Friday, February 15, 2008

မြို့ရဲ့သတင်းစာ










မြို့ကသာ ခြောက်ကပ်တာ
သတင်းတွေကတော့ ဝေဆာသဗျာ။

ခြောက်ကပ်ကပ်မြို့တော်မှာ
သတင်းက လွတ်လပ်တယ်
သတင်းသမားတွေကများ
သတင်းစာတွေလည်းများ။

မိုးမလင်းခင်မှာ
သတင်းစာထူထူတွေ
အိမ်တွေထဲကို ရောက်နေမယ်
လမ်းဒေါင့်တိုင်းမှာရှိနေမယ်
ဘူတာရုံထိပ်မှာစောင့်နေမယ်
ကော်ဖီဆိုင်မှာရှိနေမယ်။

ကမ္ဘာကြီးအကြောင်း
မြို့တော်အကြောင်း
ကောင်းကြောင်း၊မကောင်းကြောင်းပေါ့။

စိတ္တဇလူသတ်သမားအကြောင်း (ရုပ်ရှင်ဆန်ဆန်)
ပြည့်တန်ဆာတို့ရဲ့ဝင်ငွေအကြောင်း (အံသြဘွယ်)
ကော်ဖီဆိုင်အသစ်နဲ့ဓါးပြတိုက်မှုတွေအကြောင်း (ကြော်ငြာဆန်ဆန်)
ထင်ပေါ်ကြော်ကြားတွေရဲ့အတင်းအဖျင်း (ပွင့်ပွင့်လင်းလင်း)
ဈေးအတက်အကျသတင်း (အလန့်တကြား)
ဆန္ဒပြပွဲသတင်း (ပုံမှန်)
နာရေးကြော်ငြာ (တဂုဏ်တယူ)

ရုပ်ရှင်အညွန်း (ပိုပိုသာသာ)
လူထုအော်သံ (နေရာကျဉ်းကျဉ်း၊အသံကျယ်ကျယ်)
နိုင်ငံရေးသုံးသတ်ချက် (ပွင့်ပွင့်လင်းလင်း)
ချက်နည်းပြုတ်နည်း (လက်တွေ့မကျ)
ပစ္စည်းအသစ်အဆန်း (အထိပ်တလန့်)
သူများတိုင်းပြည်ဝေဖန်ရေး (ဆရာကြီးလေသံ)
ပွဲကြီးပွဲကောင်း အားကစား (နေရာကျယ်ကျယ်၊ဓါတ်ပုံကြီးကြီး)

ပစ္စည်းဟောင်းရောင်းမယ့်ကြော်ငြာ (လေးငါးရွက်)
ရဲတွေညံ့တဲ့သတင်း (ခပ်ကျဉ်းကျဉ်း)
သူခိုးတွေဖမ်းတဲ့သတင်း (ခပ်ကျယ်ကျယ်)
ဘုရားလူကြီးလိင်ကိစ္စ (ဓါတ်ပုံနဲ့တကွ)
လွှတ်တော်ထဲက ရန်ပွဲ (ဓါတ်ပုံနဲ့တကွ)
သမ္မတရဲ့ခွေးသတင်း (အသေးစိတ်)
သမ္မတသမီးအရက်မူးလွန်တဲ့အကြောင်း (ဓါတ်ပုံနဲ့တကွ)
ဝိုင်အရက်နဲ့ဆေးကြော်ငြာ (လှလှပပ)
မိုးလေ၀သခန့်မှန်းချက် (တလွဲတချော်)

ရပ်ကွက်ထဲက လုယက်မှု (ရုပ်ရှင်ဆန်ဆန်)
စစ်ပွဲအရှုံးအနိုင် (တနေ့ရွှေ၊ တနေ့ငွေ)
ဘောလုံးပွဲအရှုံးအနိုင် (ဇတ်လမ်းပမာ)
ကျန်းမာရေး (ဟုတ်တုတ်တုတ်)
လူကြိုက်များတဲ့ ကာတွန်းနဲ့ပဟေဠိ
အစုံပဲ။

သတင်းစာဆိုတော့လည်း
နေ့လည်ခင်းမှာ အမှိုက်ဖြစ်သွားတာပေါ့
မြို့လူထုက အားပေးကြပါတယ်။

Wednesday, February 13, 2008

မြို့ဘေးကမြစ် သို့မဟုတ် မြစ်ဘေးကမြို့















မြို့တော်ရဲ့ ဘေးမှာ
သဘောကောင်းတဲ့ မြစ်တခုရှိတယ်
ဒီမြစ်က မြို့ကိုအန္တရာယ်မပေးဘူး။

မြို့နေလူထု ပျင်းတဲ့အခါ
မြစ်ဆီကို ထွက်လာကြ
မြစ်ဘေးမှာ ပျော်ပါး
မြစ်ထဲမှာ ဆော့ကစား
မြစ်ကမ်းတလျှောက် ပြေးလွှား
မြစ်ပြင်ကို ထိုင်ငေး
မြစ်တေးကို နားဆင်
မြစ်ငါးကို ဖမ်းစား
မြစ်ထဲမှာပဲ အမှိုက်ပြစ်
အချိန်တန်တော့လည်း ဒီမြစ်ကိုထားခဲ့ပြီး ပြန်ကြ။

မြစ်ကတော့ သဘောကောင်းတယ်
မြို့တော်ကို အန္တရာယ်မပေးဘူး။
ခြောက်ကပ်ကပ်မြို့ နဘေးမှာ
စီးဆင်းနေရတာ ပျင်းလွန်းလို့
ဖါသိဖါသာ နေတာလား
ရွှေမြို့တော်ဘေးမှာ ရှိခွင့်ရလို့
ဂုဏ်တင်ပြီး သဘောကောင်းပြနေတာလား
ဒီမြစ်ရဲ့ အတွင်းသဘော
ဘယ်သူမှ မသိနိုင်ကြဘူး။
(သိလည်းမသိချင်ကြပါဘူး)

ဒီမှာက
မြစ်ကိုစောင့်လျှောက်တာ နတ်တွေမဟုတ်ဘူး
သဘာဝကိုချစ်တဲ့ လူအုပ်စု
ဒီလူတွေက သူများတွေ ခွေးမွေးသလို
သူတို့က မြစ်ကိုမွေးကြတယ်။
မြစ်ကို ယုယတယ်
မြစ်ကို ကုသတယ်။
ဒီလူနဲ့ဒီမြစ် ချစ်ခန်းကြိုက်ခန်းတွေရှိလို့လည်း
ဒီခြောက်ကပ်ကပ်မြို့ အသက်ရှင်နေတာပေါ့။

ရာသီဥတုကောင်းပြီဆို
မြစ်ထဲမှာ
လွှတ်တော်အမတ်လည်းရှိမယ်
စုံထောက်မိသားစုလည်းရှိမယ်
ဟိုတယ်ပိုင်ရှင်လင်မယားလည်းရှိမယ်
သူတို့က
မြစ်ပေါ်က သင်္ဘော
သင်္ဘောပေါ်က ရောင်စုံထီး
ရောင်စုံထီးရဲ့အရိပ်အောက်မှာပေါ့။

မြစ်တကြော မျောနေကြတဲ့သူတွေထဲမှာတော့
ရေပေါ်ဂျွန်းပစ်ပြသူတွေ
ရေလွှာလျှောစီးပြသူတွေ
ကနူးလှေသမားတွေ
ကယ်ဆယ်ရေးသမားတွေနဲ့
တဟေးဟေး တဟားဟားပေါ့။

မြစ်ကမ်းဘေးတလျှောက်မှာတော့
ချစ်စခန်းလေးတွေဆောက်သူတွေ
ခွေးနဲ့အပြိုင်ပြေးသူတွေ
ဆေးလိပ် ခိုးသောက်တဲ့ ကလေးများ
ခန္တာကိုယ်အလှ ဖေါ်ပြကြတဲ့ အမျိုးသမီးများ
ဒီအမျိုးသမီးတွေကို လာကြည့်တဲ့အမျိုးသားတွေ
(ဒီမောင်တွေလည်း ခန္တာကိုယ်အလှပြကြတယ်)

အပျော်တန်း အားကစားသမား
အပျော်တန်း ငါးဖမ်းသမား
အပျော်တန်း ရည်းစားသမား
ဟန်ရေးပြ ရဲသားများ
ပျော်ပွဲစားအုပ်စု
ရေခဲမုန့်သည်
ကမ္ဘာလှည့်ခရီးသည်
အာလူကြော်နဲ့ဝက်အူချောင်းသည်
အားလုံးပျော်ကြပါးကြတယ်။

မြို့တော်ကလူတွေ
အခုလိုမြစ်ဘက်ကိုထွက်ကြတော့
မြို့တော်ကြီး ပိုခြောက်ကပ်ရှာပေါ့။

Monday, February 11, 2008

ခြောက်ကပ်ကပ်မြို့တော်















တကယ်ပဲ ခြောက်ကပ်တဲ့မြို့ပါ။
ဘုရားကျောင်းတွေလည်း ခြောက်ကပ်
လမ်းမတွေလည်း ခြောက်ကပ်
ပြတိုက်တွေမှာလည်း ခြောက်ကပ်
အရက်ဆိုင်တွေလည်း ခြောက်ကပ်
ဘူတာရုံတွေလည်း ခြောက်ကပ်။
ဒီခြောက်ကပ်ကပ် မြို့တော်မှာ
အသုံးမကျတဲ့ သမ္မတတယောက်ရှိတယ်။
(သူ့မိန်းမနဲ့ မိသားစုကလည်း အသုံးမကျဘူး။)


အဲဒီမြို့တော်အတွင်း
ငွေလိုနေတဲ့ နိုင်ငံရေးသမားတွေ
ရန်လိုနေတဲ့ လွှတ်တော်အမတ်တွေ
အပျင်းထူးလွန်းတဲ့ အစိုးရ၀န်ထမ်းတွေ
အမဲလိုက်သမားလို ရှေ့နေတွေ
ဆက်ဆံရခက်တဲ့ အမျိုးသမီးပဓါန၀ါဒီတွေ
အထိုင်အထနှေးတဲ့ လုံခြုံရေးရဲတွေ
လိင်တူချင်းပဲ ဆက်ဆံချင်သူတွေ
အထည်ကြီးပျက် နိုင်ငံရေးသမားတွေ
ဥာဏ်ထိုင်းတဲ့ စစ်သားတွေ
အိမ်ထောင်ရေးရှုပ်တဲ့ ဘုန်းကြီးတွေနဲ့
လူလိုနေထိုင်တဲ့ ခွေးမျိုးစုံတို့ရှိကြတယ်။
ဒါကြောင့်မို့ထင်ရဲ့
ဒီမြို့တော်ကြီးကို
လုံခြုံရေး အထူးတင်းကျပ်ထားရတယ်။


မြို့တော်မှာ
လှုပ်လှုပ်ရှားရှားဆိုလို့
အရေးပေါ်လူနာတင်ကားတွေ
ဆူဆူညံညံပြေးလွှားနေတတ်တာပဲ။

မြို့တော်အင်္ဂါရပ်နဲ့အညီပြောရရင်တော့
သူတို့တွေချည်းပဲ မဟုတ်ပါဘူး။

မြို့ပါတ်ပါတ်လည်မှာ
ဆင်းရဲသားရပ်ကွက်တွေရှိတယ်။
ဖေါ်ရွေမှုမရှိတဲ့ တရုတ်တန်းတခု
မူးယစ်ဆေးအရောင်းအ၀ယ်နဲ့
လူမိုက်ဂိုဏ်းတချို့လည်းရှိတယ်။
တက္ကသိုလ်၊ကောလိပ်တချို့နဲ့
အဖေါ်အချွတ် အရက်ဘားတွေလည်းရှိတယ်။
(သူတို့ကတော့ လူကြီးမင်းများဂေဟာလို့ခေါ်သပေါ့။)

ရန်ပွဲများတဲ့ ဂျက်ဇ်ကဖေး
ရေလျှံတဲ့ ကားသူခိုးအုပ်စု
လူတွင်ကျယ်လုပ်တဲ့ လူ့အခွင့်အရေးအုပ်စု
အချောင်ဘာရမလဲချောင်းနေတဲ့ သံတမန်အသိုင်းအ၀ိုင်း
အရက်အမြဲတန်းမူးနေတဲ့ အိုးမဲ့အိမ်မဲ့များ
စစ်ပြန်သူတောင်းစားများ
အကြွေးထူထူ ကားကောင်းကောင်းနဲ့မြို့သူမြို့သားများ
ပုံမှန်လုပ်နေကျ ပျင်းစရာ(တခါလေ ပျော်စရာ) ဆန္ဒပြပွဲများ
ဘယ်သူ့ကိုမှ လူလို့မထင်တဲ့ ဆရာဝန်များ
ကိုယ်ကျင့်တရားကောင်းပြီး အလုပ်မဖြစ်တဲ့ပညာတတ်များ
စေတနာကောင်းပေမယ့် ၀င်ငွေမကောင်းတဲ့ကျောင်းဆရာများ
မတိုးတက်နိုင်သေးတဲ့ ပြုပြင်ပြောင်းလဲရေးသမားများ
နိုင်ငံခြားကလာတဲ့ တရားမ၀င်အလုပ်သမားများ
ဘုရားသခင်ကို လုံးဝယုံကြည်သူများနဲ့
လုံးဝ မယုံသူများလည်းရှိတဲ့မြို့ပေါ့။
လက်ဝဲသမားတွေက ဘူဇွာမြို့လို့ခေါ်ကြပြီး
ထိပ်ပြောင်ပြောင်လူတယောက်ရဲ့နာမည်ကို တတ်ထားတဲ့မြို့ပေါ့။

Wednesday, February 6, 2008

ခရီးထွက်ခဲ့တာ ကြာပြီ














ခရီးထွက်လာတာ ကြာတော့
လာရာလမ်းကို လွမ်းမိတယ်။

ဒီနေရာရောက်အောင်
အဖေါ်မပါ
တကိုယ်တည်း
မြေပုံမပါပဲ လာခဲ့တယ်။

ဟိုကွေ့ရောက်တဲ့အခါ
ဟိုတက်နဲ့ပဲ လှော်ခဲ့ပါတယ်။

တခြားလူတွေလည်း ငါ့လိုပဲ
နေထွက်ရာအရပ်ကို မျက်နှာမူခဲ့ကြတယ်။

ကိုယ့်ရဲ့သမိုင်းကို
ကိုယ်ပဲမှတ်တမ်းတင်ကြတယ်။

လာခဲ့တဲ့ခရီးမှာ
ငါဟာ
ဧရာဝတီမြစ်ရေချိုးခဲ့သူ
ဒုတ္တ၀တီကိုဖြတ်ခဲ့သူ
နန်းတော်ပျက်မှာ နေခဲ့သူ
ရှမ်းတောင်တန်းပေါ် တက်ခဲ့သူ
ရော့ခ်သီချင်းကို ကြိုက်ခဲ့သူ
မေတ္တာသုတ်ကို ကျက်ခဲ့သူ
အရက် တနေကုန် သောက်ခဲ့သူ
ဖဲလည်းရှုံးဖူး၊ အသည်းလည်းကွဲဖူး
ရထားအမိုးပေါ်ကလည်း စီးခဲ့ဖူး
အမေ့ပိုက်ဆံလည်း ခိုးခဲ့ဖူး
ဘုရားသခင်ဆီမှာလည်း ဆုတွေတောင်းခဲ့ဖူးသူပေါ့။

အခုတော့
ငါရောက်နေတဲ့ မြေနီနီ ဒီအရပ်မှာ
နာမည်ကျော် ဘလော့ဂါလည်း ဖြစ်ချင်နေ။

လူသိပ်မသိတဲ့
ဘီလျှံနာလည်း ဖြစ်ချင်နေ။

မိန့်ခွန်းတွေလည်း ချွေချင်နေ
တရားတွေလည်း ဟောချင်နေ
စစ်လက်နက်တွေလည်း ပိုင်ဆိုင်ချင်နေသူပေါ့။

ခင်မင်သူမိတ်ဆွေများနဲ့
သီချင်းကောင်းတပုဒ်ကို ရေးဖွဲ့ချင်။

တောင်ပေါ်တောတန်း
ရှုခင်းလှလှမှာ
ကော်ဖီသောက်ရင်း
ကဗျာအကြောင်းဆွေးနွေးချင်။

အသံတိတ်ရုပ်ရှင်ကို
ဆေးခြောက်ရှုပြီး အတူကြည့်ချင်။

ပန်းနုရောင် ညနေခင်းမှာ
အရက်မူးပြီး ကခုန်ချင်။


ခရီးထွက်လာတာ ကြာခဲ့တော့
လာရာလမ်းကို လွမ်းမိတယ်။

အားလုံးကို နှုတ်ဆက်ဖို့ မေ့ခဲ့သူပါ။

ခရီးထွက်ကြသူအပေါင်း
လမ်းခရီးမှာ အဖမ်းအဆီး ကင်းစေကြောင်း။

Tuesday, January 29, 2008

စိတ်ယားသူများ














ဘလော့ဂ်ဆိုတဲ့အရာက အားသူများနဲ့ ယားသူများအတွက်တော့
အတော်နေရာကျတဲ့ပစ္စည်းပဲဗျို့။ အားတဲ့သူတွေကလည်း အားတိုင်းရေး။
ယားတဲ့သူတွေကလည်း ယားတိုင်းရေးကြပေါ့။ ယားတယ်ဆိုတာက စိတ်
ယားတာကို ပြောတာပါ။ ယင်းထတယ်လို့လည်း ပြောရင်ရမယ်ထင်ပါတယ်။
အားလို့ရေးကြတဲ့ ဘလော့ဂ်တွေကိုတော့ သိပ်စိတ်မ၀င်စားပါဘူး။ ယားလို့
ရေးသူတွေကိုတော့ သဘောကျသဗျ။ ယားသူတွေအများစုက အနုပညာ
ဓါတ်ကလေးတွေ ကိုယ်စီနဲ့ဆိုတော့ ဖတ်လို့ရှုလို့ကောင်းတတ်ပါတယ်။

တချို့ဆို အရမ်းယားလို့ အသားကုန်ကုတ်ခြစ်ထားလိုက်ကြတာ အရောင်
တွေ ပြိုးပြိုးပျက်ပျက်နဲ့ လင်းကနဲ၊ လက်ကနဲ၊ ရဲရဲကို ထလို့။ ကြွလို့။ မွလို့။
သူများသားသမီးတွေ ဖန်တီးတတ်ပုံများပြောပါတယ်။ တစ်တစ်ခွခွ၊ ကျကျ
နနနဲ့ လှတပတ ရေးချွတ်ထားလိုက်ကြတာ အားကျလှသဗျာ။

စည်းမဲ့ကမ်းမဲ့ယားသူတွေရဲ့ ဘလော့ဂ်တွေလည်း ကံဆိုးစွာကြုံခဲ့ဖူးပါတယ်။
နေပါစေတော့။ ဘာရယ်လို့မဟုတ်ဘူး ဆိုပေတဲ့။ ဟိုလူပြော ဒီလူပြောနဲ့
ကျွန်တော့ခမျာလည်း ဟုတ်လိုဟုတ်ညား ဘလော့ဂ်ကလေးတခု လုပ်ထား
မိပါတယ်။ ငှက်မွေးထားပြီး အစာမကြွေးသလိုလုပ်ထားတော့ ဘလော့ဂ်
လေးကိုလည်း သနားနေ။ အလကားလုပ်ခွင့်ပေးတဲ့ ဘလော့ဂ်ပိုင်ရှင်တွေကို
အားနာနေရပါတယ်။

ပိုဆိုးတာက တချက်တချက် ယားသလို၊ ယံသလိုဖြစ်လာခိုက် ကုတ်တချက်၊
ဖဲ့တချက်လုပ်ထားမိတဲ့ ကျွန်တော့ရဲ့ကဗျာမမှီ၊ စာမပီလေးတွေကို အမှတ်မထင် ၀င်ရောက်အားပေးသွားကြတဲ့ အင်တာနက်ခရီးသွား လုပ်သားပြည်သူများကို
အထူးပဲ အားနာပါးနာဖြစ်နေရပါကြောင်း ဤနေရာက တောင်းပန်လိုက်ပါတယ်။ အားပေးကြတယ်ဆိုရင်လည်း ကျေးဇူးတင်လိုက်ပါတယ်။ အဆင်ပြေရင် ဆက်
ရေးပါဦးမယ်။ လာမယ်၊ ကြာမယ်။ ပစ္စည်းကောင်း၊ မကောင်း အာမ မခံပါခင်ဗျား။
စိတ်ယားသူမိတ်ဆွေများ ချမ်းသာကိုယ်စိတ်မြဲပါစေ။

Saturday, October 27, 2007

တိုင်းပြည်ပျက်တုန်း ကျွန်တော် မအားပါခင်ဗျား















တိုင်းပြည်ပျက်တာ ကျွန်တော်သိပါတယ်။

ဒီအကြောင်း

ရေးချင်နေတာတွေက အများကြီးပါ

ရေးစရာတွေကလည်း အများကြီးပါ။

လောလောဆယ်

သူများရေးတာတွေသာ ရှာဖတ်ကြပါတော့။


တိုင်းပြည်ပျက်တဲ့အကြောင်း

ဖတ်စရာတွေလည်း အတော်များပါတယ်။


အရေးဟဲ့၊ အကြောင်းဟဲ့ဆို

ကျွန်တော်က မအားဘူးဗျာ။

စိတ်ကူးနဲ့တော့

နေပြည်တော်ဆိုတဲ့ အရပ်ကို

မစ်ဇိုင်းဒုးံကျည်နဲ့ ခဏခဏ သွားသွားပစ်နေပါတယ်။

အချိန်ရမှပဲ

မြန်မာစစ်တပ် မကောင်းကြောင်း

တစ်တစ်ခွခွ ရေးပါဦးမယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ

သံဃာတော်တွေ မော်ကွန်းဝင်သွားပါပြီ။

(ရုပ်ပုံ၊ ဂူဂလ်)

Monday, September 17, 2007

လမ်းလျှောက်ဝါဒ















နိုင်ငံတော်အသစ်ဆီ မရောက်ရင်နေ
နိုင်ငံတကာကဆုတွေ မရရင်နေ
ရေဒီယိုသတင်းမှာ မပါရင်နေ
အထိမ်းအမှတ်နေ့တွေ မဖြစ်ရင်လည်းနေ

မကျေနပ်ချက်တွေ ပြေလျှော့ဖို့အတွက်
ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ်
တခြားသူတွေပါ လမ်းထွက်လျှောက်ကြဖို့
ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ် ။


ဘာကိုမှ မတောင်းဆိုဘူး
ဘာကိုမှ မကြွေးကြော်ဘူး
ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး
မကျေနပ်လို့ လမ်းထွက်လျှောက်တာ
မကျေနပ်ရင် လမ်းထွက်လျှောက်ပေါ့ ။


အုပ်ချုပ်သူတွေက
လမ်းလျှောက်တာကို မကြိုက်ဘူးတဲ့
ဒါဆို ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ်။


ကျွန်တော်တို့မှာက
ထိမ်းချုပ်လို့ မရနိုင်တော့တဲ့
မကျေနပ်ချက်တွေ ရှိနေတယ်
ဖြေရှင်းလို့ မရနိုင်တော့တဲ့
မပြေလည်မှုတွေ ရှိနေတယ်
သည်းခံလို့ မဖြစ်နိုင်တော့တဲ့
မွန်းကျပ်မှုတွေ ရှိနေတယ်
နောက်တကြိမ်ဆိုတာကို လက်မခံနိုင်တော့တဲ့
ခါးသီးမှုတွေ ရှိနေတယ်
နာကျင်မှုတွေ ရှိတယ်
ကျွန်တော်တို့ လမ်းထွက်လျှောက်မှဖြစ်တော့မယ်
ကဲ
ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမယ် ။

(ရုပ်ပုံ၊ ဂူဂလ်)