ အမျိုးသမီး
သူနာပြုနှစ်ဦးလည်း ရှိတယ်။ ကလေးတွေကို စာသင်ပေးတဲ့ ဆရာမလေးတချို့
လည်းရှိတယ်။

လူမှုကူညီရေးလုပ်တဲ့ ဒီဘုန်းကြီးကျောင်းကို လူတွေသဘောကျတယ်။ ဘုန်း
ကြီးနှစ်ပါးကိုလည်း ကြည်ညိုသဒ္ဒါပွါးကြတယ်။ သာသနာရေးဝန်ကြီးဌာနက
တောင် ဒီကျောင်းကို တိုးချဲ့ဆောက်လုပ်ခွင့်ပြုတော့မယ်။ ဒီအချိန်မှာပဲ ကိုယ်
တော်ကြီးအဖမ်းခံရတယ်။ ကိုယ်တော်လေးက သူနာပြုတဦးနဲ့ထွက်ပြေးလွတ်
မြောက်သွားတယ်။

ကိုယ်တော်ကြီးကိုတတ်တဲ့ ပုဒ်မတွေထဲမှာ မုဒိန်းမှု။ လိမ်လည်မှု။ ချဲထီရောင်းမှု
စသဖြင့် အတော်များတယ်။ ချဲထီကတော့ ထွက်ပြေးသွားတဲ့ကိုယ်တော်လေးက ဒိုင်ဖွင့်ပြီးရောင်းတာလို့ဆိုတယ်။ ကိုယ်တော်ကြီးကိုအဓိက အရေးယူတာကတော့
မုဒိန်းမှုပါပဲ။

မိဘမဲ့ကလေးတွေထဲက ကောင်မလေးတွေကို ကိုယ်တော်ကြီးက ခြေတော်တင်
နေတာ နှစ်နဲ့ချီကြာနေပြီ။ အချိန်အခါမရွေး စိတ်တိုင်းကျကို ခြေတော်တင်တော်
မူပါသတဲ့။ သူနာပြုအမျိုးသမီးတွေက ကလေးမလေးတွေကို ကိုယ်ဝန်တားဆေး
တွေ ပုံမှန်ထိုးပေးနေရပါသတဲ့။

ဒီလိုနဲ့။ တရက်သား။ စာသင်ပေးတဲ့ဆရာမလေးကို မုဒိန်းအကြိမ်ကြိမ်အကျင့်ခံ
နေရသူကောင်မလေးတွေထဲက တယောက်က သူတို့ရဲ့အဖြစ်ကို ဖွင့်ပြောလိုက်
သတဲ့။ ဆရာမလေးလည်း ရက်အတော်အတန် ကြံရာမရဖြစ်နေသတဲ့။ ယုံရလည်း
ခက်တဲ့ကိစ္စကိုး။ ရက်အနည်းငယ်အတွင်းမှာပဲ ယုံကြည်နိုင်လောက်တဲ့အခြေအနေ
တွေကို ဆရာမလေးက အကဲခပ်မိပြီး သူ့ရဲ့မိတ်ဆွေ အမျိုးသမီးရဲအရာရှိကို သတင်း
ပေးခဲ့တာပါပဲ။ ရဲတွေက သေချာစုံစမ်းပြီး ကိုယ်တော်ကြီးကိုဖမ်း။ ကျောင်းကို ချိတ်
ပိတ်လိုက်သတဲ့။ ချဲဒိုင်ကိုယ်တော်လေးက သူနာပြုမလေးနဲ့ထွက်ပြေးလွတ်မြောက်
သွားသတဲ့။

ဒီအဖြစ်အပျက်ဟာ ၂၀၀၇ သံဃာ့လှုပ်ရှားမှုနဲ့ သိပ်မဝေးခင်မှာဖြစ်ခဲ့တာ။ မြန်မာ
သံဃာတွေကို ကမ္ဘာတ၀ှမ်းကအံ့သြချီးမွှန်းလို့ အရှိန်မကုန်ခင်မှာဖြစ်ခဲ့တာ။ မုဒိန်း
ကျင့်ကိုယ်တော်ရဲ့သတင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက ဖေါ်ပြကြတာ
မတွေ့ဘူးတဲ့။ ဘုန်းကြီးတွေနဲ့ပတ်သက်တဲ့ပြစ်မှုတွေက မကြာခဏဆိုသလိုရှိနေ
တာလို့ဆိုတယ်။ အခုတော့လည်း သမ္မတကြီးရဲ့ကောင်းမှုနဲ့ မုဒိန်းကိုယ်တော်ကြီး
လည်းလွတ်သွားလောက်ပြီထင်ပါရဲ့လို့ အငြိမ်းစားရဲအရာရှိက ခပ်ပြုံးပြုံးနဲ့ပြော
တယ်။

မြန်မာပြည်မှာ သံဃာ့အင်အား ငါးသိန်းလောက်ရှိတယ်လို့ သီတဂူကိုယ်တော်က
မကြာခင်ကပဲ မိန့်ခဲ့တယ်။ စစ်သားအင်အားနဲ့ မတိမ်းမယိမ်းလောက်ရှိသတဲ့။
မြန်မာပြည်ဟာ ဘုန်းကြီးရော၊ စစ်သားရော အလွန်အမင်း များပြားလွန်းတဲ့တိုင်း
ပြည်။ မြန်မာ့လူ့အဖွဲ့အစည်းက ဒီကိစ္စကို သိရဲ့သားနဲ့လက်ခံထားတာလား။
မသိချင်ယောင်ဆောင်နေတာလား။ မတတ်နိုင်လို့လွှတ်ထားရတာလား။ ကျေကျေ
နပ်နပ်ကြီး လက်ခံနေတာလား။ ဘုန်းကြီးတွေများတာ၊ စစ်သားတွေများတာ ကောင်း
တဲ့လက္ခဏာလို့များ ခံယူနေကြသလား။ တပည့်တော်လည်း မလျှောက်တတ်ဘူး။

စစ်သားဆိုပေမဲ့လည်း စစ်သားမစစ်တဲ့သူတွေ။ သံဃာဆိုပေမဲ့လည်း သံဃာမစစ်တဲ့
သူတွေ ဘယ်လောက်များနေမလဲ။ သူတော်ကောင်းအရေခြုံလို့ လုံနေတဲ့လူ့အဖွဲ့
အစည်းဟာ ကောင်းတဲ့လူ့အဖွဲ့အစည်းမဟုတ်ဘူး။ လက်ရှိအစိုးရကိုပဲကြည့်။ စစ်
အာဏာရှင်က ဒီမိုကရေစီအရေခြုံထားတာမဟုတ်လား။

တိုင်းပြည်မှာ ဘုရားတွေကလည်း လက်ညိုးထိုးမလွဲ။ သံဃာတွေ၊ စစ်သားတွေကလည်း
လက်ညိုးထိုးမလွဲ။ မြန်မာပြည်မှာ လက်ညိုးထိုးလိုက်တိုင်း လွဲလွဲနေတာကတော့ အမှန်
တရားပဲဖြစ်လိမ့်မယ်။ အမှန်တရားတောင် သိပ်မယုံရဘူး။ ဘယ်လိုအရေခြုံထားမှန်းမှ
မသိတာ။

( ရုပ်ပုံ ။ ဂူဂလ် )

Friday, April 19, 2013

သောက်ကောင်းပေါက်ကောင်းဆက်ဆံရေး















ရန်ကုန်မြို့က ပုဂ္ဂိုလ်လေးဦး ဆန္ဒပြပွဲတခုမှာ ဆုံကြသတဲ့။ ဆန္ဒပြပွဲအပြီး
ဘီယာဆိုင်ကို ဆက်လက်ချီတက်ကြသတဲ့။ ဘီယာဆိုင်မှာ စကားကောင်း
ကြသတဲ့။

( ပုဂ္ဂိုလ်တစ် )

တကယ့်ဘ၀မှာ မိတ်ကောင်းဆွေကောင်း တယောက်မှမရှိပေမဲ့ ဖေ့စ်ဘုခ်
ထဲမှာတော့ မိတ်ဆွေပေါင်း တသောင်းခြောက်ထောင်ရှိသူ။ ဟိုဘုန်းကြီးရဲ့
အဆိုအမိန့်။ ဒီဆရာသမားရဲ့အယူအဆ။ ဟိုခေါင်းဆောင်ရဲ့စကားတွေကို
မျက်စေ့နောက်အောင် ဖေ့စ်ဘုခ်ထဲမှာဖေါ်ပြနေပေမဲ့ ကိုယ်ပိုင်အယူအဆ
တခုမှမရှိသူ။ မှန်သလား၊ မှားသလားမသိ။ ဘယ်လောက်မှန်ပြီး၊ ဘယ်
လောက်မှားမှန်းမသိ။ သတင်းဌာနတွေကပြောသမျှ တကယ်ယုံတတ်သူ။
သတင်းမှန်သမျှ သူသိပြီးသားဟု ဆိုတတ်သူ။ မြန်မာ့အင်တာနက် လူမှုကွန်
ယက်လောကမှာ ဘုရင်တဆူလို့ယူဆသူ။

( ပုဂ္ဂိုလ်နှစ် )

အမြဲလိုလိုစာဖတ်နေတတ်သူ။ ကဗျာဆရာအဖြစ်ခံယူထားသူ။ နာမည်ကျော်
ကဗျာတွေအလွတ်ရသူ။ တကယ်မဟုတ်ပေမဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်
ငံကျော်အနုပညာသမားတွေနဲ့ရင်းနီးလှသူအဖြစ် မကြာခဏထုတ်ဖေါ်ပြော
ဆိုတတ်သူ။ နိုင်ငံရေး၊ တော်လှန်ရေး၊ ပြုပြင်ပြောင်းလဲရေးစတာတွေဟာ
ကဗျာဖန်တီးမှုလောက် မလေးနက်သယောင်ပြောတတ်သူ။

( ပုဂ္ဂိုလ်သုံး )

သတင်းသမား အဖြစ်ခံယူထားသူ။ (သူ့ကိုယ်သူတော့ ဂျာနယ်လစ်လို့ဆို
တယ်) အတင်းအဖျင်းများများ၊ သတင်းနည်းနည်းဂျာနယ်တခုမှာ သူ့ရဲ့
သတင်းတွေ မကြာခဏပါတတ်တယ်။ အွန်လိုင်းနဲ့အချိန်ကုန်။ ရည်းစားကိုး
ယောက်အွန်လိုင်းမှာ တပြိုင်ထဲထားသူ။ အဲဒီအထဲကတယောက်က မိန်းမနာ
မည်နဲ့ဘုန်းကြီးတပါးဆိုတာကိုတော့ သူမသိရှာ။

(ပုဂ္ဂိုလ်လေး)

ဘာပဲလာလာ အားလုံးနဲ့အဆင်ပြေအောင်နေတတ်သူ။ လူဆိုးကိုလည်း
ထောက်ခံ။ လူကောင်းကိုလည်းထောက်ခံ။ တက်တဲ့အစိုးရ ငါ့အစိုးရလုပ်
တတ်သူ။ ပေါ်ပင်မှန်သမျှ အလွတ်မခံ။ ဆံပင်အရောင် တလတခါပြောင်း။
ကြံ့ဖွတ်နဲ့လည်းပေါင်း၊ ခွပ်ဒေါင်းနဲ့လည်းပေါင်း။ ပြည်ပအတွေ့အကြုံလည်း
အနည်းအကျဉ်းရှိ။ (မလေးရှားမှာ တနှစ်ခွဲလောက်အလုပ်လုပ်ဖူး)။ လော
လောဆယ် အိမ်ခြံမြေပွဲစား။

ဘီယာဆိုင်းအတွင်း သူတို့ပြောဆိုခြင်းအမှုကို နားဆင်တော်မူကြပါ။

( ပုဂ္ဂိုလ်တစ် )

ဘီယာဆိုတာ ရေပါပဲကွာ။
အဖွါးကြီးဟိုကိစ္စဖြစ်နေတာ သိပြီးပြီလား။
အွန်လိုင်းမှာနောက်ဆုံးတက်နေတဲ့သတင်းက...။
အဖိုးကြီးလည်းကြာကြာမခံတော့ဘူးသူငယ်ချင်း။
ဒီကပြန်ရင် အွန်လိုင်းမှာတင်လိုက်မယ်လေ။
အရှုပ်ထဲမှာ ရှင်းအောင်နေရမယ်။
ရေဒီယိုနားမထောင်ဘူးထင်တယ်။
နောက်တခွက်ပေးပါဦး။

( ပုဂ္ဂိုလ်နှစ် )

ပေမမှီဒေါက်မမှီ လှုပ်ရှားမှုတွေပါဗျာ။
အဘိုးကြီးဘေးနားကလူက ကျနော့မိတ်ဆွေလေ။
စစ်သားတွေ ကဗျာကိုမသိလို့တိုင်းပြည်မှာ ဗိုလ်ကျနေတာ။
အဖွါးကြီးလည်း ဟန်ပဲကျန်တော့တာပါ။
သတင်းတွေကဗျာမဖြစ်သရွေ့ ငွေပေးပြီးမဖတ်နိုင်ဘူး။
ဘီယာဆိုတာ သောက်ကောင်းပေါက်ကောင်းဆေးဘက်ဝင်အရည်တမျိုးဗျ။
လုပ်ပါဦး နောက်တခွက်။

( ပုဂ္ဂိုလ်သုံး )

အတွင်းခံပေါ်မှသတင်းဗျ။
ခင်ဗျားပြောတဲ့သတင်းက အဟောင်းကြီးပါ။
ရေဒီယိုခေတ်က ကုန်သွားတာကြာပြီ။
သတင်းဆိုတာကဗျာပဲလို့ ခင်ဗျားကို ဘယ်နှစ်ခါပြောရမလဲ။
မင်းသမီးနဲ့သတင်းသမား ညားတဲ့ခေတ်ကိုရောက်နေပြီကိုယ့်လူ။
နောက်တခွက်။

( ပုဂ္ဂိုလ်လေး )

ဟုတ်တယ်ဗျာ။
အဲဒါ ကျနော်ထောက်ခံတယ်။
ကောင်းတယ်အကို ကောင်းတယ်။
မြေကွက်အသစ်တွေချပေးနေတယ်ဗျ။
ကျနော်သဘောတူပါတယ်။
ကောင်းတယ်ဗျာ။
အခုဝယ်ထား။ သုံးလလောက်နေရင်ပြန်ရောင်း။ သိန်းနှစ်ရာလောက်မြတ်မယ်။
လုပ်ဗျာ အားပေးတယ်။
ကျနော့်ကိုလည်း နောက်တခွက်။

(ရုပ်ပုံ ။ ဂူဂလ်)

Wednesday, April 3, 2013

စိုးရိမ်ပူပန်ရေးကော်မရှင်















သင်္ကြန်နီးလာတော့ တချို့တွေကလည်း ကောင်မလေးတွေ ဖေါ်မှာစိုးကြ
သတဲ့။ တချို့ကျတော့ မဖေါ်မှာစိုးကြသတဲ့။ ပေါ်အောင်ဖေါ်သော်ညား
မပေါ်မှာစိုးသူကလည်း ရှိသေးသတဲ့။ စကားမစပ်။ နောက်ကြောင်းပြန်လှည့်
မှာကို စိုးရိမ်သူက ရိမ်။ ပြန်မလှည့်မှာကို စိုးရိမ်သူက ရိမ်။ လှည့်သလိုလို
မလှည့်သလိုလိုနဲ့ ဝေ့လည်ကြောင်ပတ်ဖြစ်နေမှာကို စိုးရိမ်သူက ရိမ်။ စုတဲ့
သူကလည်း စုမှစု။ စိန်တဲ့သူကလည်း စိန်မှစိန်။ စိန်စုကို ချဲဂဏန်းလိုအတွဲ
လုပ်ပြီး မြိန်တဲ့သူက မြိန်။ လိမ်တဲ့သူက လိမ်။

ကုလားပြီးရင် တရုတ်ဘက်လှည့်မှာ စိုးတဲ့သူကစိုး။ မွတ်ဆလင်ပြီးရင် ခရစ်
ယန်လာမှာ စိုးတဲ့သူကစိုး။ ကချင်ပြီးရင် ၀ဆီသွားမှာ စိုးတဲ့သူကစိုး။ သင်္ကြန်
မိုးတင်မက သင်္ကြန်ဗုံးပါခေတ်စားလာတော့ တူးပို့တူးပို့နဲ့ ၀ုန်းဒိုင်းအုမ်းဂွမ်း
လေနဲ့ဝမ်းနဲ့မကွဲမှာ စိုးတဲ့သူကစိုး။ သတင်းစာတွေ အတောင်ပံပေါက်လာ
တော့ အင်တာဗျူးတွေလာမှာ စိုးတဲ့သူကစိုး။ အင်တာဗျူးတွေမလာမှာ စိုးတဲ့
သူကစိုး။ ဆန္ဒတွေမပြရမှာ စိုးတဲ့သူကစိုး။ ဆန္ဒတွေပြမှာကို စိုးတဲ့သူကစိုး။

ဘုန်းကြီးကိုလောင်တဲ့ မီး။ ဗလီကိုလောင်တဲ့ မီး။ မြို့တွေရွာတွေဆီ အလည်
အပတ်ထွက်နေတဲ့ မီး။ လက်ညိုးညွှန်ရာ မီးဖြစ်သူတွေကြောင့် ငါ့ဆီလောင်
မလား သူ့ဆီလောင်မလား ပူနေရတဲ့ မီး။ ဗလီရှိရာအရပ်မှာ ယုံကြည်ရာ
ဘုရားကို တက်တက်ကြွကြွ တနေရတဲ့ မီး။ မီးတွေကို လောင်စေချင်သူတွေ
က မလောင်မှာကို စိုး။ မလောင်စေချင်သူတွေကလည်း လောင်မှာကို စိုး။

ဒေါသမီး။ သောကမီး။ ရေရှိမှလာတဲ့မီး။ ဓါတ်ဆီရှိမှလာတဲ့မီး။ အာဏာရှိမှ
လာတဲ့မီး။ အကပ်ကောင်းမှလာတဲ့မီး။ နေပြည်တော်မှာ ပျော်တဲ့မီး။ မျှော်
ပေမဲ့လည်း ပေါ်မလာတဲ့မီး။ လက်ပံတောင်းကိစ္စလို ဟုန်းကနဲတောက်ပြီး
ငြိမ်ကျသွားတဲ့ ကောက်ရိုးမီး။ မြစ်ဆုံကိစ္စလို ဟိုမရောက် ဒီမရောက်ဖြစ်နေ
တဲ့ မီးတန်းလန်း။ အပေါ်မီး အောက်မီးနဲ့ ပြုပြင်ပြောင်းလဲရေးမီး။ မီးတို့
ကတော့ မီးမှန်မှန်လာတာပဲ မြင်ချင်တယ်ဆိုတဲ့ ရန်ကုန်မြို့က မမီးမီး။
အချစ်မီး။ အမုန်းမီး။ စိုးရိမ်ရတဲ့ မီး။ အခုထိမငြိမ်းနိုင်တဲ့ ပြည်တွင်းစစ်မီး။

လယ်အသိမ်းခံရတဲ့လယ်သမားတွေ အလျော်ရပေမဲ့ မပျော်ရလို့ စိုးရိမ်။
ငြိမ်းချမ်းရေးစကား ပြောသော်ညားလည်း တိုက်ပွဲတွေမရပ်လို့ စိုးရိမ်။
တိုင်းပြည်ကသေးသေး၊ မုန်တိုင်းကများများဆိုတော့ကာ။ စိုးရိမ်စိတ်တွေ
နဲ့စီးပွါးရေးသမားများ အပြေးအလွှားနဲ့ရင်းနှီးမြှုပ်နှံနေရရှာ။ ခေတ်ပျက်
သူဌေးတွေကလည်း စိုးရိမ်စိတ်တွေနဲ့ နှစ်ဆတိုးပြီး စီးပွါးရှာ။

အရင်ကတော့ ပြည်တော်မပြန်နိုင်မှာကို စိုးရိမ်။ အခုတော့ပြည်တော်ပြန်
ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမှာကို စိုးရိမ်။ အစိုးရနဲ့ပေါင်းပြီးကောင်း
စားပြန်ရင်လည်း တမှု။ မကောင်းစားပြန်ရင်လည်း တမှု။ အန်ဂျီအိုထောင်
လို့အောင်မြင်တော့လည်း တပြစ်။ မအောင်မြင်ပြန်တော့လည်း တပြစ်။
သမဒဂျီးကို ယုံကြည်တော့လည်းတမှောင့်။ မယုံကြည်တော့လည်း
တမှောင့်။

ရာသီဥတုက ပူပူ။ မီးတွေက တလန့်လန့်။ အလုပ်အကိုင်က ခပ်ရှားရှား။
လွှတ်တော်ထဲမှာထိုင်နေသူတွေကပဲ တိုင်းပြည်ကို ပိုချစ်နေသလိုလို။
စစ်သားတွေကပဲ တိုင်းပြည်ကို ပိုချစ်နေသလိုလို။ ပါတီဝင်တွေကပဲ တိုင်း
ပြည်ကို ပိုချစ်နေသလိုလို။ တောခိုဖူးသူ။ ထောင်ကျဖူးသူ။ ဆန္ဒပြဖူးသူ။
ဆန္ဒပြသူတွေကို ရိုက်နှက်ဖူးသူ။ နိုင်ငံရေးအကျဉ်းသားကို နှိပ်စက်ဖူးသူ။
အလုပ်ပြုတ်ဖူးသူ။ ကျောင်းထုတ်ခံရဖူးသူ။ ဆိုင်အပိတ်ခံရဖူးသူ။ မူဆလင်
မုန်းတီးရေးတရားဟောသူ။ ဒီလူတွေကပဲ တိုင်းပြည်ကို ပိုချစ်နေသလိုလို။
တိုင်းရေးပြည်ရေး သူတို့ကပဲ အထူးစိတ်ပူနေကြသလိုလို။

စင်္ကာပူလို မကြာခင်ဖြစ်အောင်လုပ်မယ်လို့ မပူမပင်ပြောတဲ့သူကပြော။
ထိုင်းကိုအမြန်ကျော်တက်မယ်လို့ အပူအပင်ကင်းကင်းဆိုတဲ့သူကဆို။
အာစီယံဥက္ကဌလောင်းဆိုပြီး အပူအပင်မရှိ လက်မထောင်သူကထောင်။
တရုတ်အရိပ်ထက် အမေရိကန်အရိပ်က ပိုအေးသကွဲ့လို့ အပူအပင်မဲ့
ပြောတဲ့သူကပြော။

သန့်ရှင်းအစိုးရ။ ပွင့်လင်းအဖွဲ့အစည်း။ ငြိမ်းချမ်းရေးဝန်ကြီး။ ငြိမ်းချမ်း
ရေးနိုဘလ်ဆုရှင်။ ခြောက်ကိုးခြောက်။ ခွန်ရှစ်ခြောက်။ နှစ်ထောင့်ဆယ့်
ငါး။ ရှစ်လေးလုံး။ ဂဏန်းများ။ ဂဏန်းများ။ ပူပင်ရတဲ့ကိန်းဂဏန်းများ။

နွေရာသီရောက်လာပြီဖြစ်ပါ၍ မီးကို အထူးသတိပြုကြပါရန်။ အပူရှိန်တိုး
လာသဖြင့် အေးရာအေးကြောင်းရှာထားကြပါရန်။ စိုးရိမ်ပူပန်ရေးကော်
မရှင်က သတိပေးလိုက်ရပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, December 5, 2012

ရောဂါ


မြန်မာစစ်အုပ်စုမှာ လုံးဝနားမလည်နိုင်တဲ့ ဝေါဟာရ သုံးခုရှိတယ် ။
တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှု။ ဒါတွေကို နားမလည်နိုင်
တာဟာ အာဏာရှင်ရောဂါ။

ဗိုလ်သိန်းစိန်အစိုးရက အရင်အစိုးရတွေနဲ့မဆိုင်ဘူးလို့တတွတ်
တွတ်ပြောနေတယ်။ သူတို့က အာဏာရှင်မဟုတ်ဘူးလို့ ဆိုလိုချင်
ပုံရတယ်။ တဘက်မှာတော့ အရင်အစိုးရတွေရဲ့ ပြစ်မှုကျူးလွန်မှု
တွေကို အကာအကွယ်ပေးနေတယ်။ ပြည်သူ့ဆန္ဒအတိုင်း အလုပ်
လုပ်မယ်လို့ကြွေးကြော်နေပေမဲ့ လက်တွေ့ဘ၀မှာပြည်သူ့ဆန္ဒ
တွေက ချေမှုန်းခံနေရတယ်။ မလှမ့်တပတ်လုပ်ခံနေရတယ်။

ပြည်သူလူထုနဲ့ဆက်ဆံရေးမှာ တရားမျှတမှုတွေ ရှိမလာဘူး။ တိုင်း
ရင်းသားတွေနဲ့ဆက်ဆံရေးမှာ တန်းတူညီမျှမှုကို လုံးဝထည့်မစဉ်း
စားသေးဘူး။ လွတ်လပ်မှုကိစ္စမှာတော့ လျှော့လျှော့ပေါ့ပေါ့လုပ်
လာတာတွေ့ရတယ်။ ဒါကလည်း ယာယီလား။ ထာဝစဉ်လား။ အစစ်
အမှန်လား။ အတုအယောင်လားဆိုတာ စောင့်ကြည့်ရဦးမယ်။

အာဏာရှင်ရောဂါက စစ်အုပ်စုတခုထဲမှပဲ ရှိနေတယ်လို့ တထစ်ချပြော
လို့မရဘူး။ အာဏာရှင်စံနစ်ကို ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေ
ထဲမှာလည်း ဒီရောဂါလက္ခဏာတွေကို မြင်နေရတယ်။ ဒီရောဂါစွဲကပ်ပြီ
ဆိုရင် ပျောက်ဖို့သိပ်ခက်တယ်။ တချို့ကလည်း ရောဂါရှိနေလို့ရှိနေမှန်း
မသိဘူး။ တချို့ကတော့ ရောဂါရှိမှန်းသိပေမဲ့ မရှိချင်ယောင်ဆောင်ကြ
တယ်။ အဲဒါနဲ့ပဲ မြန်မာပြည်မှာ အာဏာရှင်သံသယာ လည်နေတယ်။

ဒီမိုကရေစီဆိုတာ မြန်မာပြည်သူတွေအတွက် တခါမှမစားဖူးတဲ့ အစား
အစာတခုပဲ။ ဦးနုခေတ်တုန်းက ဒီမိုကရေစီ ရှိခဲ့ဖူးတယ်ဆိုပေမဲ့ အထိုင်
မကျခင်မှာပဲ ( ဒီမိုကရေစီဆိုတာ ချိုသလား၊ ချဉ်သလား မသိရခင်မှာပဲ)
စစ်အာဏာရှင်အောက် ရောက်သွားခဲ့တာမဟုတ်လား။ မြန်မာပြည်သူ
တွေ ကျကျနနစားဖူးတာက အာဏာရှင်စံနစ်။ ဒီအဟာရဓါတ်နဲ့ပဲရှင်
သန်ခဲ့ရတယ်။ အခုလည်း ဒီမိုကရေစီကို အကောင်အထည်ဖေါ်မယ်
ဆိုတဲ့ ဗိုလ်သိန်းစိန်တို့အုပ်စုကိုယ်တိုင်က စစ်အာဏာရှင်လူထွက်တွေ။

ဘိန်းစွဲ၊ ဆေးစွဲ၊ အရက်စွဲသူတွေ ဖြတ်တဲ့အခါ တော်တော်ဝရုန်းသုန်းကား
ဖြစ်တယ်။ တချို့ က ဖြတ်တုန်းခဏပဲ ပြတ်တယ်။ တချို့ကတော့ လုံးလုံး
ပြတ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြတ်ချင်တဲ့စိတ်ရှိဖို့က ပထမအရေးကြီးတယ်။
ဗိုလ်သိန်းစိန်အစိုးရဟာ အာဏာရှင်အစွဲကို တကယ်ပဲဖြတ်ချင်နေတာလား
ဆိုတာ အသိရခက်တယ်။ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား မရှိဘူး။
ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဒါပေမဲ့လည်း အစွဲဖြတ်ဖို့ဆေးရုံကိုတော့ရောက်
လာပြီ။ ၀ရုန်းသုန်းကားတွေလည်း မြင်နေရပြီ။ တကယ်ပြတ်အောင် ဖြတ်
ဖို့ပဲ လိုတယ်။

အမြစ်ပြတ်အောင် ဖြတ်နိုင်ဖို့က ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။
တွန်းတဲ့သူကလည်း တွန်း။ ဆွဲတဲ့သူကလည်း ဆွဲ။ နှဲ့တဲ့သူကလည်း နှဲ့။
မတဲ့သူကလည်း မ။ အတွန်းချည်း သက်သက်လည်း မဖြစ်ဘူး။ အဆွဲချည်း
သက်သက်လည်း မဖြစ်ဘူး။ ဒေါ်စုက သမ္မတကြီးကို ယုံတယ်လို့ပြောတိုင်း
တတိုင်းပြည်လုံး လိုက်ပြီးယုံစရာ မလိုဘူး။ NLDက စစ်အုပ်စုဖွဲ့စည်းပုံကို
ထောက်ခံတိုင်း တတိုင်းပြည်လုံး လိုက်ပြီးထောက်ခံစရာ မလိုဘူး။ ကိုယ့်
အသိနဲ့ကိုယ်လွတ်လွတ်လပ်လပ် ရပ်တည်တဲ့အကျင့်တွေ စပြီးလေ့ကျင့်
သင့်ပြီ။

တခါမှ မစားဖူးတဲ့အစာ။ တခါမှ မရောက်ဖူးတဲ့ဒေသ။ တခါမှ မကျင့်သုံးဖူး
တဲ့စံနစ်တခုကို အသားကျအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့လည်း ကောင်းချင်ရင်တော့ အနာခံပြီးရောဂါပျောက်အောင် ကုသ
ရလိမ့်မယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်တွေဟာ တိုးတက်ထွန်းကားလာခဲ့တယ်။
ခပ်ပျော့ပျော့ ခပ်ညံ့ ညံ့တွေ များနေရင်တော့ ရောဂါပျောက်ဖို့ မလွယ်ဘူး။
ပျောက်လည်း ခဏပဲဖြစ်လိမ့်မယ်။ အာဏာရှင်ရောဂါကို ပျောက်အောင်
ကုသနိုင်မယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေ မျက်နှာချင်း
ဆိုင်မိကြလိမ့်မယ်။

တရားမျှတမှု။ တန်းတူညီမျှမှု။ လွတ်လပ်မှုဆိုတာတွေက အာဏာရှင်ရော
ဂါကို ပျောက်ကင်းစေမယ့်ဆေးပဲ။ ဒီသုံးချက်က မြန်မာပြည်သူတွေအတွက်
ဒို့တာဝန်အရေးသုံးပါးလို့တောင် ဆိုရလိမ့်မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)