Monday, January 19, 2009

အိုဘားမားနိမိတ်








ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးဆိုတာတွေကိုအသံအကျယ်ဆုံးအော်နေခဲ့တဲ့ တိုင်းပြည်။ သူများတိုင်းပြည်တွေမှာ မညီမျှတာတွေဖြစ်ရင်လည်းသူနဲ့ဆိုင်သလိုဝင်ပြီး ဆရာ လုပ်တတ်တဲ့တိုင်းပြည်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိ အင်အားအကြီးဆုံးတိုင်းပြည်။ လူကြိုက်များ သလောက် လူမုန်းများတဲ့တိုင်းပြည်။ အခုမှပဲ အပြောနဲ့အလုပ်ညီအောင်သက်သေပြစရာ ထင်ထင်ရှားရှားကိစ္စတခု တကယ်ဖြစ်ပေါ်လာခဲ့ပါပြီ။

လူမဲသမ္မတ အိုဘားမားတက်လာခဲ့ပါပြီ။ လူဖြူတွေပဲကြီးစိုးခဲ့တဲ့အိမ်ဖြူတော်ကိုတောင် အိမ်မဲ တော်လို့နာမည်ပြောင်း ရတော့မလိုပါပဲ။ တကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့ အဖြစ်။တကယ်ပဲ အမေရီကန်ပြည်ထောင်စုမှာ အပြောင်းအလဲ ဖြစ်လာခဲ့ပါပြီ။ ဇန်န၀ါရီလ၂၀ ရက်ဟာ အိုဘားမား သမ္မတရာထူးကိုကျမ်းကျိန်သစ္စာဆိုတဲ့နေ့ပါ။ တခြားသမ္မတ တွေနဲ့မတူတာကိုက သိပ်ကိုထူးခြား နေပါပြီ။ သမ္မတကျမ်းကျိန်ပွဲတွေမှာ အစိုးရက ငွေကြေးအများဆုံးသုံးစွဲတဲ့ပွဲပါ။ အဲဒီနေ့မတိုင်ခင် ကတည်းက ၀ါရှင်တန် ဒီစီဆိုတဲ့မြို့ တော်လေးမှာ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့တာပါ။ လူနှစ်သန်း လောက် ၀ါရှင်တန်ဒီစီမြို့ ကိုလာကြလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ လုံခြုံရေးတွေကို လည်း ထူးထူးခြားခြားကိုတင်းကျပ်ထား တာပါ။ သတင်းမီဒီယာတွေမှာလည်း တချိန်လုံးဒီအကြောင်းပဲ။

ကမ္ဘာကျော်အနုပညာသည်တွေလည်းမြို့ ထဲ မှာရောက်နေတယ်။ ၀ါရှင်တန်ဒီစီမြို့ မှာ ဘယ်သွား သွား အိုဘားမားပဲ။ သူ့ရုပ်ပုံ။ ရင်ထိုး၊ စာအုပ်။ အင်္ကျီ။ဦးထုပ်။သော့ချိတ်။ လက်ကောက်။ကာတွန်း။ အလံ။ လူသုံးကုန်ပစ္စည်းအစုံပဲ။ အိုဘားမားဟာ ရောင်းအကောင်းဆုံးကုန်ပစ္စည်းတခုဖြစ်နေတယ်။ လူတွေ ကလည်း အလုအယက်ဝယ်ယူနေကြတယ်။ ရထားလက်မှတ်ကအစ အိုဘားမားပုံနဲ့။

အမေရိ ကန်လိုနိုင်ငံမျိုးတောင်မှ သူတို့တွေမျှော်လင့်တောင့်တခဲ့တဲ့။ မျှော်လင့်ခဲ့သလိုလည်းကြိုးစားခဲ့တဲ့ အိပ်မက်တခုက အခုမှထင်ရှားလာရတယ်ဆိုတော့။ ကျွန်တော်တို့ရဲ့ ရွှေမြန်မာပြည်က ဘယ်တော့များမှ လူလိုသူလို ဖြစ်လာနိုင်မလဲ ဆိုတာ မစဉ်းစားရဲပဲဖြစ်နေတယ်။ မစဉ်းစားလို့ကလည်း မနေနိုင်။

အတိတ်နိမိတ်ကိုယုံကြည်လို့တော့မဟုတ်။ အိုဘားမားဆိုတဲ့ နာမည်မှာက ဘားမားဆိုတဲ့မြန်မာပြည်ကပါနေတယ်။ အိုဘားမားက လူမဲ။ မဖြစ်နိုင်ဘူးလို့လူတွေထင် ထားတဲ့အရာ။ လူမဲ သမ္မတ တကယ်ပဲဖြစ် လာခဲ့ပြီပဲ။ ဟုတ်တယ် မဟုတ်လား။ ဒါဟာ အတိတ်ကောင်း၊ နိမိတ်ကောင်းပေါ့။ နော့ဗျာ ။ အကောင်းဘက်က လှည့်တွေးတော့လည်း စိတ်သက်သာရာ ရတာပေါ့။ မဟုတ် ဘူးလား မိတ်ဆွေတို့ရာ။ နှစ်သစ်မှာ ကျန်းမာကြပါစေဗျား။

Hello... Mr Obama ! We are from Burma !

Saturday, January 17, 2009

ဖါးကျောကုန်းကို ပွတ်သူများ









မိုး မိုး ဘာကြောင့်ရွာ

ဖါးအော်လို့ရွာ။

ဖါး ဖါး ဘာကြောင့်အော်

မြွေကိုက်လို့အော်။

မြွေ မြွေ ဘာကြောင့်ကိုက်

ငါ့ဝမ်းပူစာ မနေသာလို့ကိုက်။

လူတိုင်းသိကြမယ့်ကဗျာလေးလို့ ထင်ပါတယ်။ မသိတာကတော့ ကဗျာ
ခေါင်းစဉ်နဲ့ ဘယ်သူစပ်ဆိုခဲ့ သလဲဆို တာပါပဲ။သိသူများ ကျေးဇူးပြု၍ပြော
ကြပါ။

ချင်းမိုင်မြို့ မှာ ညဖက်ဆို ဖါးတွေသိပ်အော်ပါတယ်။ မြွေကိုက်လို့တော့ မဟုတ်
ပါဘူး။ သူတို့ကျောကုန်းကို အပွတ်ခံကြရလို့ပါ။ ဖါးတွေအော်ပေမဲ့လည်း ချင်း
မိုင်မှာ မိုးတွေမရွာပါဘူး။ မိုးမရွာပေမဲ့လည်း ချင်းမိုင်ကအေးပါတယ်။ ကျွန်တော်
က အအေး ဓါတ်ကြိုက်သူပါ။ မွေးရပ်ဇာတိကလည်း မေမြို့ ကိုးခင်ဗျ။ ထားပါတော့။
အရင်ကမြန်မာတွေ ချင်းမိုင်ကိုဘာကြောင့်ဇင်းမယ်လို့ခေါ်ကြတယ် မသိ။ အယုဒ္ဓယ
ကိုလည်း ယိုးဒယားလို့ခေါ်ကြတယ်။ အခုတော့ အသံထွက်မှန်တိုင်းခေါ်နေကြပြန်
တယ်။

ချင်းမိုင်အဖွင့်
ချင်းမိုင်မြို့ ကိုသွားချင်တာအကြောင်း နှစ်ခုရှိပါတယ်။ အဲဒီက ရှမ်းခေါက်ဆွဲနဲ့တို့ဖူး
နွေး စားချင်လို့။ နောက်တခုက မြန်မာပန်းချီအရောင်းဆိုင်တွေကို ကြည့်ချင်လို့။
ချင်းမိုင်က ဘန်ကောက်ကနေ ကားနဲ့သွားရင် ဆယ်နာရီလောက်ကြာပါတယ်။
ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတယ်။ တောင်တွေပေါတော့ အေးတယ်။ ပန်းတွေ
ပွင့်တော့ မွှေးတယ်။ ချင်းမိုင်သူတွေက ချောတော့ ရင်ထဲမှာနွေးတယ်ပေါ့ဗျာ။

မနက်ဆယ်နာရီလောက် ဘန်ကောက်မြို့ က ခရီးစတယ်။ ချင်းမိုင်ကိုသွားတဲ့ခရီးက
စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုရမယ်။ လမ်းခရီးမှာထူးဆန်းတာတွေရှိ လို့တော့
မဟုတ်ဘူး။ ကိုယ်နဲ့အတူသွား ကြသူတွေက မြန်မာပြည်က မနေ့က ပဲရောက်လာ
သူတွေဆိုတော့ စကားတပြောပြောနဲ့ သွားရလို့ပါပဲ။ ကားတစီးကိုငှားပြီးသွားကြ
တာပါ။

မြန်မာပြည် အကြောင်း ခြေဆုံးခေါင်းဆုံးပြောကြပါတယ်။ ဘယ်ပြန် ညာပြန်ပြော
ကြပါတယ်။ မြန်မာပြည်နဲ့ဝေးနေတာကြာနေလို့ မေးစရာတွေကလည်း ကိုယ့်မှာ
တပုံကြီး။ သူတို့ကလည်း လွတ်လွတ်လပ်လပ်ပြောခွင့်ရတုန်း ဖေါက်သည်ချချင်
နေကြတာ တပုံကြီး။ တလမ်းလုံး ပြောသွားလိုက်ကြတာ တတိုင်းပြည်လုံးအကြောင်း
အကောင်းက မပါသလောက်ပဲ။ ပြောလိုက်သမျှ အကြောင်းအရာတွေရဲ့ အဆုံးမှာ သက်ပြင်းချရတာတွေချည်းပဲ။

ကြာလာတော့ မောလာတယ်။ မကောင်းတာတွေကိုပဲ ရွေးပြောနေတာလားလို့
တောင်စဉ်းစားမိတယ်။ ကောင်းမယ် ထင်တာ မေးတော့ လည်း စိတ်ညစ်ရတာပဲ။
ချင်းမိုင်ကိုရောက်ခါနီး တနာရီအလိုလောက်မှာ မြန်မာပြည်အကြောင်းဘာမှ ဆက်
မမေးတော့ဘူး။ ချင်းမိုင်နားကပ်လာတော့ အေးလာပြီ။ ချင်းမိုင်မြို့ ကိုဝင်တော့ ည
ရှစ်နာရီလောက်ရှိပြီ။ မေမြို့ ကိုတောင် သတိရသွားတယ်။ လမ်းမှာစတော်ဘယ်ရီ
တွေကိုလည်း မြင်ခဲ့ရတယ်။

ညဈေး
 
ချင်းမိုင်က ညဈေးဟာ ဧည့်သည်တွေအတွက် စိတ်ဝင်စားစရာပေါ့။ ထိုင်းအမှတ်တရ
ဒေသထွက် ကုန်ပစ္စည်းတွေနဲ့စည်ကားနေတတ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးအခြေ
အနေနဲ့ ကမ္ဘာ့စီးပွါးရေးအခြေအနေတွေ မကောင်းလို့ အခုနှစ်သစ်ကူးကာလ ဧည့်သည်
အလာကျဲတယ်။ ပြောချင်တာက အခုမှပဲရောက်လာပါတယ်။ ဖါးကျောကုန်းကိစ္စပါ။

ချင်းမိုင်ညဈေးမှာ ဖါးတွေသိပ်အော်ပါတယ်။ ရေကန်နဲ့နီးလို့ မဟုတ်ပါဘူး။ သူတို့ကျော
ကုန်း အပွတ်ခံရလို့ပါ။ တကယ့်ဖါး မဟုတ်ပါဘူး။ အရုပ်ဖါးပါ။ တွေ့ ဖူးကြမယ် ထင်ပါ
တယ်။ သစ်သားကိုထွင်းထားတဲ့ ဖါးရုပ်ကလေးတွေပါ။ ကျောမှာ ဖုလေးတွေ ပါပါတယ်။
အဲဒီဖုလေးတွေကို သစ်သားချောင်းလေးနဲ့ပွတ်လိုက်ရင် ဖါးအော်သံလိုထွက်ပါတယ်။

ကျွန်တော်စိတ်ဝင်စားတာက ဖါးမဟုတ်ပါဘူး။ ဖါးကျောကုန်းကို ပွတ်နေကြတဲ့သူတွေ
ကိုပါ။ သူတို့တွေက ထိုင်းလူမျိုးတွေမဟုတ်ကြပါဘူး။ အခါလို့ခေါ်တဲ့ တောင်ပေါ်တိုင်း
ရင်းသားတွေပါ။ မြန်မာပြည်နွယ်ဖွါးတွေလို့ ဆိုပါတယ်။ သူတို့ရဲ့ ရိုးရာဝတ်စုံကိုဝတ်ဆင်ပြီး ဖါးကျောကုန်းကိုပွတ်ကြရင်း ချင်းမိုင်ညဈေးတလျှောက် ဈေးလှည့်ရောင်းနေကြတာပါ။
သူတို့ရောင်းတာက အဲဒီဖါးလေးတွေရယ်။ တခြားထိုင်းအမှတ်တရပစ္စည်းလေးတွေရယ်
ပါပဲ။ ဆိုင်နဲ့ထိုင်ရောင်းကြတာ မဟုတ်ပါဘူး။ လမ်းလျှောက်ပြီး ရောင်းကြတာပါ။ အမျိုး
သမီးတွေချည်းပါပဲ။ အခါအမျိုးသားတွေက ဘာလုပ်ကြသလဲတော့ မသိပါဘူး။


တိုင်းရင်းသားဈေး
နောက်တခုထူးခြားတာက ချင်းမိုင်ညဈေးတန်းလမ်းမှာ လျှောက်တဲ့အခါ ဈေးဆိုင်တွေ
ဆီက တချက် တချက် မြန်မာလိုပြောတဲ့အသံ ထွက်လာတတ်တာပါပဲ။ ထွက်မှာပေါ့။
သူတို့က ကချင်တွေကိုး။ ချင်းမိုင်မြို့ မှာ ကချင်လူ မျိုး တော်တော်များများရှိပါတယ်။ ဘယ်လောက်များသလဲတော့ မသိပါ။ ညဈေးတန်းမှာတော့ များပါတယ်။ ထိုင်းမှာ
ကချင်တွေထက် များတာကရှမ်းနဲ့ ကရင်ပါပဲ။ ဒါပေမဲ့ ချင်းမိုင်ညဈေးမှာ သူတို့ကိုတော့
မတွေ့ ရပါဘူး။ နောက်တမျိုးက ပဒေါင်တိုင်းရင်းသားတွေပါပဲ။ သူတို့ကိုတော့ ဓါတ်ပုံနဲ့ပဲ
တွေ့ ခဲ့တာပါ။

ထိုင်းနိုင်ငံမှာက လည်ပင်းမှာကြေးကွင်းတွေပါတ်ထားတဲ့ ကယားပြည်နယ်က ပဒေါင် တိုင်းရင်းသားတွေဟာလည်း ကမ္ဘာလှည့်ဧည့်သည်တွေကို မြူဆွယ်တဲ့ ဈေးကွက် တခု
ပါပဲ။ သူတို့ကို တောင်ပေါ်ရွာလေးတွေမှာထားပါသတဲ့။ ထိုင်းနိုင်ငံရဲ့ ပို့စ်ကဒ်တွေ၊ ပြက္ခ
ဒိန်တွေ၊ နံရံကပ်ကြော်ညာတွေထဲမှာ။ ထိုင်းနိုင်ငံအမှတ်တရပစ္စည်းဆိုင်တွေထဲမှာ မြန်
မာပြည်က တိုင်းရင်းသား တချို့ ရဲ့ ပုံတွေ၊ အရုပ်လေးတွေကို အလွယ်တကူတွေ့ ရပါ
လိမ့်မယ်။

မြန်မာပြည်က လူနဲ့ဖါးတွေတင်မကပါဘူး ခင်ဗျား။ ကျန်ပါသေးတယ်။ ဆင်လည်း ပါပါ
တယ်။ ထိုင်းမှာရှိတဲ့ဆင် အများစုက မြန်မာ့ဆင်တွေဆိုပဲ။ ညဈေးတန်းမှာ ဆင်နဲ့ပိုက်ဆံ
ရှာစားသူတွေလည်းရှိပါတယ်။ ထိုင်းပစ္စည်းတွေနဲ့ အတူ မြန်မာ့ရွှေချည်ထိုးအထည်တွေ။
ရုပ်သေးရုပ်တွေ။ မြန်မာပြည်လုပ် ခြေညှပ်ဖိနပ်တွေ။ ကျွန်းသစ်နဲ့လုပ်တဲ့ မြန်မာ့ကနုတ်
ပန်းတွေ။ မြန်မာ့ရှေးဟောင်းပစ္စည်းတွေနဲ့ ချင်းမိုင်မြို့ ရဲ့  ညဈေးက ဧည့်သည်တွေကို ဆွဲ
ဆောင်ထား နိုင်ပါတယ်။

ဒို့ပစ္စည်းတွေနဲ့ ထိုင်းတွေလုပ်စားပြီး ကြီးပွါးနေတယ်လို့ အရင်တုန်းက မြင်ခဲ့ပေမဲ့ အခုတော့ အမြင်ပြောင်းထားပါတယ်။ အိမ်နီးချင်းတွေပဲ မဟုတ်လား။ ထိုင်းပစ္စည်းတွေ မြန်မာပြည်မှာ
များသလို မြန်မာပစ္စည်းတွေ လည်းထိုင်းမှာ များမှာပေါ့လေလို့ပဲ စိတ်သက်သာအောင်
သဘောထား ပြောင်းထားပါတယ်။ တန်ဖိုးချင်းကွာခြားတဲ့အကြောင်း၊ ဘာကြောင့်အခုလို ဖြစ်ရတယ်ဆိုတဲ့အကြောင်းကို စဉ်းစားရင် ကိုယ်ကလည်း ဘာမှမတတ်နိုင်တော့ စိတ်ပျက်
လို့ပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ ဖါးတွေလည်းအော်နိုင်ပါစေ။ ဆင်တွေလည်း က
နိုင်ပါစေ။ မြန်မာတိုင်းရင်းသားတွေလည်း ထိုင်းမှာပျော်ကြပါစေ။ ချင်းမိုင်ညဈေး စည်ကား
ပါစေဗျား။

စားပြီ
ကျွန်တော်က ရှမ်းခေါက်ဆွဲသိပ်ကြိုက်တယ်။ တို့ဖူးနွေးလည်း သိပ်ကြိုက်တယ်။ ချင်းမိုင်
မှာက ဒါတွေရတယ်။ ရှမ်းတွေပေါတယ်။ ရှမ်းခေါက်ဆွဲဆိုင် သုံးလေးဆိုင်ရှိတယ်။ စားလို့
ကောင်းတယ်။ ရှမ်းပြည်အတိုင်းပဲ။ အခါးရေလို့ခေါ်တဲ့ ရေနွေးကြမ်းလည်းရတယ်။ လက် ဖက်ခြောက်ကလည်း ရှမ်းပြည်က လက်ဖက်ခြောက်။ မေ့နေလို့။ ပလောင်လူမျိုးတွေလည်း
ထိုင်းမှာရှိတာပဲ။ တချို့ ဆို လက်ဖက်ခူးထွက်ရင်း ရောက်လာတာ မြန်မာပြည်မပြန် တော့
ဘူးတဲ့။ တို့ဖူးကြော်လည်းရတယ်။ နှစ်ပြန်ကြော်လည်းရတယ်။ ချင်းမိုင်က ဆောင်းတွင်းဆို
အေးတော့ ရှမ်းပြည်ရောက်နေတဲ့အတိုင်းပဲ။ ချင်းမိုင်မှာနေတဲ့မနက်ခင်းတိုင်း ရှမ်းခေါက်ဆွဲ
ဆိုင်ကို ရောက်တာပဲ။ ကျေနပ်စရာပါခင်ဗျား။


ကြည့်ပြီ
ကျွန်တော်က ပန်းချီကြိုက်တယ်။ အခုဆိုချင်းမိုင်မြို့ မှာ မြန်မာ့ပန်းချီအရောင်းဆိုင် သုံးဆိုင်ရှိ
နေပြီ။ မြန်မာတွေကိုယ်တိုင် ဖွင့်ကြတာနော်။ ထိုင်းတွေရောင်းတဲ့မြန်မာ့ပန်းချီဆိုင်လည်း ရှိ
သေးတယ်။ သုံးဆိုင် လုံးကိုသွားကြည့် ခဲ့ပါတယ်။ အောင်မြင်တဲ့အခြေအနေထိတော့ မရောက်
ကြသေးဘူး။ ဒါပေမဲ့ လမ်းကြောင်းတော့ပွင့်နေပြီဆိုတဲ့သဘော။ နှစ်ဆိုင်က ၂၀၀၈နှစ်ကုန်ပိုင်း
ကမှ ဖွင့်တာ။ တဆိုင်က ဖွင့်တာလေး နှစ်လောက်ရှိပြီ။ ကမ္ဘာလှည့်တွေကို ပစ်မှတ်ထားပြီး
ရောင်းတာပါ။ မြန်မာပန်းချီဆရာတွေရဲ့ လက်ရာ အစုံတွေ့ ခဲ့ရပါတယ်။ ရိုးရာ၊ခေတ်ပေါ်၊ ရေဆေး၊ ဆီဆေး၊ပန်းပုလက်ရာတွေ ရှိပါတယ်။ မြန်မာပြည် မှာထက်ဝင်ငွေကောင်းလို့ ချင်းမိုင်ကိုပြောင်း
လာကြတဲ့သဘော။ နောက်ပိုင်းပိုများပြီး ပိုကျယ်ပြန့်လာဖို့ရှိတယ်။ အရင်းအနှီးကြီးကြီးနဲ့လုပ်ကြ
မယ့်သူတွေ ရှိနေတယ်။ ချင်းမိုင်ကမြန်မာ့ပန်းချီပြခန်းတွေ ကြည့် ပြီးတော့ အရင်ကကြားဖူးတဲ့ “အနုပညာသည် ပြည်သူ့အတွက်” ဆိုတဲ့ ဆောင်ပုဒ်ကိုတောင် သတိရသွားပြီး ပြုံးမိသေးတယ်။ ထားပါတော့။ မြန်မာ့ပန်းချီလက်ရာတွေ မညံ့ပါဘူး။ ကမ္ဘာ့ပန်းချီဈေးကွက်မှာ နေရာကောင်းရတဲ့ အခြေအနေမျိုးတော့ မရောက်နိုင်သေးဘူးပေါ့။ ကိစ္စမရှိပါဘူး။ မြန်မာပဲ။ အေးဆေးပေါ့။ ဒီလောက်
ဖြစ်ရင်ပဲ အတော်ဟုတ်နေပြီ။

ချင်းမိုင်အပိတ်
ချင်းမိုင်မြို့ က ဆောင်းတွင်းအခါ နေလို့ကောင်းပါတယ်။ အလည်အပါတ်သွားလို့ ကောင်းပါတယ်။
တရားမ၀င်တဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးပါ။ မြန်မာ့ဒီမိုကရေစီရေး လုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ။ အဖွဲ့  အစည်းတွေလည်း အများကြီးပါ။ မြန်မာသတင်းသမားတွေနဲ့ သတင်းဌာနတချို့ 

လည်း ချင်းမိုင်မှာရှိပါတယ်။ “သတင်းကျောင်း”ဆိုတာတောင် ရှိလိုက်သေးဗျား။ သူတို့တွေအားလုံး
ကလည်း ချင်းမိုင်မြို့ လေးကို နှစ်သက်စွဲလမ်းနေကြပါသတဲ့။ ဟုတ်မှာပါ။ ဖါးအော်သံတွေတော့ အခု 
ထိ နားထဲမှာကြားနေရတုန်းပဲ။ နေကောင်းကြပါစေ။

(ဓါတ်ပုံ ၊ ကိုယ်တိုင်ရိုက်)

Sunday, January 11, 2009

ထိုင်းယောင်ဆောင်ခရီးသွား








ထိုင်းနဲ့မြန်မာက ရုပ်ရည်အားဖြင့်ခွဲလို့မရဘူး။ စကားမပြောပဲနေရင် ကိုယ့်ကိုထိုင်းလို့ပဲထင်ကြတာ။ ထိုင်းယောင်ဆောင်ဖို့ဆိုတာ လွယ်လည်းလွယ်တယ်။ မလွယ်လည်းမလွယ်ဘူး။ ဘာမှမပြောပဲ ညိမ် နေရင် ဒါမှမဟုတ် ထိုင်းစကားကောင်းကောင်း ပြောနိုင်ရင်လွယ်တယ်။ ထိုင်းစကားမတတ်သူအတွက် မလွယ်ဘူး။ ကိုယ်ကထိုင်းလိုမပြောတတ်လို့ အင်္ဂလိပ်လိုပြောရင်ထိုင်းတွေ က တအံ့တသြ။ ထိုင်းမဟုတ်ဘူးလားလို့မေးတယ်။ ဖိလစ်ပိုင်လားလို့မေးတယ်။ မြန်မာလို့မထင်ကြဘူး။ သူတို့ အအံ့သြ ပြေအောင် ရှင်းပြရတာအမော။ ဈေးဝယ်တဲ့အခါ ထိုင်းဆိုရင်ဈေးတမျိုး။ နိုင်ငံခြားသားဆိုရင်ဈေးတမျိုး လုပ်တတ်တယ်။ ထိုင်းယောင် ဆောင်တတ်ရင်တော့ သက်သာတာပေါ့။


အယုဒ္ဓယခရီး

ဘန်ကောက်ကနေသွားရင် တနာရီကျော်လောက်ကားမောင်းတာနဲ့ရောက်တဲ့မြို့ ပါ။ အငှားယာဉ်နဲ့သွား ရင်ပိုမြန်တယ်။ ဈေးပိုပေးရတယ်။ မြို့ ထဲတနေရာမှာ ကားလေးဂိတ်တခုရှိသတဲ့။ ဈေးလည်းပေါသတဲ့။ ကိုယ်ကလည်းတသီးတသန့်မနေချင်ဘူး။ လူတွေနဲ့ရောနေကြည့်ချင်တယ်။ တည်းခိုခန်းကနေ ကားဂိတ်ကို အငှားယာဉ်နဲ့သွားတာ ဆယ်မိနစ်လောက်ကြာတယ်။ထိုင်းငွေ ဘတ်ငါးဆယ်ပေးရတယ်။ ကားလေးဂိတ်မှာ ခပ်တည်တည်နဲ့ အယုဒ္ဓယလို့ တလုံးထဲပြောပြီးတက်ထိုင်နေလိုက်တယ်။ ခဏကြာ တော့ ပိုက်ဆံကောက်တယ်။ သူများပေးသလိုတရာတန်ထုတ်ပေးတော့ လေးဆယ်ပြန်အမ်းတယ်။ ခရီးဝေးက ဈေးပိုပေါနေတယ်။ ခပ်ပြုံးပြုံးနဲ့ ကားပေါ်မှာဖွင့်ထားတဲ့သီချင်းနားထောင်ရင်းခရီးထွက်ခဲ့ တယ်။ ကိုယ့်ဘေးကလူတွေကလည်း ကိုယ့်ကိုထိုင်းလို့ပဲ ထင်နေကြတယ်။ တသွေးထဲတသားထဲလို ခရီးသွားရတာ ပိုပြီးပေါ့ပါးတာပေါ့။


မြို့ ပတ်သုံးဘီး

တနာရီကျော်ကျော်ဆိုရင်ပဲ ရောက်ပါပြီ အယုဒ္ဓယ။ မြို့ ငယ်လေးပါပဲ။ ဈေးလောက်ပဲလူစည်တာပါ။ အရင်တုန်းက မြန်မာတွေ စစ်လာတိုက်ပြီးဖျက်ဆီးခဲ့တယ်ဆိုတဲ့ မြို့ ဟောင်းနေရာကိုသွားချင်တာ။ ဒီမြို့  မှာက အဲဒါကလွဲပြီး ဘာမှစိတ်ဝင်စား စရာမရှိ ဘူး။ ခက်တာက ကားရပ်တဲ့နေရာက မြို့ ထဲဈေးဒေါင့် မှာဆိုတော့ မြို့ဟောင်း ကိုဘယ်လိုသွားရမှန်းမသိဘူး။ ထိုင်းစကားမတတ် တော့ ဆက်ပြီးအယောင် ဆောင်လို့မရတော့ဘူး။ သုံးဘီးဆရာကိုပဲမေးရတော့တယ်။ လုပ်ပါပြီဗျား။ ထိုင်းမဟုတ်မှန်းလည်းသိ ရော ဆော်ပြီပေါ့။ နေရာစုံလိုက်ပို့မယ်။ ဘတ်ငါးရာထဲပါတဲ့။ မြေပုံလည်းထုတ်ပြတယ်။ ဈေးဆစ်တော့ တရာ လျှော့ပေးတယ်။ တကယ် တော့ ဘတ်လေးရာဆိုတာလည်းမနဲဘူး။ နောက်ဆုံး။ တနေရာကိုပဲ လိုက်ပို့ ကျန်တဲ့နေရာတွေ လမ်းလျှောက်သွား မယ်လို့ပြောပြီး ဈေးဆက်ညှိတယ်။ ခြောက်ဆယ်နဲ့ တည့်သွားတယ်။ ဘန်ကောက်နဲ့အယုဒ္ဓကိုလာတဲ့ဈေးနဲ့အတူတူ။ တကယ် လည်းမောင်းရော ငါးမိနစ် လောက်နဲ့မြို့ ဟောင်းနေရာကိုရောက်သွားပါလေရော။ ဒါတောင်သုံးဘီးဆရာကတည့် တည့်မမောင်းပဲ ပါတ်မောင်းခဲ့သေး တာ။ အပြန်ကျမှ သဘောပေါက်တယ်။ မသိတော့လည်းခံပေါ့။


သမိုင်းတရားခံ

ကားခပေးတော့ ဘယ်နိုင်ငံကလည်းလို့မေးမြန်ရော။ မြန်မာပြည်ကလို့ပြောတော့ အံ့သြပြန်ရော။ အယုဒ္ဓယကားဆရာက သူ့ ဘ၀မှာ မြန်မာလူမျိုးကိုပထမဦးဆုံးတွေ့ ဖူးခြင်းပါတဲ့။ သူ့ပုံစံက အယုဒ္ဓယ မြို့ အဖျက်အစီးခံခဲ့ရပြီးနောက်ပိုင်း ဒီမြို့  ကိုပြန်လာတဲ့ မြန်မာစစ်သည်တဦးကိုတွေ့ လိုက်ရသလိုပဲ။ ဒီမြို့ ရဲ့ သမိုင်းကိုသိသလားလို့မေးပါတယ်။ နဲနဲပါးပါးပဲသိတယ် လို့ဖြေပါတယ်။ ဒီမြို့ ကိုမြန်မာတွေဖျက် ဆီးသွားတာလို့ရှင်းပြပါတယ်။ စိတ်မကောင်းပါဘူးလို့အရင်လူတွေအစား တောင်းပန်ခဲ့ရပါတယ်။ သူက တော့ထင်မှာပဲ ဒီမြန်မာကို ဒီထက်ပိုက်ဆံပိုတောင်းသင့်တယ်လို့။


သမိုင်းနဲ့စီးပွါးရေး

ထိုင်းလူမျိုးတွေက သမိုင်းထဲကနေသင်ခန်းစာယူတတ်ယုံတင်မကဘူး။ သမိုင်းကိုစီးပွါးဖြစ် အောင်ပါ လုပ်နိုင်ကြတဲ့သူတွေပါ။ မြို့ ဟောင်းက စေတီပုထိုးနဲ့ ကျောင်းသင်္ခန်းပျက်တွေကိုမသိမသာပြုပြင်မွန်း မံပြီးကမ္ဘာလှည့်တွေစိတ်ဝင်စားအောင်လုပ် ထားတဲ့နေရာပါ။ ဟိုနားဒီနားဆင်တွေနဲ့လည်းသွားလို့ရ အောင်စီစဉ်ပေးထားပါတယ်။ ဆင်မောင်းသမားတွေကလည်း ရှေးရှေး တုန်းကမင်းမှုထမ်းအ၀တ်အစား တွေနဲ့ဆိုတော့ ကမ္ဘာလှည့်တွေအတွက် သမိုင်းထဲမှာ ခရီးသွားနေရသလိုပေါ့။ ပျော်ကြပါ တယ်။ မြန်မာ ပြည်က ပုဂံမြို့ ဟောင်းနဲ့ယှဉ်ရင်တော့အကျယ်အ၀န်းရော၊ဘုရားအရေအတွက်ရော၊ ပိသုကာအနုပ ညာအရရော တခြားစီပါပဲ။ ပုဂံကပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့်လည်း သူ့သမိုင်းတန်ဘိုး နဲ့သူတော့သီးခြားစီရှိကြတာပါ။ ဘုရားကြိုဘုရားကြားလျှောက်သွားရင်း ဒီနေရာဟာငါတို့မြန်မာတွေ သိမ်းပိုက်ခဲ့တဲ့နေရာကွလို့တော့ ဇာတိမာန်မတက်ခဲ့ပါဘူး။ အရင်ကအားကောင်းခဲ့တဲ့မြန်မာတွေ အခုတော့လည်း မျက်နှာငယ်နေရပါလားဆိုပြီး သံဝေဂတော့ရခဲ့ပါတယ်။


အလကားရထား

မြို့ ဟောင်းကအပြန်အချိန်ရသေးလို့ မြို့ ထဲကဈေးကိုလမ်းလျှောက်ရင်းတပါတ်ပါတ်ပါတယ်။ ညနေခင်းဆိုတော့ဈေးလည်း သိမ်းနေပါပြီ။ စိတ်ဝင်စားစရာသိပ်မတွေ့ ပါ။ စားသောက်ဆိုင်တောင် ရှာဖို့ခက်ပါတယ်။ တနေရာရောက်တော့ ဒီမြစ်ကိုကူးရင် ဘူတာရုံကိုရောက်တယ်လို့စာရေးထား တာတွေ့ ပါတယ်။ အဲဒါနဲ့ စာညွှန်းအတိုင်းဆက်လျှောက်သွားတော့ မြစ်တခုကိုတွေ့ ရတယ်။ ကုတို့ဆိပ် လေးတခုရှိတယ်။ ဒီဘူတာကရထားစီးရင် ဘန်ကောက်ကိုရောက်လားလို့မေးတော့ရောက် ပါသတဲ့။ ကုတို့ခ သုံးဘတ်ပါတဲ့။ မကြာပါဘူး။ စက်လှေလေးတစီးကမ်းကိုကပ်လာပါတယ်။ ဟိုတဖက်ကမ်းကို ကူးရင်ဘူတာရောက်မယ်တဲ့။ စက်လှေပေါ်မှာအတူပါလာတဲ့ ကောင်မလေးက ဘယ်နိုင်ငံကလည်း လို့မေးပြန်ရော။ လှေဆိပ်မှာ အင်္ဂလိပ်လိုပြောတာတွေ့ ရတော့ ထိုင်းမဟုတ်ဘူး ဆိုပြီးအံ့သြနေတာတဲ့။ ရှင်းပြရပြန်ရော။ သူကဟိုတယ်တခုရဲ့ ဝန်ထမ်းပါ။ နိုင်ငံခြားသားတွေကို စိတ်ဝင်စားပါသတဲ့။ မိတ်ဆွေ ဖြစ်ချင်ပါသတဲ့။ သူ့ရဲ့ ရည်းစားကလည်း ဥရောပသားပါတဲ့။ အတွေ့ အကြုံဖလှယ်ရတာ ကြိုက်ပါသတဲ့။ ဒါနဲ့ပဲ ဟိုဖက်ကမ်းနဖူးက ကော်ဖီဆိုင်လေးမှာ နှစ်ယောက်သား ထိုင်ကြရင်းထွေရာလေးပါပြောကြပါ တယ်။ ဘန်ကောက်ကိုရထားနဲ့ပြန်ရင်ရတယ်ဆိုပေမယ့်။ အချိန်ကြာပါသတဲ့။ နှစ်နာရီကျော်သုံးနာရီ လောက်ကြာလိမ့်မယ်တဲ့။ ကိစ္စမရှိ ဘူး။ အတွေ့ အကြုံရချင်လို့ပါလို့ရှင်းပြပါတယ်။ တခုကောင်းတာက ဈေးပေါတယ်တဲ့။ ဘတ်နှစ်ဆယ်ဆိုလားပဲပေးရသတဲ့။ ဒါပေမယ့်မပူနဲ့တဲ့။ အတွေ့အကြုံသစ်တခုရ အောင်သူစီစဉ်ပေးမယ်တဲ့။ ထိုင်းလူမျိုးတွေအတွက်ရထားခ မပေးရဘူးဆိုပဲ။ ရထားချိန်နီးတော့ ဘူတာထဲကိုဝင်ပြီးလက်မှတ်ရောင်းတဲ့နေရာမှာ လက်မှတ်တစောင်ကိုကောင်မလေးသွားယူ လာပါတယ်။ လမ်းမှာဘာစကားမှမပြောပဲခပ်ပြုံးပြုံးပဲလိုက်သွားပါတဲ့။ လက်မှတ်စစ်လာရင် ခပ်တည် တည်နဲ့ဒီလက်မှတ်ကိုထုတ်ပြလိုက် တဲ့။ လက်မှတ်ကိုသေချာကြည့်တော့ အယုဒ္ဓယ၊ ဘန်ကောက် ဈေးနှုန်း သုံညတဲ့။

ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်ဆင်ရေးအောင်မြင်ပါတယ်။ ရထားတော့ သုံးနာရီလောက်စီးလိုက်ရ တယ်။ အလကားပေါ့။ ရထားတွဲပေါ်ပါလာသူအားလုံးနဲ့လက်မှတ်စစ်ကြီးကပါ ကျွန်တော့ကို ထိုင်းလို့ ယုံကြည်ခဲ့ကြပါတယ်။

(အလုပ်ကလည်းရှုပ်၊ နေကလည်းမကောင်းလို့ စာမရေးဖြစ်တာကြာသွားတယ်။ လာရောက်နှုတ်ဆက်သူများအားလုံး မင်္ဂလာနှစ်သစ်ပါ။ ချင်းမိုင်မြို့ ကိုသွားတဲ့အကြောင်းနောက်မှ ဆက်ရေးမယ်။)

Thursday, December 4, 2008

ဆာဝါဒီခပ်















အင်ထရို

ထိုင်းရေးရာ ကျွမ်းကျင်သူတော့ မဟုတ်ပါ။ ဒါပေမဲ့ ထိုင်းလူမျိုးတွေအကြောင်း ထင်တာမြင်တာလေးတွေတော့ ပြောပါရစေ။ လောလောဆယ် ထိုင်းမှာရောက်
နေတုန်း ထိတွေ့မိရသမျှလေးတွေပေါ့။ တိုင်းပြည်တခု၊ လူမျိုးတမျိုးအကြောင်းကို
ရက်ပိုင်း လပိုင်း နေထိုင်ယုံနဲ့ အကဲဖြတ်တာက မှန်ဖို့ နည်းပါလိမ့်မယ်။ ဒါကြောင့်
ထိုင်းနိုင်ငံမှာ အနေကြာပြီး ထိုင်းဝါးဝနေသူအချို့ရဲ့  အမြင်တွေကိုလည်း ကိုးကား
ပါ့မယ်။ တချို့ဆို ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျနေသူတွေပါ။

ပုံကြမ်း

ထိုင်းတွေက အစွန်းနှစ်ဘက်မှာ နေကြသူတွေ ဖြစ်မယ်ထင်တယ်။ နုညံ့တယ်။
သိမ်မွေ့တယ်။ ဒေါသထွက်လွယ်သူတွေ မဟုတ်။ တဘက်သားကို ကူညီလိုတယ်။
ဖေါ်ရွေတယ်။ အေးဆေးတယ်။ အပူအပင် နည်းတယ်။ စိတ်ရှည်တယ်။ ဒီအချက်
တွေကြောင့်လည်း ထိုင်းလူမျိုးတွေကို လူကြိုက်များတာပါ။ တဘက်မှာကလည်း
ဆန့်ကျင်ဘက်လို့ ပြောရမယ့်အရာတွေ သူတို့ဆီမှာ ရှိနေတယ်။ ဒေါသထွက်ရင်
အပြတ် ရှင်းတတ်တယ်။ ငွေ အနဲအကျဉ်းနဲ့လည်း လူသတ်ဖို့ ၀င်မလေးဘူး။ အမျိုး
သမီးပေမယ့် ဒေါသထွက်ရင် မလွယ်ဘူး။ အပြတ်ရှင်းတတ်ကြသတဲ့။ သွေးအေးကြ
သတဲ့။ ရုပ်ရှင်တွေဆိုရင်လည်း သူတို့က အထိတ်တလန့်နဲ့ ခြောက်ချားစရာတွေကို
ကြိုက်ကြတယ်။ ပန်းချီသမားတွေမှာ သူတို့ စိတ်ရဲ့ အတွင်းပိုင်းကို တွေ့ရတတ်တယ်။
ခြောက်ချားမှုကို ကြိုက်တဲ့သဘော။

တိုက်ပွဲ

ကျွန်တော်ထိုင်းမှာ ရောက်နေတုန်း သူဝဏဘူမိလေဆိပ်ကြီးကို အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသမားတွေက ၀င်သိမ်းကြပါလေရော။ အရင်က အစိုးရရုံးကို စသိမ်းတယ်။
အစိုးရက ဒွန်မောင်းလေဆိပ်ကို ပြောင်းပြီး ယာယီရုံး ထိုင်တယ်။ ဒီတော့ ၀န်ကြီးချုပ်
မရှိတုန်း အဲဒီယာယီရုံးကို ၀င်သိမ်းပြန်တယ်။ ၀န်ကြီးချုပ်က ပီရူးနိုင်ငံကို အစည်းအဝေး
သွားတက်နေတာ။ သူပြန်လာမယ့်နေ့။ သူဝဏဘူမိလေဆိပ်က ပြန်လာမှာကို ဆန္ဒပြတဲ့
အနေနဲ့ လေဆိပ်ထဲကို အစိုးရ ဆန့်ကျင်ရေးသမားတွေ ၀င်ပြီး ဆန္ဒပြကြပါလေရော။ ၀န်
ကြီးချုပ်ကလည်း ထိပ်တိုက်မတွေ့ပါဘူး။ ရှောင်ပါတယ်။ အဲဒီလေဆိပ်ကိုမလာတော့ဘူး။
ချင်းမိုင်မြို့ ကို ပြေးပါလေရော။

ချင်းမိုင်ကို မြန်မာတွေက ဇင်းမယ်လို့လည်း ခေါ်ကြတယ်။ အစိုးရရုံးက ဟိုပြောင်းဒီရွှေ့ နဲ့
မြို့ တော် ဘန်ကောက်နဲ့ ဝေးသည်ထက် ဝေးသွားတယ်။ အစိုးရဆန့်ကျင်ရေးသမားတွေက မလျှော့တော့ဘူး။ “နောက်ဆုံးတိုက်ပွဲ”လို့ ကြေညာတယ်။ လေဆိပ်ကြီးကို သိမ်းလိုက်ကြ
ပါလေရော။ ခရီးသည်တွေလည်း ပိတ်မိကုန်တာပေါ့။ ကမ္ဘာ့ထိပ်တန်းသတင်းကြီး ဖြစ်သွား
ပါလေရော။ ရှစ်ရက်ကြာ သိမ်းပိုက်ခဲ့တာပါ။ အစိုးရလည်း ကျပ်သည်ထက် ကျပ်လာတယ်။
ကိုင်ရတွယ်ရ ခက်လာတယ်။ ဖြစ်ချင်တော့ နိုင်ငံတော် တရားရုံးရဲ့  အစိုးရနဲ့ဆိုင်တဲ့ စီရင်
ချက်ကလည်း နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ချလိုက်တယ်။ ၀န်ကြီးချုပ်
လည်း ပြုတ်။ သူ့ပါတီလည်း ပျက်။ အစိုးရဆန့်ကျင်သူတွေ အနိုင်ရ။ အောင်ပွဲခံ။ အိမ်ပြန်ကြ။

အရောင်တော်လှန်ရေးကာလ

အစိုးရကိုဆန့်ကျင်သူတွေက ဘန်ကောက်မြို့ မှာ ခြောက်လကျော် ဆန္ဒပြနေခဲ့ကြတာ။
သူတို့ရဲ့ အထိမ်းအမှတ်အရောင်က အ၀ါရောင်။ ဘုရင်ကိုထောက်ခံတဲ့ သဘောဆောင်
သတဲ့။ မြို့နေလူတန်းစား၊ ပညာတတ်လူတန်းစားနဲ့ စီးပွါးရေးအသိုင်းအ၀ိုင်းက ထောက်ခံ
ပံ့ပိုးကြသတဲ့။ အင်အားမနည်းဘူး။ ဆန္ဒပြပွဲတွေမှာ လူတွေသောင်းနဲ့ချီရှိတယ်။ လနဲ့ချီ ချ
နေကြတာ။ အလုပ်ပြုတ်ခံပြီး ဆော်နေကြတာ။

အစိုးရကိုထောက်ခံသူတွေလည်း ရှိပါ့ဗျား။ သူတို့ကလည်း မနည်းမနောပါပဲ။ အနီရောင်ကို
ဆင်မြန်းကြပါတယ်။ အရောင်တိုက်ပွဲ ပြင်းထန်နေတဲ့ ကာလကြီးပေါ့။ အ၀တ်အစား ၀တ်တာ
က အစ သတိထားနေရတဲ့ ကာလ။ အနီနဲ့အ၀ါ တိုက်ပွဲကာလအတွင်း ဘန်ကောက်မြို့ မှာ
နေတိုင်းဆိုသလို ဗုံးကွဲမှုဖြစ်တယ်။ သေနတ်ပစ်ခပ်မှုတွေ ဖြစ်တယ်။ အ၀ါရောင်ဘက်ကပဲ ခံ
ရတယ်။ ခြောက်လကျော်အတွင်း အ၀ါလေးယောက် သေတယ်။ ဒဏ်ရာရတာလည်း မနည်း
ဘူး။ လွှတ်တော်ကို ၀ိုင်းတဲ့နေ့ကရယ်။ မြို့ တွင်းဆန္ဒပြပွဲ တခုမှာရယ်။ အနီနဲ့အ၀ါနဲ့ ထိပ်တိုက်
ရင်ဆိုင်ပွဲတွေ တော်တော်ကြမ်းခဲ့ကြတယ်။

ကြမ်းလည်းကြမ်းတယ်။ ဆန်းလည်းဆန်းတယ်

တိုက်ပွဲတွေကသာ ဘန်ကောက်မြို့ မှာ နေ့လားညလားနဲ့ အထွဋ်ထိပ်ကို ရောက်နေတာ၊ မြို့ 
နေလူထုကတော့ ဘာမှဖြစ်မနေသလိုပါဗျား။ သွားစရာရှိတာ သွား။ စားစရာရှိတာ စား။ ပျော်
လို့ ရွှင်လို့။ အပြုံးတချက် မပျက်ကြပါဘူး။ မြို့ လည်ခေါင်လမ်းတွေဆို ပုံမှန်အတိုင်း စည်လို့
ကားလို့။ အံ့သြစရာ။

တညသား ကပွဲတခုကို ရောက်သွားပါသေးတယ်။ ထိုင်းလူငယ်တွေပဲ သွားတတ်တဲ့ပွဲပါ။
အောင်မယ်လေး။ လောကကြီး သာယာနေလိုက်ကြတာ။ အသောက် မပျက်။ အစား မပျက်။
အက မပျက်။ အမူး မပျက်။ သူတို့တိုင်းပြည်ကိုတကမ္ဘာလုံးက မျက်တောင်မခပ်ပဲ ကြည့်နေ
တယ်ဆိုတာ တစက်မှ သိပုံမရကြဘူး။ သူတို့နဲ့ ဘာမှမဆိုင်သလို နေနေလိုက်ကြတာများ
ကျွန်တော့မှာ အံ့ကိုသြလို့။

မေးကြည့်တာပေါ့။ မင်းတို့ ဘယ်လိုဖြစ်လို့ ဒီလို နေနေကြသလဲဆိုတာ။ ဒါက နိုင်ငံရေးအုပ်စု
ချင်း ချနေကြတာတဲ့။ ငါတို့ ၀င်ပါလည်း အလကားပဲတဲ့။ သိပ်ဆိုးလာရင် ဘုရင်ကြီးက ကြည့်
နေမှာ မဟုတ်ဘူးတဲ့။ ဘာမှမပူနဲ့တဲ့။ ကျွန်တော့ကိုတောင် ဖျောင်းဖျနေကြသေးတယ်။ လေ
ဆိပ်ကို သိမ်းတာကိုတော့ သိပ်မကြိုက်ကြဘူး။ စီးပွါးရေးထိခိုက်လို့။ စီးပွါးရေးသာ မထိလို့က
တော့ ဂရုကိုစိုက်ကြမှာ မဟုတ်ဘူး။ အစိုးရက နေ့ပြုတ်မလား၊ ညပြုတ်မလား။ လေဆိပ်ထဲက အ၀ါရောင်တွေကို ရဲတွေက နေ့ဝင်ရှင်းမလား၊ ည၀င်ရှင်းမလား။ စစ်တပ်ကလည်း အာဏာကို နေ့သိမ်းမလား၊ ညသိမ်းမလားဖြစ်နေတဲ့အချိန်ကြီးပါ။ ဘန်ကောက်မြို့  သူမြို့ သားတွေက အပြုံး
တောင် မပျက်ကြဘူးဆိုတော့ တခြားမြို့ တွေ၊နယ်တွေများ ထည့်ကိုမစဉ်း စားကြပါနဲ့။ သူတို့နဲ့က
တော့ တိုင်းရေးပြည်ရေး ဝေလာဝေးပါပဲ။ ထိုင်းတွေ သွေးအေးပုံများ ပြောပါတယ်။

ဘာလဲ ထိုင်း

သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ထိုင်းဆိုတာ ရှမ်းပါပဲလို့ပြောခဲ့ပါတယ်။ ထိုင်းမှာ
ရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း ထိုင်းတွေကို ရှမ်းလို့ခေါ်သဗျ။ မြန်မာပြည်က ရှမ်းတွေလည်း
ထိုင်းမှာမနည်းဘူး။ မွန်တွေလည်း မနည်းဘူး။ ကရင်တွေလည်း မနည်းဘူး။ သမိုင်းနဲ့ချီပြီး ရော
နှောနေတာ။ အခု ထိုင်းဘုရင်ကြီးတောင်မှ မွန်စပ်တယ်ဆိုပဲ။ သိကြတဲ့အတိုင်း မြန်မာနိုင်ငံသား
တွေက ထိုင်းမှာ သန်းနဲ့ချီပြီးရှိနေတာ။ ဒုက္ခသည်စခန်း ရှိသမျှအကုန်လုံး မြန်မာနိုင်ငံသားတွေ
ချည်းပဲ။ ကြာလေရောလေ ဖြစ်မှာပဲ။ တရုတ်တွေလည်း မနည်းဘူး။ ၀န်ကြီးချုပ်ဟောင်းသတ်ဆင်
ဆိုရင် တရုတ်ပဲ။ မူဆလင်တွေလည်း မနည်းဘူး။ မြန်မာပြည်နဲ့ ကပ်လျှက် မဲဆောက်မြို့ ဆို မူဆ
လင်မြို့ ပဲ။ ထိုင်းနိုင်ငံတောင်ပိုင်းဟာ မူဆလင်ဒေသ။ ကမ္ဘာလှည့်တွေလည်း တသောသောဝင်
နေတဲ့ တိုင်းပြည်။ အနောက်တိုင်းသားတွေ၊ အရှေ့အလည်ပိုင်းဒေသကလူတွေ၊ အာဖရီကန်တွေ
လည်း အများကြီးရှိတယ်။ အားလုံးကတော့ ထိုင်းမှာနေပျော်တယ်လို့ ပြောကြတာပဲ။ ဟုတ်မှာပါ။
ပျော်အောင် နေတတ်ကြတာကိုး။

နားဦးမယ်

ခေါင်းစဉ်ပေးထားတဲ့ ဆာဝါဒီခပ်ဆိုတာက ထိုင်းလို မင်္ဂလာပါလို့ အဓိပ္ပါယ်ရတယ်။ ရိုက်ထားတဲ့
ဓါတ်ပုံက ကျွန်တော်တည်းတဲ့ ဟိုတယ်က ဆေးလိပ်ပြာခွက်။ နောက်မှ ဆက်ပြောပါဦးမယ်။
ကိုရွှေထိုင်းတို့ရဲ့  အကြောင်း။

Saturday, November 15, 2008

စားရင် စားတယ် မှတ်













တညသား ။ မိတ်ဆွေတချို့ နဲ့ဆုံပြီး ညစာစားကြပါလေရော။ ဘနှ်ကောက်ဆိုတဲ့
ခပ်ညှော်ညှော်မြို့ မှာပေါ့။ လူစုံတော့ စကားလည်းစုံကြသပေါ့။ တောအကြောင်း၊
တောင်အကြောင်း၊ ကမ္ဘာကြီးအကြောင်း၊ NGOတွေရဲ့ အကြောင်း၊ မြန်မာနိုင်ငံ
တော်ကြီးရဲ့ အကြောင်း။ စားလိုက်၊ သောက်လိုက်နဲ့ပြောကြရာက ဘယ်သူက
စလိုက်တယ် မသိ။ မိန်းမလျှာတွေအကြောင်း ကို ရောက်သွားပါလေရော။

ထိုင်းနိုင်ငံမှာ မိန်းမလျှာတွေ ဘာကြောင့်များရတယ်ထင်သတုံးလို့ ကျွန်တော်
ကပဲ စမေးမိတယ်ထင်ပါတယ်။ ဒီအကြောင်း စကားစလိုက်တယ်ဆိုရုံနဲ့ မိတ်ဆွေ
တယောက်က ခိုင်မာလှတဲ့သူ့ရဲ့ အဆိုကို ရဲရဲတင်းတင်း ပြောလာပါတော့တယ်။ 
မိန်းမလျှာတွေ ကမ္ဘာပေါ်မှာတနေ့တခြားများလာရတာဟာ အစားအသောက်
ကြောင့် ဆိုပဲ။

အားလုံးကနားမလည်နိုင်တာကိုသိတော့ သူကပဲဆက်ရှင်းပါတယ်။ သဘာဝ တရားကိုလူတွေကအတင်းပြောင်းနေလို့ အခုလိုဖြစ်ရတာတဲ့။ ဘန်ကောက်
လမ်းမတွေကို ကြည့်ပါတဲ့။ လမ်းဘေး စားသောက်ဆိုင်တွေက အပြည့်။ စားစရာ
တွေကလည်း မျိုးစုံ။ အသီးအနှံ၊ အသားငါး။ တနှစ်ပတ်လုံးရှိနေတယ်တဲ့။ သရက်
သီး၊ သြဇာသီး၊ ကြက်ကင်၊ ငှက်ကင် အစုံပဲ။ တနှစ်လုံး ရနေတယ်တဲ့။ ဒါဟာ 
သဘာဝ မဟုတ်ဘူးတဲ့။

အသီးအနှံတွေမှာ သီးချိန်ပွင့်ချိန် သူ့ရာသီနဲ့သူ ရှိနေတဲ့သဘာဝ အခုပျောက်သွား
ပြီတဲ့။ သတ္တ၀ါတွေ လည်း သူ့ရာသီနဲ့သူပေါတာ အခု မဟုတ်တော့ဘူးတဲ့။ နည်း 
ပညာတွေနဲ့ လူတွေက ပြောင်းလိုက်ကြလို့ ရာသီမရွေး စားလို့ရနေပြီတဲ့။ ဟုတ်ပေ
သားကလား။ ဓါတုဆေးတွေ အသုံးပြု၊ မျိုးရိုးဗီဇတွေကို ပြောင်းပစ်။ ရောနှောပစ်။
ပြုပြင်ပစ်လိုက်တော့ ကြိုက်တဲ့အသီး၊ ကြိုက်တဲ့အသား။ ကြိုက်တဲ့အချိန်မှာ စားပေ
ရော့။

ဒီလိုသဘာဝကို ဆန့်ကျင်ပြုပြင်ထားတဲ့ အစားအစာတွေကို ကြာကြာစားလာကြတဲ့
လူတွေရဲ့  သဘာဝဟာလည်း ဖုန်းကညှာတပါး လုံးရာက ပြားလာရတာပါတဲ့။ ပြားရာ
ကနေလည်း လုံးလာကြတော့တာပါပဲတဲ့။ လူ့သဘာဝတွေ ပြောင်းကုန်ကြပါရောတဲ့။ 
သူပြောတာ ရှင်းတော့အရှင်းသား။ ဒါပေတဲ့။ သိပ်တော့ ဘ၀င်မကျ ချင်သေးဘူး။

ကျွန်တော်တို့ စကားဝိုင်းမှာက အင်္ဂလန်မှာ လူမှုဗေဒကို လေ့လာနေတဲ့ ခေတ်လူငယ် အမျိုးသမီးလေးလည်းပါရဲ့ ။ ထိုင်းစကားကို ထိုင်းတွေအံ့သြလောက်အောင် ပြောနိုင်
သူ သတင်းထောက်ကြီး တဦးလည်း ပါရဲ့ ။ ထိုင်းအကြောင်းလည်းသိ၊ ကမ္ဘာအကြောင်း
လည်းသိတဲ့ နိုင်ငံရေးပါတီက ပညာတတ်အရာရှိကြီး တဦးလည်းပါရဲ့ ။ မိန်းမလျှာတွေ
အကြောင်း သိကောင်းစရာကို မိန့်ကြားတဲ့ပုဂ္ဂိုလ်ကတော့ မြန်မာ့နိုင်ငံရေးအကျဉ်းသား
များရေးရာ ကျွမ်းကျင်သူ ပုဂ္ဂုလ်ကြီးပါ။ ကျွန်တော်ကတော့ မျက်လုံး ပေကလပ် ပေက
လပ်နဲ့ မေးခွန်းထုတ်သူ သက်သက်ပေါ့။ သိချင်ရှာတာကိုး။

အနှီပုဂ္ဂိုလ်က ဆက်ပြောပါတယ်။ အခုထိုင်းနိုင်ငံက ကြက်တွေကို ကြည့်လိုက်တဲ့။ 
(တကယ့်ကြက်ကို ပြောတာပါ) ၄၅ရက်နဲ့ စားသောက်ဆိုင်ထဲကို ရောက်လာပြီတဲ့။ အကောင်ကသာကြီးနေတာ အော်တဲ့အသံက ပိညှက် ပိညှက်တဲ့။ စားပွဲပေါ်က 
ကြက်တောင်ပံကြော်ကို စားမလို့ လှမ်းနေတဲ့ ကျွန်တော့လက်က လမ်းတ၀က်မှာတင် နောက်ပြန်ဆုတ်သွားပါတယ်။

ငါးတွေလည်း ဒီအတိုင်းပဲတဲ့။ ဒါဟာ ဈေးကွက်ပြဿနာတဲ့။ ဘန်ကောက်က လူသိပ်များ
လွန်းတဲ့မြို့ ။ ကမ္ဘာလှည့်တွေ များလွန်းတဲ့မြို့ ။ စားသုံးသူတွေ ပေါပေါနဲ့ များများစားလို့
သောက်လို့ရတဲ့မြို့ ။ စားမယ့်သူများသလောက် အစားခံရမယ့်ပစ္စည်းတွေက ရှိမှဖြစ်မယ်။ 
ဒါမှ စီးပွါးဖြစ်မယ်။ ဈေးကွက်နောက်ကို လိုက်ကြရင်း ပိညှက်ပိညှက်နဲ့ ကြက်ပေါက်စ 
ဂေါ်ဇီလာတွေ ကျွန်တော်တို့ထမင်းပန်းကန်ထဲ ရောက်လာကြတော့တာပါပဲတဲ့။ သူ့ရဲ့  
အဆိုကို ပိုပြီးခိုင်မာအောင်၊ အများက တညီတညွတ်တည်း လက်ခံအောင် နောက်ထပ်
ဥပမာတခု ထပ်ပေးပြန်ပါတယ်။

မကြာခင်က ပလောင်လူမျိုးတို့ရဲ့ ဒေသကို သူရောက်သွားပါသတဲ့။ အဖွါးအိုတယောက်နဲ့
ရင်းနှီးခဲ့ပါသတဲ့။ အဲဒီအဖွါးအိုမှာ အိမ်ဘေးမှာလွှတ်ပြီးမွေးထားတဲ့ ကြက်တအုပ်ရှိပါသတဲ့။ 
ကြက်မကြီးက တလုံးဥရင် ရွာလည်က ကုန်စုံဆိုင်ကို သွားသွင်းပါသတဲ့။အပြန်မှာ ကြက်ဥ 
လေးလုံး ပါလာပါသတဲ့။ အဖွါးအိုက အိမ်မှာစားရင် ဆိုင်ကဥကိုပဲ မြေးလေးတွေနဲ့ စားကြ
သတဲ့။ ဆိုင်ဥက ဥစားကြက်ဥ။ ကြီးတယ်။ ဈေးပေါတယ်။ အလွတ်မွေးအိမ်ကြက်ဥက 
သေးတယ်။ ဈေးကြီးတယ်တဲ့။

အနှီပုဂ္ဂိုလ်ရဲ့ အဆိုကို ထောက်ခံသူတယောက် တိုးလာပါတယ်။ ပါတီလူကြီးပါ။ သူ့အမျိုး
သမီးက အနောက်တိုင်းသူ။ တရက်။ သူတို့ဇနီးမောင်နှံကို ထိုင်းမှာနေတဲ့ မြန်မာအမျိုး
သမီးပါမေက္ခကြီးတဦးက အိမ်မှာခေါ်ပြီး ညစာကြွေးပါသတဲ့။ မြန်မာထမင်းဟင်းနဲ့ပေါ့။ 
အချိန်စောပြီး ရောက်သွားကြတော့ ဇနီးလုပ်သူက မီးဖိုချောင်ထဲ ၀င်ကူပါသတဲ့။ အဲဒီမှာ 
ပါမောက္ခကြီးက ညီးညူတာလိုလို၊ သင်ခန်းစာပို့ချတာလိုလို လုပ်ပါရောတဲ့။

ထိုင်းနိုင်ငံမှာ နံနံပင်တွေက ကြီးသာကြီးနေတာ အနံ့ကသိပ်မရှိဘူးတို့။ ခရမ်းသီးနဲ့ 
ဝက်သားနဲ့ချက်ရင် ဘာအနံ့မှမရဘူးတို့။ ပုဇွန်ထုပ်တွေကလည်း အရသာပေါ့လွန်း
တယ်တို့။ ဒို့မြန်မာပြည်မှာဆို နံနံပင်တွေက သေးသာသေးတယ် မွှေးသရှင့်။ ခရမ်းသီးနဲ့ 
ဝက်သား ရောချက်လို့ကတော့ မွှေးကြိုင်နေ ဆိုပဲ။ ခရမ်းသီးချင်းယှဉ်ရင် မြန်မာပြည်က 
တော့ သေးသပေါ့လေတဲ့။ တကယ်တော့ မီးဖိုချောင်မှာ ၀င်ကူညီတဲ့ အနောက်တိုင်းသူ
အမျိုးသမီးက ဒီလိုအပြောမျိုး ခံရပေါင်းများလှပါပြီ။ သူ့အမျိုးသားကလည်းဒီလိုဝေဖန်ချက် 
တွေ မကြာခဏ ပေးနေတတ်တာကိုး။ နားကြားပြင်းကပ်လှပြီ။

ဖြစ်မှဖြစ်ရလေတော်။ သူတို့တွေရဲ့ တိုင်းပြည်ချစ်စိတ်ကလည်း လွန်း လွန်လွန်း..လို့ 
နှုတ်ခမ်းထော်မိပါသတဲ့။ အသီးအရွက်ချင်း အတူတူ ဒို့ဟာကမှ ပိုကောင်းတယ်။ ငံပြာ
ရည်ချင်းအတူတူ ဒို့ဆီကမှ ပိုချိုတယ်ဆိုတာမျိုး လုပ်လွန်းအားကြီးတော့ သူ့ခမျာမခံနိုင် 
တော့ပါဘူးတဲ့။ ဒါနဲ့ ညစာစားပြီး အိမ်အပြန်လမ်းမှာ လင်တော်မောင်ကို ချဲပါလေရောတဲ့။ ပေါက်ကွဲတယ်ပေါ့ဗျာ။ မြန်မာတွေများ ကဲလှချည့်လားပေါ့။ ပထမတော့ လင်တော်မောင်
ကလည်း နားလည်စွာပေါက်ကွဲခွင့် ပေးထားပါသတဲ့။

အရှိန်လေးနဲနဲသေတော့မှ ဖြေးဖြေးချင်း ရှင်းပြပါတယ်။ ဒို့ဆီမှာက ခေတ်မမှီဘူးကွ။ 
ခေတ်က တော်တော်ကို နောက်ကျနေတာ။ ကမ္ဘာကြီးအကြောင်း သိပ်သိကြတာ
မဟုတ်ဘူး။ တိုးလည်း မတိုးတက်ဘူး။ အဲဒီတော့ အစားအသောက်တွေကလည်း 
ခေတ်ပေါ်နည်းတွေနဲ့ ဘာမှ မပြုပြင်ထားဘူး။ သဘာဝအတိုင်းပဲ။ မြေသြဇာလည်း 
အားလုံးမှာသုံးကြတာ မဟုတ်ဘူး။ ရာသီအလိုက် သီးမှ၊ ပွင့်မှ စားရ၊ သုံးရတာ။ ကြက်
တွေ ငါးတွေလည်း ဒီအတိုင်းပဲ သဘာဝအတိုင်း ကြီးပြင်းကြတာများတယ်။ အပေါကြီး
လည်း မဟုတ်၊ အရှားကြီးလည်း မဟုတ်။ ရှိတဲ့ဟာလေးတွေက ရိုးရိုးလေးနဲ့ကောင်းနေ
ရရှာတာလို့ ရှင်းပြတော့။ ဇနီးသည်လည်း သက်ပြင်းချပြီး သဘောတူလာရပါသတဲ့။ အနောက်နိုင်ငံတွေမှာဈေးပိုပေးပြီး စားသောက်ရတဲ့ အော် ဂဲန်းနစ် အစားအသောက်ဆို
တာ မြန်မာပြည်ကလိုပါလားဆိုတာ ကောင်းကောင်းကြီးသဘောပေါက်သွားပုံရပါတယ်။

ဒါပေမယ့် မိန်းမလျှာတွေက မြန်မာပြည်မှာ အရင်ကထက်ပိုများလာတာကရော ဘယ့်နဲ့
ကြောင့်တုံးလို့ ကျွန်တော်ကမေးတော့။ တရုတ်ပစ္စည်းတွေ သိပ်သုံးလာလို့ဆိုပဲ။ တရုတ်ပြည်
မှာ မိန်းမလျှာပေါ မပေါတော့ ကောင်းကောင်းမသိပါ။ အဲဒီနေ့ ဘန်ကောက်ည စာစားပွဲမှာ 
အင်္ဂလန်က လူမှုဗေဒကျောင်းသူလေးလည်း အဖြေကောင်းကောင်း မပေးနိုင်ခဲ့ပါ။ ကျွန်တော် 
တို့ ပြန်ကြတော့ စားပွဲပေါ်မှာ အရက်သာ ကုန်သွားတယ် အမြည်းက အများကြီးကျန်နေရစ်ခဲ့
ပါတယ်။ ချက်ပြုတ်ကြွေးမွေးပြီး သဘောကောင်းကောင်းနဲ့ ဧည့်ခံတဲ့ အိမ်ရှင် ပါတီလူကြီးကို အားနာပေမဲ့လည်း ကျန်ခဲ့တဲ့အမြည်းတွေအတွက်တော့ သူခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါ
တယ်။

မိတ်ဆွေများလည်း သင့်တော်မယ့် အစားအသောက်တွေရှိရင် ပြောကြပါဦး။ တချက်တချက် 
မြိုမကျပဲ ဖြစ်နေလို့ပါ။ ကျန်းမာကြပါစေ။

Sunday, November 9, 2008

ဘန်ကောက် (၀၀:၀၁)














ညှော်နံ့တွေ တထောင်းထောင်း
ဈေးသည်အော်သံ တညံညံ
ကားမီးခိုးငွေ့ တအူအူ
ဆိုင်ကယ်သံတွေ တဗြူးဗြူး
ကားသံတွေက တ၀ူးဝူး
သုံးဘီးတုတ်တုတ် တဖုတ်ဖုတ်
တနှစ်ပါတ်လုံး အိုက်စပ်စပ်
လမ်းတွေမှာ ကားတွေကျပ်
ကားတွေထဲမှာ လူတွေကျပ်
အသက်ရှုရတာလည်းမွန်းကျပ်
အလကားနေရင်းချွေးပြန်
ဒါ ဘန်ကောက်ပဲ မိတ်ဆွေတို့ ။

လူချင်းတွေ့ ရင် လက်အုပ်ချီ
စကားပြောရင် ခပ်ချွဲချွဲ
ပြုံးပြုံး ပြုံးပြုံးနဲ့
အေးအေးဆေးဆေး နေတတ်သူတွေ
အလုပ်တွေရှုပ်နေကြရတဲ့မြို့

ဆင်းရဲသားရပ်ကွက်တွေကို
မလုံမခြုံနဲ့ ၀ှက်ထားတဲ့မြို့ 

ဖေါ်ရွေမှုကို ရောင်းစားတဲ့မြို့ 

ကမ္ဘာသူကမ္ဘာသားတို့
လာရောက်ပျော်ပါးကြတဲ့မြို့ 

ဘုရားလို အကိုးကွယ်ခံရတဲ့
ဘုရင်အိုကြီးတပါး စံပါယ်ရာမြို့ 

တရားမ၀င်မြန်မာအလုပ်သမားတွေ
သိန်းနဲ့ချီပြီးရှိတဲ့မြို့ 

မြန်မာအိမ်ဖေါ်မလေးတွေ
သောင်းနဲ့ချီပြီးရှိတဲ့မြို့ 

အစည်းအဝေးမျိုးစုံ
တချိမ်းချိမ်းနဲ့ကျင်းပကြတဲ့မြို့ 

လူချမ်းသာတွေ ပျော်ပါးဖို့
လူဆင်းရဲတွေ လာဖျော်ဖြေတဲ့မြို့ 

စည်ကားမှုနဲ့ပျက်စီးမှု အပြိုင်ကျဲရာမြို့ 

ဘန်ကောက်ဟာ
အမောလွန်နေပေမဲ့လည်း
ဟန်ဆောင်ကောင်းလွန်းလှတဲ့မြို့ 

အညောင်းမိကမ္ဘာသားတွေ
အနှိပ်လာခံကြတဲ့
အနှိပ်သည်မြို့ တော်ကြီးပေါ့ ။

Friday, November 7, 2008

မိုးကောင်းကင်ခရီးတထောက်










ကိုရီးယားက ပူချွန်းဆိုတဲ့ ကမ်းခြေမြို့ ကို လေယာဉ်ဆိုက်တော့ ဒေသစံတော်ချိန် ကြာသာပတေးနေ့ ညနေလေးနာရီ။ ဗာဂျီးနီးယားကထွက်လာတာက အင်္ဂါနေ့မနက်ပိုင်း။ ဗုဒ္ဓဟူးနေ့က လမ်းမှာကျပျောက် သွားခဲ့ပြီ။ ပူချွန်းလေဆိပ်မှာ လေးနာရီလောက်နားပြီး ထိုင်းနိုင်ငံဘန်ကောက်ကိုခရီးဆက်ရမယ်။ ရောက်ရောက်ချင်း အဓိကအကျဆုံးက ပြောင်းစီးမယ့်လေယာဉ်သေချာအောင်ကြည့်ဖို့၊ မေးဖို့ပဲ။ ဒါပြီးမှ သမ္မတဘယ်သူဖြစ်လဲဆိုတာအရေးကြီးတာ။ စိတ်ထဲမှာတော့သိချင်လှပြီ။

နိုင်ပြီ

လေယာဉ်အခြေအနေပုံမှန်ပဲ။ အနီးတ၀ိုက်မှာ ရုပ်မြင်သံကြားမတွေ့ရ။ လမ်းမှာတွေ့ ခဲ့တဲ့ အင်တာနက် ကော်နာကိုသွားဦးမှ။ အင်တာနက်အလကားတဲ့ဗျ။ ဆိုဖါခုံအကောင်းစားတွေနဲ့ ကွန်ပြူတာများက လည်းကောင်းပါပေ့။ အမေရိကန်က ဒါတွေကိုအတုယူသင့်ပြီ။ စကားကြုံလို့။ လေဆိပ်မှာခရီးသည် တွေအတွက်အသုံးပြုတဲ့လက်တွန်းလှည်း။ အမေရီကားမှာ အလကားမရဘူးဗျ။ တခြားနိုင်ငံက လေ ဆိပ်တွေမှာ အလကားသုံးခွင့်ရှိသပ။ အင်တာနက်လည်းဖွင့်ရောတွေ့ ပါပြီဗျား။ အိုဘားမားနိုင်တဲ့ အကြောင်း။ သတင်းသာဖတ်နေရတာ ယုံတ၀က်မယုံတ၀က်။ နိုင်လိမ့်မယ်ဆိုတာ ကြိုပြီးတွက်လို့ ရနေပေမယ့်လည်း နိုင်ငံရေးဆိုတာ သိတယ်မဟုတ်လား။ ခပ်ရှုပ်ရှုပ်။ ပုံမှန်သိပ်ရှိတာမဟုတ်ဘူး။ အိုဘားမားကိုထောက်ခံသူတိုင်း ဒီလိုပဲ မယုံတ၀က်၊ ယုံတ၀က်ဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်။
အကြောင်းကတော့ အိမ်ဖြူတော်မှာ လူဖြူသမ္မတပဲတောက်လျှောက်ကြီးစိုးလာတဲ့ အစဉ်အလာ။ အရင်ရွေးကောက်ပွဲတချို့ မှာ မဲပြဿနာတက်လို့လွဲခဲ့ရတယ်ဆိုတဲ့အစဉ်အလာ။ ဥပမာ ဘုရှ်၊ အလ်ဂိုး ပြဿနာ။ အစဉ်အလာတွေကို တကယ်ပဲပြောင်းလဲတော့မှာလားဆိုတဲ့ကိစ္စ။ လူမည်းသမ္မတ ကိုတ ကယ်ပဲလက်ခံတော့မှာလားဆိုတဲ့ကိစ္စ။ အဖေမူဆလင်၊ အိုဘားမားရဲ့  နာမည်မှာ ဟူစိန်ပါနေတဲ့ ကိစ္စ။ သမ္မတကတော်လုပ်မယ့်သူကလည်း အမည်းအမျိုးသမီး။ ဒုသမ္မတလုပ်မယ့်သူက ကက်သလစ်ခရစ် ယန်။ ဒါတွေကိုအလွယ်တကူကျော်လွှားနိုင်ကြမလား။ အခုတော့သေချာသွားပြီ။ အပြောင်းအလဲ တော့စဖြစ်ပြီ။ အမေရီကန်ရဲ့ သမိုင်းဝင်ခြေလှမ်း သစ်စပြီ။ တကမ္ဘာလုံးအံ့သြရပြီ။ အိုဘားမားရဲ့  အောင်ပွဲဝင်မိန့်ခွန်းတပိုင်းတစထဲမှာ မတူကွဲပြားတာတွေကြားမှာ ညီညီညွတ်ညွတ်နဲ့နေကြမယ့်အမေ ရီကန်ဆိုတဲ့ ပြည်တွင်းစစ်နှောင်းပိုင်းအသံကပြန်ထွက်လာခဲ့ပြီ။ ဘာပဲပြောပြော ပိုက်ဆံမပေးရတဲ့အတူ တူ အကောင်းကိုသာမျှော်လင့်ကြပါစို့။ ဂေါ့ဒ်ဘလက်စ် အမေရီကားပေါ့။

လေဆိပ်ကြော်ညာ

ကိုရီးယားအကြောင်းဆက်ပါဦးမယ်။ အင်ချွန်းလေဆိပ်က တော်တော်ကောင်းပါတယ်။ သန့်ရှင်းတယ်။ ခရီးသည်တွေအတွက် ရှုပ်ထွေးမှု၊နားလည်ရခက်မှုတွေမရှိဘူး။ ၀န်ဆောင်မှုကောင်းတယ်။ ထူးခြား တာက ကမ္ဘာကျော်ဖက်ရှင်ပစ္စည်းဆိုင်တွေသိသိသာသာများတာပါပဲ။ အထူးသဖြင့်အမျိုးသမီးအသုံး အဆောင်အလှအပပစ္စည်းဆိုင်တွေပါ။ လေဆိပ်မှာအနားယူခန်း၊ အနှိပ်ခန်း၊ရေချိုးခန်းတွေအပြင် ကိုရီး ယားရိုးရာယဉ်ကျေးမှုကိုပါ မြည်းစမ်းလိုသူများအတွက်နေရာတွေလည်းရှိပါတယ်။ သူတို့ရဲ့ စာကိုဘယ် လိုရေးသလဲ။ ဘယ်လိုကခုန်သလဲ။ ရိုးရာပန်းချီဘယ်လိုဆွဲသလဲပေါ့။ သူတို့ရဲ့ တိုင်းရင်းဆေးကလည်း အစွမ်းထက်ပုံရပါတယ်။ ရိုးရာဆေးဆိုင်တွေကိုလည်းသီးသန့်ဖွင့်ထားကြပြီး အားလုံးလိုလိုမှာဝယ်သူ တွေနဲ့စည်ကားနေပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်တွေတော့ ထင်ထားသလောက်မများတာကိုသတိထား မိပါတယ်။ ရှိတဲ့ဆိုင်ကလည်း ဂျပန်ပစ္စည်းအများစုပါ။ ဂျပန်ဆိုလို့ လေဆိပ်ထဲမှာ ဂျပန်လူငယ်တွေအ တော်များများတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်နဲ့ကိုရီးယားက ကပ်နေတာမို့ခရီးစရိတ် သက်သာတာက တကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု ချင်းကလည်း အခုကာလမှာအရင်ကထက်ပိုပြီးကူး လူးဆက်ဆံမှုတွေပိုရှိလာတာကတကြောင်း အ၀င်အထွက်များကြတာပါ။ ကိုရီးယားရုပ်ရှင်နဲ့ရုပ်သံ ဇတ်လမ်းတွဲတွေဟာ ရုပ်ရှင်ပညာအရှိန်အ၀ါကြီးတဲ့ဂျပန်နိုင်ငံကိုပါကောင်းကောင်းထိုးဖေါက်ထားနိုင် ပါတယ်။ ဂျပန်ပျိုမေတို့အသည်းကျော် ကိုရီးယားမင်းသားလေးများရှိကြသလိုပဲ ဂျပန်သီချင်းနဲ့ဂျပန်လူ ငယ်တွေရဲ့ အနေအထိုင်နဲ့အာရုံခံစားမှုတွေအတိုင်း လိုက်လံကျင့်ကြံအားထုတ်ကြတဲ့ ကိုရီးယားလူငယ် တွေကလည်းအခိုင်အမာရှိကြပါတယ်။ အခမဲ့အင်တာနက်ကော်နာများအကြောင်းတော့ရှေ့ မှာပြောခဲ့ ပြီးပါပြီ။
စကားမစပ် ပထမပိုင်းရေးတုန်းက ကိုလိုနီခေတ်နှောင်းပိုင်းစကားပြေအရေးအသားဆန်ဆန်ရေးခဲ့ပြီး အခုတပိုင်းမှာ ဘာကြောင့်စကား ပြောပုံစံနဲ့ရေးရသတုန်းလို့မေးလာရင်တော့ အကြောင်းထူးမရှိပါ ကြောင်း၊ ဖတ်ရသူရောရေးသူပါအပြောင်းအလဲဖြစ်အောင်လုပ်တာဖြစ်ကြောင်းပါခင်ဗျား။ မကြာခင် ပြီးပါတော့မယ်။ ဆက်လက်သီးခံအားပေးတော်မူကြပါကုန်။

ညကောင်းကင်ကိုရီးယား

ဒီလိုနဲ့။ လေယာဉ်ထွက်ချိန်နီးလာခဲ့ပါတယ်။ ကိုရီးယားမှထိုင်းနိုင်ငံဘန်ကောက်သို့ပေါ့။ ဒီတခါလေ ယာဉ်ခရီးကတိုပါတယ်။ ငါးနာရီသာသာစီးရမှာပါ။ လေယာဉ်လည်းသေးပါတယ်။ ဒီမှာလည်းကံ ကောင်းတာက နံဘေးခုံမှာလူမပါတာပါပဲ။ ခြေဆန့်လက်ဆန့်ရှိသပေါ့။ ကံဆိုးတာကတော့ လေ ယာဉ်ထဲမှာ ကိုရီးယားမုန်ညှင်းချဉ်နံ့ထွက်နေတာပါပဲ။ ကိုရီးယားများကတော့ ဒီအနံ့ရှိတယ်လို့တောင် ထင်ကြပုံမရ။ အနံ့ရရင်လည်း မွှေးတယ်လို့ထင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ငါးပိကြော်နံ့ကိုမွှေးတယ် လို့ထင်သလိုနေမှာပေါ့။ လေယာဉ်စထွက်တော့ ညရှစ်နာရီထိုးပါပြီ။ ပြုတင်းပေါက်ကငေးကြည့်တော့ ချမ်းသာတဲ့တိုင်းပြည်မှန်းသိရမြင်ရပါပြီဗျား။ လျှပ်စစ်မီးတွေများ တမြို့ လုံးတနယ်လုံး လင်းလို့ထိန်လို့၊ ပြိုးလို့ပြက်လို့။ အဝေးပြေးလမ်းမကြီးတွေကလည်း ဖြူးလို့လင်းလို့။ ဘေ့စ်ဘောကစားကွင်းစိမ်းစိမ်း တွေမှာလည်း လင်းလို့လက်လို့။ မုဒိတာများပွါးမိပါရဲ့ ။ သူတို့လည်း စစ်အာဏာရှင်နိုင်ငံဘ၀ကပြောင်း လဲလာသူတွေ။ ဂျပန်တွေရဲ့ ကိုလိုနီအလုပ်ခံခဲ့ရသူတွေ။ လူမျိုးတူ ချင်းတောင်နဲ့မြောက်ခွဲခွါနေကြရသူ တွေ။ ကိုယ်ချင်းလည်းစာမိပါရဲ့ ။ အောင်မြင်ပါစေ၊ငြိမ်းချမ်းပါစေ ကိုရီးယားခင်ဗျား။

တော်ပြီ

ဒီလိုနဲ့ထိုင်းကိုရောက်လာတယ်ဆိုပါတော့ဗျာ။ တော်လောက်ပြီထင်ပါတယ်။ ကျွန်တော့ရဲ့ အမြင့်စာ သို့မဟုတ် ဝေဟင်ပေါ်တွင်တင်သောကဗျည်း သို့မဟုတ် တောင်တောင်အီအီခရီးသွားစာစုအပေါ် ခင်မင်မှုများနဲ့ ထင်မြင်ချက်လေးများပေးသနားတော်မူကြပါဦး ဘလော့ဂါရောင်းရင်းအပေါင်း မဟာ သူတော်ကောင်းတို့။ ကျန်းမာကြပါစေ။



(ရုပ်ပုံကို ဂူဂလ်က ရှာယူပါတယ်)