Monday, October 27, 2008

ဦးကြီးပု နောက်ဆက်တွဲ










ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ချက်နည်းပြုတ်နည်း ၅၀၀ ဆိုတဲ့ နိုင်ငံကျော်စာအုပ်ကိုရေးသားခဲ့သူ ဦးကြီးပုအကြောင်း အစပျိုးခဲ့ပြီး တို့လို့တန်းလန်းနဲ့ ဆက်မရေးဖြစ်ခဲ့ပါ။ အခုပြန်စပါ့မယ်။ မဖတ်ရသေးသူများ ပို့စ်အဟောင်းကိုသာ ပြန်ကြည့်ကြပေရော့။

ဦးကြီးပုအကြောင်းကိုဘာကြောင့်ရေးရသလဲဆိုတာကိုရှင်းပါ့မယ်။ နိုင်ငံခြားရောက်လာတော့ မြန်မာ အစားအသောက်ကို ချက်နည်းပြုတ်နည်းမှန်မှန်ကန်ကန်နဲ့ ချက်ဖို့ကြိုးစားတဲ့အခါ အဆင်တပြေဖြစ် စေတဲ့စာအုပ်ရှားပါးလွန်းတဲ့အတွက် စိတ်မကောင်းဖြစ်ရတာက တချက်။ ကျွန်တော့ဆီမှာရှိတဲ့၁၉၉၄ ခုနှစ်က ပြန်ြပီး ပုံနှိပ်တဲ့ ဦးကြီးပုရဲ့ စာအုပ်မှာက ဒဿမအကြိမ်လို့ရေးထားပါတယ်။ ပထမဆုံးအကြိမ် ထုတ်ဝေတာဘယ်တုန်းကလည်းဆိုတာ မသိရပါ။ နိုင်ငံကျော်ပုဂ္ဂိုလ် တယောက်ရဲ့ အကြောင်းကို ကျွန်တော်တို့ ဒီထက်ပိုပြီးသိသင့်တယ်လို့ယူဆတာကတချက်။ နောက်တချက်က မြန်မာ့ဟင်းလျှာ ချက်ပြုတ်နည်းတွေကို နိုင်ငံတကာအဆင့်မှီမှတ်တမ်းတင် ထုတ်ဝေတာမျိုးရှိသင့်ပြီလို့ယူဆပြီးရေးရ တာပါပဲ။ ဒီစာအုပ်ရေးပြီးနိုင်ငံတကာကိုတင်ပို့ရောင်းချဖို့ မဟုတ်ပါဘူး။ နိုင်ငံတကာက ချက်နည်းပြုတ် နည်းစာအုပ်တွေ ကိုလေ့လာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခေတ်မှီမှီဖန်တီး ဖို့ပြောတာပါ။

ဟိုတလောကပဲ ဘလော့ဂါလောရှည်က ငါးထမင်းနယ်လုပ်နည်းကိုဓါတ်ပုံနဲ့တကွ စံနစ်တကျဖေါ်ပြ ပေးထားတာကို တွေ့ရလို့ဝမ်းသာရပါတယ်။ တချို့ ဘလော့ဂ်တွေမှာလည်း ချက်နည်းပြုတ်နည်းလေး တွေတွေ့ ရတတ်ပါတယ်။ မြန်မာ့အစားအစာချက်နည်းပြုတ်နည်း ဘလော့ဂ်တခုသီးသန့်ရှိရင်ကောင်း မှာပဲလို့လည်း ထင်မိပါတယ်။ ကြုံတုန်း ကြော်ညာကပ်ရရင် လုလုရဲ့ မေတ္တာရပ်ဝန်း မီးဖိုဆောင် ဆိုတဲ့ ဘလော့ဂ်ကတော့ ကျွန်တော်တွေ့ မိသမျှအကောင်းဆုံး မြန်မာအချက်အပြုတ်ဘလော့ဂ်တခုပါပဲ။ လိပ်စာက lulucooking.blogspot.com ပါ။ အရသာအရှိဆုံး မြန်မာဘလော့ဂ် ဆိုပါတော့။

ကျွန်တော့ဆီမှာ ဦးကြီးပုစာအုပ်အပါအ၀င် မြန်မာပြည်ထုတ်ချက်နည်း ပြုတ်နည်းစာအုပ်သုံးအုပ်ရှိပါ တယ်။ ဦးကြီးပုစာအုပ်က အကောင်းဆုံးပါ။ တခြားစာအုပ်တွေထက် လက်တွေ့ ပိုကျပါတယ်။ အသေး ပိုစိတ်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးချက်ပြုတ်သူအတွက် အလွယ်တကူဖြစ်အောင် ရှင်းလင်းပြလို့ရပါ သေးတယ်။ ချက်နည်းပြုတ်နည်း စာအုပ် ဆိုတာ အမြဲတမ်း ထပ်မံဖြည့်စွက်ချက်တွေနဲ့ အကြိမ်ကြိမ်ထုတ်ဝေ နေရမယ့်စာအုပ်မျိုးပါ။ ဒါပေမယ့် ဦးကြီးပုစာအုပ်က တော့ တကြိမ်ထဲနဲ့တင် ကိစ္စပြတ်နေပါတယ်။ ဦးကြီး ပုကိုအပြစ်တင်နေတာမဟုတ်ပါ။ သူ့ရဲ့ မိသားစုဝင်များကဖြစ်စေ၊ ဦးကြီးပု စာအုပ်နဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ် များကဖြစ်စေ အားနဲချက်တွေကိုထပ်ဖြည့်ပြီးထုတ်ဝေမယ်ဆိုရင် ပိုကောင်းပါလိမ့် မယ်။

တချို့ က စောတက တက်ကြတာရှိပါတယ်။ ချက်နည်းပြုတ်နည်းမှာ သင့်ရုံထည့်ပါတို့၊ အနည်းငယ် ထည့်ပါတို့ဆိုတဲ့ အရေးအသားမျိုးကိုမကြိုက်ကြပါဘူး။ အတိုင်းအဆကိုအနီးစပ်ဆုံးသိချင်ကြပါတယ်။ ဘယ်လောက်က သင့်မှန်းမသိလို့ ချက်နည်းပြုတ်နည်းဝယ်ဖတ်ပါတယ်။သင့်ရုံတို့၊အနည်းငယ်တို့ဆို တော့ဘယ်လိုဆက်စခန်းသွားရမှန်းမသိဖြစ်တတ်ကြ လို့ပါ။ ဟုတ်သင့်သလောက်တော့ဟုတ်ပါတယ်။ဒါတွေကိုပြုပြင်ပြီးပိုကောင်းအောင်လုပ်ရင်လူတွေပိုကြိုက်ကြပါလိမ့်မယ်။

မြန်မာ့စာအုပ်ထုတ်ဝေရေးလောကမှာ ချက်နည်းပြုတ်နည်းစာအုပ်တွေက ဘာလို့ရှားပါးရတာပါလဲ။ ကျွန်တော်သတိထားမိသလောက် အုပ်၂၀လောက်တောင်မရှိဘူးလို့ထင်ပါတယ်။ ဈေးကွက်မရှိလို့ လား။ မြန်မာတွေက အားလုံးချက်တတ်ပြုတ်တတ်တွေဖြစ်နေလို့ ဒီစာအုပ်တွေမလိုတာလား။ မြန်မာ တွေကဟင်းချက်နည်းကောင်းကောင်းကို လေ့လာပြီးမချက်ချင်ကြတာလား။ သေသေချာချာရေးသား ထုတ်ဝေမယ့်သူတွေရှားပါးလွန်းတာလား။ မြန်မာပြည်မှာ ချက်နည်းပြုတ်နည်းစာအုပ်တင် ရှားပါးတာ မဟုတ်ပါဘူး။ ချက်ပြုတ်နည်းသင်တန်းတွေပါ ရှားလွန်းတယ်လို့ထင်ပါ တယ်။ တချို့ တိုင်းပြည်တွေဆို ချက်ပြုတ်နည်းရုပ်သံလိုင်းက သီးသန့်တောင်ထုတ်လွှင့်ရတာပါ။ အာရှထဲကပဲ ဂျပန်ဆိုရင် အချက်အပြုတ်ရုပ်သံ လိုင်းကလူကြည့်အများဆုံးပါ။ ချက်တာပြုတ်တာဟာစည်းစိမ် တမျိုး၊ အနားယူအပမ်းဖြေမှုတမျိုး လို့သဘောထားကြတာပါ။ ကျွန်တော်တို့ဆီမှာကတော့ ချက်တာ ပြုတ်တာက အလုပ်ကြီးတခုပါ။ဈေးကိုလည်း နေ့စဉ်သွားရတာ အလုပ်တခုပါ။ အိမ်ရှင်မများနဲ့ ချက် ပြုတ်သူ အိမ်ရှင်ထီးများညီးညူကြ တဲ့ကိစ္စပါ။ ဘာပဲပြောပြော ဟင်းတခွက်ကောင်းလို့ကတော့ လူတိုင်း သဘောကျမှာမလွဲ။ ဟင်းကောင်းကြွေးကောင်းစားနိုင်ဖို့ ချက်နည်းပြုတ်နည်း လုပ်ကြစို့ဆိုတဲ့ အမျိုး သားရေးဦး တည်ချက်နဲ့အညီ ရှေ့ ဆက်ချီတက်ကြမယ်ဆိုရင်ဖြင့် သာယာဝပြောတဲ့လောကသစ် ကြီးဆီ ရောက်ရမည်မှာဧကန်ပင်ဆိုပြီး အဆုံးသတ်လိုက်ပါတော့မယ်။ ဦးကြီးပု ကျန်းမာပါစေ။

(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)

1 comment:

Doughnut IO said...

ကျွန်တော်ကတော့ အပေါ့အငန်လိုဟာမျိုးကို ဖီလင်လာသလောက် ထည့်တတ်ပါတယ်။ ဒါမျိုးက ပါရမီပါမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် ဖော်မြူလာ ပုံသေပေးလို့မကောင်းပါ။ တဇွန်းလို့ ပြောရင်တောင် ထမင်းစားဇွန်းလား၊ ဟင်းခတ်ဇွန်းလား ကော်ဖီဇွန်းလား၊ မောက်ချိုလား စသဖြင့် ရှိသေးတယ်။ ဇွန်းကို သေချာ သိရင်တောင် မောက်မောက်လား၊ ကွက်တိပြည့်လား၊ မပြည့်တပြည့်လား ရှိသေးတယ်။ ဒီတခါချက်တာ ရေများသွားလို့ ဖော်မြူလာထက် နည်းနည်း ပိုထည့်တယ်ဆိုတာလဲ ရှိသေးတော့ သိပ်တော့ မလွယ်လှဘူးထင်တယ်။ ဒါနဲ့ ကျွန်တော့်ဘလော့ဂ်မှာ ၀က်ခြေထောက်ဟင်းအေး ချက်နည်းလဲ ရှိပါ့ဗျာ။