Tuesday, October 21, 2008

မော်စကိုနဲ့နယူးယောက်










ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စကားစပ်ရင်းပြောမိကြတဲ့အကြောင်းပါ။ မြန်မာပြည်က ပညာရှင်တဦး အမေရိကန်ပြည်ကိုခဏတဖြုတ် ရောက်နေပါတယ်။ မြန်မာပြည်အကြောင်းဟောဖို့ ပြောဖို့ပါ။ သူကစီးပွါးရေးပညာရှင်ဆိုတော့ မြန်မာ့စီးပွါးရေးအကြောင်း ဟောတာပေါ့။ အမေရီကန် အလည်ပိုင်းတက္ကသိုလ်တခုမှာ ဟောခဲ့ပြောခဲ့ပါတယ်။ အဲဒီတက္ကသိုလ်မှာ နိုင်ငံတကာကလာ တဲ့ကျောင်းသူ ကျောင်းသားတွေများပါတယ်။ မြန်မာပြည်အကြောင်းအထူးလေ့လာနေကြတဲ့
နိုင်ငံတကာကျောင်းသားတွေလည်း ရှိသပေါ့။
မြန်မာပြည်ကရောက်လာတာ ပူပူနွေးနွေးကြီး
ရှိနေတဲ့ဘောဂဆရာကို ကျောင်းသူကျောင်းသားတွေက စိတ်ဝင်တစားရှိလှပါသတဲ့။

တရက်။ အဲဒီဆရာနဲ့ကျောင်းသူကျောင်းသားတွေစားကြသောက်ကြရင်း မြန်မာပြည်အကြောင်း
ရောက်တတ်ရာရာပြောကြပါ သတဲ့။ အဲဒီမှာ ရုရှားပြည်ကလာတဲ့ကျောင်းသားတယောက်က
အမှတ်မထင် ဆရာ့ကိုလှမ်းမေးလိုက်သတဲ့။ ဘယ့်နဲ့ကြောင့်ဒီလောက်အဖြစ်ဆိုးတဲ့ အင်းစိန် အကျဉ်းထောင်ကို မော်စကိုလို့ခေါ်ကြတာလဲဆရာတဲ့။ မြန်မာပြည်အကြောင်း စကားတဖောင်
ဖောင်နဲ့ပြောတတ်တဲ့ အညာသားဘောဂဆရာ ရုရှားကျောင်း သားရဲ့ အမေးကို မဖြေနိုင်ခဲ့ပါဘူးတဲ့။

အဲဒီဆရာကဟောပြောပွဲပြီးလို့ ကျွန်တော်တို့နေတဲ့မြို့ ကို လှည့်ဝင်လာတုန်း ဒီမေးခွန်းကိုပဲ ကျွန်တော်တို့ကိုပြန်မေးပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ရဲ့  စကားဝိုင်းမှာ မော်စကိုမြို့  တော်မှာနှစ်အတော်ကြာ အလုပ်သွားလုပ်ဖူးတဲ့ပုဂ္ဂိုလ်ကြီးတဦးလည်းရှိနေတယ်။ တိုက်ဆိုင် ချင်ပြန်တော့ စကားဝိုင်းမှာ အများစုက အင်းစိန်ထောင်ထွက်တွေ။ ရုရှားကျောင်းသားရဲ့  မေးခွန်းကို မဖြေနိုင်ကြပြန်ဘူး။ သူ့အနေနဲ့ကလည်း တကယ်ပဲမေးသင့်တဲ့မေးခွန်းပါ။ တိုင်းပြည်မှာအထွဋ်အမြတ် ထားတဲ့မြို့ တော်ရဲ့ အမည်က နာမည်ဆိုးလှတဲ့ကမ္ဘာကျော်အကျဉ်းထောင်ဖြစ် နေရသလဲပေါ့။

ကျွန်တော်က ထောင်မကျဖူးပေမယ့် ကြားဖူးတာကိုဝင်ပြောပါတယ်။ တကယ်ဟုတ်၊ မဟုတ်တော့ မသိဘူးဆရာ။ ကြားဖူးတာပြောရရင် မြန်မာ့ဆိုရှယ် လစ်ခေတ်မတိုင်ခင်ကအင်းစိန်ထောင်ကို မော်စကိုလို့မခေါ်သေးဘူး။ ဆိုရှယ်လစ်ခေတ်အလည်ပိုင်းလောက်မှမော်စကိုဖြစ်လာတာ။ ဘာကြောင့်တုံး ဆိုတော့ ဆိုရှယ်လစ်ခေတ်မှာ ကွန်မြူနစ်၊ ဗကပတွေကိုအကြီးအကျယ်ဖမ်းတယ် မဟုတ်လား။ ဗကပလောကမှာက အရည်အချင်းရှိတဲ့သူဆို ရုရှားကိုပညာတော် သင်လွှတ်သတဲ့။မော်စကိုမြို့ ကိုလွှတ်သတဲ့။ ရုရှားကဂန္တ၀င်ကွန်မြူနစ်နိုင်ငံကြီး မဟုတ်လား။ ရုရှားပြန်၊ မော်စကိုပြန်ကွန်မြူနစ်ဆို ဗကပတွေထဲမှာခေါင်းတလုံး ပိုမြင့်ပါသတဲ့။ မော်စကိုဆိုတာ မြန်မာ့ကွန်မြူနစ်များရဲ့  မဟာအိပ်မက်ကြီး တခုပါတဲ့။ အဲဒီအခါကပေါ့။ ဒီနေ့မှာတော့မော်စကိုဆိုတာက မြန်မာစစ်ဗိုလ်များအတွက်အိမ်မက် ဖြစ်သွားပြီထင်ပါရဲ့ ။

အဲဒီဆိုရှယ်လစ်ခေတ်ကပဲပေါ်လာတဲ့စကားတခုရှိပါသေးတယ်။ ထောင်ဆိုတာ ဘ၀တက္ကသိုလ်တဲ့။ ဗကပတွေထောင်ကျတော့ အင်းစိန်ထောင်ကအဓိကပေါ့။ ဒီတော့အင်းစိန်ထောင်ကိုလည်း ဘ၀တက္ကသိုလ်လို့ခေါ်ကြပါသတဲ့။ ဒီလိုနဲ့ရုရှားကို မရောက်ပဲ အင်းစိန်ထောင်ရောက်လာကြတာကို သရော်တဲ့သဘောနဲ့ အင်းစိန် ထောင်ကိုမော်စကိုလို့ခေါ်ကြပါသတဲ့။ ဒါကကျွန်တော်ကြားဖူးတာပဲလို့ပြောတော့။ ဟုတ်လိမ့်မယ်ဗျလို့သုံးသတ်ကြပါတယ်။ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်။

ရန်ကုန်၃၃လမ်းထဲက ဓမ္မာရုံဘေးမှာကပ်ဖွင့်ထားတဲ့တဘက်ရပ် လက်ဘက်ရည်ဆိုင် ကလေးရှိပါရောလား။ စာရေးဆရာ၊ ကဗျာဆရာတွေ အမြဲလိုလိုရှိကြလို့ အဲဒီနေရာကိုလေထန်ကုန်းလို့ခေါ်ကြတယ်လေ။ လေထန်ကုန်းက အနောက်တိုင်း ဂန္တ၀င်စာ ပေတခုဖြစ်တဲ့ Wuthering Heights ကိုမြန်မာပြည်က အထက်တန်းအင်္ဂလိပ်စာမှာ စပြီးပြဌာန်းလိုက်တဲ့ကာလ။ အဲဒီစာအုပ်ကို မြန်မာလိုလေထန်ကုန်းလို့ခေါ်ကြတဲ့ကာလ။ ဘယ်ပုဂ္ဂိုလ်က စလိုက်တယ်မသိ။၃၃လမ်းကြားက လက်ဘက်ရည်ဆိုင်လည်း လေထန်ကုန်းဖြစ်သွားပါလေရော။ တော်တော်လည်းအပ်စပ်တဲ့အမည်လို့ ပြောကြပါတယ်။ စာပေသမားများ တယ်လည်းလေပမ်းကြသကိုး။ အဲဒီဆိုင်က လေထန်ကုန်း မဖြစ်ခင်နာမည်လုံးဝ တတ်မထားတဲ့ဆိုင်လေးပါ။ အခုတော့သမိုင်းဝင်ဆိုင်လေးတခုဖြစ်နေပါပေါ့။ ထားပါတော့ မော်စကိုကိစ္စ ဆက်ကြပါဦးစို့။

ဆိုရှယ်လစ်ခေတ်ကုန်လို့ စစ်အာဏာသိမ်းခေတ်လည်းရောက်လာရော အင်းစိန် ထောင်က နာမည်သစ်တမျိုးပြောင်းလာပါသတဲ့။ ဒီတခါလည်း ကမ္ဘာကျော်မြို့  ကြီးတခုရဲ့ နာမည်ပါပဲ။ နယူးယောက်တဲ့။ အဓိပ္ပါယ်ကတော့ လူသစ်တွေထပ်ပြီး ရောက်လာလို့ ၊နယူးတွေရောက်လာကြလို့၊ ဗကပကွန်မြူနစ်တွေနောက်ပိုင်း ရှစ်ဆယ့်ရှစ်ကျောင်းသားတွေ ထောင်ထဲရောက်လာကြလို့ဆိုပဲ။ အခုသံဃာတော် တွေထောင်ထဲရောက်လာတော့ အင်းစိန်ထောင်ရဲ့  နာမည်ဘယ်လိုတွင်နေ သလဲဆိုတာ တော့လက်လှမ်းမမှီလို့မသိနိုင်တော့ပါဘူး။ မိတ်ဆွေများရဲ့  အင်းစိန်ထောင်နဲ့ပါတ်သက်တဲ့ ဗဟုသုတများရှိရင်လည်း သိလိုပါသေးတယ်။ ဆွေးနွေးပေးကြပါဦး။ ရုရှားကျောင်းသားလေး ကျေနပ်သွားရအောင်ပေါ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Sunday, October 19, 2008

ဘလော့ဂ်သွေးကြွခြင်း







ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ဘလော့ဂ်ရေးဘလော့ဂ်ရာတွေ သိပ်မလုပ်ဖြစ်ပါ။ အာရုံမရလို့ ဆိုပါတော့။ အခုတော့ ပြန်ရေးနေပြန်ပါပြီ။ မိတ်ဆွေဘလောဂါတချို့ က တွန်းလားထိုးလား လုပ်လာလို့ ဘလော့ဂ်သွေးကြွလာတယ် ဆိုပါတော့။ အာရုံလာတယ် ဆိုပါတော့။

တခါတလေ အချိန်ရလို့ သူများဘလော့ဂ်တွေကို လျှပ်တပျက်သွားကြည့်မိတဲ့အခါ။ သူများ သားသမီးတွေ အတော်ရေးအားကောင်းကြသကိုးလို့ အံ့သြမိ။ ကဗျာသန်သူကလည်း ကဗျာ တွေရေးလိုက်တာမှ ဟောတပုဒ်၊ ဟောတပုဒ်။ စက်နဲ့ထုတ်နေသလား မှတ်ရ။ ၀တ္ထုသမားက လည်း လှစ်ကနဲ၊လှစ်ကနဲ ရေးလိုက်တာ တရုတ်ဓါးသမားလိုပ။ သီချင်းသန်သူကလည်းသီချင်း၊ ဓါတ်ပုံ သန်သူကလည်းဓါတ်ပုံ ဝေေ၀ဆာဆာ၊ ထွေထွေဖြာဖြာ။ ဟုတ်ပ။ ဘလော့ဂ်တခုလုပ် ထားမှတော့ ရေးမှပေါ့။ သားမှပေါ့။

တရက်က။ နာမည်ကျော် မြန်မာဘလော့ဂါ တဦးနဲ့စကားပြောဖြစ်တော့ သူ့ကိုမေးပါတယ်။ ကျွန်တော့မှာလည်း ဘလော့ဂ်ရှိတယ်သိလားဆိုတော့ မသိတဲ့။ လိပ်စာပေးလိုက်တော့ ရောက်ဖူးသလိုပဲတဲ့။ ခင်ဗျားက ပုံမှန်မှ မရေးတာတဲ့။ လူဘယ်သိလိမ့်မတုံးတဲ့။ ဟုတ်ပ။ ဘလောဂါဆိုတာ ပုံမှန်ရေးမှ လူသိမှာပေါ့။ လူသိအောင်လို့ ဘလော့ဂ်လုပ်ထားတာ မဟုတ် လား။ အချင်းချင်း သိသမျှ၊ ကြုံသမျှ ဝေငှချင်လို့ မဟုတ်လား။ အမြဲလိုလို ပိတ်ထားတဲ့နေရာကို ဘယ်သူက စိတ်ဝင်စားပါ့မလဲ။ ဘလော့ဂ်တခုလုပ်ထားမှတော့ စိတ်ဝင်စားအောင်လုပ်ရ တော့မှာပေါ့။ လုပ်သင့်တာပေါ့။

ဒါပေမဲ့ မိတ်ဆွေတို့။ လူအများစိတ်ဝင်တစားဖြစ်အောင် လုပ်ရတဲ့ကိစ္စက လွယ်မှတ်လို့။ နေ့စဉ်လိုလို ပုံမှန်ရေးနေပေမဲ့ စိတ်ဝင်စားဖို့ မကောင်းရင် ဘာထူးမှာလဲ။ အလေ့အကျင့်ရှိရင် လက်တက်လာလိမ့်မယ်။ ကောင်းကောင်းကန်းကန်းတွေ များများထွက်လာလိမ့်မယ်လို့လည်း ပြောကြပါတယ်။ သိပ်တော့ မသေချာပါ။ ထားပါတော့။ ဘလော့ဂ်သွေးကြွတဲ့အကြောင်း ဆက်ပါမယ်ခင်ဗျား။

လူဆိုတာ လှုံ့ဆော်မှုနဲ့ရှင်သန်နေတာလို့ ဆိုကြပါတယ်။ တကယ်တော့ လှုန့်ဆော်မှုက အများသား။ စားဝတ်နေရေးအပြင် တခြားလှုံ့ဆော်မှုတွေကလည်း မနဲမနော။ မက်လုံးရှိမှ ထထကြွကြွရှိမယ်လို့လည်း ဆိုကြပါသေးတယ်။ မက်လုံးဆိုတာ လှုံ့ဆော်မှုတမျိုးပေါ့။ လှုံ့ ဆော်မှုမှာလည်း အတွင်းလှုံ့ဆော်မှုနဲ့ အပြင်လှုံ့ဆော်မှုဆိုပြီး ရှိပြန်တယ်။ ကျွန်တော့ပြဿနာက အတွင်းရော အပြင်ရောလှုံ့ဆော်မှု ကျဆင်းတဲ့ရောဂါ ဆိုပါစို့။ အလားအလာမကောင်းတဲ့ ရောဂါပေါ့။ ဒီလိုအချိန်မှာ အသိမိတ်ဆွေတွေထဲက စာမရေးတာနဲ့ပါတ်သက်ပြီး မခံချင်အောင်ပြောလာတာတို့၊ ကိုယ့်ဘလော့ဂ်ထဲမှာ တခုခုလာပြီး ကလိသွားတာတို့၊ ရိသွားတာတို့၊ တခုခုနဲ့ မြူဆွယ်သွားတာတို့ လုပ်လာပြီဆိုပါတော့။ ဒီလိုလှုံ့ဆော်မှုတွေရှိလာတဲ့အခါ ဘလော့ဂ်သွေးများ ကြွလာရပါတယ်။ ဘလော့ဂ်သားများ လှုပ်လာရပါတယ်။

တကယ်လို့များ မြန်မာဘလော့ဂါအသင်းချုပ်ကြီး ထူထောင်ပြီး ပြိုင်ပွဲတွေလုပ်၊ ဆုတွေလာဘ်တွေ ပေး။ ဒီလအတွက် စိတ်ပျက်စရာအကောင်းဆုံး မြန်မာဘလော့ဂါ ကတော့ ဘယ်သူဆိုတာမျိုး။ သတ်ပုံအမှားဆုံးဘလော့ဂါက ဘယ်ဝါ ဆိုတာမျိုး။ အကောင်းဆုံး ကဗျာဆုတို့၊ အကောင်းဆုံး အက်ဆေးဆုတို့ ချီးမြှင့်မယ်ဆိုရင်။ ငွေသားလေးပါ မက်လုံးထည့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်လို ဘလော့ဂါငပျင်းတွေပါ ခေါင်းထောင်လာလိမ့်မယ်၊ နိုးကြားလာလိမ့်မယ်၊ ဘလော့သွေးများ ကြွရွလာ နိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ မိတ်ဆွေများခင်ဗျား။ ဆွေးနွေးကြပါဦး။

(ရုပ်ပုံ၊ ဂူဂလ်)

Thursday, October 16, 2008

အမည်မဖေါ်လိုသူတဦး







ကျွန်တော်ရဲ့ ဘလော့ဂ်စလုပ်ပြီးမကြာခင်မှာ မိတ်ဆွေတယောက်က ဒါကခင်ဗျားရဲ့ 
ဘလော့ဂ်လားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူးလို့ ညာပြောလိုက်ပါတယ်။ သူက
သိပ်ကျေနပ်ပုံ မရပါဘူး။ အခုတော့ သူ့ကိုအမှန်အတိုင်း ပြောလိုက်ပါပြီ။ သူကလည်း
ဘလော့ဂါတဦးပါ။ ကျွန်တော်က ကိုယ့်ဘလော့ဂ်မှာ ကိုယ်ဘယ်သူဆိုတာ ရှင်းမပြထားပါဘူး။
အခုသူ့ရဲ့ ဘလော့ဂ်မှာ ကျွန်တော့်ကိုလင့်ခ် လုပ်ထားပါတယ်။ တယောက်ကို တယောက် လင့်ခ်လုပ်ပေးတတ်ကြတဲ့ ဘလော့ဂါတွေရဲ့  ယဉ်ကျေးမှုက ချစ်ဖို့ကောင်းပါတယ်။

ပြောချင်တာက ကျွန်တော်တို့တွေ အမည်မဖေါ်လိုကြတဲ့အကြောင်းပါ။ လူတွေဟာ လျှို့ ဝှက် တတ်ကြပါတယ်။ လျှို့ ဝှက်တတ်တာဟာ လူ့သဘာဝတခုပါ။ မြန်မာလောကမှာ ကိုယ့်ကိုကိုယ် ဖေါ် မသူတော် ဆိုတဲ့စကားကလည်း ရှိနေပါတယ်။ ဘယ်သူ့လက်ချက်လည်း မသိပါ။ ကောင်းတာလုပ်ပေမဲ့လည်း ကိုယ်လုပ်တာကို လူတွေသိပ် မသိစေချင်တဲ့သဘော၊ မထင်ပေါ် ချင်ဘူး ဆိုသူတွေလည်း တော်တော်များများတွေ့ ဖူးပါတယ်။ ဒါပေမဲ့တချို့ ကတော့ အကောင်း လုပ်တာနည်းနည်း ထင်ပေါ်ချင်တာများများ ဆိုသူတွေလည်း တော်တော်များများ တွေ့ ဖူးပါတယ်။ ကျွန်တော့အတွေ့ အကြုံ အရ ထင်ပေါ်ချင်သူက ပိုများလိမ့်မယ်လို့ ထင်ပါတယ်။ အမေရိကန် တွေဟာ ထင်ပေါ်ရေးကို သိသိသာသာ ဦးစားပေးတတ်ကြပါတယ်။ ဒါ ငါလုပ်တာ။ ဒါ ငါသိတယ် ဆိုတာတွေကို မကြာခဏပြောလေ့ရှိပါတယ်။ တချို့ ကတော့ ကြွားတယ်လို့ ပြောပါလိမ့်မယ်။ ဟုတ်တာပြောတဲ့ကိစ္စ ကြွားတာမဟုတ်ဘူးလို့ တချို့ ကဆိုကြပါလိမ့်မယ်။ တကယ်ရှိတာထက် ပိုပြောရင်လည်း ကြွားတယ်လို့ပြောကြပါတယ်။ လုပ်တာနဲနဲပြောတာများများဆို လည်းကြွား တယ်လို့ ဆိုပါတယ်။ သိသာထင်ပေါ်ချင်တတ်ကြတာလည်း လူ့သဘာဝ တခုပါ။ လျှို့ ဝှက် တတ်ခြင်းနဲ့ ထင်ပေါ်သိသာအောင်နေခြင်း ဘယ်ဟာက ပိုပြီး ကောင်းပါသလဲ။

မြန်မာ့သမိုင်းမှာ စစ်သူကြီးမဟာဗန္ဓုလ မထင်မရှားဘ၀တုန်းက သူ့ကိုဘုရင်က သတိထားမိ အောင် ညီလာခံတခုမှာ သူ့ဘေးကပုဂ္ဂိုလ်ကို ဘာမပြောညာမပြော တံတောင်နဲ့ ထပြီး ထောင်း ပါသတဲ့။ ရုတ်ရုတ်သဲသဲဖြစ်တော့ ဘုရင်က အကြောင်းစုံစမ်းရင်း ဗန္ဓုလကိုသိပြီး နောက်ပိုင်းမှာ နေရာ ပေးပါသတဲ့။ ဒီအဖြစ်အပျက်က အမှန်ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့ ဒီကိစ္စမှာ ငြင်းခုန် စရာတွေ ရှိနေပါတယ်။ တချို့ က ဗန္ဓုလရဲ့ လုပ်ရပ်ကို ထောက်ခံကြပါတယ်။ သဘောကျကြပါတယ်။ တံတောင်နဲ့ ထထောင်းတာ ကောင်းတယ်ပေါ့။ မဟုတ်ရင် ဘုရင်ကသူ့ကို ဘယ်လိုလုပ်သိနိုင်မလဲ ပေါ့။ တချို့ ကတော့ ကိုယ်ထင်ပေါ်ဖို့အရေး မဆိုင်တဲ့ဘေးကလူကို နာကျင်အောင် အသားလွတ် ထတွယ်တာ မတရားဘူး။ မကောင်းဘူး။ မလုပ်သင့်တဲ့ကိစ္စလို့ မြင်ကြပါတယ်။

စာရေး ဆရာသိပ္ပံမောင်ဝမှာ ကလောင်ခွဲတွေ တော်တော်များပါတယ်။ သူ့နာမည်ရင်းက ဦးစိန်တင်ပါ။ စာရေးတဲ့အခါမှာ ကလောင်ခွဲတွေသုံးလွန်းတော့ သူကွယ်လွန်တဲ့နောက်ပိုင်း သူ့စာတွေ ပြန်စုဆောင်းတဲ့အခါ တော်တော်ခက်ပါသတဲ့။ ကလောင်ခွဲကို အရင်က ကလောင်ပုံး၊ ကလောင်ဝှက်လို့လည်း ပြောကြပါတယ်။ လျှို့ ဝှက်တယ်ပေါ့။ မြန်မာစာပေလောကမှာ ကိုယ့်အမည် ရင်းနဲ့ ရေးတဲ့သူထက် ကလောင်အမည်ပေးပြီးရေးတဲ့သူက ပိုများတယ်လို့ထင်ပါတယ်။ ကိုယ့်နာမည် ကို မသုံးရတာ အကြောင်းရှိပါလိမ့်မယ်။ အခြေခံသဘောကတော့ ကိုယ့်ကို လူမသိစေချင်တာပဲ လို့ထင်ပါတယ်။

ရုပ်ရှင်လောကမှာတော့ အဲသလို မဟုတ်ပါ။ ထွန်းအိန္ဒရာဗိုလ် ဆိုပါစို့(စာလုံးပေါင်း မှားတယ် ထင်ပါတယ်) သူ့နာမည်ရင်း မဟုတ်ပါ။ ဒါပေမယ့်ရုပ်ကို မြင်နေရတော့လျှို့ ဝှက်နေလို့ မရတော့ပါဘူး။ စာရေးဆရာ အီကြာကွေးကတော့ လူကြားထဲမသိမသာနေလို့ရပါတယ်။ ကိုယ့်ကိုလူသိပ်မသိတော့ တချို့ ကိစ္စတွေ လုပ်ရတာပိုပြီး လွတ်လပ်သလိုပါပဲ။ ခိုးလုပ်လို့ ကောင်းတယ် ဆိုပါတော့။ ဒါလည်း အရသာတမျိုးပါ။ ဒီလိုပြောလိုက်လို့ ကျွန်တော်က ရုပ်ရှင်မင်းသားလို ထင်ပေါ်ကျော်ကြားတယောက်များ ဖြစ်နေမလားလို့တော့ မထင်လိုက်ကြ ပါလေနဲ့။ သူလိုကိုယ်လို ထဲကပါ။

ထင်ပေါ်အောင်နေထိုင်ခြင်းနဲ့ မသိမသာနေထိုင်ခြင်း ဘယ်ဒင်းက ပိုကောင်းသလဲ အခုချိန်ထိ ကောင်းကောင်း မသိသေးပါခင်ဗျား။ ဆွေးနွေးကြပါဦး။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, June 18, 2008

တိုင်းပြည်ပျက်ညည်းချင်း








ကျွန်တော့ဘလော့ဂ်မှာ စာမရေးဖြစ်တာကြာပြီ။

အလုပ်ရှုပ်နေတော့ ကိုယ့်ဘလော့ဂ်ကိုတောင် မကြည့်ဖြစ်ပါ။

အခုရေးမယ်လုပ်တော့ ပါ့စ်ဝပ်ဒ်တောင် မမှတ်မိတော့။

ဆိုင်ကလုံးမုန်တိုင်းက ကျွန်တော့ဆီပါလာတိုက်သွားပါတယ်။

စိတ်ဓါတ်တော်တော် ယိုင်နဲ့သွားပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း စဉ်းစားရအတော်ကျပ်သွားပါတယ်။

မုန်တိုင်းကသိပ်ဆိုးတဲ့အကြောင်းကျွန်တော်ရေးပြရင်

မြစ်ဝကျွန်းပေါ်ကလူတွေ ၀ိုင်းရယ်ကြလိမ့်မယ်။

ပြည်တွင်းပြည်ပက မြန်မာတွေ တတ်နိုင်သမျှဝိုင်းကူကြတာတွေ့ ရကြားရတော့

ဝမ်းလည်းသာ၊ စိတ်မကောင်းလည်းဖြစ်။

ကျွန်တော်သာ မုန်တိုင်းဒုက္ခသည်တယောက်ဆိုရင် ဘာလုပ်မလဲ။

ကားလမ်းမကိုထွက် ကားတွေပေါ်ကပစ်ချမယ့် စားစရာတွေကိုလုကောက်ဖို့ပြင်။

မရှိတော့တဲ့ မိသားစု ဒါမှမဟုတ် မရှိတော့တဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းအတွက်ပူဆွေးသောကပွါး။

ညနေပိုင်းမှောင်လာပြီဆို စိတ်ညစ်ညစ်နဲ့အရက်သောက်ဖို့ကြိုးစား

အရက်ရဖို့ကလည်း မဖြစ်နိုင်။ ပိုစိတ်ညစ်။ ဆဲဆိုကြိမ်းမောင်း။

မုန်တိုင်းကိုလား။ ဘ၀ကိုလား။ လောကကိုလား။ တိုင်းပြည်ကိုလား။

အကုန်လုံးကို ဆဲဆိုအော်ဟစ်နေမိမှာပဲ။

မိုးရွာလာရင် ခိုနားစရာရှာ။ ဘုန်းကြီးကျောင်းပျက်လား။ တဲစုတ်လား။ သစ်ပင်အောက်လား။

အလောင်းတွေကထွက်လာတဲ့အနံ့တွေ ရှောင်လို့မလွတ်။ ပြေးလို့မလွတ်။

ရုပ်ရှင်မင်းသားတွေ၊ စစ်ဗိုလ်တွေနဲ့ နိုင်ငံခြားသားတွေရောက်လာတယ်ဆိုပေမယ့်။ ခဏပဲ ဟုတ်သလိုရှိတာပါ။

အရင်ကတော့ လယ်သမား။ အခုတော့ ဒုက္ခသည်။ နောက်တော့ ဘာဖြစ်အုံးမှာလဲ။ ဘယ်သူပြောနိုင်မလဲ။ ဘယ်သူမှမပြောနိုင်ဘူး။

ကိုယ်လိုသူလိုလူတွေအားလုံးကလည်း သနားစရာ။ လာကူညီတဲ့သူတွေကလည်း သနားစရာမျက်လုံးတွေနဲ့။

ဘယ်ကိုကြည့်ကြည့် စိတ်ညစ်စရာ။ ဘယ်ကိုသွားသွား စိတ်ညစ်စရာ။ ဘာတွေကြားကြား စိတ်ပျက်စရာ။

ဒီနေရာ။ ဒီဒေသ။ ဒီအရပ်မှာကို မနေချင်တော့ဘူး။ ဘယ်ကိုသွားရမလဲ။

ဒီအရပ်ဟာ လူတွေအတွက် ပျော်စရာကောင်းတဲ့အရပ်မဟုတ်တော့ဘူး။

ဒါဆိုရင် ဘယ်အရပ်ဟာပျော်စရာကောင်းတဲ့အရပ်လဲ။

ကမ္ဘာပျက်ခဲ့တဲ့ ဒီအရပ်။ ကမ္ဘာပျက်နေတဲ့ ဒီအရပ်ကလွဲရင် ကျန်တဲ့နေရာတွေက အသက်ရှုချောင်လိမ့်မယ်ထင်တယ်။

ဒီအရပ်မှာနေရတာ အသက်ရှုကျပ်လွန်းတယ်။ ကြာကြာဆက်နေရင် အသက်ရှုကျပ်ပြီးသေလိမ့်မယ်။

ကျွန်တော်ဘယ်ကိုသွားရမလဲ။ ကျွန်တော်ဘယ်ကိုသွားသင့်သလဲ။

(ရေးရတာလည်း စိတ်ညစ်လာလို့ ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်။ အသက်ရှုကျပ်လာပြီ။)


(ရုပ်ပုံ၊ ဂူဂလ်)

Tuesday, April 1, 2008

မောင်လူမှိန် အောက်မေ့ဘွယ်









“သဘာဝသင်းကွဲ”

စာ ၊ ခို ၊ ကျီးကန်း
ပျံကျသမား
ရေအိုင်ဘဲဖြူ
လှေထိုးသား
တီကောင် လယ်ထွန်စား ။

(မောင်လူမှိန်)

ကဗျာချစ်သူများခင်ဗျား..။
ကွယ်လွန်သူ ကဗျာဆရာမောင်လူမှိန်နဲ့ပါတ်သက်ပြီး အမှတ်တရ ပြောစရာတွေ။
အောက်မေ့ဘွယ်ရာလေးတွေ ကျွန်တော့မှာရှိပါတယ်။ လောလောဆယ် သူရေးခဲ့တဲ့ ကဗျာလေးကိုပဲ
ဖတ်ပြီး ခံစားဖြန့်ကျက်ထားကြပါဦးခင်ဗျား။ သဘာဝသင်းကွဲဟာ သူ့ရဲ့ နာမည်ကျော်ကဗျာတပုဒ်ပါပဲ။ ကျွန်တော့ဆီကို အလည်လာသူ “ညလေး”က ကျွန်တော့စာတွေရှည်လွန်းတယ်ဆိုတာကြောင့် ကိုယ်ပိုင်ကဗျာတိုမရေးနိုင်ခင် ကိုယ်သိတဲ့ မောင်လူမှိန်ရဲ့ ကဗျာနဲ့ချော့ ထားရတာပါ။ ကျွန်တော်သိပ်
ကြိုက်တဲ့ ကဗျာတိုလေးပါပဲ။ ဒီနေ့ဘလော့ဂါတွေ မောင်လူမှိန်ကိုမသိကြရင်တောင် သူ့ကဗျာလေးကို ပွတ်သပ်မိအောင် ဖုန်သုတ်ပြီး ကျွန်တော့်ဧည့်ခန်းမှာထုတ်ကြွားလိုက်တာပါခင်ဗျား။

ကဗျာ ဆရာမောင်လူမှိန်အကြောင်းနောက်မှဆက်ပါ့မယ်။
ကဗျာချစ်သူအပေါင်း ကျန်းမာညီညွတ်ကြပါစေ။

Sunday, March 2, 2008

နှင်းပိနေတဲ့မြို့တော်







နှင်းတွေကျတဲ့ ဆောင်းဥတု

နှင်းတွေက ဖွေးကနဲ၊ ဖွါးကနဲ

အဆုပ်လိုက်၊အဆုပ်လိုက် ဖွါ ကျဲ ကျ။


ကောင်းကင်လည်း ဖွေး...လို့

လေပြင်လည်း ဖွေး...လို့

မြေပြင်လည်း ဖွေး...လို့

မြို့တော်ကြီးလည်း ဖွေးဖွေးလှုပ်လို့

အိမ်ထဲမှာ ငါတယောက်ထဲ

ပျင်းဖို့ကောင်းတဲ့ နှင်းကျနေ့တွေ

အေးလည်းအေး၊ ပျင်းလည်းပျင်းပေါ့။


ပြုတင်းပေါက်မှာ ထွက်ငေး

နှင်းတွေဖွေးဖွေး အနှေးကျ

နှင်းကြွေသံတွေ တရှဲရှဲ

သစ်ပင်စိမ်းစိမ်း အဖြူဖုံး

လူတွေ လမ်းအနှေးလျှောက်

ပါးစပ်တွေက အငွေ့ထွက်

ငှက်တွေ ပျောက်ချက်သားကောင်း

မြို့တော်လမ်းပေါ် လူခြေတိတ်

ဘုရားကျောင်းတွေ ပိုတိတ်ဆိတ်။



ငါ

ပျင်းပျင်းနဲ့ အိပ်ဖို့ပြင်

နှင်းတွေကိုလည်း မခွဲရက်

ကလေးတသိုက် ဟစ်အော်

နှင်းတောထဲ ပြေးဆော့

နှင်းလုံးနဲ့ စစ်တိုက်

နှင်းလူရုပ် အပြိုင်လုပ်

ပျော်စရာနှင်းပွဲ

ငါဝင်နွှဲမယ်

နှင်းတောထဲကို ဆင်းခဲ့ပြီ။


မြို့ကိုဖုံးတဲ့နှင်း

ပျော်စရာလည်း ဒီနှင်း

ပျင်းစရာလည်း ဒီနှင်း

လက်ဝဲသုန္ဒရရဲ့နှင်း

ခင်ဝမ်းရဲ့နှင်း

အိန္ဒိမှာရက္ကန်းသွားခတ်တဲ့

ချင်းမလေးရဲ့နှင်း

အစောကြီးထပြီးဆိုင်ဖွင့်ရတဲ့ တောင်ကြီးက

ပအိုဝ်မောင်နှမရဲ့နှင်း။


မနောပွဲနှင်း

အာနန္ဒာပွဲဈေးနှင်း

ဂင်ဇာလမ်းကနှင်း

မာမာအေးရဲ့နှင်း

နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့နှင်း

ကလေးစစ်သားတယောက်ရဲ့နှင်း

မယားငယ်တယောက်ရဲ့နှင်း

ကရင်သူပုန်အိုကြီးရဲ့နှင်း

တရုတ်မြန်မာနယ်စပ်က

မသန်မစွမ်းမလေးရဲ့နှင်း

ရှမ်းတောင်ရိုးက မီးကင်းသမားရဲ့နှင်း

အဓိပ္ပါယ်ကွဲလွန်းလှတဲ့နှင်း

ဒီနှင်း....ဒီနှင်း...ဒီနှင်း ။


နှင်းဖုံးထားတဲ့မြို့တော်မှာ

ပျော်ရွှင်အောင်နေတတ်ဖို့

သီချင်းတပုဒ်ကို အော်ဆို

နှင်းတောထဲကို ငါလာပြီ

နှင်းရေ...ငါလာပြီ။

Friday, February 15, 2008

မြို့ရဲ့သတင်းစာ










မြို့ကသာ ခြောက်ကပ်တာ
သတင်းတွေကတော့ ဝေဆာသဗျာ။

ခြောက်ကပ်ကပ်မြို့တော်မှာ
သတင်းက လွတ်လပ်တယ်
သတင်းသမားတွေကများ
သတင်းစာတွေလည်းများ။

မိုးမလင်းခင်မှာ
သတင်းစာထူထူတွေ
အိမ်တွေထဲကို ရောက်နေမယ်
လမ်းဒေါင့်တိုင်းမှာရှိနေမယ်
ဘူတာရုံထိပ်မှာစောင့်နေမယ်
ကော်ဖီဆိုင်မှာရှိနေမယ်။

ကမ္ဘာကြီးအကြောင်း
မြို့တော်အကြောင်း
ကောင်းကြောင်း၊မကောင်းကြောင်းပေါ့။

စိတ္တဇလူသတ်သမားအကြောင်း (ရုပ်ရှင်ဆန်ဆန်)
ပြည့်တန်ဆာတို့ရဲ့ဝင်ငွေအကြောင်း (အံသြဘွယ်)
ကော်ဖီဆိုင်အသစ်နဲ့ဓါးပြတိုက်မှုတွေအကြောင်း (ကြော်ငြာဆန်ဆန်)
ထင်ပေါ်ကြော်ကြားတွေရဲ့အတင်းအဖျင်း (ပွင့်ပွင့်လင်းလင်း)
ဈေးအတက်အကျသတင်း (အလန့်တကြား)
ဆန္ဒပြပွဲသတင်း (ပုံမှန်)
နာရေးကြော်ငြာ (တဂုဏ်တယူ)

ရုပ်ရှင်အညွန်း (ပိုပိုသာသာ)
လူထုအော်သံ (နေရာကျဉ်းကျဉ်း၊အသံကျယ်ကျယ်)
နိုင်ငံရေးသုံးသတ်ချက် (ပွင့်ပွင့်လင်းလင်း)
ချက်နည်းပြုတ်နည်း (လက်တွေ့မကျ)
ပစ္စည်းအသစ်အဆန်း (အထိပ်တလန့်)
သူများတိုင်းပြည်ဝေဖန်ရေး (ဆရာကြီးလေသံ)
ပွဲကြီးပွဲကောင်း အားကစား (နေရာကျယ်ကျယ်၊ဓါတ်ပုံကြီးကြီး)

ပစ္စည်းဟောင်းရောင်းမယ့်ကြော်ငြာ (လေးငါးရွက်)
ရဲတွေညံ့တဲ့သတင်း (ခပ်ကျဉ်းကျဉ်း)
သူခိုးတွေဖမ်းတဲ့သတင်း (ခပ်ကျယ်ကျယ်)
ဘုရားလူကြီးလိင်ကိစ္စ (ဓါတ်ပုံနဲ့တကွ)
လွှတ်တော်ထဲက ရန်ပွဲ (ဓါတ်ပုံနဲ့တကွ)
သမ္မတရဲ့ခွေးသတင်း (အသေးစိတ်)
သမ္မတသမီးအရက်မူးလွန်တဲ့အကြောင်း (ဓါတ်ပုံနဲ့တကွ)
ဝိုင်အရက်နဲ့ဆေးကြော်ငြာ (လှလှပပ)
မိုးလေ၀သခန့်မှန်းချက် (တလွဲတချော်)

ရပ်ကွက်ထဲက လုယက်မှု (ရုပ်ရှင်ဆန်ဆန်)
စစ်ပွဲအရှုံးအနိုင် (တနေ့ရွှေ၊ တနေ့ငွေ)
ဘောလုံးပွဲအရှုံးအနိုင် (ဇတ်လမ်းပမာ)
ကျန်းမာရေး (ဟုတ်တုတ်တုတ်)
လူကြိုက်များတဲ့ ကာတွန်းနဲ့ပဟေဠိ
အစုံပဲ။

သတင်းစာဆိုတော့လည်း
နေ့လည်ခင်းမှာ အမှိုက်ဖြစ်သွားတာပေါ့
မြို့လူထုက အားပေးကြပါတယ်။