Monday, May 2, 2011

ညကြီးမင်းကြီး












အိမ်မှာ ဧည်သည်ဇနီးမောင်နှံ ရောက်နေတယ်။ ညပိုင်းမှာ စကားပြောနေကြတုန်း
ချစ်ဇနီးက “ဘင်လာဒင်သေပြီတဲ့” လို့ အိမ်ခန်းထဲက လှန်းအော်တယ်။ တီဗီဖွင့်လိုက်
လို့လည်း ပြောတယ်။ လာနေပါပြီဗျား တီဗီမှာ။ သိပ်တော့ မယုံချင်သေးဘူး။ ဒီ
သတင်းက ဘယ်လောက်သေချာလို့လဲပေါ့။ အင်တာနက်မှာ ထပ်ရှာတယ်။ ဘယ်
သတင်းဌာနတွေက အခိုင်အမာပြောနေပြီလဲ သိချင်လို့။ အမေရိကန်သတင်းတွေမှာ
ပဲ ပါနေတယ်လို့ သတင်းတွေကဆိုတယ်။ ယုံရခက်ခက်။

ရုပ်မြင်သံကြားမှာ သတင်းကြေညာရင်း အိမ်ဖြူတော်ရှေ့မှာ လူတွေစုကုန်ကြပြီလို့
ပြတယ်။ သမ္မတအိုဘားမားလည်း မကြာခင် ဒီသတင်းသေချာကြောင်း ပြောလိမ့်မတဲ့။
တခြားရုပ်မြင်သံကြားလိုင်းတွေမှာလည်း အိမ်ဖြူတော်ရှေ့လူစုနေကြပုံကို ပြနေတယ်။

ဧည့်သည်မောင်နှံနဲ့ ချစ်ဇနီးက မရိုးမရွဖြစ်နေကြပြီ။ “သွားကြရအောင်လား” လို့လည်း
ညှိသလိုလို တွန်းအားပေးသလိုလို လုပ်နေကြပြီ။ အချိန်က ညဆယ်နာရီကျော်ပြီ။ နှစ်ခါ၊
သုံးခါမက ပြောနေကြတော့။ အားလုံးရဲ့သဘောပဲ။ အားလုံးသွားချင်မှ သွားကြစို့လို့ ပြော
တော့။ အားလုံးက သွားချင်ကြပါသတဲ့။ အိမ်ဖြူတော်က သိပ်ဝေးတာမှ မဟုတ်ပဲကိုး။

ဒါနဲ့ပဲ သွားကြပါရော ဆိုပါတော့။ အိမ်ဖြူတော်နားရောက်တော့ လမ်းမတွေပေါ်မှာ ကား
တွေက ဟွန်းသံတွေ ညံနေပြီ။ ပျော်လို့ တီးနေကြတာ။ လူတွေလည်း ပြေးလွှားနေကြပြီ။
မထူးပါဘူး။ ငါတို့လည်းပြေးကြစို့ ဆိုပြီး လူအုပ်ကြီးထဲ ရောက်သွားပါလေရော။ အိမ်ဖြူ
တော်ရှေ့ လူအုပ်ထဲမှာအများစုက လူငယ်တွေပါ။ အိမ်ဖြူတော်နားမှာက ဂျော့ခ်ျဝါရှင်
တန်တက္ကသိုလ် ရှိလေတော့အဲဒီက ကျောင်းသူကျောင်းသားတွေက အများစု။

တဖြေးဖြေးနဲ့ သတင်းသမားတွေလည်း များလာတယ်။ လူတိုင်းက ကင်မရာနဲ့ဆိုတော့
ဘယ်သူက သတင်းသမားလဲဆိုတာ သိရခက်တယ်။ လက်ကိုင်ဖုန်းတွေနဲ့ ဓါတ်ပုံတွေ
ရိုက်၊ ဗီဒီယိုတွေရိုက် အဲဒီဖုန်းကနေပဲ တခါထဲ အင်တာနက်ထဲကိုထည့်ကြ၊ တင်ကြ။
အော်ကြ၊ ဟစ်ကြ။ ကြွေးကြော်ကြ။ နိုင်ငံတော်သီချင်းကိုဆိုကြ။










လူတွေကလည်း အစုံ။ ဥရောပ အုပ်စုကလည်း ဘောလုံးပွဲတွေမှာ အော်သလို
“အိုလေး..အိုလေးအို..လေးအို..အို” ဆိုလား အဲဒီသံစဉ်နဲ့ အော်လိုအော်။ ယူ..အက်စ်..
အေ..။ ယူ..အက်စ်...အေ..ဆိုပြီး အော်လိုအော်။ အိုဘားမား...အိုဘားမားဆိုပြီး
အော်လိုအော်။ အနီးနားက ဓါတ်တိုင်ပေါ် လူတယောက်က တက်ပြီး အလံတက်ချိတ်
တော့ အမေရိကန်နိုင်ငံတော်သီချင်းကို ၀ိုင်းဆိုကြ။ မျိုးစုံပဲ။ လူတွေ ပျော်ကြတယ်။

အိမ်ပြန်မယ်လို့ လူပြန်စုတော့ ညတနာရီခွဲပြီ။ လမ်းပေါ်မှာ လူတွေက လာနေကြတုန်း။
မီးသတ်ကားတွေလည်း ပျော်လို့ဟွန်းတွေတီး။ ရဲတွေလည်း လက်သီးလက်မောင်းတန်း။
မိန်းကလေးတွေထဲမှာ ကတဲ့သူက က။ ခုန်တဲ့သူက ခုန်။ တချို့ယောက်ကျားလေးတွေက
ဘာသဘောမှန်းမသိ အင်္ကျီတွေချွတ်ကြတယ်။ တချို့က အလံတွေခြုံကြတယ်။ တယောက်
နဲ့တယောက် လက်ဆွဲနှုတ်ဆက်။ ဖက်သူ ဖက်။ လက်ဖ၀ါးခြင်း ရိုက်သူ ရိုက်။ ချစ်ဇနီးက
တော့ ဧည့်သည်တွေကို ဧည့်ခံပွဲတခုကိုခေါ်သွားခွင့်ရသလိုမျိုး ကျေနပ်နေပုံရတယ်။ ဧည့်
သည်တွေကလည်း ပျော်လို့။ အိမ်အပြန် ကားထဲမှာ သီချင်းတွေအကျယ်ကြီးဖွင့်၊ ဟွန်းတွေ
တပွမ်ပွမ်တီးပြီး ပြန်ခဲ့ကြတယ်။ တခြားကားတွေလည်း ဒီလိုပဲ။ လူအချင်းချင်း၊ ကားအချင်း
ချင်း နှုတ်ဆက်ကြလို့။ ညကြီးမင်းကြီး။

လူတယောက် သေတဲ့ကိစ္စက ပျော်စရာလား။ ဘင်လာဒင်သေတော့ လူတွေပျော်ကြတာ
တော့ အမှန်။ မပျော်တဲ့လူတွေလည်း ရှိမှာသေချာတာပေါ့။ မပျော်တဲ့လူတွေက ဘာတွေ
ဆက်လုပ်ကြမလဲဆိုတာ စဉ်းစားမိရင် အိပ်လို့ရမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ဆက်မစဉ်းစားပဲ
အိပ်ရာဝင်ခဲ့ရတဲ့ညပါ။ ဒီကြားထဲ ဧည့်သည်တွေပြောတဲ့စကားကို မအိပ်ခင်မှာ ပြန်ကြား
ဖြစ်အောင် ကြားမိသေးတယ်။ ငါတို့တိုင်းပြည်က လူကြီးတော့ မသေနိုင်ဘူးကွာ..တဲ့။
အော်...ပါလာပြန်ပြီ ဒီလူတွေ။ လူဆိုးတွေ သေတာ ပျော်စရာကောင်းတတ်သကိုး။


(ဓါတ်ပုံ ၊ ငါ့ဟာ)

3 comments:

သက်ဝေ said...

လူတယောက် သေတဲ့ကိစ္စက ပျော်စရာလား၊ လူဆိုးတွေသေတာ ပျော်စရာကောင်းသလား ဆိုတဲ့ မေးခွန်းကိုပဲ ပြန်မေးသွားတယ်...
ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်နေပါတယ်...
နှာစေးနေလို့ အဖြေမရသေးဘူး...း))

ညီမလေး said...

အင်း ဟုတ်ပနော် ..တွေးစရာပဲ ။

ABC said...

အင်း ... မပျော်တဲ့ အထဲပါ ကျွန်တော်ပါနေတယ်၊ အမှန်ကတော့ ကျွန်တော်က အကြမ်းဖက်သူတွေ ကို ထောက်ခံတဲ့သူမဟုတ်သလို ဘင်လာဒင်နဲ.လည်း အမျိုးမတော်ပါဖူး၊

twin towers ကြီးပြို၊ လူတွေသေကြတဲ့အခါ တကယ့်ကိုစိတ်မကောင်းပါ၊ အဲဒီ့အချိန်မှာ အရှေ.အလယ်ပိုင်းက လူတစ်ချို. လမ်းပေါ်ထွက်ပြီးပျော်ကြတာမှတ်မိပါ သေး တယ်၊ အမေရိကန်တွေရဲ့ စိတ်ဓါတ်ပိုင်းတော့ ယခုအချိန်ထိခြောက်ချားနေတုန်းပါပဲ၊ ဘာသာရေး အစွန်းရောက် တွေက သူတို.အသက်ကိုတောင် ဂရုမစိုက်ပဲ တိုက်ခိုက်တာကိုတော့ ယခုရော၊ နောင်ရောမှာပါ ကာကွယ်ဖို.ခက်ပါလိမ့်မယ်၊ အမေရိကန်တွေအနေနဲ. ဘင်လာဒင် ကို အရှင်ဖမ်းပြန်ရင်လည်း သူတို.နိုင်ငံသားးတွေကို ပြန်ပေးဆွဲပြီး ရုပ်ရှင် တွေထဲမှာလို hostage အလည်အလှယ် လုပ်ကြမှာကို လည်းမြင်ယောင် မိပါရဲ့၊ အမှန်က သူ.ကိုမှမသတ်ရင် ကိုယ့်အသတ်ခံ ရမယ်ဆိုတဲ့ concept နဲ. The Law of the Jungle ကို သုံးသွားတယ်လို.ပဲ မှတ်ယူရပါတယ်၊

ဘင်လာဒင် မကောင်းတာတော့အမှန်ပဲ၊ တကယ်ဆိုရင် အရှင်ဖမ်းပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ စွဲချက်တင်၊ အပြစ်ထင်ရှားလို. သေဒဏ်ပေးခဲ့ရင်တောင် အဲ့ဒီ့သေဒဏ်ကလည်း အမေရိကန် သို.မဟုတ် တာဝန်ကျ တရားသူကြီးပေးတဲ့ သေဒဏ် မဟုတ်ပဲ ဥပေဒေကပေးတဲ့ သေဒဏ်သာလျင်ဖြစ်သင့် ပါတယ်၊

ဘာပဲဖြစ်ဖြစ် ကိုယ်မုန်းတဲ့ သူသေလို. ပျော်နေရင်လည်း နေရင်းထိုင်ရင် အကုသိုလ်ကို ၀ယ်နေသလို ဖြစ်နေပါ လိမ့်မယ်၊ အဓိကကတော့ အကုသိုလ်အကျိုးပေး လို.သာ ဖြစ်ပျက်နေတာကို တရားနှလုံးသွင်းပြီး သံဝေဂတရား ရသင့်ပါတယ်၊

ဗုဒ္ဓဘာသာအရ ဘင်လာဒင် mastermind လုပ်လို. twin towers ပြိုပြီး လူတွေသေတဲ့ အချိန်ကစပြီး သူ.ရဲ့ အကုသိုလ်တွေက သူဆီကိုလာနေပါတယ်၊ အချိန်တန်တော့လည်း အကျိုးပေးတော့ တာပဲ ၊ ဒီလိုပါပဲ အိုးဘားမားလည်း ဘင်လာဒင်ကို သတ်ဖို. အဓိက အမိန်.ပေးခဲ့တဲ့အတွက် အဲဒီ့ရဲ့ အကုသိုလ်တွေလည်း ဘင်လာဒင်သေတဲ့ အချိန်ကစပြီး သူ.ဆီကိုလာနေပါပြီ၊ ဘင်လာဒင်သေတာနဲ.လည်း အကြမ်းဖက်မူ တွေကလျော့ပါးသွားမှာ မဟုတ်ပါဖူး၊ အရှေ.အလယ်ပိုင်းနိုင်ငံတွေမှာ ရှိတဲ့လူငယ်တွေရဲ့ ပညာရေးကို မြှင့်တင်ပေးခြင်း၊ သူတို.ရဲ့ စားဝတ်နေရေးပြေလည်ပြီး အနာဂတ်တွေလှပနေမှသာလျင် အကြမ်းဖက်မူတွေလျော့ပါးသွားမှာဖြစ်ပါ တယ်၊

အမှန်ကို မမြင်သရွေ.တော့ ဒီလောကကြီးမှာ တိုက်ကြခိုက်ကြတဲ့ တိုက်ပွဲတွေက အချိန်တော်တော်ကြာအောင် ရှိနေဦးမှာပဲ

အမှန်ကတော့ တစ်ယောက်နဲ.တစ်ယောက် သတ်ဖြတ်တာ၊ တစ်ဖွဲ.နှင့်တစ်ဖွဲ.တဲ့ တိုက်ခိုက်တာက ဒီမိုကရေစီထွန်းကားတာ မထွန်းကားတာနဲ.မဆိုင်ပါဖူး၊ ဒီမိုကရေစီနိုင်ငံကြီးကလည်း သတ်တာပါပဲ၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားကလည်း သတ်တာပါပဲ၊

လူတွေရဲ့ မှားယွင်းတဲ့ ယုံကြည်မူ ရယ် ဒေါသတို. ပေါင်းစပ်မူ
ကြောင့် လူသတ်ပွဲတွေ ဒီကမ္ဘာကြီး မှာ ဖြစ်ပေါ်နေတယ်လို. ထင်မိပါတယ်၊

ဒီကြားထဲမှာ ဘင်လာဒင်အတွက်နဲ. ဂလဲ့စားချေတိုက်ခိုက်တဲ့ အထဲမှာ ကိုယ်နှင့် မိသားစု ရောယောင်ပြီး ညှပ်မပါသွားဖို. အရေး ကြီးပြီး ကုသိုလ်ကောင်းမူကို တတ်နိုင်သလောက်လုပ်ဖို.သာလျင် အရေးကြီးပါတယ်၊

အားလုံးကျန်းမာရွှင်လန်းကြပါစေ ..