Tuesday, May 22, 2012

မီးပျက်တာများ အဆန်းလုပ်လို့














ဖရောင်းတိုင်မီးတွေနဲ့ လူတွေ လမ်းပေါ်ထွက်ကုန်ကြပြီတဲ့ဆိုလို့ ဘာများလဲ
မှတ်တယ်။ မီးမလာလို့ ဆန္ဒပြကြတာကိုး ။ မြန်မာပြည်မှာ မီးမလာတာများ
အဆန်းလုပ်ပြီး ဆန္ဒပြရတယ်လို့ ။ အရင်တုန်းက မီးမလာတဲ့အဖြစ်မျိုး မကြုံ
ဖူးတာကျနေတာပဲ။ “ဒီမိုကရေစီ နောက်မှလုပ်၊ မီးလာအောင်အရင်လုပ်” ဆို
လား။ ဆန္ဒပြသူတဦးရဲ့ကြွေးကြော်ချက်ပါ ဓါတ်ပုံကလည်း အတော်ပြန့်နှံ့နေ
ပါရောလား ။ ဒီပုဂ္ဂိုလ်က လူ့ဘ၀မှာ ဒီမိုကရေစီထက် လျှပ်စစ်မီးက ပိုအရေး
ကြီးပါလားလို့ သဘောပေါက်ထားပုံရတယ်။ မြန်မာပြည်မှာ ပြောင်းလဲနေတာ
တော့ အမှန်ပဲ။ ဆန်းဆန်းပြားပြား မီးမလာလို့ ဆန္ဒပြကြသတဲ့။ အံ့ရော။

အစိုးရမင်းများကလည်း ပြည်သူတွေကို ကြောက်ပဲကြောက်နေကြတာလား။
သဘောပဲ ကောင်းလွန်းနေတာလား။ ဘယ်လောက်အထိ လုပ်ကြမလဲဆိုပြီး
စောင့်ကြည့်နေတာလား။ အာဏာထပ်သိမ်းနိုင်အောင်များ လွှတ်ပေးထား
တာလား။ ဒီမိုကရေစီကို တကယ်ပဲကျင့်ကြံနေတာလား။ လူယုံအောင်သဘော
ထားကြီးပြနေတာလား။ တခုခုတော့ တခုခုပဲ။

အရင်ကဆို ကုန်ဈေးနှုန်းကြီးနေလို့ ကျအောင် လုပ်ပေးပါလို့ လူတစုက တောင်း
ဆိုမိပါတယ်။ ဖမ်းလိုက် ဆီးလိုက်တာ ဘာပြောကောင်းမလဲ။ အခုအစိုးရလုပ်နေ
တဲ့သူတွေပဲ ဖမ်းခဲ့ကြတာပေါ့။ အခုတော့လည်း သောင်းကျန်းသူတွေလက်ချက်
ကြောင့် မီးပေးချင်လှပေမဲ့ မပေးနိုင်တဲ့အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြည်
သူအများကို အထူးမေတ္တာပန်ကြားလိုက်ပါသတဲ့။ ဒီအစိုးရတဖွဲ့လုံး နိုဘလ်ဆု
ရတော့မယ်ထင်တယ်။ သမ္မတကလည်း သဘောကောင်းလိုက်တာတဲ့။ သမ္မတ
ကြီး သမ္မတကြီးနဲ့ ဖူးဖူးမှုတ်နေကြလေရဲ့။

မြန်မာပြည်မှာ လျှပ်စစ်မီးပြဿနာတက်နေတာ ကြာပေါ့။ သမိုင်းတလျှောက်လုံး
တက်နေတဲ့ပြဿနာ။ လျှပ်စစ်ထုတ်တဲ့ လောပီတနယ်မှာ မီးမရှိဘူးဆိုကတည်းက
သဘောပေါက်။ နောက်ပိုင်းမှာထွက်လာတဲ့ သဘာဝဓါတ်ငွေ့ကိုလည်း ပြည်သူ
တွေသုံးဖို့က နည်းနည်း။ နိုင်ငံခြားရောင်းစားဖို့က များများလုပ်ခဲ့တာ မဟုတ်လား။
ထိုင်းနိုင်ငံရောက် မြန်မာတွေကြားမှာ အပျော်အပျက်ပြောတတ်ကြတဲ့စကားတခု
ရှိတယ်။ အခုမှပဲ ကိုယ့်မီးနဲ့ကိုယ် ၂၄နာရီမပြတ် နေနိုင်တော့တယ်တဲ့။ ထိုင်းမှာသုံး
တဲ့လျှပ်စစ်ဓါတ်အတော်များများက မြန်မာပြည်ကလာတာကိုး။ အဲဒါကြောင့် မြန်မာ
ပြည်မှာ မီးမရဘူးဆိုရင် ထိုင်းဘက်ကိုလာခဲ့ကြပါလားလို့ ဖိတ်ခေါ်ရမလိုဖြစ်နေပြီ။

အရင်ခေတ်တွေတုန်းကတော့ ဆန္ဒပြကြတဲ့အခါ “မီးဒုတ် မီးဒုတ် ရှို့ရှို့”လို့ အော်
ကြတယ်။ အဲဒီအချိန်က လျှပ်စစ်မီးဆိုတာ မရှိသေးဘူးကိုး။ အဲ့ဒီလိုအော်တာက
လည်း မီးမလာလို့ မဟုတ်ဘူး။ ကိုလိုနီစံနစ်ကို တိုက်ထုတ်ဖို့ လှုန့်ဆော်တဲ့အသံ။
အခုကာလမှာ မီးဒုတ် မီးဒုတ် ရှို့ရှို့ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း
ရေးသမားတွေက စိတ်ဆိုးကြလိမ့်မယ်။ အလိုလိုကမှ သစ်တောတွေပြုန်းလို့
တောင်တွေ ကတုံးဖြစ်နေရတဲ့အထဲ။ ဘယ်လိုပဲဖြစ်ဖြစ် မူလဘူတဓါတ်ကြီးလေး
ပါးမှာ မီးဟာလည်းအရေးကြီးပေသမို့ ဆန္ဒတွေပြကြလို့ မီးတွေလာရင်တော့
ကောင်းသပေါ့လေ။

အစိုးရက ဆန္ဒပြတာတွေကို ခွင့်ပြုလာတာတော့ ဟုတ်ပါပြီ။ ဆန္ဒတွေပြည့်အောင်
လုပ်ပေးဖို့က ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်ရဲ့လားမသိ။ အခုတကြိမ်
မီးမလာတာ ဓါတ်တိုင်လေးခု မိုင်းခွဲခံရလို့ဆိုတော့ မိုင်းထောင်သူကိုပဲ အပြစ်တင်
ရမလိုလို။ အမေရိကန်ကုမ္ဗဏီအကူအညီနဲ့ မီးလာအောင်လုပ်နေတယ်ဆိုလို့ အမေ
ရိကန်ကိုပဲ ကျေးဇူးတင်ရမလိုလို။ ရေကာတာစီမန်ကိန်းတွေကို ကန့်ကွက်မိတာပဲ
မှား သလိုလို။ သဘောကောင်းတဲ့ အစိုးရကိုပဲ အားနာရမလိုလို။ ဟိုလိုလို ဒီလိုလိုနဲ့
အဆုံးမရှိဖြစ်နေတဲ့ ဇတ်လမ်းတွေက မြန်မာပြည်မှာ ခပ်များများ မဟုတ်လား။

ဒီမိုကရေစီရရှိရေးဆိုပြီး ဆန္ဒတွေပြခဲ့ကြတာ နှစ်တွေကြာပေမဲ့လည်း အာဏာရှင်
တွေက မပေးတော့ မရဘူး။ အဲဒီတော့ အညာဆန္ဒပြပွဲက မီးအခွင့်အရေးတောင်း
သူလို ဒီမိုကရေစီကို နောက်မှလုပ် မီးလာအောင် အရင်တောင်း ။ မီးရရင် ရေရ
အောင် ထပ်တောင်း။ ရေရရင် အလုပ်ရအောင် ထပ်တောင်း။ ဒီလိုနဲ့ ဟိုဟာတောင်း
လိုက် ဒီဟာတောင်းလိုက်နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုပါ တဆက်ထဲတောင်း
သွားရင်းနဲ့ရလည်း ကောင်းရော မှုတ်လား။ ဒီနည်းက ပိုပြီးမြန်လေမလားပဲ။ ကိုင်း....
မီးဒုတ်...မီးဒုတ်....ရှို့...ရှို့ ။ ဆန္ဒ...ဆန္ဒ..ပြ...ပြ ။ မီး..မီး..မြန်မြန်ပေး ။ ရရင် ရ... မရရင်...
ချ ။ ရရ... မရရ.... ချ ။

(ရုပ်ပုံ ။ ဂူဂလ်)

4 comments:

Anonymous said...

နင့်အမေကလွား..မီးက ၅မိနစ်လောက်လာလိုက် တနာရီလောက်ပြန်ပျကိလိုက်နဲ့ဟ ဘာမှကိုလုပ်စားလို့မရတော့ဘူး

blueskyforest said...

လုံးဝ မီးမလာတာထက်စာရင် နည်းနည်းပါးပါး လာနေတာ မကောင်းပေဘူးလားဗျာ။ (အပြုသဘောနဲ့ ပြောကြည့်တာပါ) ဟဲ..ဟဲ :D

ABC said...

ဘလူးစကိုင်းတို.တောင် အပြင်ရောက်နေ လို.ပို.စ် တွေမှန်မှန်ရေးနိုင်တာ (တကယ်တော့ ဘလူးစကိုင်းရဲ့ ပို.စ်တွေကလဲ မြန်မာပြည်က လျှပ်စစ်မီးလို ပေါ်လာလိုက် ပျောက်သွားလိုက်)

blueskyforest said...

ဟုတ်ပဗျာ။ အေဘီစီပြောတဲ့အတိုင်းပါပဲ။ ပုံမှန်ရေးနိုင်ဖို့က မီးမှန်မှဖြစ်မှာကိုး။