Wednesday, May 4, 2011

၂၀၁၁ ပွဲစဉ်များ











တူနီးရှားက စတယ်ခင်ဗျ ။လူထုကြီး အုံကြွတယ်။ အစိုးရကို ဆန့်ကျင်တယ်။ အစိုးရ
ကလည်းနှိပ်ကွပ်တယ်ခင်ဗျ။ ပစ်တယ် ခပ်တယ်။ သတ်တယ် ဖြတ်တယ်။ ထတယ်
ကြွတယ်။ ချီတက်တယ်၊ စုဝေးတယ်။ ဖြိုတယ် ခွင်းတယ်။ သေတယ် ကြေတယ်။
တုန့်ပြန်တယ်။ အာခံတယ်ခင်ဗျ။ဆုတ်တယ် တက်တယ်။ ဟော...ပြေးပြီခင်ဗျ။
ပြေးပြီ..ပြေးကြပြီ။ တူနီးရှားသမ္မတ ထွက်ပြေးသွားပြီ။ သူ့မိသားစုလည်း လိုက်သွား
တယ်ခင်ဗျ။ ရွှေတွေငွေတွေလည်း မသွားတယ်ဗျ။နောက်ဆုံးတော့ တူနီးရှားမှာ
အာဏာရှင်အစိုးရ ပြုတ်ကျသွားပါတယ်ခင်ဗျား..။

လိုက်လာတယ်။ လိုက်လာတယ် ခင်ဗျ။ တူနီးရှားနောက်မှာ အီဂျစ်ကပ်ပြီး လိုက်
လာတယ်။အီဂျစ်လည်း အစပိုင်းမှာ ခပ်ကြမ်းကြမ်းလေး ကစားတယ်။ အစိုးရဘက်
ကလည်း ဖျက်တယ်ခင်ဗျ။ အီဂျစ်လူထုကလည်း မခေပါဘူး။ လူထုအားကို မရ
ရအောင် စုထားနိုင်ပါတယ်။ ဟော.. အမျိုးသမီးတွေလည်း ပါလာပါပြီ။ အထိအခိုက်
အကျအဆုံးလည်း များတယ်ခင်ဗျ။ အီဂျစ်လူထု ကဇွဲကောင်းကောင်းနဲ့ ဆက်ပြီး လှုပ်
ရှားတယ်။ အစိုးရက အင်တာနက်တွေကို ဖြတ်လိုက်တယ်ခင်ဗျ။ လူထုကြီး သွေးဆူ
လာပါတယ်။ ဒီပွဲမှာ ဒိုင်လူကြီးက စစ်တပ်ခင်ဗျ။ မျှမျှတတ ဆက်ဆံတယ်။ လူထုကို
ဘာဒုက္ခမှ မပေးပါဘူး။

ဟော...ပြေးပြီးခင်ဗျ။ ပြေးပြီ။ နောက်တယောက် ပြေးပြန်ပြီခင်ဗျ။ ဟုတ်ပါတယ်ခင်ဗျား။
အာဏာရှင် မူဘာရက် ဆင်းပေးလိုက်ရပါပြီ။ အီဂျစ်တော်လှန်ရေး ကမ္ဘာကျော်တဲ့အထိ
အောင်မြင်ခဲ့ပါပြီခင်ဗျား...။

၂၀၁၁ ကစားပွဲစဉ်တွေကတော့ အကြိတ်အနယ်ပါပဲခင်ဗျ။ အီဂျစ်ရဲ့အရှိန်က ဒေသတွင်း
မှာ တော်တော် သြဇာကြီးပါတယ်။ ထလာပြီ ခင်ဗျ။ ကြွလာကြပြန်ပြီ။ အစိုးရဆန့်ကျင်ရေး
လှိုင်းလုံးကြီးတွေက ဘာရိမ်း၊ ယီမင်၊ ဆီးရီးယား။ ဂျော်ဒန်၊ လစ်ဗျား တ၀ုန်းဝုန်းနဲ့ ထနေ
တယ်ခင်ဗျ။ အိုင်ဗရီကို့စ်ကပွဲလည်း အတော်ကောင်းတဲ့ ပွဲပါပဲ။ သမ္မတနှစ်ဦး အပြင်းအထန်
အလုအယက် အကွဲအပြဲ နွှဲကြတယ်ခင်ဗျ။ အဲဒီမှာလည်း သေကြတယ်ခင်ဗျ။ အိမ်ထဲမှာပုန်း
နေတဲ့ သမ္မတဟောင်းကို သမ္မတသစ်ရဲ့တပ်ဖွဲ့တွေက ၀င်စီးနင်းပြီးဖမ်းလိုက်ကြပါတယ်။
အာရပ်ကမ္ဘာနဲ့ မြောက်အာဖရိကမှာ အာဏာရှင်ဆန့်ကျင်ရေးပွဲတွေ အရှိန်အဟုန်ကောင်း
နေတုန်း ၀ုန်းကနဲ အသံကျယ်ကြီးတခု အာရှဘက်က ထွက်လာတယ်ခင်ဗျ။ ကစားပွဲတွေ
ခဏတိတ်သလို ဖြစ်သွားပါတယ်။

ဂျပန်မှာ ငလျင်ကြီးလှုပ်တာပါခင်ဗျား။ ဆူနာမီလှိုင်းတွေကလည်း ကြောက်ခမန်းလိလိပါပဲ။
အပျက်အစီး အသေအပျောက်ကလည်း သောက်သောက်လဲပါပဲ။ ဒီကြားထဲ နျူကလီးယား
စက်ရုံထိခိုက်သွားလို့ ရေဒီယိုဓါတ်တွေ ယိုစိမ့်လာပါတယ်။ ဂျပန်ပွဲကလည်း ကြမ်းတယ်ခင်ဗျ။
ဒီပွဲမတိုင်ခင် မြန်မာပြည်မှာလည်း ကြိတ်ပွဲလေးတပွဲ နွှဲခဲ့ပါသေးတယ်။ လူစိတ်ဝင်စားမှုတော့
ကောင်းကောင်းမရခဲ့ပါဘူး။ အရပ်သားအစိုးရ ဖွဲ့ပြီး စစ်ဗိုလ်ဟောင်းက သမ္မတတက်လုပ်တယ်
ခင်ဗျ။ ဗိုလ်ချုပ်မှုးကြီးကလည်း နားပြီလို့ဆိုတယ်ခင်ဗျ။ ဒီပွဲကတော့ လူများပြီး ပွဲမစည်ခဲ့ပါဘူး။

ဂျပန်ငလျင်အရှိန်မသေခင်မှာပဲ မြန်မာပြည်အရှေ့ပိုင်းမှာ ငလျင်တခု လှုပ်ခဲ့တယ်ခင်ဗျ။
အကြီးအကျယ်မဟုတ်ပေမဲ့ အတော်တော့ ခံလိုက်ရပါတယ်။ အခုတော့ အသံတိတ်သွား
ပါပြီ။ အသံကျယ်ကျယ် ထွက်ခဲ့တာကတော့ လစ်ဗျားကတိုက်ပွဲတွေပါပဲ။

ပစ်တယ်ခင်ဗျ...ပစ်တယ်...အသားကုန်ပစ်ကြပါတယ်။ ကဒါဖီခေါင်းဆောင်တဲ့ လစ်ဗျား
အစိုးရကလည်းပစ်။ အစိုးရဆန့်ကျင်ရေး သူပုန်တွေကလည်း ပစ်။ ပွဲကြီးပွဲကောင်းပါပဲ။
လစ်ဗျားအစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေ တော်တော်များများ ရာထူးက
ထွက်ကုန်တယ်ခင်ဗျ။ ပြည်သူတွေနဲ့ပေါင်းပြီး အစိုးရကို ပြန်ချတယ်ခင်ဗျ။ တချို့မြို့
တွေကို သူပုန်တွေက သိမ်းထားပါတယ်။ ပြန်လုတယ်ခင်ဗျ... သူပုန်လက်ကမြို့တွေကို
အစိုးရဘက်က ပြန်လုပါတယ်။ လက်နက်ကြီးတွေ သုံးတယ်ခင်ဗျ။ လေကြောင်းတိုက်ပွဲ
တွေပါ နွှဲလာပါတယ်။ ပွဲက လစ်ဗျားမှာ တော်တော်ကြမ်းတယ်ခင်ဗျ။

ရေနံကြောင့်လား မသိဘူးခင်ဗျ အနောက်နိုင်ငံတွေ ပါလာကြပါပြီ။ လစ်ဗျားအစိုးရတပ်
တွေကို တိုက်ဖို့ သူပုန်တွေကိုကူမယ်လို့ ကြေညာလိုက်ပါပြီ။ ပထမပိုင်းမှာ နေတိုးတပ်
တွေက ၀င်မကစားဘူးလိုလို ဘာလိုလိုနဲ့ နောက်ပိုင်းမှာတော့ လစ်ဗျားလေကြောင်းကို
ထိမ်းချုပ်ပြီး ဗုံးတွေ အသားကုန်ဝင်ကြဲပါတယ်ခင်ဗျ။ ကဒါဖီရဲ့သားလည်း ဗုံးထိလို့ကြွ
သွားပါပြီခင်ဗျား။

လစ်ဗျားတိုက်ပွဲတွေမှာ လူတွေအာရုံရှုပ်နေကြတုန်း အင်ဂလန်က ဘင်သံ ထွက်လာပါ
တယ်။ ဘုရင်မကြီးမြေး မင်္ဂလာဆောင်ပွဲခင်ဗျ။ လူငယ်တွေ အာရုံ လွဲသွားပါတယ်။
တိုက်သံခိုက်သံတွေကနေ ဇနီးမောင်နှံ လူရှေ့သူရှေ့နမ်းပြတဲ့ကိစ္စကို ပျော်စရာအဖြစ် အာရုံပြောင်းထားကြပါတယ်။ ကြာကြာမခံဘူးခင်ဗျ။ ပါကစ္စတန်ဘက်က ရဟတ်ယာဉ်
အသံနဲ့ သေနပ်ပစ်သံတချို့ထွက်လာပါတယ်။

ပွဲစဉ်အပြောင်းအလဲက သိပ်မြန်သွားလို့ ပရိတ်သတ်တွေလည်း မျက်စိလည်မတတ်
ဖြစ်သွားကြပါတယ်။ လစ်ဗျားကနေ လန်ဒန်။ လန်ဒန်ကနေ ပါကစ္စတန်ကို ရုတ်တရက်
ပွဲစဉ်တွေ ရွှေ့သွားပါတယ်။ ဘင်လာဒင် အသတ်ခံလိုက်ရပါပြီ။ အမေရိကန်တပ်ဖွဲ့တခု
ရုတ်တရက် ၀င်တိုက်တာပါ။ ပွဲကလောလောဆယ် ခြေရှုပ်နေပါတယ်။ ဘောလုံးက
ဘယ်သူ့ဆီမှာလည်းဆိုတာ မရှင်းသေးပါဘူး။ တုန့်ပြန်ဂိုးတွေ ပြန်သွင်းမယ့်သဘော
လည်း မြင်နေရပါတယ်။ ၂၀၁၁ နှစ်ဝက်တောင်မကျိုးခင်မှာ ပွဲတွေက တော်တော်ကြမ်း
ထားပါပြီ။

မူဆလင်ကမ္ဘာမှာ ရုတ်ရုတ်သဲသဲဖြစ်နေချိန် တရုတ်နဲ့ရုရှားကတော့ ညိမ်နေတယ်ခင်ဗျ။
ပရိတ်သတ်ကြီးကလည်း နောက်ဆက်တွဲပွဲစဉ်တွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်
နေကြပါတယ်။ ပွဲကြည့်စင်ကို ဗုံးလာမှန်မှာလည်း စိုးရိမ်ရတယ်ခင်ဗျ။ ပွဲတွေက ကြမ်းနေ
တာကိုး...။ အားလုံးကို သတိထားနေကြဖို့ပဲ သတိပေးလိုက်ပါရစေတော့။ ဘယ်အချိန်
ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက ကြိုသိနိုင်မှာတုံး။ သိထားရင်လည်း
လက်တို့ကြပါဦးလို့။

ရေးနေရင်း စဉ်းစားမိတာက ဒီလိုအရေးအသားမျိုး “မင်းလူ” လည်းရေးဖူးတယ်ဆိုတာပဲ။
တကယ်တော့ ကမ္ဘာ့အရေးအခင်းတွေကို ဘောလုံးပွဲနဲ့နှိုင်းပြီးရေးတာ မြန်မာပြည်မှာ
တော်တော် စောစောကတည်းက ရှိခဲ့တာပါ။ ဘယ်သူ စရေးတယ်ဆိုတာတော့ သိဘူး။
အားလုံး ကျန်းမာကြပါစေ။


(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

Anonymous said...

ဖတ်လို့ကောင်းတယ်ဗျ..။
မင်းလူကိုသိပ်ကြိုက်ပေမဲ့ သူရေးတာ မဖတ်ဖူးသေးပါ။

ပေါက်

သက်ဝေ said...

အလစ် အငိုက် ကန်သွသ်းလိုက်တဲ့ ဂိုးတွေဈ ထောင့်ကန်ဘောတွေ၊ ပင်နယ်လ်တီတွေ၊ ဒိုင်လူကြီး ခေါက်ဆွဲစားတာတွေလည်း မပါဘူး... ဟီး...

သက်ဝေ said...

ဒါနဲ့ စကားမစပ်...
C Box က ဘယ်ရောက်သွားတာလဲ...
အဲဒါလေး ရှိနေတော့လဲ အတိုအထွာလေးတွေ နှုတ်ဆက်လို့ရတာပေါ့...း))

blueskyforest said...

C Box ထဲမှာ ဘယ်ကဟာတွေမှန်းမသိတာတွေ
ရောက်ရောက်လာတာအာရုံနောက်လွန်းလို့ ဖြုတ်လိုက်တယ်။ အတိုအထွာနှုတ်ဆက်ချင်သူများကို အားနာပါ တယ်။ တချက်တချက် ၀င်ရှုပ်ကြတဲ့သူတွေရဲ့လုပ် ရပ်တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံချင်သူ
တွေအတွက် တော်တော်အနှောက်အယှက်ဖြစ်ရတယ်။ အဲဒါကြောင့် C Box ကိုဖြုတ်ထားလိုက်တာပါ။ အကြံကောင်းရှိရင် ပေးကြပါဦး။

ကလူသစ် said...

ပွဲကြမ်းလို့ အင်တာနက်ထဲတောင် သိတ်မလည်ရဲဘူး။ :P

ညီမလေး said...

အရမ်းမိုက်တယ် .. ထုံးစံအတိုင်းဘဲး))
အာရုံနောက်သူတွေကိုတော့ စိတ်ညစ်တယ်ဗျာ တကယ်ပဲ ..