Thursday, February 4, 2010

အမည်မဖေါ်လိုသူ မဲလုံး











ပညာသာ သိပ်မတတ်တာ
မဲလုံး ဖြစ်ချင်တာက
သတင်းစာဆရာ ။

ကြိုပြောထားတယ်
ခေတ်မကောင်းဘူး
အေးအေးနေလို့ ။

အခုတော့ ဖြစ်ပြီ
မဲလုံးလာရင်
လန့်ကုန်ပြီ ။


ရပ်ကွက်လူကြီး
မယားငယ်ထားတာ
သူ့ သမီးအပျိုမ
ကလေးဖျက်ချတာ
စခန်းမှူးမြင့်မောင်
ဘိန်းရောင်းတာ
နတ်ကတော် ဒေါ်ပြုံး
အရက်ပုံးရောင်းတာ
မင်းနဲ့ဘာဆိုင်တုံး မဲလုံး ။

သင်္ဘောသားမိန်းမ
နောက်မီးလင်းတာ
ဦးဇင်းလေးမှာ
ဆံပင်တုနှစ်မျိုးရှိတာ(တမျိုးက ရွှေရောင်တဲ့)
လှလှနွယ် လူကုန်ကူးတာ
အနှိပ်ခန်းဖွင့်စားတဲ့ ခင်မောင်ညွန့်
ထောက်လှန်းရေး သတင်းပေးလုပ်နေတာ
ကျူရှင်ဆရာလေး တပည့်နဲ့ချိန်းတွေ့တာ
မင်းနဲ့ဘာဆိုင်တုံး မဲလုံး ။

ကြိုပြောတယ်
သတိပေးတယ်
တားမရဘူး
မဲလုံး
လုံးဝ တားမရဘူး ။

ဂျာနယ်တွေပေါတဲ့ခေတ်
သတင်းသမားတွေ ထောတဲ့ခေတ်
မဲလုံးလည်း ဂျာနယ်လစ်ပေါ့ ။

ဈေးဒေါင့်က ဆိုက္ကားဂိတ်
ဆိုက္ကားဂိတ်ဘေးက စာရင်းမှတ်တဲ့သင်ပုန်း
မဲလုံးရဲ့ ဂျာနယ် ဖြစ်သွားတယ် ။

သတင်းတွေရေး
လူခြေတိတ်ချိန်
သင်ပုန်းမှာပြေးကပ် ။

တခါတခါ
တာဝန်သိပြည်သူလို့ရေး
တခါတခါ
အမည်မဖေါ်လိုသူ လူရင်းတဲ့ ။

တခါတခါ
သကြားမင်း
တခါတခါ
လယ်ရီကင်း
တခါတခါ
ဘိုဂျုပ်မူးဂျီးတဲ့ ။

မဲလုံးဂျာနယ် အောင်မြင်တယ် ။

ဈေးဒေါင့်မှာ လူပိုစည်တယ်
သတင်းတွေကလည်း
မှန်တယ်၊ မြန်တယ်
ဘယ်သူ့လက်ချက်လဲ
သိချင်လာကြတယ် ။

အချင်းချင်း
သူထင်ကိုယ်ထင် ဖြစ်လာတယ်
မဟုတ်တာလုပ်သူတွေ
ကိုယ်ရှိန်သတ်လာတယ်
သူခိုးဖမ်းသလို
သတင်းသမားကို
စောင့်ကြည့်လာကြတယ် ။

ဟဲ…ဟဲ
မဲလုံးပဲ ပါးပါတယ် ။

ဗျူဟာ ပြောင်းလိုက်တယ် ။

ဆိုက္ကားဂိတ်သင်ပုန်းမှာ
သတင်းတွေ ပေါ်မလာ
အတော်ကြာသွားတယ် ။

လူတွေကတော့ ပုံမှန်လာ
အချင်းချင်း သတင်းတွေမေး
သတင်းတွေပေး ။

မဲလုံးတို့ရပ်ကွက်ထဲ
သတင်းစွဲသွားပြီ
သတင်းငတ်ကုန်ပြီ
အထောက်တော်မဲလုံး အောင်မြင်ပြီ ။


တရက်
သင်ပုန်းမှာ သတင်းတပုဒ် ။

“သတင်းတွေလာပြီ
မူလတန်းကျောင်း အနောက်ဘက်
တတိယမြောက် ဓါတ်တိုင်မှာ”

လူအုပ်ကြီး ချီတက်သွား
သတင်းတွေ အားပါးတရဖတ်
ကျေနပ် ။

တချို့ ကတော့ မကျေနပ်
မှန်နေတာကိုး ။

နောက်တရက်
“လာကြ…လာကြ သတင်းတွေရမယ်
ဘုန်းကြီးကျောင်းရှေ့ ရေအိုးစင်”
လူအုပ်ကြီး ရွေ့ သွားတယ် ။

သတင်းတွေနဲ့ ပျော်တဲ့ရပ်ကွက်ကြီး
မီဒီယာမဲလုံး
မဲလုံးမီဒီယာရဲ့ ရပ်ကွက်ကြီး
ရွေ့ လျှားပျော်ရွှင် သတင်းဌာနကြီး
ရွေ့ လျှားပျော်ရွှင် သတင်းပရိတ်သတ်ကြီး ။


မဟုတ်တာလုပ်တဲ့ လူကြီးတွေ
လျှို့ ဝှက် တိုင်ပင်လာကြတယ်
စခန်းမှူးမြင့်မောင် ခေါင်းဆောင်တယ်
နတ်ကတော် ဒေါ်ပြုံးအကြံ
အစည်းအဝေးမှာ ထောက်ခံတယ်
မနက်ဖန်ကစ အကောင်အထည်ဖေါ်ကြမတဲ့ ။


ဆိုက္ကားဂိတ်မှာ
သတင်းတွေပြန်ရောက်လာ ။

ထူးခြားတာက
“ဘယ်နေရာကိုသွား
ပိုက်ဆံဘယ်လောက်တွေ့ မယ်”

“ဘောလုံးကွင်းဒေါင့်မှာ
နာရီအသစ်တလုံးရှိတယ်”

“ဆေးခန်းရှေ့ မှာ
ရွှေဆွဲကြိုးတကုံးရမယ်”

ဒီသတင်းထူးတွေကလည်း
မှန်နေတယ်
ပရိတ်သတ်ကလည်း
သတင်းသမားတယောက်ထဲလို့ ထင်နေတယ်။

မီဒီယာမဲလုံး စိတ်ညစ်တယ်
ပြိုင်ဘက်ကို နိုင်ဖို့ စဉ်းစားတယ် ။

ဒီလိုနဲ့...
တရက်
ဆိုက္ကားဂိတ်မှာ
သတင်းသစ် တပုဒ် ။

မူလလက်ဟောင်း သတင်းမှန်
ဂျာနယ်လစ်မဲလုံး
အယ်ဒီတာမဲလုံး
မီဒီယာမဲလုံး
ရပ်ကွက်အတွက် သစ္စာနှံ
အသုံးတော်ခံနေကြောင်း ။

စခန်းမှူးနဲ့ နတ်ကတော်
ရပ်ကွက်ကို အပျော်ကြံ
သတင်းမှန်တွေကို ဖုံးနေကြောင်း
လျှို့ ဝှက် အစည်းအဝေးမှတ်တမ်း
ဓါတ်ပုံနဲ့တကွဖေါ်ပြ ။

အဲဒီနေ့ကစ
ရပ်ကွက်ထဲမှာ မဲလုံးကို ရှာမရ
သတင်းလောက ပျောက်သွားတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

ThuHninSee said...

ချစ်ဖို့ကောင်းတဲ့ကဗျာလေး။
မဲလုံးရေ..စိတ်မပျက်နဲ့..
ဘလော့ဂ်ရေး...

သက်ဝေ said...

သတင်းမှန်တွေ ထုတ်ပြန်တတ်တဲ့
မဲလုံးကို ပြန်ရှာပေးပါ...း))