Tuesday, August 23, 2011

မြို့စော်နံ ပြန်လိုက်ဦး

မြို့က ကြီးပြီး ရှုပ်နေရတဲ့အထဲ တိမ်တွေနဲ့တိုက်တွေကလည်း လုံးလားထွေးလားနဲ့။















တိုက်နံရံတွေကို ကြည့်တာနဲ့ မူးချင်လာလိမ့်မယ် ။



















ဒီအရက်ကို တချို့က မကြိုက်ဘူး။ သောက်ပြီးရင် နောက်တနေ့ ခေါင်းမူးတတ်
လို့တဲ့။ တချို့ကတော့ မမူးပေါင်တဲ့။ ဒါမှဒါ ဆိုပဲ။














မြို့ကြီးပြကြီးဆိုတော့ကာ ရှုပ်ချက်ကတော့ မြင်တဲ့အတိုင်းပဲ။















အငှားကားတွေက အ၀ါရောင်။ မြို့ထဲမှာ အရမ်းကားဆုံး ကားတွေပ။














မြို့လည်းကြီး တိုက်လည်းကြီးတော့ အမှိုက်ပုံလည်း ကြီးရတော့တာပေါ့။















ရှင်းတဲ့လမ်းလည်း ရှိပါတယ်ခင်ဗျ။















သန့်တဲ့ တိုက်လည်း ရှိပါတယ်ဗျ။















မလွယ်ပေါက်က ဆင်းရတဲ့ လှေကားဆိုတော့ မလွယ်လှေကားလို့ ဆိုရမလား။
တိုက်တွေကကြီး အခန်းတွေကများတော့ လှေကားတွေလည်း များရရှာသပေါ့။



















အချက်ပြမီးတွေကလည်း လမ်းမတွေမှာ တို့လို့တွဲလောင်း ညဆိုရင် မီးပုံးတွေ
ထောင်ထားသလို။















ချစ်ဇနီးနဲ့ အပြင်ကို နေ့လည်စာ ထွက်စားရင်း ဒီမြို့ ရှုပ်ရှုပ်ကြီးဆီ ရောက်သွားတော့
တာပဲ။ ကားပေါ်မှာ ဟိုငေး ဒီငေးလုပ်ရင်း ရိုက်မိ ရိုက်ရာ အရုပ်များကို ပြသလိုက်တာ
ပါ။ ဒီခေတ်က ဓါတ်ပုံရိုက်တဲ့ခေတ်။ ရိုက်ထားတဲ့ပုံတွေကို သူများတွေ ကြိုက်လား
မကြိုက်လား မသိပဲ အတင်းပြတဲ့ခေတ် ဆိုတော့ကာ သည်းခံပြီးသာ ရှုစားကြပါကုန်။
ခင်ဦးမေ ထက်တော့ အများကြီး သာလိမ့်မယ်ထင်တာပဲ။း) သူ့ခင်မျာလည်း မြင်သမျှ
တင်ပြ ပေးရှာပါတယ်လေ။ ဘာပဲပြောပြော ကိုယ်မတွေ့နိုင်တာတွေ မြင်ရ နည်းသလား။
ခင်ဦးမေ ကျန်းမာပါစေဗျား။

တချို့ကလည်း ဒီမြို့ကြီးကို ရောက်ဖို့ ဘ၀နဲ့ရင်းခဲ့ရတယ်။ တချို့ကလည်း ဒီမြို့ကို
ရောက်မလာခင် ဘ၀ဆုံးခဲ့ရတယ်။ တချို့ကတော့ ဒီမြို့ကြီးကို အိပ်မက်ထဲက လာ
လည်ကြတယ်။ ဒီမြို့သူမြို့သားတွေကလည်း ဒီမြို့ကြီးမှာ နေထိုင်ရတဲ့ ဘ၀ကို သိပ်
မက်မောကြတယ်။ “စိတ်ထဲရှိတာ တခုခု ပြောလိုက်။ အဲဒါ ဒီမြို့မှာ ရှိတယ်” တဲ့။
ပြောပုံက။ သိပ်အလုပ်မဖြစ်တဲ့ ကုလသမဂ္ဂ ဆိုတာကြီးလည်း အဲဒီမြို့ကြီးမှာ ထိုးထိုး
ထောင်ထောင်။

ဒို့ကတော့ တောပျော်။ သိပ်ရှုပ်တဲ့မြို့တွေ မကြိုက်ဘူး။ တခါတလေတော့ မြို့ဓါတ်ရ
အောင် တမင်တကာ သွားပေးရတယ်။ မြို့စော်နံတဲ့အခါ တောပြန်လာပေါ့။ တောမှာ
ကတော့ နားအေး ပါးအေး။ ရိုက်ထားတဲ့ ဓါတ်ပုံတွေ နည်းနည်း ကျန်သေးတယ်။
မကြာမီ လာမည်။

Monday, August 22, 2011

လစ်ပြန်ပြီ တယောက်















ပါကစ္စတန်မှာ ဘင်လာဒင် ကြွပြီးလို့ သုံးလ အကြာ။ အီဂျစ်မှာ မူဘာရက်
တရားရုံးကိုရောက်ပြီး ရက်ပိုင်း အကြာ။ လစ်ဗျားမှာ သူပုန်တပ်တွေ ထရီ
ပိုလီကို ၀င်စီးနိုင်ခဲ့ပြီ။ မိုမာ ကဒါဖီ လစ်ပြီ။ ပေကပ်ကပ်နဲ့ အာဆာ့ဒ် ဆိုတဲ့
ပုဂ္ဂိုလ် ဆီးရီးယားမှာ ကျန်နေသေးတယ်။ မူဆလင်ကမ္ဘာကြီး လှုပ်လှုပ်ရွရွ။
အာဏာရှင်တွေလည်း လှုပ်လှုပ်ရွရွ။ နေပြည်တော်မှာတော့ ဒကာစိန်က
ဒေါ်စုနဲ့တွေ့လို့။ အားလုံးကြွေအောင် မိန့်ခွန်းတွေ ချွေလို့ ။ ဒါလည်း လှုပ်
လှုပ်ရွရွ တမျိုးသာပ။

မြန်မာနိုင်ငံသား တဦးချင်းစီက အာဏာရှင်နဲ့ တိုက်ရိုက်ပတ်သက်ကြတယ်။
ဒီအချက်ကို တချို့က မသိချင်ယောင် ဆောင်နေတတ်တယ်။ တချို့ကလည်း
သိကို မသိတာ။ အာဏာရှင်ဆိုတဲ့ စကားလုံးက လူတွေနဲ့ယဉ်ပါးလွန်းနေလို့
မကောင်းတဲ့ အဓိပ္ဗါယ်လို့တောင် မထင်ကြတော့ဘူးလား မသိ။ အာဏာရှင်
ဆိုတာကို တချို့က စူပါမင်းလို့များ ထင်နေကြပြီလား မသိဘူး။ ဒီစကားလုံးက
အားပျော့တယ်ဆိုရင် “ရက်စက်သူ”လို့ တည့်တည့်ပဲ ပြောင်းပြီးခေါ်ရင် ကောင်း
မယ် ထင်တယ်။

လူတွေကလည်း အရက်စက်ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာလာတော့ ခေါက်
ရိုး ကျိုးပြီး “ထုံ” နေကြပြီထင်ပါရဲ့။ အာဏာရှင်ဟာ ရက်စက်သူ ဖြစ်တယ်။
မတရား လုပ်သူ ဖြစ်တယ်။ ပြစ်မှုကျုးလွန်သူ ဖြစ်တယ်။ ဆန့်ကျင် တော်လှန်
ရမယ့်သူ ဖြစ်တယ်ဆိုတဲ့အသိ ရင့်ရင့်ကျက်ကျက် ရှိထားနိုင်မှ။ မဟုတ်ရင်
အလားအလာ မကောင်းဘူး။ ငုံခံရပေါင်း များလှပြီ။ ခေါင်းတွေလည်း သွေး
တွေနဲ့ ချင်းချင်းနီလှပြီ။

တဘက်မှာလည်း အာဏာရှင်ဆိုတဲ့ဟာတွေက သူလိုကိုယ်လို တမြေထဲနေ
တနိုင်ငံထဲသားတွေပဲ ဆိုတဲ့ အသိလည်း ရှိနေဦးမှ။ မဟုတ်ရင် ကိုယ်လည်း
အခွင့်အရေး ရရင် အာဏာရှင်ဖြစ်လာနိုင်တယ်။ သတိထားမှ။ သတိကို ကျပ်
ကျပ် ထားမှ။ အခုကိုပဲ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေထဲမှာ အာ
ဏာရှင်စရိုက်၊ သဘာဝရှိသူတွေ။ မြင်နေရပြီ။ မြင်ခဲ့ရပြီ။ သတိတွေ ကျပ်ကျပ်
ထားပါမှ။

ဦးနေ၀င်းအဖြစ်ကို ကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းတောင်မှ လုပ်ကြံ မခံရပဲ
တိုင်းပြည်ခေါင်းဆောင် ဆက်ဖြစ်ခဲ့မယ်ဆိုရင် အာဏာရှင် တဦးဖြစ်လာနိုင်
တယ်လို့ ခန့်မှန်းပြောဆိုချက်တွေ ရှိခဲ့သေးတာပဲ။ ဆူဟာတို၊ ကက်စရိုစတဲ့
လွတ်လပ်ရေးခေါင်းဆောင်တွေလည်း အာဏာရှင် ဖြစ်လာခဲ့ကြတာကိုး။

အခုတော့ အနှစ်လေးဆယ်ကျော် အုပ်စိုးခဲ့သူ လစ်ဗျားအာဏာရှင် ကဒါဖီ
လစ်ရှာပြီ။ လောလောဆယ် ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်း မသိ။
မြို့တော် ထရီပိုလီမှာတော့ သေနပ်သံတွေ မိုးကောင်းကင်မှာ တညံညံ။
ပျော်လို့ ပစ်ကြတဲ့ အောင်ပွဲခံ သူပုန်တွေရဲ့ သေနပ်သံတွေပေါ့။ အီဂျစ်ပွဲက
၁၈ရက်နဲ့ ပြတ်ခဲ့တယ်။ လစ်ဗျားကတော့ ၆လလောက်ကြာတယ်။ ဒါတောင်
ပွဲပြတ်ပြီလို့ ပြောလို့ မရသေးဘူး။

မြန်မာအာဏာရှင်တွေကတော့ ရှေးကုသိုလ်ကံများ အင်မတန် ကောင်းကြ
ရှာပုံ ရပါတယ်။ ဆုတောင်း ကောင်းခဲ့ကြပုံလည်း ရတယ်။ ပုံစံမျိုးစုံပြောင်းပြီး
တိုင်းပြည်ကို နှိပ်စက်လို့ အုပ်ချုပ်လာကြတယ်။ သူတို့ကို ဖယ်ရှားဖို့ တောင်း
ဆို တော်လှန်ရင်း ဘ၀ပျက်ခဲ့ရသူတွေ မရေမတွက်နိုင်အောင် များခဲ့ရပြီ။
ထောင်တွေထဲမှာ။ လမ်းမတွေပေါ်မှာ။ တောတွေထဲမှာ။ တရားရုံးတွေမှာ။
ကျောင်းတွေထဲမှာ။ ဆေးရုံတွေထဲမှာ။ လူမသိ၊ သူမသိနေရာတွေမှာ အာ
ဏာရှင်ရဲ့လက်ချက်နဲ့ ဘ၀လွင့်ခဲ့ရသူတွေ။ မရေနိုင် မတွက်နိုင် တကယ့်
ကိုပဲ များခဲ့ပြီ။

ဆန့်ကျင်သူတွေ ကြွေးကြော်ကြသလို အာဏာရှင်တိုင်းတော့ မကျဆုံးပါဘူး။
အာဏာရှင်ဆန့်ကျင်သူတွေတော့ တော်တော်ကျဆုံးကြတယ်။ ဒါပေမဲ့လည်း
နိုင်ငံရေးဇတ်တွေကို ခပ်နာနာနဲ့ပဲ ဆက်ပြီး“က” ကြရတယ်။ အာဏာရှင်ဆိုတာ
ရှိလာမှတော့ ညိမ်ခံရင် ခံ။ မဟုတ်ရင် တော်လှန်။ ဇတ်က ဒီလိုဖြစ်လာသပေါ့။
မြန်မာပြည်က အာဏာရှင်များလည်း ဘယ်နည်းဘယ်ပုံ ဇတ်သိမ်းကြမယ် မသိ။

မြန်မာပြည်တင်မက ကမ္ဘာတ၀ှမ်းက အာဏာရှင် ဆန့်ကျင်ရေးဇတ်တော်ကြီး
တွေမှာ နည်းမျိုးစုံနဲ့ ကျဆုံးခဲ့ကြရရှာသော သူတော်ကောင်းအပေါင်းအား ဦး
ညွတ်ဂုဏ်ပြုပါရစေ။ အခွင့်အရေးများ ကြံကြံဖန်ဖန်နဲ့ ရလာရင်တောင်မှ အာ
ဏာရှင်အဖြစ်ကို လုံးဝ အရောက်မခံပါဘူးလို့လည်း အတိအကျ ကတိပြု
လိုက်ပါတယ်ဗျား။ လစ်ဗျားပြည်သူများအပါအ၀င် အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, August 20, 2011

ယောက်မြို့ အသစ်















ဒီမြို့မှုန်မှုန်ကြီးက ဓါတ်ပုံဆရာ လက်တုန်လို့ မှုန်သွားရတဲ့မြို့ပါ။ ကားပေါ်က
ကမန်းကတန်း ရိုက်ရတာကလည်း မှုန်ရခြင်း အကြောင်း တရပ်ပေါ့။ တုန်ခြင်း
မှုန်ခြင်း သည်းခံပါ။













မြို့လည်ခေါင်ဆိုတော့လည်း ကားရှုပ်ရှုပ် ၊ လူရှုပ်ရှုပ်ပေါ့။














တိုက်ကြီးကို အနီရောင် သုတ်ထားတော့ တိုက်နီကြီးပေါ့ကွာ။



















တရုတ်လိုရေးထားတဲ့ အသားညှပ်ပေါင်မုန့်ဆိုင်။ တရုတ်တန်းနဲ့ နီးတာလည်း
တကြောင်း။ တရုတ်ဧည့်သည်တွေ အလာများတာကြောင့်လည်း တကြောင်း။
စကားကြုံလို့ သင့်နာမည်ရော တရုတ်လိုရှိပြီလား။ ခေတ်အခြေအနေအရ
လုပ်ထားဖို့ လိုပြီထင်တယ်။













အရောင်စုံတဲ့ တိုက်ကြီးဆိုတော့ တိုက်ရောင်စုံပေါ့ခင်မျာ။















ဒီမြို့မှာပဲ ထူးထူးခြားခြား သစ်သားရေစည်ကြီးတွေ အိမ်ပေါ်မှာ ထိုးထိုး
ထောင်ထောင်။












ဒီမြို့မှာ မြေအောက်လှုပ်ရှားမှုတွေ ရှိပုံရတယ်။ မြေအောက်ထဲက လူတွေ
မြေပေါ်ကို တက်တက်လာကြတယ်။














ဒါလည်း အသားညှပ်ပေါင်မှုန့်ဆိုင် တခုရဲ့နာမည်ပဲ။ ဒီမြို့က သိပ်ဆူ။
သိပ်ရှုပ်။ ညစ်လည်း ညစ်ပတ်။ ရှုပ်ရှက်ခပ်။ မျက်စိနောက်တဲ့ မြို့ဟောင်း
ကြီးတခုပါ။

ဘလော်ဂါ အကျော်အမော် ခင်ဦးမေကို အားကျလို့ တွေ့ရာ ရိုက်ထားတဲ့ ပုံတွေ
တင်လိုက်ပါတယ်။ တုန်ခြင်း မှုန်ခြင်း သည်းခံကြပါ။

ရန် ငါ ပြတ်၏ မပြတ်၏












ကျနော့်နာမည် ရဲရဲတောက်ပါ။ ရှစ်လေးလုံး ခွပ်ဒေါင်းတဦး ဖြစ်ပါတယ်။ နိုင်ငံရေး
အကျဉ်းသားဟောင်းပါ။ မြို့ပြ လမ်းမတွေမှာလည်း သပိတ်မှောက်ဖူးတယ်။ တော်
လှန်ရေးနယ်မြေမှာလည်း လက်နက်ကိုင်တိုက်ပွဲ နွှဲဖူးတယ်။ နယ်စပ် အန်ဂျီအိုမှာ
လည်း လုပ်ဖူးတယ်။ အခုတော့ နယူးယောက်မြို့မှာ နေပါတယ်။

ကွန်မြူနစ်ဝါဒကို ကြိုက်တယ်။ ခေတ်သစ်မြန်မာ့သမိုင်းမှာ သူရဲကောင်းတွေ၊ မျိုး
ချစ်ကြီးတွေက ကွန်မြူနစ်တွေပါ။ စာပေလောကရဲ့ခေါင်းဆောင်တွေ၊ ကျူရှင်
လောကရဲ့ ခေါင်းဆောင်တွေဟာလည်း ကွန်မြူနစ်တွေပါပဲ။ ကွန်မြူနစ်ဖြစ်ချင်
လို့ ဗကပထဲ ၀င်ဖို့ ကြိုးစားပါသေးတယ်။ မိုးသီးဇွန်ကိုတောင် လက်မခံဘူးဆိုလို့
မလျှောက်တော့ပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်တော့ အခုထိ ဖြစ်ချင်နေတုန်းပါပဲ။
တရုတ်ကွန်မြူနစ်နိုင်ငံကြီး ချမ်းသာလာတော့ ပိုပြီး ကွန်မြူနစ်ဖြစ်ချင်လာပါတယ်။

နိုင်ငံခြားကို ရောက်နေပေမဲ့ မြန်မာ့နိုင်ငံရေးကိုတော့ အမြဲစောင့်ကြည့် လေ့လာနေ
တာပါ။ လိုအပ်ရင် ကြေညာချက်ထုတ်ပြီး ကိုယ့်ရဲ့ နိုင်ငံရေးအမြင်ကို ပြတ်ပြတ်သား
သား ပြောနေပါတယ်။ မရယ်ပါနဲ့။ လူတိုင်း ကြေညာချက် ထုတ်ပိုင်ခွင့် ရှိပါတယ်။ ဒါ
လူ့အခွင့်အရေးပါ။ အခြေခံ လူ့အခွင့်အရေးပါ။ ခင်ဗျားတို့ ဒီလောက်တော့ သိမယ်
ထင်ပါတယ်။

မီဒီယာသမားဆိုတာ တော်လှန်ရေး သမားပါ။ ဂျီမေးလ်။ ဖေ့စ်ဘုခ်၊ တွစ်တာ စတဲ့
လူမှုကွန်ယက်တွေ အကုန်သုံးပြီးတော့လည်း ပြည်တွင်း ပြည်ပက နိုင်ငံရေးစိတ်ဝင်
စားသူတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အချိန်ရတိုင်း ကိုယ့်ရဲ့ နိုင်ငံရေး အယူအဆ
တွေကို မပြတ်ပြောဆိုနေတာပါ။ မကြာခဏဆိုသလို ပြည်တွင်းမှာ ဆူပူမှုတွေဖြစ်လာ
အောင်။ သပိတ်တိုက်ပွဲတွေ ပေါ်အောင်။ အင်တာနက်ကို သုံးပြီး အချိန်ပြည့်လှုံ့ဆော်
နေပါတယ်။ လူထုလှုပ်ရှားမှုနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချနိုင်မှာပါ။ တခြားလမ်း မရှိပါဘူး။

ကိုယ်ပိုင် ဘလော့ဂ် သုံးခုလည်း ထောင်ထားပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်း။
အာဏာရှင် ဆန့်ကျင်ရေး။ ထောင်တွင်းတိုက်ပွဲ။ ကွန်မြူနစ်လှုပ်ရှားမှု သမိုင်း။ မြေ
အောက်တော်လှန်ရေး။ ဂျင်းရှပ်။ ကလေးစစ်သား။ အမျိုးသမီးအခွင့်အရေး။ လူကုန်
ကူးမှု။ မြေယာတော်လှန်ရေး။ နိုင်ငံတကာက လူထုအုံကြွမှုများ စတဲ့ ပြည်တွင်းက
လူတွေ အားတက်စေမယ့် သတင်းအချက်အလက်နဲ့ အကြောင်းအရာ မျိုးစုံကို
ဘလော့ဂ်တွေမှာ တင်ပေးထားပါတယ်။ အရုပ်ရော၊ အသံရော၊ စာရော၊ ကဗျာရော။
တော်လှန်မှုနဲ့ ပတ်သက်တာမှန်သမျှ အကုန် မျှဝေပေးနေပါတယ်။

ကမ္ဘာကို ကြည့်လိုက်ပါ။ သမိုင်းကို လေ့လာပါ။ စေ့စပ်ဆွေးနွေးလို့ အောင်ပွဲရတာနဲ့
လူထုအုံကြွမှုကြောင့် အောင်ပွဲရတာ ဘယ်ဟာက ပိုများပါသလဲ။ အာဏာရှင်တွေ
ဟာ ဘယ်တုန်းကများ လွယ်လွယ် ဆင်းပေးခဲ့လို့လဲ။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်။
သမိုင်းကို သွေးနဲ့ ရေးတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့ မရ၊ တိုက်ယူမှ ရ
တယ်။ ရန် ငါ ပြတ်ရမယ်။ ကဗျာဆရာအောင်ဝေး ပြောသလိုပေါ့။ ရန် ငါ မပြတ်ရင်
သံဃာ အသတ် ခံရမယ်။ သွေးထွက်အောင် မှန်ခဲ့ပြီ။ ဆရာ အောင်ဝေးလည်း
ကျနော့လိုပဲ။ ကွန်မြူနစ်ကို ကြိုက်တယ်။ အခု အမေရိကားမှာ နေတယ်။

ဒေါ်စု ရန် ငါ မပြတ်ဘူး။ အခု ရန်သူ့နယ်ထဲ သူရောက်နေပြီ။ အန္တရယ်ရှိတယ်။
သူတဦးထဲ အန္တရယ်ရှိတာ မဟုတ်ဘူး။ တတိုင်းပြည်လုံး အန္တရယ်ရှိတယ်။ ရန်သူ
ဆင်ထားတဲ့ ကစားဝိုင်းကို မပိုင်နိုင်ပဲ ၀င်ကစားရင် အရှုံးနဲ့ ရင်ဆိုင်ရမယ်။ အနိမ့်
ဆုံးအဆင့် ဓါတ်ဆင် ဓါတ်ရိုက် လုပ်ထားတဲ့ အစားအစာတွေ စားမိနိုင်တယ်။
မြှုပ်ထားတဲ့ အင်းတွေ နင်းမိနိုင်တယ်။ ယတြာချေထားတဲ့ အခန်းထဲ ၀င်မိနိုင်
တယ်။ ပြည်သူတွေ ဘာလုပ်နေလဲ။ ကျောင်းသားတွေ ဘာလုပ်နေလဲ။ ယူဂျီတွေ
ဘာလုပ်နေလဲ။ ဒေါ်စု ရန်သူ့ဘက်ကို ပါသွားလို့ မဖြစ်ဘူး။ ဒေါ်စုကို ၀ိုင်းရံကြ။
တွေဝေ မနေကြနဲ့။ တိုက်ပွဲကို စကြ။

စစ်ဗိုလ်လူထွက် သိန်းစိန် ပြည်ပရောက်တွေ ပြန်လာဖို့ခေါ်တာ လုံးဝ မယုံကြည်ဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးရမယ်။ အစီအစဉ်မရှိပဲ ဒေါ်စုနဲ့တွေ့
တာ မရိုးသားဘူး။ ကမန်းကတန်းကြီး ပြေလည်သလို လုပ်ပြနေတာ မရိုးသားလို့။
ပြည်သူနဲ့ ကမ္ဘာကို မျက်လှည့်ပြတာ။ ဒါဟာ အာဏာရှင်တိုင်းရဲ့  လှည့်ကွက်ပဲ။ ပြတ်
ပြတ်သားသား ဆန့်ကျင်ကြ။ တော်လှန်ရေးကာလမှာ တော်လှန်ရေးကို ပီပီပြင်ပြင်
အကောင်အထည်ဖေါ်ကြ။

ဗိုလ်သိန်းစိန် လှည့်ကွက်ကြောင့် ပြည်ပရောက်တွေ မြန်မာပြည်ထဲပြန်ဖို့ အသံထွက်
နေကြပြီ။ အာဏာရှင်အကြောင်းကို နားမလည်ကြဘူး။ ရန် ငါ မပြတ်ကြဘူး။ ကျနော်
ကတော့ လုံးဝ မပြန်ဘူး။ အာဏာရှင်တွေနဲ့ လုံးဝ အဆက်အဆံ မလုပ်နိုင်ဘူး။ မိန်းမနဲ့
ကလေးတွေကလည်း ဒီမှာပျော်နေပြီ။ မြန်မာပြည်မှာ နေနိုင်မှာ မဟုတ်ဘူး။ အစစ အရာ
ရာ ဒီမှာပိုကောင်းတယ်။ အမေရိကန်နိုင်ငံသားအဖြစ်ကို မစွန့်လွှတ်နိုင်ဘူး။ မြန်မာပြည်
ထဲပြန်လို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ ဒီက စီးပွါးရေးလုပ်ငန်းကို ပစ်ထားခဲ့လို့ မဖြစ်
ဘူး။ ဒေါ်စုကို နေပြည်တော်နဲ့ အဆက်အသွယ် ချက်ချင်းဖြတ်ဖို့ ပြင်းထန်စွာ တောင်းဆို
လိုက်ပါတယ်။ အာဏာရှင်ကို အဆုံးထိ ဆက်ပြီး ဆန့်ကျင်ကြ။

ပုံ ။ ။ ရဲရဲတောက် ။ ရှစ်ဆယ့်ရှစ် (နယူးယောက်)

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, August 19, 2011

တွေ့ကုန်ပြီဟဲ့...တွေ့ကုန်ပြီ













ရပ်ကွက်ထဲမှာ မိန်းမကြီးတယောက် ကမန်းကတန်း ထလို့ အော်။ “တွေ့ကုန်
ပြီဟဲ့...တွေ့ကုန်ကြပြီတဲ့”။ ကြားရသူတိုင်း နားမလည်။ “ဘာတွေ့တာလဲဟ”
“ရွှေတွေ့တာလား ၊ မြွေတွေ့တာလား” ။ မိန်းမကြီးက အသံခပ်တိုးတိုးနဲ့ ပြန်
အော်။ “သူတို့တွေ... တွေ့ကုန်ကြပြီဟဲ့”။ သူရှင်းပြမှ ပိုရှုပ်သွား။ “ဘယ်သူတွေ
တွေ့ကုန်ကြတာတုံး” “သူခိုးတွေနဲ့ ရဲတွေ ပက်ပင်းတိုးကုန်ကြလို့လား” မိန်းမ
ကြီးအသံ ပိုတိုးသွား။ “ဟဲ့...ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ တွေ့နေကြပြီတဲ့” “ဟေ”
“အဲဒါ ဘာဖြစ်သတုံးဟဲ့”

အရေးကြီးတာက အဲဒါပါပဲ။ “ တွေ့တော့ ဘာဖြစ်သတုံး” ဆိုတာပါပဲ။ ဆက်ပြီး
နားဆင်ကြည့်ကြရအောင်ပါ။ “ဟဲ့..မတွေ့တာထက် တွေ့တာက ထူးတော့တာ
ပေါ့ဟဲ့” “တွေ့တာထူးတာတော့ ဟုတ်ပါပြီ။ ဘာထူးလို့လဲ” “ အဲဒါတော့ ငါလည်း
ဘယ်သိမလဲဟဲ့ ၊ ရုပ်မြင်သံကြားက တွေ့တယ်လို့ပဲ ပြောတာကိုး” ဇတ်လမ်းက
ဒီမှာတင် တခန်းရပ်ပါတယ်။ တွေ့ကြတာကိုတော့ သိတယ်။ တွေ့ပြီး ဘာဖြစ်
ကြတယ် မသိရ။ အခြေအနေက စိတ်ဝင်စားမယ်ဆိုရင် စိတ်ဝင်စားစရာပါ။

စိတ်ဝင်စားရင် ဆက်ပြီးနားဆင်ကြည့်ရအောင်။ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ
ရုပ်မြင်သံကြားရှေ့မှာ ခေါင်းချင်းဆိုင်နေကြ။ “ ဟဲ့..ဒေါ်စုရင်ဘတ်က ဘာကြိုး
ကြီးလဲဟဲ့ ၊ နဲတဲ့ဆွဲကြိုးကြီး မဟုတ်ပါလား” “ ဦးသိန်းစိန်က ဆုချလိုက်တာများ
လား” “ဘယ်လိုဖြစ်လို့ နှစ်ယောက်သား ခပ်တည်တည်ကြီး လုပ်နေကြတာလဲ”
“အတည်အတန့်တွေ ပြောနေကြလို့ နေမှာပေါ့ဟ” “နောက်လားပြောင်လား
လုပ်နေရမယ့် အချိန်မှ မဟုတ်တာ နင်ကလည်း” “ဒေါ်စုတို့ကတော့ ဗေဒါ
ရောင်က မလျှော့ဘူးဟေ့။ ပညာပါလိုက်ပုံများ”

“ဟဲ့..အနောက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကြီး မဟုတ်လား”
“ဒေါ်စုက လက်ကို ရှေ့မှာထား ။ ဦးသိန်းစိန်က လက်ကြီးနောက်ပစ်လို့”
“ဘာသဘောလဲဟ” “ဘယ်သိမှာတုံး ၊ လက်ပဲ ကိုယ်ထားချင်ရာ ထားမှာပေါ့”
“နိုင်ငံရေးမှာ အထာရှိတယ်ဟ ၊ နင်က ဘာသိလို့တုံး” “မပြုံးကြဘူး ဆိုကတည်း
က အဆင်မပြေဘူးဆိုတဲ့သဘောပဲ” “ တခေါက်ထဲနဲ့ ဘယ်လိုလုပ် အဆင်ပြေ
မှာတုံးဟ” “အခုဟာက သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ကြတာ ဆိုပဲ”

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်က အသက်နှစ်လပဲ ကွာကြတဲ့သူတွေပါ။
၁၉၄၅တနှစ်ထဲမှာ ဖွါးကြပါတယ်။ ဦးသိန်းစိန်က ၂လကြီးပါတယ်။ သင်္ကြန်အပြီး
ဧပြီ ၂၀မှာမွေးတာပါ။ ဒေါ်စုကတော့ ဇွန် ၁၉ ရက်မှာမွေးပါတယ်။ သူတို့နဲ့ တနှစ်
ထဲ မွေးကြသူတွေကတော့ ဂျမေကာက အဆိုတော် ဘော့ပ်မာလေး။ ဗြိတိန်က
အဆိုတော် အဲရစ်ခ် ကလက်ပ်တန်နဲ့ ရော့စတီးဝပ်တို့ပါပဲ။ ဆရာစိန်နဲ့ ဒေါ်စုတို့
အဆို ကောင်း မကောင်းတော့ မသိရသေးပါ။

၁၉၄၅ခုနှစ်မှာ မွေးဖွါးသူတွေဟာ အလေးအနက် စဉ်းစားတတ်သူ။ ပါရမီရင့်
သန်သူ။ အလုပ်တခုကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်စွမ်းသူ။ လုပ်ငန်းအောင်
မြင်မှု မရှိတဲ့အခါ အကြီးအကျယ်စိတ်ပျက်သူ။ လူမှုဆက်ဆံရေးမှာ နားလည်
ရခက်သူ။ ကိုယ်ထင်တာပဲ မှန်တယ်လို့ ထင်တတ်သူ။ ပြောရဲဆိုရဲ ရှိသူ။ စိတ်
အခြေအနေဟာ အစွန်း တဘက်ဆီမှာ အမြဲရှိနေတတ်သူ။ အလွန်အမင်း
ရဲရင့်သူ။ အတ္တကြီးသူ။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိသူ စတဲ့ စရိုက်
လက္ခဏာတွေ ရှိတတ်တဲ့ သူတွေလို့ တရုတ်ရိုးရာ ဗေဒင်က ဆိုပါတယ်။
ဆရာစိန်နဲ့ဒေါ်စုတို့က တရုတ်ပြက္ခဒိန်အရ “ ကြက်နှစ် ” ဖွါးတွေပါ။

မြန်မာ့နိုင်ငံရေးမှာ အသံအကျယ်ဆုံး ကြားနေရတာက “တွေ့ဆုံဆွေးနွေး
ရေး” နဲ့ “ဒို့တာဝန် အရေးသုံးပါး”ပါ။ ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်း
ဆောင်တွေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဖူးပါတယ်။ တွေ့မထူးပါ။ ဦးသိန်း
စိန်နဲ့တော့ အခုမှ တွေ့ဖူးတယ်လို့ ဆိုတယ်။ လိုနေတာက “တွေ့မထူး” နိုင်ငံ
ရေး အဆင့်ကနေ “ အတွေ့ထူး” နိုင်ငံရေး အဆင့်ကို ရောက်ဖို့ပါပဲ။ အတွေ့
ထူးရင်တော့ လူတွေ မြူးတတ်ကြပါတယ်။

ရပ်ကွက်ထဲမှာတော့ “တွေ့ကုန်ပြီဟဲ့..တွေ့ကုန်ကြပြီဟဲ့” ဆိုတဲ့..အသံတွေ
ထွက်နေတုန်းပါပဲ။ အတွေ့ထူးရင်တော့။ “အတွေ့ထူး၍ မြူးကြသည်” ဆိုတဲ့
ဇတ်လမ်းတပုဒ်ကို ဆက်၍ ရေးရလိမ့်ဦးမည် ဆိုတဲ့အကြောင်း။

(ရုပ်ပုံ၊ မြန်မာ့ရုပ်သံ)

Thursday, August 18, 2011

ဒကာစိန် ချွတ်ခဏ်း



















ဒကာကြီးဦးသိန်းစိန် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဘုန်းကြီးမေတ္တာ ပို့သ
ပါတယ်။ ဒကာကြီးနဲ့ ဘုန်းကြီး မဆုံဖူးပါ။ သို့သော်လည်း ဘုန်းကြီးရဲ့အာရုံ
ထဲမှာ တကာကြီးက အခုနောက်ပိုင်း အမြဲလိုလို ရှိနေတာကြောင့် နိုင်ငံတော်
သမ္မတကြီးဆိုသော်လည်း ရင်းရင်းနီးနီး ဒကာကြီး ဦးသိန်းစိန်လို့သာ ခေါ်
လိုက်ပါတယ်။

ဒကာကြီး သမ္မတဖြစ်လာကတည်းက ဘုန်းကြီးက မျက်ခြေမပြတ် စောင့်
ကြည့်နေခဲ့တာပါ။ ဒကာကြီးရဲ့မိန့်ခွန်းတွေကိုလည်း ဘုန်းကြီးက ကြိမ်ဖန်
များစွာဖတ်နေလို့မို့ အလွတ်ရမတတ် ဖြစ်နေပါပြီ။ ဒကာကြီးရဲ့လုပ်ရပ်တွေ
ကိုလည်း နေ့စဉ်ဘုန်းကြီး လေ့လာနေပါတယ်။ ဒါကြောင့်ပိုရင်းနီးလာတဲ့
သဘောနဲ့ ဒကာစိန်လို့ပဲ ခေါ်ပါတော့မယ်။

ဘုရားဟောတွေမှာ ပါတဲ့အတိုင်း မင်းကျင့်တရားနဲ့အညီ တိုင်းပြည်ကို အုပ်
ချုပ်တဲ့ သူဟာ။ လူသာဓုခေါ်၊ နတ်သာဓုခေါ်။ တိုင်းပြည်လည်းပျော်။ ကိုယ်
လည်းပျော်တဲ့ ကိန်းပါပဲ ဒကာစိန်။ လူကြိုက်၊ နတ်ကြိုက်၊ ဘုရားကြိုက်
လောကအလုံးစုံ ကြိုက်တဲ့ အဖြစ်မျိုး ဒကာစိန်တို့ မိတ်ဆွေတွေ အဆက်
ဆက် မလုပ်ခဲ့ကြလို့ တိုင်းပြည်လည်း နာလွန်းလှပါပြီ။ ဒီအချက်ကို ဒကာစိန်
သမ္မတဖြစ်လာခါမှပဲ ကောင်းကောင်းကြီး သိလာပုံရလို့ ဘုန်းကြီး အင်မတန်
မှ ၀မ်းမြောက်မိပါတယ်။ သာဓုလည်း ခေါ်မိပါတယ်။

ဒကာကြီးလည်း စစ်ယူနီဖေါင်းကို ချွတ်၊ ခါးကြားမှာ အမြဲတန်းထိုးထားတဲ့
မည်းချောက်ချောက် ဗျောက်သေနပ်ကိုလည်း စွန့်ခဲ့လို့ ငြိမ်းချမ်းရေးနိမိတ်
ထွန်းလာတယ်လို့ ဘုန်းကြီး မှတ်ပါတယ်။ ခက်ထန်တဲ့ စစ်အဆောင်အရောင်
တွေအစား ရောင်စုံပြေး ချိတ်ထမီ ၊ ရွှေစလွယ် တလင်းလင်း၊ ရွှေကိုင်းမျက်မှန်
တ၀င်းဝင်း၊ ပိုးသားခေါင်းပေါင်း တလူလူနဲ့ ဒကာစိန်ကို ပြောင်းလဲပြီး မြင်လာရ
လို့လည်း ဘုန်းကြီးတို့ ပြုံးရတဲ့အထိ ၀မ်းသာမိပါတယ် ဒကာကြီး။

ဝမ်းသာလုံး ဆို့မတတ်ဖြစ်ရတာကတော့ ဒကာစိန်ရဲ့ ထူးခြားလှတဲ့ မိန့်ခွန်း
တွေကြောင့်ပါပဲ။ မိန့်ခွန်းဆိုတာ စကားလုံးတွေပါ။ ဒီစကားလုံးတွေ ဘယ်က
ဖြစ်လာသလဲ။ စိတ်ကူးထဲကလား။ နှလုံးသားထဲကလား။ ဦးနှောက်ထဲကလား။
ဘုန်းကြီးက သမုတိသံဃာအဆင့်မို့ ဒကာစိန့်ရင်ထဲ ထွင်းဖေါက်လို့ မမြင်နိုင်ပါ။

စေတနာနဲ့ပြောတဲ့ မိန့်ခွန်းတွေလား။ အကြံအညဏ်နဲ့ပြောတဲ့ မိန့်ခွန်းတွေလား။
မှန်ကန်တဲ့ စေတနာ၊ ကောင်းမွန်တဲ့ အကြံအညဏ်တွေနဲ့လား။ ဒကာစိန်တို့ရဲ့
အစဉ်အလာအတိုင်း ညဏ်နီညဏ်နက်တွေနဲ့လား။ စစ်နည်းဗျူဟာတွေအရ
တကောင်ကြွေးတာဟာ နှစ်ကောင်ရိုက်ဖို့လား။ အခုတလော ဒီမေးခွန်းတွေနဲ့
ဘုန်းကြီးတော့ ကောင်းကောင်း ကျိန်းလို့မရနိုင်ဘူး ဒကာစိန်ရေ။

ပြည်သူတွေ နှစ်ပေါင်းကြာရှည် ကြုံနေရတဲ့ အဖြစ်ဆိုးတွေကို တကယ်ပဲ
ပြောင်းလဲအောင် လုပ်တော့မလို့လား ဒကာကြီး။ ပြည်ပရောက် မြန်မာတွေ
တိုင်းပြည်ထဲ ပြန်လာဖို့ ခေါ်နေတာ ဘာတွေများ လုပ်မှာမို့တုံး ဒကာကြီးရဲ့။
သူတို့တွေ ရောက်လာတော့ရော ဘာတွေများ ထူးပြီးဖြစ်လာမှာမို့တုံး။
အများက ယုံကြည်ထောက်ခံနိုင်ဖို့ တိုင်းပြည်ထဲမှာ ရှိနေတဲ့လူတွေကိုပဲ
ငြိမ်းအေးသက်သာအောင် အရင်လုပ်ပြပါဦးလား ဒကာစိန်။

ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒကာစိန်က တွေ့မယ် တကဲကဲ
လုပ်နေတယ်လို့ သတင်းတွေကြားရတယ်။ ဒါတွေက အမှန်ပဲလား။ တွေ့တဲ့
အခါ ဘာတွေများ ပြောကြမှာတုံး ဒကာကြီးရဲ့။ ဒကာစိန်တို့ အရင်က တွေ့ကြ
တယ်ဆိုတာက“တွေ့မထူး”တွေပဲမို့ ဘုန်းကြီးက မေးရတာပါ။

ဒကာစိန်လည်း အသက်အရွယ် ရလာပြီ။ ဒကာမကြီးဒေါ်စုလည်း အသက်ရ
လာပြီ။ အမှားကို မဖက်ပဲ တရားကို ဖက်ရမယ့်အချိန် ရောက်လာပြီ ဒကာကြီး
ရေ။ တရုတ်ကို အားထားတာဟာ တရားကိုအားထုတ်တာ မဟုတ်ဘူးဆိုတာ
တော့ ဒကာစိန်လည်း သိလောက်ပြီလို့ ဘုန်းကြီးထင်တယ်။ မတရားဖမ်းထား
တဲ့ လူတွေကို ပြန်လွှတ်ပေးလိုက်တော့ ဒကာစိန်။ ၀ဋ်ဆိုတာ အနှေးနဲ့အမြန်
လည်တာပဲဆိုတာ ဒကာစိန်လည်း ရိပ်မိလောက်ရောပေါ့။ ဟူစိန်တို့၊ မူဘာရက်
တို့ အဖြစ်ကိုသာ ကြည့်ပေတော့ ဒကာစိန်။

ဘုရားရှင်လက်ထက်မှာ ဆိုးသမှ သိပ်ဆိုးဆိုတဲ့ ရာဇ၀င်လူဆိုးကြီးတွေ ဘုရား
ရှင်နဲ့တွေ့တဲ့အခါ၊ ဘုရားရဲ့တရားတွေကို နာပြီးတဲ့အခါ။ ချက်ချင်းဆိုသလို
အကျွတ်တရားတွေ ရကုန်ကြတယ်။ အမှန်ကိုသိမြင်ခြင်းဆိုတဲ့ တန်ခိုးတော်
ကြောင့် ဟိုဘက် အစွန်းကနေ ဒီဘက်အစွန်းကို ချက်ချင်းရောက်လာကြတယ်။
လူဆိုးကနေ လူသူတော်ကောင်း ဖြစ်လာကြတယ်။

အမှန်ကို မြင်ခြင်းဆိုတာ တော်လှန်ရေးတရပ်ပါပဲ ဒကာစိန်။ အမှန်ကိုမြင်လို့
အမှားကိုပြင်တယ်ဆိုတာ သူရဲကောင်းတို့ရဲ့အလုပ်ပါ။ ဒကာကြီးဟာ သား
သတ်သမားလား။ တော်လှန်ရေးသမား သူတော်ကောင်းလားဆိုတာ ကွဲပြား
အောင် ပြသရမယ့်အချိန်ရောက်နေပြီ ဒကာစိန်။ ဆိုးညစ်တဲ့ သမိုင်းကို ရပ်
တန့်ခဲ့သူ၊ အမှောင်ကျနေတဲ့ တိုင်းပြည်ကို အလင်းဝင်အောင် ဖွင့်ပေးခဲ့သူ
အဖြစ် သမိုင်းတွင်အောင်လုပ်ဖို့ အခွင့်အခါကောင်းဟာ ဒကာစိန်ရဲ့လက်ထဲ
မှာ လုံးလုံးရောက်လို့ နေပြီပေါ့။ အမှန်ကို ရဲရဲသာ ရှုလေတော့ ဒကာစိန်။

ဘုန်းကြီးတို့လည်း ရောက်ရာဘ၀က သာဓုခေါ်နေပါ့မယ်။ ဒကာစိန်ရဲ့ နှလုံး
စိတ်ဝမ်း အေးချမ်းနေပါစေ။ အရှင် ကောဝိဒ။၂၀၀၇ သံဃာ့အရေးအခင်းမှာ
မေတ္တာပို့ရင်း ပျံလွန်တော်မူခဲ့သူ။

(ရုပ်ပုံ ၊ အေပီ)

Tuesday, August 16, 2011

ရုရှားနှင်းဆီ













လေတချက် အဝေ့မှာ နှင်းဆီတခင်းလုံး ငြိမ့်ကနဲ လှုပ်ယမ်းသွား။ သွေးတွေ
ဖြန်းကနဲ ဖြာထွက်သွားသလို။ အနီရဲရဲ နှင်းဆီပန်းတွေ။ တခင်းလုံး ဝေ့ကနဲ။
ဒီနှင်းဆီခင်းဟာ ခေတ်အဆက်ဆက် စစ်တလင်းဖြစ်ခဲ့တဲ့ နေရာ။ နှင်းဆီ
ပင်တွေရဲ့အောက်က မြေကြီးထဲမှာ စစ်ကြောင့် သေဆုံးခဲ့သူတွေ ရာနဲ့
ထောင်နဲ့ ချီပြီးရှိတယ်။ သူတို့ရဲ့သွေးတွေကြောင့်များ ဒီနှင်းဆီတွေ ရဲရဲ
နီနေရသလား။

ကရင်မလင်နန်းတော်နဲ့ မိုင်ခြောက်ဆယ်လောက် အကွာ။ နာမည်ကျော်
အော်သိုဒေါ့က်စ် ရှေးဟောင်း ဘုရားကျောင်းကြီးရဲ့ နံဘေး။ နှင်းဆီပန်း
တွေ။ နှင်းဆီပန်းတွေ။ နှင်းဆီပန်းတွေ။ တခင်းလုံး နီရဲ လင်းလက်လို့။
ခရီးသွားဧည့်သည်တွေ အမြဲလာကြည့်ကြတဲ့ နေရာ။ တချို့ကလည်း
တကယ်ယုံကြတယ်။ နှင်းဆီတွေ နီရဲနေတာ တိုက်ပွဲဝင်စစ်သည်တွေရဲ့
သွေးတွေကြောင့်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ နာကျင်မှု၊ သတ္တိနဲ့ မျှော်လင့်ချက်
မဲ့နေတဲ့ သူတို့ရဲ့ ကြေကွဲမှုတွေကို နှင်းဆီပန်းတွေအဖြစ် အစွမ်းကုန်
ပွင့်ပြီး ပြနေသတဲ့။

ဟုတ် ဟုတ်၊ မဟုတ် ဟုတ်။ နှင်းဆီးခင်းကြီး သိပ်ကြည့်လို့ကောင်းတယ်။
တချို့က နှင်းဆီးခင်ကို ဆေးလိပ်ဖွါရင်း ကြည့်ကြတယ်။ တချို့က ဗော့ဒ်
ကာ သောက်ရင်း။ ၀ိုင်သောက်ရင်း။ တချို့ကလည်း အတင်းပြောရင်း။
သတင်း နှောရင်း။ တချို့ကလည်း ချစ်ရင်းကြိုက်ရင်း။ တချို့ကလည်း
လွမ်းရင်း ဆွေးရင်း။ ငေးမောလို့ ကြည့်ကြတယ်။ လေအဝေ့မှာပါလာတဲ့
နှင်းဆီနံ့ကို တအံ့တသြ ရှူကြတယ်။ နှင်းဆီနံ့မှ ဟုတ်ရဲ့လား။ သွေးညှီ
နံ့များ ဖြစ်လေမလား။

ရာသီ အပြောင်း။ နှင်းဆီတွေ ကြွေတဲ့အခါ။ မြေပြင်မှာ သွေးခြောက်တွေ
ကပ်နေသလို ချောက်ချားဖွယ် အလှတခု မြင်ရပြန်တယ်။ နှင်းဆီပွင့်ဖတ်
တွေ တလွင့်လွင့်နဲ့ အနှေးကြွေကျ။ ကြည့်နေသူတွေရဲ့အာရုံတွေလည်း
မြေပြင်ပေါ်ကို လွင့်ကျ ကြေမွ။

ပွင့်ဖတ်တွေ ကြွေအပြီး နှင်းဆီရွက်တွေ ကြွေတဲ့အခါ။ မဲနက်နေတဲ့ မြေ
သားပေါ် အရိုးငေါငေါနဲ့ နှင်းဆီခင်းကြီး။ စစ်မြေပြင်နေရာဟောင်းမှန်း
သိသာလွန်းလှတယ်။ အဲဒီအချိန် ဘုရားကျောင်းကြီးကလည်း ချောက်
ချားဖွယ်။ နှင်းဆီခင်းကြီးဟာ ခန်းနားတယ်။ဆန်းပြားတယ်။ ဖမ်းစားတယ်။
လွမ်းသွားမယ်။

နတ်မောက်မြို့သား ဗိုလ်ကြီး ခင်မောင်ထွေး။ ရဲရဲလှုပ်နေတဲ့ နှင်းဆီခင်းကို
ငေးကြည့်နေတာ အတော်ကြာပြီ။ အံ့တွေသြလို့။ ငေးမော ရီဝေ။ ဗိုလ်ကြီးခင်
မောင်ထွေးက ရုရှားမှာ နျူကလီးယားပညာ လာသင်တဲ့သူ။ အမျိုးစပ်ရင်
အဖေဘက်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးတော်တယ်။ သူ့မှာ ရည်းစား
လည်း မရှိဘူး။ တက္ကသိုလ် ဆက်မတက်နိုင်လို့ စစ်ထဲဝင်ခဲ့သူ။ နတ်မောက်
မြို့လေးကို လွမ်းနေသလား။ အမေ့ကို လွမ်းနေသလား။ လွမ်းစရာ မရှိတဲ့
ဘ၀ကိုပဲ လွမ်းနေသလား။ နှင်းဆီခင်းကြီး နီရဲလို့။ ဗိုလ်ကြီးခင်မောင်ထွေး
နှင်းဆီတွေကို ငေး။ နှင်းဆီတွေကို ငေး။ နှင်းဆီတွေကို ငေး။

ဟိုတနေ့က ၀ယ်ထားတဲ့ ကင်မရာအသစ်လေးနဲ့ နှင်းဆီခင်းကို ဓါတ်ပုံတွေ
ရိုက်တယ်။ ရှုဒေါင့်မျိုးစုံ။ ပုံစံမျိုးစုံ။ နှင်းဆီမျိုးစုံ။ အဆောင်ကို ပြန်ရောက်တဲ့
ညက သူ့ရဲ့Face book မှာ နှင်းဆီပန်းတွေ တင်လိုက်တယ်။ နောက်တပတ်
အကြာမှာ သူငယ်ချင်းအဖြစ် လက်ခံဖို့ ဆွေဆွေနွယ် ဆိုသူက နှုတ်ဆက်လာ
တယ်။ ဗိုလ်ကြီး ခင်မောင်ထွေး ချက်ချင်းပဲ သူငယ်ချင်းဖြစ်လိုက်တယ်။

နောက် သုံးလေးရက် အကြာ။ ဆွေဆွေနွယ်က စာရေးလာတယ်။ နှင်းဆီပန်း
တွေ လှလိုက်တာ...တဲ့။ ဗိုလ်ကြီးခင်မောင်ထွေး ချက်ချင်းပဲ စာပြန်ပါတယ်။
နှင်းဆီပန်းတွေ ဆွေဆွေနွယ့်အတွက်..တဲ့။ ဆွေဆွေနွယ်က တောင်ဥက္ကလာ
အထက်တန်းကျောင်းက အလယ်တန်းပြ ကျောင်းဆရာမလေးပါ။ မကြာခင်
သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်သွားကြပါလိမ့်မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)