Sunday, January 11, 2009

ထိုင်းယောင်ဆောင်ခရီးသွား








ထိုင်းနဲ့မြန်မာက ရုပ်ရည်အားဖြင့်ခွဲလို့မရဘူး။ စကားမပြောပဲနေရင် ကိုယ့်ကိုထိုင်းလို့ပဲထင်ကြတာ။ ထိုင်းယောင်ဆောင်ဖို့ဆိုတာ လွယ်လည်းလွယ်တယ်။ မလွယ်လည်းမလွယ်ဘူး။ ဘာမှမပြောပဲ ညိမ် နေရင် ဒါမှမဟုတ် ထိုင်းစကားကောင်းကောင်း ပြောနိုင်ရင်လွယ်တယ်။ ထိုင်းစကားမတတ်သူအတွက် မလွယ်ဘူး။ ကိုယ်ကထိုင်းလိုမပြောတတ်လို့ အင်္ဂလိပ်လိုပြောရင်ထိုင်းတွေ က တအံ့တသြ။ ထိုင်းမဟုတ်ဘူးလားလို့မေးတယ်။ ဖိလစ်ပိုင်လားလို့မေးတယ်။ မြန်မာလို့မထင်ကြဘူး။ သူတို့ အအံ့သြ ပြေအောင် ရှင်းပြရတာအမော။ ဈေးဝယ်တဲ့အခါ ထိုင်းဆိုရင်ဈေးတမျိုး။ နိုင်ငံခြားသားဆိုရင်ဈေးတမျိုး လုပ်တတ်တယ်။ ထိုင်းယောင် ဆောင်တတ်ရင်တော့ သက်သာတာပေါ့။


အယုဒ္ဓယခရီး

ဘန်ကောက်ကနေသွားရင် တနာရီကျော်လောက်ကားမောင်းတာနဲ့ရောက်တဲ့မြို့ ပါ။ အငှားယာဉ်နဲ့သွား ရင်ပိုမြန်တယ်။ ဈေးပိုပေးရတယ်။ မြို့ ထဲတနေရာမှာ ကားလေးဂိတ်တခုရှိသတဲ့။ ဈေးလည်းပေါသတဲ့။ ကိုယ်ကလည်းတသီးတသန့်မနေချင်ဘူး။ လူတွေနဲ့ရောနေကြည့်ချင်တယ်။ တည်းခိုခန်းကနေ ကားဂိတ်ကို အငှားယာဉ်နဲ့သွားတာ ဆယ်မိနစ်လောက်ကြာတယ်။ထိုင်းငွေ ဘတ်ငါးဆယ်ပေးရတယ်။ ကားလေးဂိတ်မှာ ခပ်တည်တည်နဲ့ အယုဒ္ဓယလို့ တလုံးထဲပြောပြီးတက်ထိုင်နေလိုက်တယ်။ ခဏကြာ တော့ ပိုက်ဆံကောက်တယ်။ သူများပေးသလိုတရာတန်ထုတ်ပေးတော့ လေးဆယ်ပြန်အမ်းတယ်။ ခရီးဝေးက ဈေးပိုပေါနေတယ်။ ခပ်ပြုံးပြုံးနဲ့ ကားပေါ်မှာဖွင့်ထားတဲ့သီချင်းနားထောင်ရင်းခရီးထွက်ခဲ့ တယ်။ ကိုယ့်ဘေးကလူတွေကလည်း ကိုယ့်ကိုထိုင်းလို့ပဲ ထင်နေကြတယ်။ တသွေးထဲတသားထဲလို ခရီးသွားရတာ ပိုပြီးပေါ့ပါးတာပေါ့။


မြို့ ပတ်သုံးဘီး

တနာရီကျော်ကျော်ဆိုရင်ပဲ ရောက်ပါပြီ အယုဒ္ဓယ။ မြို့ ငယ်လေးပါပဲ။ ဈေးလောက်ပဲလူစည်တာပါ။ အရင်တုန်းက မြန်မာတွေ စစ်လာတိုက်ပြီးဖျက်ဆီးခဲ့တယ်ဆိုတဲ့ မြို့ ဟောင်းနေရာကိုသွားချင်တာ။ ဒီမြို့  မှာက အဲဒါကလွဲပြီး ဘာမှစိတ်ဝင်စား စရာမရှိ ဘူး။ ခက်တာက ကားရပ်တဲ့နေရာက မြို့ ထဲဈေးဒေါင့် မှာဆိုတော့ မြို့ဟောင်း ကိုဘယ်လိုသွားရမှန်းမသိဘူး။ ထိုင်းစကားမတတ် တော့ ဆက်ပြီးအယောင် ဆောင်လို့မရတော့ဘူး။ သုံးဘီးဆရာကိုပဲမေးရတော့တယ်။ လုပ်ပါပြီဗျား။ ထိုင်းမဟုတ်မှန်းလည်းသိ ရော ဆော်ပြီပေါ့။ နေရာစုံလိုက်ပို့မယ်။ ဘတ်ငါးရာထဲပါတဲ့။ မြေပုံလည်းထုတ်ပြတယ်။ ဈေးဆစ်တော့ တရာ လျှော့ပေးတယ်။ တကယ် တော့ ဘတ်လေးရာဆိုတာလည်းမနဲဘူး။ နောက်ဆုံး။ တနေရာကိုပဲ လိုက်ပို့ ကျန်တဲ့နေရာတွေ လမ်းလျှောက်သွား မယ်လို့ပြောပြီး ဈေးဆက်ညှိတယ်။ ခြောက်ဆယ်နဲ့ တည့်သွားတယ်။ ဘန်ကောက်နဲ့အယုဒ္ဓကိုလာတဲ့ဈေးနဲ့အတူတူ။ တကယ် လည်းမောင်းရော ငါးမိနစ် လောက်နဲ့မြို့ ဟောင်းနေရာကိုရောက်သွားပါလေရော။ ဒါတောင်သုံးဘီးဆရာကတည့် တည့်မမောင်းပဲ ပါတ်မောင်းခဲ့သေး တာ။ အပြန်ကျမှ သဘောပေါက်တယ်။ မသိတော့လည်းခံပေါ့။


သမိုင်းတရားခံ

ကားခပေးတော့ ဘယ်နိုင်ငံကလည်းလို့မေးမြန်ရော။ မြန်မာပြည်ကလို့ပြောတော့ အံ့သြပြန်ရော။ အယုဒ္ဓယကားဆရာက သူ့ ဘ၀မှာ မြန်မာလူမျိုးကိုပထမဦးဆုံးတွေ့ ဖူးခြင်းပါတဲ့။ သူ့ပုံစံက အယုဒ္ဓယ မြို့ အဖျက်အစီးခံခဲ့ရပြီးနောက်ပိုင်း ဒီမြို့  ကိုပြန်လာတဲ့ မြန်မာစစ်သည်တဦးကိုတွေ့ လိုက်ရသလိုပဲ။ ဒီမြို့ ရဲ့ သမိုင်းကိုသိသလားလို့မေးပါတယ်။ နဲနဲပါးပါးပဲသိတယ် လို့ဖြေပါတယ်။ ဒီမြို့ ကိုမြန်မာတွေဖျက် ဆီးသွားတာလို့ရှင်းပြပါတယ်။ စိတ်မကောင်းပါဘူးလို့အရင်လူတွေအစား တောင်းပန်ခဲ့ရပါတယ်။ သူက တော့ထင်မှာပဲ ဒီမြန်မာကို ဒီထက်ပိုက်ဆံပိုတောင်းသင့်တယ်လို့။


သမိုင်းနဲ့စီးပွါးရေး

ထိုင်းလူမျိုးတွေက သမိုင်းထဲကနေသင်ခန်းစာယူတတ်ယုံတင်မကဘူး။ သမိုင်းကိုစီးပွါးဖြစ် အောင်ပါ လုပ်နိုင်ကြတဲ့သူတွေပါ။ မြို့ ဟောင်းက စေတီပုထိုးနဲ့ ကျောင်းသင်္ခန်းပျက်တွေကိုမသိမသာပြုပြင်မွန်း မံပြီးကမ္ဘာလှည့်တွေစိတ်ဝင်စားအောင်လုပ် ထားတဲ့နေရာပါ။ ဟိုနားဒီနားဆင်တွေနဲ့လည်းသွားလို့ရ အောင်စီစဉ်ပေးထားပါတယ်။ ဆင်မောင်းသမားတွေကလည်း ရှေးရှေး တုန်းကမင်းမှုထမ်းအ၀တ်အစား တွေနဲ့ဆိုတော့ ကမ္ဘာလှည့်တွေအတွက် သမိုင်းထဲမှာ ခရီးသွားနေရသလိုပေါ့။ ပျော်ကြပါ တယ်။ မြန်မာ ပြည်က ပုဂံမြို့ ဟောင်းနဲ့ယှဉ်ရင်တော့အကျယ်အ၀န်းရော၊ဘုရားအရေအတွက်ရော၊ ပိသုကာအနုပ ညာအရရော တခြားစီပါပဲ။ ပုဂံကပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့်လည်း သူ့သမိုင်းတန်ဘိုး နဲ့သူတော့သီးခြားစီရှိကြတာပါ။ ဘုရားကြိုဘုရားကြားလျှောက်သွားရင်း ဒီနေရာဟာငါတို့မြန်မာတွေ သိမ်းပိုက်ခဲ့တဲ့နေရာကွလို့တော့ ဇာတိမာန်မတက်ခဲ့ပါဘူး။ အရင်ကအားကောင်းခဲ့တဲ့မြန်မာတွေ အခုတော့လည်း မျက်နှာငယ်နေရပါလားဆိုပြီး သံဝေဂတော့ရခဲ့ပါတယ်။


အလကားရထား

မြို့ ဟောင်းကအပြန်အချိန်ရသေးလို့ မြို့ ထဲကဈေးကိုလမ်းလျှောက်ရင်းတပါတ်ပါတ်ပါတယ်။ ညနေခင်းဆိုတော့ဈေးလည်း သိမ်းနေပါပြီ။ စိတ်ဝင်စားစရာသိပ်မတွေ့ ပါ။ စားသောက်ဆိုင်တောင် ရှာဖို့ခက်ပါတယ်။ တနေရာရောက်တော့ ဒီမြစ်ကိုကူးရင် ဘူတာရုံကိုရောက်တယ်လို့စာရေးထား တာတွေ့ ပါတယ်။ အဲဒါနဲ့ စာညွှန်းအတိုင်းဆက်လျှောက်သွားတော့ မြစ်တခုကိုတွေ့ ရတယ်။ ကုတို့ဆိပ် လေးတခုရှိတယ်။ ဒီဘူတာကရထားစီးရင် ဘန်ကောက်ကိုရောက်လားလို့မေးတော့ရောက် ပါသတဲ့။ ကုတို့ခ သုံးဘတ်ပါတဲ့။ မကြာပါဘူး။ စက်လှေလေးတစီးကမ်းကိုကပ်လာပါတယ်။ ဟိုတဖက်ကမ်းကို ကူးရင်ဘူတာရောက်မယ်တဲ့။ စက်လှေပေါ်မှာအတူပါလာတဲ့ ကောင်မလေးက ဘယ်နိုင်ငံကလည်း လို့မေးပြန်ရော။ လှေဆိပ်မှာ အင်္ဂလိပ်လိုပြောတာတွေ့ ရတော့ ထိုင်းမဟုတ်ဘူး ဆိုပြီးအံ့သြနေတာတဲ့။ ရှင်းပြရပြန်ရော။ သူကဟိုတယ်တခုရဲ့ ဝန်ထမ်းပါ။ နိုင်ငံခြားသားတွေကို စိတ်ဝင်စားပါသတဲ့။ မိတ်ဆွေ ဖြစ်ချင်ပါသတဲ့။ သူ့ရဲ့ ရည်းစားကလည်း ဥရောပသားပါတဲ့။ အတွေ့ အကြုံဖလှယ်ရတာ ကြိုက်ပါသတဲ့။ ဒါနဲ့ပဲ ဟိုဖက်ကမ်းနဖူးက ကော်ဖီဆိုင်လေးမှာ နှစ်ယောက်သား ထိုင်ကြရင်းထွေရာလေးပါပြောကြပါ တယ်။ ဘန်ကောက်ကိုရထားနဲ့ပြန်ရင်ရတယ်ဆိုပေမယ့်။ အချိန်ကြာပါသတဲ့။ နှစ်နာရီကျော်သုံးနာရီ လောက်ကြာလိမ့်မယ်တဲ့။ ကိစ္စမရှိ ဘူး။ အတွေ့ အကြုံရချင်လို့ပါလို့ရှင်းပြပါတယ်။ တခုကောင်းတာက ဈေးပေါတယ်တဲ့။ ဘတ်နှစ်ဆယ်ဆိုလားပဲပေးရသတဲ့။ ဒါပေမယ့်မပူနဲ့တဲ့။ အတွေ့အကြုံသစ်တခုရ အောင်သူစီစဉ်ပေးမယ်တဲ့။ ထိုင်းလူမျိုးတွေအတွက်ရထားခ မပေးရဘူးဆိုပဲ။ ရထားချိန်နီးတော့ ဘူတာထဲကိုဝင်ပြီးလက်မှတ်ရောင်းတဲ့နေရာမှာ လက်မှတ်တစောင်ကိုကောင်မလေးသွားယူ လာပါတယ်။ လမ်းမှာဘာစကားမှမပြောပဲခပ်ပြုံးပြုံးပဲလိုက်သွားပါတဲ့။ လက်မှတ်စစ်လာရင် ခပ်တည် တည်နဲ့ဒီလက်မှတ်ကိုထုတ်ပြလိုက် တဲ့။ လက်မှတ်ကိုသေချာကြည့်တော့ အယုဒ္ဓယ၊ ဘန်ကောက် ဈေးနှုန်း သုံညတဲ့။

ကျွန်တော်တို့နှစ်ယောက်ရဲ့ စစ်ဆင်ရေးအောင်မြင်ပါတယ်။ ရထားတော့ သုံးနာရီလောက်စီးလိုက်ရ တယ်။ အလကားပေါ့။ ရထားတွဲပေါ်ပါလာသူအားလုံးနဲ့လက်မှတ်စစ်ကြီးကပါ ကျွန်တော့ကို ထိုင်းလို့ ယုံကြည်ခဲ့ကြပါတယ်။

(အလုပ်ကလည်းရှုပ်၊ နေကလည်းမကောင်းလို့ စာမရေးဖြစ်တာကြာသွားတယ်။ လာရောက်နှုတ်ဆက်သူများအားလုံး မင်္ဂလာနှစ်သစ်ပါ။ ချင်းမိုင်မြို့ ကိုသွားတဲ့အကြောင်းနောက်မှ ဆက်ရေးမယ်။)

No comments: