Thursday, December 24, 2009

အဖြူရောင် ခရစ္စမတ်









ရှေရှုခရစ်တော်ကို ဖွါးမြင်တာ ဒီဇင်ဘာ၂၅။ အေးမြတဲ့အချိန်။ နေရာက ဂျေရုဆလင်တ၀ိုက်
အရှေ့  အလယ်ပိုင်း ဒေသ။ ခြောက်သွေ့ တဲ့အရပ်။ ဆောင်းတွင်းကာလဆိုတော့ အဲဒီမှာ
နှင်းကျတယ်ပဲဆိုဦးတော့ အနည်းအကျဉ်းပေါ့။

ခရစ်ယန်ဘာသာဝင်တွေက ဥရောပနဲ့အမေရိကားမှာ အတော်များတယ်။ ဒီဒေသတွေရဲ့ 
ဆောင်းက နှင်းတွေနဲ့ဖွေးနေတတ်တာပါ။ သူတို့က ခရစ္စမတ်ကာလ နှင်းများကျပြီဆိုရင်တော့
အဲဒီခရစ္စမတ်ဟာ ရိုးရိုးခရစ္စမတ် မဟုတ်တော့ဘူးတဲ့ “အဖြူရောင်ခရစ္စမတ်” “White
Christmas” ပါတဲ့။ ပါတ်ဝန်းကျင် သဘာဝရှုခင်းကပါ ခရစ္စမတ်ကာလမှာပြောင်းလဲလာလို့
အေးမြဖွေးလှတဲ့ အခါတော်သမယ အထူး ကာလပါတဲ့ဗျား။

ရာသီဥတုဆိုတာကလည်း သိတဲ့အတိုင်း ပုံက မှန်တာမဟုတ်ဘူးလေ။ နှစ်တိုင်းအဖြူရောင်
ခရစ္စမတ် ဖြစ်ရတာ မဟုတ်ဘူးကိုး။ ခရစ္စမတ်ကာလ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေကျလာမှ
သာ “White Christmas” ဖြစ်ရတာကလား။ ခရစ်တော်ရေရှုတောင် အဖြူရောင်ခရစ္စမတ်
အကြောင်းသိသွားရှာမယ် မဟုတ်။ ခရစ်တော်ဖွါးမြင်ရာအရပ်က လူများလည်း အဖြူရောင်
ခရစ္စမတ်အကြောင်းနားလည် ခံစားနိုင်ဖို့လွယ်မယ်မထင်။

ကျွန်တော်တို့ချစ်လင်မယားကတော့ အမေရိကန်ကဒီနှစ် အဖြူရောင်ခရစ္စမတ်ကို ကောင်းကောင်း
ကြီးနားလည်ပြီး ခံစားခဲ့ကြရပါတယ်ဗျား။ ခရစ္စမတ်မတိုင်ခင်တပါတ်အလိုမှာ နှင်းမုန်တိုင်းကြီး
ကျခဲ့ပါရောလား။ မုန်တိုင်းလာမှာကို သတင်းမီဒီယာများကလည်းကြိုတင်အသိပေးရှာပါတယ်။
အန္တရာယ်ကြီးပုံကိုလည်းသတိပေးရှာပါတယ်။ ဒါပေတဲ့။ နှင်းတွေတဖွေးဖွေးကျနေတဲ့အထဲကို
တိုးဝင်ပြီး နှင်းတောထဲကိုလမ်းလျှောက်ချင်တဲ့စိတ်က ထိမ်းဖို့ခက်လှတယ်။ အထူးသဖြင့် ချစ်ဇနီး
က လွန်စွာမှပင် နှင်းပျော်ချင်သူပေတကား။ အပြင်ထွက်မယ် တကဲကဲလုပ်နေပါရော။

နောက်ဆုံးတော့ နှစ်ယောက်သား နှင်းတောထဲကိုရောက်ခဲ့ပါရောလား။ ပျော်စရာတော့ အကောင်း
သားဗျ။ အနီးစပ်ဆုံးဥပမာပေးရရင် မြန်မာပြည်မှာ မိုးရွာထဲလမ်းထွက်လျှောက်သလိုပ။ နှင်းတွေက
မိုးတွေလိုစိုရွှဲနေတာမဟုတ်တဲ့အပြင် ဗွက်လည်းမထဘူးဆိုတော့ ပိုလျှောက်လို့ကောင်းသပေါ့ဗျာ။
နှင်းကျတယ်ဆိုပေတဲ့ အေးစက်နေတာတော့မဟုတ်လေဘူး။ လမ်းလျှောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်
ကိုယ်ပေါ်မှာတင်လာတဲ့ နှင်းတွေကိုခါချလိုက်နဲ့ အိမ်နားက ဘူတာရုံကိုရောက်ခဲ့ပါလေရော။ နှင်းတွေ
က ၇လက်မလောက်ရှိနေပြီ။

မုန်တိုင်းရှိလို့ လမ်းမှာ ကားအသွားအလာမရှိတော့ပေမယ့် ရထားကတော့ဆွဲနေသဗျ။ အဲဒါနဲ့နှစ်ယောက်
သားရထားစီးကြပါလေရော။ ကုန်တိုက်ကြီးတခုရှိရာ ဘူတာအထိ။ ကုန်တိုက်ထဲမှာ စားလိုက်၊ သောက်
လိုက်၊ ငေးလိုက်လုပ်နေရင်း ဆိုင်တခုအရောက်မှာ ဈေးသည်က မင်းတို့ ကားနဲ့လာကြတာလားလို့မေး
ပါတယ်။ မဟုတ်ဘူးလို့ပြောတော့ ရထားနဲ့ဆိုရင်တော့ နောက်ကျ သွားလောက်ပြီ။ နေ့လည်တနာရီမှာ
ရထားတွေရပ်ကုန်ပြီလို့သတင်းတွေမှာကြေညာနေတယ်တဲ့။ နှင်းမုန်တိုင်းက ဆိုးလာနေလို့တဲ့။“ဟိုက်” ။

နာရီကိုကြည့်တော့ တနာရီခွဲနေပြီ။ ဘူတာရုံကိုအမြန်ပြေးတော့ ရထားက မြေအောက်ဘူတာ တွေကိုပဲ
ဆွဲတော့တယ်။ မြေပေါ်ဆိုရင် ရပ်နေပြီတဲ့။ အိမ်က မြေအောက်နဲ့မြေပေါ်နှစ်မျိုးပြောင်းစီးမှ ရောက်တာ။
ဒုက္ခနဲ့လှလှနဲ့တွေ့ ကြပြီ။ နောက်ဆုံးတော့ တဘူတာရှေ့ တိုးလည်း မနည်းဘူးဆိုပြီး အိမ်ဘက်ကို မြေ
အောက်တဘူတာစီးလိုက်ကြတယ်။ ရထားကအဲဒီမှာတင် ဂိတ်ဆုံးသွားတယ်။ ဘာဆက်လုပ်ရမလဲလို့
ဘူတာအရာရှိကိုမေးတော့ မြေပေါ်တက်ပြီး အငှားကားရှာစီးပေတော့တဲ့။

ဘူတာရုံပေါက်ကိုတက်သွားတော့ ကိုယ့်လိုလူတွေ မျက်ကလူး ဆန်ပျာနဲ့ ကားလမ်းမကို ငေးလို့။ လမ်း
မပေါ်မှာက နှင်းတွေကလွဲလို့ ဘာမှမရှိ။ တချက်တချက်ရောက်လာတဲ့ကားက ရဲကား။ သူတို့ကလည်း
ရာသီဥတုဆိုးတယ် သတိထားဆိုတာကလွဲပြီး ဘာအကူအညီမှ မပေးကြ။

ဒီလိုနဲ့ဘ၀တူအချင်းချင်းတိုင်ပင်ကြပြီး အနီးဆုံးလမ်းစုံကျတဲ့ မြေအောက်ဘူတာအထိလမ်း လျှောက်
ကြစို့လို့ ရဲရဲဝင့်ဝင့် ဆုံးဖြတ်လိုက်ကြတယ်။ ရဲရဲဝင့်ဝင့်လို့သာပြောရတာ စိတ်ထဲမှာတော့ တထင့်ထင့်။
နှင်းတွေက ကျနေတာတပေကျော်နေပြီ။ လေနဲ့အတူလွင့်နေတဲ့ နှင်းမှုန်တွေက မျက်နှာကိုလာရိုက်
တာ အိမ်ကအထွက်တုန်းကထက် ပိုပြင်းနေပြီ။ ကိုယ်တယောက်ထဲမှ မဟုတ်ပဲ အဖေါ်တွေလည်း
ပါတာပဲလို့ အားတင်းပြီး နှင်းတောထဲတိုးခဲ့တယ်။ ကိုယ်ကသာ စိုးရိမ်နေတာဗျား။ ချစ်ဇနီးကတော့
ပျော်လို့ နှင်းတောထဲမှာ ခုန်ဆွခုန်ဆွနဲ့။ သီချင်းတောင်မှ ဆိုနေလိုက်သေး။

မုန်တိုင်းခရီးဖေါ်တွေထဲမှာ အသက်ဂျာမန်မလေး တယောက်။ လက်တင်အမေရိကား နိုင်ငံတွေက
လူငယ်အမျိုးသားခြောက်ယောက်နဲ့ ကျွန်တော်တို့ ရွှေလင်မယားနှစ်ယောက် စုစုပေါင်း သူရဲကောင်း
ကိုးယောက် နှင်းမုန်တိုင်းထဲမှာ တရွေ့ ရွေ့ ခရီးနှင်ခဲ့ကြပါတယ်။ အဝေးပြေးကား လမ်းမပေါ်မှာ
ရဲကားတချို့ တလေကလွဲပြီးဘာမှမရှိ။ နေ့လည်ခင်းဆိုပေတဲ့ နှင်းတွေသိပ်ပြီးကျနေတော့ ပါတ်ဝန်း
ကျင်တခုလုံး မှုန်ဝါးဝါး။

လမ်းလျှောက်တာ နာရီဝက်ကျော်ကြာလာတော့ ရှေ့ က သွားနှင့်ကြတဲ့ ကိုယ်လိုဘ၀တူ လူတသိုက်နဲ့
ဘွားကနဲသွားဆုံပါတယ်။ တခြားအချိန်ဆိုရင် နှုတ်ဆက်ဖို့ နေနေသာသာ ပြုံးပြမှာ တောင်မဟုတ်ပေ
မယ့်။ အခုကျတော့လည်းမိတ်ရင်းဆွေရင်းတွေပမာ ဖေးဖေးမမနဲ့နှုတ်ဆက်ကြလို့။ လမ်းမမှားအောင်
လည်းသတိတွေပေးကြလို့။ မုန်တိုင်းထဲက နွေးထွေးမှုဆိုပါတော့။

နောက်ဆုံးမှာတော့ အိမ်ကိုပြန်ရောက်ကြတယ်ပေါ့ဗျာ။ နှင်းမုန်တိုင်းထဲ နှစ်နာရီလောက်လမ်း လျှောက်
လိုက်ရတယ်။ မသေကောင်း မပျောက်ကောင်းလို့ပြောရင်လည်း ရမယ်ထင်တယ်။ နှင်းတွေလည်း
တပေကျော်ကျော်ကျပြီးမုန်တိုင်းရပ်သွားပါတယ်။တချို့  နေရာတွေဆို နှစ်ပေလောက်ကျတာပါ။
အခုချိန်ထိကျထားတဲ့နှင်းတွေကဒီအတိုင်းခဲနေတုန်းပဲ၊ဖွေးနေတုန်းပဲ။ ခရစ္စမတ်နေ့ကျော်တဲ့အထိ
ဖွေးနေဦးမယ့်နှင်းတွေပေါ့။ ကိုင်း။ အားလုံးပဲမဲရီးခရစ္စမတ်ပါဗျား။ ဘုရားသခင် ကျန်းမာပါစေ။

(ဓါတ်ပုံ၊ကိုယ်တိုင်ရိုက်)

Sunday, December 20, 2009

နှင်းမုန်တိုင်း









ကိုယ်ပိုင်အဓိပ္ပါယ်သီးခြားစီရှိတဲ့ ဝေါဟာရနှစ်ခုပေါင်းလိုက်ရင် သီးသန့်အဓိပ္ပါယ်သစ်တမျိုး ထပ်ပြီးထွက်လာတတ်တာလူတိုင်းသိကြပါတယ်။ ဥပမာ။ ကျားသားမိုးကြိုး၊တောင်သူကြီး၊၊
သင်္ဘောဆေး၊ ယောက်ဖခွေးခေါ်ဆိုတာမျိုးလိုပေါ့။ အခုလည်း နှင်းမုန်တိုင်းပါတဲ့။
နှင်းပွင့်၊နှင်းမှုန်၊ နှင်းဖတ်တွေ လေပြင်းနဲ့အတူ တဝေါဝေါ၊ တ၀ုန်းဝုန်း တိုက်ခတ်တာကို
ခေါ်ပါတယ်။

ရုပ်မြင်သံကြားမိုးလေ၀သ သမားတွေက မှန်တဲ့အခါလည်း တကယ်မှန်တတ်ပါတယ်။
မိုးလေ၀သသိချင်ရင် သူတို့ကလွဲပြီး တခြားအားကိုးစရာကလည်း အလွယ်တကူမရှိဘူး
မဟုတ်လား။ ဒီဆရာတွေရဲ့ အဟောနဲ့ ချင့်ချိန်နေထိုင်နေကြရတာကိုး။

အဟုတ်ပဲဗျို့ ။ သူတို့ကြိုတင်ဟောတဲ့အတိုင်း နှင်းမုန်တိုင်းကြီးတိုက်လာပါလေရော။
အချိန်နာရီလည်း မှန်သပါ့။ နှင်းတွေကျရင် တပေလောက်အထိကျလိမ့်မယ်ဆိုတာကလည်း
ဟုတ်သပါ့။ ဘယ်အချိန်မှာ အရှိန်ပြင်းပြီး ဘယ်အချိန်ကျရင် ရပ်သွားမယ်ဆိုတာကလည်း
ကွက်တိ။

မြန်မာပြည်များကျတော့လည်း နာဂစ်ကြီးလာလိမ့်မယ်ဆိုတာ ကပ်ပြီးမှသိရသတဲ့။ သိတော့
လည်း မဟာမီဒီယာများက အမှုမဲ့အမှတ်မဲ့ဆိုလား အသိမပေးနိုင်ကြရှာဘူး။ နောက်ဆုံးမတော့
အားလုံးသိတဲ့အတိုင်း ခံရတာပဲပေါ့။ ဇတ်သိမ်းတော့ ရွှေဘပဲအနိုင်ရသွားတာပေါ့။

ရွှေဘဆိုလို့ လမ်းကြုံတုန်း သဝေထိုးလိုက်ပါဦးမယ်။ ဒီကနေ့ခေတ် လူငယ်မောင်မယ်များ
ရွှေဘကိုဘယ်သိနိုင်တော့မတုံး။ မင်းသားကြီးရွှေဘပဲ ကွယ်လွန်တာကြာခဲ့ပေါ့။ ဆိုတော့
သိတဲ့သူများသည်းခံပြီး မသိတဲ့သူများ နာခံလော့။

ရွှေဘဆိုတာက ၁၉၆၀တ၀ိုက်ကစပြီး နာမည်ကြီးလာတဲ့ ဗလကောင်းကောင်းနဲ့ အထိုးအကျိပ်
အသတ်အပုတ်ကောင်းတဲ့ အက်ရှင်မင်းသားကြီးပေါ့။ လူဆိုးလူကြမ်းတွေ ဘယ်လောက်ဆိုးဆိုး
ကြမ်းကြမ်း ရွှေဘနဲ့တွေ့ လို့ကတော့ ခံရပြီသာမှတ်။ ထားပါတော့။ နှင်းမုန်တိုင်းဘက်
ပြန်လှည့်ကြပါစို့။

အေးတဲ့တိုင်းပြည်တွေမှာဆောင်းရာသီဆိုရင် နှင်းကျတာမဆန်းဘူး။ ဒါပေမယ့် နှင်းမုန်တိုင်းကျရင်
ဆန်းတယ်။ ဆန်းတယ်ဆိုတာက နှင်းမုန်တိုင်းကျရင် သွားလို့လာလို့မရတော့ဘူး။ အသက်အန္တရယ်
ရှိလာပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်တတ်တယ်။ မြေအောက်ရထားကလွဲရင် မြေပေါ်သွားယာဉ်တွေ
အကုန်ရပ်ကုန်တယ်။ လေယာဉ်တွေလည်း မထွက်နိုင်တော့ဘူး။ သင်္ဘောတွေလည်း မထွက်ရဲတော့ဘူး။

တဦးနဲ့အဦး အဆက်အသွယ်တွေပြတ်တောက်သွားတော့ အာဏာပိုင်အဖွဲ့ အစည်းတွေက နှင်းမုန်တိုင်း
ဟေ့ ဆိုတာနဲ့ စစ်ဆင်ရေးတခုလိုပြင်ရဆင်ရတော့တာပဲ။ စစ်တပ်ကလည်း ပြင်ထားရတယ်။ ရဲတွေ၊
မီးသတ်တွေကတော့ ရှေ့ ထွက်မင်းသားတွေပေါ့။ သူတို့နဲ့မနိုင်မှ စစ်တပ်ကထွက်ရတယ်။ အခြေအနေ
ဆိုးရင် နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ရတဲ့အထိဆိုးတတ်တယ်။ ဘယ်အချိန်ကနေ
ဘယ်အချိန်အထိ အိမ်အပြင်ကိုဘယ်သူမှမထွက်ရ။ အန္တရယ်ကြီးတယ် ဆိုတာမျိုးကိုပြောတာပါ။

ဒီဇင်ဘာလ၁၉ရက်နေ့က အမေရိကန်အရှေ့ ခြမ်း နယူးယော့ခ်၊ဘော်စတွန်နဲ့ ၀ါရှင်တန်ဒီစီမြို့ တွေမှာ
မီဒီယာတွေပြောထားတဲ့အတိုင်းပဲ နှင်းမုန်တိုင်းကြီး တိုက်ခဲ့ပါတယ်ဗျား။ သူတို့ပြောသလိုပဲ နာရီနှစ်ဆယ်
နီးပါးတိုက်ပြီး ရပ်သွားပေလို့ပေါ့။ နှင်းတွေတပေကျော်ကျော်ကျပြီး ရပ်သွားပေလို့ပေါ့။ ဒီ့ထက်ဆိုးရင်တော့
ဒီ့ထက်ဆိုးဖို့ပဲရှိတော့မယ်။

နှင်းမုန်တိုင်းကျလို့ အပြင်ကိုမထွက်ကြပါနဲ့ ထွက်ရင်လည်း အထူးသတိထားပြီးသွားကြပါ။ ကားမောင်းတဲ့
သူများ သတိကြီးကြီးထားကြပါ။ ဘီးလေးဘီးလုံးယက်တဲ့ ကားမျိုးနဲ့ပဲသွားကြပါဆိုပြီး ဒီကမီဒီယာများက
တခြားသတင်းတွေကိုရပ်ပြီး ဒါကိုပဲ တဖွဖွမှာနေကြတာပါ။ သောကြာနေ့ည။ ဒီဇင်ဘာ ၁၈ရက်နေ့ ညပိုင်း
ကတည်းက ကျလိုက်တဲ့နှင်း စနေနေ့ညနေစောင်းတဲ့အထိ။ တနယ်လုံးတခွင်လုံး ဖွေးဖွေးကိုလှုပ်လို့။

ဒီလောက်လူကြီးတွေ သတိတွေပေးနေတဲ့ကြားက အညိမ်မနေနိုင်ပဲ ကျွန်တော်များဇနီးမောင်နှံ မုန်တိုင်း
ကြားထဲထွက် “ကဲ” ကြတဲ့အကြောင်း “ အဖြူရောင်ခရစ်စမတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ နောက်ပိုင်းဆက်
ရေးပါဦးမယ်။ အားလုံးကျန်းမာကြပါစေ။

(ဓါတ်ပုံက ကိုယ်တိုင်ရိုက်ပါဗျား။ မုန်တိုင်းတိုက်တိုက်ပြီး ဆယ်နာရီလောက်အကြာမှာရိုက်တာပါ။)

Tuesday, December 1, 2009

ဒီဇင်ဘာရှင်းတမ်း









ကြီးကြီးကျယ်ကျယ်တွေရေးတော့မယ်လို့တော့ မထင်လိုက်ကြပါနဲ့။ အရှုပ်
တော်ပုံတွေကို ရှင်းမလို့မဟုတ်ပါဘူး။ နိုဝင်ဘာလက စာမရေးဖြစ်တဲ့ အကြောင်း
ပြောမလို့ပါ။ ဘာကြောင့်မရေးဖြစ်သလဲဆိုတော့ ထုံးစံအတိုင်း ပျင်းလို့ပါပဲ။ အဲဒီ
အကြောင်းကို ဒီဇင်ဘာကျမှရှင်းပြတာမို့ အခုလိုခေါင်းစဉ်တတ်လိုက်တာပါခင်ဗျား။
(အရင်စိတ်ကူးက တလ တပုဒ်တော့ အနည်းဆုံးဖြစ်အောင်ရေးမဟဲ့လို့ အားခဲထား
လို့ပါ။)

ဆောင်းကာလရောက်လာပြန်လေတော့ ကျုပ်တို့ရောက်နေတဲ့အရပ်မှာ သစ်ရွက်
များက ကြွေရှာပါလေတယ်။ ဘယ်ကိုပဲကြည့်ကြည့် သစ်ရွက်တွေကလေထဲမှာ ၀ဲလို့။
ရောင်စုံသစ်ရွက်များ အနှေးကြွေပြနေပုံက တချက်တချက် အသက်ရှုဖို့ မေ့မတတ်
စွဲဆောင်လှပေတယ်။ သစ်ရွက်ကြွေဇတ်လမ်းတွေကို လူအများက မရိုးနိုင်အောင်
ရေးဖွဲ့ ခဲ့ကြပြီ။ ကြည့်လို့သိပ်ကောင်းတယ်လို့သာမှတ်လိုက်ကြပေရော့ ပရိတ်သတ်
ကြီးရေ။

ကျုပ်တို့ဇာတိမြေမှာက နွေအခါကျမှပဲ သစ်ရွက်တွေကြွေတာကိုး။ နွေအကူးမှာ
လေရူးနဲ့အတူ လွင့်မျောနေတဲ့သစ်ရွက်တွေကို ငယ်ဘ၀က အကြိမ်ကြိမ်ငေးကြည့်
ခဲ့ဖူးပါရဲ့ ။ အဲဒီမြင်ကွင်းကလည်း ရူးလောက်ပေတယ်။ နွေကျောင်းပိတ်ချိန်ကိုး
ကျောင်းအမရဲ့ ။

ဒါနဲ့ပဲ ဗစ်တာခင်ညိုရဲ့  “နွေ” ဆိုတဲ့သီချင်းကို အမြန်ထဖွင့်လိုက်ရပါတယ်။

စနေ၊တနင်္ဂနွေအားလပ်ရက် မနက်ခင်းတချို့ မှာ လေ၀ဲလွင့် ရောင်စုံသစ်ရွက်တွေကို
ငေးကြည့်ရင်း။ အေးစက်တဲ့အမေရိကန်ဆောင်းကို စောင်ထူထူနဲ့ ခုခံရင်း။ ပြုတင်း
ပေါက်က ဆောင်းမြင်ကွင်းကို နွေဆိုတဲ့သီချင်းနဲ့ကွေးရင်း နွေးရတဲ့အရသာ ကောင်း
လှကြောင်းကို မိတ်ဆွေများထံ မျှဝေလိုက်ရပါတယ်ဗျား။

နွေရောက်ပြီလေ….
ရိုးတန်ကျဲကျဲ…..
ပင်အိုတို့ အလှချင်းလည်းပြိုင် ။

လေရူးလေးအဝှေ့ ….
ရွက်ဝါတွေ လိပ်ပြာတွေရယ်
အကချင်း ပြိုင်နေသလိုပင်……။

မြန်မာနွေသီချင်းနဲ့ အမေရိကန်ဆောင်း။ ကြောင်တောင်တောင်တော့အနိုင်သား။
သို့ပေတဲ့ တတ်နိုင်ဘူး ရှင်မရေကြုံရာကားနဲ့ မှီအောင်သာ လိုက်ခဲ့ရတာပ။ ဒီလို
နေထိုင်နည်းတွေနဲ့ နေသားကလည်း ကျလာနေပြီထင်ပါရဲ့ ။

အားလုံးကျန်းမာကြပါစေဗျား။


(ရုပ်ပုံ ။ ကိုယ်တိုင်ရိုက် )

Monday, October 26, 2009

သေမှခင်တဲ့သူ
















ကဗျာဆရာအောင်ဝေးက ဖုန်းဆက်လာပါတယ်။ နီကိုရဲအတွက် တခုခု
လုပ်ကြရအောင်ကွာတဲ့။ ကိုရဲဝင်း (နီကိုရဲ) နဲ့ပါတ်သက်ပြီး ဘာလုပ်ရမှန်း
မသိပါ။ သူ့အိမ်ကိုဖုန်းဆက်ပြီး စိတ်မကောင်းဘူးဗျာလို့ ပြောရမှာလား။
အမှတ်တရ အစီအစဉ်တခုခုနဲ့ အများသိနိုင်အောင် လုပ်ရမှာလား။ တခုခု
လုပ်သင့်တယ်လို့တော့ ထင်ပါတယ်။ ဘာလုပ်ရမှန်းမသိတာက ခက်တယ်။
တော်ယုံတန်ယုံလောက်နဲ့တော့ မလုပ်ချင်ဘူး ကိုရဲဝင်းရယ်။ ခင်ဗျားကို
ကျွန်တော် အဆက်အသွယ် အကြာကြီးဖြတ်ထားမိတယ်။ ဆောရီးပဲ ကိုရဲ
ဝင်းရယ်။

ကျောင်းတုန်းက အကြောင်းတွေ။ ခင်ဗျားတို့ရဲ့ ရပ်ကွက်လေး။ ကျွန်တော်
တို့ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်ခန်းတွေ။ ခင်ဗျားကြိုက်တဲ့ ဂျက်တံဆိပ်
ဆေးပေါ့လိပ်။ သင်္ဃန်းကျွန်းဘူတာ။ မအိပ်ပဲပြောကြတဲ့ အနုပညာညတွေ
အကြောင်း ပြန်စဉ်းစားမိတယ်။ ပျော်စရာကောင်းတဲ့အချိန်တွေ၊ စိတ်လှုပ်
ရှားဖို့ကောင်းတဲ့အချိန်တွေအကြောင်း ခင်ဗျားမရှိတော့မှ စဉ်းစားရတာ
ဝမ်းနည်းစရာကြီးဗျာ။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ဗျာ။ နောက်တွေ့ ကြတဲ့အခါ
ဆက်ပြောကြတာပေါ့။ ကိုရဲဝင်း ကျန်းမာပါစေ ။

( စာရေးဆရာ နီကိုရဲ အောက်တိုဘာ ၂၃ရက် ရန်ကုန်မှာ ကွယ်လွန်ပါတယ်။
အသက်၄၃နှစ်ပါ။)

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, September 21, 2009

NGO အငြင်း












အခုတလော ၀မ်းသာဖို့ကောင်းတဲ့ကိစ္စတခုကတော့ NGO လုပ်ငန်းတွေနဲ့ပါတ်သက်ပြီး
အငြင်းအခုံလုပ်လာကြတာပါပဲ။ လူထုစိန်ဝင်းက မြန်မာပြည်တွင်းထုတ် ဂျာနယ်တစောင်
မှာ NGOနဲ့ပါတ်သက်တဲ့သူ့အမြင်ကိုရေးသားပါတယ်။ အောင်သူငြိမ်းက ပြည်ပကနေ
လူထုစိန်ဝင်းရဲ့ NGO ဆောင်းပါးကို ဘလော့ဂ်ကတဆင့် တုံ့ပြန်ပါတယ်။ဘလော့ဂါ
မင်းဒင်ကလည်း ဒီအရေးမှာသူ့အမြင်ကိုထည့်ပြီး ပါဝင်ဆွေးနွေးလာပါတယ်။ ယဉ်ယဉ်
ကျေးကျေးနဲ့ငြင်းခုံ၊ အပြုသဘောနဲ့ဆွေးနွေးလာကြတာကိုမြင်ရလို့ တကယ်ပဲ ပီတိဖြစ်
ရပါတယ်။ ဒါတွေဟာ မြန်မာ့လူ့အဖွဲ့ အစည်း အတွက်လိုလားအပ်တဲ့ငြင်းခုံမှုမျိုးပါ။
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ခင်ဗျား။

NGO ကိစ္စဟာ အငြင်းပွါးစရာပါ။ ကမ္ဘာမှာလည်းဒီကိစ္စကို အငြင်းပွါးနေကြတုန်းပါ။
ကျွန်တော်တို့လည်း အငြင်းဝင်ပွါးရမယ့်ကိစ္စပါ။ အစိုးရမဟုတ်တဲ့လူထုအခြေပြုအဖွဲ့ 
အစည်း NGO လုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အရှိန်ရစပြုလာ
နေတဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတခုပါ။ ပြည်တွင်းပြည်ပက မြန်မာတွေလည်းဒီ NGO
လုပ်ငန်းတွေနဲ့ကင်းကွာပြီးမနေနိုင်တော့ပါဘူး။ ဆက်စပ်ပါတ်သက်လာနေရပါပြီ။
အခုကျွန်တော်တို့ခေတ်ကNGO ထွန်း ကားတဲ့ခေတ်လို့ပဲပြောရတော့မှာပါ။ ဒါကြောင့်
NGOအကြောင်း ဆွေးနွေးငြင်းခုံတာဟာ လုပ်ရမယ့်အလုပ်ကို လုပ်နေတာပါပဲ။

ဘယ်ကိစ္စမဆို ရှုထောင့်အစုံက အမြင်အမျိုးမျိုးနဲ့ သုံးသတ်ကြဖို့လိုပါတယ်။ ဒီအမြင်
တွေကို ပွင့်ပွင့်လင်းလင်း၊ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးငြင်းခုံကြဖို့လိုပါတယ်။ အမြင် မတူတာတွေရှိလိမ့်မယ်ဆိုတဲ့ သဘာဝကိုလည်းရင့်ကျက်တဲ့အသိနဲ့ လက်ခံထား
ကြဖို့လိုပါတယ်။ ဒါမှလည်း အကြောင်းအရာတခုနဲ့ပါတ်သက်ပြီး ကျေကျေလည်လည်
နားလည်လာနိုင်မယ်။ သဘောတူညီမှုတွေရလာနိုင်မယ်။ သဘောကွဲလွဲမှုတွေရှိလာ
ရင်လည်း ဘယ်အချက်မှာမတူကြသလဲ၊ ဘာကြောင့်မတူရသလဲဆိုတာကို ရှင်းရှင်း
လင်းလင်းသိမြင်လာကြမယ်။ ဒါတွေဟာ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့ အစည်းမှာ
အရေးတကြီးလိုအပ်နေတဲ့ အတွေ့ အကြုံကောင်းတွေပါပဲ။

ဘယ်ကိစ္စမဆို အကောင်းချည်းသက်သက် (ဒါမှမဟုတ်) အဆိုးချည်းသက်သက်
မရှိနိုင်ပါဘူး။ NGOလုပ်ငန်းလည်း ဒီလိုပါပဲ။ NGOလုပ်ငန်းရဲ့ ရည်ရွယ်ချက်က
"မူ အရ" ကောင်းတယ်ဆိုပေမယ့် မူကို အကောင်အထည်ဖေါ်တဲ့ "လူ"က မကောင်း
ရင် လုပ်ငန်းနာမည်ပျက်တတ်ပါတယ်။ NGOလုပ်ငန်းတချို့ နာမည်ပျက်တာ လူ
တွေကြောင့်ပါ။ မြင်နေ၊ကြားနေရပါတယ်။ နာမည်ကောင်းရတဲ့ NGO တွေကိုလည်း
ကြားနေ၊တွေ့ နေရတာပါပဲ။ ကောင်းဖို့အတွက် သတိထားစရာတွေရှိသလို၊ မကောင်း
တာမဖြစ်ရအောင်လည်း သတိထားစရာတွေရှိပါတယ်။ ဒါတွေကိုသတိပေးနေကြရ
မှာကတော့မီဒီယာ သမားတွေရဲ့ တာဝန်ပါပဲ။

အခုလည်း ဆရာလူထုစိန်ဝင်း၊ ကိုအောင်သူငြိမ်းနဲ့ ကိုမင်းဒင်တို့က သူတို့ရဲ့ အသိ
အမြင်တွေနဲ့ NGO လုပ်ငန်းတွေကို စည်းလွတ် ၀ါးလွတ်မဖြစ်ရအောင် တာဝန်သိ
သိနဲ့ သတိတွေပေးနေကြတယ်လို့ ကျွန်တော်သဘောပေါက်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ
တယောက်နဲ့တယောက် ညဏ်ပညာပြိုင်ပြီး ရန်ဖြစ်နေကြတာမဟုတ်ပါဘူး။ စာဖတ်
သူတွေ၊ လေ့လာသူတွေအနေနဲ့လည်း ဘယ်သူကဖြင့် ဘယ်သူ့ကို ဘယ်လိုဆော်
လိုက်ပြီဟေ့ဆိုတဲ့ ရန်ပွဲကြည့်ချင်သူပုံစံနဲ့ အားမပေးသင့်ပါဘူး။ ပိုကောင်းတဲ့အခြေ
အနေတခုရလာအောင် ၀ိုင်းကြိုးစားနေတယ်လို့မြင်ပြီး အားပေးကြမယ်ဆိုရင်
ဝမ်းသာစရာပါ။

တိုက်ဆိုင်တာကတော့ အခု NGO အငြင်းအခုံကိစ္စဖြစ်နေချိန်မှာပဲ ကျွန်တော်က
လည်း ကောင်းမွန်တဲ့ အငြင်းအခုံတွေလိုအပ်နေတယ်ဆိုတဲ့အကြောင်း ကျွန်တော့်
ဘလော့ဂ်မှာရေးနေတာပါပဲ။ (ဖတ်မယ်ဆိုရင် အောက်မှာနှစ်ပုဒ်ရေးထားတာရှိပါ
တယ်။)

NGO အကြောင်းက အခုကတည်းက နာနာလေးငြင်းထားမှ တော်ခါကျလိမ့်မယ်
လို့ထင်ပါတယ်။ ရှေ့ လျှောက် NGO ယဉ်ကျေးမှုက ပိုပြီးထွန်းကားလာမှာမို့ပါ။
တိုးတက်လိုစိတ်နဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းခုံကြသူအားလုံး ကျန်းမာရွှင်လန်းကြ
ပါစေဗျား။ အများအကျိုးအတွက် တကယ်အလုပ်လုပ်တဲ့ NGO တွေလည်း
များများထွန်းကားလာပါစေဗျား။ ကိုယ်ကျိုးဦးစားပေး NGOတွေကို ထောက်ပြ
ဝေဖန်ကြမယ့် မီဒီယာသမားတွေလည်း များများပေါ်ပေါက်လာပါစေဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, September 20, 2009

စာကလေးကြော်နဲ့ဆီထမင်း











တရက်သား။ ရာသီဥတုကလည်း ကောင်း။ ချစ်ဇနီးနဲ့ကားမောင်းထွက်ကြရင်း
ရောက်တတ်ရာရာ ပြောဖြစ်ကြတယ် ဆိုပါတော့။ ဘယ်ကိစ္စနဲ့ စကားစပ်မိတယ်
မသိ။ စာကလေးကြော်ကိစ္စ ရောက်သွားပါလေရော။ ချစ်ဇနီးကိုစချင်တာနဲ့
အပြစ်တင်ပြောလေး ပြောမိတာပါ။ အခု စာကလေးကြော်၊ အခုဆီထမင်း မလုပ်ပါနဲ့
ဆိုတော့ ချစ်ဇနီးရဲ့ အသံခဏတိတ်သွားပါတယ်။ ပြီးမှ အဲဒီဥပမာကို ဘာကြောင့်
ပြောရသလဲလို့ မေးလာပါတယ်။ အရင်ကမကြားဖူးလို့လားလို့ ကျွန်တော်ကမေးတော့
မကြားဖူးဘူးတဲ့။အင်း.. မိတ်ဆွေများရော ကြားဖူးကြပါစ။

ဇနီးသည်က ဆက်ပြောပါတယ်။ ဒီဥပမာဟာ ဘယ်ခေတ်က ပေါ်ထွန်းလာတဲ့ ဥပမာ
လဲတဲ့။ ပဒေသရာဇ်ခေတ်မှာ ဆီထမင်း ရှိပြီလား။ စာကလေးကြော် ရှိပြီလားတဲ့။ ကို
လိုနီခေတ်က ပေါ်လာတဲ့ ဥပမာလား။လွတ်လပ်ရေးခေတ်မှာလားတဲ့။ သူ့အထင်
မီးရထားတွေ၊သင်္ဘောတွေ၊ ကားတွေ မြန်မာပြည်မှာ ရှိလာတဲ့ခေတ်ကျမှ ဒီဥပမာ
ဖြစ်လာပုံ ရတယ်လို့။သူ့ဖါသူ မေးခွန်းထုတ်ပြီး သူ့ဖါသူပဲ ကောက်ချက်ချပါတယ်။
ဒီကိစ္စက ဈေးသည်ဈေးဝယ် ပြဿနာဖြစ်လိမ့်မယ်တဲ့။

ရထားဘူတာ၊သင်္ဘောဆိပ်၊ ကားဂိတ်တွေမှာ ဈေးသည်တွေက အချိန်ကို လုပြီး
ရောင်းရတယ်။ ဈေးဝယ်တွေကလည်းအချိန်လုပြီး ၀ယ်ရတာကိုး။ ဒီအခါမှာ
ဝယ်သူက စာကလေးကြော် ယူမယ်ပြောလို့ ရောင်းသူကစာကလေးကြော် ပေးဖို့
ပြင်နေချိန်၊ ၀ယ်သူကတခါ မဟုတ်တော့ပြန်ဘူး ဆီထမင်းပဲ ယူမယ်ဆိုပြီး လုပ်ပုံရပါ
တယ်တဲ့။ အဲဒီအခါ အချိန်ကိုလုပြီး စီးပွါးရှာရတဲ့ ဈေးသည်ခမျာ ဒေါသထွက်ရှာပုံ
ရပါတယ်တဲ့။ အဲဒါနဲ့ပဲ တခြားဈေးဝယ်တွေကို ရောင်းချိန်မရပဲ ဆုံးဖြတ်ချက် ရှင်းရှင်း
မချနိုင်တဲ့ ဈေးဝယ်ကို၊ ကိုယ် စားချင်တာ ဘာမှန်းမသိတဲ့ ဈေးဝယ်ကို ဈေးသည်က
စိတ်ဆိုးသွားလို့ အခုပဲ စာကလေးကြော်၊အခုပဲ ဆီထမင်းမလုပ်နဲ့လေလို့ ပြောမိ
လိုက်ပုံ ရပါတယ်တဲ့။ ပြောရင်းဆိုရင်း ရထားတို့ ကားတို့ ဆိုက်လာမှ ရောင်းရရှာတဲ့
လမ်းဘေးဈေးသည်တွေရဲ့ ဘ၀ကိုသူက သနားနေပြန်ပါတယ်။

ကျွန်တော်ကလည်း ချစ်ဇနီးရဲ့ အဆိုကို ဟုတ်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။
တကယ်ဟုတ် မဟုတ်တော့မသိပါ။ ဒီဥပမာပေါ်လာပုံသမိုင်းသိကြသူများရှိရင်
ရှင်းကြပါဦး။ သေချာတာကတော့ ဆီထမင်းနဲ့ စာကလေးကြော် တွဲဖက်စားသုံး
လို့ကတော့"သိပ်ကောင်း" ဆိုတာပါပဲ။ ဇနီးသည် ပြောသလိုသာ ဒီဥပမာ ပေါ်
ပေါက်ခဲ့ရိုး မှန်ရင်။ကျွန်တော်ကတော့ ဈေးဝယ်သူကိုသာ သနားမိတော့တယ်။
သူ့ခမျာ စာကလေးကြော်နဲ့ဆီထမင်း တွဲစားရင် ကောင်းတယ်ဆိုတာ မသိမဟုတ်၊
သိမယ့်လူပဲ။ သို့ပေတဲ့ နှစ်မျိုးပေါင်းဝယ်စရာပိုက်ဆံက လုံလောက်ပုံမရဘူး။ အဲဒါ
ကြောင့်သူ့ခမျာ ဆီထမင်းနဲ့ စာကလေးကြော်အကြားဗျာများခဲ့ရရှာတယ်ပေါ့။

အဲ့သည်နေ့က။ ကျွန်တော်များ ဇနီးမောင်နှံ ဈေးသည်ဈေးဝယ် တယောက်တဘက်
ဆီကို သနားခြင်းသမှု ပြုကြရင်းစာကလေးကြော်နဲ့ ဆီထမင်းကို တွဲစားချင်တဲ့
အာသီသများလည်း တဖွါးဖွါးပေါ်ပေါက်ခဲ့ရကြောင်းပါ မိတ်ဆွေများခင်ဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, September 18, 2009

ငြင်းကြမယ်ဟေ့ ကောင်းကောင်း










လူတိုင်း အငြင်းအခုံလုပ်ဖူးတယ်။ အငြင်းသန်တဲ့သူ၊ ငြင်းခုံမလုပ်ချင်သူ ဆိုတာပဲ
ကွဲမယ်။ အခုပြောနေတာက "ငြင်းတာကောင်းတယ်" ဆိုတဲ့အကြောင်းပါ။
(အောက်မှာရေးထားတာရဲ့ အဆက်ပေါ့) ဒါပေမယ့်အရာရာ လျှောက်ငြင်းနေ
တိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး။

မငြင်းတတ်ရင် မကောင်းဘူးလို့ပြောချင်တာပါ။ ကောင်းကောင်းငြင်းတတ်ဖို့
အသိလိုတယ်။ သတိလိုတယ်။ အလေ့အကျင့်လိုတယ်။ ကျွန်တော်တို့မြန်မာ
တွေအများစုက ကောင်းကောင်းမွန်မွန် မငြင်းခုံတတ်ကြဘူး။ ငြင်းလိုက်တာနဲ့
ပြဿနာတက်ကုန်တတ်ကြတယ်။ အငြင်းသန်တဲ့လူကလည်း ရှေ့ မကြည့်
နောက်မကြည့် မျက်စိမှိတ်ပြီး အတင်းပဲငြင်းနေတတ်တယ်။ တကယ်တော့ငြင်းခုံ
တယ်ဆိုတာ ဆွေးနွေးမှုတမျိုးပါပဲ။

စကားရည်လုပွဲဆိုတာ တချို့ ကြားဖူးကြလိမ့်မယ်။ တချို့ ကြုံဖူးကြလိမ့်မယ်။ တချို့ 
ကိုယ်တိုင်ဆင်နွဲဖူးကြလိမ့်မယ်။ သေချာတာကတော့ မြန်မာပြည်မှာ စကားရည်လုပွဲ
ဆိုတဲ့ ယဉ်ကျေးမှု ကောင်းကောင်းမထွန်းကားဘူး။ ဒါက၀မ်းနည်းစရာ။ ဘာကြောင့်
မထွန်းကားရသလဲ။ အာဏာပိုင်တွေက အားမပေးခဲ့လို့လား။ ပညာရေးလောကသား
တွေက ဒီတန်ဘိုးကိုမသိခဲ့လို့လား။ အပိုအလုပ်လို့ထင်ကြလို့လား။ အန္တရယ်ရှိလာနိုင်
တယ်လို့ယူဆလို့လား။ ဒါတွေအားလုံးကြောင့်လို့ ထင်တာပဲ။

စကားရည်လုပွဲဆိုတာက အငြင်းအခုံလုပ်တဲ့ပွဲပါ။ တကယ်တော့ အငြင်းအခုံလုပ်တယ်
ဆိုတာက ဝေဖန်ရေးတမျိုးပါပဲ။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုရဲရဲတင်းတင်းပြောရ
တဲ့အလုပ်ပါ။ ပွင့်ပွင့်လင်းလင်း ရှင်းရတဲ့အလုပ်ပါ။ အာဏာပိုင်တွေ၊ လူကြီးတွေက
ဝေဖန်တာကို မကြိုက်ဘူး။ ဒါကြောင့်အားမပေးဘူး။

ခေတ်တွေ၊ စံနစ်တွေကို ပြောင်းချင်တယ်။ တိုးတက်ချင်တယ်။ ဒီမိုကရေစီနိုင်ငံ လုပ်ချင်
တယ်ဆိုရင်အငြင်းအခုံကို အားပေးရလိမ့်မယ်။ တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ
အငြင်းအခုံကို အားပေးကြတယ်။ တယောက်နဲ့တယောက်အကြားသဘောထားကွဲပြား
မှုတွေရှိတယ်ဆိုတာကို နားလည်ပေးနိုင်ကြတယ်။ သဘောတူလက်ခံကြတယ်။ ဒီအသိ
တရား၊ ဒီအလေ့အကျင့်ဟာ အခြေခံကျတဲ့ တည်ဆောက်မှု၊ အရေးကြီးတဲ့လေ့ကျင့်မှု
ဖြစ်တယ်။ စာကိုဖတ်ပြီး၊ သဘောတရားကိုနားလည်ပြီး ငါလည်းအငြင်းအခုံကိစ္စ
သဘောတူတယ်ဟေ့လို့ ပြောလို့မရဘူး။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမယ့် ကိစ္စ။
ရေရှည်ကိစ္စ။ အမျှော် အမြင်နဲ့ထူထောင်ရမယ့်ကိစ္စ။

အငြင်းကြွေး

မြန်မာပြည်မှာ အငြင်းအခုံယဉ်ကျေးမှု မထွန်းကားတော့ ကျွန်တော်တို့မှာ အရေးကြီး
တဲ့ ငြင်းစရာ ခုံစရာကိစ္စတွေအများကြီး ဖြစ်နေတယ်။ ငြင်းစရာ အကြွေးဟောင်းတွေ
အများကြီးကျန်နေတယ်။ သမိုင်းနဲ့ချီပြီး အငြင်းကြွေးတွေတင်နေတယ်။ ဆိုပါတော့ မြန်မာဆိုတာဘယ်ကလာသလဲဆိုတဲ့ပြဿနာ။ အခုထိမရှင်းနိုင်သေးဘူး။ ကောင်း
ကောင်း ငြင်းခွင့်မရလို့ဖြစ်နေရတယ်လို့ထင်တယ်။ လောလောဆယ် ပြောစရာဖြစ်နေ
တဲ့ ကိုးကန့်တရုတ်တွေကို တိုင်းရင်းသားအဖြစ်သတ်မှတ်တာ တော်၏၊ မတော်၏ ကိစ္စ။
ရိုဟင်ဂျာကိစ္စ။ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံ
ရေးမှာ ခေါင်းဆောင်ဖြစ်သင့်၊မဖြစ်သင့်ဆိုတဲ့ကိစ္စ။

ကိုယ်ကျင့်တရားကောင်းဖို့ ဟောနေ၊ပြောနေသူတွေ၊ ဘာသာရေးသမားတွေက
ကိုယ်ကျင့်တရားမကောင်းရင်သူတို့ပြောတာတွေကို လိုက်နာသင့်၊မလိုက်နာသင့်။
သူတို့ကို ဘယ်လိုအရေးယူဆက်ဆံသင့်သလဲဆိုတဲ့ကိစ္စ။ အနုပညာသည်ရဲ့ ကိုယ်
ကျင့်တရားနဲ့ သူ့ရဲ့ အနုပညာဆက်စပ်ပြီးပြောသင့်မပြောသင့်ကိစ္စ။ သတင်းကျင့်ဝတ်
ကိုစောင့်ထိမ်းရတဲ့ သတင်းမီဒီယာသမားတွေက လူမှုရေးဖေါက်ပြန်မှုတွေရှိနေရင်
သူတို့တင်ပြတဲ့သတင်းတွေကို ယုံကြည်ဖို့ သင့်မသင့်ကိစ္စ။

မြန်မာပြည်မှာ ဘုန်းကြီးနဲ့စစ်သားက လိုအပ်တာထက် သိပ်များလွန်းနေသလားဆိုတဲ့
ကိစ္စ။ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့်ပေးသင့်၊ မပေးသင့်ကိစ္စ။ မြန်မာပြည်မှာ
မွေးပြီးထူးချွန်တဲ့ တရုတ်၊ ကုလား၊ဂေါ်ရခါးစသူတွေကို သမ္မတဖြစ်ခွင့်ပေးသင့်၊ မပေးသင့်။
တိုင်းရင်းသားတွေ ခွဲထွက်ခွင့်ပေးသင့်၊ မပေးသင့်။ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ 
ဆန္ဒတွေကို ထုတ်ဖေါ်ခဲ့ကြတဲ့ ကျောင်းသား၊ပြည်သူ၊ရဟန်းတွေကို ရက်ရက်စက်စက်
သတ်ဖြတ်၊ နှိပ်စက်၊ အရေးယူခဲ့တဲ့ စစ်အာဏာရှင်တွေကို ခွင့်လွှတ်မလား။ သင်ပုန်းခြေ
မလား။ သင့်တင့်တဲ့နည်းနဲ့ အရေးပြန်ယူမလားဆိုတဲ့ကိစ္စ။

စသဖြင့် ကောင်းကောင်းမွန်မွန် အငြင်းအခုံလုပ်ကြရမယ့်ကိစ္စတွေ အများကြီးရှိနေပါသေး
တယ်။ သိသူ၊တတ်သူ၊နားလည်သူတွေ၊ လုပ်နိုင်သူတွေက အခုလိုအငြင်းအခုံလုပ်ရမယ့်
ကိစ္စတွေကို ကြိုတင်ပြောဆိုထားသင့်ပါပြီ။ လမ်းပြထားသင့်ပါပြီ။ ၀န်ခံသင့်ပါပြီ။ နောက်လူ
တွေအတွက် ချန်ထားသင့်ပါပြီ။ မဟုတ်ရင် ငြင်းရခက်မယ့်အရာတွေ ဆက်ပြီးများနေဦးမှာ။
နောက်လူတွေ အခက်ကြုံရဦးမှာ။ ကောင်းကောင်းငြင်းတတ်တဲ့ အလေ့အကျင့်တွေ စလုပ်
ကြရအောင်ပါ။ ဒါလည်း တော်လှန်ရေးတရပ်ပဲဆိုပါတော့။ "အငြင်းအခုံလှုပ်ရှားမှု"ပေါ့ဗျာ။
ဘယ့်နဲ့လဲ။ မိတ်ဆွေများ ကောင်းကောင်းငြင်းဖို့ သတ္တိရှိကြရဲ့ လား။ ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)