Thursday, March 17, 2011

ဂျပန် ရုပ်ရှင် (၂)













တကယ့် အဖြစ်အပျက်ကို
ရုပ်ရှင်လို့ ဆိုကြ
ငါတို့တွေ
သရုပ်ဆောင်သာ ဖြစ်ချင်တော့ ။ ။

ဂျပန် ရုပ်ရှင် (၁)











မြင်နေကျ ရေတွေ
မြို့တွေကို တွန်းထုတ်သွား
ငါဟာ
သေသူလား ရှင်သူလား ။ ။

Tuesday, March 15, 2011

အိုကေ အေးဆေး











( မြန်မာစာ စတိုင်သစ် )

ဒီအတိုင်း ဆက်သွားရင် နောက်အနှစ်၂၀လောက်ကြာတဲ့အခါ မြန်မာစာ
အရေးသား၊ အပြောအဆိုတွေ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့
ရလိမ့်မယ်။ ဒီအတိုင်း ဆက်သွားရင်။

(စာကိုး )

မဂ္ဂဇင်းတအုပ်မှာပါတဲ့ ဆောင်းပါးတပုဒ်ကို ဖတ်မိလို့ ဒီစာကိုရေးပါတယ်။
ရေးသူ ။ ကျော်ဦး။ ဆောင်းပါးအမည်။ မြန်မာစာကို ချောင်ထဲပို့နေကြပါ
တယ်ဆရာ။ ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း။ ၂၀၁၁။ ဇန်န၀ါရီလ။
ဆောင်းပါး အကျဉ်းကို ဖေါ်ပြလိုက်ပါတယ်။

အခုမြန်မာ့စာနယ်ဇင်းလောကမှာ မဂ္ဂဇင်း၊ဂျာနယ်..(အင်း...အဲဒါတွေ
တောင် မြန်မာလို ခေါ်စရာမရှိ) စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေက အစ
ဘိုနာမည်တွေ ဖြစ်လာပါပြီ။ ဘိုနာမည်တွေဆိုပေမဲ့ သူတို့ရေးသားထုတ်
ဝေနေတာက ဘိုလိုမဟုတ်။ မြန်မာလို။ မြန်မာလိုရေးထားတာကို ဘိုလို
ဘာသာပြန်ပြီး နိုင်ငံတကာအထိ ဖြန့်ချိဖို့လည်း အစီအစဉ်မရှိ။ စာအုပ်နာ
မည်ကိုလည်း မြန်မာလိုတင်မက ဘိုလိုပါရေးသတဲ့။ စာအုပ်ထဲမှာတော့
မြန်မာလိုပဲ ပါသတဲ့။

မြန်မာ့ဂီတနယ်ပယ်မှာ တီးဝိုင်းနာမည်တွေ ဘိုလိုဖြစ်နေတာကြာပြီ။ အခု
နောက်ပိုင်း မြန်မာရုပ်ရှင်တွေမှာ ဇတ်ကားနာမည်ကို ဘိုလိုပါ ရေးသတဲ့။
ဘိုစာတမ်းထိုး ဇတ်ကားလည်း မဟုတ်ဘူးတဲ့။ လွန်ခဲ့တဲ့ အနှစ်၃၀လောက်
က ပြင်သစ်မှာ Drug store ဆိုတာကို ဆေးဆိုင်တွေမှာရေးထားလို့ တနိုင်
ငံလုံးက ကိုယ့်စကားရှိရဲ့နဲ့ ဘိုလိုသုံးရမလားဆိုပြီး ကန့်ကွက်ကြပါသတဲ့။
အိမ်နီးချင်း ထိုင်းမှာတောင် ကိုယ်ပိုင်ဘာသာစကားက အားကောင်းနေ
တာမို့ မလိုအပ်ပဲ ဘိုလိုမရေးကြဖို့ ဆောင်းပါးမှာ တိုက်တွန်းထားတယ်။

( ကြာပြီ )

မြန်မာတွေ ဘိုစော်နံနေတာ ကြာပါပြီ။ အင်္ဂလိပ် ကျွန်တွေကိုး။ အိန္ဒိယ
လည်း မထူးဘူး။ ဒါပေမဲ့ အိန္ဒိယ စာပေနဲ့ယဉ်ကျေးမှုက အားကောင်းလွန်း
တယ်။ ဒို့မြန်မာလို လွယ်လွယ်နဲ့ ယိုင်ထွက်မသွားဘူး။ ခါထွက်မသွားဘူး။
အိန္ဒိယန်းတွေက ကိုယ့်စာပေနဲ့ယဉ်ကျေးမှုကို တကယ်မြတ်နိုးတယ်။
ထိမ်းသိမ်းရကောင်းမှန်း သိတယ်။ ဒို့မြန်မာတွေက အဲသလိုမဟုတ်ဘူး။
အဲဒါကြောင့် ဒီကနေ့မြန်မာတွေ ဘိုယိမ်းကတာ မဆန်းဘူးလို့ဆိုရမယ်။
ဒီလိုသာဆက်သွားရင် မြန်မာဘာသာစကားက နောက်မကြာခင်နှစ်တွေ
မှာ အခုထက်ပိုပြီး အူကြောင်ကျားဖြစ်လိမ့်မယ်။ ရယ်စရာ ပိုကောင်းမယ်။

(ရည်ရွယ်ချက်က အရေးကြီးတယ်)

မြန်မာစစ်တပ်က နယ်ချဲ့စော်နံလို့ဆိုပြီး ဘားမားကနေ မြန်မာ။ ရန်ဂွန်း
ကနေ ရန်ကုန်။ မော်လမိန်းကနေ မော်လမြိုင်။ ပြောင်းပစ်တယ်။ သူ့
ရည်ရွယ်ချက်က နယ်ချဲ့ဆန့်ကျင်ရေး။ ဒီရည်ရွယ်ချက်က အဟောင်းကြီး
သခင်ဘသောင်းတို့ခေတ် မတိုင်ခင်ကတည်းက လုပ်လာခဲ့တဲ့ကိစ္စ။ နာ
ကျည်းချက်နဲ့၊ မခံလိုစိတ်နဲ့ တုန့်ပြန်တာ။ အနောက် ဆန့်ကျင်ရေးလုပ်တာ။

တိုင်းပြည်မှာ လုပ်ဖို့လိုနေတာက လမ်းနာမည်၊မြို့နာမည်တွေလိုက်ပြီး ပြောင်း
နေတာမျိုးထက် ကိုယ့်စကားကို ပိုပြီးအားကောင်း၊ ခိုင်မာလာအောင် လုပ်ဖို့။
မလိုအပ်တာတွေကို သန့်စင်ဖို့။ ခေတ်နဲ့အညီ ဘာသာစကားပြုပြင်ပြောင်းလဲ
ရေးလုပ်ဖို့။ နိုင်ငံသားတွေက ကိုယ့်ဘာသာစကားကို အားကိုးလာနိုင်ဖို့။ မလို
အပ်ပဲ ဘိုလိုတွေမလုပ်ကြဖို့။ ဒီလိုရည်ရွယ်ချက်မျိုးက နိုင်ငံရဲ့အနာဂါတ်
အတွက် ပိုပြီး အရေးကြီးတယ်။ ပညာရေးမှာ ပြောင်းရမှာ။

( ၀ဋ်လည်ပြီ )

တိုင်းရင်းသားများတဲ့နိုင်ငံမှာ ဘာသာစကားက သူများတိုင်းပြည်တွေထက်
ပိုပြီးအရေးကြီးတယ်။ မြန်မာစာကို နိုင်ငံတော်ဘာသာ လုပ်ယုံတင်မက တိုင်း
ရင်းသား စာပေနဲ့ဘာသာစကားကိုပါ နှိမ်လာတယ်။ ရိုက်ချိုးလာတယ်။ ပိတ်
ပင်လာတယ်။ အချိန်ကြာလာတော့ တိုင်းရင်းသားတွေဘက်ကလည်း ခံစစ်
သိပ်မကောင်းနိုင်တော့ဘူး။ လျှော့လာတယ်။ သူတို့ရဲ့အသုံးအနှုန်းတွေထဲမှာ
မြန်မာလိုတွေ များလာတယ်။

အလွယ်တကူ ဥပမာပေးရရင် မြန်မာတွေ ၀ဋ်လည်ကြတာပဲ။ အခု သူတို့
မြန်မာစကားက ဗုံမဟုတ်၊ ပတ်မဟုတ်နဲ့ အုတ်ရောရော၊ ကျောက်ရောရော
ဖြစ်နေပြီ။ မြန်မာသတင်းစာကိုပဲ ကြည့်လိုက်။ ဘိုလိုတွေ အတုံးလိုက် အတစ်
လိုက်။ မြန်မာမဂ္ဂဇင်းဂျာနယ်တွေကိုပဲ ကြည့်လိုက်။ မြန်မာစာ ဘိုရူးပြန်နေပြီ။

တောင်းပန်ပါတယ်နော်။ စိတ်မကောင်းပါဘူးဆိုတာ ရှိရဲ့နဲ့ “ဆောရီး” တဲ့။
ဟုတ်ပါပြီဆိုတာရှိရဲ့နဲ့ “အိုကေ”တဲ့။ “ရယ်ဒီပဲ”တဲ့။ “စီးယူ”တဲ့။ အများကြီးပဲ။
ဒီစကားတွေက မြန်မာစကားနဲ့မြန်မာစာမှာ ရောနှောနေကြတော့ တိုင်းရင်း
သား စကားတွေမှာပါ လိုက်ရောကုန်ကြပြီ။ အစိုးရပိုင် သတင်းမီဒီယာတွေက
အစ ဘာသာစကား ရေစီးကမ်းပြိုလိုက်နေတာ ကြာပြီ။ မြန်မာအဆိုတော်
တွေကလည်း သူတို့သီချင်းဆိုပြီးရင် “သိုင်းခယူး” တဲ့။ ဘာဖြစ်လို့ “ရှဲ့ ရှဲ့ ”
လို့ မပြောကြသလဲမသိ။

(အချိန်မီ လုပ်ရင်လုပ် )

ဘာသာစကား ပျောက်သွားတာက ရှင်းတယ်။ ကိုယ့်စကားမရှိရင် သူ့စကား
ကို ကိုယ့်စကားလုပ်ယုံပဲ။ ကိုယ့်စကားရှိရဲ့နဲ့ သူ့စကားကို ရောသုံးနေရတာက
ကိုယ့်ရဲ့ အားနည်းချက်။ ဒါက ပြဿနာ။ ဒို့မြန်မာတွေ ဘာသာစကား ဓါတ်ခံ
အားနည်းရတဲ့အထဲ နိုင်ငံခြားတိုင်းပြည်တွေမှာ အနေများလာတော့ ကိုယ်ပိုင်
ဘာသာစကား ပိုပြီးထိခိုက်လာတယ်။ ဒီနေ့ခေတ်မှာ ဘာသာစကားတွေ
ပျောက်တာ ပိုမြန်လာနေပြီ။ မခိုင်တဲ့ကောင် ခံပဲ။ ဘာသာစကား မရှိတဲ့လူမျိုး
က အာပလာပဲ။

ကိုယ်ခံအားနည်းရင် ကျန်းမာရေး ထိခိုက်တာပဲ။ ဒို့မြန်မာတွေကတော့ အခု
ချိန်ထိ သူ့ကိုယ်သူ အဟုတ်ကြီးထင်နေကြတုန်း။ စကားပြောရင်တော့ အိုကေ
လိုက်၊ ဆောရီးလိုက်နဲ့။ ဒို့မြန်မာတွေ ရုပ်ရော၊စိတ်ရော၊ စဉ်းစားတွေးခေါ်မှုရော
ကိုယ်ခံအားနည်းနေတာ ကြာပြီ။ ဒီအတိုင်းဆက်သွားရင် ရှေ့ လျှောက် ခံရဖို့ပဲ
ရှိတယ်။

ဒို့မြန်မာတွေကတော့ ခံရလည်း အိုကေပါတယ်။ မှုတ်ဖူးလား။ အေးဆေးပေါ့။
ဘာသာစကားတွေ ရောပြီးပြောတာကိုက ဒို့မြန်မာစကားပုံစံအသစ်ပဲ ။ ဒီစာကို
ဖတ်ကြတဲ့အတွက် သိုင်းခယူးပါဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, March 10, 2011

အသံမစဲ ပဌာန်းပွဲ













တနေ့က။ မိတ်ဆွေတဦး အိမ်ကိုအလည်ရောက်လာတယ်။ လမ်းကြုံလို့ ၀င်လာတာဆိုပဲ။ ပြောကြဆိုကြရင်း ခဏနေတော့ အလှူခံပါရော။ သူက ဘုန်းကြီးတွေ လိုက်စုနေသတဲ့။ သပိတ်မှောက်ဖို့လားဆိုတော့ မဟုတ်ဘူးတဲ့။ အသံမစဲ ပဌာန်းပွဲလုပ်မလို့တဲ့။ အဲဒီနေ့က
သူ့အလှူခံ မအောင်မြင်ခဲ့ရှာဘူး။

လွတ်လပ်စွာကိုးကွယ်ခွင့်ကို လုံးဝထောက်ခံတယ်လို့ အရင်ပြောထားပါ့မယ်။ ကိုယ်တိုင်
လည်း လွတ်လပ်ချင်လို့ ဘာကိုမှ မကိုးကွယ်ပါဘူး။

သဒ္ဒါကြည်လင် ပါရမီရှင်တွေအတွက်တော့ ပဌာန်းပွဲဟေ့ဆိုရင် လှူချင်တန်းချင်စိတ်တွေ
ဖွါးကနဲ၊ ဖွေးကနဲ ပေါက်သွားနိုင်လောက်တယ်ဆိုပေမဲ့ အီစကို့အတွက်တော့ ပဌာန်းပွဲဆို
တဲ့ အသံကြားတာနဲ့ တွန့်ကနဲ ဖြစ်မိပါတယ်။ ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြပါ့မယ်ဗျား။

စာရေးသူ အီစကို မြန်မာပြည်မှာ နေစဉ်ကပေါ့။ ဘာသာတရားများရဲ့နှိပ်စက်မှုဒဏ်ကို
အတော်ခံခဲ့ရပါတယ်။ မူလအစ ပထမကပြောရရင် စကားပြောတတ်စအရွယ်မှာပဲ မိဘ
ဆွေမျိုးများက သံဗုဒ္ဓေဂါဌာကို အတင်း သင်ပေးကြပါတယ်။ ဘာကြီးမှန်း လုံးဝမသိပေမဲ့
လူကြီးများကြိုက်အောင် အလွတ်ဆိုတတ်ခဲ့ရရှာပါတယ်။

အိမ်ကိုဧည့်သည်လာရင် မုန့်တွေ၊ကော်ဖီတွေနဲ့အတူ အီစကို့ရဲ့သံဗုဒ္ဓေကိုပါ တွဲပြီး ဧည့်ခံ
ပါတယ်။ မိဘဘိုးဘွားများနဲ့အတူ နေ့ရောညရော ဘုရားရှိခိုးရပါတယ်။ တော်တော်ပျင်းဖို့
ကောင်းတဲ့ကိစ္စပါ။ တခါတခါ ပျင်းတဲ့အဆင့်ကိုလွန်ပြီး စိတ်ညစ်တဲ့အဆင့်ကို ရောက်သွား
တတ်ပါတယ်။

ကြုံလို့ပြောရဦးမယ်။ လွန်ခဲ့တဲ့နှစ်က ဆွေမျိုးတချို့နဲ့ဆုံတုန်း အဒေါ်တယောက်က သူ့
သမီးလေး ဘွဲ့ရပြီဆိုတဲ့အကြောင်း။ မြန်မာစကားလည်း ပြောတတ်နေတုန်းပဲ ဆိုတဲ့
အကြောင်း။ ပြောတတ်ယုံတင်မက ငယ်ငယ်က သင်ပေးထားတဲ့ သံဗုဒ္ဓေကို မမေ့သေး
ဘူး ဆိုတဲ့အကြောင်း တဂုဏ်တယူပြောပါတယ်။ ပြောရင်းဆိုရင်း သူ့သမီးကိုခေါ်ပြီး
သံဗုဒ္ဓေ ရွတ်ခိုင်းပါလေရော။ဖြစ်မှ ဖြစ်ရလေ။ သနားလိုက်တာ။ ကောင်မလေးကတော့
မပီကလာ ပီကလာနဲ့ ပြုံးပြုံးလေး ရွတ်ပြရှာပါတယ်။ အခုရွတ်သွားတာ ဘာအဓိပ္ပါယ်လဲ
သိလားလို့မေးတော့ ခေါင်းခါပြတယ်။ သူ့မိဘတွေကတော့ ပြုံးလို့။ အီစကိုတော့ စတွန့်
သွားတယ်။ လာပြန်ပြီ တယောက်ပေါ့။

ငယ်စဉ်က အဖြစ်အပျက်တွေထဲမှာ ဟိုပရိတ်၊ ဒီပရိတ်၊ ဘာဂုဏ်တော်၊ ညာဂုဏ်တော်
တွေ အတင်းကျက်ခိုင်းတာ၊ ဘုန်းကြီးကျောင်းကို အတင်းသွားခိုင်းတာ၊ ကိုရင် အတင်း
ဝတ်ခိုင်းတာတွေလည်း ရှိပါသေးတယ်။ အသက်ကြီးမှ သက်သာရာရအောင် ပြန်တွေး
ကြည့်တော့။ အော်...ဘာသာတရားကို ကလေးတွေဆီရောက်အောင် ဒို့မြန်မာတွေ ဒီလိုပဲ
သွတ်သွင်းတတ်ကြတာပါကလားလို့။ မှတ်သားရတယ်ပေါ့။ နော့။

ကိုင်း။ ပဌာန်းဘက်ကို ပြန်လှည့်ကြဦးစို့ တရားနာ ပိတ်သတ်ကြီးရေ့။ ငယ်ငယ်က
အိမ်ရှေ့အိမ်မှာ ဟိန္ဒူမိသားစုကြီးတခု နေကြပါတယ်။ သူတို့ကလည်း ရွတ်တယ်ခင်ဗျ။
ဘာတွေမှန်း မသိဘူး။ အမွှေးတိုင်တွေရော၊ ပန်းတွေရော မွှန်ထူနေတာပဲ။ မနက်မိုးလင်း
ရင် အိမ်က အဖိုးအဖွါး ဘုရားကျယ်ကျယ်ရှိခိုးကြတာက တမျိုး။ အိမ်ရှေ့အိမ်က
ရွတ်ဖတ် သရစယ်ကြတာက တမျိုး။ မိုးမှ မလင်းသေးဘူး အတော်နားညီးခဲ့ရတာပါ။

အခုမှ ပြန်စဉ်းစားကြည့်တော့ အဖိုးအဖွါးတွေရွတ်တာလည်း ပါဠိလို။ အိမ်ရှေ့အိမ်က
လည်း ဟိန္ဒူလိုဆိုတော့ အိန္ဒိယရောက်နေသလိုပါလားလို့။ မြန်မာတွေခင်မျာလည်း
ကိုယ့်စကားနဲ့ကိုယ် ဘုရားမရှိခိုးနှိင်ရှာသေးဘူး။

ဆွေမျိုးတချို့က ကျောက်မြောင်း၊ တာမွေဘက်မှာ ရှိကြပါတယ်။ မကြာခဏ သွား
လည်တတ်ပါတယ်။ သိကြတဲ့အတိုင်းပဲ။ အဲဒီအရပ်မှာက မူဆလင်တွေ များတယ်။
ပလီဆရာတွေကလည်း အော်ကြတယ်ခင်ဗျ။ စင်ပေါ်တက်ပြီး လော်နဲ့ကိုအော်ကြ
တာနော့်။ တရက်ကို နှစ်ကြိမ် မကလောက်ဘူး။

ပြောချင်တာ တော်တော်နဲ့မရောက်ပဲ ရှည်တော်မူနေလို့ ချုပ်ပါတော့မယ် ပိတ်သတ်
ကြီးရေ့။ အဆိုးဆုံးအခြေအနေကို ရောက်သွားတာကတော့ အသံမစဲပဌာန်းပွဲပါတဲ့။
စာမေးပွဲတွေက နီး။ ရပ်ကွက်တွေမှာက ပဌာန်းပွဲတွေက အပြိုင်။မီးပျက်ရင် အသံစဲ
သွားမှာစိုးလို့ မီးစက်တွေပါ အသင့်ဆောင်ထားကြ။ လော်စပီကာကြီးတွေ အသင့်
ထောင်ထားကြ။ တရပ်ကွက်လုံးတင်မက တမြို့လုံးကြားအောင် ဟဲကြဖို့ မောင်းတင်
ထားကြ။ ဘယ်လို ဓလေ့မျိုးပါလိမ့်။

အီစကိုတို့ခင်မျာမှာ စာတွေက မရသေး။ ပဌာန်းပွဲတွေ မစခင်ကတည်းက သူတို့
ပဌာန်းပွဲ လုပ်ကြတော့မယ့်အကြောင်း။ ရပ်ကွက်ထဲက ပုဂ္ဂိုလ်ကြီးတွေ အလှူခံမဏ္ဍပ်
ဖွင့်ပြီး တယောက်ပြီးတယောက် ဟဲကြပါရောလား။ နားတွေကို အူလို့။ခေါင်းတွေကို
ကြိမ်းလို့။

ခုနှစ်ရက် ခုနှစ်လီမက ပဌာန်းပွဲကြီးများလည်း စရော။ စာမေးပွဲတွေလည်း စပါလေ
ရော။ ဘာပြောကောင်းမလဲ ကျပါလေရောပေါ့။

ဘာသာတရားဟာ အော်ကြီးဟစ်ကျယ် လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုတာလူတွေ
ဘယ်အချိန်ကျမှ သဘောပေါက်ကြလေမလဲ မသိ။ အီစကိုတော့ နိုင်ငံခြားရောက်တဲ့
အထိ အသံမစဲပဌာန်းပွဲဆိုတာကြီး လိုက်လာနေလို့ တချက်တချက် လန့််လန့်နေရတဲ့
အကြောင်း ငြီးတွားတော်မူလိုက်ရပါတယ်ဗျား။

သတ္တ၀ါအပေါင်း အေးချမ်းကြပါစေ...။ မဆူကြပါနဲ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, March 9, 2011

ပူနွေးသော လေထု














မြို့တော်ဝန်၏အမည်ကား ဦးခင်မောင်နွေ။ သူ၏တဦးတည်းသော
သမီးလေးကား နွေမ။ နွေမတွင် အမေ မရှိတော့။ သူ့အမေ ဒေါ်နွေ
နွေမြင့်ကား တနယ်တကျေးတွင် နောက်အိမ်ထောင်နှင့်နေ၏။
နေရပ်ပြောင်းရုံသာမက နာမည်ကိုပါ ဆောင်းဦးခင်ဟု ပြောင်း
ထားသည်။

ယနေ့သည် အင်္ဂါနေ့ဖြစ်သည်။ အင်္ဂါနေ့သည် နွေရာသီဖြစ်သည်။
ဤအရပ်၌ ဤတမြို့တည်းသာ နွေရာသီရှိ၏။ ဖြစ်၏။ နွေရာသီကို
ကြုံရန်အလို့ငှာ နွေမြို့သို့ ဟိုမှသည်မှ လူတွေလာကြ၏။

မိုးလင်းသည်နှင့် ချွေးစို့လေပြီ။ နွေမြို့တွင် အရာရာပူ၏။ ရေလည်း
ပူ။ လေလည်း ပူ။ မြေလည်း ပူ၏။ ထို့ကြောင့် နေရာတကာ အရိပ်
ရအောင် (၀ါ) ခံသာအောင် လုပ်ထားရ၏။ အရိပ်အောက်တွင်
လူတို့ ပျော်ရွှင်စွာ အိုက်ကြလေသည်။

နေမြင့်သည်နှင့်အတူ ချွေးတို့လည်း တပြိုက်ပြိုက်ကျသည်။ ချွေး
ထွက်လိုကြ၍ ဤမြို့သို့လာခဲ့ကြခြင်း မဟုတ်လော။ ကျန်းမာရေး
အဆုံးအမများတွင် လူသည် ချွေးထွက်ရန်လို၏ဟု အဟောရှိသည်
မဟုတ်လော။ ကျန်းမာရေးအလို့ငှာ နွေမြို့တွင် ခို၍ ချွေးထုတ်ပွဲ
တော် နွှဲပျော်ကြလေသည်။

နွေမြို့သူမြို့သားများသည်လည်း အရိပ်ဖြင့် စီးပွါးရှာကြသည်။
အရိပ်ပုံစံမျိုးစုံ။ အရိပ်လုပ်နည်းမျိုးစုံ။ ချွေးသိပ်နည်းမျိုးစုံ။ အပူ
ဓါတ်နှင့်လိုက်ဖက်မည့်၊ ကျန်းမာရေးနှင့်လည်း ညီညွတ်မည့်
အစားအစာမျိုးစုံ ပြုလုပ်ကာ စီးပွါးသညာ ရှာကြလေကုန်သည်။

ညနေစောင်းသည်နှင့် နွေမြို့တွင် အပူဓါတ်လျှော့လေပြီ။ ချွေး
ဒဏ်ကြောင့် လူများနွမ်းနေကြသော်လည်း စိတ်ပေါ့ပါး၍နေကြ
၏။ နေ၀င်လုလုအချိန်၌ နွေမြို့၏နာမည်ကျော် ရေသဘင်ပွဲ
တော် စတင်လေတော့သည်။

အရိပ်များအောက်မှ အလျှိုအလျှိုထွက်လာကြကုန်သော လူထီး
လူမ၊ လူကြီးလူငယ် အသွယ်သွယ်တို့ ရေကစားကြရန်အလို့ငှာ
ရေစည်ကြီးများ လမ်းဘေးတွင် အသင့်။ ရေကစားရာတွင် ပိုမို
ပျော်ရွှင်စေရန်အလို့ငှာ သင်္ကြန်တေးသီချင်း ဂီတသံများ တညံ
ညံ။ ပျော်သံ အော်သံများ တလျှံလျှံနှင့် နွေတမြို့လုံး စိုရွှဲသွား
သည်အထိ ရေကစားပြီးကြသော် မိုးမှာ စုတ်စုတ် ချုပ်လေပြီ။

နွေမြို့မှ အရှေ့စူးစူးသို့ လားသော် ဆောင်းဦးပေါက်ရာသီနှင့်
ကြုံလေမည်။ ဗုဒ္ဓဟူးနေ့သည် ဆောင်းဦးနေ့ဖြစ်သဖြင့် နွေမြို့
မှ ဧည့်ပရိတ်သတ်များ ခရီးဆက်ရန် ပြင်ကြပြီ။ အင်္ဂါနေ့အကုန်
နွေမြို့၏ ညဈေး၌ အနွေးထည်များ အပြိုင်အဆိုင်ရောင်းကြ
လေရာ ခရီးသည်များလည်း အလုအယက် ၀ယ်ယူသမှု ပြုကြ
လေတော့သည်။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, March 7, 2011

စိမ်းစိုသော မြေသား
















ကျေးငှက်တို့၏ ကျီကျီ ကျာကျာ၊ တီတီ တာတာ၊ စီစီ စာစာ၊
ပီပီ အာအာ အသံများ စတင်ကြားရသော အချိန်သည် ထိုမြို့
ကို တနင်္လာနေ့ စတင်ဝင်ရောက်လာသော အချိန်ဖြစ်သည်။
ထိုအချိန်၌ နေသည် ကောင်းကင်ပြင်၏ တဘက်အဆုံးတွင်
ပျို့ကာစ။ မို့ခါစ။ စို့ကာစ။ တို့ခါစ။

တနင်္လာနေ့ ရောက်လာတိုင်း ထိုမြို့တွင် နွေဦးပေါက်သည်။
ထို့ကြောင့် ဤမြို့ကို နွေဦးမြို့ဟု ခေါ်ကြ၏။ တနင်္လာနေ့ အမှီ
တခွင်တပြင်မှ ရောက်လာကြကုန်သော လူအမျိုးမျိုး အစုံစုံ
တို့မှာ မိုးမလင်းခင်က နိုးနှင့်ကြလေပြီ။

သာရကာ ငှက်ကျေးတို့ စတင်အော်မြည်သောအသံကို နား
ဆင်ကြသည်။ နေရောင်ချည်နှင့်အတူ တဖြည်းဖြည်းချင်း
စွတ်စို စိမ်းလန်းလာသော မြေပြင်ကို တအံ့တသြ ကြည့်ငေး
ကြသည်။ ခြောက်သွေ့သော သစ်ပင်တို့သည် နေရောင်နှင့်
အတူ စိမ်းစိုလာကြ၏။ စိမ်းစိုလာသော သစ်ပင်တို့တွင် အဖူး
အငုံများ နေရောင်နှင့်အတူ စို့ မို့လာကြ၏။ ထိုမှတဖန် ပန်း
ရောင်စုံများ ပွင့်အာလာကြ၏။

ခမ်းနေသော ချောင်းငယ် မြောင်းငယ်များလည်း စိုစွတ်လာကြ
၏။ တဖြည်းဖြည်းချင်း စီးဆင်းလာကြ၏။ စီးလာသော ရေသည်
ချောင်းနံရံ၊ ကျောက်တုံး ကျောက်ခဲများကို ပွတ်တိုက်ပြီး ရေစီး
သံကို ပြုလေ၏။ လူတို့သည်လည်း ရေစီးသံကို တိတ်ဆိတ်စွာ
နားဆင်ကြကုန်၏။

ကျေးငှက်တို့၏ ချစ်စဖွယ် အော်မြည်သံနှင့် စမ်းချောင်းတို့၏
တည်ငြိမ်သောစီးဆင်းသံကို တပြိုက်ထဲနားဆင်ကာ သဘာဝ
တရားက တီးခတ်ဖန်ဆင်းသည့် မဟာဂီတသံကို ရင်ဖိုစွာနား
ဆင်ရင်း စိမ်းစို လန်းဆန်းလာသည့် သစ်ပင်ပန်းမန်တို့ကို ငေး
မောကြည့်ရှုရန် (၀ါ)နွေဦးအလှကို ခံစားယစ်မူးရန် ဤအရပ်သို့
လူတို့ လာကြကုန်၏။

နွေဦးမြို့သူမြို့သားများသည်လည်း အချိန်အခါကို လက်မလွတ်
စတမ်း စီးပွါးသညာ ရှာကြလေကုန်သည်။ ၄င်းတို့၏ အမည်နာမ
များတွင်လည်း နွေဦးဟူသော စကားလုံးကို ထည့်သွင်းထားကြ
လေသည်။

တနင်္လာနေ့ ညရှစ်နာရီ၌ ထိုမြို့အတွက် နေရောင်ချည် ကုန်ပြီ။
နွေဦးနှုတ်ဆက်ပွဲကို ကျင်းပအပြီး ဧည့်သည်တချို့ ပြန်ရန် ပြင်
လေပြီ။ တချို့ ပြန်နှင့်ကြလေပြီ။

အင်္ဂါနေ့သို့ ခရီးဆက်ရလေဦးမည်။ အင်္ဂါနေ့၌ နွေရာသီရှိသည်။
နွေရာသီနှင့်ကြုံရန် တနင်္လာနေ့မှ အရှေ့တောင်ဘက်သို့ ခရီးနှင်
ရမည်။ နွေရာသီမှာ ပူသည်ဟု လူတိုင်းသိသော်လည်း လူတိုင်း
အတွက် အပူဓါတ်လိုသည်။ ထိုအပူဓါတ် ရနိုင်ရန်အလို့ငှာ
နွေမြို့သို့ သွားကြရဦးမည် မဟုတ်ပါလား။


(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, March 5, 2011

စိုစွတ်သော ကောင်းကင်
















ဤမြို့တွင် စနေနေ့တိုင်း မိုးရွာ၏။ ထို့ကြောင့် ဤမြို့ကို မိုးမြို့
ဟု ခေါ်ကြသည်။ သောကြာနေ့ ညနေပိုင်းဆို မိုးမြို့မှာ လူ
စည်ပြီ။

အနယ်နယ်အရပ်ရပ်က လာကြကုန်သော အမျိုးမျိုးအစားစား
လူထီးလူမများ။ ကလေးသူငယ်နှင့် မိန်းမလျှာများ။ ယောက်ျ
လျှာများနှင့် သံဃာတော်များ။ အာဏာပိုင် အရာရှိများနှင့်
၎င်းတို့၏ ကတော်များ။ ငွေကြေးချမ်းသာသူတို့နှင့် ၄င်းတို့၏
အစေအပါးများ။

ဈေးကောင်းရ ပညာတတ်များ။ လွှတ်တော်အမတ်များ။
လူလိမ်များ။ ပြုံးစစ ခရစ်ယန်သင်းအုပ်ဆရာများ။ မုတ်
ဆိတ်မွှေး ထူထူထားသော မူဆလင်ဘာသာဝင် အမျိုးသား
များ။ ခေါင်းမြီးခြုံထားသော မူဆလင်အမျိုးသမီးများ။ နဖူး
တွင် ဆေးအနီ တို့ထားသော ဟိန္ဒူဘာသာဝင်များ။ အနက်
ရောင်ဝတ်စုံနှင့် ဂျူးအနွယ်ဝင်များ။ စသည်အားဖြင့်..။
မိုးနေ့ကို ကြုံရန် မိုးမြို့ကို ရောက်နေကြလေပြီ။

မိုးမြို့နေလူထုက စနေနေ့ကို အမှီပြု၍သာ စီးပွါးရှာရလေ၏။
ထိုဝင်ငွေနှင့်သာ ရပ်တည်ရလေ၏။ မိုးသည်သာလျှင် အမိ။
မိုးသည်သာလျှင် အဖ ဖြစ်တော့၏။ မြို့လူထု၏ အမည်များတွင်
လည်း မိုးဟူသော စကားလုံး ထည့်သွင်းထားကြလေသည်။

စနေနေ့မနက် ငါးနာရီခွဲလျှင် မိုးစရွာလေပြီ။ ဧည့်ပရိတ်များကား
ပထမဆုံးကျလာသော မိုးရေစက်များကို ထိတွေ့ရန်သူ့ထက်ငါ
အလုအယက် ကြိုးပမ်းကြ၏။ မိုးရွာတုန်း ရေခံကြ၏။ တပါတ်
တွင် တရက်သာ။ ထိုတရက်တွင် ဤတမြို့သာ မိုးရွာခြင်းအမှု
ရှိလေသည်။

မိုးသည် တနေကုန်ရွာ၏။ တဖွဲဖွဲ။ တသည်းသည်း။ တမည်းမည်း။
တ၀ုန်းဝုန်း။ တဝေါဝေါ။ တသောသော။ တဖြိုက်ဖြိုက်။ တစက်
စက်။ တညက်ညက်။ တစိမ့်စိမ့်။ တညိမ့်ညိမ့်။ တလိမ့်လိမ့်။
တချိမ့်ချိမ့်။ တညံညံ။ တထန်ထန်။ ည ကိုးနာရီခွဲလျှင် မိုးရွာခြင်း
ပြီးဆုံး၏။

ထိုနေ့၌ ထိုမြို့တွင် မိုးရွာသံတွေအကြား မိုးအကြောင်းကိုသာ
လျှင်ပြောကြ၏။ မိုးအကြောင်း သီချင်းကဗျာတွေ ရွတ်ဆိုကြ၏။
မိုးပန်းချီ။ မိုးရုပ်ရှင်။ မိုးတရားပွဲ။ မိုးပြဇတ်။ မိုးဂီတ။ မိုးမျက်လှည့်။
မိုးယိမ်းအက။ မိုးဟာသ။ အရာရာ မိုးနှင့်စပ်လျှင်း၍သာ ဖွဲ့ကြ
နွဲ့ကြလေတော့သည်။ ညနေ လေးနာရီထိုးလျှင် မိုးမြို့၏
အနောက်ဘက် ကောင်းကင်၌ သက်တန့်ကြီး ပေါ်လာ၏။
လူတွေလည်း အော်ကြ၏။ ပျော်ကြ၏။

မိုးမြို့၏ တနင်္ဂနွေ မနက်ခင်းသည် ရှုပ်ရှက်ခတ်နေ၏။ လူတို့
သည် မိုးမြို့မှ တောင်ဘက်စူးစူးသို့ ခရီးနှင်ကြလေကုန်၏။
လေကြောင်း။ ကုန်းကြောင်း။ ရေကြောင်းတို့မှ ခရီးဆက်ကြ၏။
ထိုအရပ်၌ နွေဦးမြို့ရှိလေသည်။

(ရုပ်ပုံ ၊ ဂူဂလ်)