Monday, May 24, 2010

ရာသီစာ









မိုးရွာလာပြီ။ နွေကုန်ပြီလား။ ပူတဲ့အကြောင်းပြောရတာ ပူတယ်။ ဒါပေမဲ့
ရာသီဥတုအကြောင်းပြောမှ အခုအခါ ခေတ်မှီတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ
လည်း ဒါတွေပဲပြောနေတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေလည်း ဒါကို
ပြောလိုက်ရမှ။ ဗေဒင်ဆရာကလည်း ဒါကိုဟောလိုက်ရမှ။

မိုးရွာတုန်း ရေခံကြ။ ရေဆိုတာ ပိုက်ကလာတဲ့အရာ မဟုတ်။ ကန်ထဲကလည်း
မရနိုင်။ ချောင်းတွေမြောင်းတွေမှာလည်း မရှိ။ ရေကိုဝယ်စရာ ငွေလည်းမရှိ။
မိုးကိုမျှော်ကြ။ ရေဆိုတာ မိုးပေါ်က လာတဲ့အရာ။ မိုးကောင်းကင်ကို ကိုးကွယ်
ကြ ။

ရေဆာလို့ ဘီယာသောက်သူများ။ ရေများရေနိုင်ဖို့ ရေလှောင်သူများ။ မိုးမျှော်ပြီး
လွန်ဆွဲသူများ။ ရေသန့်ဘူး အတုလုပ်ရောင်းသူများ။ ပရိတ်ရေ ရောင်းသူများ။
ရေမန်းတိုက်သူများ။ မိုးရွာမယ့်ဂါထာ တတွတ်တွတ်ရွတ်သူများ။ ပုံးကြီးပုံးငယ်
အသွယ်သွယ်နဲ့ ရေအလာကို စောင့်နေကြသူများ။ ရေလာအောင် မြောင်းပေး
နေသူများ။ ရေဘေးဒုက္ခသည်များ။ ရေကုသိုလ်ရှင်များ။ ရေကြောင့် အလုပ်ရှုပ်
သူများ။ ရေကြောင့် အလုပ်ပြုတ်သူများ။

မိုးရွာရင်လည်း သတိထား။ မိုးကြီးလေကြီး လာလိမ့်မယ်။ မိုးသက်လေပြင်းကျ
လိမ့်မယ်။ မိုးတားဂါထာကို ကြိုရှာထား။ မိုးလွတ်ရာကို စဉ်းစားထား။ မုန်တိုင်း
သံကိုနားစွင့်နေ။ ခေါင်းရွက်ဗျက်ထိုး လမ်းဘေးဈေးသည် မိုးကိုစိတ်ညစ်တယ်။
မိုးလေ၀သတင်းကို နားထောင်။ မိုးလားကဲလားသိပ်မပြောနဲ့။


မိုးဦးကျမှာ ပန်းတွေပွင့်မယ်။ ကမ္ဘာမြေပြင် စိမ်းစိုမယ်။ ဖါးတွေ အော်မယ်။ ငါး
တွေပျော်မယ်။ ထီးသည်၊ ဘိနပ်သည် ၀င်ငွေတိုး။ အမိုးအကာတွေ အရောင်း
သွက်။ ထမီတိုတို ရေစိုစို။ လမ်းမတွေပေါ် ရေတွေကျော် ကလေးတွေပျော်ကြ
မယ်။ မိုးတစိမ့်စိမ့်နဲ့ ကွေးကြမယ်။ လယ်ယာတွေမှာ ပျိုးတွေကျဲ မိုးတွေသည်း။

တနှစ်တုန်းကတော့ ဒို့ဆီကို နာဂစ်လာတယ်။ ဒီနှစ်မှာ အပူကဲလို့ရေငတ်တယ်။
ပူတယ်လေဆယ်နေကဲ ရွေးကောက်ပွဲလည်းလုပ်ဦးမယ်။ ရာသီပျက်တဲ့ခေတ်။
ရာသီစာငတ်တဲ့ ခေတ်။ ကမ္ဘာပျက်တဲ့ဇတ်လမ်းတွေ လူကြိုက်များတဲ့ခေတ်။

ဥုံ …မိုးရာသီမှာ မိုးပဲရွာ။ မုန်တိုင်း ထပ်မလာနဲ့။ ငါဟာ ဧရာမဘလော့ဂါ။ ကြမ်း
ပြင်ကို ဖိနောင့်နဲ့သုံးချက်ပေါက်။ ဒီဂါထာနဲ့ ငေါက်လိုက်မယ်။ ကမ္ဘာလောကကြီး
ညိမ်ညိမ်နေစမ်း။ ဒို့တွေ ဒုက္ခရောက်လွန်းတယ်။

( ရုပ်ပုံ ၊ ဂူဂလ် )

4 comments:

ကလူသစ် said...

လောကကြီးတခုလုံး ငြိမ်ငြိမ်နေစရာလိုလို့လားဗျ။ ထင်ဘူး။ တယောက်လောက် ငြိမ်ရင်ကို တိုင်းပြည်အေးချမ်းနေပြီ။

ကူးလွေ့ said...

ရာသီစာ ပေါ်ဦးပေါ်ဖျား စားဖို့ရောက်လာပါတယ်။

pandora said...

ကမ္ဘာကြီးက ပြောတယ် ငြိမ်ငြိမ်နေ ဆိုလို့ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီစောင်းပြီး မလည်ပတ်တော့ဘူး တဲ့။ အဲဒါမှ ဒုက္ခပါပဲ။ ကိုဘီလူးစကိုင်းကြောင့်...

Kay Irrawaddy said...

ဂါထာ က ဘယ်လောက် ကောင်းကောင်း ဖနောင့်ပေါက် မှန်ဖို့လိုတယ်လို့လဲ ကြားဖူးတယ်။ ၃-ချက်ကတော့ ဟုတ်ပါပြီ၊ ဘယ်နဲ့လား ညာနဲ့လား။ ;)