Friday, October 5, 2012

ဘိုးတော်လိမ်















သွေးရိုးသားရိုးအခြေအနေမှာ အစိုးရဆိုတာ ပြည်သူတွေရဲ့ယုံကြည်အားထား
မှုနဲ့ ဖြစ်လာတဲ့အရာ။ မြန်မာပြည်မှာက သွေးရိုးသားရိုးအခြေအနေ မဟုတ်။
အစိုးရဖြစ်လာပြီးမှ အများပြည်သူရဲ့ယုံကြည်အားထားမှုကို ရအောင်ကြိုးစား
နေရတယ်။

ဒီမိုကရေစီဆိုတဲ့ဘောင် မ၀င် ၀င်အောင်ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖြစ်ခဲ့
တယ်ဆိုပေမဲ့ မဲလိမ်မဲခိုးပြီး အာဏာယူထားတယ်ဆိုတာ လူတိုင်းအသိ။ ဒီလို
လူလိမ်လူညစ်တွေကို ယုံကြည်အားကိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ။ ဒါပေမဲ့
ဖြစ်နိုင်အောင်ကြိုးပမ်းရမှာက ကလိမ်ကကျစ်အစိုးရရဲ့ အလုပ်။  သူတို့
ဘယ်လိုကြိုးပမ်းနေကြသလဲ ။ ပြည်သူတွေကရော ဘယ်လိုတုန့်ပြန်နေကြ
သလဲ။

ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်တော့မယ်လို့ သမ္မတမင်းက ဆိုတယ်။
ပြည်သူတွေ ခေါင်းထောင်လာတယ်။ ဒေါ်စုအပါအ၀င် နိုင်-ကျဉ်းအတော်များ
များလွှတ်ပေးတယ်။ ဒေါ်စုနဲ့သမ္မတလင်မယား ထမင်းစားပြတယ်။ ပြည်သူတွေ
မျက်ခုံးပင့်လာတယ်။ ဒေါ်စုနဲ့ တူတာတွေ တွဲလုပ်ကြမယ်လို့ဆိုတယ်။ ပြည်သူ
တွေ ပါးစပ်ပါ “ဟ”လာတယ်။ ( တကယ်တော့ ဒေါ်စုနဲ့ဘာတွေပြောကြသလဲ
ဆိုတာ အခုထိ ဘာမှမသိရ ။ နိုင်-ကျဉ်းတွေလည်း အကုန်မလွှတ်ပေးသေး )

မြစ်ဆုံအရေးမှာ ပြည်သူတွေကို ပျားရည်နဲ့ဝမ်းချနိုင်ခဲ့တယ်။ ပြည်သူအများရဲ့
ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြစ်ဆုံစီမန်ကိန်းကိုအကန့်အသတ်နဲ့ ရပ်နား
လိုက်တယ်လို့ ဆိုတယ် ။ ကိုရွှေသမ္မတမင်းကို လူတွေစိတ်ဝင်စားသွားတယ်။
သဘောခွေ့သူတွေ ခွေ့ကုန်ကြတယ်။ (တကယ်တမ်းမှာ ပြည်သူတွေက မြစ်
ဆုံစီမန်ကိန်းကို လုံးဝအမြစ်ပြတ် ဖျက်သိမ်းစေချင်တာ)

စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်းချင်းပေးလာတယ်။ ဒါပေမဲ့ ပြည်တွင်း
သတင်းလောကကို အဆင့်ရှိတယ်လို့ မသတ်မှတ်ဘူး။ အရေးမပါတဲ့ မလောက်
လေးမလောက်စားတွေလို ဆက်ဆံတယ်။ ပြည်ပသတင်းဌာနတွေကိုပဲ လူရာ
သွင်းတယ်။ တကယ်တော့ပြည်ပက မြန်မာသတင်းဌာနတွေကလည်း အဆင့်ရှိ
လှတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘူဘူချင်း တစ်ဖြစ်အောင် ထုံးတို့ပြီး ခွဲခြားဆက်ဆံပြ
တယ်။ (သတင်းသမားချင်းအတူတူ ပြည်တွင်းကို သီးသန့်အင်တာဗျူးမပေးဘူး)

ဘင်ဂါလီအရေးမှာ ရခိုင်တွေရဲ့ထောက်ခံမှုကို အမိအရ ယူနိုင်ခဲ့တယ်။ သမ္မတ
ထောက်ခံရေးလှုပ်ရှားမှုတွေအထိ မြင့်လာတယ်။ ရခိုင်ဒေသတင်မက နိုင်ငံအနှံ့
အပြားက ဘင်ဂါလီမုန်းသူတွေရဲ့ထောက်ခံမှုတွေပါ ရလာတယ်။ သမ္မတဂျီးကို
အားကိုးတဲ့သူတွေ ရှိလာတယ် ။ (ဘင်ဂါလီအရေးမှာ သမ္မတဆိုသူပဲ အမြတ်ရ
တယ်)

ဒေါ်စုကို နိုင်ငံခြားထွက်ခွင့်ပေးတယ်။ ဥရောပခရီးမှာ မသိချင်ယောင်ဆောင်တယ်။
အမေရိကန်ခရီးမှာတော့ မသိချင်ယောင်ဆောင်လို့မရတော့ဘူး။ သူတို့ချိုင်မယ့်
ခွင်ကလည်း ကြီးတော့ ဒေါ်စုနဲ့ ကျောခြင်းကပ်ပြတယ်။ မောင်နှမတွေလို နေပြ
တယ်။ ဒေါ်စုကလည်း အလိုတူအလိုပါသဘော ပြောဆိုဆက်ဆံတယ်။ အတိုက်
အခံနဲ့အစိုးရ ခွဲလို့မရအောင် လုံးလားထွေးလားဖြစ်လာတယ်။ (ဒေါ်စုကိုလိုလား
သူတွေထဲမှာတောင်  မျက်ခုံးပင့်ရတဲ့အထိဖြစ်လာတယ်။ စိန်-စု ဆက်ဆံရေးကို
မေးခွန်းတွေထုတ်လာကြတယ်)

တိုင်းရင်းသားတွေနဲ့လည်း သဘောတူညီမှုတွေရအောင် လုပ်လာတယ်။ အရင်က
မရှိတဲ့ဆက်ဆံရေးတွေ ဖြစ်လာတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဗိုက်နာနေ
တာကြာပြီ။ ရသလောက် ယူချင်နေတာကြာပြီ။ ငြိမ်းချမ်းရေးအရောင်ထအောင်လုပ်
လာနိုင်တယ်။ တိုင်းရင်းသားတွေကလည်း နိုင်ငံတော်သမ္မတဂျီးဆိုပြီး ဖြစ်လာတယ်။
အောင်မင်းလွန်ရာမကျဘူး ဖြစ်လာတယ်။ (အစိုးရက တကောင်ကြွေးပြီး နှစ်ကောင်
စားတဲ့အကွက်ကြောင့် တိုင်းရင်းသားအုပ်စုတွေအကြား အကွဲအပြဲပိုများလာတယ်) 

နယ်စပ်အခြေစိုက် ဒီမိုကရေစီအုပ်စုတွေကလည်း အထောက်အပံ့တွေ ပြတ်လာပြီ။ အထောက်အပံ့ပေးသူတွေက ပြည်တွင်းကိုပဲပေးဖို့လုပ်လာပြီ။ လွတ်မြောက်နယ်
မြေတွေလည်း အထဲဝင်ဖို့ပြင်ရပြီ။ နေပြည်တော်သွားမယ်တကဲကဲ လုပ်လာကြတယ်။
အထဲဝင်မှ အထောက်အပံ့ဆက်ရမှာကိုး။  ကိုရွှေသမ္မတကလည်း ပြည်တော်ပြန်တွေ
ကို လက်ခံလာတယ်။ ပြည်တော်ပြန်အချို့ကလည်း မစားရ ၀ခမန်းတွေပြောလာတယ်။
ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပျံကျိုးတို့ တွေ့ကြတယ်။

အရင်တုန်းက လူသတ်သမား၊ ရာဇ၀င်လူဆိုးတဦးက သင်္ဃန်းကို ကမန်းကတန်း
ကောက်ဝတ်ပြီး ဘုန်းကြီးလုပ်လိုက်ရင် ဒီလူကို မြန်မာလူ့အဖွဲ့အစည်းက ဘယ်လို
တုန့်ပြန်သလဲ။ လူလိမ်မာဖြစ်သွားတဲ့ကိုယ်တော်ကြီးဆိုပြီး အကြည်ညို ပိုတတ်
သလား။ အကျွတ်တရားရသူဆိုပြီး သာဓုခေါ်ကြသလား။ မြန်မာတွေကြားမှာ သာ
သနာ့အရေခြုံရင် လုံသလား။ ထွက်ရပ်ပေါက်တယ်၊ အကြားအမြင်ရတယ်ဆိုပြီး
ဟောနေပြောနေတဲ့ ဘိုးတော်၊ ဘွားတော်၊ ဆရာတော်တွေတော့ မြန်မာပြည်မှာ
အတော်များတယ်။ သူတို့နောက်လိုက် သာဝကတွေလည်း အတော်များတယ်။

လူဆိုးသူခိုးကို နေရာကောင်းပေးတတ်တဲ့ လူ့အဖွဲ့အစည်းဟာ အလားအလာရှိတဲ့
လူ့အဖွဲ့အစည်းတော့ မဟုတ်။ လူဆိုးတွေကလည်း သူတို့ဆိုးခဲ့၊ မိုက်ခဲ့တာကို ခွင့်
လွှတ်ပါလို့ တောင်းပန်ကြတာမဟုတ်။ အတိတ်မှာ ဘာဖြစ်ခဲ့ ဖြစ်ခဲ့ မေ့လိုက်တော့။
အရေးကြီးတာက အခုကောင်းနေရင်ပြီးရောဆိုတဲ့ အယူအဆကို အစိုးရဆိုသူများက
ဈေးပေါပေါနဲ့ ရောင်းချနေပါတယ်။ ရောင်းသူ ၀ယ်သူ သဘောတူတယ်ဆိုရင်တော့
ဈေးပွဲတော်ကြီး စည်းကားပါလိမ့်ဦးမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 17, 2012

ပြောင်းဖူးပြုတ်














စစ်အုပ်စုရဲ့ဥာဉ်ဆိုးက တိုင်းပြည်ကို သူတို့ပိုင်တယ်လို့ယုံကြည်နေတာပဲ။
လွတ်လပ်ရေးရပြီးကတည်းက အရပ်ဝတ်လဲလိုက်၊ စစ်ဝတ်လဲလိုက်နဲ့တချိန်
လုံးလိုလို သူတို့ပဲ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ။

အခုလည်း ဒီမိုကရေစီသွားမယ် လုပ်ပြန်ပြီ။ ငြိမ်းချမ်းရေးလုပ်မယ် ပြောပြန်ပြီ။
ငြိမ်းချမ်းရေးကော်မရှင်ဆိုလား ဖွဲ့ဦးမတဲ့။ သူတို့ပေးမှ ရမယ့်ငြိမ်းချမ်းရေး။
သူတို့ပေးမှ ရမယ့်ဒီမိုကရေစီ။ သူတို့ပေးမှ ရမယ့်လူ့အခွင့်အရေး။ သူတို့
ပြုမှ နုရမယ့်တိုင်းပြည်။

တိုင်းရင်းသားတွေကို အခုချိန်ထိ အပေါ်စီးက ဆက်ဆံနေတုန်း။ ပြောတော့
ငြိမ်းချမ်းရေးညှိနှိုင်းမှု။ လုပ်တော့ ငါပေးသလောက်ပဲယူ။ ဒီမိုကရေစီအင်အားစု
ကိုလည်း ဒီအတိုင်းပဲ။ ဓါးမိုးပြီးအုပ်ချုပ်ခဲ့သူတွေရဲ့ဥာဉ်က မဖျောက်နိုင်သေး
ဘူး။ သေနပ်ကိုင်ပြီး အနိုင်ယူခဲ့သူတွေဆိုတော့ အားလုံးကို သူ့အောက်ကလို့
ထင်တယ်။

ငါတို့က အနိုင်သမား။ နင်တို့က အရှုံးသမား။ ကျားသနားမှ နွားချမ်းသာမယ့်
အရေးလို့ သဘောထားနေတုန်း။ သူတို့က ကျား။ ပြည်သူက နွား။ ဇတ်ကို
သူတို့က ဒီလိုခင်းပြီး ကနေတာ။ အပြောင်းအလဲကို တကယ်လုပ်ချင်ရင် အခြေ
ခံကျတဲ့ အဲဒီ“ကျား ၊ နွားဆက်ဆံရေး”သဘောထားကို အရင်ပြောင်းရလိမ့်မယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့လည်း မလှိမ့်တပတ်လုပ်
ခဲ့ကြသေးတယ်။ တပ်မတော်ပဲ အင်အားရှိလာတယ် ပြည်သူတွေကတော့ ငတ်
မတတ်၊ ပြတ်မတတ်၊ အသက်ရှူကျပ်။ တိုင်းပြည်ကို စစ်တပ်ကပဲ အမြဲကယ်တင်
လာတာဆိုတဲ့ အယူအဆကိုလည်း ပြောင်းရမယ်။ စစ်တပ်ကို စစ်တပ်လို့သဘော
မထားနိုင်သရွေ့။ စစ်တပ်ကို ကယ်တင်ရှင်လို့သဘောထားနေသရွေ့။ ဒီလူတွေ
ဟာ စစ်အုပ်စုထဲက မထွက်သေးဘူး။ အရပ်ဝတ်လဲပြီး အယောင်ဆောင်နေတုန်း။

စစ်ဗိုလ် စစ်သားတွေက အခုချိန်ထိ ပြည်သူတွေကို ဗိုလ်ကျချင်နေတုန်း။ ငါတို့မှာ
အာဏာရှိတယ်လို့ ယုံကြည်နေတုန်း။ လုပ်ပိုင်ခွင့်၊ မိုက်ကြေးခွဲပိုင်ခွင့် ရှိနေတယ်
လို့ယုံကြည်နေတုန်း။ လွှတ်တော်ထဲမှာလည်း ဒီလိုပဲ။ အရပ်ဝတ်ပဲ ပြောင်းထားတာ
စိတ်ဓါတ်နဲ့ အပေါ်စီးကဆက်ဆံမှုတွေ မပြောင်းသေးဘူး။ ယူနီဖေါင်းချွတ်အချင်း
ချင်းကြားမှာကိုပဲ အခုချိန်ထိ အလေးထပြုချင်နေတုန်း။ ကိုယ့်ထက် ကိုယ်ပိုင်နံပတ်
စောတဲ့သူကို အရိုအသေပေးချင်နေတုန်း။ သမ္မတမို့လေးစားတာထက် စစ်တပ်မှာ
တုန်းက ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လို့လေးစားနေကြတာ။ ဒါတွေကိုမပြောင်းနိုင်ကြသေးဘူး။

အခြေခံကျတဲ့၊ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ဓါတ်နဲ့သဘောထားကို မပြောင်းနိုင်
လို့လည်း ဥပဒေတွေက မတရားသဖြင့် ရှိနေတာ။ ဥပဒေတွေကို ပြောင်းလာခဲ့
ရင်တောင် တကယ်ကျင့်သုံးမှ ဖြစ်မှာ။ ဒီမိုကရေစီကျတဲ့ ဥပဒေကျင့်သုံးမှုမရှိသရွေ့
အပြောင်းအလဲဆိုတာ မရှိဘူး။ တကယ့်အပြောင်းအလဲ မဖြစ်ပဲ ဘာကြောင့် ပြောင်း
သဟဲ့ ပြောင်းသဟဲ့လို့ လေဖန်းဒန်းစီး လုပ်နေကြသလဲ။ ပြောင်းချင်လွန်းလို့ဖြစ်နေ
တဲ့ရောဂါပေါ့။

ဆိုရှယ်လစ်ခေတ် ၀န်ထမ်းလောကမှာ ခေတ်စားခဲ့တာ တခုရှိတယ်။ မြို့မှာရှိတဲ့
သူတွေက နယ်တွေကို မပြောင်းချင်ဘူး။ စားပေါက်ချောင်တဲ့သူကလည်း စားပေါက်
မရှိတဲ့နေရာကို (ရာထူးတိုးသည့်တိုင်အောင်) မပြောင်းချင်ဘူး။ မပြောင်းရအောင်
ကြိုးစားကြတဲ့ နည်းတွေထဲမှာ ပြောင်းဖူးတွေကို လက်ဆောင်ပေးတာလည်းပါတယ်။ ပြောင်းဖူးနဲ့ချဉ်ပေါင်နဲ့တွဲပြီး ချက်စားတာလည်းပါတယ်။ သဘောကတော့ (ပြောင်း
ချဉ်ပေါင်) မပြောင်းချင်ဘူးပေါ့။

အဲဒီလို ဗေဒင်လိုလို၊ ယတြာလိုလိုတွေလုပ်လာကြတော့ ခပ်နောက်နောက် အရာ
ရှိတဦးက သူလက်ဆောင်ရတဲ့ပြောင်းဖူးတွေကို ပြုတ်ပြီး လက်ဆောင်ပေးတဲ့
(ယတြာချေတဲ့) သူတွေကို ပြန်ကြွေးပါသတဲ့။ သဘောကတော့ မပြောင်းဘူး၊
မပြောင်းချင်ဘူးဆိုတဲ့သူတွေ ပြုတ်မယ်ဆိုတဲ့သဘောပေါ့။

အခုလည်း စိန်စိန်ခေါင်းဆောင်တဲ့ အစိုးရကို ပြောင်းဖူးပြုတ်တွေ ကြွေးရမလို
ဖြစ်နေပြီ။ အတိုက်အခံပါတီတွေရဲ့ အဓိကလုပ်ငန်းက လွှတ်တော်ထဲမှာ ကုန်း
ကွကွလုပ်နေကြမယ့်အစား။ အစိုးရ၊ ကြံ့ဖွတ်နဲ့ စစ်တပ်ကိုယ်စားလှယ်တော်
ကြီးများကို ပြောင်းဖူးပြုတ်ပူပူလေးတွေ ကြွေးကြဖို့ပါပဲ။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, September 14, 2012

ယဉ်ကျေးစွာ အရှုံးပေးခြင်း













မျောက်ကနေ လူဖြစ်တာကို ယုံသူများ
လူကနေ မျောက်ပြန်ဖြစ်တာကိုကော
ယုံကြသလား ။

အိပ်မက်တွေ သားလျှောလို့
သေမတတ် ခံစားရတဲ့အခါ
ရှိစုမဲ့စုဒေါသတွေလည်း အပေါင်ဆုံးသွားတဲ့အခါ
လိမ်လည်မှုဟာ အကိုက်အခဲပျောက်ဆေးပေါ့ ။

ပက်ပက်စက်စက်
ဝက်ဝက်ကွဲမရှုံးဘူးလို့ ထင်ရအောင်
လူတောထဲမှာ အပြုံးမပျက်နေထိုင်ပါ
အရာရာကို အကောင်းမြင်ပါ
မေတ္တာသမားယောင်ဆောင်ပါ
နာကျင်မှုကို ကျင်နာမှုအဖြစ်ပြောင်းပါ ။

ဟိတ်နဲ့ဟန်နဲ့ အရှုံးပေးနိုင်ရင်
အထည်ကြီးပျက်စိတ်ဓါတ်ထားနိုင်ရင်
မချစ်ပေမဲ့ အောင့်ခါနမ်းနိုင်ရင်
အလိုမတူသူနဲ့ ပေါင်းဖက်နိုင်ရင်
ဒဏ်ရာတွေကို မိတ်ကပ်ဖို့နိုင်ရင်
အရှုံးပေးမှု အောင်မြင်ပြီ ။

အောင်မြင်စွာဆုတ်ခွါလာတဲ့
ဒို့ရဲဘော်တွေကို
မျက်ရည်တွေနဲ့ မကြိုကြပါနဲ့
ယဉ်ကျေးသူတွေမို့
အပြုံးလေးနဲ့သာကြိုဆိုကြပါစို့
ငါတို့တွေ သနားပါတယ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 3, 2012

စကားများတဲ့ ရွှေဘ















ဒီနေ့ခေတ် လူငယ်တွေတော့ ရွှေဘကို သိကြမယ် မထင် ။ ကိုယ်တောင်မှ မီယုံ
တင်မီလိုက်တာ။ သူ့အရှိန်အ၀ါကကြီးတာမို့ ရွှေဘအကြောင်းမသိရင် ခေတ်
မမီတဲ့အဖြစ်မျိုး ကြုံခဲ့ရဘူးတယ်။ မြန်မာ့ရုပ်ရှင်ခေတ်ကောင်းခဲ့ချိန်က မင်းသား
ရွှေဘဟာ ဒီနေ့ခေတ် ရမ်ဘိုမင်းသားလိုပ။ အက်ရှင်မင်းသား။ အထိုးအခုတ်၊
အသတ်အပုတ်ကောင်း။ ထောင်ထောင်မောင်းမောင်း။ ဖြူဖြူထွားထွား။ လူမွဲ
နင်းပြားတွေရဲ့ဘက်တော်သား။ ရွှေဘဟေ့ဆိုတာနဲ့ ရုံပြည့်ပြီးသားတဲ့။

မတရားမှုတွေကို ရင်ဆိုင်ရဲသူ။ အံတုရဲသူ။ တုန့်ပြန်ရဲသူ။ ခပ်ကြမ်းကြမ်း၊ ခပ်စွမ်း
စွမ်းသရုပ်ဆောင် မင်းသားချောရွှေဘ။ ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ် အစွဲကြီးစွဲခဲ့
ရပါတဲ့ရွှေဘ။ ရွှေဘဆိုတာနဲ့ ချပြီသာမှတ်။ ပိတ်ကားပေါ်မှာ သူပေါ်လာပြီဆိုတာနဲ့
လက်ခုပ်သံတွေ ညံသွားသတဲ့။

တခါတလေ ဇတ်လမ်းအရ ရွှေဘက စကားကြာကြာပြောမိရင် ပရိတ်သတ်တွေ
စိတ်မရှည်တော့ဘူးတဲ့။ ဇတ်လမ်းအရ လူဆိုးလက်ချက်နဲ့ ရွှေဘခံရရင်လည်း
ပရိတ်သတ်များက ဒေါပွကြပါသတဲ့။ ဒီလိုအခြေအနေမျိုးဆို ရုပ်ရှင်ရုံထဲ ပူညံပူညံ
ဖြစ်တတ်လို့ ရုပ်ရှင်ပြသူတွေက ပရိတ်သတ်တွေကို ဖြောင်းဖျရပါသတဲ့။

ရွှေပွဲလာပရိတ်သတ်ကြီး စိတ်မပူကြပါနဲ့ခင်ဗျား။ မကြာခင်မှာ ရွှေဘ ချပါလိမ့်မယ်။
လူဆိုးတွေကို အပြုတ်နှံမယ့်ရွှေဘ။ သံလက်သီးရွှေဘ မကြာခင် လက်စွမ်းပြပါလိမ့်
မယ်။ နောက်ပိုင်းမှာ ရွှေဘပွဲကြမ်းပါလိမ့်မယ်ခင်ဗျား။ ညိမ်ညိမ်နေကြပါ။ စသည်ဖြင့်
ပြောခဲ့ရတယ်ဆိုပဲ။

ဒီနေ့ခေတ် မြန်မာ့နိုင်ငံရေးလောကမှာလည်း ရွှေဘတွေ အတော်အတန်ရှိခဲ့ပါတယ်။
ဒေါ်စုဟာလည်း နိုဘယ်ဆုမရခင် ရွှေဘဆုကိုရခဲ့သူပါ။ အဖိနှိပ်ခံမြန်မာပြည်သူတွေ
ဘက်က မားမားရပ်ပြီး စစ်အာဏာရှင်တွေကို အံတုခဲ့သူမဟုတ်ပါလား။ ပစ်အံ့ဆဲဆဲ
သေနပ်ပြောင်းရှေ့ကနေ ရင်ကော့လျှောက်ခဲ့သူမဟုတ်ပါလား။ မတရားတဲ့အမိန့်
အာဏာဟူသမျှ ဖီဆန်ကြလို့ ရဲရဲတောက်ကြွေးကြော်ခဲ့သူ မဟုတ်ပါလား။ မြန်မာ့
တပ်မတော်တခုလုံးကို မကြောက်ကြပါနဲ့လို့ ပြောခဲ့သူမဟုတ်ပါလား။ ကြမ်းတမ်းတဲ့
ဘ၀လမ်းကို ဖြတ်သန်းရဲခဲ့သူ မဟုတ်ပါလား။

အခုတလော နိုဘလ်ရွှေဘရဲ့အသံ အရင်ကလို မစွာတော့။ မတရားမှုတွေကို ခေါင်း
မာမာနဲ့အံတုတာတွေ မမြင်ရတော့။ ရွှေဘစကားပြောခန်းတွေ များနေပြီ။ ချစရာရှိတာ
မချပဲ ဘာတွေလုပ်နေလဲ။ ပရိတ်သတ်တချို့က စိတ်မရှည်နိုင်တော့။ အသံတချို့ထွက်
လာပြီ။ သွေးမကြောင်နဲ့ရွှေဘ။ ချစရာရှိတာ ချ။ လူဆိုးတွေနဲ့ညှိနှိုင်းမနေနဲ့။ ဆော်
စရာရှိတာ ဆော်ပစ်။ စသည်ဖြင့် ရွှေဘပရိတ်သတ်တချို့ရဲ့ အားမလိုအားမရသံတွေ
ကြားနေရတယ်။

ရှစ်လေးလုံးအုပ်စုလည်း မြန်မာ့ဒီမိုကရေစီရေးမှာ ရွှေဘတွေပါပဲ။ မင်းကိုနိုင်တို့၊ ကိုကို
ကြီးတို့ဆို ဒေါ်စုထက်တောင် ဖြတ်သန်းခဲ့ရတဲ့လမ်းက ကြမ်းလွန်းလှတယ်။ အာခံနိုင်တဲ့
စိတ်ဓါတ်တွေက တကယ့်ရွှေဘထက်တောင် သာလွန်းကြတယ်။ ထောင်တွေအမျိုးမျိုး။
ဖိစီးမှုအမျိုးမျိုး။ ကြေကွဲမှုအမျိုးမျိုးနဲ့ အလံမလှဲစတမ်း စစ်အာဏာရှင်တွေကို စိန်ခေါ်ခဲ့
ကြတဲ့ အာဂရှစ်လေးလုံးကျောင်းသားတွေပါပဲ။

ရှစ်လေးလုံးရွှေဘတွေလည်း အခုတလော စစ်ဗိုလ်လူထွက်တွေ၊ ခေတ်ပျက်သူဌေး
တွေနဲ့ရောနှောပျော်ရွှင်နေတာကြောင့် ရွှေဘပရိတ်သတ်အချို့  မျက်စိလည်ကုန်ကြ
တယ်။ မျက်လုံးပြူးတဲ့လူကလည်း ပြူးကုန်ကြတယ်။ ဓါတ်ဆီဈေးတက်တုန်းကတောင်
လမ်းလျှောက်ပြီးဆန္ဒပြခဲ့ကြတဲ့သူတွေ အခုလိုအကျပ်အတည်းမျိုးစုံကြုံနေချိန်မှာ သီ
ချင်းတွေဆိုလိုက်၊ ကဗျာတွေရွတ်လိုက်နဲ့ ငါတို့ရွှေဘတွေ ဘယ်လိုဖြစ်ကုန်ကြသလဲ
ပေါ့။

တကယ်တော့လည်း မြန်မာ့ဒီမိုကရေစီရွှေဘတွေခင်မျာ ခံရတာအတော်များပြီး အထိ
နာလွန်းလို့ ခဏတဖြုတ်နားမယ်ဆိုရင် နားသင့်ပါတယ်။ စကားပြောခန်းလေးတွေကို
ပရိတ်သတ်က စိတ်ရှည်ရှည်နဲ့နားလည်စောင့်ကြည့်သင့်ပါတယ်။ ရွှေဘတွေခင်မျာ
သနားပါတယ်။ အခုမှ ခဏနားရတာပါ။ ဒါပေမဲ့လည်း ပရိတ်သတ်ကတော့ ရွှေဘဆို
ရင် ချမှကြိုက်တယ်။ စကားများနေရင် ရွှေဘမဟုတ်။ ဒီလိုနားလည်ထားတာကိုး။

ဒီတခါတော့ ပရိတ်သတ်တွေကိုမတောင်းပန်ပဲ ရွှေဘတွေကိုပဲ တောင်းပန်ရလိမ့်မယ်
ထင်တယ်။ ရွှေဘများခင်ဗျား ပရိတ်သတ်အချို့ စိတ်ပျက်စပြုနေပါပြီ။ လူဆိုးတွေနဲ့
ညှိနေလို့ ပရိတ်သတ်က ပျင်းနေပါပြီ။ ပွဲမဆူခင် ပြောစရာရှိတာ အမြန်ပြောပြီး ချစရာ
ရှိတာ အမြန်ချကြပါ။ ရွှေဘနဲ့လူဆိုးလက်တွဲရင် ပွဲပျက်ပါလိမ့်မယ်။ ရွှေပွဲလာပရိတ်
သတ်ကြီးကို လေးစားသောအားဖြင့် ရွှေဘများရဲ့ လက်စွမ်းတွေကို အံမခန်းပြကြပါ
ခင်ဗျား။ ဒီလိုပြောရင် ရွှေဘတွေ စိတ်ဆိုးကြလေမလားပဲ။ ငါတို့စကားပြောနေတာ
လည်း လက်သီးထိုးနည်းတမျိုးပဲဟလို့ ဆိုကြလေမလားပဲ။ (တကယ်တမ်းတော့
အဆင်ပြေဖို့အဓိကပါ။ မြန်မြန်အဆင်ပြေအောင် လုပ်ကြဖို့ပါပဲ။ ရွှေဘလုပ်ပြီး စ
ကားများနေရင်တော့ ပရိတ်သတ်က ကြိုက်မှာမဟုတ်)

အစဉ်အလာအရ ဇတ်သိမ်းခန်းတွေမှာ ရွှေဘလက်ချက်နဲ့ လူဆိုးတွေ ကြွသွားတယ်
ဆိုပေမဲ့။ မြန်မာ့ဒီမိုကရေစီရေးမှာ ရွှေဘအပြောကောင်းလို့ လူဆိုးတွေက လူလိမ္မာ
လေး တွေဖြစ်လာကြတယ်ဆိုရင်ကော ချစ်စွာသောပရိတ်သတ်များက သဘောကျနိုင်
မလား။ ဇတ်သိမ်းပိုင်းမှာ ရွှေဘက သံလက်သီးရွှေဘပဲဖြစ်မလား။ အပြောချိုတဲ့ရွှေဘ
ပဲဖြစ်မလား။ ဆက်လက်ရှုစား အားပေးကြရအောင်ပါဗျား။

( ရုပ်ပုံ ၊ ဂူဂလ် )

Thursday, August 2, 2012

ယောင်နန ဒီမိုကရေစီ




















အစိုးရခေါင်းဆောင်ဆိုသူတွေ ကြိမ်းဝါးနေတာက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီ။ လောလောဆယ်တော့ ဘယ်နေရာမှာမှ စည်းကမ်းရှိတာ
မတွေ့။ ဒီမိုကရေစီနည်းကျ လုပ်နေတာတွေလည်း တခုမှ မတွေ့။
ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း ဟက်ဟက်ပက်ပက် မဆက်
ဆံ။ လွှတ်တော်ထဲမှာလည်း ကြုံသလိုလုပ်။ လွှတ်တော်အပြင်မှာလည်း
ထင်သလိုကျဲ။

အစိုးရတင် ယောင်နနဖြစ်နေတာ မဟုတ်။ အတိုက်အခံဘက်မှာလည်း
ယောင်နန။ ဘာလုပ်လို့ လုပ်ရမှန်း မသိ။ အစိုးရခေါ်ရာနောက် တကောက်
ကောက်လိုက်ဖို့သစ္စာဆိုခဲ့ကြပြီမို့ အကွေ့အကောက်တွေကြား အတိုက်
အခံများ စမ်းတ၀ါးဝါး။ အချင်းချင်းလည်း မယုံရဲ။ အစိုးရကိုလည်း မယုံရဲ။
ပြည်သူကိုလည်း မယုံရဲ။ ကိုယ့်ကိုယ်ကိုလည်း မယုံရဲ။

ဒီကြားထဲမှာ စစ်တပ်ဘက်ကလည်း တမှောင့်။ တနယ်တမင်း ဗိုလ်ကျတဲ့
အကျင့်က မဖျောက်နိုင်သေး။ အစိုးရကို အစိုးရမှန်း မသိသေး။ အရင်က
အတူတူ မဟုတ်တာလုပ်ခဲ့ကြပြီး အခုမှ အရပ်ဝတ်လဲပြီး အစိုးရမင်းအဖြစ်
အုပ်ချုပ်တာကို (ဘူဘူချင်း တစ်လုပ်တာကို) စစ်တပ်ဘက်က အမြင်မကြည်
နိုင်သေး။ စစ်တပ်က စစ်တပ်နေရာမှာ မရောက်သေး။

အစိုးရကလည်း ဖိဖို့နှိပ်ဖို့ တကဲကဲ။ တားဖို့ဆီးဖို့ တကဲကဲ။ ခြိမ်းဖို့ခြောက်
ဖို့ တကဲကဲ။ သဘောတူဖို့ထက် မတူဖို့က တကဲကဲ။ အစိုးရကလည်း အစိုး
ရနေရာ မရောက်နိုင်သေး။ အစိုးရပိုင်မီဒီယာရှိနေတာလည်း ရှက်ရကောင်း
မှန်း မသိသေး။ တိုင်းရင်းသားအရေးလည်း မရှင်းမရှင်း။ ငြိမ်းချမ်းကိစ္စလည်း
မရှင်းမရှင်း။ အတိုက်အခံကို ကြည့်တဲ့အကြည့်ကလည်း မရှင်းမရှင်း။ လယ်
ယာမြေကိစ္စလည်း မရှင်းနိုင်။ လူ့အခွင့်အရေးလည်း မရှင်းနိုင်။ ခေတ်ပျက်
သူဌေးကိစ္စလည်း မရှင်းနိုင်။ ဘိန်းကိစ္စလည်း မရှင်းနိုင်။ တရုတ်နဲ့အမေရိကန်
အကြား ဗျာတွေများ။ ဟိုဟာ မနိုင်၊ ဒီဟာ မပိုင်။ ကိုယ့်တပ်လည်း ကိုယ်မပိုင်။

တိုင်းရင်းသားတွေကလည်း အရူးကို လင်လုပ်ရသလိုဖြစ်။ နိုင်ငံတကာဆက်
ဆံရေးမှာလည်း “အချော်တကောက်”နဲ့ရည်းစားထားရလိုဖြစ်။ ဒီကြားထဲမှာ
ငြိမ်းချမ်းရေးပွဲစားနဲ့အခါတော်ပေးတွေက တမှောင့်။ အချင်းချင်းကြားမှာ
အထာတွေက များ။ မလိုအပ်ပဲ လျှို့ဝှက်။ လျှို့ဝှက်ရမယ့်ဟာကိုတော့ ထုတ်
ပြော။ သူများကိုလည်း ခွင်မပေးချင်။ ကိုယ်တိုင်လည်း ဖြစ်အောင်မလုပ်နိုင်။
သမ္မတနဲ့နီးစပ်တာကိုပဲ သကြားမင်းနဲ့ခမည်းခမက်တော်ရသလို ဘ၀င်တွေမြင့်။
ပြည်ပရောက်တွေကလည်း ပြည်တော်ပြန်ပြီး ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ
လက်မကိုင်မိ ။ 

ဆရာကြီးလေနဲ့ပြောရရင်တော့ အခုကာလ မြင်နေရတာတွေကတော့ အသွင်
ကူးပြောင်းရေးကာလ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေပဲပေါ့။ (မြန်မြန်
ပျောက်အောင် ကုရင်ကု။ မကုနိုင်ရင် ဘုန်းကြီးစားသွားမယ်။ အခုကာလမှာ
စားမယ့်ဘုန်းကြီးတွေက ခပ်များများ)

အစိုးရအကြိုက်လေနဲ့ပြောမယ်ဆိုရင်တော့ မြန်မာပြည်ကြီး လမ်းကြောင်းမှန်
ပေါ်ရောက်နေပြီပေါ့။ လွန်ခဲ့တဲ့၂နှစ်လောက်ကအခြေအနေတွေနဲ့ အခုဟာက
ဆီနဲ့ရေလို ကွာနေပြီ။ ဒီမိုကရေစီအလင်းရောင်ကြီး ထင်းနေအောင်မြင်နေရပြီ။

အလွတ်သဘော အရပ်ပြော ပြောရရင်တော့ ။ ယောင်နနဒီမိုကရေစီကာလကြီး
မှာ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်နေပြီ။ မြန်မာပြည်ထဲဆက်နေလို့က
အလားအလာ မကောင်း။ သူများတွေလိုပဲ နီးစပ်ရာတိုင်းပြည်ကို မြန်မြန်ပြောင်း
ထားမှ။

ဘုန်းကြီးလေနဲ့ပြောမယ်ဆိုရင်တော့ အချိန်တန်ရင် နွားပိန်ကန်လိမ့်မကွဲ့။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။

အပြုသဘောဆောင်သူများရဲ့အမြင်မှာတော့ ဘာမှ မပူပါနဲ့ အားလုံးကောင်း
သွားမှာပါ။ ဟဲ..ဟဲ...ဟဲ..ဟဲ...။

ယောင်နန ။ ယောင်နန ။ ကြောင်ကျ မကျရင်တော့ ပေါင်ကွကွ ဖြစ်လတ္တံ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, July 23, 2012

ခွေးဇတ်ခင်းခြင်း















(ခွေးရာခွေးကြောင်း)

မြန်မာတွေရဲ့အမြင်မှာ ခွေးဟာ မကောင်းတဲ့လက္ခဏာဆောင်တဲ့ တိရစ္ဆာန်ပါ။
ခွေးသူတောင်းစား။ ခွေးမသား။ ခွေးဝဲစား။ ခွေးသေ၀က်သေ။ ခွေးစားဝက်စား။
ခွေးတိုးဝက်ဝင်။ ခွေးပြေးဝက်ပြေး။ ခွေးမြီးကောက်ကျည်တောက်စွတ်။ ခွေး
လှေးခုန်လို့ဖုန်မထ။ ခွေးလှေးကြမ်းပိုး။ ခွေးကျကျ။ ခွေးမျိုး။ ခွေးကောင်။ ခွေး
တိရစ္ဆာန်။ ခွေးရူးကောင်းစား တမွန်းတည့်။ ခွေးဝမ်းသာအောင် အီးနံ့ပေး။ ခွေး
ကျင့်ခွေးကြံ။ ခွေးဇတ်ခင်း။ ခွေးပစ်တဲ့ ဒုတ်။ ခွေးလေခွေးလွင့်။ ကျန်တာတွေ
လည်း ရှိဦးမယ်။ ဒီစကားတွေက ခွေးတိရစ္ဆာန်အတွက် ကောင်းတဲ့ဂုဏ်ပုဒ်တွေ
မဟုတ်။ ခွေးဆိုတာဟာ မြန်မာပြည်မှာ အတော်မျက်နှာငယ်ရတဲ့ သတ္တ၀ါတမျိုး
သာပ။

အိမ်နီးချင်းတိုင်းပြည်က ထိုင်းဘုရင်ကြီးဟာ ခွေးချစ်လှသတဲ့။ ဘုရင်က ခွေး
ချစ်သမို့ ဘုရင်ကိုချစ်တဲ့ တိုင်းသူပြည်သားများကလည်း ခွေးချစ်တဲ့ဇတ်တွေ
ခင်းကြပါလေရော။ အရင်က ထိုင်းတွေ ခွေးကို ချစ် မချစ် မသိပါ။ အိန္ဒိယတွေ၊
တရုတ်တွေလည်း ခွေးကို သိသိသာသာချစ်ကြသူတွေ မဟုတ်။ ဂျပန်ကတော့
ခွေးကို ချစ်သဗျ။

ပြန်မလာနိုင်တော့တဲ့သခင်ကို ပေါ်လာနိုးနဲ့ ဘူတာမှာစောင့်ကြိုရင်း သေပွဲဝင်ခဲ့
တဲ့ “ဟချီကို” အမည်ရခွေးကို ဂျပန်တွေက အမှတ်တရဂုဏ်ပြုကြတယ်။ တိုကျို
မြို့တော်က ရှီဘူယဘူတာအပြင်မှာ ဟချီကိုရဲ့ပုံတူ ကြေးရုပ်တုကျောက်တိုင်ရှိ
တယ်။ စောင့်မျှော်ခြင်းအထိမ်းအမှတ်အဖြစ် ချစ်သူတွေ အချိန်းအချက်ပြုရာအရပ်၊
မိတ်ဆွေအပေါင်းအသင်းတွေ စောင့်စားဆုံတွေ့ရာအရပ်ဖြစ်နေပါရော။

ဂျပန်ခေတ်မြန်မာပြည်မှာ ဂျပန်စစ်သားတွေက မြန်မာအမျိုးသမီးတွေကို ခွေးကျင့်
ခွေးကြံ ကြံလို့ဆိုပြီး မုန်းတီးစိတ်နာတဲ့သဘောနဲ့ ဂျပန်တွေကို ခွေးလို့ခေါ်ကြသတဲ့။
အဲဒါကိုအခြေခံပြီး ဂျပန်ရောက်မြန်မာများကလည်း ဂျပန်တွေကို ခွေးလို့ခေါ်သဗျ။
ဂျပန်တွေကတော့ သူတို့ကိုခွေးလို့ခေါ်တာကို စိတ်မဆိုးကြဘူး။ သူတို့က ခွေးချစ်
တာကိုး။ မြန်မာတွေက စိတ်နာနာနဲ့ခေါ်ကြပေမဲ့ ဂျပန်တွေက ပြုံတုံးတုံးဆိုတော့
ခုတ်ရာတခြား ရှရာတလွဲဖြစ်နေကြတာ အခုချိန်ထိ။

ကိုရီးယားကတော့ ခွေးဖြစ်ရကျိုးမနပ်တဲ့အရပ်ပါ။ ခွေးသားဟင်းက ဈေးကောင်း
ပေးမှ စားရတာ။ အမဲသား၊ ဆိတ်သားလိုပဲ ခွေးသားကို ဆိုင်ပေါ်တင်ရောင်းတယ်။ ကျန်းမာရေးအတွက်လည်း ခွေးသားက ကောင်းဆိုပဲ။ မြန်မာပြည်က ကိုရီးယား
ရူးသွပ်သူများ ခွေးသားကိုပါ ကြိုက်အောင်လုပ်ထားရင် ပိုအဆင်ပြေမယ်။

(စူပါခွေး) 

မိတ်ဆွေလင်မယားနှစ်ယောက် အချင်းချင်းအဆင်မပြေဖြစ်နေတာ နှစ်အတော်
ကြာပြီ။ အဆင်မပြေဘူးဆိုပေမဲ့ နှစ်ယောက်လုံးက အဆင်ပြေချင်နေကြတာပါ။
နည်းအတော်များများသုံးပြီး အဆင်ပြေရေးကြိုးပမ်းခဲ့ကြပေမဲ့ ဟက်ဟက်ပက်
ပက်အဆင့်ထိ တက်မလာခဲ့ဘူး။ တရက်တော့။ ဘယ်သူ့အကြံပေးချက်ကြောင့်
ရယ် မသိ။ ဇနီးဖြစ်သူအိမ်အပြန်မှာ ခွေးလေးတကောင်ဆွဲခဲ့ပါလေရော။အမေရိ
ကန်ဒေါ်လာ နှစ်ထောင်လောက်နဲ့ဝယ်ခဲ့ရတဲ့ ကိုရွှေခွေးကို အကြောင်းပြုရာက
လင်မယားနှစ်ယောက် မူလအခြေအနေကိုပြန်ရောက်ပြီး ချိုမြိန်တဲ့အိမ်ကလေး
ဖြစ်ရတဲ့ဇတ်လမ်းပေါ့။ (အခုတော့ သူတို့ဆီမှာ ခွေးသုံးကောင်ရှိနေပြီ)

လူတွေရဲ့စိတ်ကျန်းမာရေးကို ကုသတဲ့အခါ တိရစ္ဆာန်မွေးမြူခြင်းကုထုံးကလည်း
ဒီကနေ့ခေတ်မှာ အတော်အရေးပါလာတယ်။ ခွေးမွေးတယ်ဆိုတာက ချစ်သူမရှိ
သူများအတွက် ထိရောက်တဲ့ချစ်သူရှာနည်းတမျိုးဆိုတာကိုလည်း အတော်များများ
က လက်ခံနေကြပြီ။ သမ္မတအိုဘားမားတို့မိသားစု အိမ်ဖြူတော်ကိုအပြောင်းမှာ
မိတ်ဆွေတဦးက “ဘို”အမည်ရ ခွေးတကောင် လက်ဆောင်ပေးခဲ့တယ်။ ဒီကိစ္စက
လည်း ရက်အတော်ကြာအောင် ပြောယူရတဲ့သတင်းတပုဒ်ပေါ့။ အိမ်ဖြူတော်
သတင်းစာရှင်းလင်းပွဲလုပ်ရင်း အနောက်ကနေ အဲဒီခွေးဖြတ်ပြေးသွားရင်လည်း
သတင်းပဲ။ ခွေးတွေ လူရာဝင်ပုံများပြောပါတယ်။ အဲဒါကြောင့်လည်းခွေးတွေက
သူတို့ကိုယ်သူတို့ လူလို့ထင်နေကြတာ။ လူတွေကလည်း ခွေးကိုလူလိုနေရာပေး
ဆက်ဆံလာကြတာကိုး။ တချို့လူတွေများ ခွေးတွေလောက်တောင်အခွင့်အရေး
မရကြရှာဘူး။

ဒေါ်အောင်ဆန်းစုကြည်ဆီမှာလည်း ခွေးတကောင်ရှိတယ်။ သမ္မတဂျီးဆီမှာ ခွေး
ရှိ မရှိတော့ မသိပါ။ ဒေါ်စုဆီမှာ ခွေးရောက်လာပြီး မကြာခင်မှာပဲ လွှတ်တော်ထဲ
ဝင်ထိုင်တဲ့အထိ အစိုးရနဲ့အဆင်ပြေလာခဲ့တယ်။ ခွေးကြောင့် အခုလိုဖြစ်ရတယ်
လို့တော့ တထစ်ချ မပြောနိုင်ပါ။ ဒီအချက်ဟုတ် မဟုတ်ဆိုတာ မီဒီယာသမားတွေ
ဒေါ်ဂျီးစုကို မေးကြည့်ရင်ကောင်းမယ်။ မဟုတ်လည်း တော်ယိယော်ယိမေးခွန်း
တွေပဲ ၀ိုင်းမေးနေကြတာ မဟုတ်လား။

မကျေလည်တာတွေ ပြေလည်အောင် ခွေးမွေးကြပါစို့ဆိုတဲ့ တိုက်တွန်းနိုးဆော်
ချက်မျိုးကိုတော့ မတွေ့ဖူးသေးပါ။ ခွေးမွေးလို့ ပြေလည်သွားသူတွေကိုတော့
အတော်များများတွေ့ဖူးတယ်။ မြန်မာ့နိုင်ငံရေးလောကမှာ ပြေလည်မှုတွေက
တကယ်တမ်း ထိထိရောက်ရောက် ရှိသေးတာမဟုတ်ဘူး။ အချိန်မရွေး တင်းမာ
တဲ့အခြေအနေ ပြန်ရောက်သွားနိုင်တယ်လို့ခန့်မှန်းကြတယ်။

(ခွေးနိုင်ငံရေး)

မြန်မာ့နိုင်ငံရေးလောကသားတွေ (စစ်တပ်အပါအ၀င်) ခွေးတွေမွေးကြရင် ကောင်း
မယ်။ သူ့ခွေးကိုယ့်ခွေး ချစ်ခင်ရင်းနှီးရာက အစိုးရနဲ့အတိုက်အခံတွေကြားမှာ ရင်း
နှီးမှုတွေ တိုးလာနိုင်တယ်။ ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့အမျိုးသားပြန်လည်
သင့်မြတ်ရေးအတွက်လည်း ခွေးမွေးကြည့်ကြဖို့တိုက်တွန်းချင်တယ်။ လွှတ်တော်
ထဲမှာ နိုင်ငံရေးအကြောင်းပြောဆိုရတာ အဆင်မပြေရင်လည်း ခွေးအကြောင်းပြော
ပြီး ပြေလည်မှုကိုရှာကြပေါ့။

ခွေးတွေက လူရာဝင်လာပြီဆိုတော့ လူတွေနဲ့လုပ်ရတာအဆင်မပြေရင် ခွေးတွေ
ကိုပဲ လွှတ်တော်တက်ခိုင်းရင် တက်ခိုင်းပေါ့။ လွှတ်တော်မှာလူတွေတက်ပြီး လက်
ညိုးထောင် ခေါင်းညိမ့်လုပ်နေတာထက် ပိုပြီးအလုပ်ဖြစ်မလားပဲ။ စမ်းကြည့်သင့်တယ်။ မြန်မာအဘိဓါန်အဆိုအရ ခွေးဇတ်ခင်းတယ်ဆိုတာ အောက်တန်းကျတာ။ ယုတ်နိမ့်
တဲ့အခြေအနေကို ရောက်တာ။ ယုတ်နိမ့်တဲ့အခြေအနေကို ရောက်အောင်လုပ်တာ
ကို ခေါ်တယ်။ လွှတ်တော်မှာခွေးတက်တာ ခွေးဇတ်ခင်းခြင်း မဟုတ်။

ခွေးအခြေပြု လူမှုအဖွဲ့အစည်းတွေ မြန်မာပြည်မှာ များများပေါ်လာရင် ခွေးဆိုင်ရာ သဘောထားအမြင်တွေလည်း ပြောင်းလဲလာနိုင်တယ်။ မြန်မာပြည်မှာ ခွေးဖြစ်ရတာ
လည်း ခွေးတွေအတွက်ဂုဏ်ယူစရာဖြစ်လာမယ်။ လူ့အခွင့်အရေးတွေ မရခင်စပ်ကြား
မှာ ခွေးအခွင့်အရေးတွေရအောင် လေ့ကျင့်ရာလည်းရောက်မယ် မဟုတ်ပါလား ။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, July 21, 2012

အခါကြီးရက်ကြီးနိုင်ငံရေး















မြန်မာပြည်အတွက် ဒီမိုကရေစီက ဘယ်ချောင်မှာကပ်နေမှန်း  မသိ ။
အစိုးရကတော့ ဒီမိုကရေစီကို သွားမယ်တကဲကဲ။ ပြုပြင်ပြောင်းလဲရေး
လုပ်မယ်တသည်းသည်း ပြောနေလေရဲ့။ ဒီမိုကရေစီရေးအစဉ်တစိုက်
လှုပ်ရှားခဲ့သူတွေကိုတော့ တန်ဘိုးထားပြီး နေရာပေးဆက်ဆံတာတွေ မရှိ။
ဒီမိုကရေစီကိုသွားရာလမ်းက ရှည်လျှားကွေ့ကောက်။ ခလုပ်ကန်သင်းက
ပေါ။ အန္တရယ်က များ။ လမ်းခရီးမှာ ရန်သူလား မိတ်ဆွေလား ကွဲကွဲပြားပြား
မသိနိုင်သူတွေကလည်း မနည်းမနော။

ရှုပ်ထွေးရှည်လျှားတဲ့ခရီးတလျှောက်မှာ အမှတ်တရဖြစ်စေမယ့် နေ့ရက်
တွေကလည်း များသထက်များလာ။ အခုတလောမှာပဲ မေ၃၀ ဒီပဲယင်းအရေး။
ဇူလိုင်၇ရက် ကျောင်းသားသမဂ္ဂအရေး။ ဇူလိုင်၁၉ရက် အာဇာနည်နေ့။ မကြာ
မီလာမည်တွေက ရှစ်လေးလုံးနှစ်ပတ်လည်။ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု
နှစ်ပတ်လည်။ အဲဒီနေ့တွေမှာဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အခုအစိုးရမင်း
များ စစ်သားဖြစ်စဉ်အခါက ဘယ်လို သဘောထားခဲ့ကြသလဲဆိုတာ ကလေး
တင်မက ခွေးပါအသိ။

လူထုလှုပ်ရှားမှုတွေကို ရက်ရက်စက်စက် နှိမ်နင်းချေမှုန်းခဲ့ကြတဲ့စစ်သားတွေက
အရပ်ဝတ်လဲပြီး ဒီမိုကရေစီတဗူးဗှုးမှုတ်တော့ မူလက ဒီမိုကရေစီရေး ဘ၀ပေးပြီး
လုပ်ခဲ့ကြသူတွေက ကြောင်အမ်းအမ်းဖြစ်ရပေါ့။ မယုံတ၀က် ယုံတ၀က်ဖြစ်ရပေါ့။
တချို့တွေကတော့ ယုံတာ တ၀က်ကျော်ပုံပေါက်။ အပြည့်အ၀ယုံသူတွေလည်း ရှိ
ပုံရ။ တ၀က်တောင်မယုံတဲ့အပြင် တစက်တောင် မယုံတဲ့သူတွေလည်း ရှိနေကြ။

ယုံကြည်မှုတွေရှိလာအောင် လုပ်နည်းတွေက အမျိုးမျိုးရှိ။ အခုအစိုးရဟာ ဒီမိုက
ရေစီသမားတွေကို ဘယ်လောက်အထိ လွတ်လပ်ခွင့်ပေးသလဲ။ ဒီမိုကရေစီလှုပ်
ရှားမှုတွေကို ဘယ်လောက်အထိ အသိအမှတ်ပြုသလဲ။ ပြီးခဲ့တဲ့ကာလက အနှိမ်
နင်း အရက်စက်ခံခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အသိအမှတ်ပြုသလား။ ကျူးလွန်ခဲ့တဲ့အမှားတွေကို ၀န်ခံသလား။ နစ်နာသူတွေကို ဘယ်လိုဆက်ဆံသလဲ။
ကျူးလွန်ခဲ့သူတွေကို ဘယ်လိုအရေးယူသလဲ။

ဒီအစိုးရရဲ့သဘောထားအမှန်ကို ပြည်သူအများ ရှင်းရှင်းလင်းလင်းသိနိုင်အောင်
ဒီမိုကရေစီရေးလှုပ်ရှားမှုဆိုင်ရာ အထိမ်းအမှတ်နေ့တွေရောက်တိုင်း ဒီမိုကရေစီ
လိုလားသူတွေက အကဲစမ်ဖေါ်ထုတ်ရင်ကောင်းမယ်။ ပြည်သူတွေကို မလှိမ့်တ
ပတ်နဲ့ အုပ်ချုပ်နေတဲ့အစိုးရကို မလိုလားတဲ့အကြောင်း ပြသနိုင်မှ တော်ခါကျမယ်။

လာမယ့် သြဂုတ်လ ရှစ်ရက်နေ့ကျရင် မြန်မာပြည်မှာ ဘာတွေဖြစ်မလဲ ဘယ်သူမှ
မသိနိုင်။ ထွေထွေထူးထူးလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လူထုလှုပ်ရှားမှုကြီးတွေ
ပေါ်ပေါက်လာတိုင်းလည်း ကောင်းတာမဟုတ်။ ညိမ်နေလို့လည်း ကိစ္စက မပြတ်။
သူတို့ခေါ်ရာနောက် စွတ်လိုက်နေလို့လည်း မဖြစ်။ သရုပ်မှန်ပေါ်အောင်တော့ လုပ်
မှ။ ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်အခန်းအနားတွေ အတိုင်းအတာတခု
အထိ ကျင်းပခွင့်ရလာမယ်ဆိုဦးတော့ ကျေနပ်စရာမဟုတ်။ ရှစ်လေးလုံးလူထုလှုပ်
ရှားမှုကိုလက်ရှိအစိုးရက ဘယ်လိုသဘောထားသလဲဆိုတဲ့ သူတို့ရဲ့စိတ်ရင်းမှန်ကို
ဖေါ်ထုတ်နိုင်မှသာ ဒီလူတွေနဲ့ဒီမိုကရေစီခရီး အတူနှင်လို့ ဖြစ် မဖြစ်ဆိုတာ တွက်
ဆနိုင်မှာ။

စစ်အစိုးရလက်ထက် ဟိုနေ့ဒီနေ့နိုင်ငံရေးနေ့တွေမှာ အဖွဲ့အစည်းတွေရဲ့အလွယ်
တကူထုတ်တဲ့ အထိမ်းအမှတ်နေ့ ကြေညာချက်တွေ၊ တောင်းဆိုချက်တွေ၊ ချိန်း
ခြောက်ချက်တွေ၊ ညှိုးတေးချက်တွေကို တွေ့ခဲ့ရတယ်။ ပြည်ပရောက်တွေကလည်း
မြန်မာသံရုံးတွေရှေ့မှာ အထိမ်းအမှတ်နေ့ဆန္ဒပြပွဲတွေလုပ်ခဲ့ကြတယ်။ လာမယ့်
ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ မှတ်မှတ်ရရဖြစ်အောင် ဘယ်လိုလုပ်ကြမယ် မသိ။
ဒီအစိုးရက ဒီမိုကရေစီကိုသွားမယ့်အစိုးရ ဟုတ် မဟုတ်ဆိုတာ ဒီမိုကရေစီအခါကြီး
ရက်ကြီးနေ့တွေမှာ ကြုံတုန်းသွေးတိုးစမ်းသင့်တယ်။ ဆန္ဒတွေပြဖို့လှုန့်ဆော်တာ
မဟုတ်။ သူတို့ရဲ့သဘောထား ဘယ်လိုရှိတယ်ဆိုတာ တရားဝင်မေးခွန်းထုတ်ဖို့ပါ။

မြန်မာပြည်သူတရပ်လုံးနဲ့တကမ္ဘာလုံးကို ၀မ်းမြောက်ဝမ်းသာဖြစ်အောင်လုပ်မယ်ဆို
ရင်တော့။ လက်ရှိအစိုးရက ရှစ်လေးလုံးလူထုလှုပ်ရှားမှု ဒီမိုကရေစီရေးလှုပ်ရှားမှုအဖြစ်
အသိအမှတ်ပြုပြီး မှားခဲ့တာတွေကို ၀န်ခံ။ တောင်းပန်။ ကျူးလွန်ခဲ့သူတွေကို အရေးယူ အပြစ်ပေးမယ့်အကြောင်းကြေညာ။ ဒီမိုကရေစီအင်အားစုတွေသာ တိုင်းပြည်အာဏာ
ကို ရထိုက်သူတွေလို့ အသိအမှတ်ပြု။

ဒီလိုတွေးကြည့်တာဟာ လက်တွေ့နဲ့ဝေးလွန်းတဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲလို့
အပြစ်တင်ကြမယ့်သူတွေ ရှိလိမ့်မယ်။ ရှစ်လေးလုံးလှုပ်ရှားမှုကို ဘယ်လိုနည်းနဲ့မှ မမေ့နိုင်သူတဦးအတွက်တော့ အခုလိုတွေးကြည့်တာက (စိတ်ကူးယဉ်တယ်ပဲ ဆိုဆို) မလွန်ဘူးလို့ဆိုရမယ်။

(ရုပ်ပုံ၊ ဂူဂလ်)