Friday, May 7, 2010

တောင်ပေါ်မှာ လေတွေရှိတယ်












ဒီလိုနဲ့ တောင်ပေါ်ကိုတက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အစက တောင်ခြေမှာရှိတဲ့
ကော်ဖီဆိုင်လေးတွေမှာ ထိုင်မလား။ ပန်းခြံတွေထဲ သွားမလား။ ဈေးဆိုင်လေးတွေ
ကြည့်မလား။ စာအုပ်ဆိုင်မှာ ထိုင်မလား။ မရေမရာ ဖြစ်နေတာ။

ဒီလိုနဲ့ တောင်ပေါ်ကို တက်ခဲ့ကြပါတယ်။ ဒီအရပ်မှာ တောင်တွေက အမြင့်ကြီးတွေ
မဟုတ်ဘူး။ တောင်ပုလေးတွေ။ တောင်ကတုံးလေးတွေ။ ကျုပ်တို့လို လူပျင်းတွေ
အကြိုက် အလွယ်တက်လို့ကောင်းတဲ့ တောင်တွေပေါ့။ ဘာအန္တရယ်မှ မရှိဘူး။
ဘာအခက်အခဲမှ မရှိဘူး။

အစိမ်းရောင်တောင်ကုန်းလေးတွေပါ။ လူတွေတက်ထားကြလို့ ခြေလျှင်တောင်
ပါတ်လမ်းလေးတွေတောင် ဖြစ်နေပါပြီ။ လမ်းတလျှောက် တောင်မှာကပ်ပေါက်
နေတဲ့ အမျိုးအမည်မသိ အပင်ပုလေးတွေက ချစ်စရာ။ တချို့ ဆို ပန်းရောင်စုံ
လေးတွေ ပွင့်လို့။ တောင်ကပ်ပင်နဲ့ တောင်ကပ်ပန်းလို့ပဲ နာမည်အလွယ်တကူ
ပေးလိုက်မယ်။

ဒီလိုနဲ့ ချစ်ဇနီးနဲ့အတူ တောင်ပေါ်ကို ဖြေးဖြေးချင်းတက်ခဲ့ကြပါတယ်။ မကြာဘူး။
တောင်ထိပ်ကို ရောက်ပါလေရော။ တောင်ကတုံးဆိုတော့လည်း တောင်ပေါ်မှာ
ဘာမှ မရှိရှာဘူး။ မြန်မာပြည်ဆို ဘုရားတဆူလောက်တော့ ရှိနေရောပေါ့။
ဟုတ်တာ၊ မဟုတ်တာ အပထား။

တောင်ပေါ်မှာ ထိုင်ကြပါတယ်။ ဟိုငေးဒီငေး လုပ်တယ်။ တောင်အောက်
ခပ်လှမ်းလှမ်းမှာ ပင်လယ်။ ကမ်းစပ်ကို လှိုင်းပုတ်တဲ့အသံ တချက်တချက်
တောင်ပေါ်ကို တက်လာတယ်။ ကျောက်ဆောင်တွေကို လှိုင်းတွေရိုက်တော့
ထုံးစံအတိုင်း ဖွေးကနဲ ဖွါကနဲပေါ့။ ဒါလည်း ကြည့်လို့ကောင်းတာပဲ။

ပင်လယ်ကြီးကိုကြည့်ရတာ ပျင်းစရာကြီး။ ဘာမှလည်းမရှိဘူး။ စိမ်းသလိုလို
ပြာသလိုလို ရေပြင်ကြီး။ ဒါပဲ။ ခပ်ဝေးဝေးမှာ သင်္ဘော တစီး၊နှစ်စီးတွေ့ ရတယ်။
ကုန်တင်သင်္ဘောတွေ။ ခဏနေတော့ ပျောက်သွားတယ်။ ဘာတွေသယ်လာသလဲ။
ဘယ်ကိုသွားမှာလဲ မသိဘူး။ သိလည်းမသိချင်ပါဘူးလေ။

ကမ်းစပ်မှာတော့ မဆိုးဘူးဗျ။ လှိုင်းစီးတဲ့သူတွေရှိတယ်။ ခွေးနဲ့ပြေးနေကြတဲ့သူတွေ။
သဲနဲ့ဆော့နေတဲ့ ကလေးတွေ။ ပျော်ပွဲစားထွက်တဲ့သူတွေ။ဘီယာသောက်သူ
သောက်။ သီချင်းဖွင့်ပြီး က သူ က ။ လှုပ်သူ လှုပ်။ အသားတွေ ကင်သူ ကင်။
စားသူ စား။ ဓါတ်ပုံရိုက်သူ ရိုက်။ ငါးမျှားတဲ့သူက မျှား။

ဟိုး ဝေးဝေးမှာ ကျုပ်တို့နေတဲ့မြို့ ။ တပိုင်းတစ မြင်နေရတယ်။ အိမ်တွေ၊ တိုက်တွေ
ထိုးထိုးထောင်ထောင်နဲ့။ အဝေးကကြည့်တော့လည်း မြို့ က ခပ်သေးသေးရယ်။
(အဝေးကကြည့်မှတော့ မြို့ မှမဟုတ်ပါဘူး။ အကုန်လုံး သေးတာပါပဲ။ ကျုပ်က အဲသလို
တချက်တချက် ကြောင်တယ်။) ခုဏကပဲ အဲဒီမြို့ ထဲက ထွက်လာခဲ့ကြတာပေါ့။
ကိုယ်နေတဲ့ မြို့  ကိုယ်ပြန်မြင်ရတာလည်း အရသာတမျိုး။

တောင်ပေါ်မှာ လေတွေရှိတဲ့အကြောင်း နောက်မှဆက်ရေးမယ်ဗျာ။ အခုတော့
ပျင်းလို့ ကော်ဖီဆိုင်သွားလိုက်ဦးမယ်။ အဲဒီမှာ ဂျက်ဇ်သီချင်းကောင်းကောင်းတွေ
ကြားရလိမ့်မယ်။ အားလုံး ပျင်းကြပါစေ။ ပျင်းတာ ဇိမ်ရှိတယ်။

(ဓါတ်ပုံ ဂူဂလ်)

3 comments:

pandora said...

တောင်အောက်မှာလည်း လေတွေရှိပါတယ်။

သက်ဝေ said...

တောင်ပေါ်တွေ တောင်အောက်တွေမှာတင် မဟုတ်ပါဘူး... လေတွေက နေရာတိုင်းမှာ ရှိပါတယ်... အများကြီးတွေ လျှောက်မတွေးနေနဲ့အုံးနော်... ဒီက ရိုးရိုးသားသားပြောတာပါ...း))

နောက်ကို ကော်ဖီဆိုင်သွားရင်ခေါ်ပါ...
တောင်ပေါ်တော့ လိုက်မတက်ချင်ဘူး... ပျင်းလို့...း))

သက်ဝေ said...
This comment has been removed by the author.