Thursday, February 23, 2012

ခွင့်လွှတ်လိုက်...ခွင့်လွှတ်လိုက်














ခွင့်လွှတ်လိုက်....ခွင့်လွှတ်လိုက် ။ ခွင့်မလွှတ်သင့်တဲ့သူတွေကို ခွင့်လွှတ်လိုက် ။
ရက်စက်ခဲ့သမျှကို မသိချင်ယောင်ဆောင်နေသူတွေ။ မပြစ်မရှိသလို ခပ်တည်
တည်နဲ့ နေရဲသူတွေ။ ၀င်ခံရကောင်းမှန်း မသိသူတွေကို ခွင့်လွှတ်လိုက်...ခွင့်လွှတ်
လိုက်။ မတရားမှုတွေအတွက်။ ကိုယ်နစ်နာခဲ့ရသမျှတွေအတွက် ခွင့်လွှတ်လိုက်...
ခွင့်လွှတ်လိုက်။ ခွင့်သာလွှတ်လိုက်။

ဘ၀ဆုံးတာကမှ တော်သေးတယ်။ ဘ၀တုံးတာက အဆိုးဆုံး ။ ဒါပေမဲ့ ခွင့်လွှတ်
လိုက်...ခွင့်လွှတ်လိုက်။ ကိုယ့်ဆရာတွေကို ခွင့်လွှတ်လိုက်။ တာဝန်အရ နှိပ်စက်
ခဲ့ရသူတွေ။ အမိန့်အရ ရက်စက်ခဲ့ရသူတွေ။ ၀ါသနာအရ ညှင်းပမ်းခဲ့ရသူတွေ ။
တိုင်းပြည်ကိုအကာအကွယ်ပေးရေးခေါင်းစဉ်နဲ့ လူညွှန့်တုံးရေးလမ်းစဉ်ချခဲ့သူ
တွေကို ခွင့်သာလွှတ်လိုက်...ခွင့်သာလွှတ်လိုက် ။

ရပိုင်ခွင့်မို့ ယူတာ ခိုးတာမဟုတ်ဘူးဆိုသူများ။ လခက တဆယ်၊ အောက်ဆိုဒ်က
တသိန်းဆိုသူများ။ ငါ့အတွက်တင်မက သားအတွက်နဲ့ မယားအတွက်ကလည်း
အရေးကြီးလှတယ်ဆိုသူများ။ အငယ်အနှောင်းက တယောက်နှစ်ယောက်ထဲဆို
ဂုဏ်ငယ်လှတယ်ဆိုသူများ။ အာဏာရတုန်း ယူထားမှ၊ ကိုယ်တယောက်ထဲ ဒီလို
လုပ်နေတာ မဟုတ်ဘူးဆိုသူများ။ ဆင်းရဲတဲ့နိုင်ငံမှာ ချမ်းသာဝံ့ကြသူများ။ သူတို့
ကိုတော့လား။ ခွင့်သာလွှတ်လိုက်....ခွင့်လွှတ်လိုက် ။

အတိတ်ကို အတိတ်မှာထားခဲ့ဖို့ ဘယ်ဘုရားက မှာခဲ့သလဲ။ ပြုသူအသစ် ဖြစ်သူ
အဟောင်းလို့ ဘယ်ဆရာတော်က ဟောခဲ့သလဲ။ ပေဖြစ်ရင်ခံ ၊ တူဖြစ်ရင်နှံလို့
ဘယ်ခေါင်းဆောင်က မိန့်ခဲ့သလဲ။ လက်စားချေတာကို မယုံနဲ့ ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲမှတ်လို့ ဘယ်ဥပါသကာက ပြောခဲ့သလဲ။ မျက်လုံးတဖက်
အတွက် မျက်လုံးတဖက်လို့ ဘယ်ကျမ်းထဲမှာ ရေးထားသလဲ။

လက်စားချေတာထက် ခွင့်လွှတ်ရတာက ပိုခက်တယ်၊ ပိုမြင့်မြတ်တယ်လို့
ဘယ်ကျောင်းတော်က ကျင့်ကြံခိုင်းနေသလဲ။ အနိုင်လိုချင်ရင် ခွင့်လွှတ်ရ
တယ်လို့ ဘယ်ကျောက်စာမှာရေးခဲ့သလဲ။ ခွင့်လွှတ်တယ်ဆိုတာ အရှံးပေး
နည်းတခုပဲလို့ ဘယ်နံရံမှာ ချိတ်ထားသလဲ။ အကုန်လုံးကို ခွင့်လွှတ်လိုက်။
မျက်စိမှိတ်ပြီး ခွင့်လွှတ်လိုက်။ အပြစ်ရှိသူတွေမို့ ခွင့်လွှတ်ပေးကြစို့ ။ ခွင့်မလွှတ်
ထိုက်သူတွေမို့ ခွင့်လွှတ်ပေးကြစို့ ။

ဥပဒေရှိပေမဲ့ ဥပဒေက ဥပဒေပဲဆိုရင်လည်း အဲဒီဥပဒေကိုပါ ခွင့်လွှတ်လိုက်။
ဥပဒေအရ ခွင့်လွှတ်ရလိမ့်မယ်ဆိုရင်လည်း ခွင့်လွှတ်လိုက်။ ခွင့်လွှတ်မှ ပြေ
လည်မှာမို့ ခွင့်လွှတ်ကြစို့ဆိုရင်လည်း ခွင့်လွှတ်လိုက်။ ခွင့်လွှတ်ခြင်းဆိုတဲ့
စကားလုံးနဲ့ ခွင့်လွှတ်ခြင်းတရား မရှိချင်ပဲ ရှိနေတာကိုလည်း ခွင့်လွှတ်လိုက်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ခွင့်လွှတ်လိုက်။ အမျိုးသမီး
ပြန်လည်ရင်ကြားစေ့ရေးအတွက်လည်း ခွင့်လွှတ်လိုက်။

ကိုယ့်နှမကို သူဖျက်ဆီးလည်း ခွင့်လွှတ်လိုက်။ဘာမဆို ခွင့်လွှတ်လိုက်။ နာ
မည်ကြီးချင်ရင်လည်း ခွင့်လွှတ်လိုက်။ လူအထင်ကြီးခံရဖို့ ခွင့်လွှတ်လိုက် ။
ခေတ်မှီအောင်လို့ ခွင့်လွှတ်လိုက်။ အနိုင်ကျင့်သူတွေ ရာထူးတက်ဖို့ ခွင့်လွှတ်
လိုက်။ ကိုယ်ကံဆိုးတာကို သူတို့အရသာ ခံနိုင်ဖို့ ခွင့်လွှတ်ပေးလိုက်။

ခွင့်လွှတ်ခြင်းဆိုင်ရာ ပညာသင်ကြားရေး။ ခွင့်လွှတ်ခြင်း အနုပညာ။ ခွင့်လွှတ်ခြင်း
ရဲ့အရသာ။ ခွင့်လွှတ်ခြင်း နည်းပညာ။ ခွင့်လွှတ်မှုရေးရာ လေ့လာလိုက်စားသူ။
ခွင့်လွှတ်ရေးပါတီ။ ခွင့်လွှတ်ရအောင် လက်ဘက်ရည်ဆိုင်။ ခွင့်လွှတ် ထမင်းဆိုင်။
ခွင့်လွှတ်လိုက်ပါ တည်းခိုခန်း။  ချစ်ခြင်းအားဖြင့်ခွင့်လွှတ်မယ် အစအဆုံး လုံးချင်း
ဝတ္ထု။ ခွင့်လွှတ်ခြင်းဖြင့်အနိုင်ယူပါ တရားပွဲ။ ခွင့်လွှတ်မှုဆိုင်ရာ မူဝါဒရေးဆွဲရေး
ကော်မီတီ။ ခွင့်လွှတ်ခြင်းတပ်။ ခွင့်လွှတ်ရေးပွဲတော်။ ခွင့်လွှတ်မှုတက္ကသိုလ်။

သပိတ်...သပိတ်...မှောက်....မှောက် ။
ဒီမိုကရေစီရရှိရေး...ခွင့်လွှတ်ပေး...ခွင့်လွှတ်ပေး ။
လူ့အခွင့်အရေးရရှိရေး...ခွင့်လွှတ်လိုက်...ခွင့်လွှတ်လိုက် ။
စစ်အာဏာရှင်ဖြုတ်ချရေး...ခွင့်လွှတ်ကြ....ခွင့်လွှတ်ကြ ။
ဒို့ဗိုလ်ချုပ်က မှာခဲ့တယ် ။ ရရင်ရ.... မရရင် ခွင့်လွှတ် ။ ရရ မရရ.. ခွင့်လွှတ် ။

(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

kay said...

တောင်းပန်ရတာ နဲ့..ခွင့်လွှတ်ရတာ.. ဘယ်အရာက..ပိုခက်ခဲ မလည်း။
( မသိလို့မေးတာ..ခွင့်လွှတ်ပါ)

Hmoo said...

သူတို့ တောင်နှိပ်ဆက်တာလျှော့ပေးပြီးခွင့်လွှတ်နိုင်တာ၊
ကိုယ်ကလဲခွင့်လွှတ်ကျေးဇူးတင်ရတော့မှာပေါ့..
အဲဒီမေ---- တွေကို..

blueskyforest said...

ကေရေ ။ တောင်းပန်တာနဲ့ခွင့်လွှတ်တာက သူ့နည်းသူ့ဟန်နဲ့တော့ ခက်ကြတာချင်းတူပုံရတယ်။ အခြေအနေပေါ်မူတည်ပြီး ခက်ပြနေကြတာလည်း ဖြစ်မယ်။ သိပ်နားမလည်လို့ မရှင်းပြနိုင်တာကိုလည်း ခွင့်လွှတ်ပေးပါဦး။း)

Anonymous said...

ခက်တာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ပေမမှီ ၊ ဒေါက်မမှီတဲ့ လူရမ်းကားတွေ ၊ အခုထိ မော်ကြီးကို အဖေခေါ်ချင်သေးတဲ့ လက်ဝဲစွန်း လူ့အန္တတွေကရှိနေသေးတယ်။ ဂလဲ့စားနိုင်ငံရေးကို ဦးတည်ချင်သူတွေ ကရှိနေသေးတယ်။ ဒီလိုလူတွေ ရှိနေသေးတာကြောင့် သူတို့ အတွက် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကို အာမခံ ထားခဲ့တာ အပြစ်တင်လို့ရမလား။ မျက်ကန်းတစ္ဆေ မကြောက်သလို ဥါဏ်မမှီလို့ ရမ်းလာမှ စစ်တပ်ကအာဏါပြန်သိမ်းရရင် နောက်အနှစ် (၂၀) ကွိနေကြမယ်

Hmoo said...

ဪ၊...
ကိုယ့် တိုင်းပြေကိုယ်မပိုင်ဘဲတပ်မှာအာဏာရ
လူသတ်၊
မုဒိန်းကောင်တွေကတနိုင်ငံ လုံးရောင်းစားတဲ့ အပြင်ကောင်းစားနေကြတာတာကို
စိုးရိမ်မယ်ဆိုလဲစိုးရိမ်ရမှာပေါ့ကွယ်..ခွိ

Anonymous said...

hey ur blog is damn cool
let me share some of posts to my fb...
thnx
Anne