Thursday, October 16, 2008

အမည်မဖေါ်လိုသူတဦး







ကျွန်တော်ရဲ့ ဘလော့ဂ်စလုပ်ပြီးမကြာခင်မှာ မိတ်ဆွေတယောက်က ဒါကခင်ဗျားရဲ့ 
ဘလော့ဂ်လားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူးလို့ ညာပြောလိုက်ပါတယ်။ သူက
သိပ်ကျေနပ်ပုံ မရပါဘူး။ အခုတော့ သူ့ကိုအမှန်အတိုင်း ပြောလိုက်ပါပြီ။ သူကလည်း
ဘလော့ဂါတဦးပါ။ ကျွန်တော်က ကိုယ့်ဘလော့ဂ်မှာ ကိုယ်ဘယ်သူဆိုတာ ရှင်းမပြထားပါဘူး။
အခုသူ့ရဲ့ ဘလော့ဂ်မှာ ကျွန်တော့်ကိုလင့်ခ် လုပ်ထားပါတယ်။ တယောက်ကို တယောက် လင့်ခ်လုပ်ပေးတတ်ကြတဲ့ ဘလော့ဂါတွေရဲ့  ယဉ်ကျေးမှုက ချစ်ဖို့ကောင်းပါတယ်။

ပြောချင်တာက ကျွန်တော်တို့တွေ အမည်မဖေါ်လိုကြတဲ့အကြောင်းပါ။ လူတွေဟာ လျှို့ ဝှက် တတ်ကြပါတယ်။ လျှို့ ဝှက်တတ်တာဟာ လူ့သဘာဝတခုပါ။ မြန်မာလောကမှာ ကိုယ့်ကိုကိုယ် ဖေါ် မသူတော် ဆိုတဲ့စကားကလည်း ရှိနေပါတယ်။ ဘယ်သူ့လက်ချက်လည်း မသိပါ။ ကောင်းတာလုပ်ပေမဲ့လည်း ကိုယ်လုပ်တာကို လူတွေသိပ် မသိစေချင်တဲ့သဘော၊ မထင်ပေါ် ချင်ဘူး ဆိုသူတွေလည်း တော်တော်များများတွေ့ ဖူးပါတယ်။ ဒါပေမဲ့တချို့ ကတော့ အကောင်း လုပ်တာနည်းနည်း ထင်ပေါ်ချင်တာများများ ဆိုသူတွေလည်း တော်တော်များများ တွေ့ ဖူးပါတယ်။ ကျွန်တော့အတွေ့ အကြုံ အရ ထင်ပေါ်ချင်သူက ပိုများလိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန် တွေဟာ ထင်ပေါ်ရေးကို သိသိသာသာ ဦးစားပေးတတ်ကြပါတယ်။ ဒါ ငါလုပ်တာ။ ဒါ ငါသိတယ် ဆိုတာတွေကို မကြာခဏပြောလေ့ရှိပါတယ်။ တချို့ ကတော့ ကြွားတယ်လို့ ပြောပါလိမ့်မယ်။ ဟုတ်တာပြောတဲ့ကိစ္စ ကြွားတာမဟုတ်ဘူးလို့ တချို့ ကဆိုကြပါလိမ့်မယ်။ တကယ်ရှိတာထက် ပိုပြောရင်လည်း ကြွားတယ်လို့ပြောကြပါတယ်။ လုပ်တာနဲနဲပြောတာများများဆို လည်းကြွား တယ်လို့ ဆိုပါတယ်။ သိသာထင်ပေါ်ချင်တတ်ကြတာလည်း လူ့သဘာဝ တခုပါ။ လျှို့ ဝှက် တတ်ခြင်းနဲ့ ထင်ပေါ်သိသာအောင်နေခြင်း ဘယ်ဟာက ပိုပြီး ကောင်းပါသလဲ။

မြန်မာ့သမိုင်းမှာ စစ်သူကြီးမဟာဗန္ဓုလ မထင်မရှားဘ၀တုန်းက သူ့ကိုဘုရင်က သတိထားမိ အောင် ညီလာခံတခုမှာ သူ့ဘေးကပုဂ္ဂိုလ်ကို ဘာမပြောညာမပြော တံတောင်နဲ့ ထပြီး ထောင်း ပါသတဲ့။ ရုတ်ရုတ်သဲသဲဖြစ်တော့ ဘုရင်က အကြောင်းစုံစမ်းရင်း ဗန္ဓုလကိုသိပြီး နောက်ပိုင်းမှာ နေရာ ပေးပါသတဲ့။ ဒီအဖြစ်အပျက်က အမှန်ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့ ဒီကိစ္စမှာ ငြင်းခုန် စရာတွေ ရှိနေပါတယ်။ တချို့ က ဗန္ဓုလရဲ့ လုပ်ရပ်ကို ထောက်ခံကြပါတယ်။ သဘောကျကြပါတယ်။ တံတောင်နဲ့ ထထောင်းတာ ကောင်းတယ်ပေါ့။ မဟုတ်ရင် ဘုရင်ကသူ့ကို ဘယ်လိုလုပ်သိနိုင်မလဲ ပေါ့။ တချို့ ကတော့ ကိုယ်ထင်ပေါ်ဖို့အရေး မဆိုင်တဲ့ဘေးကလူကို နာကျင်အောင် အသားလွတ် ထတွယ်တာ မတရားဘူး။ မကောင်းဘူး။ မလုပ်သင့်တဲ့ကိစ္စလို့ မြင်ကြပါတယ်။

စာရေး ဆရာသိပ္ပံမောင်ဝမှာ ကလောင်ခွဲတွေ တော်တော်များပါတယ်။ သူ့နာမည်ရင်းက ဦးစိန်တင်ပါ။ စာရေးတဲ့အခါမှာ ကလောင်ခွဲတွေသုံးလွန်းတော့ သူကွယ်လွန်တဲ့နောက်ပိုင်း သူ့စာတွေ ပြန်စုဆောင်းတဲ့အခါ တော်တော်ခက်ပါသတဲ့။ ကလောင်ခွဲကို အရင်က ကလောင်ပုံး၊ ကလောင်ဝှက်လို့လည်း ပြောကြပါတယ်။ လျှို့ ဝှက်တယ်ပေါ့။ မြန်မာစာပေလောကမှာ ကိုယ့်အမည် ရင်းနဲ့ ရေးတဲ့သူထက် ကလောင်အမည်ပေးပြီးရေးတဲ့သူက ပိုများတယ်လို့ထင်ပါတယ်။ ကိုယ့်နာမည် ကို မသုံးရတာ အကြောင်းရှိပါလိမ့်မယ်။ အခြေခံသဘောကတော့ ကိုယ့်ကို လူမသိစေချင်တာပဲ လို့ထင်ပါတယ်။

ရုပ်ရှင်လောကမှာတော့ အဲသလို မဟုတ်ပါ။ ထွန်းအိန္ဒရာဗိုလ် ဆိုပါစို့(စာလုံးပေါင်း မှားတယ် ထင်ပါတယ်) သူ့နာမည်ရင်း မဟုတ်ပါ။ ဒါပေမယ့်ရုပ်ကို မြင်နေရတော့လျှို့ ဝှက်နေလို့ မရတော့ပါဘူး။ စာရေးဆရာ အီကြာကွေးကတော့ လူကြားထဲမသိမသာနေလို့ရပါတယ်။ ကိုယ့်ကိုလူသိပ်မသိတော့ တချို့ ကိစ္စတွေ လုပ်ရတာပိုပြီး လွတ်လပ်သလိုပါပဲ။ ခိုးလုပ်လို့ ကောင်းတယ် ဆိုပါတော့။ ဒါလည်း အရသာတမျိုးပါ။ ဒီလိုပြောလိုက်လို့ ကျွန်တော်က ရုပ်ရှင်မင်းသားလို ထင်ပေါ်ကျော်ကြားတယောက်များ ဖြစ်နေမလားလို့တော့ မထင်လိုက်ကြ ပါလေနဲ့။ သူလိုကိုယ်လို ထဲကပါ။

ထင်ပေါ်အောင်နေထိုင်ခြင်းနဲ့ မသိမသာနေထိုင်ခြင်း ဘယ်ဒင်းက ပိုကောင်းသလဲ အခုချိန်ထိ ကောင်းကောင်း မသိသေးပါခင်ဗျား။ ဆွေးနွေးကြပါဦး။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

zarny win said...

အမည်မဖော်လိုသူမှာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ စိုးရိမ်စိတ်ကြောင့် အမည်မဖော်သူ ဆိုပါစို့။
ကိုယ်ပြုလုပ်လိုက်၊ ကိုယ်ရေးသားလိုက်တာတွေကြောင့်
၁။ ကိုယ့်ကိုယ်တိုင်
၂။ ကိုယ့်မိသားစု
၃။ ကိုယ့်လုပ်ငန်း
၎။ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတယောက်ယောက်
၅။ ကိုယ့်အနာဂတ်
၆။ ကိုယ့်အသိုင်းအ၀ိုင်း
စသဖြင့် တခုခု ထိခိုက်သွားမှာ စိုးရိမ်ပူပန်လို့ ဆိုတဲ့သဘော။ တခုတည်းလည်း ဖြစ်နိုင်တယ်။ ၂ ခု ၃ ခု လည်း ဖြစ်နိုင်တယ်။

ဘာသာရေးဆောင်းပါး၊ သတင်း၊ ဟာသ၊ ကဗျာ၊ ဝေဖန်ရေး၊ အက်ဆေး၊ ပြီးတော့ အသက် ၁၈ နှစ်အထက် ပရိသတ်ပဲ ဖတ်ရတဲ့စာ၊ မိန့်ခွန်း၊ ကြော်ငြာ ဘာကိုပဲရေးရေး ကိုယ်ရေးတယ်ဆိုတာ တပါးသူ မသိစေချင်ဘူးဆိုတာမျိုးက ဖြစ်တတ်ကြမှာပါ၊ သဘာဝ ကျပါတယ်။

အချိန်မတန်သေးလို့ အမည်မဖော်သေးဘူးဆိုတာတွေ ရှိသလို၊ တသက်လုံး မဖော်ဘူးဆိုတာလည်း ရှိမှာပဲလို့ ထင်ပါတယ်။ ဘလော့ဂ်တွေခေတ်စားတဲ့ဒီနေ့မှာ ပိုဖြစ်နိုင်မယ်။

ဒါကြောင့် ထင်ပေါ်အောင်နေထိုင်တာလည်း သဘာဝကျသလို အခြေအနေအရ မသိမသာနေထိုင်ရတာလည်း သဘာဝ ကျပါတယ်။ ပရိသတ်များကတော့ ထင်ပေါ်အောင် နေထိုင်တာကို ပိုနှစ်သက်ကြမှာပါး) ပရိသတ်ကိုတော့ အလိုလိုက်လို့ မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အလိုလိုက်ရမှာပါပဲ။း)

ဇာနည်ဝင်း

ကိုရင်နော်ခင်လေးငယ် said...

ကျနော်တို့.. ကျမတို့တွေလည်း
အမည်မဖော်လိုသူတွေပါ..။ ကျမတို့ သူငယ်ချင်း ၂ယောက်လုံး ဆန္ဒတူစွာ လှျှို့ဝှက်ထားချင်ကြသူတွေဘဲဖြစ်ပါတယ်...။
ဒီလောကထဲမှာဘဲ ကျမတို့တွေရဲ့ သူငယ်ချင်းတွေ ရှိနေကြပါတယ်...။ အပြင်မှာဆုံဖြစ်ကြတယ်ဆိုဦးတော့.. ဥပမာ..
blog တွေအကြောင်းပြောဖြစ်ကြဦးတော့...
ကျမတို့ဟာ မတောက်တစ်ခေါက် စာတိုပေစရေးသူ ဆိုတာဘယ်သူမှ မသိပါဘူး..။ ဘယ်တော့မှလည်း ပေးသိမှာ မဟုတ်ပါဖူး..။ ဒါကို ဝေဖန်ချင်တာလား..!! လှျှို့ဝှက်ခြင်းကို အတင်း အဓ္ဓမ နားလည်မှုမဲ့စွာ လိုက်မေးတတ်သူများနဲ့လည်း ကြုံဖူးပါတယ်... လူတစ်ယောက်ရဲ့ လွတ်လပ်စွာ လှျှို့ဝှက်တတ်ခြင်းမှာ ရှင်းစရာ အဖြေမရှိပါ...။ ကျမတို့ လွတ်လပ်စွာ လှျှို့ဝှက်ပါသည်..။ လွတ်လပ်စွာ ရင်ဖွင့်ပါသည်..။ လွတ်လပ်စွာ ပေါက်ကွဲပါသည်...။ ဝါးလုံးခေါင်းထဲမှာ လသာနေတဲ့ ဦးနှောက်မဲ့သူတစ်ချို့၏ ချုပ်ချယ်မှုအောက်မှ ကင်းဝေး လွတ်လပ်စေလိုကြပါသည်..။ လူသားတိုင်း အေးချမ်းမှုများနဲ့ လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါစေ.....။ ကိုယ်ရေးကိုယ်တာများကို စပ်စုတတ်ခြင်းများမှ ကင်းဝေးနိုင်ကြပါစေ....။

အားပေးလျှက်....
ကိုရင်နော်၊ ခင်လေးငယ်