Saturday, July 16, 2011

အခုတော့လည်း အချစ်ဦးကို ကောင်းကောင်းမေ့တတ်နေပါပြီ



















အိမ်သာတက်ရင်း ဖတ်ဖြစ်တဲ့စာတပုဒ်မှာ “အချစ်ဦး” ဆိုတဲ့ အသုံးအနှုန်းတခုကို
ပျောက်နေတဲ့ပစ္စည်း ပြန်တွေ့သလို ဖတ်မိခဲ့ပါတယ်။ အချစ်ဦးဆိုတာ ဒို့လောက
မှာ အရေးကြီးပုံရတယ်။ တချို့ တွေများ သီချင်းတွေစပ်လို စပ်။ ကဗျာတွေဖွဲ့လို
ဖွဲ့ ။ ၀တ္ထုတွေရေး၊ ရုပ်ရှင်တွေရိုက်။ တခန်းတနားနဲ့ တသီးတသန့် နေရာပေးကြ
တယ်။ ငါ့မှာတော့ အချစ်ဦးကို မေ့လို့နေတာ ကြာပေါ့။

သေချာတာကတော့ အခုအတူနေသူ ချစ်ဇနီးက အချစ်ဦး မဟုတ်ပါ။ ချစ်ဇနီးရဲ့
အချစ်ဦးကလည်း အီဖေကို မဟုတ်ပါ။ အချစ်ဦးနဲ့လက်ထပ်တဲ့သူ မိတ်ဆွေတွေ
ထဲမှာ ရှိသလား။ ပြန်စဉ်းစား။ ပြန်စဉ်းစား။ လောလောဆယ် တယောက်မှ မတွေ့။
အချစ်ဦးနဲ့လက်ထပ်တာက ကောင်းတာလား။ ပြန်စဉ်းစား။ ပြန်စဉ်းစား။

အချစ်ဦးဆိုတာ ဘာလဲ။ ကိုယ်ကချစ်ခဲ့ရတဲ့ ပထမဆုံးလူကိုပြောတာလို့ ထင်တယ်။
ကိုယ်ကပဲချစ်ပြီး သူက ပြန်မချစ်ရင်ကော။ အဲသဟာကို အချစ်ဦးလို့ ပြောလို့ရ မရ။
သူက ပြန်ချစ် မချစ် မသိရတာကိုရော အချစ်ဦးလို့ ပြောလို့ရ မရ။ မသိဘူး။ သေချာ
တာကတော့ ငါပထမဆုံးချစ်ခဲ့တဲ့ ကောင်မလေးက ငါ့ကို ပြန်ချစ်လား မချစ်လား
မသေချာဘူး ဆိုတာပဲ။ ကဲ..ငါ့အချစ်ဦး အခု ဘယ်မှာလဲ။

ပြန်စဉ်းစားမိရသလောက် လေးတန်းကျောင်းသားဘ၀မှာ အချစ်ဦးနဲ့ တွေ့ခဲ့ရတာပါ။
ပြောရင်းဆိုရင်း အခုမှ မျက်လုံးထဲ ပြန်ပေါ်လာတော့တယ်။ နာမည်သုံးလုံးနဲ့။ ကရင်
နာမည် ဘယ်လိုခေါ်တယ်တော့ မသိ။ ဖြစ်ချင်တော့ကျောင်းသားတွေက ဆော့လွန်း
လို့ဆိုပြီး ဆရာမက ဒဏ်ပေးတဲ့အနေနဲ့ မိန်းကလေးနဲ့ ယောက်ကျားလေး တယောက်
ခြားစီ ထိုင်ခိုင်းတယ်။ အဲဒီမှာပဲ အချစ်ဦးနဲ့အနီးကပ်ဆိုက်ဆိုက်မြိုက်မြိုက် ဆုံရလေ
တော့တယ်။ ကဲ.. အခုတော့ ငါ့ရဲ့ အချစ်ဦး နင် ဘယ်မှာလဲ။

Facebook မှာ ရှာသော်လည်း မတွေ့။ Google ကလည်း မကယ်နိုင်။ သူငယ်ချင်း
တွေကို မေးတော့လည်း မရ။ နိုင်ငံခြားကို ရောက်တယ်လည်း မကြား။ အချစ်ဦး နင်
ရှိမှ ရှိသေးရဲ့လား။ မှတ်မိသေးတယ်။ နင်က ကျစ်ဆံမြီးလေးနဲ့။ စကားပြောရင်လည်း
ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း။ ငါ့ထက်လည်း စာတော်တယ်။ နင်လည်း အတော်
ဆော့တာပါပဲဟာ။ ဒို့မိဘတွေက ၀င်ထမ်းတွေဆိုတော့ ဟိုပြောင်းဒီပြောင်းနဲ့
အလယ်တန်းလောက်မှာပဲ ဝေးခဲ့ရတယ်။

နင်မှတ်မိသေးရဲ့လား။ ငါတို့တွေ လူပျို အပျိုဖြစ်ခါမှ ပြန်တွေ့ကြသေးတယ်လေ။
နင်က ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ ငါဝမ်းနည်းရတယ်။ ငယ်ငယ်တုန်းက
လောက် မရင်းနီးကြတော့သလိုပဲဟာ။ ရှိုးတို့ရှမ်းတန်းဖြစ်ကြတယ် ထင်ပါရဲ့။ ငါ နိုင်
ငံခြားကို မသွားခင် နင်တို့တက်တဲ့ ဗိုလ်အောင်ကျော်လမ်းက ဘုရားကျောင်းမှာ ပြန်
ဆုံခဲ့တာ နောက်ဆုံးပဲ။ အဲဒီတုန်းကလည်း ငါက အလုပ်ရှုပ်နေတော့ နင်နဲ့ ကောင်း
ကောင်း စကားမပြောခဲ့ရဘူး။

နင့်ကို ငါချစ်တဲ့အကြောင်း ငယ်ငယ်တုန်းက ဆရာ့ဆီထပ်တဲ့ နင့်စာအုပ်ထဲ ငါနဲ့
မောင်မောင်စန်း အပျော်သဘောနဲ့ စာရေးခဲ့တာ နင်မှတ်မိတယ် မဟုတ်လား။
ငါကတော့ မမေ့ဘူး။ နင်က ဆရာ့ကို သွားတိုင်လို့ ငါတို့နှစ်ကောင် အရိုက်ခံခဲ့ရ
တာကိုး။ အဲဒီတုန်းက အပျော်သဘောဆိုပေမဲ့ နင့်ကို ငါက တကယ်မချစ်ရင်
ဒီလိုဘယ်ရေးမှာလဲဟ။

အခုဆို နင်လည်း အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေဘာတွေ ရနေရော
ပေါ့ဟာ။ နင့်အကြောင်း ငါ့ချစ်ဇနီးကို ပြောပြရဦးမယ်။ နင်နဲ့ပြန်ဆုံရင် မိတ်ဆက်
ပေးမယ်လေ။ နင်တို့တွေ ခင်ကြမှာပါ။ အဲဒီအခါ ငါ့ကိုစိတ်မဆိုးဖို့ ကြိုပြီးပြောထား
ရဦးမယ်။ ချစ်ဇနီးရေ..သူကတော့ ကိုယ့်ရဲ့ အချစ်ဦးပဲလို့ မိတ်ဆက်ပေးရမှာကိုး။

ဒါနဲ့ စကားမစပ်။ ငါ့အထင် နင့်ရဲ့ အချစ်ဦးဟာ ငါများဖြစ်နေမလားပဲ။ ဟုတ်တယ်
ဆိုရင်လည်း ရှက်မနေပါနဲ့တော့ဟာ။ ငါ့မိန်းမကို ပြန်ပြောပြလိုက်ပေါ့။ ငါကလည်း
နင့်ရဲ့အချစ်ဦးပဲဆိုတာ။ စဉ်းစားရတာနဲ့တောင် တော်တော်ပျော်ဖို့ ကောင်းနေပါပြီ။
သူငယ်ချင်း အချစ်ဦးလေး ကျန်းမာပါစေဗျား။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, July 14, 2011

အရေးကြီးတာက ခပ်တည်တည်ဖြစ်နေဖို့ပဲ













မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းများခင်ဗျား။ အခုရေးမယ့် အကြောင်း
ကတော့ လိမ်မှဖြစ်မယ့် အကြောင်းပါပဲ။ “ငါတို့က ဘာကို လိမ်ရမှာလဲဟ”
လို့ မေးလာကြမယ်ဆိုရင်တော့ ရှိရှိသမျှ အကုန်သာ လိမ်ကြပါလို့ပဲ ခပ်ရှင်း
ရှင်းဆိုပါရစေ။ “လိမ်တော့ ဘာဖြစ်မှာမို့လို့လဲ”လို့ ထပ်မေးလာဦးမယ်ဆိုရင်
တော့ လိမ်ရင် အားလုံးအဆင်ပြေလိမ့်မယ်လို့ပဲ ခပ်ရှင်းရှင်း ထပ်ပြီးပြောလိုက်
ပါတယ်။

တချို့ကတော့ ဘာမဟုတ်တာလေးတွေနဲ့လည်း လိမ်ကြပါတယ်။ သတိရနေ
တာ..။ ကျေးဇူးတင်တယ်နော်...။ ကိုယ်က တကယ်ချစ်တာပါ..။ ယုံယုံကြည်
ကြည်သာ ကိုးကွယ်ပါ..ကိုယ်တော်ကြီးက မလိမ့်မယ်။ ဟုတ်ကဲ့..အဆင်ပြေပါ
တယ်။ ငါက စေတနာနဲ့ပြောနေတာ..။ ကျနော့ကို ကယ်ပါဦး။ မုန့်ကိုပဲ ဝေစား
မယ်။ ကျုပ်က ခင်ဗျားဘက်ကပါ။ စိတ်ချ..မောင်လေး စိတ်ချ။ ကူညီပါရစေ။

တချို့ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆွဲပြီး လိမ်တယ်။ တချို့က
စာချုပ်စာတမ်းနဲ့ လိမ်တယ်။ တချို့က ကတိပေးပြီး လိမ်တယ်။ တချို့က ဗြောင်
လိမ်တယ်။ တချို့ကလည်း အမျိုးသားရေး ဦးတည်ချက်တွေနဲ့ လိမ်တယ်။
တချို့ကတော့ ဒီမိုကရေစီခေါင်းစဉ်အောက်မှာ လိမ်တယ်။ တချို့ကတော့
နိုင်ငံစုံပေါင်းပြီး သမဂ္ဂဖွဲ့လို့ လိမ်တယ်။ တချို့က ရွေးကောက်ပွဲလုပ်ပြီး လိမ်
တယ်။ တချို့က သက်သေ အထောက်အထားတွေနဲ့ လိမ်တယ်။ အကိုးအကား
တွေနဲ့ လိမ်တယ်။ ခိုင်ခိုင်မာမာ လိမ်တယ်။ ပိပိရိရိ လိမ်တယ်။ လိမ်လိမ်မာမာ
လိမ်တယ်။ တရားရုံးဆိုတာက အမှားကို တရားဝင်အောင် လိမ်ပေးတဲ့နေရာ။

လူတွေဟာ ကိုယ့်ကိုကိုယ်လည်း လိမ်နေတာပဲ။ ကိုယ့်အကျိုးအတွက် လိမ်
တယ်။အများအကျိုးအတွက် လိမ်တယ်။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက်
လည်း လိမ်ကြတယ်။ ဘုရားသခင်ကိုလည်း လိမ်တယ်။ ကိုယ့်ယောက်ကျား
ကိုလည်း လိမ်တယ်။ ကိုယ့်မိတ်ဆွေကိုလည်း လိမ်တယ်။ ဆရာကလည်း
တပည့်ကို လိမ်။ တပည့်ကလည်းဆရာကို လိမ်။ အမေ့ကို လိမ်ပြောတယ်။
သားကို လိမ်ပြောတယ်။ မိဘပေးစားလို့ယူတယ် ပြီးတော့ ချစ်တယ်လို့
ပြောမယ်။ တချို့တွေကတော့ ပေါ်တင်ပဲ။ လိမ်တာ မဟုတ်ဘူးလို့ ပြောပြီး
လိမ်တယ်။

အမှန်တရားကို ဖုံးကွယ်ထားကြ။ မျက်နှာကို အမြဲပြုံးထား။ စေတနာစကားကို
နာနာပြော။ ကိုယ်ကပဲ အနစ်နာခံသလို များများလုပ်။ ကျေးဇူးတင်တဲ့အကြောင်း
မကြာ မကြာထုတ်ပြော။ ကိုယ့်မှာမရှိတာကို ရှိတယ်လို့ပြော။ ရှိရင်တော့ မရှိဘူး
လုပ်။ မချစ်ပေမဲ့ အောင့်ကာနမ်း။ အထက်အရာရှိကို ကောင်းကောင်း ဖါး။ အလိမ်
တွေကြားထဲမှာ ဖြောင့်ဖို့တော့ မကျိုးစားနဲ့။ အကန်းတောထဲ မြင်နေသူလို ဖြစ်
လိမ့်မယ်။ မှန်တာပြော၊ ဟုတ်တာလုပ်ဆိုတာ အလုပ်မဖြစ်ဘူး။

လိမ်တာချင်းအတူတူ အထက်အရာရှိစကားက ပိုမှန်တယ်။ တိုင်းပြည်ခေါင်း
ဆောင်ပြောရင် ဥပဒေဖြစ်တယ်။ ဥပဒေအတိုင်း လိုက်နာပေမဲ့ အန္တရယ်ကြုံရင်
ဥပဒေက တာဝန်မယူဘူး။ လူယုံသတ်လို့သေတဲ့ မသာတွေ အများကြီး။ သား
သမီးယုံ စုံလုံးကန်း ဆိုပါရောလား။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရဆိုပဲ။
မုသားမပါ လင်္ကာ မချောတဲ့။ အလိမ် အလိမ်ချင်းတွေ့မှ ဖြောင့်တယ်။ ယဉ်ကျေး
သူဆိုတာ လူလိမ်ကိုပြောတာ။ လိမ်တယ်ဆိုတာက အမှန်ကို အမှန်အတိုင်း
မပြောတာကို ပြောတာ။ မှန်တဲ့သူတွေ ကျကုန်ပြီတဲ့။

ဘ၀မှာ အဆင်ပြေချင်ရင် များများလိမ်ရမယ်။ လူတကာက လိမ်နေတော့လည်း
လိမ်ပုံလိမ်နည်း သူများထက်ပိုကျွမ်းမှဖြစ်မယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကိုယ်လိမ်
နေတာ သူလည်းသိပါတယ်။ သူလိမ်နေတာလည်း ကိုယ်က သိတာပေါ့။ လိမ်နေ
ကြလို့လည်း ဘယ်သူကမှ ဘယ်သူ့ကို မယုံကြတော့ဘူးလေ။ ယုံတယ်ဆိုတာကို
က လိမ်နေတာပဲ ဥစ္စာ။

မထူးပါဘူး။ ကိုယ့်သားသမီးတွေကိုလည်း လိမ်ပုံလိမ်နည်းတွေ သင်ပေးထားပါ
တော့။ မဟုတ်လည်း သူတို့ဘာသာ တတ်လာကြမှာပါ။ မှုတ်ဘူးလား။ ယုံယုံ
ကြည်ကြည်သာ လိမ်ကြ။ စိတ်ချလက်ချ လိမ်ကြ။ ဟုတ်ပြီလား။ တကယ်ပြော
နေတာ။ မယုံကြဘူးလား။ လိမ်နေတာ မဟုတ်ဘူး။ အော်...ဒီလူတွေ။ အမှန်ကို
ပြောရင် လက်မခံချင်ကြတော့ဘူးကိုး။ သွားပါပြီ။ ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, July 9, 2011

ပိုက်ဆံပျောက်တဲ့သီချင်း















ဒို့လောကမှာ အမည်မသိစာဆိုတွေ သိပ်များတယ်။ အထူးသဖြင့် ငယ်ငယ်က
ကြားဖူးတဲ့ သီချင်းတွေ၊ ကဗျာတွေက အမည်မသိတွေရဲ့လက်ချက်တွေ ဖြစ်
နေတတ်တယ်။ ဆိုပါတော့ လူကလေးရဲ့ အိပ်ချိန်တန် ၊ ဗျိုင်းရှေ့ကပျံ ဆို
တာမျိုး။ ကြောင်ကြီးရဲ့ မြီးတံတို ဆိုတာမျိုး။ ဘယ်သူတွေဖန်တီးခဲ့မှန်း မသိဘူး။

သူတို့တွေဟာ မဂ္ဂဇင်း၊ဂျာနယ်တွေမှာပါဖို့ စာမူပို့ပြီးရေးခဲ့ကြတာ မဟုတ်။ စာအုပ်
စာပေနဲ့ မှတ်တမ်းတင်ခဲ့တာမျိုး မဟုတ်။ အလိုလိုထွက်ကျလာတဲ့ ခံစားချက်တွေ
ကို ပါးစပ်ဆင့်ကမ်းပြီး တည်တန့်လာခဲ့ကြတဲ့ ဖန်တီးမှုတွေ။ အများကလက်ခံလို့
အခုချိန်ထိ အသုံးတည့်နေတဲ့ အနုပညာတွေပေါ့။ ထားပါတော့။ ဆရာကြီးလေသံ
ပေါက်သွားပြီ။ (ဆရာက မကြီးသေးဘူး။ ငယ်ငယ်ပဲရှိသေးတာ)

ချိုမိုင်မိုင်အဆင့်ကနေ လူ့စကား သူမသိ၊ သူ့စကား လူမသိ ဆိုတဲ့အဆင့်ကို ရောက်
လာတော့လည်း အမည်မသိတွေနဲ့ ထပ်ပြီးတိုးနေသေးတာပဲ။ အဲဒီအထဲမှာ “အဘိုး
ကြီအို ခါးကုန်းကုန်း” လည်းပါတာပေါ့။ တန်ဆောင်မုန်းလကျရင် ကျင်းပမယ့်ပွဲ
တွေကို နောက်နှစ်မှာ ထပ်ကြည့်ဖို့ အသက်ရှည်ကျန်းမာအောင် နေပါဦးတဲ့။ အဘိုး
အိုတဦးကို အကျင်နာ၊ မေတ္တာ၊ စေတနာနဲ့ မှာတဲ့စကားလေးပေါ့။ ကဗျာလေးက
ချစ်စရာ။ နိုင်ငံတော်သီချင်းလို မကျက်ခိုင်းပဲ လူတိုင်းရတဲ့ ကဗျာလေးပါဗျား။

အဲဒီကဗျာက လူတိုင်းကြိုက်တဲ့ကဗျာ ဖြစ်လာရုံတင်မက ဒီကဗျာရဲ့ အချိုးအတိုင်း
မူကွဲတွေပါ ပေါ်ပေါက်လာခဲ့တယ်။ မူလကဗျာနဲ့ ဇတ်လမ်းအဆက်အစပ်ရှိတဲ့ ဖန်
တီးမှုတွေလည်း ပေါ်ပေါက်ခဲ့တယ်။ ကြားဖူးကြမှာပေါ့။

အဘိုးကြီးအို ခါးကုန်းကုန်း
မသေပါနဲ့ဦး
နောက်နှစ်ခါ တန်ဆောင်မုန်း
ပွဲကြည့်ပါဦး။ (မူလ)

မကြည့်နိုင်ဘူး မြေးလေးရယ်
ဘိုးဘိုး သေတော့မယ်
ဘိုးဘိုးသေတာ ဘယ်လိုလဲ
ဒူးထောက်လို့ လဲ။ (မူကွဲ)

အဘိုးကြီးအိုဇတ်လမ်းနဲ့ လုံးဝ မဆက်စပ်ပေမဲ့ စာချိုးအလိုက် တထေရာထဲ ဖန်
တီးထားတဲ့ အထဲမှာ နာမည်အကြီးဆုံးကတော့ ပိုက်ဆံပျောက်တဲ့ အကြောင်းပဲ။
ဒီကဗျာကိုလည်း လူတိုင်းသိကြတယ်။ (ဒါကိုတော့ လိုက်မဆိုကြနဲ့နော်။ ဆိုရင်
လည်း အသံမထွက်စေနဲ့။ ကလေးတွေကြားရင် မေးနေဦးမယ်)

မယ်သီလရင် သေးပေါက်ချင်
နန်းတော်အောက်ကို ၀င်
နန်းတော်အောက်က တစ္ဆေချောက်
ပိုက်ဆံငါးပြား ပျောက်..။ (မူတော်တော်ကွဲ)

ဒီမူကွဲကဗျာက ပို့စ်မော်ဒန်ဆန်တယ်လို့ပဲ ပျော်စရာကောင်းအောင် ပြောလိုက်
ကြပါစို့။ ကဗျာလေးက ရှင်းပြစရာမလိုအောင်ကို ထင်းကနဲ၊ လင်းကနဲ ရှိလှတယ်။
တခေတ်တခါက ပိုက်ဆံငါးပြားဆိုတာလည်း သူ့တန်ဘိုးနဲ့သူ အသုံးကျတယ်။
ဆရာလေးတပါး မနိုင်ဝန်ကို မထိမ်းနိုင်လို့ အပေါ့သွားရာက ကံမကောင်းချင်
တော့ တစ္ဆေအချောက်ခံရတဲ့ အဖြစ်က သနားစရာ။ ဒီကြားထဲ ကမန်းကတန်းနဲ့
ပြန်ပြေးလာရလို့ ထင်ပါရဲ့ အလှူခံလို့ ရလာတဲ့ ပိုက်ဆံတွေထဲက ငါးပြားစေ့
တစေ့ ကျပျောက်ခဲ့ရ ရှာပါသတဲ့။

နောက်တီးနောက်တောက် လူတယောက်က ပေါက်ပေါက်ရှာရှာ ကဗျာကိုဖန်
တီးထားခဲ့တော့လည်း မျိုးဆက်သစ်နောက်တီးနောက်တောက်များက လိုက်ပြီး
ဆိုနေကြတော့တာပေါ့။ အဖြစ်အပျက်က သနားစရာဆိုပေမဲ့ ကဗျာလေးအနေ
နဲ့က တကယ့် ပျော်စရာပါ။ ( ကန့်တော့ပါရဲ့ ဆရာလေးတို့ရယ်)

အဲဒီ အဖိုးကြီးအိုကဗျာဟာ ကဗျာအဆင့်မှာတင် ရပ်မနေဘူး။ သီချင်းအဆင့်ထိ
ရောက်ခဲ့တယ်။ ကဗျာကို ဂီတနဲ့ရောပြီးတင်ဆက်ခဲ့ကြတယ်။ ဆိုရှယ်လစ်ခေတ်မှာ
နာမည်ကြီးတဲ့ စတီရီယိုတေးဂီတ။ အဲဒီစတီရီယိုဂီတခေတ်မှာ နာမည်ကြီးတဲ့
ပလေးဘွိုင်တီးဝိုင်း။ သူတို့ကတော့ မြန်မာလို တူရိယာလုလင်တဲ့။ အဲဒီအဖွဲ့ရဲ့ 
သီချင်းတပုဒ်မှာ အဖိုးကြီးအိုခါးကုန်းကုန်းကဗျာဟာ ဒစ္စကိုတေးသွားနဲ့အတူ
လူကြိုက်များခဲ့ ပြန်ပါရော။

ပလေးဘွိုင်အဖွဲ့က ကော်ပီတွေ အဆိုများတာပါ။ မူလဖန်တီးရှင် Boney M ရဲ့
နာမည်ကျော် ဒစ္စကိုသီချင်းကို မြန်မာလို လုပ်ချလိုက်တဲ့ သီချင်းတပုဒ်ပေါ့။ မြန်
မာစာသား သွတ်သွင်းသူကတော့ မည်သူရယ်မသိ။ ကိုလေးလွင်လို့ ထင်တာပဲ။
ထားပါတော့။ သောတရှင်များခင်ဗျား။ Boney M ရဲ့သီချင်းကို နားဆင်တော်မူ
ကြပါ။ သီလရင်တွေနဲ့ ခါးကုန်းတဲ့အဘိုးကြီးတွေကိုလည်း ကျင်နာကြပါ။



(ပန်းချီ၊ အောင်ကျော်ထက်)

Thursday, July 7, 2011

ခပ်ဝေးဝေး ဒီပလိုမေစီ









ရေးချင်နေတာတော့ ကြာပါပြီ။ မြန်မာ့အလင်း “ခွင်” က ဘလော်ဂါ ဇာနည်
ဝင်းရဲ့ခွင်မို့ သူရေးမယ်ထင်ပြီး လွှတ်ထားတာပါ။ အခုတော့ မရတော့ဘူး။
ရေးတော့မယ်။ ပုံမှာမြင်တဲ့အတိုင်း မြန်မာ့ရွှေလွှတ်တော်ပါခင်မျ။ ကြီးလည်း
ကြီး၊ ကျယ်လည်း ကျယ်။ ထည်လည်း ထည်။ ၀ါလည်း ၀ါ။ ခမ်းလည်း ခမ်း။ နား
လည်း နား။ အားပါးပါး လွတ်တော်ကြီးပါဗျ။

အလည်ခေါင်မှာ ဘုရင်ခေတ်က ရွှေပုလ္လင်ကြီး။ ဓါတ်ပုံသမားတွေ မရှိတဲ့အခါ
အဲဒီအပေါ် ဘယ်သူ တက်ထိုင်နေလဲ မသိဘူး။ ဘုရင်ရူးတွေက များသမို့လား။
နိုင်ငံခြားသံတမန်တွေ လာတဲ့အခါ ပုလ္လင်ခန်းမှာ ဆုံကြသပေါ့။ ကိုယ်စားလှည်
တော်ကြီးများ အခန်းရဲ့ တဘက်တချက်မှာ နေရာယူကြပါ။ ပြီးတဲ့အခါ အဝေး
ကြည့် မှန်ပြောင်းတွေ ထုတ်ကြပါ။ အခန်းက ကျယ်တော့ ပုံမှာမြင်တဲ့အတိုင်း
တဘက်ကိုယ်စားလှည်နဲ့ အခြားတဘက်က ကိုယ်စားလှည် ပြုံးသလား၊ မဲ့သ
လား မမြင်နိုင်ဘူး မဟုတ်လား။

ကိုယ်စားလှည်တွေ စုံတဲ့အခါ အခန်းအလည်ခေါင် ပုလ္လင်ကြီးနားက ခုံမှာထိုင်
မယ့် သမ္မတကြီး ကြွချီလာပါလိမ့်မယ်။ သမ္မတကြီးဆိုတာ အသက်ကြီးတဲ့ သမ္မ
တကို ခေါ်တာပါ။ အသက်ကြီးတော့ နားလည်း လေးနေတတ်ပါတယ်။ သမ္မတ
ကြီးနဲ့ နိုင်ငံခြားသံတမန် ခေါင်းဆောင်အကြား အာကျယ်တဲ့ စကားပြန် ထိုင်ပါ။
ဒီစကားပြန်က လေသံတိုးရင် ဘယ်သူက ဘာပြောမှန်း မသိရပါဘူး။ အခန်းက
ဘောလုံးတကွင်းစာလောက် ကျယ်နေလေတော့ အော်ပြောမှ ရပါတယ်။

လွှတ်တော်ကျယ်တာ အပြစ်လားကွာလို့ ပြောမယ်ဆိုရင်တော့ မဟုတ်ပါဘူးလို့
ဆိုရမှာပါ။ “လွှတ်တော်ကျယ်မှု” ဆိုတဲ့ ပုဒ်မမှ မရှိပဲကိုး။ တကယ်တော့ မြန်မာ
တနိုင်ငံတည်း လွှတ်တော်က ကျယ်နေတာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားတို့
တရုတ်တို့မှာလည်း ခပ်ကျယ်ကျယ်တွေပါပဲ။ လွှတ်တော်ကျယ်တဲ့အတွက် ကောင်း
တာတွေ ရှိပါတယ်။ စစ်တပ်က ထစ်ခနဲဆို အာဏာသိမ်းတတ်တော့ လွှတ်တော်
ဖျက်သိမ်းတဲ့အခါ လွှတ်တော်ထဲမှာ အားကစားလုပ်လို့ ရတာပေါ့။ တီးဝိုင်းတွေ
ခေါ်ပြီး ပျော်ပွဲရွှင်ပွဲလုပ်လို့လည်း ကောင်းပါတယ်။ ဒစ္စကိုတွေလည်း နွှဲလို့ကောင်း
ပါတယ်။









နိုင်ငံက ခပ်သေးသေး။ ဘိန်းက ခပ်များများ နိုင်ငံရေးက ခပ်ရှုပ်ရှုပ်။ လွတ်လပ်
ခွင့်က ခပ်နည်းနည်း။ နိုင်ငံရေးအကျဉ်းသားနဲ့ ဒုက္ခသည်က ခပ်များများ။ လွှတ်
တော်ကတော့ ခပ်ကြီးကြီးဆိုလေတော့ တိုးတက်ထွန်းကားတဲ့ နိုင်ငံတွေက
လူတွေရောက်လာရင် ရယ်စရာကြီး ဖြစ်နေလေမပေါ့။ ရှက်တတ်မယ်ဆိုရင်
ရှက်စရာပေါ့။ ဒါပေမဲ့ ကိုယ့်ဆရာများက မရှက်တတ်တော့လည်း ကိစန မရှိ
ဘူးပေါ့လေ။ ယိုသူမရှက် မြင်သူရှက်ပေါ့။

တကယ်လို့များ အကြောင်းမသင့်လို့ မြန်မာ့လွှတ်တော်ထဲကို သင်သွားရတော့
မယ်ဆိုရင် စကားကို ကျယ်ကျယ်ပြောတတ်အောင် အရင်လေ့ကျင့်ထားပါ။ မှန်
ပြောင်းယူသွားဖို့ မမေ့ပါနဲ့။ တွေ့တဲ့လူတိုင်းကို လက်အုပ်ချီပြီး ရှိခိုးပူးဇော်ပါ။ လူ
ကြီးတွေကြိုက်အောင် ချိတ်ထမီ ၀တ်သွားပါ။ သူတို့က ဘာပဲပြောပြော ဟုတ်ကဲ့
ပါ...ဟုတ်ကဲပါလို့ ၂ကြိမ်စီ ပြန်ပြောပါ။ ဒါဆိုရင် လွှတ်တော်ထဲကနေ ဘေးရန်
ကင်းကင်းနဲ့ သင်ပြန်ထွက်လာနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ လွှတ်တော်ထဲ
မှာ ရှိတဲ့ထောင်ကလည်း လွှတ်တော်ကြီးလို ခပ်ကြီးကြီးနဲ့ ခပ်ကျယ်ကျယ်ဆိုပဲ။

(ဓါတ်ပုံ ၊ မြန်မာ့အလင်း)

Tuesday, July 5, 2011

တိုလီမိုလီ သွေ့ပူချီ











ချစ်လှစွာသော ဧည့်ပရိတ်သတ်ကြီး သိထားတော်မူကြတဲ့ အတိုင်းပါပဲခင်ဗျား။
ရွှေမြန်မာပြည်ကြီးဟာဖြင့် အိန္ဒိယပြည်ကြီးနဲ့ တရုတ်ပြည်ကြီး နှစ်ခုအကြား
မညပ်ချင်ပဲ ညပ်နေရရှာသော နိုင်ငံငယ်တခုသာ ဖြစ်ချေ၏။ နှစ်ဘက်အညှပ်
ခံထားရရှာသော ဤနိုင်ငံငယ်ကလေးမှာ ဟိုဘက်က ပိသည့်ဒဏ်နှင့် သည်
ဘက်က ဖိသည့်ဒဏ် အစဉ်အဆက် ခံနေရရှာသည်ကိုလည်း အားလုံးအသိ။

သိပြီးသော်ငြား ထင်ရှားအောင် (မလိုအပ်ပဲ) ထပ်ပြီးရှင်းရလျှင် မြန်မာတို့၏
အမျိုးသားဝတ်စုံအား မျက်စိထဲ မြင်ရန် ခေတ္တခဏ အာရုံပြုတော် မူကြပါကုန်။
အပေါ်ဆုံးမှ စလျှင် ခေါင်းပေါင်းစ တလူလူကို မြင်ချေမည်။ ခေါင်းပေါင်းသည်
မြန်မာတို့ခေါင်းပေါ် မည်သို့ရောက်လာသနည်း။ အထင်ပြောရလျှင် အိန္ဒိယပြည်
မှ လာသည်။ အိန္ဒိယတို့သည် ခေါင်းပေါင်းကို အစဉ်အလာကြီးကြီးဖြင့် ပေါင်းလာ
ကြသူများ မဟုတ်လေတကား။

ခေါင်းပေါင်းမှတဖန် အောက်သို့လားသော် တိုက်ပုံဆိုသော အင်္ကျီကို မြင်ရလိမ့်မည်
မဟုတ်တုံလော။ အနှီတိုက်ပုံဆိုသည်ကား အဘယ်က လာသနည်း။ တီယုတ်ပြည်
ကြီးက လာနီးကီးတော်မူလေသည်။ တိုက်ပုံဟူသည်ကား တရုတ်ပစ္စည်း အီစစ် ဧကံ
ဖြစ်တော့သည် ကိုယ့်လူတို့။ တိုက်ပုံမှသည် အောက်သို့ဆင်းပြန်သော် ခါးတွင် ဆီး
နှောင် တုတ်ချည်ထားသော ပုဆိုးဟူသည့်အရာကို မြင်ချိမ့်မည်။ ဤအရာသည်ကား
အိန္ဒိယပစ္စည်းအစစ် ဧကံပင်ဖြစ်တော့သည်။











ရွှေမြန်မာအကြောင်း ပြောလျှင် တရုတ်ကို ချန်လှပ်၍ မရသလို အိန္ဒိယကိုလည်း
မေ့ထားလို့ မဖြစ်ချေ။ တခုခုကို မေ့လေသော် အင်္ကျီသော်လည်းကောင်း၊ လုံချည်
သော်လည်းကောင်း မပါသောသူနှင့် မတူလေပြီတကား။ ရှက်ဖွယ်ပ အဆွေတော်။

ခေါင်းစီးတွင် ဖေါ်ပြထားသည့် စကားလုံးများမှာ အလကား မဟုတ်။ ရွှေမြန်မာတို့
နေ့စဉ်သုံးစွဲနေသော စကားများအတွင်း တကြိမ်မဟုတ် တကြိမ် ပါလေ့ရှိသည့်
အရာများပင်တည်း။ တိုလီမိုလီမှာ ကုလားစကား အစစ်။ သွေ့ပူချီမှာ တရုတ်စကား
အစစ်။ အဲ့သဟာကြောင့် ထိုစကားနှစ်လုံးမှာ မြန်မာစကား အစစ် ဧကံဖြစ်လေပြန်
တော့သည်တည်း။ သွေ့ပူချီကို မြန်မာတို့ လှိုင်လှိုင်သုံးစွဲလာသည်မှာ များမကြာလှ
သော နှစ်ကာလတို့မှ စလေသည်။ တိုလီမိုလီကား ဒို့မြန်မာစကားဖြစ်ခဲ့တာ ကြာပေါ့
လဟယ်။

ရှေ့တွင် အစီရင်ခံခဲ့သည့် ထိုထိုသော အကြောင်းအရင်းများကို အခြေခံ၍ ဤစာကို
ဆက်ရေးရသော်။ မကြာသေးမီကာလက ဘလူးစကိုင်းဖေါရက်စ် ဘလော့ဂ်တော်
ကြီးတွင် တရုတ်သီချင်းနှစ်ပုဒ်ကို တင်ဆက်ခဲ့သည် မဟုတ်လော။ အထက်တွင် ဆို
ခဲ့သလို တရုတ်ချည်းသက်သက်ကား ထား၍မဖြစ်ချေ။ အိန္ဒိယပါ ပါလေမှ မြန်မာပီ
သပေလိမ့်မလေ။ သို့လေသောကြောင့် ရွှေမြန်မာအများ သိထားပြီးတော်မူအပ်
သော ကုလားသီချင်းတပုဒ်ကို အချိန်မီ တင်ဆက်လိုက်ရပေတော့သည်။

ဤသီချင်းသည်ကား မြန်မာ့ဆိုရှယ်လစ်ခေတ်ကြီးအတွင်း လူကြိုက်အများဆုံး
ကုလားသီချင်းတပုဒ် ဖြစ်ရုံတင်မက ကော်ပီဆရာကြီး တဦးကလည်း ထိုသီချင်းကို
မြန်မာအသက်ဓါတ် အပြည့်သွင်း၍ ကချင်တိုင်းရင်းသူ အဆိုတော်တဦးအား ပေး
ဆိုသမှု ပြုခဲ့လေရာ ပေါက်ချင်းမက ပေါက်၍ မြန်မာပြည်တလွှား ဟိုနားသည်နား
မကျန် တညံညံ ဖြစ်ခဲ့တော်မူထသော အလွန်ကျော်ကြားသည့် ကုလားသီချင်း
တပုဒ်ပင် ဖြစ်တော့သည်။ (စကားမစပ်။ ယခုရေးခဲ့သည့် စာပုဒ်ကို တကြောင်းထဲ
နှင့် ကိစ္စပြတ်အောင် စီရင်ခဲ့သည်မှာ အစဉ်းငယ် အံ့အားသင့်ဖွယ်ပင်။)



ဤသီချင်းကို အမှတ်ရကြပြီ မဟုတ်တုံလော အဆွေတော်တို့။ အနှီသီချင်း
သည်ကား မူလဘူတ၊ အော်ရီဂျင်နယ် သီချင်း မဟုတ်ရပါချေ။ တခေတ်ဆန်း
ပြန်ဆိုတေးသာ ဖြစ်တော့၏။ မူလ အာချား...အာချား သီချင်းကိုကား အောက်
တွင် နားဆင်လော့။ ဘာအကြောင်းဆိုထားတာလဲဟ ဟူ၍တော့ အီစကို့အား
လာ မမေးလေနှင့်။ သိတော် မမူ။ ဂီတဖျော်ဖြေမှု တခုအဖြစ်နှင့်သာ ပျော်ပျော်
ကြီး နားဆင်ကြလေကုန်။ သီချင်းကို ကြိုက်သော် “အာချား..အားချား” နှင့်
လိုက်သာအော်။ သင် ပျော်လာလိမ့်မည်။



(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, July 3, 2011

ပျီ ဒွင်း SICK












(နိဂုံး)

ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ မြန်မာ့ပြည်တွင်းစစ် တရားဝင်အဆုံး
သတ်ခဲ့တာ နှစ်တရာပြည့်တဲ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ အဆင့်မီအခန်း
အနားတွေ ဒီနှစ်မှာကျင်းပတယ်။ ဒီနှစ် မြန်မာပြည်ကိုလာကြတဲ့ နိုင်ငံခြားသား
ဧည့်သည်တွေက အရှေ့တောင်အာရှမှာ အများဆုံး စံချိန်တင်ခဲ့တယ်။ သန်းနဲ့
ချီတဲ့ကမ္ဘာလှည့်ခရီးသွားတွေဟာ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ သမိုင်းဝင်ဒေသတွေ
ဆီ အများဆုံးသွားခဲ့ကြတာပေါ့။ အော်...အခုတော့လည်း ပြည်တွင်းစစ်ဆိုတာ
အမှတ်တရ ခရီးအဖြစ် အလည်လာစရာကိစ္စ။ လေ့လာစူးစမ်းစရာ၊ အံ့သြစရာ
ကိစ္စတခု ဖြစ်နေလေပေါ့။

(စာကိုယ်)

ရှမ်းပြည်တ၀ိုက်နဲ့ ပဲခူးရိုးမ တကြောက ကွန်မြူနစ်တွေနဲ့ တိုက်ခဲ့တဲ့နေရာတွေ။
ကရင်ပြည်တလွှား။ မွန်ပြည်တလွှား။ ကချင်ပြည်တလွှားနဲ့ ကယားပြည်တလွှား
က တိုက်ပွဲဖြစ်ခဲ့ရနေရာတွေ။ စစ်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ အကြွင်းအကျန်တွေ
ကို မပျက်စီးအောင် စံနစ်တကျထိမ်းသိမ်းထားပြီး ပြတိုက်တွေနဲ့ ပြထားတယ်။













ပြည်တွင်းစစ်အတွင်း သုံးစွဲတိုက်ခိုက်ခဲ့တဲ့ လက်နက်တွေ။ အ၀တ်အစားတွေ။
အမှတ်တရ ဓါတ်ပုံတွေ။ မှတ်တမ်းတင် ဓါတ်ပုံတွေ။ ထုတ်ပြန်ကြေညာချက်
တွေ။ ဗီဒီယိုအင်တာဗျူးတွေ။ ရေဒီယိုအင်တာဗျူးတွေ။ ပြည်တွင်းစစ်ကာလ
ထုတ် သတင်းစာတွေ။ ရုပ်မြင်သံကြား သတင်းတွေ။ မိသားစုချင်း ဆက်သွယ်
တဲ့စာတွေ။ တိုက်ပွဲမှာ ကျဆုံးခဲ့သူတွေရဲ့ စာရင်းတွေ။ ဒဏ်ရာရသူတွေရဲ့စာ
ရင်းတွေ။ ပြည်တွင်းစစ်ကာလသုံး ဆေးဝါးနဲ့ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ။
တိုင်းရင်းသားဝတ်စုံတွေနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ရုပ်ထုတွေ။ မြန်မာ
အစိုးရစစ်တပ်နဲ့ အနီးကပ်တိုက်ခိုက်နေတဲ့ ပန်းချီကားတွေ။ စစ်သုံ့ပန်းတွေ။
ပေါ်တာတွေ။

ပြည်တွင်းစစ်ကာလ အမျိုးသမီးလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ဓါတ်ပုံတွေ။
စစ်ပြေးဒုက္ခသည်တွေရဲ့ဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်းတွေ။ ဒုက္ခသည်စခန်းဟောင်း
တွေ။ စစ်ပြေးဒုက္ခသည်အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ပုံတွေ။ ပြည်တွင်းစစ်
အပြီး အသက်ရှင်ကျန်ရစ်နေသူတွေက သူတို့အတွေ့အကြုံတွေကို ဘာသာ
စကားမျိုးစုံနဲ့ ပြန်ပြောပြထားတဲ့ မှတ်တမ်းတွေ။ ပြည်တွင်းစစ်ကာလ သီဆို
ကြတဲ့ တိုက်ပွဲဝင်သီချင်းတွေ။ ကဗျာတွေ။ တဘက်နဲ့တဘက် အပြန်အလှန်
စိတ်ဓါတ် စစ်ဆင်ရေးလုပ်ခဲ့တဲ့ မှတ်တမ်းတွေ။ ပြည်တွင်းစစ်အဆုံးသတ်ပြီး
အရင်က ရန်သူဖြစ်ခဲ့ကြသူတွေရဲ့ ပြန်လည်သုံးသတ်ချက်တွေ။ ပြည်တွင်း
စစ်ကာလ ငိုအားထက် ရယ်အားသန် အမှတ်တရ အဖြစ်အပျက်တွေ။













ပြည်တွင်းစစ်အဆုံးသတ်ကြောင်း ကြေညာတဲ့နှစ်က မှတ်တမ်းတင် အဖြစ်
အပျက်တွေ။ အရုပ်တွေ၊ အသံတွေ။ ပျော်ရွှင်မှုတွေ။ ငိုကြွေးမှုတွေ။ ကြေ
ကွဲမှုတွေ။ သမိုင်းဝင်အဖြစ်အပျက်တွေကို ပြည်တွင်းစစ်ဖြစ်ခဲ့ရာ ဒေသ
အလိုက် ပြတိုက်တွေမှာ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားတယ်။
နောက်လူတို့အတွက် မှတ်လောက်သားလောက်အောင် ပြသထားတယ်။
နောင်ကျင်ရလောက်အောင် ပြသထားတယ်။ ပြည်တွင်းစစ်ဆိုတာ ဖျောက်
လို့ ဖျက်လို့ မရနိုင်တော့တဲ့ တိုင်းပြည်တခုရဲ့ သေရာပါဒဏ်ရာအဖြစ် မြင်
ကြရတယ်။

အရှေ့တောင်အာရှမှာ ဗီယက်နမ်စစ်ပွဲသမိုင်းဝင် နေရာတွေနဲ့အတူ မြန်မာ့
ပြည်တွင်းစစ် သမိုင်းဝင်နေရာတွေက ကမ္ဘာလှည့်ခရီးသည်တွေအတွက်
အချိန်ပြည့် စွဲဆောင်ထားတယ်။ ပြည်တွင်းစစ်အထိမ်းအမှတ်နဲ့ ရေးသားထုတ်
ဝေတဲ့ စာအုပ်တွေ၊ ဗီဒီယို၊ရုပ်ရှင်တွေကလည်း ဘာသာစကားမျိုးစုံနဲ့ နေရာ
အနှံ့မှာရှိနေတယ်။ စာရေးသူ၊ဖန်တီးသူတွေကိုယ်တိုင်ကလည်း ဧည့်သည်
တွေအတွက် လက်မှတ်ရေးထိုးပေးတဲ့ အစီအစဉ်တွေရှိတယ်။ ပြည်တွင်းစစ်
ဖြစ်ခဲ့ရာ ဒေသတွေမှာ ရာသီအလိုက် ကြုံခဲ့ရတဲ့ တိုက်ပွဲပုံစံတွေကို သရုပ်ပြ
တဲ့အနေနဲ့ တင်ဆက်ပြသတဲ့ အစီအစဉ်တွေက ဧည့်သည်တွေအတွက်
စိတ်လှုပ်ရှားဖို့ အကောင်းဆုံးပေါ့။ စစ်ပြေးဒုက္ခသည်နေရာမှာ ၀င်ပြီးပြေးဖို့
စေတနာ့ဝင်ထမ်းသရုပ်ဆောင်မယ်ဆို စာရင်းပေးကြဖို့ ကြေညာတဲ့ အသံ
တွေလည်း ကြားနေရတယ်။












(နိဒါန်း)

လူ၇သိန်းလောက် သေခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁ - ၁၈၆၅) ပြီး
ဆုံးတာ နှစ်ပေါင်း ၁၅၀လောက်ရှိလာပြီ။ ပြည်တွင်းစစ်ကာလမှာ တိုက်ပွဲတွေ
အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ Gettysburg မြို့ကလေးကိုရောက်တုန်း မြင်တွေ့
ကြားသိခဲ့ရသမျှကို မြန်မာမှုပြုပြီး အိပ်မက်မက်မိတယ်။













(ဓါတ်ပုံ ၊ ညောင်ဦး ဖိုးချဉ်)

Friday, July 1, 2011

ဖေါင်းချွတ်ပြဇတ်












မြန်မာပြည်နိုင်ငံရေးက အရင်ကထက်စာရင် စိတ်ဝင်စားဖို့ကောင်းလာပါပြီ။
ဟုတ်တာ မဟုတ်တာ အပထား။ လွှတ်တော်ကြီးလည်း ရှိလာပြီ။ သတင်းစာ
တွေမှာ သေနပ်တကားကားနဲ့ စစ်ဗိုလ်တွေ လမ်းသလားနေတာတွေ ပျောက်
သလောက်ရှိသွားပြီ။ ခေါင်းပေါင်းတထောင်ထောင်၊ လုံချည်တကားကား၊
တိုက်ပုံတလွှားလွားတွေ မြင်လာနေရပြီ။

ယူနီဖေါင်းချွတ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်တွေက အတည်
ပေါက်နဲ့ လာပြီးနှုတ်ဆက်နေကြပြီ။ ဖေါင်းချွတ်အစိုးရကလည်း အတည်ပေါက်
နဲ့ပြန်ပြီး နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကြီး တကယ်ပြောင်းပြီပေါ့လေ။
အမှောင်ခေတ် ကုန်ပြီ။ အလင်းခေတ် ရောက်ပြီပေါ့။ ကျုပ်တို့ကို ယုံယုံကြည်
ကြည်နဲ့သာ ဆက်ဆံကြပါပေါ့။ အားလုံးက သရုပ်ဆောင်ကောင်းကြပါတယ်။

လတ်တလော ခေတ်စားနေတဲ့မေးခွန်းကတော့ မြန်မာပြည်ရဲ့နိုင်ငံရေးဇတ်
လမ်းက တကယ်ပဲပြောင်းနေပြီလား။ စစ်အာဏာရှင်ဇတ်က တကယ်ပဲသိမ်း
ပြီလား ဆိုတာပဲ။ အများစုက မသိမ်းသေးဘူး၊ မျက်နှာဖုံးပြောင်းတာ၊ အပေါ်
ယံ သက်သက်ပြောင်းတာ၊ မင်းသားခေါင်းစွပ်နဲ့ ဘီလူးပဲလို့ ဆိုနေကြတယ်။

ဖေါင်းချွတ်တွေတက်လာပြီး ထူးတူးတူးလေးတွေ ဖြစ်လာတဲ့အထဲမှာ
အမေရိကန်က လေသံပျော့လာတယ်။ အီးယူက လေသံပျော့လာတယ်။
အာစီယံက မျှော်လင့်ချက် ပိုလာတယ်။ တရုတ်နဲ့ ပိုအစေးကပ်လာတယ်။
ကချင်တွေနဲ့ စစ်..စစ်..စစ်ဖြစ်တယ်။ ဗုံး..ဗုံး..ဗုံးကွဲတယ်။ ဒေါ်စု ခရီးထွက်
ဦးမယ်။

ဖေါင်းချွတ်တွေက ရေးပြီးသားဇတ်လမ်းကို ကနေကြတဲ့သူတွေလို့ အားလုံး
က နားလည်ထားပါတယ်။ ကချင်ကို တိုက်မယ်ဆိုတာက ဖေါင်းချွတ်တွေ
မတက်ခင်ကတည်းက အသံထွက်နေတာပါ။ ဒေါ်စုလွတ်လာရင် ခရီးထွက်
မယ်ဆိုတာကလည်း ပြောစရာမလိုတဲ့ကိစ္စပါ။ ဖေါင်းချွတ်ကတဲ့ ဇတ်လမ်းထဲ
မှာ ဒီကကွက်တွေက ပါပြီးသားနေမှာပေါ့။ ဒါဆိုရင် ကချင်နဲ့ဒေါ်စုက ဖေါင်း
ချွတ်ဇတ်မှာ ပါဝင်ကပြနေရတာလား။

တချို့ပညာရှိများက မတူကွဲပြားတဲ့ချဉ်းကပ်မှုတွေနဲ့ အသုံးတော်ခံနေကြပါ
တယ်။ စစ်အာဏာရှင်အုပ်စုနဲ့ ဖေါင်းချွတ်နဲ့က အဆက်အစပ်မဲ့သွားပြီ။
ဇတ်လမ်းအသစ်ကို ဖေါင်းချွတ်တို့ “က”နေကြပြီ။ မြန်မာ့နိုင်ငံရေး သမိုင်း
သစ်ကို ရေးနေကြပြီ။ သူတို့နဲ့အတူ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်
ကြပါစို့တဲ့။ တချို့ဆရာသမားများကလည်း လူထုလှုပ်ရှားမှု၊ လူထုအုံကြွမှုကို
တခုချိန်ထိ တပြားမှ မလျှော့သေးပါဘူး။ တော်လှန်ရေးသာ အမိ၊ တော်လှန်
ရေးသာ အဖပဲ။ ဖြုတ်ချကြ။ အပြုတ်တိုက်ကြ။ အပြတ်ရှင်းကြ။ ရရင်ရ မရရင်
ချလို့ အော်နေကြတုန်းပါပဲ။

ဒီကြားထဲမှာ ဖေါင်းချွတ်သမ္မတသစ်ကြီးရဲ့ မိန့်ခွန်းကလည်း တမှောင့်။
ကောင်းတောင်းတောင်းကြီး။ စာသားအရ ပြောပါတယ်။ မစားရ ၀ခမန်း။
ဒီမိန့်ခွန်းကပဲ မြန်မာပြည်ရဲ့အလင်းရောင် လိုလို။ သူ့ကိုပဲ အဖေခေါ်ရ
တော့ မလိုလို။ သူသာလျှင် သမိုင်းကို မောင်းနှင်သူ အစစ်ဖြစ်တော့ မလို
လို။ သူ့ကိုပဲ နိုဘလ်ဆုပေးရတော့မလိုလို။

ပရိတ်သတ်ကြီး ခင်ဗျား။ ဟိုတလောက “အီးတီ” ဆိုတဲ့ အမျိုးသမီးတဦး
အကြားအမြင်ရလို့ဆိုပြီး နာမည် အတော်ထွက်လိုက်ပါသေးတယ်။ အခု
တော့ ဘယ်ရောက်နေရှာတယ် မသိ။ ကာလသုံးပါးကို ပြောနိုင်၊ ဟောနိုင်၊
မြင်နိုင်၊ ကြားနိုင်သူတွေက မြန်မာပြည်မှာ အတော်များကြတာ ကလား။

ဗေဒင်ဆရာ။ နတ်ကတော်။ မနောယမ။ အတတ်ဟော။ ဒက်ကနဲ။ မမှန်
ရင် ငွေပြန်အမ်းမယ်။ ဆရာကြီးဘယ်သူ နိုင်ငံခြားက ပြန်လာပြီ။ ဘုန်းဘုန်း
ပြောတဲ့အတိုင်းသာလုပ် ဆိုတာမျိုးတွေက လက်ညိုးထိုးမလွဲ ရှိနေတယ်
မဟုတ်လား။ ဒီပုဂ္ဂိုလ်တွေက ဖေါင်းချွတ်ပြဇတ် ရှေ့မှာ ဘယ်လိုဆက် က
မလဲ ဆိုတာ သိနိုင်လောက်ပေရဲ့။

အီစကိုတို့ကတော့ ပါရမီနည်းလွန်းလို့လား မသိ။ မြန်မာ့နိုင်ငံရေး ဘာ
ဆက်ဖြစ်မယ်ဆိုတာ လုံးဝမသိနိုင်ရှာ။ ပြည်ပကနေ ပြည်တွင်းကို ထိုင်
သနားခြင်း အတတ်ပညာကတော့ ကျွမ်းကျင်လွန်းလို့ ပျင်းတောင်ပျင်း
လာပြီ။ ခက်တာက ပြဇတ်ဆိုတာကို စိတ်ဝင်စားနေတုန်းပဲ။

ဖေါင်းချွတ်ပြဇတ်ကို လက်မှတ်ဖြတ်ထားမိလို့ ဆက်ပြီး ကြည့်နေရပါဦးမယ်။
လက်ခုတ်တီးစရာလာရင် တီး။ပြောင်းဖူးရိုးနဲ့ ထုစရာပေါ်လာရင် ထု။ အုတ်ခဲ
ကျိုးနဲ့ ပေါက်စရာကြုံလာရင်ပေါက်။ လက်ခေါက်မှုတ်စရာပေါ်လာရင် မှုတ်
ပေါ့လေ။ ပွဲပျက်အောင်တော့ဖျက်နိုင်စွမ်း မရှိရှာပါဘူး။

ပွဲပျက်တယ်ဆိုတာက သဘာဝတရားကြောင့် မီးပျက်လို့၊ မိုးကြီးလေကြီးလို့
ပျက်ရင် ပျက်။ သရုပ်ဆောင်အချင်းချင်း ဇတ်တိုက်ထားပါရဲ့ မညီညွတ်လို့
ပျက်ရင် ပျက်။ ဒါမှမဟုတ်ရင်တော့ ပရိတ်သတ်ကြီးက မကြိုက်လို့ ပွဲပျက်
အောင် ဖျက်မှပဲ ပျက်လိမ့်မယ်။ ပွဲကိုမကြိုက်လို့ တဦးတယောက်က ထလုပ်
လို့ ပျက်တဲ့ပွဲကတော့ မရှိသလောက်ပဲ။

ပရိတ်သတ်ကြီးရော ဖေါင်းချွတ်ဇတ်ကို စိတ်ဝင်စားသလား။ ကြည့်နေကြ
လား။ လက်မှတ်ဝယ်ထားသလား။ ဘာဆက်ဖြစ်မယ် ထင်သလဲ။ အားလုံး
ကျန်းမာကြစေဗျား။

(ရုပ်ပုံ၊ ဂူဂလ်)